← Chapters

တာအိုနှလုံးသားဖျက်စီးသူ ဂိုဏ်းသခင်ချင်

Vol. 36 Ch. 499

တာအိုနှလုံးသားဖျက်စီးသူ ဂိုဏ်းသခင်ချင်

Vol. 36 Ch. 499

သုံးဘဝကြေးမုံထဲတွင် အချိန်နောက်ပြန်စီးဆင်းသွားပြီး အတိတ်နေ့ရက်များဆီ ရောက်သွားသည်။ နောက်ဆုံး‌တော့ အခြားကမ္ဘာတစ်ခု ပေါ်လာသည်။ မှော်ဆရာနတ်ဘုရားခွေနှင့် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများအားလုံး အောက်ဘုံသို့ ဆင်းသက်၍ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို သုတ်သင်ချေမှုန်းရမည့် အမိန့်အား လက်ခံရရှိလိုက်၏။

ယမမင်းမှာ ထိုမြင်ကွင်းကို မြင်လျှင် အမျက်တချောင်းချောင်း ထွက်သွားပြီး ထိုင်ခုံမှ ထလာကာ ဘဝကြေးမုံအား အနီးကပ်လာကြည့်သည်။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို ဖျက်စီးချေမှုန်းရန် အမိန့်ပေးခဲ့သူကို သူ မြင်ချင်နေ၏။

ကြေးမုံထက်၌ ပြသနေသော မြင်ကွင်းများမှာ မှော်ဆရာနတ်ဘုရားခွေ့၏ ရှုထောင့်မှ မြင်ကွင်းများသာ ဖြစ်သည်။ သူ့မျက်လုံးများမှ မြင်နေရသောအရာကို မြင်နေရခြင်းဖြစ်၏။ မြင်ကွင်းထဲတွင် အစစ်အမှန်ကောင်းကင်နတ်ဘုံ၏ ကျယ်ဝန်းကြီးမားသော ရှုခင်းများ ထင်ဟပ်နေသည်။ မရေမတွက်နိုင်‌သော နတ်ဘုရားများနှင့် မိစ္ဆာများက စစ်သည်တော်များကို ဦးဆောင်ကာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို သုတ်သင်ချေမှုန်းရန် ဆင်းသက်လာကြသည်။

ဤမြင်ကွင်းက အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။

မှော်ဆရာနတ်ဘုရားခွေ့ကဲ့သို့ နတ်ဘုရားတစ်ပါးပင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာများအကြား၌ မပြောပလောက်သော စစ်သည်တော်လေးတစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါ၏လော။

မှော်ဆရာနတ်ဘုရားခွေ့က အမြင့်ရှိ အစစ်အမှန်နတ်ဘုရားများကို မော့ကြည့်လိုက်သဖြင့် ကြေးမုံထဲရှိ မြင်ကွင်းက အပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားသည်။ ကြီးမားခံ့ညားသော ကြောက်မက်ဖွယ်ရာ နတ်ဘုရားကြီးများက ကြယ်တာရာများသဖွယ် နတ်ဘုရားမိစ္ဆာစစ်တပ်ကို ဝန်းရံထား၏။

မှော်ဆရာနတ်ဘုရားခွေ့က ... အစစ်အမှန်ကောင်းကင်နတ်ဘုံ၏ ဗျူဟာမှူး... ကောင်းကင်ဧကရာဇ်ဆီသို့ လှမ်းကြည့်နေသည်။

မှော်ဆရာနတ်ဘုရားခွေ့ မယုံနိုင်လောက်အောင် ကြီးမားခံ့ညားသော မျက်နှာကြီးအပေါ် အာရုံစိုက်ကြည့်လိုက်သည့်အချိန်တွင် ယမမင်းမှာ စိတ်လှုပ်ရှားမှုအား မဖုံးဖိနိုင်တော့ပေ။ သို့သော် ... ကြေးမုံ... ရုတ်တရက် လှိုင်းတွန့်များ ထသွားသည်။

ဧရာမကြီးမားလှသည့် တန်ခိုးစွမ်းအားက မှတ်ဉာဏ်ဖျက်ပစ်လိုက်သကဲ့သို့ မှော်ဆရာနတ်ဘုရားခွေ့မှာ တွေဝေငေးကြောင်သွား၏။

ယမမင်း အံ့အားသင့်သွားပြီး ကြေးမုံမျက်နှာပြင်အပေါ် လက်ဖြင့် ဖိချလိုက်သည်။

“အလင်းရင်းမြစ် လျှို့ဝှက်ချက်”

ကြေးမုံထက်ရှိ ပုံရိပ်က ငြိမ်သက်သွားသော်လည်း ‌နောက်တခဏတွင် ဧရာမမျက်လုံးကြီးတစ်လုံး ဖွဲ့တည်လာသည်။ မျက်လုံးကြီးက အလင်းအားလုံးကို စုပ်ယူကာ မှော်ဆရာနတ်ဘုရားခွေ့၏ မှတ်ဉာဏ်များကို ဖျက်နေသည်။

ယမမင်း အော်ဟစ်လိုက်သည့်အခါ သူ၏အမှောင်ခြုံထည်က ပျံဝဲသွားပြီး ဓားရောင်တစ်ချက်လက်ကာ ကြေးမုံကို ပိုင်းချလိုက်၏။

သုံးဘဝကြေးမုံထဲတွင် ပုံရိပ်များက ဆက်လက်၍ နောက်ကြောင်းပြန်ပြနေသော်လည်း အစစ်အမှန်ကောင်းကင်နတ်ဘုံနှင့် ပတ်သက်သည့် မှတ်ဉာဏ်များမှာ မည်သည့်အချိန်ကမှ မတည်ရှိခဲ့ဖူးသကဲ့သို့ ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။

ယမမင်း ဓားပြန်သိမ်းလိုက်သည့်အခါ ဓားရောင်က သူ၏ခြုံထည်ထဲ ပြန်ဝင်သွားပြီး ပျောက်ကွယ်သွား၏။

“အင်အားကြီးမားတဲ့ ဖြစ်တည်မှုတစ်ခုက ငါတို့ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မှတ်ဉာဏ်ကို ငှားပြီး ကြည့်နေတာ သိသွားတယ်။ ဒါကြောင့် သူနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မှန်သမျှ ဖျက်ပစ်သွားတယ်” ယမမင်း၏အသံသည် မာန်အပြည့်ဖြင့် ဟိန်းထွက်လာ၏။ “မှော်ဆရာနတ်ဘုရားခွေ့ သူ့အကြောင်း ပြန်တွေးနေတာကို သိသွားတဲ့အချက်အပြင် အချိန်နဲ့ နေရာဟင်းလင်းပြင်ကို ဖြတ်ပြီး မှော်စွမ်းအင် ပို့လွှတ်လိုက်နိုင်တဲ့ အချက်ကို ထည့်တွက်ရင် အဲဒီလူက... ပြိုင်ဘက်ကင်းလောက်အောင် ကြောက်စရာကောင်းလိမ့်မယ်”

ဘုရင်ချင်၏ခန်းမထဲရှိ တစ္ဆေဘုရင်များ တုန်လှုပ်သွားကြသည်။ သူ့အကြောင်း ပြန်တွေးနေသည်ကို သိပြီး ထိုမှတ်ဉာဏ်ကို ဖျက်ပစ်နိုင်သည်တဲ့လော....

ဤကောင်းကင်နတ်သိုင်းမျိုးကား အမှန်တကယ် ပြိုင်ဘက်ကင်းပေသည်။

ချင်မူလည်း အံ့အားသင့်နေမိသည်။ သုံးဘဝကြေးမုံမှ လူတစ်ယောက်၏ ဘဝတစ်ခုလုံးကို ပြသနိုင်ခြင်းသည်ပင် ယုံချင်ဖွယ်မကောင်းသော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပမာ ဖြစ်နေချေပြီ။ သို့တိုင်အောင် မိမိအကြောင်း တွေးနေသည်ကို သိသည်နှင့် မှတ်ဉာဏ်ဖျက်ပစ်နိုင်သော အစွမ်းအစမှာတော့ ကြောက်စရာကောင်းလွန်းသည်။

‘ယမမင်းက အစစ်အမှန်ကောင်းကင်နတ်ဘုံကို ထောက်လှမ်းဖို့ ကြိုးစားနေတာဆိုတော့ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်ခဲ့တာက အဲဒီကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဧကရာဇ် ဖြစ်နေမလား..’ ချင်မူ တိတ်တိတ်လေး သိချင်နေမိသည်။

မှော်ဆရာနတ်ဘုရား၏ လက်ကျန်မှတ်ဉာဏ်များ သုံးဘဝကြေးမုံထဲတွင် ဖြတ်ပြေးနေ၏။ ယခုပြနေသော အချိန်ကာလက သူ ယိုတုကမ္ဘာမှ မှော်အစီအရင်များနှင့် ကောင်းကင်နတ်သိုင်းများ သင်ယူနေသည့်အချိန် ဖြစ်သည်။ ခန်းမထဲရှိ တစ္ဆေဘုရင်များလည်း အသေးစိတ် လိုက်ကြည့်နေကြပြီး တချို့က စုတ်တံများကိုင်ကာ ယိုတုကမ္ဘာတွင် မှော်ဆရာနတ်ဘုရားခွေ့ သင်ယူနေသော ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်ပညာရပ်များအား လိုက်လံမှတ်သားနေကြသည်။

မှော်ဆရာနတ်ဘုရားခွေ့၏ မှတ်ဉာဏ်ထဲတွင် အစစ်အမှန်ကောင်းကင်နတ်ဘုံက ထူးချွန်သော ကောင်းကင်နတ်သိုင်းပညာရှင်များကို ယိုတုသို့ စေလွှတ်ကာ ပညာသင်ကြားခိုင်းခဲ့၏။ စေလွှတ်ခံခဲ့ရသော သိုင်းပညာရှင်အားလုံး အစွမ်းအစကြီးမားလာခဲ့ကြသည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် အစစ်အမှန်ကောင်းကင်နတ်ဘုံမှာ ယိုတုနှင့် များစွာ ပတ်သက်နေလိမ့်မည်။

ချင်မူ ရင်ထဲတွင် လှုပ်ခါသွားပြီး ယိုတု၏ လမ်းစဉ်များ၊ ကျင့်စဉ်ပညာရပ်များနှင့် ကောင်းကင်နတ်သိုင်းများကို သင်ယူချင်လာ၏။ တစ္ဆေကိုးကောင်ဂိုဏ်း၏ ဝိညာဉ်လမ်းညွှန်ကျင့်စဉ်ကို သင်ယူခဲ့ဖူးသော်လည်း ကျင့်စဉ်က အပြည့်အစုံမရှိခဲ့ပေ။ သို့တိုင်အောင် ဆေးဆရာ၊ အဘွားစစ်နှင့် ကျန်ရှိသူများ၏ ဝိညာဉ်များအား ဆင့်ခေါ်ပေးနိုင်သည့်တိုင်အောင် ထူးခြားခဲ့သေးသည်။

မှော်ဆရာနတ်ဘုရားခွေ့၏ ဝိညာဉ်ဂါဝရပြုအစီအရင်မှာလည်း ယိုတု၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား မှီငြမ်းထားခြင်း ဖြစ်ပေသည်။

၎င်းတို့ကို လေ့လာသင်ယူနိုင်လျှင် သူ့တွင် အင်အားကြီးမားသော တိုက်ကွက်နောက်တစ်ကွက် ရှိမသွားဘူးလော...။

သို့ရာတွင် တစ္ဆေဘုရင်များက သုံးဘဝကြေးမုံကို ဝိုင်းအုံနေကြသည်။ သူ့မှာ ‘အပြစ်သား’တစ်ယောက်သာ ဖြစ်သောကြောင့် သူတို့ကို ဖြတ်‌ကျော်မသွားနိုင်ပေ။

ရုတ်တရက် ယမမင်းက သူ့ကို လှမ်းကြည့်သည်။ အနက်ရောင်ခြုံထည်အောက်က သူ၏မျက်ဝန်းများသည် မီးဝင်းဝင်းတောက်လျက်ရှိ၏။

ချင်မူ သွေးတိုးစမ်းကြည့်လိုက်သည်။ “ယမမင်း... ကျွန်တော့်သက်တမ်းကလည်း မစေ့သေးဘူးနော်...”

“မင်းလုပ်ခဲ့တဲ့ အပြစ်က ကြီးလွန်းတယ်။ ထွက်ပြေးမယ် မကြံနဲ့။ မင်းက ယိုတုအစီအရင်သုံးပြီး ငါတို့လူတွေကို ခေါ်သွားတာလေ ။ အဲဒီလုပ်ရပ်က ငါတို့ဖုန်းတုရဲ့ ဥပဒေကို ချိုးဖောက်တာပဲ။ မင့်ရဲ့ မကောင်းမှုက ရှင်းအန်းထက်တောင် ဆိုးဝါးသေးတယ် ဒါတောင် ထွက်သွားချင်သေးတယ်လား။ ယမမင်း သူ့ကို ဘယ်လိုကိုင်တွယ်မလဲ” နတ်ဘုရားချိရှို့က ပြောလိုက်သည်။

“ဖုန်းတုရဲ့ ဥပဒေကို ချိုးဖောက်ရင် မင်းသားဖြစ်နေရင်တောင်မှ သာမန်လူတွေအတိုင်း အပြစ်ပေးခံရမယ်။ ဒါကြောင့် သူ့ကို အမှန်တကယ် အပြစ်ပေးဖို့ လိုတယ်။ ဒါပေမဲ့ အခုလော‌လောဆယ်တော့ မှော်ဆရာနတ်ဘုရားခွေ့ရဲ့  ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်တွေနဲ့ ကျင့်စဉ်ပညာရပ်တွေကို ဖြေရှင်းရဦးမယ်။ သူ့ကို ခေါ်သွားလိုက်ဦး၊ ပြီးမှ ငါကိုယ်တိုင် အပြစ်ပေးမယ်”

နတ်ဘုရားချိရှို့ အံ့အားသင့်သွားသည်။ ယမမင်းကိုယ်တိုင် ချင်မူ့ကို အပြစ်ပေးမည်တဲ့လော...

ရှင်းအန်းနှင့် မှော်ဆရာနတ်ဘုရားခွေ့ကိုပင် သူကိုယ်တိုင် အပြစ်မပေးခဲ့ပေ။

ချင်မူ့ပြစ်မှုက ကြီးမားသယောင် ထင်ရသော်လည်း ကြီးအောင် လုပ်၍ရသလို၊ ငယ်အောင်လည်း လုပ်နိုင်သည်။ ဖုန်းတု၏ စည်းမျဉ်းများက ယိုတုနှင့် မတူပေ။ သူတို့အနေဖြင့် သက်ရှိကမ္ဘာ၏ ကိစ္စများကို ဝင်ရောက်မစွက်ဖတ်တတ်ပေ။

သက်ရှိလူသားများအတွက်မူ ဖုန်းတုသည် ယိုတုနှင့် အတူတူပင် ဖြစ်၏။ နှစ်ခုလုံးက အပါယ်ဘုံပင် မဟုတ်ပါ၏လော...။ အပါယ်ဘုံအနေဖြင့် သက်ရှိကမ္ဘာကို သွားရောက်ပတ်သက်လျှင် ခန့်မှန်းမရသော အကျိုးဆက်များ ဖြစ်လာလိမ့်မည်။

ဖုန်းတုသည် သက်ရှိကမ္ဘာနှင့် မပတ်သက်လို၊ ယိုတုလည်း အလားတူ ဖြစ်၏။

မှော်ဆရာနတ်ဘုရားခွေ့က သူတို့ သူ့အသက်ကို မထိပါးနိုင်ဟု ပြောခဲ့သည့် အကြောင်းရင်းမှာလည်း ဤအချက်ကြောင့် ဖြစ်သည်။ ယမမင်းသည် သေကံမစေ့သေးသော လူတစ်ယောက်၏ မူလဝိညာဉ်ကို အပြစ်ပေးခြင်းမပြုနိုင်ပေ။

ထို့အပြင် ချင်မူက လူသားဧကရာဇ်လည်း ဖြစ်နေသေးသည့်အတွက် မျိုးဆက်ဟောင်း လူသားဧကရာဇ်များ၏ မျက်နှာကို ထောက်ထားပြီး ယမမင်းအနေဖြင့် သူ့ကို ဆူရုံ၊ မာန်ရုံသာ လုပ်လိမ့်မည်ဟု နတ်ဘုရားချိရှို့ ထင်ခဲ့မိသည်။ သို့သော် အခြေအနေအရ အခြားသူများအတွက် စံနမူနာအနေဖြင့် ချင်မူ့ကို ခေါင်းဖြတ်ရန် အဆင်သင့်ဖြစ်နေဟန်တူချေသည်။

“ငါ့နောက် လိုက်ခဲ့” နတ်ဘုရားချိရှို့က ချင်မူ့ကို အပြင်လိုက်ပို့သည်။ ခန်းမအပြင်ရောက်သည့်အခါ သူက တိုးတိုးကပ်ပြော၏။ “ယမမင်း မင်းဆီလာရင် ‌တောင်းပန်လိုက် ကြားလား။ မပူနဲ့ ဒီမှာ မင်းရဲ့လူကြီးတွေ ရှိတာမလို့ ဘာမှမဖြစ်ဘူး”

ချင်မူ စိတ်အေးသွားပြီး သူ့ဘာသာ တွေးလိုက်မိသည်။ ‘ရွာလူကြီးက တော်တော်မျက်နှာကြီးတာပဲ။ တွေးကြည့်တော့မှ သေတာတောင် မကြာသေးဘူး တစ္ဆေသူရဲကောင်းတောင် ဖြစ်နေပြီလား...’

ခန်းမအပြင်တွင် ရှင်းအန်းသည် ခေါင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ရောထွေးလျက် အသားလုံးကြီးပမာ ဖြစ်နေ၏။ အစိတ်အပိုင်းများက လူးလွန့်ရုန်းကန်ရင်း တိုက်ခိုက်နေကြသည်။ ရှင်းအန်းမှာ သူ့ကိုယ်ပေါ်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် အပြင်းအထန် နှိပ်စက်ခံရနေလေသည်။

ရှင်းအန်းက ချင်မူ နတ်ဘုရားချိရှို့နှင့်အတူ ဘုရင်ချင်၏ခန်းမအပြင် ထွက်လာသည်ကို မြင်လျှင် သရော်တော်တော် ပြောသည်။ “နတ်ဆေးသမားတော်ချင်၊ မင့်ပြစ်မှုတွေက ငါ့ပြစ်မှုတွေထက်တောင် ပိုဆိုးဝါးပုံပဲ။ ငါက လွတ်လာပေမယ့် မင်းကတော့ အစောင့်အကြပ်နဲ့ ထွက်လာရတယ်။ မင်းမကောင်းမှုတွေက တကယ်ကြီးမားလွန်းတယ်... အခုလို ခံရတာ နည်းတောင် နည်းသေး”

ချင်မူ ရပ်ကာ မေးလိုက်သည်။ “ရှင်းအန်း မင်းရဲ့ သက်တမ်းက ဘယ်တော့‌ စေ့မှာလဲ”

ရှင်းအန်းက အတန်ငယ် မှင်သက်သွားပြီး ဟက်ခနဲ ရယ်လိုက်သည်။ “ငါက နတ်ဘုရားအစစ်လေ ငါ့သက်တမ်းက ဘယ်အဆုံးရှိပါ့မလဲ”

ချင်မူ ခေါင်းယမ်းလိုက်၏။ “မင်းရဲ့ မူလခန္ဓာကိုယ်မှာ သက်တမ်းဘယ်လောက် ကျန်သေးလဲ မေးနေတာ။ ဖုန်းတုကမ္ဘာမှာ မင်းမူလခန္ဓာကိုယ်ရဲ့ သက်တမ်းကိုပဲ ထည့်တွက်တယ်။ အဲဒီသက်တမ်းစေ့တာနဲ့ မင်း သေလူ ဖြစ်သွားပြီ”

ရှင်းအန်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။

နတ်ဘုရားချိရှို့က တောင်ပံခတ်ကာ ပျင်းရိပျင်းတွဲ ပြောလိုက်သည်။ “သတ်မှတ်ထားတဲ့ သက်တမ်းစေ့သွားရင် မရဏအသက်ဆိုတာ ရှိသေးတယ်။ သက်တမ်းက ရုပ်ခန္ဓာနဲ့ သက်ဆိုင်တယ်။ မရဏအသက်ကတော့ မင့်ဝိညာဉ်နဲ့ သက်ဆိုင်တယ်။ မပူနဲ့ မင့်သက်တမ်းစေ့တာနဲ့ ဒီမှာ ထာဝရနေလို့ရပါတယ်”

ရှင်းအန်းမှာ ကြောက်လန့်သွားသည်။ ဖုန်းတုထဲမှ ထွက်ရန် အသည်းအသန် ကြိုးစားသော်လည်း သူ့လက်ချက်ကြောင့် သေဆုံးခဲ့ရသူများက သူ့ကို အလွှတ်ပေးလိမ့်မည်လော.....

ရှင်းအန်းမှာ ခြေတစ်လှမ်းပင် မလှမ်းနိုင်သည်သာမက သေလူတို့၏ မုန်းတီးမှုကြောင့် မြို့ထဲသို့ ဆွဲခေါ်ခံနေရသည်။

“ယမမင်း၊ မင်း ကတိမတည်တဲ့ ကောင်” ရှင်းအန်းက ရန်လုပ်သည်။ “မင်းက ငါ့ကို ဒီမှာ ပိတ်ထားပြီး ငါ့ဝိညာဉ်ကို သိမ်းချင်နေတာ”

“သူ မင်းကို လွှတ်ပေးခဲ့ပါတယ်။ မင်းပဲ ထွက်မသွားနိုင်တာ” ချင်မူက ခေါင်းယမ်းက ပြောလိုက်၏။ “နောင်တော်ရှင်းအန်း၊ ယမမင်း ဆိုလိုတာကို မင်း နားမလည်သေးဘူးလား။ ဖုန်းတုထဲကနေ ထွက်သွားချင်ရင် တစ်ခုတည်းသော နည်းလမ်းက တခြားသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထားပစ်ခဲ့ဖို့ပဲ။ မင်းရဲ့ခန္ဓာကိုယ်နဲ့မှ မင်း ဒီကနေ ထွက်သွားနိုင်တယ်။ မဟုတ်လို့ကတော့ အသက်ကြီးပြီး ဒီမှာ သေရလိမ့်မယ်”

ရှင်းအန်း ရင်ထဲတွင် ထိတ်လန့်တုန်ရီသွားမိသည်။

အခြားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထားရစ်ခဲ့ခြင်းက သူ့တစ်ဘဝလုံး ရှာဖွေစုဆောင်းခဲ့သမျှ အရာအားလုံးကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အစစ်အမှန်နတ်ဘုရားဖြစ်လာအောင် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို တည်ဆောက်ခဲ့ရသည့် အားထုတ်မှုအားလုံး အလကား ဖြစ်သွားလိမ့်မည်။

“ဒီမှာ အသက်ကြီးပြီး သေသွားချင်လား... အသက်စွန့်ဆံဖျား ကြိုးစားကြည့်ချင်လား” ချင်မူ မေးလိုက်မိသည်။ “နတ်ဘုရားဖြစ်မလာနိုင်မှန်း သိတာနဲ့ မင်းရဲ့ တိုက်ခိုက်ချင်တဲ့စိတ်တွေ ကုန်ခမ်းသွားတယ်မလား... အဲဒီအချိန်ကစပြီး မင်းဟာ နှစ်ငါးရာမှ တစ်ခါပေါ်ထွန်းတဲ့ ပါရမီရှင် မဟုတ်တော့ဘူး ... ကိုယ့်အကျိုးအတွက် တခြားသူတွေရဲ့ အစိတ်အပိုင်းတွေကို လိုက်လုနေတဲ့ သနားစရာပိုးကောင်တစ်ကောင် ဖြစ်သွားခဲ့ပြီ။ ဒါပေမဲ့ မင်း မသိခဲ့တာက သေရင် ဘယ်အရာမှ ကိုယ့်နောက် မပါနိုင်တာကိုပဲ... ဒီနေရာကို ရောက်လာတော့ မင်း ကြိုးစားလုယူထားခဲ့သမျှ အရာအားလုံးက ကြည့်ရုံပဲ ကြည့်နိုင်ပြီး ထိတွေ့လို့မရတဲ့ အရာတွေ ဖြစ်သွားတယ်။ ဘယ်အရာမှ တန်ဖိုးမရှိတော့တဲ့အပြင် မင်းအတွက်တောင် အတားအဆီးဖြစ်လာတယ်... မှတ်ထား ရှင်းအန်း... မင်းအပိုင်မဟုတ်တဲ့ အရာဟာ ဘယ်‌တော့မှ မင်းအပိုင် ဖြစ်မလာဘူး”

ရှင်းအန်း၏တာအိုနှလုံးသား တုန်ခါသွားသည်။ ဂိုဏ်းသခင်ဟောင်း လီထျန်းရှင် မိစ္ဆာမျိုးစေ့ဖြင့် သူ၏တာအိုနှလုံးသားကို တိုက်ခိုက်ခဲ့သည့်အချိန်တွင်ပင် သူ မပြိုလဲခဲ့ပေ။ သို့သော် ယခုတွင် ချင်မူ၏စကားတစ်ခွန်းနှစ်ခွန်းက သူ၏တာအိုနှလုံးသားပေါ်၌ အက်ရာတစ်ချက် ပေါ်လာစေခဲ့ချေပြီ။

သူ့အပိုင်ဟု တွေးထားခဲ့သမျှအရာအားလုံးက တကယ်တမ်း သူ့အပိုင် ဟုတ်မနေပေ... ဤသည်က သူ့အတွက် အကြီးမားဆုံး ထိုးနှက်မှုကြီး ဖြစ်သည်။

“နတ်ဘုရားဖြစ်နိုင်မယ့် လမ်းကို ငါ ဖောက်ထားပြီးပြီ” ချင်မူက သူ့အရှေ့၌ အရိုးစုအသွင်ဖြင့် ရပ်နေ၍ အလွန်သေးငယ်နေသယောင် ထင်ရသည်။ သို့သော် သူ၏အရှိန်အဝါနှင့် အဟန့်အထည်က ရှင်းအန်းကို မော့ကြည့်နေမိစေသည်။ “မင်းအပိုင် မဟုတ်တဲ့ ဒီအစိတ်အပိုင်းတွေကို လက်လွှတ်ပြီး မင်းခန္ဓာကိုယ်ကိုသာ ပြန်ယူလိုက်ရင် မင်းအနေနဲ့ နတ်ဘုရားဖြစ်လာနိုင်ပါသေးတယ်... သေတ္တာကြီး၊ မင်းဗိုက်ထဲမှာ လူဖြစ်မသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိသေးလား”

သူ့အနောက်ရှိ ထောင်ကျယ်သားရဲကြီးက ပါးစပ်ကို စေ့စေ့ပိတ်ထားသော်လည်း နဂါးချီလင်က အတင်းအကြပ် ဆွဲဖွင့်လိုက်သည်။ သူက ထောင်ကျယ်သားရဲကြီး၏ ဗိုက်ထဲသို့ ခေါင်းဝင်ကြည့်ကာ ‌ပြောလိုက်သည်။ “ဂိုဏ်းသခင် အထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိနေသေးတယ်”

“ဖုန်းတုထဲမှာ သေလူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း လူအသွင် ပြောင်းကုန်တယ်။ ဒါပေမဲ့ မင်းကတော့ မသေသေးလို့ မပြောင်းသေးဘူး” ချင်မူ ပြောလိုက်သည်။ “သေတ္တာကြီး ထွေးထုတ်ပြီး သူ့ကို ပြန်ပေးလိုက်... သူ့ခြေနဲ့သူ ပြန်လျှောက်ပါစေ”

ထောင်ကျယ်သားရဲကြီးက ပေးချင်လိမ့်မည်လော....

သူ့ဗိုက်ထဲမှ နဂါးချီလင်၏ ခပ်အုပ်အုပ်အသံ ထွက်လာသည်။ “ဂိုဏ်းသခင်ရေ ကျွန်တော်တော့ အမြိုခံလိုက်ရပြန်ပြီ”

ချင်မူ ဒေါသထွက်သွားပြီး ထောင်ကျယ်သားရဲကြီးကို ထိုးပုတ်ကန်ကျောက်လိုက်သည်။ “ထွေးထုတ်စမ်း အခုချက်ချင်း ထွေးထုတ်စမ်း”

ထောင်ကျယ်သားရဲကြီးက တုပ်တုပ်မလှုပ်ပေ။ သို့သော် တခဏကြာသော် နဂါးချီလင်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား မပေးချင်ပေးချင်ဖြင့် ထွေးထုတ်ပေးလိုက်သည်။

နဂါးချီလင် ချင်မူ့အနောက်သို့ ကပျာကယာ ပြေးပုန်းလိုက်မိသည်။ သေတ္တာကြီးကို သူ အမှန်တကယ် ကြောက်မိ၏။

ချင်မူက ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှင်းအန်း၏ မျက်နှာဆီ ပစ်ပေါက်ကာ မှင်သေသေ ပြောလိုက်သည်။ “သူတို့ကို လွှတ်ပေးပြီး ကိုယ့်ခန္ဓာနဲ့ကိုယ် နေ။ ဒါမှ မင်း အသက်ရှင်မယ်။ မဟုတ်လို့ကတော့ သေရလိမ့်မယ်။ ဖက်တီးနဂါး၊ သေတ္တာကြီး သွားကြစို့ သူ့ဘာသာသူ တွေးပလေ့စေ”

ရှင်းအန်းက တိတ်ဆိတ်နေသည်။ ခြေလက်များက သူ့ကို ဒေါကြီးမောကြီး ရိုက်နှက်နေရင်း အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲကာ သေရွာအတူခေါ်ရန် ကြိုးစားနေကြသော်လည်း ရှင်းအန်း မဆုံးဖြတ်နိုင်သေးပေ။

တစ်ဘဝလုံး စုဆောင်းခဲ့ရသမျှ အကုန်လုံးအား လွှတ်ချလိုက်ပြီး အမှားကို ဝန်ခံရန်.... သူ မလုပ်နိုင်သေးပေ။

သို့သော် နှလုံးသားကို နှိပ်စက်ခြင်းက ခန္ဓာကိုယ်ကို လှီးဖြတ်ခြင်းထက် ပိုမိုနာကျင်ကြောင်း ရှင်းအန်း သိသည်။ ချင်မူ၏ သိုင်းအဆင့်နှင့် စွမ်းရည်များက သူ့အောက် နိမ့်ကျသော်လည်း တာအိုနှလုံးသားစီးချင်းထိုးပွဲ၌ သူ့ကို အနိုင်ယူသွားခဲ့ပြီဖြစ်သည်။ ချင်မူက သူ၏တာအိုနှလုံးသားကို ဖျက်စီးလိုက်ပြီဖြစ်၍ သူ့အနေဖြင့် ပြန်မတိုက်ခိုက်နိုင်တော့ပေ။

“ဂိုဏ်းသခင် ... ရှင်းအန်း ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လက်လွှတ်လောက်လား” နဂါးချီလင်က နောက်လှည့်ကြည့်ကာ မေးသည်။

ချင်မူ ခေါင်းယမ်းလိုက်သည်။ “သူ့သတ္တိပေါ် မူတည်တယ်။ မူလကိုယ်ကို ပြန်ပြောင်းလိုက်ရင် နှစ်အနည်းငယ်လောက်ပဲ အသက်ရှင်နိုင်တော့မှာ... အဲဒီအချိန်တိုလေးအတွင်း နတ်ဘုရားဖြစ်လာနိုင်ပါ့မလား မပြောနိုင်ဘူး။ ဒါပေမယ့် ပြန်မပြောင်းရင်လည်း ဒီမှာ အသက်ကြီးပြီး သေရလိမ့်မယ်... ငါလည်း မပြောတတ်ဘူး...”

ထိုအခိုက်အတန့်တွင် ရယ်သံအကျယ်ကြီး ဟိန်းထွက်လာသည်။ “ချိရှို့ ငါ့မြေးတပည့်လေးကို မင်း ဖမ်းလာတယ်ဆို”

All Chapters