ဖုန်းတု၏ အရှင်သခင်လေး
Vol. 36 Ch. 500
ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အင်္ကျီတစ်ထည်ကို ပခုံးပေါ် လွှားတင်ရင်း လမ်းလျှောက်လာနေသော အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်အား မြင်လိုက်ရသည်။ သူ့ကြည့်ရသည်မှာ အတန်ငယ် ပျင်းရိနေပုံရပြီး သူ့ကိုယ်ပေါ်ရှိ အင်္ကျီမှာလည်း ပိုသီဖပ်သီ ဖြစ်ကာနေ၏။ သို့တိုင်အောင် သူ့တွင် အရှိန်အဝါတစ်မျိုး ရှိနေသည်။
“လူသားဧကရာဇ် ချီကန်းပါလား” နတ်ဘုရားချိရှို့က နှုတ်ဆက်သည်။ “ကျုပ်က ယမမင်းရဲ့ အမိန့်တော်အတိုင်း လုပ်ရတာပါ။ လူသားဧကရာဇ်ချင်က ယိုတုအစီအရင်နဲ့ လူတွေကို ပြန်ခေါ်သွားလို့ ယမမင်းတောင် ထိတ်လန့်သွားခဲ့ရတယ်လေ။ ဖုန်းတုထဲက သရဲတစ္ဆေတွေအားလုံး ယိုတုကို ဆင့်ခေါ်ခံရပြီး အဲဒီမှာ ထာဝရနစ်မြုပ်သွားတော့မလား စိုးရိမ်ကြောင့်ကြနေတာနဲ့ ယမမင်းက သူ့ကို ခေါ်ခိုင်းလိုက်တာ။ ကျုပ်အမှား မဟုတ်ဘူး”
လူသားဧကရာဇ်ချီကန်းက ပခုံးပေါ်ရှိ အင်္ကျီကို ကိုင်ကာ ပြုံးလိုက်၏။ “အမိန့်တော်အတိုင်း လုပ်နေရမှန်း ငါ သိပါတယ် အပြစ်မတင်ပါဘူး။ လူသားဧကရာဇ်ချင်ကို ငါ ခေါ်သွားဦးမယ်... ယမမင်းဆီ အကြောင်းကြားလိုက်”
နတ်ဘုရားချိရှို့က ခေါင်းယမ်းသည်။ “မဖြစ်ပါဘူး။ ယမမင်းက သူ့ကို ကိုယ်တိုင်အပြစ်ပေးမှာ ကျုပ် ခင်ဗျားနဲ့ ထည့်ပေးလိုက်လို့ မရဘူး...”
ဤအခိုက်အတန့်တွင် အသက်ကြီးကြီးအသံတစ်သံ ထွက်လာသည်။ “ချိရှို့၊ ငါ့တပည့်ရဲ့ မြေးတပည့်လေးကို မင်း ဖမ်းခေါ်လာတယ်ဆို”
တစ်ခေါင်းလုံး ဆံပင်ဖြူများ ဖွေးနေသော အဘိုးအိုတစ်ဦး လျှောက်လာသည်ကို မြင်လျှင် နတ်ဘုရားချိရှို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ထိုလူက လူသားဧကရာဇ်ချီကန်း၏ ဆရာအပြင် တခြားလူမဟုတ်ပေ။ သူ ကမန်းကတန်း ရှင်းပြလိုက်သည်။ “လူသားဧကရာဇ်ရီရှန်း... လူသားဧကရာဇ်ချင်ရဲ့ကိစ္စမှာ ကျုပ် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဖုန်းတုကို အနှောင့်အယှက်ပေးခဲ့လို့ ယမမင်းကိုယ်တိုင် သူ့ကို အပြစ်ပေးမှာပါ၊ ကျုပ်မှာ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး လူသားဧကရာဇ်ရီရှန်း ဗွေမယူပါနဲ့...”
“ကိစ္စက အဲဒီလောက်ကြီးကျယ်လို့လား” ဆံဖြူအဘိုးအိုက အရပ်ပုပြီး ဖြူဆွတ်နေသော နှုတ်ခမ်းမွှေးများက ကော့လန်တက်နေသည်။ သူ ရယ်လိုက်သည့်အခါ သူ့အသံက ခေါင်းလောင်းကြီးသဖွယ် ကျယ်လောင်လှ၏။ “မင်း မဆုံးဖြတ်နိုင်မှန်း ငါ သိလို့ မင်းကို မဆုံးဖြတ်ခိုင်းပါဘူး။ ငါပဲ ဆုံးဖြတ်မယ်... ငါ လူသားဧကရာဇ်ချင်ကို ခေါ်သွားမယ်”
“မရဘူး” နတ်ဘုရားချိရှို့ စိုးရိမ်လာကာ ပြောလိုက်သည်။ “ယမမင်းကိုယ်တိုင် သူ့ကို အပြစ်ပေးချင်နေတာ။ လူသားဧကရာဇ်ရီရှန်း ခင်ဗျား ဆုံးဖြတ်လို့မရဘူး...”
“ချိရှို့ ... ငါ့မြေးတပည့်ရဲ့ မြေးတပည့်လေးကို နင် ဖမ်းလာတယ်ဆို”
အသံနောက်တစ်သံထွက်လာ၍ နတ်ဘုရားချိရှို့မှာ အော်ဟစ်အကူအညီတောင်းချင်စိတ်ပင် ပေါ်လာတော့သည်။ ဝါးခြင်းသေးသေးလေးဆွဲလျက် လမ်းလျှောက်လာနေသော အပြာရောင်ဂါဝန်နှင့် အမျိုးသမီးတစ်ယောက်ကို သူ လှမ်းမြင်လိုက်ရ၍ ကမျောသောပါး ပြောလိုက်၏။ “လူသားဧကရာဇ်လန်ပို .. ဒီကိစ္စက...”
“ချိရှို့ ... ငါ့မြေးတပည့်ရဲ့ မြေးတပည့်ရဲ့ တပည့်လေးကို မင်း ဖမ်းလာတယ်ဆို”
“ချိရှို့ ... ငါ့မြေးတပည့်ရဲ့...”
“ချိရှို့ ...”
....
လူများ ဝိုင်းအုံလာ၍ နတ်ဘုရားချိရှို့မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရပြီး သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘ငါ ပျားအုံကို တုတ်နဲ့ ထိုးမိလိုက်တာလားကွာ။ ဒီလူသားဧကရာဇ်ခန်းမရဲ့ လူသားဧကရာဇ်အားလုံးက ပျားတွေလိုပဲ ...ပုံမှန်ဆို မတွေ့ရပေမယ့် တစ်ကောင်ကို ထိလိုက်မိတာနဲ့ အုံလိုက်ကြီး ထွက်လာတော့တာပဲ’
သူ့အနေဖြင့် သူတို့ကို ရန်မပြုနိုင်လေရာ လိုက်လျောလိုက်ရတော့သည်။ “အားလုံး ကျုပ်ကို ဖိအားမပေးကြပါနဲ့.. ဒုက္ခမပေးကြပါနဲ့ဗျာ။ အရင်ဆုံး လူသားဧကရာဇ်ချင်ကို ခင်ဗျားတို့နဲ့ ထည့်ပေးလိုက်မယ် ဟုတ်ပြီလား ... ဒါပေမဲ့ ဖုန်းတုကနေတော့ မထွက်သွားစေနဲ့.. ကျုပ် သူ့ကို ယမမင်းလက်ထဲ ထည့်ပေးရမှာမလို့ပါ...”
“မပူနဲ့ မပူနဲ့ ငါတို့ မင်းကို ဒုက္ခမပေးပါဘူး...” အားလုံး ဆူဆူညံညံ ပြောလိုက်ကြသည်။
ချင်မူမှာ ဘေးပတ်ပတ်လည်ကို အူတူတူ ကြည့်ကာ ပြောလိုက်မိ၏။ “နောင်ကြီးချိရှို့ပြောတဲ့ ကျွန်တော့်လူကြီးတွေဆိုတာ...”
“အေး ဒီလူတွေပဲ” ချိရှို့မှာ လူအုပ်ကြီးကြားမှ မနည်းတိုးဝှေ့ထွက်နေရင်း ဒေါသတကြီး လှမ်းအော်သည်။ “မင်းတို့ လူသားဧကရာဇ်ခန်းမရဲ့ လူသားဧကရာဇ်အားလုံး တော်တော် ဒုက္ခပေးကြတဲ့လူတွေချည်းပဲ... ငါတို့ဖုန်းတုထဲမှာ သွားထိလို့မရတဲ့ တပ်စိတ်တစ်စိတ်ကြီးပဲဟေ့... တစ်ချက်လေးထိမိတာနဲ့ အုပ်လိုက်ကြီး ထွက်လာရော ... နောက်မှ မင်းကို ပြန်လာခေါ်တော့မယ်”
သူက လူအုပ်ကြီးထဲမှ တိုးဝှေ့ထွက်ပြီး တောင်ပံများခတ်ကာ ပျံပြေးသွားတော့သည်။
ချင်မူ ပတ်ပတ်လည်ရှိ လူသားဧကရာဇ်များကို ကြည့်ကာ ဆွံ့အနေသည်။ အကုန်လုံးက သူ့ကို ပြုံးပြရင်း အကဲခတ်နေကြ၏။ သူတို့ထဲတွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး ပါဝင်ပြီး အရပ်ရှည်သူက ရှည်၊ ပုသူက ပု၊ ဝသူက ဝ၊ ပိန်သူက ပိန်ကြသည်။ ဖော်ရွေသော ရုပ်သွင် ရှိသူက ရှိ၊ ခက်ထန်သော ရုပ်သွင် ရှိသူက ရှိပြီး ရဲရင့်ပြီး သန်မာသောဟန်ပန်နှင့်လူများ၊ အားနည်းသောဟန်ပန်နှင့်လူများလည်း တွေ့ရသည်။
ချင်မူ လူအုပ်ကြီးကို ကြည့်လိုက်သော်လည်း ရွာလူကြီးအား မတွေ့ပေ။ သူ ကပျာကယာ ချောင်းဟန့်ပြီး နှုတ်ဆက်လိုက်သည်။ “ငယ်ရွယ်ပြီး ထူးချွန်တဲ့ ကျောင်းသား ချင်မူ၊ လက်ရှိလူသားဧကရာဇ် ဂါဝရပြုပါတယ်... ဆရာကြီး၊ ဆရာ့ဆရာကြီး၊ ဆရာ့ဆရာဆရာကြီး၊ ဆရာ့ဆရာ့ဆရာဆရာကြီး.....”
“ထုံးစံတွေ မလိုပါဘူး”
အားလုံး ရှေ့သို့ ပြုံတိုးလာကြပြီး ဤအရိုးစုသေးသေးလေး ချင်မူ့ကို အလယ်တွင် ထားလျက် အရိုးများ ပြုတ်ထွက်လုအောင် ဆွဲနေကြသည်။ သူတို့က အပြုံးများအပြည့်ဖြင့် သူ့ကို ဝိုင်းအုံ၍ မြို့ထဲသို့ ခေါ်သွားကြ၏။ “သက်ရှိလူသားတစ်ယောက် ငါတို့ကို လာတွေ့ဖို့တာ ခပ်ရှားရှားကွ... ကြုံတုန်းလေး လူစုပြီး ပျော်ကြရွှင်ကြရအောင်”
“မင်းကွာ ငါတို့အတွက် ရွှေစက္ကူငွေစက္ကူတွေ မီးရှို့ပေးမယ်တောင် မရှိဘူး။ ဟို စုမျိုးရိုးနဲ့ ခွေးကောင်လေး သေပြီး ရောက်လာလို့သာ မဟုတ်ရင် လူသားဧကရာဇ် မျိုးပြုတ်နေပြီလို့တောင် ထင်မိမှာ”
“ငါတို့အုတ်ဂူတွေကိုလည်း လှဲကျင်းပေးမယ် မရှိဘူး။ မင်းသာ သွားခဲ့ရင် ဆက်ခံသူလေးတစ်ယောက် ကျန်သေးတာ သိခဲ့ရမှာ။ ငါတို့တွေ မင်းအတွက် ရတနာတွေကို လူသားဧကရာဇ်ခန်းမထဲမှာတောင် ချန်ခဲ့သေးတယ်”
.....
မေးခွန်းများလှသဖြင့် ချင်မူမှာ ရိုးရိုးသားသားသာ ဖြေလိုက်နိုင်သည်။ “အခုထက်ထိ ကျွန်တော် လူသားဧကရာဇ်ခန်းမဆီ မရောက်သေးလို့ပါ။ ရွာလူကြီးက ဘယ်မှာရှိမှန်း မပြောခဲ့လို့....”
လူသားဧကရာဇ်ချီကန်း ဒေါပွသွား၏။ “ဘယ်မှာလဲ အဲဒီခွေးကောင်လေး .... မင်းကို လူသားဧကရာဇ်ခန်းမဆီတောင် ခေါ်မသွားပေးဘူးဟုတ်လား ... ဒီအကောင်စုတ်လေးကတော့ ပြန်လာတာနဲ့ နာနာတီးပေးရမယ်”
လူသားဧကရာဇ်ရီရှန်းက လူသားဧကရာဇ်ချီကန်း၏ တင်ပါးကို ဆောင့်ကန်၍ သူ့မုတ်ဆိတ်မွှေးများကို မှုတ်ထုတ်ပြီး ဒေါသတကြီး အော်လိုက်သည်။ “မင့်တပည့်ကို ဘယ်လို သင်ပေးထားတာတုန်းကွ။ ရိုက်နှက်ဆုံးမတယ်ဆိုတာ တပည့်အလိမ္မာလေးတစ်ယောက် မွေးထုတ်ပေးမယ့် နည်းလမ်းမဟုတ်ဘူး။ မင်းလိုလူတွေကြောင့် လူသားဧကရာဇ်ချင်က ငါတို့သင်္ချိုင်းကိုတောင် သန့်ရှင်းရေးလာမလုပ်ပေးတာပဲ”
တပည့်ဖြစ်သူကို ဆောင့်ကန်ပြီးနောက် လူသားဧကရာဇ်ရီရှန်းမှာ လူသားဧကရာဇ်လန်ပို၏ လက်သီးစာမိသွားသဖြင့် အော်ဟစ်ညည်းတွားလိုက်သည်။ လူသားဧကရာဇ်လန်ပိုက စိတ်ဆိုးမာန်ဆိုး ဆူ၏။ “ရီရှန်း၊ ငါ နင့်ကို ဒီလို သင်ပေးခဲ့လို့လား... ချီကန်းကို ဘယ်မျက်နှာနဲ့ ‘မင့်တပည့်ကို ဘယ်လို သင်ပေးထားတာတုန်း’ လို့ မေးရဲသေးတာလဲ”
“လန်ပို ဒီဒေါသအိုးလေးကတော့ ငါ့မျက်နှာကို အိုးမည်းသုတ်ပြန်ပြီ”
“ခုံးရှန်း ရာရာစစ ငါ့မြေးတပည့်မကို ရိုက်ရဲရတယ်လို့ မင်းတော့ သေချင်နေပြီထင်တယ်”
....
လူအိုကြီးတစ်သိုက် မြို့ထဲတွင် ရန်ဖြစ်တိုက်ခိုက်နေကြတော့သည်။ ချင်မူမှာ ထူးဆန်းသော အချက်တစ်ချက်ကို သတိပြုမိလိုက်၏။
တပည့်က ဆရာနှင့် မတည့်သော်လည်း ဆရာ့ဆရာနှင့် တည့်သည်။ ထို့ကြောင့် ဆရာ့ဆရာ၏ အကူအညီဖြင့် ဆရာလုပ်သူကို ပြန်ချသည်။
အလားတူစွာပဲ ဆရာက တပည့်နှင့် မတည့်သော်လည်း မြေးတပည့်နှင့် တည့်သည်။ ထို့ကြောင့် မြေးတပည့်ကို မြှောက်ထိုးပင့်ကော်လုပ်ကာ တပည့်အား ချခိုင်းသည်။
တပည့်တိုင်းက ဆရာနှင့် အဆီအငေါ်တည့်ရန် မတူပေ။
သို့သော် လူသားဧကရာဇ်အားလုံး၏ အစွမ်းအစများက အမှန်ပင် ရင်သပ်ရှုမောဖွယ်ကောင်းသည်။ အားလုံးက လမ်းစဉ်အဆင့်ထိ ရောက်ရှိထားသူများ မဟုတ်ပါ၏လော။ ထူးဆန်းသည်မှာ သူတို့တတ်ကျွမ်းသော နယ်ပယ်များအား ကွဲပြားနေခြင်းဖြစ်သည်။ တပည့်နှင့်ဆရာဖြစ်သူ၏ စွမ်းရည်များက မတူညီပေ။
လူသားဧကရာဇ်ချီကန်းက ရွာလူကြီး၏ဆရာ ဖြစ်ပြီး ရွာလူကြီး အကျွမ်းကျင်ဆုံးမှာ ဓားသိုင်းဖြစ်သည်။ ဓားနတ်ဘုရားဟုပင် ထင်ရှားကျော်ကြားသည့်တိုင် လူသားဧကရာဇ်ချီကန်းကမူ လက်သီးသိုင်းနှင့် မုဒြာသိုင်းတွင် ကျွမ်းကျင်ချေသည်။
သူ၏မုဒြာသိုင်းကွက်များက မဟာမိုးခြိမ်းသံကျောင်းတော်၏ လက်သီးသိုင်းများထက်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။
သို့သော် လူသားဧကရာဇ်ချီကန်း၏ဆရာက ကောင်းကင်နတ်သိုင်းပညာတွင် ကျွမ်းကျင်သည့် လူသားဧကရာဇ်ရီရှန်း ဖြစ်သည်။ လူသားဧကရာဇ်ရီရှန်း၏ ဆရာမ၊ လူသားဧကရာဇ်လန်ပိုကမူ ဝိညာဉ်လက်နက်အရာ၌ ကျွမ်းကျင်၏။ လူသားဧကရာဇ်ခုံးရှန်းကမူ မှော်အစီအရင်ပညာတွင် တတ်ကျွမ်းသည်။
အားလုံးက ဆရာဖြစ်သူကို အလွန်မုန်း၍ ဆရာ့လမ်းစဉ်အတိုင်း မလျှောက်ဘဲ သူတို့လမ်းသူတို့ လျှောက်ခဲ့ကြဟန် တူသည်။
ချင်မူ မျက်တောင်ပုတ်ခတ်လျက် ကြည့်နေမိသည်။ တိုက်ခိုက်နေသော လူသားဧကရာဇ်များကြောင့် အချိန်အနည်းငယ်အတွင်း လမ်းများ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ခန်းမများ၊ အိမ်များ ပြိုကျကုန်သည့်အချိန်မှ သူတို့ ငြိမ်သက်သွားကြ၏။
မြို့ထဲရှိ နတ်ဘုရားများ၊ မိစ္ဆာများမှာ ကြောက်လွန်း၍ အသံပင် မထွက်ရဲကြပေ။ သူတို့အားလုံး လုပ်နေသောအလုပ်များကို ရပ်ကာ လှမ်းကြည့်နေကြသည်။
သူတို့၏ခန်းမတချို့ ပြိုကျသွားကြသော်လည်း မည်သည်ကိုမျှ မပြောဘဲ တိုးတိုးတိတ်တိတ် ညည်းညူကာ ပြန်ဆောက်နေကြသည်။
‘ဖုန်းတုမှာ လူသားဧကရာဇ်ခန်းမက တပ်စိတ်တစ်စိတ်ပဲလို့ နတ်ဘုရားချိရှို့ ပြောခဲ့တာ တကယ် မှန်နေတဲ့ပုံပဲ’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။ ‘မျိုးဆက်ဟောင်း လူသားဧကရာဇ်တွေကြောင့် လမ်းတွေတောင် ပျက်စီးကုန်ပေမယ့် ဘယ်သူမှ လာမပြောရဲဘူး။ ရွာလူကြီးတော့ ဒီမှာ ဇိမ်ကျနေလောက်တယ်။ ဖုန်းတုရဲ့ အရှင်သခင်လေးလို့တောင် ပြောလို့ရတယ်... ဒါတောင် ဘယ်ပျောက်နေပါလိမ့်’
လူသားဧကရာဇ်ချီကန်းက ဖူးယောင်နေသောမျက်နှာဖြင့် လူသားဧကရာဇ်ရီရှန်း၏ ခြေထောက်အောက်မှ လေးဖက်ထောက် ထွက်လာသည်။ သူက နှာခေါင်းမှ သွေးများကို သုတ်ကာ ပြုံးလိုက်၏။ “လူသားဧကရာဇ်ခန်းမဆီ မင်း သွားကို သွားရမယ်။ အဲဒီမှာ မျိုးဆက်ဟောင်းလူသားဧကရာဇ်အားလုံး မျိုးဆက်သစ်လူငယ်တစ်ယောက်ယောက် သူတို့လမ်းအတိုင်း လျှောက်မလား မျှော်လင့်ရင်း ချန်ထားခဲ့တဲ့ ပြိုင်ဘက်ကင်းကောင်းကင်နတ်သိုင်းတွေ ရှိတယ်.... ပြီးတော့ မင်း အုတ်ဂူတွေ သန့်ရှင်းပေးရမယ်နော်... နှစ်သစ်ကူးနဲ့ ပွဲတော်တွေ ရှိတိုင်းလည်း ငါတို့ကို ကောင်းကောင်းပူဇော်ပသပေးရမယ်”
ရီရှန်းက ဟယ်ခနဲ ရယ်လိုက်သည်။ “ငါတို့ ကစားဖို့ ရန်သူတွေကို မီးရှို့ပေးလို့လည်း ရတယ်နော်... ဖုန်းတုက ကျန်တဲ့နေရာတွေမှာ ကောင်းပါတယ် ကစားစရာတွေ မရှိတာ တစ်ခုပဲ။ ငါတို့ ပထမဘိုးဘေးကြီးရဲ့ ယန်ငါးသွယ်ခန်းမ ရှေ့ရောက်နေတာပဲ... လာ အဲဒီကို သွားကြစို့”
“ပထမဘိုးဘေးကြီးဟုတ်လား”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားသည်။ ပထမဘိုးဘေးကြီးသည် ပထမမျိုးဆက် လူသားဧကရာဇ် ... လူသားဧကရာဇ်ခန်းမကို ဖွင့်လှစ်ပေးခဲ့သော အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်၏။ သူ၏စွမ်းရည်များက ထူးချွန်ပြောင်မြောက်လှသဖြင့် ချင်မူ ထိုလူ့အား များစွာ တွေ့ချင်မိလေသည်။
ကျောက်စိမ်းမြို့တော်ငယ်မှာတုန်းက ပထမမျိုးဆက် လူသားဧကရာဇ်၏ ကျောက်ရုပ်တုကြီးကို သူ မြင်တွေ့ခဲ့ဖူးသည်။ ရသေ့ကြီးချင်းယိုက ပထမမျိုးဆက်လူသားဧကရာဇ် ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားခြင်းမှာ စိတ်ပျက်အားလျော့သွားမှုကြောင့် ဖြစ်သည်ဟု ဆိုခဲ့၏။ ချင်မူ သူနှင့် ပြန်ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ပထမဘိုးဘေးကြီး ဖုန်းတုက ထွက်သွားတာ ကြာပြီ။ အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့,လို့ ပြောတာပဲ။ မင့်ဆရာက သူ့သွားရှာတာ။ သူလည်း ပြန်မလာသေးဘူး။ မင့်ဆရာက သိပ်ထူးဆန်းတယ်ကွ။ ကြည့်ရတာ အသက်မထွက်သေးတာပဲ ဖြစ်မယ် ဖုန်းတုထဲက ထွက်သွားနိုင်တယ်လေ။ ငါတို့ကတော့ တကယ် အသက်ရှူရပ်နေပြီ” ချီကန်းက ပြောလာသည်။
အားလုံး အင်အားအလုံးအရင်းဖြင့် ချီတက်လာကြ၍ ယန်ငါးသွယ်ခန်းမကို စောင့်ရှောက်နေသော သားရဲကြီးနှစ်ကောင်မှာ အလန့်တကြားပင် ထခုန်မိသွားသည်။ လက်ဝဲရံရှိ ငှက်ခန္ဓာ၊ လူမျက်နှာရှိသော သားရဲက ကပျာကယာ ပြော၏။ “လူသားဧကရာဇ်တို့၊ သခင်ကြီးအိမ်မှာ စားဖို့သောက်ဖို့ လာကြပြန်တာလား... ဘာစားစရာမှကို မကျန်တော့ပါဘူးဗျာ ... ဒုတိယဘိုးဘေးကြီးအိမ်ကိုသာ သွားကြပါတော့”
“ပိတ်ထား” လူသားဧကရာဇ်အားလုံး ပြိုင်တူငေါက်လိုက်ကြသည်။ “ဒုတိယဘိုးဘေးကြီးအိမ်လည်း ပြောင်သွားပြီ။ တတိယဘိုးဘေးကြီးအိမ်လည်း ပြောင်သွားပြီ။ ငါတို့လူသားဧကရာဇ်တွေကြားမှာ မင်းတို့အိမ်ပဲ စားစရာကျန်သေးတာကွ”
လူမျက်နှာငှက်မှာ ကမန်းကတန်း ပါးစပ်ပိတ်ပြီး သူတို့ကို မမြင်ချင်ယောင်ဆောင်ကာ ဝင်ခွင့်ပြုလိုက်ရသည်။
ချင်မူ နဂါးချီလင်နှင့် ထောင်ကျယ်သားရဲကို ခန်းမအပြင်၌ ထားခဲ့လိုက်၏။ “ဒီမှာနေခဲ့ ငါ ဘိုးဘိုးတွေနဲ့ စကားပြောလိုက်ဦးမယ်”
နဂါးချီလင်က ပြောသည့်အတိုင်း နေခဲ့ပြီး သားရဲကြီးနှစ်ကောင်အား အကဲခတ်ရင်း ကောက်ကာငင်ကာ မေးလိုက်၏။ “နောင်ကြီးတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို မြင်မိသေးလား.... ခပ်ချောချော လူငယ်လေးပုံစံနဲ့လေ”
လူမျက်နှာငှက်သားရဲက ပြောရဆိုရလွယ်ပြီး ဖော်ရွေသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ်လား ... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရပ်ကွက်ကို သွားသင့်တယ်... ဂိုဏ်းချုပ်ဟောင်းအားလုံး အဲဒီမှာ နေ,နေတာ.. ဒါမဲ့ သတိတော့ထား အားလုံးက နတ်ဆိုးတွေလို ကြမ်းကြုတ်တယ် ရန်မစမိစေနဲ့”
သူ့စကားကြားသည်နှင့် နဂါးချီလင် ဝမ်းသာသွားပြီး ကပျာကယာ မေးလိုက်သည်။ “နောင်ကြီးတို့ လမ်းပြပေးလို့ရမလား မသိဘူး”
ယန်ငါးသွယ်ခန်းမထဲတွင် ချင်မူ သက်ပြင်းချနေမိသည်။ လူသားဧကရာဇ်များမှာ ရွာကို ဝင်စီးသော ဓားပြများသဖွယ် အိမ်ကို သူတို့အိမ်သူတို့ရာအဖြစ် သဘောထားနေကြ၏။ ထိုင်ပင် မထိုင်ရသေးခင် လူသားဧကရာဇ်လန်ပိုက မှင်စာလေးများခေါ်ကာ ညွှန်ကြားလိုက်သည်။ “သက်ရှိကမ္ဘာက လူသားဧကရာဇ်ချင် ဒီကို ရောက်နေတယ်... သူ့ကို ဧည့်ခံဖို့ ဟင်းပွဲကောင်းကောင်း မြန်မြန်ပြင်လိုက်”
အစိမ်းရောင်အရေပြားနှင့် မှင်စာတစ်ကောင်က မဝံ့မရဲ ပြောလာသည်။ “သခင်မကြီး... သက်ရှိလူသားတစ်ယောက်က ဖုန်းတုက အစာတွေကို စားလို့မရပါဘူး... လူသားဧကရာဇ်ချင်က အသွေးအသားတွေ၊ အူတွေမရှိတဲ့ အရိုးစုကြီးလေ... သူ အစာစားလို့မရဘူး”
“သောက်ပိန်း.. စားမှာက သူမဟုတ်ဘူး ငါတို့ဟ ငါတို့။ ငါက ပထမဘိုးဘေးကြီးရဲ့ တပည့်လေ စားလို့မရဘူးလား။ သွား မြန်မြန်ပြင်စမ်း” ဒုတိယဘိုးဘေးကြီးက အော်ငေါက်လိုက်သည်။
အစိမ်းရောင်မှင်စာများမှာ ကပျာကယာ ဟင်းသွားချက်နေကြသည်။ ချင်မူ သူတို့ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေ၏။ သူတို့က ဘုရင်ချင်၏ခန်းမထဲမှ တစ္ဆေဘုရင်များနှင့် အတော်လေး တူသည်။ သက်ရှိကမ္ဘာမှ သတ္တဝါများ မဟုတ်ချေရာ ယိုတုက သတ္တဝါများ ဖြစ်နိုင်မည်လား...
“ဒီနှစ်တွေထဲ ငါတို့ကို ဘယ်သူမှ မပူဇော်ဘူးလေ အဲဒါကြောင့် ဆာလောင်နေတဲ့ သရဲတွေ ဖြစ်နေပြီ... ခုံတွေ ဖွဲ့တည်စမ်း”
ဒုတိယဘိုးဘေးကြီးက မုဒြာလက်သိုင်းများ သုံးလိုက်သည့်အခါ ယန်ငါးသွယ်ခန်းမထဲတွင် ကြာပန်းများ ပွင့်လာ၏။ ကြာပန်းများက သူတို့ကို ပင့်မြှောက်ပေးရင်း မြင့်မားလာကြသည်။
မှင်စာများမှာ ဟင်းချက်ပြီး၍ လာချပေးသည်။ လူသားဧကရာဇ်ဟောင်းများမှာ ဣန္ဒြေပင် မဆည်နိုင်တော့ဘဲ အငမ်းမရစားကာ အပြောင်ရှင်းပစ်လိုက်ကြ၏။ ထိုအခါမှ သူတို့ စိတ်ကျေနပ်သွားကြလေသည်။
ချင်မူမှာ မျက်လုံးအပြူးသား ဖြစ်နေသည်။ လူသားဧကရာဇ်များမှာ နှစ်ပေါင်းရာချီ ငတ်ပြတ်နေသလား ထင်ရ၏။ သူက အရိုးစုဖြစ်နေ၍ မစားနိုင်သောကြောင့် သူ့အရှေ့ရှိ ဟင်းပွဲသာ ခြေရာလက်ရာမပျက် ကျန်ခဲ့၏။
“လူသားဧကရာဇ်ချင်သာ ရောက်မလာရင် ငါ တစ်နပ်တောင် ဝအောင် စားနိုင်မှာမဟုတ်ဘူး။ မင့်ဆရာက ငါ့ကို သိပ်မုန်းတယ်ဖြစ်မယ်။ ငါ့သင်္ချိုင်းကို သန့်ရှင်းရေး တစ်ကြိမ်မှ မလုပ်ဘဲ နှစ်တစ်ရာကျော် အငတ်ထားခဲ့တယ်လေ”
လူသားဧကရာဇ်ချီကန်းက သက်ပြင်းချ၍ ချင်မူ့ကို ကြည့်သည်။ “ခွေးကောင်လေးစုက မင်းကို ချီးမွန်းလိုက်တာ ပြောမနေနဲ့။ သူ့တပည့်က ငါ့တပည့်ထက် ပိုထွန်းပေါက်မှာတဲ့လေ... သူ့တပည့် ငါ့တပည့်ထက် ဘယ်လိုတော်နေလဲ ကြည့်ရသေးတာပေါ့”
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ ‘ဆရာကြီးချီကန်းရဲ့ တပည့်က ရွာလူကြီး မဟုတ်ဘူးလား’
ချင်မူက ထရပ်ကာ ဘေးပတ်ပတ်လည်သို့ အရိုအသေပေးလိုက်၏။ “ဆရာကြီးတို့၊ ဘိုးဘေးကြီးတို့၊ ကျွန်တော်က ခုနစ်စဉ်ကြယ်အဆင့်ပဲ ရှိပါသေးတယ်... မတိုက်ခိုက်ဘဲ နေတာ ကောင်းမယ်ထင်ပါတယ်ဗျ”
ချီကန်းက ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ငါတို့ မင်းကို အနိုင်မကျင့်ပါဘူးကွာ။ သိုင်းအဆင့်တစ်ဆင့်တည်းထားပြီး တိုက်ခိုက်ပေးမှာပေါ့ ... မင်းရဲ့သိုင်းအခြေခံကို ကြည့်ပြီး ထောက်ပြပေးချင်ရုံတင်ပါ”
ချင်မူ အခက်တွေ့သွားသည်။ “အဲဒါဆိုရင်တော့ ပြိုင်စရာမလိုတော့ပါဘူး။ ကျွန်တော် ဆရာကြီးတို့နဲ့ ဘိုးဘေးကြီးတို့ကို အနိုင်မကျင့်ချင်လို့ပါ။ ဆရာကြီးတို့ကို ထိခိုက်အောင် လုပ်မိရင် မကောင်းဘူးလေ။ အမှန်တိုင်းပြောရရင် ဆရာကြီးတို့ရဲ့ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်နောက်ကျကျန်ခဲ့ပြီ..”
အားလုံး တိတ်ဆိတ်သွား၏။
“ငါတော့ ဒီခွေးကောင်လေးကို သေအောင် ရိုက်သတ်ပစ်ချင်သွားပြီ...” လူသားဧကရာဇ်ရီရှန်းက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။