← Chapters

လက်ရွေးစင် ဆရာသခင်

Vol. 39 Ch. 527

လက်ရွေးစင် ဆရာသခင်

Vol. 39 Ch. 527

 တတိယထပ်ရဲ့ ပုံရိပ်ယောင် ဓားသမားက ပိုပြီး ရုပ်ဝတ္ထု ဆန်ပါတယ် ။ အဲသည် ဓားသမားက ဝင်္ကပါ အစီအရင်ကနေ  ဖြစ်တည်လာတယ် ဆိုပေမယ့်လည်း စွမ်းအင် ယိုစီးမှုတွေ လုံးဝ မရှိပါဘူး ။ ပြီးတော့ လီဖူချန်းက သည်ပုံရိပ်ယောင် ဓားသမားဆီကနေပြီး ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေကို ခံစားမိနေပါတယ် ။

လီဖူချန်း လေ့လာ အကဲခတ်နေစဉ်မှာပဲ  ပုံရိပ်ယောင် ဓားသမားက  သူ့ရဲ့ အရှေ့ကို ရောက်လာပြီး စတင် တိုက်ခိုက်လာခဲ့ပါပြီ ။ သူ့ရဲ့ လှုပ်ရှားမှုက တည်နေရာ ရွှေ့ပြောင်းလိုက်သလိုပါပဲ ။

" မြန်လှချည်လားဟ "

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ကမန်းကတန်း ဆွဲထုတ်ပြီး ခုခံလိုက်ရပါတယ် ။

ထန်…

ပုံရိပ်ယောင် ဓားသမားရဲ့ ဓားကနေ ထွက်ပေါ်လာတဲ့ အားကတော့  မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သလိုပါပဲ ။တကယ်လို့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကသာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိရင် အဲသည်ဓားချက် တစ်ချက်နဲ့တင် လီဖူချန်းရဲ့ လက်မောင်း စုတ်ပြတ်သတ်သွားပြီး ဒဏ်ရာ ရနေလောက်ပါပြီ ။

လျှပ်စီးသမျှ လျင်မြန်လွန်းလှတဲ့  ပုံရိပ်ယောင် ဓားသမားရဲ့ ဓားချက်က လီဖူချန်းကို လွှမ်းခြုံ သွားပေမယ့်လည်း လီဖူချန်းက သူ့ရဲ့ ထက်မြက်လှတဲ့ လိပ်ပြာ အသိစိတ်အာရုံ အားကိုးနဲ့ ဒုတိယ ဓားချက်ကိုပါ  မရရအောင် ခုခံကာကွယ် လိုက်နိုင်ပါတယ် ။

ဘန်း……

" ဝေါ့ "

ဒါပေမဲ့ သည်ဓားချက်က လီဖူချန်း အတတ်နိုင်ဆုံး စွမ်းဆောင်နိုင်တဲ့ ကန့်သတ်ချက်ပါပဲ ။ ဓားချက်ကို ခုခံပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက လွင့်ထွက်သွားခဲ့သလို သွေးတစ်လုတ်လည်း အန်ထုတ်လိုက်ရပါတယ် ။

" လခွီးပဲ…… ဒါကြောင့်လည်း သည်အဆင့်က ထွတ်ခေါင် ဆရာသခင်အဆင့် ဖြစ်နေတာကိုး "

လီဖူချန်းက မနည်း ကုန်းရုန်းပြီး ပြန်ထခဲ့ရပါတယ် ။

သည်တတိယထပ်က   ပုံရိပ်ယောင် ဓားသမားဟာ တကယ်ကို ကြောက်စရာပါပဲ ။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ အတော်လေး ကြံ့ခိုင်သန်စွမ်းတဲ့ အထဲမှာ ပါပါတယ် ။ တကယ်လို့ လီဖူချန်းအနေနဲ့ သူ့ထက် တော်တော်လေး ပိုအစွမ်းထက်တဲ့ သူနဲ့ တိုက်ခိုက်ရင်တောင်မှ တစ်ကွက် ၊နှစ်ကွက်တည်းနဲ့ ဒဏ်ရာ မရနိုင်ပါဘူး ။ဒါပေမဲ့လည်း သည်ဆရာသခင် မျှော်စင်ရဲ့ တတိယထပ်က  ပုံရိပ်ယောင် ဓားသမားကတော့ ဓားကွက် နှစ်ကွက်တည်းနဲ့တင် သူ့ကို သွေးအန်အောင် တိုက်နိုင်ခဲ့ပါတယ် ။သည်အချက်နဲ့တင် တတိယထပ်က   ပုံရိပ်ယောင် ဓားသမားဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို ခန့်မှန်းသိရှိ နေနိုင်ပါပြီ ။

ဆရာသခင် မျှော်စင်ရဲ့ အပြင်ဘက်မ အတွင်းစည်းဂိုဏ်းသားတွေကြားမှာတော့ အုတ်အော်သောင်းတင်း ဖြစ်နေပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံးဟာ ဆရာသခင် မျှော်စင်ရဲ့ ဒုတိယထပ်မှာ အရောင်တောက်သွားတာကို မြင်လိုက်ရလို့ပါပဲ ။

" နင့်မေကလွှား …… ကောင်လေးက တကယ်ကြီး ဆရာသခင် မျှော်စင်ရဲ့ ဒုတိယထပ်ကို ဖြတ်ကျော်သွားတာပဲ ။ သူက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်ရောက်ချင်းမှာပဲ လက်ရွေးစင် ဆရာသခင် တစ်ယောက်ရဲ့ အစွမ်းမျိုး ပိုင်ဆိုင်ထားတာလား ။ တကယ် ကြောက်စရာ ကောင်းလိုက်တာ  "

" ငါပြောပါတယ် ။သူက အသေးစား ပင်လယ်သားရဲ သတ်ဖြတ်သူ စာရင်းမှာ နံပါတ်၁ ရခဲ့တာပါဆို ။ မင်းတို့ စောင့်ကြည့်နေလိုက် ။ နှစ်အနည်းငယ် အတွင်းမှာပဲ ညီလေး ဖူချန်းက မဟာ ဆရာသခင် ဖြစ်လာလိမ့်မယ် "

" ညီလေးလီ အစွမ်းထက်တယ် ဆိုတာကိုတော့ ငါလက်ခံပါတယ် ။ ဒါပေမဲ့ သူက မဟာ ဆရာသခင် ဖြစ်လာလိမ့်မယ်လို့တော့ ငါ မယုံဘူး ။ ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်တောင်မှ သူတို့ရဲ့ အစွမ်းထက်လွန်းတဲ့ အရိုးတည်ဆောက်ပုံကြောင့် မဟာ ဆရာသခင်တွေ ဖြစ်လာနိုင်တာ ။ ဂိုဏ်းတူအစ်ကို လေ့တုံးဟိုင်က သူ့ရဲ့ ကြယ်၇ပွင့် မိုးကြိုးတူ အရိုးတည်ဆောက်ပုံကြောင့် တခြား  ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံတွေထက် ပိုအားကောင်းတဲ့ တိုက်ခိုက်မှုကို လုပ်နိုင်တယ် ။ ဂိုဏ်းတူအစ်မ ကုချူးယီရဲ့ ကြယ်၇ပွင့် တောက်ပမှု အရိုးတည်ဆောက်ပုံကလည်း ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေထဲမှာ ထိပ်တန်းပဲ ။ပြီးတော့ ဂိုဏ်းတူအစ်ကို ယွန်လုံရဲ့   အာရဟတ် ကြယ်၇ပွင့်  အရိုးတည်ဆောက်ပုံကလည်း အရမ်း အစွမ်းထက်တယ် ။ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေက တူညီတဲ့ ပျင့်ကြံမှုနယ်ပယ် တစ်ခုမှာ ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို မင်းတို့အားလုံးလည်း အသိပဲ ။ အစ်ကိုတော် ယွန်လုံရဲ့ အာရဟတ် အရိုးတည်ဆောက်ပုံက ဗာဂျရာ အရိုးတည်ဆောက်ပုံ နဲ့ သံကျောက်တုံး အရိုးတည်ဆောက်ပုံထက်တောင် အစွမ်းထက်သေးတယ်  ။ မင်းတို့ မမေ့နဲ့ဦး ။ ညီလေးလီက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကိုပဲ ပိုင်ဆိုင်ထားတယ် ဆိုတာကို "

ဆရာသခင် မျှော်စင်ရှေ့မှာတော့ အတွင်းစည်းဂိုဏ်းသားတွေဟာ လီဖူချန်းနဲ့ ပက်သက်ပြီး အငြင်းပွားနေကြပါတယ် ။

အတွင်းစည်း ဂိုဏ်းသား တစ်ယောက်က ခေါင်းခါလိုက်ပြီး

" မင်းပြောတာက မမှားပါဘူး ။ ဒါပေမဲ့လည်း အဲသည် ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်စလုံး ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာ ရှိတုန်းက သူတို့ရဲ့ အစွမ်းနဲ့ ကြေးခွံဖြူ တိုက်ကြီးပေါ်က နယ်မြေဒေသ နှစ်ခုကို ညီလေးလီလို သိမ်းပိုက်နိုင်လို့လား "

" ငါပြောမယ် ။ ကျင့်ကြံခြင်း နယ်ပယ်ရဲ့ အစောပိုင်း အဆင့်တွေ နဲ့ နောက်ပိုင်း အဆင့်က ကွာခြားတယ်ကွ ။ ကျန်တာတွေ အသာထားကွာ ။ ညီလေးလီက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိတာ ။ အဲသည်အဓိပါ္ပယ်က သူ့ရဲ့ အရိုးတည်ဆောက်ပုံမှာ အဆစ်၆ဆစ်ပဲ ရှိတယ်ဆိုတဲ့ အဓိပါ္ပယ်ပဲ ။ ကျန်တဲ့ ဘုရင်အဆင့် တပည့်တွေရဲ့ အရိုးတည်ဆောက်ပုံမှာက အဆစ်၇ဆစ် ရှိတယ် ။ ငါဆိုလိုချင်တာကို မင်းနားလည်လား "

" အိုး…… မင်းပြောတဲ့ အချက်ကိုတော့ ငါလုံးဝ မေ့သွားတယ်ကွာ ။ မင်းပြောသလို ဆိုရင်တော့ အဲဒါက ညီလေးလီ မဟာ ဆရာသခင် ဖြစ်ဖို့အတွက် တကယ့် ပြသနာပဲ "

လီဖူချန်းကို အထင်ကြီးနေကြတဲ့ အတွင်းစည်း ဂိုဏ်းသား တချို့ကတော့ မသိမသာ ခေါင်းခါလိုက်မိကြပါပြီ ။ အစောပိုင်းတုန်းက  အတွင်းစည်း ဂိုဏ်းသားတစ်ယောက် ထောက်ပြသွားတဲ့ အချက် မမှားပါဘူး ။ သက်တံနီဂိုဏ်းမှာက ကောင်းကင်အဆင့် ပညာရပ်တွေ မရှိတဲ့အတွက် နောက်ပိုင်း အဆင့်တွေကျရင် နတ်ဘုရားစွမ်းရည်တွေကပဲ စကားပြောသွားတော့မှာပါ ။ လီဖူချန်းလို ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ရဲ့ နတ်ဘုရားစွမ်းရည်က နောက်ပိုင်း အချိန်တွေကျရင် ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ နတ်ဘုရားစွမ်းရည်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဆိုတာက လုံးဝ  မဖြစ်နိုင်ဘူးလို့ ဆိုရပါမယ် ။

ဆရာသခင် မျှော်စင်ရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ လီဖူချန်းဟာ လက်ရွေးစင် ဆရာသခင် အဖြစ် အသိအမှတ် ပြုထားတဲ့ တံဆိပ်တော်ကို ရရှိခဲ့ပါတယ် ။ တံဆိပ်တော်ကို အသက်သွင်းဖို့ကတော့ ဘာမှ မခက်လှပါဘူး ။ ထုံးစံအတိုင်း သူ့ရဲ့ သွေးကို ဖောက်ထုတ်ပြီး တံဆိပ်တော်ရဲ့ မျက်နှာပြင်ပေါ် ကျစေလိုက်ရုံပါပဲ ။

သည်တံဆိပ်တော်နဲ့ ဆိုရင်တော့ လီဖူချန်းက အတွင်းစည်းဂိုဏ်းရဲ့   တာဝန်ခန်းမကို သွားရောက်ပြီး လက်ရွေးစင် ဆရာသခင်အဆင့် တာဝန်တွေ ထမ်းဆောင်လို့ ရပါပြီ ။

ဒါပေမဲ့လည်း လီဖူချန်းက တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်ကိုတော့ လောဖို့ စိတ်ကူးမရှိပါဘူး ။ သူ သည်ဆရာသခင် မျှော်စင်ကို လာတယ် ဆိုတာက သူ့ရဲ့ အစွမ်းကို သိချင်ရုံ သက်သက်ပါပဲ ။သူ့အနေနဲ့ သူ့ရဲ့ အစွမ်းတွေ ထပ်ပြီး တိုးလာဖို့အတွက် လုပ်ဆောင်စရာတွေ အများကြီး  လိုနေပါသေးတယ် ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ သူက ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် သုံးခုစလုံးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်အောင် ကျင့်ဖို့ လိုပါတယ် ။

သူက သူ့ရဲ့ အရိုးတည်ဆောက်ပုံပေါ်က မီးလျှံအင်းကွက်ကို အဆစ် ၅.၅ဆစ်အထိ နားလည်သဘောပေါက်အောင် လုပ်ရပါဦးမယ် ။

နောက်ဆုံး လုပ်စရာ မရှိတော့ဘူး ဆိုရင်တောင်မှ သူ့အနေနဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ချိပ်ပိတ်ထားတဲ့  ဒုတိယ စည်းတံဆိပ်ပေါ်က ဓားအင်းကွက်တွေအကြောင်း နားလည်အောင် ကြိုးစားနိုင်ပါသေးတယ် ။

လီဖူချန်းအတွက်ကတော့ ပထမ အလုပ်နဲ့ ဒုတိယ အလုပ်က သိပ်ပြီး မခက်လှပါဘူး ။ ဒါပေမဲ့ တတိယ အလုပ်ကတော့ တော်တော်လေး ခက်ခဲပါတယ် ။

ဘုံခုနစ်ဆင့် ဓားရဲ့ ချိပ်ပိတ်ထားတဲ့ ဒုတိယ စည်းတံဆိပ်ကို ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် ဘုံခုနစ်ဆင့် ဓားဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓား ဒါမှမဟုတ် ကောင်းကင် အဆင့်နိမ့် ဓား ဖြစ်လာမှာပါ။ အဲသည်အတွက် ဒုတိယ စည်းတံဆိပ်ကို ဖျက်ဆီးဖို့ ဆိုတာက ထင်သလောက် လွယ်စရာ အကြောင်း မရှိပါဘူး ။

" အင်း…… ရှေးဟောင်း ရတနာ ဓားတစ်လက်လောက် အရင် သွားယူထားတာ ပိုကောင်းမယ် ထင်တယ် "

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားအကြောင်း စဉ်းစားနေရင်းနဲ့ သူ့အတွက် လောလောဆယ် သုံးဖို့ ဓားတစ်လက် လိုလာပြီ ဆိုတာကို သတိပြုမိလိုက်ပါတယ် ။

တိုက်ပွဲဝိညာဉ် နယ်ပယ်ကို မရောက်ခင်တုန်းကတော့ လီဖူချန်းအတွက် မြေကမ္ဘာ အလယ်အလတ်အဆင့် ဓား နဲ့ မြေကမ္ဘာ အဆင့်မြင့် ဓားဟာ သိပ်ပြီး မကွာခြားလှပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ဟာ မြေကမ္ဘာ အဆင့်မြင့် ဓားတစ်လက်ရဲ့ အစွမ်းကို အပြည့်အဝ အသုံးမချနိုင်လို့ပါပဲ ။

ဒါပေမဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ယောက် အတွက်ကတော့ မတူပါဘူး ။ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် တစ်ယောက်က မြေကမ္ဘာအဆင့်မြင့် ဓားရဲ့ အစွမ်းကို အပြည့်အဝ အသုံးချနိုင်တဲ့အပြင် အဲသည်ဓားက အသုံးပြုတဲ့ ဆရာသခင်ရဲ့ အစွမ်းတွေကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ  တိုးမြှင့်ပေးနိုင်ပါတယ် ။

၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၃၀ ရာခိုင်နှုန်းဆိုတာက လျော့တွက်လို့ မရပါဘူး ။ ဆရာသခင်တွေရဲ့ ကြားထဲက တိုက်ပွဲတစ်ခုမှာက စွမ်းအား  ၁ ရာခိုင်နှုန်း ကွာခြားမှုကတောင် တိုက်ပွဲရဲ့ အဖြေကို ပြောင်းလဲသွားစေနိုင်ပါတယ် ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ လက်နက်ပစ္စည်း ခန်းမကို ရောက်ရှိလာခဲ့ပါပြီ ။ သူက လက်နက်ပစ္စည်း ခန်းမကို ရောက်တာ နဲ့ တစ်ပြိုင်နက် ဘယ်ကိုမှ မသွားဘဲ  မြေကမ္ဘာအဆင့်မြင့်  ရတနာဓားတွေ ရှိရာဆီကို တန်းသွားလိုက်ပြီး တစ်ချက် အကဲခတ် လိုက်ပါတယ် ။

မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ လိပ်ပြာ အသိစိတ် အာရုံမျိုး ပိုင်ဆိုင်ထားတဲ့ လီဖူချန်း အတွက်ကတော့ ရတနာဓား တစ်လက်ချင်းစီရဲ့ အသေးစိတ် အချက်လက် နဲ့ အလားအလာတွေကို သိဖို့ဆိုတာ လွယ်ကူတဲ့ အရာတစ်ခုပါပဲ ။

အချိန် တစ်ခဏလေး အတွင်းမှာပဲ လီဖူချန်းဟာ သူနဲ့ လိုက်ဖက်တဲ့  မြေကမ္ဘာအဆင့်မြင့် ရှေးဟောင်း ရတနာဓား တစ်လက်ကို ရှာဖွေတွေ့ရှိ သွားပါတော့တယ် ။

အဲသည်ဓားကိုတော့ မီးလျှံမြွေ လို့  ခေါ်ပြီး အဲဒါကို နှစ်တစ်သောင်း  မီးလျှံသံ ၊ သတ္တု အဆီအနှစ် ၊ အဆင့်၆ အဆင့်မြင့် မိစ္ဆာသားရဲ ကျောရိုးတို့နဲ့ ပေါင်းစပ်ပြီး သွန်းလုပ်ထားခဲ့တာပါ ။

သည်ဓားရဲ့ တန်ဖိုးကတော့ သိပ်ပြီး မများလှပါဘူး ။ အဲသည်ဓားက   ထောက်ပံ့ရေး ဒင်္ဂါး သုံးထောင်သာ ကျသင့်တာပါ ။

ဒါပေမဲ့လည်း အဲဒါက လီဖူချန်း အတွက်သာ တန်ဖိုး မများတာ ဖြစ်ပါတယ် ။ သာမန် အတွင်းစည်းတပည့်တွေအတွက် ဆိုရင်တော့ သည်ထောက်ပံ့ရေး သုံးထောင်ဆိုတာက အတော်လေး တန်ဖိုး များနေပါပြီ ။

******-------*******-------******-------******--------

ဟူး……ဟူး……ဟူး……

ဝှစ်……ဝှစ်……

တိမ်ပင်လယ်တွေရဲ့ အထက်မှာတော့ လီဖူချန်းတစ်ယောက် မီးလျှံမြွေဓားကို ကိုင်စွဲပြီး ဓားသိုင်း ကစားနေလေရဲ့ ။

ရွှမ်း……

ဓားသိုင်း ကစားနေရင်းနဲ့ ရုတ်တရက် လီဖူချန်း ထုတ်လိုက်တဲ့ ဓားချက်ဟာ တိမ်ပင်လယ် တစ်ခုကို နှစ်ခြမ်း ကွဲထွက်သွားစေ ခဲ့ပါပြီ  ။ ဓားချက်သွားရာ လမ်းတစ်လျှောက်က လေထုဟာလည်း ပူလောင်သွားခဲ့ပါတယ် ။

" ဟား…ဟား…… သည်ဓားက ငါ့ရဲ့ အစွမ်းကို ၂၅ ရာခိုင်နှုန်းကျော် မြှင့်တင်ပေးနိုင်တာပဲ ။ ဒါက ဘုံခုနစ်ဆင့် ဓားထက်တောင်မှာ ၁၀ ရာခိုင်နှုန်းကျော် ပိုသာသေးတယ် "

ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာ မြေကမ္ဘာ အလယ်အလတ်အဆင့် ရှေးဟောင်း ရတနာဓားတွေ ထဲမှာတော့ အကောင်းဆုံး ဓားတစ်လက် ဖြစ်တယ် ဆိုတာကို သံသယ ဝင်နေစရာ မလိုပါဘူး ။ ဒါပေမဲ့လည်း မြေကမ္ဘာ အဆင့်မြင့် ရှေးဟောင်း ရတနာ ဓားတွေကို မီဖို့အတွက်ကတော့ အများကြီး လိုအပ်နေဆဲပါပဲ ။

………  ……… ……… ……… …………

တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်းလာပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှု ၊ တွေးခေါ်နိုင်စွမ်း ၊ ဥပဒေသတွေ အပေါ်မှာ နားလည်နိုင်စွမ်းတွေဟာ သိသိသာသာကြီး တိုးတက်လာခဲ့တယ်လို့ ဆိုရပါမယ် ။

မီးလျှံမြွေဓားကို ရယူပြီး ပထမ အပတ်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ ။

ဒုတိယ အပတ်မှာတော့ ပျံလွားစက်ကွင်းချီဟာလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားပါတော့တယ် ။

သည်လျှို့ဝှက်နည်းစနစ် သုံးခု ထဲမှာတော့  မျက်လုံးတစ်ထောင် အတွေးစိတ်ကူးဟာ လီဖူချန်းအတွက်  လေ့ကျင့်ရတာ အခက်ဆုံးပါပဲ ။ သူက တစ်လအကြာမှပဲ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။

တစ်လခွဲ အကြာမှာတော့ လီဖူချန်းဟာ သူ့ရဲ့ အရိုးတည်ဆောက်ပုံပေါ်က  အင်းကွက်ကို အဆစ် ၅.၃ဆစ်အထိ နားလည် သဘောက်ပေါက်သွားခဲ့ပါပြီ ။

နှစ်လအကြာမှာတော့ လီဖူချန်းဟာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိပ်ပိတ် စည်းတံဆိပ်ပေါ်မှာ ရှိတဲ့ ဓားအင်းကွက် ၉၀ ရာခိုင်နှုန်းကို နားလည် သဘောပေါက်သွား ခဲ့ပါတယ် ။

ဓားတာအို အပေါ်မှာ နားလည်သဘောပေါက်မှု အပိုင်းမှာတော့ လီဖူချန်းက ထွတ်ခေါင် ဆရာသခင်တွေကို ဖိနှိပ်နိုင်ဖို့ လိုနေဆဲ ဖြစ်ပေမယ့်လည်း ဘက်ပေါင်းစုံ ခြုံငုံပြီး သုံးသပ်ရမယ် ဆိုရင်တော့ လီဖူချန်းဟာ ထွတ်ခေါင် ဆရာသခင်တွေကို ရှုံးနိမ့်နိုင်စရာ အကြောင်း မရှိတော့ပါဘူး ။ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက ခုခံမှု အပိုင်းမှာ သူ့ကို ထောက်ပံ့ပေးနိုင်သလို စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးတို့ကလည်း  တကယ့် ကျဉ်းထဲကျပ်ထဲ ရောက်တဲ့ အခါမျိုးကျရင် အခြေအနေကို ပြောင်းပြန် လှန်ပေးနိုင်ပါတယ် ။

" အင်း……လက်ရွေးစင် ဆရာသခင် အဆင့် တာဝန်တွေကို တိတိကျကျ လေ့လာဖို့ အချိန် ရောက်ပြီ "

လေ့ကျင့်စရာတွေ ကုန်သလောက် ဖြစ်သွားတဲ့ နောက်မှာတော့ လီဖူချန်း တာဝန်ခန်းမကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

အချိန်တိုင်း တံခါးပိတ် ကျင့်ကြံတာက လီဖူချန်း နှစ်ခြိုက်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး ။ သူက တိုက်ခိုက်ပြီး ကျင့်ကြံရတာမျိုးကို နှစ်ခြိုက် သဘောကျတာပါ ။ သိုင်းပညာ တာအို ဆိုတာက အချိန် တော်တော်များများ တိုက်ခိုက်နေမှသာ အလားအလာကောင်းတွေကို ပိုပြီး ပြသနိုင်တာ မဟုတ်ပါလား ။

တာဝန်ခန်းမကို လီဖူချန်း ရောက်သွားတဲ့ အခါမှာတော့ လူတော်တော်များများက တာဝန်ခန်းမမှာ  ရောက်နှင့်နေကြပါပြီ ။ဒါကလည်း  သိပ်ပြီးတော့ မထူးဆန်းလှပါဘူး ။ အပြင်စည်း ဂိုဏ်းတပည့်တွေနဲ့ ယှဉ်ရင်တော့ အတွင်းစည်း ဂိုဏ်းတပည့်တွေဟာ  တာဝန်တွေကို ထမ်းဆောင်ဖို့ ပိုစိတ်အား ထက်သန်ကြပါတယ် ။

"လက်ရွေးစင် ဆရာသခင်အဆင့် တာဝန် ။ ကြေးနီတိုက်ကို သွားရောက်ပြီး အဆင့်မြင့် အဆင့်၆ မိစ္ဆာသားရဲဖြစ်တဲ့ မီးလျှံမြွေတွေကို သတ်ရမယ် ။ မီးလျှံမြွေ ကျောရိုးထဲမှာရှိတဲ့  သတ္တုချဉ်ဆီ ၅၀ ကီလိုဂရမ် ကို ထုတ်ယူလာနိုင်ရင် တာဝန် အောင်မြင်ပြီ ။  ဆုလာဘ်ကတော့  ထောက်ပံရေးရမှတ် တစ်သောင်း ဖြစ်တယ် "

တာဝန်ဘုတ်ပြားပေါ်က တာဝန်တစ်ခုကတော့ လီဖူချန်းရဲ့ စိတ်ဝင်စားမှုကို ရရှိသွားခဲ့ပါပြီ ။

" မီးလျှံမြွေ ကျောရိုးထဲက သတ္တုချဉ်ဆီ ၅၀ ကီလိုဂရမ် ယူလာရမှာလား

မီးလျှံမြွေ သတ္တုချဉ်ဆီက လီဖူချန်းရဲ့ သိပ်မစိမ်းလှပါဘူး ။ သူ့ရဲ့ မီးလျှံမြွေ ဓားထဲမှာ ဆိုရင်လည်း မီးလျှံမြွေ သတ္တုချဉ်ဆီတွေ ပါတာပါပဲ ။

" ဟုတ်ပြီ ။ ငါ သည်တာဝန်ကို ရွေးမယ် "

လီဖူချန်းက တာဝန်ဘုတ်ပြားပေါ်မှာ ရှိနေတဲ့ တာဝန်စာရွက်ကို ဖြုတ်ယူလိုက်ပါတယ် ။

ကြေးနီ ကုန်းမြေတိုက်က အဆင့်နိမ့် ကုန်မြေတိုက်တစ်ခုတော့ မဟုတ်ပါဘူး ။ အဲဒါက ကြေးခွံဖြူ ကုန်းမြေတိုက်ထက်တောင်မှ အဆင့်မြင့်တယ်လို့ ဆိုရပါမယ် ။ အဲသည်အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဟာ ကြေးနီ ကုန်းမြေတိုက်မှာ စိတ်တိုင်းကျ လှုပ်ရှားလို့ ရပါတယ် ။ ဒါပေမဲ့လည်း ကြေးနီ ကုန်းမြေတိုက်မှာက လူသားတွေအနေနဲ့ သိပ်ပြီး  အခြေချ နေထိုင်လေ့ မရှိပါဘူး ။ အဲသည်တိုက်မှာက မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေပဲ အခြေချ နေထိုင်ကြတာပါ ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကြေးနီ ကုန်းမြေတိုက်ဟာ ကြေးခွံဖြူ ကုန်းမြေတိုက်နဲ့ မိစ္ဆာစက်ကွင်း ကုန်းမြေတိုက်ထက် အများကြီး ပိုအန္တရာယ် များတဲ့ တိုက်တစ်ခုပါပဲ ။

ကြေးနီ ကုန်းမြေတိုက်ကို တည်နေရာ ရွှေ့ပြောင်းဖို့အတွက်ကိုတော့ လီဖူချန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသိန်းတိတိ ပေးခဲ့ရပါတယ် ။ သည်နေရာမှာတော့ ဂိုဏ်းတော်ဟာ ဘုရင်အဆင့် တပည့်တွေကိုတောင်မှ ခြွင်းချက် မပေးခဲ့ပါဘူး ။

……***……**** ………****………****…………****

- ကြေးနီ ကုန်းမြေတိုက် ၊ သက်တံနီ မြို့ -

" သက်တံနီဂိုဏ်း ကြေးနီ ကုန်းမြေတိုက်မှာတောင်မှ မြို့တစ်မြို့ တည်ထားတာပဲ ။ ဂိုဏ်းရဲ့ အုပ်ချုပ်သူတွေက အရမ်း အသုံးအဖြုန်း မကြီးလွန်းဘူးလား ။ သည်မြို့ တည်ဖို့အတွက် ဘယ်လောက်တောင် ကုန်လိုက်မလဲ "

လီဖူချန်းက သက်တံနီမြို့တွင်း လမ်းမထက်မှာ လမ်းလျှောက်နေရင်နဲ့ ဂိုဏ်းတော်ရဲ့ အုပ်ချုပ်သူ အကြီးအကဲတွေ လက်ဖွာပုံကို စဉ်းစားနေမိပါတယ် ။

သည်မြို့ထဲက လမ်းမထက်မှာ လမ်းလျှောက်နေတာကတော့ သူတစ်ယောက်တည်း မဟုတ်ပါဘူး ။ ဂိုဏ်းတော်ရဲ့ များပြားလှတဲ့ အတွင်းစည်း ဂိုဏ်းသားတွေနဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ်အောက်က လူတော်တော်များများဟာလည်း လမ်းမတွေထက်မှာ လမ်းသလား နေကြပါတယ် ။

ကြည့်ရတာကတော့ အဲသည် တိုက်ပွဲဝိညာဉ်နယ်ပယ် အောက်က လူတွေက နိုင်ငံတော် ၇ခုကနေ လာကြတဲ့ ပုံပါပဲ ။

သက်တံနီ မြို့တွင်းမှာ ရှိတဲ့ တည်းခိုရိပ်သာတွေရဲ့ တည်းခိုခကလည်း မနည်းလှပါဘုး ။ တည်းခိုရိပ်သာ တစ်ခုရဲ့ တစ်ရက်တာ တည်းခိုစရိတ်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀ တောင် ရှိတာပါ ။ လီဖူချန်းကတော့ တည်းခိုရိပ်သာ တစ်ခုထဲ ဝင်ပြီး  ငွေကိုင်စာရေးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပစ်ပေးကာ ရက်၂၀စာ အခန်းတစ်ခန်း ငှားလိုက်ပါတယ် ။

***

All Chapters