ထွတ်ခေါင် ဆရာသခင်အဖွဲ့
Vol. 39 Ch. 529
ဝူး……ဝူး……ဝူး……
မီးလျှံသံ တောင်တန်းရဲ့ ကောင်းကင်ထက်က လေထုဟာ မြေပြင်ပေါ်ကနေ ထိုးတက်လာတဲ့ အပူလှိုင်းလုံးကြီးကြောင့် တွန့်လိမ်လာခဲ့ပါတယ် ။
ဟူး……ဟူး……ဟူး……
အဲသည် လေထု တွန့်လိမ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ မြေပြင်ပေါ်ကနေပြီး လူငယ်သုံးယောက်ဟာ ကောင်းကင်ပေါ်ကို တစ်ရှိန်ထိုး ပျံတက်လာလို့ပါပဲ ။ သူတို့က မိစ္ဆာသားရဲတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရမှာကို နည်းနည်းမှ စိုးရိမ်ကြောင့်ကြမှု ရှိတဲ့ပုံ မပေါ်ပါဘူး ။
" ညီလေးဝူလည်း ပါလာခဲ့ပြီဆိုတော့ မီးလျှံသားမွှေး ဝံပုလွေကို ငါတို့ သေချာပေါက် အနိုင်ယူနိုင်မှာပဲ "
အဲသည်စကားကို ပြောလိုက်သူကတော့ အဲသည်လူငယ် သုံးယောက်ထဲက ခပ်ပိန်ပိန် ၊ နှုတ်ခမ်းချွန်ချွန် နဲ့ လူငယ်ပါပဲ ။ သူက ညီလေးဝူ ဆိုသူ ပါလာတာနဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်နေပုံ ရပါတယ် ။ သူ့ရဲ့ မျက်နှာပေါ်က အပြုံးဟာ အခုထက်ထိကို မပျောက်သေးပါဘူး ။
ဝါကြန့်ကြန့် အသားအရေကို ပိုင်ဆိုင်ထားတဲ့ ရောဂါသည်ပုံစံ လူငယ်ကလည်း ပံျသန်းနေရင်းနဲ့ ညီလေးဝူဆိုတဲ့ လူငယ်ကို စကား ပြောလိုက်ပါတယ် ။
" ညီလေးဝူက ဆရာသခင် မျှော်စင်ရဲ့ တတိယထပ်ကိုတောင် ကျော်ဖြတ်ခဲ့ပြီးပြီလေ ။ အဲသည်တော့ ညီလေးဝူက ထွတ်ခေါင် အဆင့် ဆရာသခင်တွေ ထဲမှာတောင်မှ အရမ်း အစွမ်းထက်တယ်လို့ ပြောလို့ ရနေပြီပေါ့ ။ ဟုတ်တယ်မလား "
သည်လူငယ် သုံးယောက်စလုံးကတော့ သက်တံနီဂိုဏ်းရဲ့ ထွတ်ခေါင် ဆရာသခင်အဆင့် တပည့်တွေပါပဲ ။ နှုတ်ခမ်းချွန်ချွန် လူငယ်နဲ့ ရောဂါသည် လူငယ်တို့ ရည်ညွှန်းပြောဆိုနေတဲ့ ညီလေးဝူ ဆိုတာကတော့ သက်တံနီဂိုဏ်းရဲ့ ကြယ်၇ပွင့် သံကျောက်တုံး ခန္ဓာကိုယ် အပြင်အား အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဝူရှန်းလန်ကို ဆိုလိုတာ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်က မီးလျှံသားမွှေး ဝံပုလွေကို ရင်ဆိုင်ဖို့အတွက် ဝူရှန်းလန်းကို သွားရောက် အကူအညီတောင်းပြီး သည်မီးလျှံသံ တောင်တန်းကို ခေါ်လာခဲ့တာပါ ။
ဝူရှန်းလန်က ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့သူ ဖြစ်တဲ့အတွက် ကျင့်ကြံခြင်း အဆင့်တူတွေ ကြားထဲမှာ ခေါင်းတစ်လုံး သာနေသူ ဆိုရင်လည်း မမှားပါဘူး ။ ဒါကြောင့်လည်း ရောဂါသည် လူငယ်က ဝူရှန်းလန်ဟာ ထွတ်ခေါင် အဆင့် ဆရာသခင်တွေ ထဲမှာတောင်မှ အရမ်း အစွမ်းထက်နေပြီလို့ ပြောခဲ့တာပါ ။
ဝူရှန်းလန်က ပြုံးလိုက်ပြီး ကျန်လူငယ် နှစ်ယောက်ကို ပြန်ပြောလိုက်ပါတယ် ။
" ကျွန်တော်လည်း မီးလျှံသားမွှေး ဝံပုလွေက ရင်ဆိုင်ရတာ မလွယ်ဘူးဆိုတဲ့ အကြောင်းကို ကြားဖူးပါတယ် ။ ကျွန်တော်က အခုမှ ဆရာသခင် မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်လာနိုင်တာ ။ အဲသည်တော့ မီးလျှံသားမွှေး ဝံပုလွေကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်လို့ အာမ မခံဘူးနော် "
ဝူရှန်းလန်က မီးလျှံသားမွှေး ဝံပုလွေကို အနိုင်တိုက်ဖို့အတွက် ယုံကြည်ချက် မရှိတဲ့ပုံပါပဲ ။
" ညီလေးဝူ …… စိတ်မပူစမ်းပါနဲ့ ။ ညီလေးဝူက မီးလျှံသားမွှေး ဝံပုလွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ထိန်းရုံ ထိန်းထားလိုက် ။ ကျန်တာကို အစ်ကိုတို့ ကြည့်လုပ်လိုက်မယ် "
ခပ်ပိန်ပိန် လူငယ်နဲ့ ရောဂါသည် လူငယ်တို့က ဝူရှန်းလန်ကို အာမခံလိုက်ပါတယ် ။
" ဟုတ်ပြီလေ ။ အဲဒါဆိုလည်း အဆင်ပြေပါတယ် "
ဂိုဏ်းတူအစ်ကို နှစ်ယောက်က အာမခံနေတဲ့အတွက် ဝူရှန်းလန်ကလည်း ဘာမှ ဆက်ပြီး မပြောတော့ပါဘူး ။
' မီးလျှံသားမွှေး ဝံပုလွေ …… မင်း သေဖို့သာ ပြင်ထားပေတော့ '
ခပ်ပိန်ပိန် လူငယ်နဲ့ ရောဂါသည် လူငယ်တို့က စိတ်ထဲကနေ ကြိမ်းဝါးလိုက်ကြပါတယ် ။
သာမန်အားဖြင့်ကတော့ ထွတ်ခေါင် ဆရာသခင် သုံးယောက်ကသာ အတွဲညီညီနဲ့ အပေးအယူမျှမျှ တိုက်ခိုက်နိုင်မယ် ဆိုရင် ထွတ်ခေါင် ဆရာသခင် အဆင့် အစွမ်းမျိုး ပိုင်ဆိုင်ထားတဲ့ မိစ္ဆာသားရဲ တစ်ကောင်ကို ကောင်းကောင်းကြီး ယှဉ်နိုင်နေပါပြီ ။
အခု သူတို့သုံးယောက်မှာက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့ ထွတ်ခေါင် ဆရာသခင်တစ်ယောက် ပါလာပါသေးတယ် ။ အဲသည်အတွက် သူတို့အနေနဲ့ မီးလျှံသားမွှေး ဝံပုလွေကို မသတ်ဖြတ်နိုင်စရာ အကြောင်း မရှိပါဘူး ။
သည်လိုနဲ့ပဲ လူငယ်သုံးယောက်ဟာ မီးလျှံသံ တောင်တန်းရဲ့ အလယ်ဗဟိုကို ရောက်ရှိလာခဲ့ကြပါပြီ ။ သည်နေရာမှာတော့ လိုဏ်ဂူ အခေါင်းပေါက်တွေ အများကြီး ပါဝင်ပြီး အမြင့်ပေ နှစ်သောင်း ရှိတဲ့ တောင်တစ်လုံး ရှိနေပါတယ် ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သည်တောင်ကြီးက ပျားအုံ တစ်ခုလိုပါပဲ ။
သည်ပျားအုံ ပုံသဏ္ဌာန် တောင်ကြီးရဲ့ တောင်ထိပ်မှာရှိတဲ့ လိုဏ်ဂူတစ်ခုထဲကနေတော့ မီးခိုးတွေ အူထွက်နေပြီး အဲသည် မီးခိုးတွေကို ပေ၂၀၀၀ နီးပါး အရွယ်အစားရှိတဲ့ မိစ္ဆာသားရဲ တစ်ကောင်က စုပ်ယူနေပါတယ် ။ အဲသည် မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာကတော့ အလျှံတညီးညီး တောက်လောက်နေတဲ့ အနီရောင် သားမွှေးတွေပါပဲ ။
" ငါတို့ ကံကောင်းပြီဟေ့ ။အဲဒါက မီးလျှံသားမွှေး ဝံပုလွေပဲ ။ ကြည့်ရတာ သည်ကောင်က လိုဏ်ဂူထဲမှာ ရှိတဲ့ မီးလျှံ အဆီအနှစ်တွေကို စုပ်ယူနေပုံ ရတယ် "
ခပ်ပိန်ပိန် လူငယ်က ဝမ်းသာအားရ ပြောလိုက်ပါတယ် ။
မီးလျှံသားမွှေး ဝံပုလွေက ပုံမှန်အားဖြင့် အပြင်ကို ထွက်လာလေ့ မရှိပါဘူး ။ သူက သူ့ရဲ့ အချိန် အများစုကို သည်ပျားအုံ ပုံသဏ္ဌာန်တောင်ကြီးရဲ့ လိုဏ်ဂူတွေထဲမှာ နေပြီး ကုန်ဆုံးလေ့ ရှိတာပါ ။
အူး……ဝူး……
သူတို့သုံးယောက်က မီးလျှံသားမွှေး ဝံပုလွေကို မြင်တွေ့လိုက်သလို မီးလျှံသားမွှေး ဝံပုလွေကလည်း သူတို့သုံးယောက်ကို မြင်တွေ့သွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း မီးလျှံသားမွှေး ဝံပုလွေက ထွက်ပြေး မသွားခဲ့ပါဘူး ။
မီးလျှံသားမွှေး ဝံပုလွေက ရန်သူရဲ့ အကြောင်းကို ကောင်းကောင်းကြီး အာရုံခံစားနိုင်တဲ့အတွက် အခု ရောက်လာတဲ့ လူသား သုံးယောက်ဟာ သူ့လို အစွမ်းမထက်ဘူး ဆိုတာကို သိသွားတဲ့ ပုံပါပဲ ။
အူ……ဝူး………
မီးလျှံသားမွှေး ဝံပုလွေက ခြေချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ အူလိုက်ပါတယ် ။ သူ့ရဲ့ မီးလျှံသားမွှေးတွေကလည်း နဂိုကထက် အရောင်တောက်လာခဲ့ပါပြီ ။
" သတ် "
ဟူး……ဟူး……ဟူး……
လူငယ်သုံးယောက်က မီးလျှံသားမွှေး ဝံပုလွေဆီကို တစ်ဟုန်ထိုး ပျံသန်းဝင်ရောက် သွားကြ ပါတော့တယ် ။သူတို့က သည်အထိ ရောက်လာပြီးမှတော့ ဘာမှမပါဘဲ လက်ချည်းသက်သက် ပြန်မသွားလိုပါဘူး ။
မီးလျှံသားမွှေး ဝံပုလွေကလည်း သူ့ရဲ့ နောက်ကျောပေါ်က အနီရောင် တောင်ပံတွေကို ဆန့်ထုတ်ပြီး လူငယ်သုံးယောက်ဆီကို ပျံသန်းသွားခဲ့ပါပြီ ။ သူ့ရဲ့ အနီရောင် မျက်လုံးတွေထဲမှာတော့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ အပြည့်ပါပဲ ။
" ကိုးနဂါး လက်သည်း "
ဝူရှန်းလန်ကတော့ ပထမဆုံး အနေနဲ့ သွေးဝံပုလွေ ကောင်းကင်ခြေလှမ်းကို အသက်သွင်းလိုက်ပြီး သွေးရောင် ဝံပုလွေ ဝိညာဉ် တစ်ခုကို ဆင့်ခေါ်လိုက်ပါတယ် ။ သူ့ရဲ့ လုပ်ဆောင်မှုက အဲသည်မှာတင် ရပ်တန့်မနေပါဘူး ။ကောင်းကင်ယံမှာ သွေးဝံပုလွေ ဝိညာဉ် ဖြစ်တည်လာပြီးမှ သူက ကိုးနဂါး လက်သည်းကို သုံးပြီး မီးလျှံသားမွှေး ဝံပုလွေကို ကုတ်ချလိုက်ပါတယိ ။
ဂါး…… ဂရား……
သွေးဝံပုလွေ ဝိညာဉ်ဟာ ခေါင်းကိုးလုံး နဂါးဝိညာဉ်နဲ့အတူ ပေါင်းစပ်သွားပြီး မီးလျှံသားမွှေး ဝံပုလွေဆီကို တိုးဝင်သွားခဲ့ပါပြီ ။
ဘန်း……
မီးလျှံသားမွှေး ဝံပုလွေဟာ ဝူရှန်းလန်ရဲ့ ကိုးနဂါး လက်သည်းကြောင့် ပံျသန်းနေရာကနေ တစ်ချက် တန့်ခနဲ ဖြစ်သွားခဲ့ပါတယ် ။
" ရေခဲစွယ် ဆေဘာ "
ခပ်ပိန်ပိန် လူငယ်ကလည်း တုံ့ဆိုင်းနေခြင်း မရှိပါဘူး ။ သူက သူ့ရဲ့ လခြမ်းကွေး ဆေဘာကို ဆွဲထုတ်လိုက်ပြီး မီးလျှံသားမွှေး ဝံပုလွေကို ခုတ်ပိုင်းပစ်လိုက်ပါတယ် ။
ရွှီး……ရွှီး……ရွှီး……ရွှီး……
ရေခဲအစွယ်တွေဟာ သူ့ရဲ့ လခြမ်းကွေး ဆေဘာကနေ ဖြစ်တည်လာပြီး မီးလျှံသားမွှေး ဝံပုလွေဆီကို တိုးဝင်သွားခဲ့ပါပြီ ။ အဲသည်အစွယ်တွေက သားရဲကြီး တစ်ကောင်ရဲ့ အစွယ်တွေလိုပါပဲ ။
" ဆီးနှင်းဝိညာဉ် ဓား "
ရောဂါသည် လူငယ်ကလည်း သူ့ရဲ့ ဓားရှည်ကို ဆွဲထုတ်ပြီး တိုက်ခိုက်ထားခဲ့ပါပြီ ။
ဝေါ……ဝေါ……ဝေါ……
သူ့ရဲ့ ဓားချက်ကတော့ ဆီးနှင်းမိုးတွေကို ဖြစ်တည်စေခဲ့ပါတယ် ။ အဲသည်ဆီးနှင်းမိုးတွေဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ အထက်မှာ ဖြစ်တည်လာခဲ့တာ ဖြစ်ပြီး မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ် ထိလိုက်တာနဲ့ တစ်ပြိုင်နက် ဆီးနှင်းတွေက ဓားချီတွေ အဖြစ်ကို ပြောင်းသွားကာ မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ကို လှီးဖြတ်ကုန်ပါတယ် ။
အာ……ဝူး……
ဝုန်း……ဝုန်း……ဝုန်း……
မီးလျှံသားမွှေး ဝံပုလွေက သူ့ရဲ့ တောင်ပံကို တစ်ချက် ခတ်လိုက်တဲ့ နောက်မှာတော့ ဆီးနှင်းမိုးတွေဟာ ပျက်ပြယ်သွားခဲ့ရပါပြီ ။ အကြောင်းအရင်းကတော့ မီးလျှံသားမွှေး ဝံပုလွေရဲ့ တောင်ပံခတ်ချက်ကနေ မီးလျှံတွေ ဖြစ်တည်လာပြီး အဲသည် မီးလျှံတွေက ဆီးနှင်းမိုးတွေကို ပေါက်ကွဲသွားစေလို့ပါပဲ ။
ဖန်း……
မီးလျှံသားမွှေး ဝံပုလွေရဲ့ တိုက်ခိုက်မှုက မပြီးသွားသေးပါဘူး ။ သူက တောင်ပံကို နောက်ထပ်တစ်ချက် ထပ်ပြီး ခတ်လိုက်ပြန်ပါတယ် ။
ရွှီး……ရွှီး……ရွှီး……ရွီှီး……
သည်တစ်ခါ မီးလျှံသားမွှေး ဝံပုလွေရဲ့ တောင်ပံခတ်မှုကနေ ဖြစ်တည်လာတာကတော့ ပုံရိပ်ယောင် မီးလျှံသားမွှေးတွေပါပဲ ။ အဲသည် မီးလျှံသားမွှေးတွေက အရှိန်အဟုန် ပြင်းစွာနဲ့ လူငယ် သုံးယောက်ဆီကို တိုးဝင်သွားပါတော့တယ် ။
ဘန်း……ဘန်း……ဘန်း……ဘန်း.……
ခန္ဓာကိုယ် အပြင်အား ပညာရှင် ဖြစ်တဲ့ ဝူရှန်းလန်က သည်မီးလျှံသားမွှေးတွေရဲ့ တိုက်ခိုက်ကို မမှုပေမယ့်လည်း ကျန်တဲ့ လူငယ်နှစ်ယောက်ကတော့ တောင့်မခံနိုင်ကြပါဘူး ။ သူတို့ရဲ့ ချီတွေနဲ့ သွေးလည်ပတ်မှုတွေက မီးလျှံသားမွှေးတွေရဲ့ တိုက်ခိုက်မှုကြောင့် ကစဉ့်ကလျား ဖြစ်သွားခဲ့ပါပြီ ။
" သေစမ်း …… သည်မီးလျှံသားမွှေး ဝံပုလွေက ငါတို့ကြားထားတာထက် ပိုအစွမ်း ထက်နေတာပဲ "
ခပ်ပိန်ပိန် လူငယ်က ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ် ။ သူ့ရဲ့ မျပ်နှာကတော့ သိပ်ပြီး မကောင်းလှပါဘူး ။
" ကျွန်တော် သည်ကောင့်ကို ထိပ်တိုက် ရင်ဆိုင်လိုက်မယ် ။ အစ်ကိုတို့ နှစ်ယောက်ကတော့ ချက်ကောင်းတွေ့မှ ဝင်တိုက်ကြတော့ "
စကားဆုံးတဲ့ နောက်မှာတော့ ဝူရှန်းလန်က မီးလျှံသားမွှေး ဝံပုလွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ထွက်သွားခဲ့ပါပြီ ။ သူက မီးလျှံသားမွှေး ဝံပုလွေရဲ့ မီးလျှံသားမွှေးတွေကို သူ့ရဲ့ ချီဝိညာဉ်နဲ့ ကာကွယ်နိုင်တဲ့အတွက် တစ်ယောက်ချင်း တိုက်ရမှာကို လုံးဝ မကြောက်ပါဘူး ။
" အိုး…… ဟိုဘက်မှာ တိုက်ပွဲတစ်ခု ဖြစ်နေပါလား "
လီဖူချန်းက ဝူရှန်းလန်တို့ တိုက်ပွဲကို အာရုံခံမိ သွားခဲ့ပါတယ် ။ သူကတော့ တိုက်ပွဲဖြစ်ရာ နေရာနဲ့ မိုင်ပေါင်းတစ်ထောင် အကွာအဝေးမှာ ရှိနေတာပါ ။ ဒါပေမဲ့ သူက ဝှူရှန်းလန်တို့ကို ဘယ်သူတွေမှန်း သေသေချာချာ မသိပါဘူး ။
လီဖူချန်း အတွက်ကတော့ ဒါက လူငယ်သုံးယောက် နဲ့ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ တိုက်ပွဲပါပဲ ။ သူ့ရဲ့ အသိစိတ်အာရုံက အရမ်းကို ထက်မြက်လွန်းနေတဲ့အတွက် လီဖူချန်းဟာ တိုက်ပွဲကို အသေးစိတ် ကြည့်မြင်နိုင်ပါတယ် ။
" အိုး…… သူတို့ သုံးယောက်စလုံး ဆရာသခင်မျှော်စင် တတိယထပ်က ပုံရိပ်ယောင် ဓားသမားထက် အစွမ်းထက်ကြတာပဲ ။ ကြည့်ရတာတော့ သူတို့အားလုံးက ထွတ်ခေါင် ဆရာသခင်တွေ ဖြစ်ရမယ် "
လီဖူချန်းက တိုက်ပွဲကို အကဲခတ်နေရင်းနဲ့ သည်လူငယ် သုံးယောက်ဟာ သက်တံနီ ဂိုဏ်းက ထွတ်ခေါင် ဆရာသခင်တွေ ဆိုတာကို ရိပ်မိလိုက်ပါတယ် ။
" ဒါဆို…… သည်သားရဲကလည်း ……"
ထွတ်ခေါင် ဆရာသခင် သုံးယောက်တောင် ပေါင်းပြီး တိုက်ခိုက်နေရတဲ့ သားရဲကတော့ သေချာပေါက် ထွတ်ခေါင် ဆရာသခင် အဆင့်မှာ ရှိတဲ့ မိစ္ဆာသားရဲပါပဲ ။ ဒါကိုတော့ ရှည်ရှည်ဝေးဝေး တွေးနေစရာ မလိုပါဘူး ။
" အင်း…… ဂိုဏ်းတူအစ်ကို ဝူရှန်းလန်က အဲသည် မိစ္ဆာသားရဲကို ထိပ်တိုက် ရင်ဆိုင် ပေးထားလို့ ကျန်တဲ့ ဂိုဏ်းတူအစ်ကို နှစ်ယောက်က ခံသာနေတာပဲ ။ မဟုတ်လို့ကတော့ သူတို့နှစ်ယောက် ဒုက္ခများနေလောက်ပြီ "
တိုက်ပွဲကို သေသေချာချာ အကဲခတ်ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက ဝူရှန်းလန်ကို မှတ်မိသွားပါတော့တယ် ။
သက်တံနီဂိုဏ်းရဲ့ တပည့်တွေထဲမှာဆိုရင် သွေးဝံပုလွေ ကောင်းကင်ခြေလှမ်း ကျင့်စဉ်ကို လေ့ကျင့်တဲ့သူက အနည်းငယ်လောက်သာ ရှိတာပါ ။ အဲသည် လူအနည်းငယ်ထဲမှာမှ ဝူရှန်းလန်က ပိုပြီး ကျော်ကြား ထင်ရှားပါတယ် ။
လီဖူချန်းက ဝူရှန်းလန်တို့ကို သွားပြီးတော့ မကူညီခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဆင့်နဲ့ သွားပြီး ကူညီလည်း ဘာမှ အရာရောက်မှာ မဟုတ်လို့ပါပဲ ။ သူက အခုမှ လက်ရွေးစင် ဆရာသခင် အဆင့်မှာသာ ရှိသေးတာ မဟုတ်ပါလား ။
အဲသည်အတွက် သူက အေးအေးဆေးဆေးပဲ တိုက်ပွဲကို လေ့လာသုံးသပ် နေပါတယ် ။
သည်တိုက်ပွဲက လီဖူချန်းကို ထွတ်ခေါင်အဆင့် ဆရာသခင်တွေရဲ့ အစွမ်းကို ပိုပြီး နားလည် သဘောပေါက်စေပါတယ် ။ တကယ်လို့သာ နောင်တစ်ချိန်မှာ သူ့အနေနဲ့ ထွတ်ခေါင်အဆင့် ဆရာသခင်တွေနဲ့ ကြုံခဲ့မယ် ဆိုရင်တော့ လီဖူချန်းဟာ သူတို့ရဲ့ အစွမ်းကို မှားပြီး အကဲဖြတ်စရာ အကြောင်း မရှိတော့ပါဘူး ။
" ဂိုဏ်းတူအစ်ကိုဝူရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းက အတော်လေး ကြောက်စရာ ကောင်းနေပြီပဲ ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တတိယထပ်မှာရှိတဲ့ ပုံရိပ်ယောင် ဓားသမားထက် အများကြီး သာနေပြီ ။ ခံနိုင်ရည် အပိုင်းမှာဆိုရင်လည်း သူက မဟာ ဆရာသခင်တွေထက် သာနေသေးတယ် ။ တကယ့် သူသေ၊ကိုယ်သေ တိုက်ပွဲတွေမှာ ဆိုရင် မဟာ ဆရာသခင် တစ်ပါးတောင်မှ ဂိုဏ်းတူအစ်ကိုဝူကို အချိန်တိုအတွင်းမှာ သတ်နိုင်မှာ မဟုတ်ဘူး "
လီဖူချန်းကိုယ်တိုင်က ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစင်ကို လျှောက်လမ်းသူ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို သူ့အနေနဲ့ ကောင်းကောင်းကြီး သိထားပါတယ် ။ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေကို သတ်ရတာက မိစ္ဆာတွေ ၊ မိစ္ဆာသားရဲတွေကို သတ်ရသလိုပါပဲ ။တကယ်လို့ သတ်ချင်တဲ့လူက ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေထက် အစွမ်းထက်နေရင်တောင်မှ သူတို့ကို သတ်ဖြတ်နိုင်ဖို့အတွက် ခဲယဉ်းလွန်းလှပါတယ် ။
" ပိန်ညောင်ညောင် ဂိုဏ်းတူအစ်ကိုရဲ့ ဆေဘာဓားသိုင်းကလည်း အရမ်း အစွမ်းထက်တာပဲ ။ တိုက်ခိုက်နိုင်စွမ်းမှာ ဆိုရင် သူက ဂိုဏ်းတူအစ်ကို ဝူရှန်းလန်ထက်တောင် ၃၀ရာခိုင်နှုန်းလောက် ပိုအားကောင်းနေသေးတယ် ။ ရောဂါသည်လို ဂိုဏ်းတူအစ်ကိုကတော့ ငါနဲ့ တူတယ် ။ သူ့ရဲ့ ရေခဲတာအို ဓားသိုင်းက အရမ်း မာယာများတယ် "
လီဖူချန်းကတော့ တိုက်ပွဲကို ပျော်ပျော်ကြီး လေ့လာ အကဲခတ်နေပါတယ် ။
ဝုန်း……ဝုန်း……ဝုန်း……
ဘန်း…… ဘန်း……
တိုက်ပွဲကတော့ တဖြည်းဖြည်း အရှိန်တက်လာခဲ့ပါပြီ ။ တိုက်ပွဲ အချိန် ကြာလာတာနဲ့အမျှ ဝူရှန်းလန်တို့ သုံးယောက်က မီးလျှံသားမွှေး ဝံပုလွေကို ဖိနှိပ်လာနိုင် ခဲ့ပါတယ် ။သူတို့အနေနဲ့ အခုလို ဖိနှိပ်နိုင်ရတဲ့ အကြောင်းအရင်းကတော့ ဝူရှန်းလန်က မီးလျှံသားမွှေး ဝံပုလွေကို ထိပ်တိုက် ရင်ဆိုင်ပေးထားလို့ပါပဲ ။ သည်အချက်ကိုတော့ လုံးဝ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။
" အင်း…… သည်အတိုင်း ဆိုရင်တော့ ဂိုဏ်းတူအစ်ကို ဝူရှန်းလန်တို့ဘက်က နိုင်ဖို့ အခွင့်အရေး များနေပြီ ။မီးလျှံသားမွှေး ဝံပုလွေက ဝှက်ဖဲတွေ ထုတ်မသုံးရင်တော့ သေချာပေါက် ရှုံးတော့မှာပဲ "
လီဖူချန်းက တိုက်ပွဲကို ကြည့်နေရင်းနဲ့ တွေးနေမိပါတယ် ။
အူ……ဝူး………
လီဖူချန်း တွေးနေစဉ်မှာပဲ မီးလျှံသားမွှေး ဝံပုလွေက ကောင်းကင်ကို မော့ကြည့်ပြီး ဆွဲဆွဲငင်ငင် တစ်ချက် အူလိုက်ပါတယ် ။အူသံအဆုံးမှာတော့ မီးလျှံသားမွှေး ဝံပုလွေရဲ့ ကျောပေါ်က အတောင်ပံတွေဟာ သူ့နေရာသူ ပြန်ရောက်သွားခဲ့ပါပြီ ။တစ်ချိန်တည်းမှာပဲ မီးလျှံသားမွှေး ဝံပုလွေရဲ့ ဦးခေါင်းထက်မှာ ဧရာမ မီးလျှံတောင်ပံတစ်စုံ ပေါ်လာခဲ့ပါတယ် ။
ရွှီး……ရွှီး……ရွှီး……ရွှီး……
မျက်စိတစ်မှိတ် အတွင်းမှာပဲ အဲသည် မီးလျှံတောင်ပံ တစ်စုံက မရေမတွက်နိုင်တဲ့ မီးလျှံတောင်ပံ အသေးစားလေးတွေအဖြစ် ပြောင်းသွားပြီး ဝူရှန်းလန်တို့ သုံးယောက်ကို တရကြမ်း တိုက်ခိုက်ပါတော့တယ် ။
ဘန်း.……ဘန်း……ဘန်း……ဘန်း………
ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုတွေကတော့ လုံးဝကို မရပ်မနားပါပဲ ။ ဝူရှန်းလန်ကတော့ သည်မီးလျှံတောင်ပံတွေရဲ့ တိုက်ခိုက်မှုကြောင့် ဘာမှ မဖြစ်ခဲ့ပါဘူး ။ ဒါပေမဲ့လည်း ကျန်တဲ့ လူငယ် နှစ်ယောက်ကတော့ သွေးသံ သရဲရဲ ၊ ဒဏ်ရာ ဗရပွ ဖြစ်နေခဲ့ပါပြီ ။
" မိုင်တစ်ထောင် အေးခဲစေ "
ရောဂါသည် လူငယ်ကတော့ သူ့ရဲ့ ဒဏ်ရာတွေကို ဂရုမစိုက်တဲ့ ပုံပါပဲ ။ သူက သူ့ရဲ့ ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ပြီး မီးလျှံသားမွှေး ဝံပုလွေကို ပြန်တိုက်လိုက်ပါတယ် ။
ဟူး……ဟူး……ဟူး………
ပတ်ဝန်းကျင် တစ်ခုလုံးကိုတော့ ရေခဲတွေက ကြီးစိုးသွားခဲ့ပါပြီ ။
ရောဂါသည် လူငယ်ရဲ့ နတ်ဘုရားစွမ်းရည်ကိုတော့ မီးလျှံသားမွှေး ဝံပုလွေတောင် မခံနိုင်ခဲ့ပါဘူး ။ မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ပေါ်က မီးတောက် ၊ မီးလျှံတွေဟာ ဆီးနှင်းရေခဲ ချီတွေကြောင့် ငြိမ်းသတ်သွားပြီး မီးလျှံသားမွှေး ဝံပုလွေ ကိုယ်တိုင်ဟာလည်း ရေခဲရုပ်တစ်ခု အသွင် ပြောင်းသွားခဲ့ပါတယ် ။
" လေသင်တုန်း ဓားသွား "
ခပ်ပိန်ပိန် လူငယ်ရဲ့ လှုပ်ရှားမှုတွေကလည်း လုံးဝ နှေးကွေးနေခြင်း မရှိပါဘူး ။ သူက လေရူး နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးပြီး လေရူး စွမ်းအားတွေနဲ့ မီးလျှံသားမွှေး ဝံပုလွေကို တိုက်ခိုက်လိုက်ပါတယ် ။
ရွှမ်း……
လေထုထဲကနေ ဖြစ်တည်လာတဲ့ လခြမ်းကွေးသဏ္ဌာန် အစိမ်းရောင် လေသင်တုန်း ဓားသွားက မီးလျှံသားမွှေး ဝံပုလွေကို ခုတ်ပိုင်းပစ်လိုက်ပါပြီ ။ အဲသည် ခုတ်ပိုင်းချက်က လေဟာနယ် ဟင်းလင်းပြင်ကိုတောင် ပိုင်းဖြတ်သွားသလားလို့တောင် ထင်မှတ်ရပါတယ် ။
သည်လူငယ် နှစ်ယောက်က လက်တွဲပြီး တိုက်ခိုက်လာတာ အတော်လေး ကြာနေပုံပါပဲ ။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အပိုအလိုမရှိ၊ ကွက်တိကျလွန်း နေပါတယ် ။
( အမှားပြင်ဆင်ချက် - အပိုင်း ၄၈၈ နဂါးရေကန် မှာတုန်းက ဝူရှန်းလန်ကို ဂိုဏ်းတူအစ်မ ၊ လုဝမ်ကို ဂိုဏ်းတူအစ်ကို ဆိုပြီး မှားရေးထားမိပါတယ် ။ ကျေးဇူးပြုပြီး ဝူရှန်းလန်ကို ဂိုဏ်းတူအစ်ကို ၊ လုဝမ်ကို ဂိုဏ်းတူအစ်မလို့ ပြင်ဆင် ဖတ်ရှုပေးကြပါရှင်။)
***