ဆရာသခင် အဆင့်များ
Vol. 39 Ch. 526
တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းအပြီးမှာတော့ လီဖူချန်းအတွက် ဂိုဏ်းတော်က ထုံးစံအတိုင်း ထောက်ပံ့ရေးရမှတ် တစ်သိန်း ၊ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် ၁၀ပုလင်း ၊ သက်တံနီ ဆေးရည် ၁၀ပုလင်းနဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းပညာရပ် တစ်ခု လေ့ကျင့်ခွင့်ကို ပေးခဲ့ပါတယ် ။
လီဖူချန်းက ထောက်ပံ့ရေးမှတ်တွေနဲ့ အခြားပစ္စည်းတွေကို သိမ်းထားလိုက်ပြီး သိုင်းပညာ အတွက်တော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ကိုယ်ဖော့ပညာ တစ်ခုကို ရွေးချယ်လိုက်ပါတယ် ။
အရင်တုန်းကတော့ လီဖူချန်းဟာ ကိုယ်ဖော့ပညာကို သိပ်ပြီး မလိုအပ်ခဲ့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်တုန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက ချီအတွင်းအား ကျင့်ကြံမှုထက် သာလွန်နေလို့ပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ ကိုယ်ဖော့ပညာကျင့်လည်း ဘာမှ မထူးပါဘူး ။
ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်ရှိလာခဲ့ပါပြီ ။ အဲသည်အတွက် သူ့အနေနဲ့ ကောင်းမွန်တဲ့ ကိုယ်ဖော့ပညာရပ် တစ်ခုကို လေ့ကျင့်ထားမှ ရပါတော့မယ် ။ အခုအချိန်က ရေရှည်ကို ကြည့်ရတော့မယ့် အချိန်ပါပဲ ။
" အင်း ……ငါ ကျင့်ကြံနေတာ တော်တော်ကြာနေပြီ ။သည်တော့ ငါ့ရဲ့ အစွမ်းကို သွားပြီး စမ်းသပ်ကြည့်ဦးမှ ။ မဟုတ်ရင် တာဝန်တွေ ထမ်းဆောင်ဖို့ ခက်လိမ့်မယ် "
တစ်နေ့မှာတော့ လီဖူချန်းဟာ သူ့ရဲ့ လက်ရှိအစွမ်းကို စမ်းသပ်ဖို့ အကြံရလာခဲ့ပါတယ် ။
သည်လိုနဲ့ပဲ သူဟာ ဆရာသခင် မျှော်စင်ကို ရောက်လာခဲ့ပါပြီ ။
ဆရာသခင် မျှော်စင် ……
သည်မျှော်စင်က အထပ်ငါးထပ် ရှိပြီး တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေရဲ့ အစွမ်းကို စမ်းသပ်ဖို့အတွက် အထူး တည်ဆောက်ထားတဲ့ နေရာတစ်ခုပါပဲ ။
သက်တံနီ ဂိုဏ်းထဲမှာတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို သာမန် ဆရာသခင် ၊ လက်ရွေးစင် ဆရာသခင် ၊ ထွတ်ခေါင် ဆရာသခင် ၊ မဟာ ဆရာသခင် နဲ့ အုပ်စိုးသူ ဆရာသခင်တွေ ဆိုပြီး အဆင့်ငါးဆင့် ခွဲထားပါတယ် ။
သာမန်အားဖြင့် ဆိုရင်တော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို သူတို့ရဲ့ ကျင့်ကြံမှု အဆင့်ကို ကြည့်ပြီး အကဲဖြတ်လို့ မရပါဘူး ။
တချို့ အဆင့်နိမ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ဆိုရင် အလယ်အလတ်အဆင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကိ အနိုင်ယူနိုင်ကြပါတယ် ။
အဲသည်အတွက် သက်တံနီဂိုဏ်းက သည်မျှော်စင်ကို တည်ဆောက်ထားရတာပါ ။ သည်မျှော်စင်ရဲ့ အကဲဖြတ်ပေးမှုက ၁၀၀ ရာခိုင်နှုန်း မှန်ကန်ပါတယ် ။
သည်မျော်စင်ကနေ အကဲဖြတ်ပေးလိုက်တဲ့ သာမန် ဆရာသခင်တွေဟာ လက်ရွေးစင် ဆရာသခင်တွေကို ဘယ်သောအခါမှ အနိုင်မယူနိုင်ပါဘူး ။
အတွင်းစည်းဂိုဏ်းရဲ့ တာဝန် ……
အတွင်းစည်းဂိုဏ်းရဲ့ တာဝန်တွေဟာ ဆရာသခင် အဆင့်တွေ အပေါ်မှာ မူတည်ပြီးတော့ ပေးအပ်ထားတာ ဖြစ်ပါတယ် ။ သာမန် ဆရာသခင်တွေဟာ သာမန် တာဝန်တွေကလွဲပြီး တခြားတာဝန်တွေကို လက်ခံလို့ မရပါဘူး ။ ဒါပေမဲ့လည်း လက်ရွေးစင် ဆရာသခင်တွေကတော့ သာမန် တာဝန်တွေအပြင် လက်ရွေးစင် တာဝန်တွေကိုပါ လက်ခံလို့ ရပါတယ် ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သက်တံနီဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းသားတွေဟာ သူတို့ ရရှိထားတဲ့ ဆရာသခင် အဆင့်ထက် ကျော်လွန်နေတဲ့ တာဝန်တွေကို လက်ခံလို့ မရပါဘူး ။
အတွင်းစည်းဂိုဏ်းရဲ့ တာဝန်တွေဟာ အဆင့်ကွာခြားမှုကို လိုက်ပြီး ရမယ့် ဆုလာဘ်တွေ အကြီးအကျယ် ကွာခြားသွားပါသေးတယ် ။
လီဖူချန်း ဆရာသခင် မျှော်စင်ကို ရောက်လာတဲ့ အချိန်မှာတော့ လူတော်တော်များများဟာ ဆရာသခင် မျှော်စင်ရှေ့မှာ ရှိနှင့်နေကြ ပြီးပါပြီ ။ အဲသည် ရောက်နှင့်နေကြတဲ့ လူဦးရေ အရေအတွက်ကတော့ အနည်းဆုံး ၂၀ အထက်ပါပဲ ။
လီဖူချန်း ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဆရာသခင် မျှော်စင်ရဲ့ တတိယထပ်ဟာ အလင်းရောင်တွေ တောက်ပလာပါတယ် ။
" ဂိုဏ်းတူအစ်ကို ရှန်းက တကယ် အစွမ်းထက်တာပဲ ။ သူက အချိန်ခဏလေးနဲ့ ထွတ်ခေါင် ဆရာသခင် အဆင့်ကို အောင်မြင်သွားပြီ "
" အား…ပါး…ပါး…… ထွတ်ခေါင် ဆရာသခင် အဆင့်လား ။ နိုင်ငံတော် ခုနစ်ခုက အစွမ်းအထက်ဆုံး ဆရာသခင်တွေတောင်မှ လက်ရွေးစင် ဆရာသခင် အဆင့်မှာပဲ ရှိတာလေ "
" ထွတ်ခေါင် ဆရာသခင် အဆင့်ရဲ့ တာဝန်တွေက ထောက်ပံ့ရေး ရမှတ် အနည်းဆုံး ၃၀၀၀၀ ရတဲ့ တာဝန်တွေကွ "
ဆရာသခင် မျှော်စင်ရှေ့မှာ ရှိနေကြတဲ့ အတွင်းစည်း ဂိုဏ်းသားတွေက အစ်ကိုရှန်း ဆိုသူရဲ့ အောင်မြင်မှုနဲ့ ပက်သက်ပြီး ပြောနေကြပါတယ် ။ သူတို့အားလုံးရဲ့ မျက်လုံးထဲမှာတော့ မနာလို ဝန်တိုမှု တွေနဲ့ လေးစားအားကျမှုတွေ ဒွန်တွဲ နေလေရဲ့ ။
" ထွတ်ခေါင် ဆရာသခင် အဆင့်လား ။ ငါကတော့ အဲသည်အဆင့် ရောက်ဖို့အတွက် အများကြီး လိုဦးမယ် ထင်တယ် "
လီဖူချန်းက သူရဲ့ အစွမ်းဟာ ဘယ်အဆင့်မှာ ရှိနေလဲ ဆိုတာကို တိတိကျကျ မသိသေးပါဘူး ။ ဒါကြောင့်လည်း သူက ဆရာသခင် မျှော်စင်ကို လာခဲ့တာပါ ။
လီဖူချန်း သိထားသလောက် ဆိုရင်တော့ ဘုရင်အဆင့် တပည့်တွေဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၁မှာကတည်းကတင် ဆရာသခင် မျှော်စင်ရဲ့ ပထမထပ်ကို ကျော်ဖြတ်နိုင်လေ့ ရှိကြပါတယ် ။ ဒါပေမဲ့လည်း သာမန် အတွင်းစည်း တပည့်တွေကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၃ကို ရောက်မှာ ဆရာသခင် မျှော်စင်ရဲ့ ပထမထပ်ကို ကျော်ဖြတ်နိုင်ကြတာပါ ။
ဆရာသခင် မျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်ဖို့အတွက်ကတော့ ဘုရင်အဆင့် တပည့်တွေတောင်မှ အနိမ့်ဆုံး တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၃မှာ ရှိနေဖို့ လိုအပ်ပါတယ် ။ သာမန် အတွင်းစည်း တပည့်တွေအတွက်ကတော့ သည်အထပ်ကို ဖြတ်ကျော်ဖို့ ဆိုတာ သိပ်ပြီး မလွယ်လှပါဘူး ။ သူတို့အနေနဲ့ သည်အထပ်ကို ဖြတ်ကျော်ဖို့ဆိုရင် အနိမ့်ဆုံး တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၆မှာ ရှိနေမှ ရပါလိမ့်မယ် ။
အဲသည်အတွက် သက်တံနီဂိုဏ်းရဲ့ ထွတ်ခေါင် ဆရာသခင်တွေဟာ အတော်လေး အစွမ်းထက်သူတွေလို့ ဆိုနိုင်ပါတယ် ။ သူတိုတွေဟာ အပြင်ဘက် လောကမှာဆိုရင် မရှုံးနိမ့်နိုင်တဲ့ ဆရာသခင်တွေလို့တောင် သတ်မှတ်ခံနေရလောက်ပါပြီ ။
ဆရာသခင် မျှော်စင်ရဲ့ စမ်းသပ်မှုက အတော်လေး မြန်တယ်လို့ ဆိုရမှာပါပဲ ။ လီဖူချန်းက သူ့အလှည့်ကို ရောက်ဖို့ တစ်နာရီ ပြည့်အောင်တောင် မစောင့်လိုက်ရပါဘူး ။
" ဂိုဏ်းတူအစ်ကိုရှန်းကလွဲပြီး ကျန်တဲ့ ဂိုဏ်းတပည့်တွေက သာမန် ဆရာသခင် အဆင့် နဲ့ လက်ရွေးစင် ဆရာသခင် အဆင့်ပဲ ရကြတယ် ။ ကြည့်ရတာတော့ ထွတ်ခေါင် ဆရာသခင် အဆင့် ရဖို့က နည်းနည်း ခက်မယ့်ပုံပဲ "
လီဖူချန်းက ဆရာသခင် မျှော်စင်ထဲကို ဝင်ခါနီးမှာ စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။
တကယ်လို့ လူတစ်ယောက်ယောက်ကသာ လီဖူချန်းရဲ့ အတွေးကို ကြားသိနိုင်မယ် ဆိုရင် အဲသည်လူက လီဖူချန်းကို မအေ ၊နှမ ကိုင်တုတ်ပြီး ဆဲမိမှာ အသေအချာပါပဲ ။
ထွတ်ခေါင် ဆရာသခင် အဆင့် ရဖို့ဆိုတာက နည်းနည်းလေး ခက်တာ မဟုတ်ပါဘူး ။ အဲဒါက အလွန်အမင်းကို ခက်တာ ဖြစ်ပါတယ် ။
ဘုရင်အဆင့် တပည့်တွေတောင်မှပဲ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်မှ ထွတ်ခေါင် ဆရာသခင် အဆင့်ကို ရကြတာပါ ။ သာမန် အတွင်းစည်း တပည့်တွေကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေရင်တောင်မှ ထွတ်ခေါင် ဆရာသခင် အဆင့်ကို မရနိုင်ကြပါဘူး ။
မဟာ ဆရာသခင် အဆင့် ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။ ဘုရင်အဆင့် တပည့်တွေကလွဲပြီး တခြားကျန်တဲ့ တပည့်တွေဟာ အဲသည်အဆင့်ကို အစောကြီးကတည်းက လက်လျော့ထားခဲ့ ကြပါပြီ ။ မဟာ ဆရာသခင်တွေ ဆိုတာက မူလပင်လယ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဘုရင်တွေထက်တောင် မသိမသာလေးသာ အားနည်းကြသူတွေ မဟုတ်ပါလား ။
သက်တံနီဂိုဏ်းရဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့် ထိပ်တန်း သုံးယောက်စလုံးကတော့ မဟာ ဆရာသခင် အဆင့် ဖြစ်ကြပါတယ် ။
အုပ်စိုးသူ ဆရာသခင် အဆင့်……
သည်အဆင့် အကြောင်းကိုတော့ ဘုရင်အဆင့် တပည့်တွေတောင်မှ သိပ်ပြီး မတွေးထားတော့ပါဘူး ။ အုပ်စိုးသူ ဆရာသခင်တွေ ဆိုတာက မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ တစ်တန်းစားတည်း အရေးပေး ဆက်ဆံခြင်း ခံရသူတွေပါ ။ သူတို့ရဲ့ အရည်အချင်းတွေက မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့တောင် ယှဉ်နိုင်စွမ်း ရှိနေပါပြီ ။
"ဟေ့ကောင်…… ဟိုကောင်လေးက ဘယ်သူတုန်းကွ ။ ငါလည်း သူ့ကို တစ်ခါမှ မမြင်ဘူးပါလား "
ဗလခပ်တောင့်တောင့် အတွင်းစည်း ဂိုဏ်းသား တစ်ယောက် သူ့မိတ်ဆွေ ဖြစ်ပုံရတဲ့ ခပ်ပိန်ပိန် အတွင်းစည်း ဂိုဏ်းသားကို လှမ်းမေးလိုက်ပါတယ် ။
ခပ်ပိန်ပိန် အတွင်းစည်း ဂိုဏ်းသားက ဗလတောင့်တောင့် အတွင်းစည်းဂိုဏ်းသားကို မယုံနိုင်သလို တစ်ချက်ကြည့်လိုက်ပြီး
" အိုး…… မင်းက ဂိုဏ်းတူညီလေး ဖူချန်းကိုတောင် မသိဘူးလား ။ ကြည့်ရတာ မင်းက တစ်ယောက်တည်း ကျိတ်ပြီး တံခါးပိတ် ကျင့်ကြံလွန်းလို့ သတင်းအချက်အလက်တွေ နဲ့ အလှမ်းဝေးနေပုံပဲ "ဟု ပြန်ဖြေလိုက်ပါတယ် ။
" လခွီး…… ငါမသိလို့ မေးတာပဲကွာ ။ ဘာဖြစ်လို့လဲ ။ ပြောပြစမ်းပါ ဦး ……အဲသည် ဖူချန်းဆိုတဲ့ ညီလေးက အရမ်း နာမည်ကြီးလို့လား "
" နာမည်ကြီးပြီလားကွာ ။ ဟိုတလောတုန်းက ပင်လယ်သားရဲတွေနဲ့ ဖြစ်တဲ့ စစ်ပွဲကို မှတ်မိလား ။ ညီလေးဖူချန်းက အဲသည်စစ်ပွဲရဲ့ အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာ နံပါတ်၁ ရထားတာကွ ။ ပြီးတော့ ကြေးခွံဖြူ တိုက်ပေါ်မှာလည်း သူတစ်ယောက်တည်း အစွမ်းနဲ့ နယ်မြေဒေသ နှစ်ခုကို သိမ်းပိုက်ခဲ့သေးတယ် "
" ဟာ…… ဟုတ်ပါ့မလား ။ သူ့ကို ကြည့်ရတာ အဲလောက်ထိ အစွမ်းထက်မယ့်ပုံတော့ မပေါ်ဘူးနော့ "
ဘေးနားမှာ ရှိနေတဲ့ အတွင်းစည်းဂိုဏ်းသား တချို့ကလည်း ဗလတောင့်တောင့် အတွင်းစည်းဂိုဏ်းသားနဲ့ ခပ်ပိန်ပိန် အတွင်းစည်း ဂုဏ်းသားတို့ရဲ့ အပြန်အလှန် ပြောစကားကို ကြားပြီး စကားဝိုင်းထဲ ဝင်လာခဲ့ကြပါပြီ ။ သူတို့ကို ကြည့်ရတာကတော့ ခပ်ပိန်ပိန် အတွင်းစည်း ဂိုဏ်းသားရဲ့ စကားကို သိပ်ပြီး မယုံကြည်တဲ့ ပုံပါပဲ ။
" ဟုတ် ၊ မဟုတ် ဆိုတာကို မင်းတို့ ခဏနေ သိရလိမ့်မယ် ။ ညီလေးဖူချန်းက တိုက်ပွဲဝိညာဉ် နယ်ပယ်ကို အခုမှ ရောက်လာခဲ့တာ ။ တကယ်လို့ သူက လက်ရွေးစင် ဆရာသခင် တစ်ယောက်ရဲ့ အစွမ်းကို ပြနိုင်ခဲ့ရင်တော့ ငါပြောတာ မှန်တယ်ဆိုတာ မင်းတို့ လက်ခံလိုက်တော့ "
" ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း ငါတို့ သူ့ကို စောင့်ကြည့်ကြတာပေါ့ "
အစောပိုင်းတုန်းကတော့ အတွင်းစည်းဂိုဏ်းသားတွေဟာ သူတု့ိရဲ့ စမ်းသပ်မှု ပြီးတာနဲ့ တစ်ပြိုင်နက် တန်းပြီး သူတို့ နေထိုင်ရာကို ပြန်ကြတော့မလို့ပါပဲ ။ ဒါပေမဲ့ သူတို့က ခပ်ပိန်ပိန် အတွင်းစည်း ဂိုဏ်းသားရဲ့ စကားကို ကြားအပြီးမှာတော့ မပြန်နိုင်ကြတော့ပါဘူး ။သူတို့က ဆရာသခင် မျှော်စင်ရှေ့မှာ ခဏ နေပြီး လီဖူချန်းရဲ့ ရလဒ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။
သူတို့ ကြည့်နေစဉ်မှာပဲ လီဖူချန်းက ဆရာသခင် မျှော်စင်ရဲ့ အဝင်ဝကို ရောက်ရှိသွားခဲ့ပါပြီ ။
လီဖူချန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကို သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်ပြီး ဆရာသခင် မျှော်စင် အဝင်ဝမှာရှိတဲ့ ကျောက်ခြင်္သေ့ရုပ်ရဲ့ ပါးစပ်ထဲကို ထည့်လိုက်ပါတယ် ။
ကျွီ……
ဆရာသခင်မျှော်စင်ရဲ့ ဝင်ပေါက်တံခါး ပွင့်သွားခဲ့ပါပြီ ။အဲသည်နောက်မှာတော့ လီဖူချန်းက မျှော်စင်ထဲ လှမ်းဝင်သွားပါတော့တယ် ။
လီဖူချန်း မျှော်စင်ထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် ပထမထပ်က ဝင်္ကပါ အစီအရင်ဟာ သက်ဝင်လှုပ်ရှား လာခဲ့ပါတယ် ။ ဝင်္ကပါရဲ့ အလယ်ဗဟို တည့်တည့်မှာ ရှိနေတာကတော့ ပုံရိပ်ယောင် ဓားသမား တစ်ယောက်ပါပဲ ။
" အိုး…… သည်ဝင်္ကပါက တကယ်ကြီး ပုံရိပ်ယောင် ဓားသမား တစ်ယောက်ကို ဖန်တီးနိုင်တာလား "
လီဖူချန်းက မအံ့သြဘဲ မနေနိုင်တော့ပါဘူး ။
အစောပိုင်းတုန်းကတော့ သူက သည်မျှော်စင်ထဲမှာ ရှိနေတဲ့ ဝင်္ကပါတွေဟာ စွမ်းအင် မိစ္ဆာသားရဲတွေကိုပဲ ဖန်တီးနိုင်မယ်လို့ ထင်ထားခဲ့တာပါ ။
" ကဲ…… စကြတာပေါ့ "
လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး ပုံရိပ်ယောင် ဓားသမားဆီကို ခုန်ဝင်သွားပါတော့တယ် ။
ရွှမ်း……
ပုံရိပ်ယောင် ဓားသမားဟာ နှစ်ပိုင်း ကွဲထွက်သွားခဲ့ပါပြီ ။
ဓားချက် တစ်ချက် ……
တကယ်ကို ဓားချက်တစ်ချက်ပါပဲ ။ ဆရာသခင် မျှော်စင်ရဲ့ ပထမ အထပ်က ပုံရိပ်ယောင် ဓားသမားဟာ လီဖူချန်းရဲ့ ဓားချက်တစ်ချက်ကိုတောင် မခုခံနိုင်ခဲ့ပါဘူး ။
" ဟာ…… ဆရာသခင် မျှော်စင်ကလည်း အားနည်းလိုက်တာကွာ ။ သည်ကောင်လောက်ကိုတော့ ငါ အဆင့်မတက်ခင်တုန်းကတောင် အေးဆေး နိုင်တယ် "
လီဖူချန်းက မကျေမနပ် ရေရွတ်လိုက်ပါတယ် ။ အဲသည်နောက်မှာတော့ သူက ဓားကို ပြန်သိမ်းလိုက်ပြီး ဒုတိယထပ်ကို တက်သွားခဲ့ပါပြီ ။
ဆရာသခင် မျှော်စင်ရဲ့ ဒုတိယထပ်က ပုံရိပ်ယောင် အတော်လေး အစွမ်းထက်တယ်လို့ ဆိုရပါမယ် ။ လီဖူချန်း အဆင့်မတက်ခင်တုန်းကဆိုရင် သည်ပုံရိပ်ယောင် ဓားသမားရဲ့ ဓားချက်တွေကို သုံးချက်ထက်ပိုပြီး ခံနိုင်မှာ မဟုတ်ပါဘူး ။
ထင်…ထင်…ထင်……
ထန်……ထန်……
ပုံရိပ်ယောင် ဓားသမားရဲ့ ဓားရှည်က ဝင်္ကပါ စွမ်းအင်ကနေ ဖြစ်တည်လာတယ် ဆိုပေမယ့်လည်း တကယ့် သတ္တုဓားတစ်လက် လိုပါပဲ ။ လီဖူချန်းရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားတောင်မှ အဲသည် ဓားရှည်ကို ကျိုးုပြတ်အောင် မခုတ်နိုင်ပါဘူး ။
" မဆိုးဘူးဟ ။ သည်ဓားချက်တွေထဲမှာ ဓားဆန္ဒတောင် ပါနေတာပဲ ။ အတော် စိတ်ဝင်စားဖို့ ကောင်းတယ် "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်လာခဲ့ပါပြီ ။ အဲဒါကတော့ သူက တိုက်ချင် ၊ခိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပြီ ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။
" ငါ့ရဲ့ သည်ဓားချက်ကို မြည်းကြည့်စမ်း "
လီဖူချန်းက မာန်တစ်ချက် သွင်းလိုက်ပြီး ဓားချက်တွေ အဆက်မပြတ် ထုတ်လိုက်ပါတော့တယ်
သိုင်းကွက် ဆယ်ကွက် ……
သိုင်းကွက် ငါးဆယ်……
သိုင်းကွက် တစ်ရာ…………
သိုင်းကွက်တစ်ရာ ကျော်လာတဲ့အထိ လီဖူချန်းဟာ ပုံရိပ်ယောင် ဓားသမားကို အနိုင်ယူဖို့ ရုန်းကန်နေရဆဲပါပဲ ။
ပုံရိပ်ယောင် ဓားသမားရဲ့ ဓားသိုင်းက ဓားဆန္ဒ ပါဝင်နေရုံ မကပါဘူး ။ သူ့ရဲ့ ဓားပညာကလည်း အတော်လေး နက်ရှိုင်းနေပါသေးတယ် ။
" ပျံလွှားစက်ကွင်းချီ အသက်ဝင် "
" ကြေးဝါဓား အဆီအနှစ် ပြောင်းစမ်း "
နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ ပျံလွှားစက်ကွင်းချီ ကို အသက်သွင်းပြီး ကြေးဝါးဓားအဆီအနှစ်အဖြစ် ပြောင်းလိုက်ရပါပြီး ။ သူ့အနေနဲ့ တခြား ရွေးချယ်စရာလမ်း မရှိတော့ပါဘူး ။
ထန်……
အဲသည်လို ပြောင်းလိုက်တော့မှပဲ သူဟာ ပုံရိပ်ယောင် ဓားသမားရဲ့ လက်ထဲက ဓားကို ကျိုးပြတ်အောင် ခုတ်လိုက်နိုင်ပါတော့တယ် ။
" ဟား……ဟား…… ဒါပဲကွ "
လီဖူချန်းက အားရပါးရ ရယ်လိုက်ပါတယ် ။
ဒါပေမဲ့လည်း သူက သိပ်ပြီး အချိန်ကြာကြာ မရယ်လိုက်ရပါဘူး ။ ဘာဖြစ်လု့ိလဲဆိုတော့ ပုံရိပ်ယောင် ဓားသမားရဲ့ လက်ထဲမှာ နောက်ထပ် ဓားရှည်တစ်ချောင်း ပေါ်လာလို့ပါပဲ ။
" ဟုတ်ပြီလေ …… အစကတော့ ငါက မင်းကို ညှာညှာတာတာ တိုက်ပေးမလို့ စဉ်းစားနေတာ ။ အခုတော့ ငါသဘော ပေါက်သွားပြီး ။ မင်းကို ညှာညှာတာတာ တိုက်လို့ မရဘူး "
" တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း "
လီဖူချန်းက ပုံရိပ်ယောင် ဓားသမား ညှာပြီး တိုက်လို့ မရဘူး ဆိုတာကို သဘောပေါက်သွားခဲ့ပါပြီ ။ အဲသည်အတွက် သူက တိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားကွက်ကို ထုတ်လိုက်ပါတော့တယ် ။
ဟူး……ဟူး……ဟူး……
လောင်ကျွမ်းနေတဲ့ တိမ်တိုက်တွေဟာ လေထုထဲမှာ ဖြစ်တည်လာပြီး ပုံရိပ်ယောင် ဓားသမားကို ဝါးမျိုသွားခဲ့ပါပြီ ။
ဖောင်း……
အဲသည်နောက်မှာတော့ ပုံရိပ်ယောင် ဓားသမားရဲ့ ရင်ဘတ်ထဲမှာ ရှိတဲ့ ကြက်သွေးရောင် ချီစွမ်းအင်လုံးလေးဟာ ပေါက်ကွဲထွက်သွား ပါတော့တယ် ။ ကြက်သွေးရောင် ချီစွမ်းအင်လုံးလေးရဲ့ ပေါက်ကွဲမှုနဲ့အတူ ပုံရိပ်ယောင် ဓားသမားဟာလည်း ပျောက်ကွယ်သွားခဲ့ပါပြီ ။
" လခွီး…… ဆရာသခင် မျှော်စင်က ငါထင်ထားသလို မလွယ်ဘူးဟ ။ သည်ဒုတိယထပ်က ကောင်ကို အနိုင်ယူဖို့တောင်မှ ငါ့ရဲ့ စွမ်းအား ၉၀ ရာခိုင်နှုန်းလောက် ထုတ်သုံးလိုက်ရတယ် "
လီဖူချန်းက နဖူးပေါ်က ချွေးတွေကို တစ်ချက် သုတ်လိုက်ရင်းနဲ့ ညည်းတွားလိုက်ပါတယ် ။
" အင်း…… ဒုတိယထပ်က ပုံရိပ်ယောင် ဓားသမားတောင်မှ သည်လောက် စွမ်းနေရင် တတိယထပ်က ပုံရိပ်ယောင် ဓားသမားဆို ဘယ်လောက် စွမ်းမလည်း မသိဘူး "
အသက်ရှုချိန် ဆယ်ခါလောက် အနားယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ တတိယထပ်ကို တက်သွားခဲ့ပါပြီ ။
***