← Chapters

မီးလျှံမြွေ

Vol. 39 Ch. 528

မီးလျှံမြွေ

Vol. 39 Ch. 528

လီဖူချန်းက ကြေးနီ ကုန်းမြေတိုက်ကို ရောက်ရောက်ချင်းမှာ တန်းပြီး သူ့ရဲ့ တာဝန်ကို မလုပ်ဆောင်ပါဘူး ။ သူက သက်တံနီ မြို့အနှံ့ လျှောက်သွားပြီး ကြေးနီတိုက်အကြောင်း အရင် စနည်းနာလိုက်ပါသေးတယ် ။

ကြေးနီ ကုန်းမြေတိုက်က ကြေးခွံဖြူ ကုန်းမြေတိုက်လို မဟုတ်ပါဘူး ။ အရွယ်အစားချင်း ယှဉ်ကြည့်မယ် ဆိုရင်တော့ ကြေးနီ ကုန်းမြေတိုက်ဟာ မြေစေးနီ ကုန်းမြေတိုက်ထက် အနည်းငယ်လေးသာ သေးငယ်ပြီး ကြေးခွံဖြူ ကုန်းမြေတိုက်ထက် ၅ဆကျော် ကြီးပါတယ် ။

သက်တံနီ ဂိုဏ်းအပါအဝင် ဘုရင်အဆင့် ဂိုဏ်းအားလုံး နီးပါးဟာ အခုထက်ထိ ကြေးနီတိုက် အကြောင်းကို နှံ့နှံ့စပ်စပ် မသိသေးပါဘူး ။ သည်ကုန်းမြေတိုက် ပေါ်မှာက မဟာဆရာသခင် အဆင့် ဂိုဏ်းတပည့်တွေကိုတောင် အသက်အန္တရာယ် ပေးနိုင်တဲ့ အထိ ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်နယ်မြေအချို့ ရှိနေဆဲပါပဲ ။ တစ်ခါတစ်ရံမှာ ဆိုရင်တော့ မြို့တစ်မြို့ကိုတောင် နေ့ချင်းညချင်း ပျောက်ကွယ်သွားစေတဲ့ ကြောက်မက်ဖွယ် အဖြစ်မျိုးတွေလည်း ဖြစ်လာတတ်ပါသေးတယ် ။

လီဖူချန်း ကြားသိခဲ့ရသလောက် ဆိုရင်တော့ သိပ်မကြာခင်ကပဲ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ထားတဲ့ မြို့တစ်မြို့ဟာ ဖျက်ဆီးခံလိုက်ရပြီး  ကြေးနီတိုက်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့ ပါသေးတယ်တဲ့ ။ အကြောင်းအရင်းကတော့ အဲသည် ဘုရင်အဆင့် ဂိုဏ်းက ထွတ်ခေါင် ဆရာသခင် အဆင့်  ဂိုဏ်းတပည့်ဟာ မဝင်ဖို့ ကန့်သတ်ထားတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုကို စွန့်စားပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့လို့ပါပဲ ။ အဲသည် ဂိုဏ်းတပည့်ရဲ့ ကြိုးစားမှုက လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတဲ့ အစွမ်းထက် အဆင့်၆ မိစ္ဆာ တစ်ကောင်ကို ရန်စသလို ဖြစ်သွားခဲ့ပြီး မြို့ ဖျက်ဆီး ခံလိုက်ရတာနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ် ။

ကျင့်ကြံသူ တော်တော်များများကတော့ အဲသည် အဆင့်၆ မိစ္ဆာဟာ အုပ်စိုးသူ ဆရာသခင် အဆင့်မှာ ရှိတဲ့ ဂိုဏ်းတပည့်တွေရဲ့ အစွမ်းနဲ့ ညီမျှလိမ့်မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ် ။ သူတို့ရဲ့ ကောက်ချက်ကလည်း  မမှားလောက်ပါဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ အုပ်စိုးသူ ဆရာသခင်အဆင့် ဂိုဏ်းတပည့်တွေရဲ့ အစွမ်းမျိုး ပိုင်ဆိုင်ထားတဲ့ မိစ္ဆာတစ်ကောင်မှသာ အဆင့်၇ ဝင်္ကပါ အစီအရင်တွေကို   ဖျက်ဆီးနိုင်စွမ်း ရှိလို့ပါပဲ ။

သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သာမန် အဆင့်၇ ဝင်္ကပါ တစ်ခုဟာ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဆရာသခင်တစ်ပါး လပေါင်းအနည်းငယ် ထုရိုက်နေရင်တောင်မှ မပျက်စီးနိုင်ဘူး ဆိုတာပါပဲ ။

ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါး သုံးလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက တားမြစ်ထားတဲ့ လျှို့ဝှက်နယ်မြေတွေကို အကြမ်းဖျင်း  ဖော်ပြထားတဲ့ မြေပုံတစ်ခုကို ရရှိလာခဲ့ပါတယ် ။

" ကြေးနီ ကုန်းမြေတိုက်မှာက အဓိက တားမြစ်နယ်မြေ သုံးခုနဲ့ သာမည တားမြစ်နယ်မြေ ဆယ့်တစ်ခုတောင် ရှိတာလား "

မြေပုံကို လေ့လာနေရင်းနဲ့  လီဖူချန်းက မျက်ခုံးတောင် ပင့်လိုက်မိပါသေးတယ် ။

မြေပုံထဲအရ ဆိုရင်တော့ အဓိက တားမြစ်နယ်မြေတွေ ဆိုတာက အုပ်စိုးသူ ဆရာသခင် အဆင့်နဲ့ ညီမျှတဲ့ မိစ္ဆာတွေ ၊ မိစ္ဆာသားရဲတွေ  ကျင်လည် ကျက်စားတဲ့ နယ်မြေတွေကို ဆိုလိုတာ ဖြစ်ပြီး သာမည တားမြစ်နယ်မြေတွေ ဆိုတာကတော့ မဟာ ဆရာသခင် အဆင့်နဲ့ ညီမျှတဲ့ မိစ္ဆာတွေ ၊ မိစ္ဆာသားရဲတွေ ကျင်လည်ကျက်စားတဲ့ နယ်မြေတွေကို ဆိုလိုတာပါ ။

" ကြည့်ရတာတော့ အခြေအနေက မဟန်ဘူး "

ခွန်အားချည်းသက်သက် ယှဉ်မယ် ဆိုရင်တော့ လူသား ကျင့်ကြံသူတွေက မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေကို မယှဉ်နိုင်ပါဘူး ။ ပြီးတော့ မိစ္ဆာတွေ နဲ့ မိစ္ဆာသားရဲတွေက သဘာဝ အားဖြင့်ကို လူသားတွေထက် အသက်ဓာတ် ပိုအားကောင်းပါတယ် ။ လူသားတွေကို သေစေနိုင်တဲ့ တိုက်ခိုက်မှုက မိစ္ဆာတွေ နဲ့ မိစ္ဆာသားရဲတွေအတွက် ဆိုရင်တော့ ဒဏ်ရာ နည်းနည်းပါးပါး ရစေရုံကလွဲပြီး ပိုအကြောင်း မထူးပါဘူး ။

လူသား ကျင့်ကြံသူတွေဟာ သူတို့နဲ့ အစွမ်းချင်း ညီမျှတဲ့ မိစ္ဆာ တစ်ကောင် ဒါမှမဟုတ် မိစ္ဆာသားရဲ တစ်ကောင်ကို အနိုင်ယူဖို့ဆိုရင်   လူအရေအတွက် ၃ယောက်ကနေ ၅ယောက်အထိ လိုအပ်ပါတယ် ။ ကျင့်ကြံသူ တစ်ယောက်ဟာ သူနဲ့ အစွမ်းချင်း ညီမျှတဲ့ မိစ္ဆာ တစ်ကောင် ဒါမှမဟုတ် မိစ္ဆာသားရဲ တစ်ကောင်နဲ့  တစ်ယောက်ချင်း ထိပ်တိုက် တွေ့မိလို့ကတော့ ပြေးရုံကလွဲပြီး တခြား ရွေးစရာလမ်း မရှိပါဘူး ။

တခြားကျင့်ကြံသူတွေ အကြောင်းကို အသာထားပါဦး ။ လီဖူချန်း ကိုယ်တိုင်တောင်မှ သူနဲ့ အစွမ်းချင်း ညီမျှတဲ့ မိစ္ဆာ္တ တစ်ကောင် ဒါမှမဟုတ် မိစ္ဆာသားရဲ တစ်ကောင်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ယတိပြတ် မပြောရဲပါဘူး ။ သူကိုယ်တိုင်တောင်မှ ပြေးသင့်တဲ့ အချိန်ဆိုရင် နောက်တောင် လှည့်မကြည့်ဘဲ ပြေးမှာ ဖြစ်ပါတယ် ။မနိုင်လို့ ပြေးရတဲ့ အပေါ်မှာတော့ လီဖူချန်းက ရှက်ရွံ့နေမှာ မဟုတ်ပါဘူး ။ ကျင့်ကြံခြင်း လောကမှာက အသက်ရှင်နေသေးသရွေ့ အရာအားလုံးဟာ ဖြစ်နိုင်ပါသေးတယ် ။

သည်လိုနဲ့ပဲ လီဖူချန်းဟာ သူ့ရဲ့ ခရီးပန်းတိုင် ဖြစ်တဲ့ မီးလသံ တောင်တန်းဆီကို ရောက်ရှိလာခဲ့ပါပြီ ။

မီးလျှံသံ တောင်တန်း ……

သည်တောင်တန်းကတော့ အလျားအားဖြင့် မိုင်ပေါင်း တစ်သောင်းကျော် ရှည်လျားတဲ့ တောင်တန်း တစ်ခုပါပဲ ။ သည်တောင်တန်း တစ်ဝိုက်မှာတော့ မဟာဆရာသခင် အဆင့် အစွမ်း ရှိတဲ့ မိစ္ဆာတွေ နဲ့ မိစ္ဆာသားရဲတွေ ကျင်လည်ကျက်စားလေ့ မရှိပါဘူး ။ အဲသည်အတွက် သည်တောင်တန်းက တခြား နေရာတွေထက်တော့ ပိုပြီး အန္တရာယ် ကင်းတယ်လို့ ဆိုရပါမယ် ။

………

မီးလျှံသံ တောင်တန်းဟာ အပူဓာတ် အလွန်အမင်း ကြွယ်ဝတဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး ။  တကယ်လို့ လူသားနယ်ပယ်က ကျင့်ကြံသူတွေသာ သည်နေရာကို ရောက်လာခဲ့မယ် ဆိုရင် တစ်မုဟုတ်ချင်းပဲ အသားကင် ဘဝကို ရောက်သွားမှာ အသေအချာပါပဲ ။ သည်နေရာရဲ့ အပူချိန်ဟာ  စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ကျင့်ကြံသူတွေတောင် ကြာကြာ ခံနိုင်တဲ့ အပူချိန်မျိုး မဟုတ်ပါဘူး ။

ဟူး……ဟူး……ဟူး……

သည်နေ့မှာတော့ လူရိပ်တစ်ရိပ်ဟာ  မီးလသံ တောင်တန်းနဲ့ သိပ်မဝေးတဲ့ အမြင့်တစ်နေရာလောက်ကနေပြီး မီးလျှံသံ တောင်တန်းတစ်လျှောက် ပျံသန်းနေပါတယ် ။ အဲသည်လူရိပ်ကတော့ လီဖူချန်းပါပဲ ။

" မီးလျှံသံ  တောင်တန်းမှာက  မီးလျှံသံတွေ တကယ် ပေါကြွယ်ဝတာပဲ ။ နှစ်တစ်ရာ မီးလသံတွေ ဆိုရင် နေရာအနှံ့မှာ တွေ့နေရတာ ။ ပြီးတော့ နှစ်တစ်ထောင် မီးလျှံသံတွေကလည်း သိပ်ပြီး မရှားဘူး ။နှစ်တစ်သောင်း မီးလျှံသံတွေ နဲ့ နှစ်တစ်သိန်း မီးလသံ တွေသာ အရမ်း ရှားတာ "

လီဖူချန်း အနေနဲ့  မီးလသံ တောင်တန်းကို လာဖို့ ရွေးချယ်လိုက်ရတာက  အဓိက အကြောင်းအရင်း နှစ်ခု ရှိပါတယ် ။ ပထမ အကြောင်းအရင်းကတော့ မီးလျှံမြွေတွေဟာ သည်တောင်တန်း တစ်ဝိုက်မှာ ကျင်လည်ကျက်စားလေ့ ရှိလို့ဖြစ်ပြီး ဒုတိယ အကြောင်းအရင်းကတော့ သည်တောင်တန်းက မီးလသံတွေ အင်မတန် ပေါကြွယ်ဝတဲ့ နေရာတစ်ခု ဖြစ်နေလို့ပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ နှစ်တစ်သောင်း မီးလျှံသံ နဲ့ နှစ်တစ်သိန်း မီးလသံကိုပဲ ပစ်မှတ် ထားပါတယ် ။

အကြောင်းအရင်းကတော့ နှစ်တစ်သောင်း မီးလျှံသံက မြေကမ္ဘာအဆင့်မြင့် လက်နက်ပစ္စည်းတွေ သွန်းလုပ်တဲ့ နေရာမှာ အရေးကြီးတဲ့ ပါဝင်ပစ္စည်း ဖြစ်ပြီး နှစ်တစ်သိန်း မီးလျှံသံက မြေကမ္ဘာ အထွတ်အထိပ်အဆင့် လက်နက်ပစ္စည်းတွေ သွန်းလုပ်တဲ့ နေရာမှာ အရေးကြီးတဲ့ ပါဝင်ပစ္စည်း ဖြစ်နေလို့ပါပဲ ။ကောလာဟလတွေ ထဲမှာတော့ လူတစ်ယောက်ဟာ သည်တောင်တန်းကနေပြီး ကောင်းကင်အဆင့်နိမ့် လက်နက်ပစ္စည်းတွေ သွန်းလုပ်တဲ့ နေရာမှာ လိုအပ်တဲ့ နှစ်တစ်သန်း မီးလျှံသံတစ်တုံး ရှာတွေ့ဖူးတယ် ဆိုတဲ့ ကောလာဟလ တစ်ခု ရှိပါတယ် ။ အဲသည် ကောလာဟလက တကယ် မှန် ၊မမှန် ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး ။

လီဖူချန်းက မီးလသံ တောင်တန်းနဲ့ ကပ်ပြီး ပျံသန်းနေတဲ့အတွက် ပထမဆုံး ကြုံရတဲ့ အကျိုးဆက်ကတော့ မီးဝိညာဉ်ငှက်ရဲ့ တိုက်ခိုက်မှုပါပဲ ။ လီဖူချန်းက နိမ့်နိမ့်လေး ပျံသန်းနေတဲ့အပြင်  သူ့ရဲ့ ပျံသန်းနှုန်းကိုပါ တော်တော်လေး လျော့ချထားတဲ့အတွက် မီးဝိညာဉ်ငှက်ဟာ သူ့ကို သတိထားမိသွားတာပါ ။

" လူသား…… မင်းက သည်ကို ဘာလာလုပ်တာလဲ ။ သေစမ်း "

မီးဝိညာဉ်ငှက်က လီဖူချန်းနောက်ကို တစ်ဟုန်ထိုး ပျံသန်းလိုက်ပါလာပြီး တိုက်ခိုက်ဖို့ ကြိုးစားလိုက်ပါတယ် ။သူ့ရဲ့ ပျံသန်းမှုကတော့ မီးတန်းကြီး တစ်ခု လိုပါပဲ ။

ရွှမ်း……

ဒါပေမဲ့လည်း မီးဝိညာဉ်ငှက်က လီဖူချန်းကို တိုက်ခိုက်ခွင့် မရလိုက်ပါဘူး ။ သူက လီဖူချန်း အနားကိုရောက်ဖို့ သုံးမိုင် အလိုမှာပဲ ပူပြင်းတောက်ပတဲ့ ဓားအလင်းတန်း တစ်ခုကြောင့် နှစ်ပိုင်း ပြတ်ထွက် သွားခဲ့ရပါပြီ ။

" ဟမ့်.…ကိုယ့်အဆင့် ကိုယ်မသိတဲ့ ငမိုက်သားပဲ "

လီဖူချန်းကတော့ မီးဝိညာဉ်ငှက်ကို ဂရုမစိုက်ဘဲ  နှာခေါင်းတစ်ချက် ရှုံ့ကာ ဆက်လက် ပျံသန်းသွားပါတယ် ။

" အိုး…… ငါတွေ့ပြီ "

သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ မီးလျှံမြွေတစ်ကောင်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ မီးလသံ တောင်တန်းတစ်ခုလုံး ဖြန့်ကျက်နိုင်စွမ်း ရှိပါတယ် ။ဒါပေမဲ့လည်း ပြသနာက မီးလျှံမြွေတွေဟာ မြေအောက် အနက်ပိုင်းတွေထဲမှာ ခိုအောင်းနေထိုင်လေ့ ရှိတာပါပဲ ။ အဲသည်အတွက်ကြောင့်ပဲ လီဖူချန်းဟာ ပျံသန်းပြီး သူ့ရဲ့ အသိစိတ်အရုံကို ဖြန့်ကျက်နေရတာပါ ။

အဲသည်နောက်မှာတော့ လီဖူချန်းက  သူ့ရဲ့ ပျံသန်းနှုန်းကို မြှင့်လိုက်ပြီး မြီးလျှံမြွေ ခိုအောင်းနေထိုင်ရာ အရပ်ကို ပျံသန်းသွားပါတော့တယ် ။

မြေအောက်  အနက်ပိုင်း တစ်နေရာမှာတော့ ပေသုံးထောင်နီးပါး ရှည်တဲ့ မီးလျှံမြွေ တစ်ကောင်ဟာ အငွေ့တထောင်းထောင်း ထနေတဲ့ ချော်ရည်ကန်ထဲမှာ ကူးခတ် နေပါတယ် ။

အဲသည်မြွေရဲ့ အကြေးခွံတွေက နီရဲပြီး တောက်ပလွန်းနေတဲ့အတွက် မသိရင် မီးလျှံတွေနဲ့အတူ မွေးဖွားလာသလိုပါပဲ ။

အဲသည်အချိန်မှာတော့ လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ် အစွမ်းဖြစ်တဲ့  ချီအရှိန်အဝါ ဖုံးကွယ်ခြင်းကို အသုံးပြုပြီး ချော်ရည်ကန်ဆီကို တိတ်တဆိတ် ချည်းကပ်လာခဲ့ပါပြီ ။

" သေစမ်း "

ရွှမ်း……

ရုတ်တရက် ဆိုသလို လီဖူချန်းက ချော်ရည်ကန်ရဲ့ မျက်နှာပြင်ထက်မှာ ပေါ်လာပြီး မီးလျှံမြွေကို ဓားနဲ့ ပိုင်းပစ်လိုက်ပါတယ် ။

" ဟင် "

အန္တရာယ် အငွေ့အသက်ကို ရလိုက်တဲ့ မီးလျှံမြွေက ချော်ရည်ကန်ထဲကို ငုပ်လျှိုးဖို့ ကြိုးစားလိုက်သေး ပေမယ့်လည်း အချိန်မမီတော့ပါဘူး ။

လျှပ်စီးသမျှ လျင်မြန်လွန်းတဲ့ လီဖူချန်းရဲ့ ဓားချက်က သူ့ရဲ့ လည်တိုင်ကို ပိုင်းဖြတ်သွားခဲ့ပါပြီ ။ အဲသည်ဓားချက်က သူ့ရဲ့ လည်တိုင်မှာ ကြီးမားတဲ့ ပြတ်ရှရာကြီး တစ်ခု ချန်သွားခဲ့ပါတယ် ။

" မင်း……မင်း……ယုတ်မာလိုက်တဲ့ လူသား ။ မင်းက ငါ့ကို အလစ်ချောင်းပြီး သတ်ချင်တာပေါ့လေ "

မီးလျှံမြွေက ဒေါသတကြီး အော်ဟစ်လိုက်ပါတယ် ။

မီးလျှံမြွေတွေဟာ အဆင့်၇ မိစ္ဆာသားရဲ ဖြစ်တဲ့ မီးလျှံ စပါးအုံးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားကြတဲ့ သားရဲတွေပါ ။ အဲသည် မျိုးဆက်သွေးက အင်မတန် နည်းပါးတယ် ဆိုပေမယ့်လည်း မိစ္ဆာသားရဲ ဘုရင်ရဲ့ မျိုးဆက်တွေး ဖြစ်နေတုန်းပါပဲ ။ မဟုတ်လို့ကတော့ သည်မီးလျှံမြွေဟာ လီဖူချန်းရဲ့ အစောပိုင်းက ဓားချက်နဲ့တင် ခေါင်းပြတ်နေလောက်ပါပြီ ။

ရှှုး……ရှုး……ရှုး……

ပြင်းထန်လှတဲ့ နာကျင်မှု ဝေဒနာက မီးလျှံမြွေကို သွေးရူးသွေးတန်း ဖြစ်သွားစေပါတယ် ။ ကြီးမားလှတဲ့ ခန္ဓာကိုယ်ရဲ့ တဆတ်ဆတ် တွန့်လိမ်မှုကြောင့် ချော်ရည်ကန်ဟာလည်း လှိုင်းထန်လာခဲ့ပါပြီ ။

လီဖူချန်းက ချော်ရည်တွေကို ဂရုစိုက်မနေပါဘူး ။ သူက မီးလျှံမြွေရဲ့ အနောက်ကို အမြန် ပျံသန်းသွားပြီး အစောပိုင်းက ဒဏ်ရာပေါ် ထပ်ဆင့် ခုတ်ချလိုက်ပါတယ် ။

ရွှမ်း……

သည်ဓားချက်ကတော့ မီးလျှံမြွေရဲ့ အရိုးထိတိုင် ထိသွားစေတယ်လို့ ဆိုရပါမယ် ။ သွေးစိမ်းရှင်ရှင်တွေဟာ ပန်းထွက်လာပြီး ချော်ရေကန်ထဲကို ရေတံခွန် တစ်ခုလို စီးကျလာခဲ့ပါတယ် ။

" သည်ကောင်ကြီးကို တုံ့ပြန်ချိန် တစ်စက်မှ ပေးလို့ မဖြစ်ဘူး "

သည်ချော်ရည်ကန်က ကမ္ဘာ့မြေထုရဲ့ အနက်ပိုင်းနဲ့ ဆက်သွယ်ထားတာပါ ။ တကယ်လု့ိ့သာ မီးလျှံမြွေက ချော်ရည်ကန်ထဲကို ငုပ်လျှိုးသွားမယ်ဆိုရင် လီဖူချန်းအနေနဲ့ ဆင်းပြီး မလိုက်ရဲပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက သည်ချော်ရေကန် ဘယ်လောက်အထိ နက်သလဲ ဆိုတာကို မခန့်မှန်းနိုင်လို့ပါပဲ ။ တကယ်လို့သာ သည်ချော်ရေကန်ရဲ့ အောက်ခြေမှာ အုပ်စိုးသူ ဆရာသခင်အဆင့် မိစ္ဆာသားရဲ တစ်ကောင် ဒါမှမဟုတ် မိစ္ဆာတစ်ကောင် ရှိနေလို့ကတော့ လီဖူချန်းဟာ သေချာပေါက် သေပါပြီ ။

" တိမ်ထောင်တစ်ထောင် လောင်ကျွမ်းခြင်း "

လီဖူချန်းရဲ့ မာန်သွင်း အော်ဟစ်သံ အဆုံးမှာတော့ ကြက်သွေးရောင် မီးတိမ်တိုက်ကြီး တစ်ခု ပေါ်လာပြီး မီးလျှံမြွေရဲ့ ဦးခေါင်းကို လွှမ်းခြုံသွားပါတော့တယ်။

ဘန်း………

မီးတိမ်တိုက် ပေါက်ကွဲသွားတဲ့ အခါမှာတော့ မီးလျှံမြွေရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ဟာ အိုးစားကွဲနေ ခဲ့ပါပြီ ။  များပြားလှတဲ့ ဓားချီတွေရဲ့ လက်ချက်ကြောင့် မီးလျှံမြွေရဲ့ ဦးခေါင်းဟာ အသား တစ်စတောင် ရှိမနေတော့ပါဘူး ။ ကျန်ရှိနေသေးတဲ့ ဦးခေါင်းခွံပေါ်မှာ ဆိုရင်လည်း ဓားရာတွေ အပြည့်ပါပဲ ။

" ဟား……ဟား…… ငါ့ရဲ့ လုပ်ကြံမှုက အောင်မြင်သွားပြီကွ "

လီဖူချန်းကတော့ အပျော်ကြီး ပျော်နေခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ သူက ချော်ရည်ကန်ထဲမှာ ပေါ်လောပေါ်နေတဲ့ မီးလျှံမြွေရဲ့ ခန္ဓာကိုယ်ကို ကမ်းပေါ် ဆွဲတင်ပါတော့တယ် ။

" ငါက အလစ်ဖမ်း လုပ်ကြံမှု အပိုင်းမှာလည်း တော်တော် အစွမ်းထက်တာပဲ "

လီဖူချန်းက မီးလျှံမြွေရဲ့ ခန္ဓာကိုယ်ကို ဆွဲတင်နေရင်းနဲ့ သူ့ကိုယ်သူ ချီကျူးလိုက်ပါသေးတယ် ။

တကယ်လို့သာ  အလစ် လုပ်ကြံမှုကို မလုပ်ခဲ့ဘူး ဆိုရင် လီဖူချန်း အနေနဲ့ သည်မီးလျှံမြွေကို သတ်ဖြတ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။တကယ်လို့ သူက  မီးလျှံမြွေကို ရှေ့တည့်တည့်ကနေ စိမ်ခေါ်တိုက်ခိုက်ခဲ့မယ် ဆိုရင် အခြေအနေ မဟန်မှန်းသိတာနဲ့ တစ်ပြိုင်နက် မီးလျှံမြွေက ချော်ရည်ကန်ထဲ ငုပ်လျှိုးသွားမှာ အသေအချာပါပဲ ။

" သည်မြွေရဲ့ ကျောရိုးထဲမှာ သတ္တုချဉ်ဆီ ဘယ်လောက် ရှိနေမလဲ  မသိဘူး "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေခဲ့ပါပြီ ။

အဲသည်နောက်မှာတော့ သူက မီးလျှံမြွေရဲ့ ကျောရိုးကနေ သတ္တုချဉ်ဆီတွေ ထုတ်ယူပါတော့တယ် ။

၅ ကီလိုဂရမ်…… ၁၀ ကီလိုဂရမ် …… ၂၅ ကီလိုဂရမ် ……

ပေ၃၀၀၀ ရှည်တဲ့ မီးလျှံမြွေရဲ့ ကျောရိုးကနေ  ထုတ်ယူလို့ ရခဲ့တဲ့ သတ္တုချဉ်ဆီက လီဖူချန်း ထင်သလောက် မဟုတ်ခဲ့ပါဘူး ။ သူက သတ္တုချဉ်ဆီ ၂၆.၅ ကီလိုဂရမ် နီးပါးသာ ထုတ်ယူလို့ ရခဲ့ပါတယ် ။

***

All Chapters