← Chapters

ဖုန်ခါရတာထက်တောင် လွယ်သေး

Vol. 39 Ch. 530

ဖုန်ခါရတာထက်တောင် လွယ်သေး

Vol. 39 Ch. 530

ခရက်……

လခြမ်းကွေး ပုံသဏ္ဌာန် အစိမ်းရောင် လေသင်တုန်း ဓားသွားက ရေခဲရုပ်ဖြစ်နေတဲ့ မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ကို သွေးစို့ရုံ အရာလေးတစ်ခု ဖြစ်သွားစေခဲ့ပါပြီ ။  အဲသည်ဓားရာက သတိမမူမိဘူး ဆိုရင် လုံးဝ တွေ့နိုင်မှာ မဟုတ်ပါဘူး ။

ဖရူး……ဖူး……ဖရူး……

အဲသည်နောက်မှာတော့ မီးလျှံသားမွှေး ဝံပုလွေ ခန္ဓာကိုယ်ပေါ်က သွေးစို့ရုံ ဓားဒဏ်ရာဟာ ပြဲထွက်သွားပြီး သွေးတွေဟာလည်း ရေပန်းတစ်ခုအလား ပန်းထွက်လာပါတော့တယ် ။

" ကိုးနဂါးလက်သည်း "

ဝူရှန်းလန်ရဲ့ တိုက်ခိုက်မှုကလည်း လုံးဝ ကွက်တိပါပဲ ။ သူက ညာလက်ကို မြှောက်လိုက်ပြီး အားကုန် ထိုးချလိုက်ပါတယ် ။

ဂါး……ဂရား……

ခေါင်းကိုးလုံး နဂါးဝိညာဉ်က မီးလျှံသားမွှေး ဝံပုလွေပေါ်ရှိတဲ့ ရေခဲတွေကို ကြေမွသွားစေ ခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ သွေးတွေဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ကနေပြီး ပန်းထွက်လာခဲ့ပါတယ် ။

" မင်းတို့သုံးယောက်စလုံး သည်နေ့ ၊ သည်နေရာကနေပြီး အသက်ရှင်လျက် ထွက်သွားခွင့် မရှိဘူး "

မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကတော့ သွေးတွေနဲ့ ရွှွဲှရွှဲစိုနေခဲ့ပါပြီ ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ ရေခဲတမျှ အေးစက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်လွှတ်နေဆဲပါပဲ ။

မီးလျှံသားမွှေး ဝံပုလွေက ဒဏ်ရာ မရခဲ့တာ အတော်လေး ကြာနေပြီလို့တောင် ပြောလို့ ရပါတယ် ။  သည်မလောက်လေး ၊ မလောက်စား လူသားသုံးယောက်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်လို့ သူက လုံးဝ တွေးထင်မထားခဲ့ပါဘူး ။

" သွေးဆာနေတဲ့ မီးလျှံသားမွှေး "

ရုတ်တရက် ဆိုသလို မီးလျှံသားမွှေး ဝံပုလွေရဲ့ အမွှေးတွေဟာ သွေးတွေလို ရဲရဲတောက် နီသွားခဲ့ပါပြီ ။

ချွမ်……

သွေးရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ တောက်ပသွားပြီးတဲ့ နောက်မှာတော့ မီးလျှံသားမွှေး ဝံပုလွေဟာ ခပ်ပိန်ပိန် လူငယ်ရဲ့ အရှေ့မှာ ပေါ်လာပြီး  လူငယ်ကို လက်သည်းနဲ့ ကုတ်ချလိုက်ပါတယ် ။

ခပ်ပိန်ပိန် လူငယ်ကလည်း သတိလက်လွှတ် ဖြစ်နေပါဘူး ။ သူက သူ့ရဲ့ ဆေဘာနဲ့ လက်သည်းကုတ်ချက်ကို အလျင်အမြန် ခုခံလိုက်ပါတယ် ။

ထန်……

" အား "

မီးပွင့်လေးတွေ တောက်လာပြီးတဲ့ နောက်မှာတော့ ခပ်ပိန်ပိန် လူငယ်ဟာ အော်ဟစ်ပြီး လွင့်ထွက်သွားခဲ့ပါပြီ ။

သူ့ရဲ့ ပခုံးထက်မှာတော့ လက်သည်းရာကြီး တစ်ခုက အထင်းသားပါပဲ ။ သည်လက်သည်းရာက လောလောလတ်လတ် ရထားတယ်ဆိုတာ အသိသာကြီး ဖြစ်ပေမယ့်လည်း လက်သည်းရာ တစ်ဝိုက်မှာတော့ သွေးတွေက လုံးဝ ရှိမနေပါဘူး ။

" သတိထားကြဟေ့ ။ သည်ကောင်ကြီးရဲ့ လက်သည်းက သွေးတွေကို စုပ်လို့ရတယ် ။ ပြီးတော့ သူက အရင်ကထက် ပိုမြန်လာပြီ "

ခပ်ပိန်ပိန် လူငယ်က  ကျန်တဲ့ လူငယ်နှစ်ယောက်ကို သတိပေးလိုက်ပါတယ် ။

" မိုင်တစ်ထောင် အေးခဲစေ "

ရောဂါသည် လူငယ်က သူ့ရဲ့ ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည်ကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး အသုံးပြုလာခဲ့ ပြန်ပါပြီ ။

ဟူး……ဟူး……ဟူး………

အေးစက်စက် ရေခဲချီတွေက မီးလျှံသားမွှေး ဝံပုလွေကို လွှမ်းခြုံသွားပါတော့တယ် ။

ဒါပေမဲ့လည်း  သည်တစ်ခါမှာတော့ သူ့ရဲ့ ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည်က မီးလျှံသားမွှေး ဝံပုလွေအပေါ်မှာ အလုပ် မဖြစ်တော့ပါဘူး ။

ဘန်း…ဘန်း…ဘန်း……

မီးလျှံသားမွှေး ဝံပုလွေရဲ့ သွေးရောင် မီးလျှံသားမွေးတွေက ရေခဲချီတွေကို ဖျက်ဆီးပစ်လိုက်ပါတယ် ။ ရောဂါသည် လူငယ်ရဲ့  ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည်က ကျရှုံးသွားခဲ့ပြီလို့ပဲ ဆိုရပါတော့မယ် ။

အခုလက်ရှိ မီးလျှံသားမွှေး ဝံပုလွေက အရင်ကထက် ပိုပြီး အစွမ်းထက်လာတာ အသိသာကြီးပါပဲ ။ သူ့ရဲ့ မိစ္ဆာသားရဲ ချီစွမ်းအင်က ပိုပြီး အားကောင်းလာသလို သူ့ရဲ့ လှုပ်ရှားသွားလာမှုကလည်း ပိုပြီး မြန်လာပါတယ် ။

ဝုန်း……ဝုန်း……ဝုန်း……

ဘန်း……ဘန်း……

တိုက်ပွဲကတော့ ဆက်လက်ပြီး ဖြစ်ပွားနေဆဲပါပဲ ။

လူငယ်သုံးယောက်ထဲမှာ ဆိုရင်တော့ ဝူရှန်းလန် တစ်ယောက်တည်းကသာ မီးလျှံသားမွှေး ဝံပုလွေနဲ့ ဖက်ပြိုင် အန်တုပြီး တိုက်နိုင်ပါတော့တယ် ။ ကျန်တဲ့နှစ်ယောက်ကတော့ ပွဲကြည့် ပရိသတ်သာသာ ဖြစ်နေခဲ့ပါပြီ ။ သူတို့နှစ်ယောက်ရဲ့ အစွမ်းက သည်တိုက်ပွဲကို တိုက်ဖို့အတွက် လုံးဝ အဆင့် မမီတော့ပါဘူး ။

ဘန်း……ဘန်း……ဘန်း………

သိုင်းကွက်ပေါင်း ဒါဇင်ချီ ယှဉ်တိုက်အပြီးမှာတော့ ဝူရှန်းလန်ဟာ လက်သည်းကုတ်ချက် တစ်ချက်ကြောင့် လွင့်ထွက်သွားပါတော့တယ် ။ မီးလျှံသားမွှေး ဝံပုလွေရဲ့ လက်သည်းက သူ့ရဲ့ ဖောက်ထွင်းခြင်း ဥပဒေသတွေ မပါတဲ့အတွက် ကံကောင်းတယ် ဆိုရပါမယ် ။ လက်သည်းကုတ်ချက် စွမ်းအားတစ်ဝက်လောက်က ချီဝိညာဉ်ရဲ့ အကာအကွယ် ပေးမှုကြောင့် ပျက်ပြယ်သွားတဲ့အတွက် သည်ကုတ်ချက်က ဝူရှန်းလန်ရဲ့ အသားစတွေကို ကုတ်ဖဲ့သွားနိုင်တဲ့အထိတော့ မစွမ်းဆောင်သွားနိုင်ခဲ့ပါဘူး ။

ဒါပေမဲ့လည်း ဝူရှန်းလန်ကတော့ လက်သည်းချက်နဲ့ ထိသွားတဲ့ နေရာတစ်ဝိုက်က သွေးတွေဟာ ခြောက်ခန်းသွားတယ် ဆိုတာကို ခံစားလိုက်ရပါတယ် ။

ကြည့်ရတာတော့ မီးလျှံသားမွှေး ဝံပုလွေက သွေးတွေကို စုပ်ယူဖို့အတွက် ဒဏ်ရာ ရအောင်တောင် လုပ်ဖို့ မလိုတဲ့ ပုံပါပဲ ။

" ထူးဆန်းလိုက်တဲ့ မွေးရာပါ စွမ်းရည်ပါလား "

ဝူရှန်းလန်က အတော်လေး အံ့သြသွားခဲ့ မိပါတယ် ။

" အခြေအနေ မဟန်တော့ဘူး "

မိုင်တစ်ထောင် အကွာအဝေးမှာ ရှိနေတဲ့ လီဖူချန်းကတော့ ခေါင်းကို ခါယမ်း နေခဲ့ပါပြီ ။ သူက သူ့ရဲ့ ဂိုဏ်းတူအစ်ကို သုံးယောက်ဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိနေခဲ့ပြီ မဟုတ်ပါလား ။

အထူး မွေးရာပါစွမ်းရည်ကို အသက်သွင်းပြီးတဲ့ နောက်မှာတော့ မီးလျှံသားမွှေး ဝံပုလွေဟာ အနီးကပ် တိုက်ခိုက်ရာမှာ ကြောက်ခမန်းလိလိ အစွမ်းထက်လာခဲ့ပါတယ် ။ သူ့ရဲ့ ဂိုဏ်းတူအစ်ကို သုံးယောက်ဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ တိုက်ခိုက်မှုတွေကို လုံးဝ တောင့်မခံနိုင်တော့ပါဘူး ။ သူ့အနေနဲ့ ဂိုဏ်းတူအစ်ကို သုံးယောက်ကို ဝင်ပြီး ကူညီမှ ရပါတော့မယ် ။

ဒါပေမဲ့လည်း လီဖူချန်းက သူ့အနေနဲ့ တိုက်ပွဲထဲကို ဝင်သွားပြီး ကူညီတိုက်ခိုက်လို့ မရဘူး ဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သိထားပါတယ် ။ သူ့ရဲ့ အဆင့်က အခုမှ လက်ရွေးစင် ဆရာသခင် အဆင့်သာ ရှိသေးတာပါ ။ တကယ်လို့ သူတိုက်ပွဲထဲကို ဝင်သွားမယ် ဆိုရင်လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး ။ ပြီးတော့ ခုခံမှုအပိုင်းမှာ ဆိုရင်လည်း လီဖူချန်းက ဝူရှန်းလန်ထက် အများကြီး အားနည်းနေပါသေးတယ် ။

အဲသည်အတွက် လီဖူချန်း အနေနဲ့ တတ်နိုင်တာ တစ်ခုပဲ ရှိပါတော့တယ် ။ အဲဒါကတော့ စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို သုံးပြီး အဝေးကနေ မီးလျှံသားမွှေး ဝံပုလွေကို အဝေးကနေ တိုက်ခိုက်ဖို့ပါပဲ ။

" သည်နည်းလမ်းက သက်ရောက်မှု မရှိရင်လည်း မတတ်နိုင်ဘူး ။ အနည်းဆုံးတော့ ငါက ကူညီပေးဖို့ ကြိုးစားခဲ့တာပဲ "

" ဂိုဏ်းတူအစ်ကိုတို့ အကယ်၍များ တမလွန် ဘဝကို ရောက်သွားခဲ့ရင် သည်က ဂိုဏ်းတူညီလေးကို အပြစ်မတင်ကြပါနဲ့  "

လီဖူချန်းက စိတ်ထဲကနေ တောင်းပန်လိုက်ပြီး စိတ်ဝိညာဉ် အသိစိတ်ဆူးကို အသက်သွင်းလိုက်ပါတော့တယ် ။အဲသည်နောက်မှာတော့  စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ လီဖူချန်းရဲ့ နဖူးအလယ်တည့်တည့်ကနေ  တိုးတိတ် ညင်သာစွာ ထွက်ပေါ်လာပြီး မီးလျှံသားမွှေး ဝံပုလွေဆီကို တိုးဝင်သွားခဲ့ပါပြီ ။

တခြားသူတွေ အတွက် ဆိုရင်တော့ မိုင်ပေါင်းတစ်ထောင်ကျော် အကွာကနေ လိပ်ပြာ အသိစိတ်အာရုံနဲ့ တိုက်ခိုက်တယ် ဆိုတာက စိတ်ကူးယဉ် အိပ်မက်တစ်ခုလို ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ် ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ မိုင်ပေါင်းတစ်ထောင်ကျော် အကွာကနေပြီး လိပ်ပြာအသိစိတ် အာရုံနဲ့ တစ်ဖက်ရန်သူကို အေးအေးဆေးဆေး တိုက်နိုင်ပါတယ် ။

စွပ်……

လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးက မယုံနိုင်စရာကောင်းတဲ့ အလျင်နဲ့ မီးလျှံသားမွှေး ဝံပုလွေရဲ့ ခေါင်းထဲကို စိုက်ဝင်သွားခဲ့ပါပြီ ။

အာ…ဝူး……

မီးလျှံသားမွှေး ဝံပုလွေဟာ  သူ့ရဲ့ ဦးခေါင်းထဲက နာကျင်မှု ဝေဒနာကြောင့် တစ်ချက် အူလိုက်ရပါတယ် ။ သူ့ရဲ့ သွေးတွေလို နီရဲနေတဲ့ မီးလျှံသားမွှေးတွေကလည်း နဂိုမူလ အရောင်ဖြစ်တဲ့ အနီရောင်ကို ပြန်ပြောင်းသွားခဲ့ပါပြီ ။

မီးလျှံသားမွှေး ဝံပုလွေ အနေနဲ့ သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို ထိန်းထားဖို့အတွက်  စိတ်အာရုံ စူးစိုက်မှု တော်တော်လေး လိုတယ် ဆိုတဲ့ အချက်ကိုတော့  ယုံမှားသံသယ  ဝင်နေစရာ မလိုတော့ပါဘူး ။

မိစ္ဆာသားရဲတွေဟာ သူတို့ရဲ့ မိစ္ဆာသားရဲ ဝိညာဉ် အတိုက်ခိုက် ခံလိုက်ရရင်  မွေးရာပါ စွမ်းရည်ဟာ အလိုအလျောက် ပျက်ပြယ်သွားလေ့ ရှိပါတယ် ။

" သည်ကောင်ကြီးက သူ့မျိုးဆက်သွေးရဲ့  ဘေးထွက်ဆိုးကျိုးကို ခံနေရပြီဟေ့ ။ အမြန် ဝိုင်းတိုက်ကြ "

ဝူရှန်းလန်တို့ သုံးယောက်ကတော့ သူတို့ကို လီဖူချန်း ကူညီလိုက်တယ် ဆိုတာကို သတိ မပြုမိကြပါဘူး ။ သူတို့က မီးလျှံသားမွှေး ဝံပုလွေ ဆက်ခံထားတဲ့ မျိုးဆက်သွေးက  ဘေးထွက်ဆိုးကျိုး ပြလာတယ်လို့ပဲ မှတ်ယူလိုက်ကြပါတယ် ။

" တိုက် "

ဝူရှန်းလန်တို့ရဲ့ တိုက်ခိုက်မှုတွေကတော့ မီးလျှံသားမွှေး ဝံပုလွေ အပေါ်ကို  မိုးရွာကျသလို ကျရောက်လာခဲ့ပါပြီ ။

" ဘယ်……ဘယ်သူက ငါ့ရဲ့ စိတ်ဝိညာဉ်ကို အလစ်ချောင်းပြီး တိုက်ခိုက်နေတာလဲ "

မီးလျှံသားမွှေး ဝံပုလွေက ဒဏ်ရာတွေ ရနေပေမယ့်လည်း ဝူရှန်းလန်တို့ကို ဂရု မစိုက်နိုင်သေးပါဘူး ။ သူက သူ့ရဲ့ အသိစိတ်အာရုံကို ဖြန့်ကျက်ပြီး အစောပိုင်းက သူ့ကို အလစ် တိုက်ခိုက်လိုက်တဲ့ လက်သည်တရားခံကို  ရှာနေပါတယ် ။

အဆင့်၆ အဆင့်မြင့် မိစ္ဆာသားရဲတွေထဲမှာတောင်မှ ထိပ်ဆုံးမှာ နေရာယူထားတဲ့ မီးလျှံသားမွှေး ဝံပုလွေရဲ့ အသိစိတ်အာရုံဟာ မိုင်တစ်ထောင်ကျော်ကို ဖြန့်ကြက်နိုင်ပါတယ် ။ ဒါပေမဲ့လည်း သူက လီဖူချန်းရဲ့ တည်ရှိနေမှုကို အာရုံ ခံနိုင်စွမ်း မရှိခဲ့ပါဘူး ။

" ဘယ်သူမှ မရှိဘူးလား "

မီးလျှံသားမွှေး ဝံပုလွေရဲ့ မျက်နှာထက်မှာတော့ အကြောက်တရား အနည်းငယ် ပေါ်လာခဲ့ပါပြီ ။

သူ့ရဲ့ အသိစိတ် အာရုံက ရန်သူကို အာရုံ မခံနိုင်ဘူး ဆိုကတည်းက  ဖြစ်နိုင်တဲ့  အကြောင်းအရင်းဟာ သုံးချက်ပဲ ရှိပါတော့တယ် ။

ပထမ အကြောင်းအရင်းကတော့ ရန်သူဟာ သူအာရုံခံနိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိမနေတာပါပဲ ။

ဒုတိယ အကြောင်းအရင်းကတော့ ရန်သူက သူ့ရဲ့ ချီအရှိန်အဝါ တည်ရှိမှုကို ဖျောက်ထားတဲ့အတွက် သူ့အနေနဲ့ ရှာမတွေ့နိုင်တာပါ ။

တတိယ အကြောင်းအရင်းကတော့ ရန်သူရဲ့ အသိစိတ်အာရုံက အင်မတန် အစွမ်းထက်လွန်းနေတဲ့အတွက် သူ့ရဲ့ အသိစိတ်အာရုံ ထောက်လှမ်းမှုကို ပိတ်ပင်တားဆီး ထားတာပဲ ဖြစ်ပါတယ် ။

သည်အကြောင်းအရင်း သုံးချက်ထဲက ဘယ်အချက်ပဲဖြစ်ဖြစ်ပါလေ ။ အဲဒါက မီးလျှံသားမွှေး ဝံပုလွေ အတွက်တော့ လုံးဝ မကောင်းဘူး ။

တကယ်လို့ ရန်သူက သူ့ရဲ့ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်း အပြင်ဘက်ကနေ သူ့ရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကို တိုက်ခိုက်နိုင်တယ် ဆိုကြပါစို့ ။ ဘယ်လို ကျင့်ကြံသူမျိုးက မိုင်ပေါင်းတစ်ထောင်ကျော်ကနေ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို တိုက်ခိုက်နိုင်မှာတဲ့လဲ ။အဲသည်အချက်နဲ့တင် ရန်သူရဲ့ ကြောက်စရာ ကောင်းပုံကို ခန့်မှန်းသိရှိ နေနိုင်ပါပြီ ။

တကယ်လို့ ရန်သူက သူ့ရဲ့ ချီအရှိန်အဝါကို လုံးဝ ပျောက်ကွယ်သွားအာင် ဖုံးကွယ်ထားနိုင်တယ် ဆိုကြပါစို့ ။ အဲသည်ရန်သူကလည်း ရစဖို့ မသင့်တော်တဲ့ ရန်သူမျိုးပါပဲ ။ အဲသည်ရန်သူက အချိန်မရွေး အနားကို ရောက်လာပြီး အလစ်ဖမ်း လုပ်ကြံသတ်ဖြတ် သွားနိုင်ပါတယ် ။

နောက်ဆုံး ရန်သူကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ ။  ရန်သူက သူ့ရဲ့ အသိစိတ်အာရုံကို တားဆီးပိတ်ပင် ထားနိုင်တယ် ဆိုမှတော့ အဲသည် ရန်သူရဲ့ အသိစိတ်အာရုံဟာ မူလပင်လယ် နယ်ပယ်ကို ရောက်နေပြီဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး ။

" မင်းတို့ သုံးယောက် သည်နေ့ ကံကောင်းတယ် မှတ်လိုက် "

အခြေအနေ မကောင်းတော့ဘူး ဆိုတာကို ရိပ်စားမိလိုက်တဲ့ မီးလျှံသားမွှေး ဝံပုလွေဟာ ဆက်ပြီး မတိုက်ခိုက်တော့ဘဲ ပျားအုံသဏ္ဌာန် တောင်ကြီးရဲ့ လိုဏ်ဂူပေါက် တစ်ခုထဲကို  ပြေးဝင်သွားပါတော့တယ် ။

" ဘာကို ကံကောင်းတာလဲ ။ ကံကောင်းတာက မင်းကွ ။ ငါက မင်းရဲ့ အရေခွံကို ချုပ်ဝတ်ဖို့ စဉ်းစားနေတာ "

ခပ်ပိန်ပိန် လူငယ်က လုံးဝ အတင်စီး မခံပါဘူး ။ သူက မီးလျှံသားမွှေး ဝံပုလွေကို ပြန်လည် ကြိမ်းမောင်းလိုက်ပါသေးတယ် ။

" သည်မီးလျှံသားမွှေး ဝံပုလွေက ငါတို့ ထင်ထားတာထက် ရင်ဆိုင်ရ ပိုခက်တယ် ။ တကယ်လို့ သူ့ရဲ့ မျိုးဆက်သွေး ပြသနာ မပေါ်လာခဲ့ရင် ငါတု့ိအားလုံး ဘေးမသီ၊ရန်မခနဲ့ ပြန်ဆုတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး

ရောဂါသည် လူငယ်ကတော့ အတော်လေး စိတ်ဓာတ် ကျနေတဲ့ ပုံပါပဲ ။

ဝူရှန်းလန်းကလည်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ် ။

" ဟုတ်တယ် ။ ကျွန်တော်တို့ဘက်မှာ ထွတ်ခေါင် အဆင့် ဆရာသခင် ၅ယောက် ရှိရင်ရှိ ဒါမှမဟုတ် မဟာ ဆရာသခင် တစ်ယောက် ရှိမှပဲ သည်မီးလျှံသားမွှေး ဝံပုလွေကို သတ်နိုင်ဖို့ ဖြစ်နိုင်မှာ "

ခပ်ပိန်ပိန် လူငယ်ကလည်း စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့ပါတယ်။

" ဒါကြောင့်လည်း မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်နိုင်ရင် ထောက်ပံ့ရေးရမှတ် ၁၂၀၀၀၀ ပေးမယ်လို့ ဂိုဏ်းတော် ကြေညာထားတာကိုး ။ ဘာမှ အံ့သြစရာတော့ မရှိဘူးပဲ"

သက်တံနီဂိုဏ်းရဲ့ တာဝန်တွေကိုက တစ်ကိုယ်တော် တာဝန်တွေ နဲ့  အုပ်စုလိုက် တာဝန်တွေ ဆိုပြီး နှစ်မျိုး ခွဲခြားထားတာပါ ။

တစ်ကိုယ်တော် တာဝန်တွေကတော့ များသောအားဖြင့် ထောက်ပံ့ရေးရမှတ် ၃၀၀၀၀ လောက်သာ ရတတ်လေ့ ရှိပြီး အုပ်စုလိုက်  တာဝန်တွေကတော့ တစ်ကိုယ်တော် တာဝန်တွေထက် ထောက်ပံ့ရေး ရမှတ် သုံးဆလောက် ပိုရတတ်ပါတယ် ။ ဒါပေမဲ့ အုပ်စုလိုက် တာဝန်တွေကိုတော့ ပါဝင်တဲ့ လူတိုင်းက အချိုးကျ ခွဲဝေ ယူရမှာ ဖြစ်ပါတယ် ။

တကယ်လို့ မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်မှု ရှိနေပြီး အုပ်စုလိုက် တာဝန်ကို တစ်ယောက်တည်း ယူမယ်ဆိုရင်လည်း ဂိုဏ်းတော်က မင်းကို တားမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲသည်တာဝန်ကို ထမ်းဆောင်နေစဉ်မှာ သေသွားခဲ့ရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်အပြစ်တင် ရပါလိမ့်မယ် ။

" စိတ်ဝိညာဉ် အသိစိတ်ဆူးရဲ့ အစွမ်းက မဆိုးဘူးပဲ ။ ဒါတောင်မှ ငါ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ပဲ ရှိသေးတာ "

လီဖူချန်းကတော့ သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးနဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်နှစ်သိမ့် နေပါတယ် ။

သည်စိတ်ဝိညာဉ် အသိစိတ်ဆူးနဲ့ ဆိုရင်တော့ သူ့အနေနဲ့ ထွတ်ခေါင် ဆရာသခင် တစ်ယောက်နဲ့ တွေ့ရင်တောင်မှ ကြောက်စရာ မလိုတော့ပါဘူး ။ တစ်ဖက်လူက လိပ်ပြာ အသိစိတ်အာရုံနဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေ မလေ့ကျင့်ထား သရွေ့ပေါ့။

" သြော်……တိုက်ပွဲ ကောင်းနေတာနဲ့ မေ့နေလိုက်စမ်းတာ ။ ငါ့ရဲ့ တာဝန်က မပြီးသေးဘူးဘဲ ။ ငါက နောက်ထပ် မီးလျှံမြွေ တစ်ကောင်ကို သတ်ရဦးမှာပါလား ။ အင်း…… သည်တစ်ခါ ကျရင်တော့ စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို အသုံးပြုပြီး တိုက်ကြည့်ရမယ် "

လူသားသုံးယောက် နဲ့ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ တိုက်ပွဲအပြီးမှာတော့ လီဖူချန်းက သူ့ရဲ့ တာဝန် ပြီးမြောက်ဖို့အတွက် လိုအပ်နေတဲ့ နောက်ထပ်  မီးလျှံမြွေ တစ်ကောင်ရှာဖို့ ပြင်ပါတော့တယ် ။

နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းဟာ ဒုတိယမြောက် မီးလျှံမြွေကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ ။အဲသည်  မီးလျှံမြွေကတော့ မြေအောက်  မီတာတစ်သောင်း  အနက်က မြေအောက်ဂူ တစ်ခုထဲမှာ ခိုအောင်းနေတာပါ ။

သည်မြွေကတော့ ပထမ မီးလျှံမြွေထက် ပိုအစွမ်း ထက်ပုံပါပဲ ။ သူက လူသားအသွင်ကိုတောင် ယူထားလိုက်ပါသေးတယ် ။

ရှုး……ရှုး……

လီဖူချန်းကို တွေ့ပြီးတာတောင်မှ  မီးလျှံမြွေက ထွက်မပြေးပါဘူး ။ သူက သူ့ရဲ့ လျှာနှစ်ခွကို ထုတ်လိုက် ၊ သွင်းလိုက် လုပ်ပြီး ပြောလိုက်ပါတယ် ။

" အင်း…… လူသား မစားရတာ ကြာလို့ အာသီသ ဖြစ်နေတာနဲ့ အတော်ပဲ ။ မင်းရဲ့ အရသာက ဘယ်လို နေမလဲတော့ မသိဘူး ။ စားလို့တော့ ရမှာပါလေ "

" အိုး…… ဟုတ်လား ။ အတူတူပဲ ။ ငါကလည်း မင်းကို ကင်ပြီး စားဖို့ စဉ်းစားနေတာ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ နဖူးကနေ စိတ်ဝိညာဉ် အသိစိတ်ဆူးကို ပစ်လွှတ်လိုက်ပါတယ် ။

" သွားစမ်း "

ဂါး……ဂရား.

မီးလျှံမြွေက သူ့ရဲ့ မိစ္ဆာသားရဲ ဝိညာဉ် အတိုက်ခိုက် ခံလိုက်ရတဲ့အတွက် ဒေါသတကြီး ဖြစ်သွားခဲ့ပါပြီ ။ကြည့်ရတာတော့ သူက နာကျင်မှု ဝေဒနာကို အတော်လေး ခံစားလိုက်ရတဲ့ ပုံပါပဲ ။

" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး "

လီဖူချန်းရဲ့ တိုက်ခိုက်မှုကလည်း ရပ်တန့်မနေပါဘူး ။ သူ့ရဲ့ မျက်လုံးက ရုပ်စုံမှန်ပြောင်းလို  မြင်ကွင်းပေါင်းစုံ ပြောင်းသွားပြီး မီးလျှံမြွေကို ညှို့ယူလိုက်ပါတယ် ။

" ဟင်း "

ဒေါသတကြီး ဖြစ်နေတဲ့ မီးလျှံမြွေဟာ ရုတ်တရက် ဆိုသလိုပဲ ငြိမ်ကျသွားခဲ့ပါပြီ ။ သူ့ရဲ့ မျက်လုံးတွေကလည်း အရောင်အဆင်း မရှိတော့ပါဘူး ။ သည်မီးလျှံမြွေက ပုံရိပ်ယောင် ကမ္ဘာထဲကို ကျရောက်သွားပြီဆိုတာ အသိသာကြီးပါပဲ ။

" အစွန်းရောက် မျောလွင့်မီးလျှံ "

အဲသည်နောက်မှာတော့ လီဖူချန်းရဲ့ မီးလျှံမြွေဓားက အရောင်တစ်ချက် တောက်သွားပါတော့တယ် ။

ဘုတ်……

မီးလျှံမြွေရဲ့ ဦးခေါင်းဟာ ခန္ဓာကိုယ်နဲ့ အဆက်အသွယ် ပြတ်သွားပြီး မြေပြင်ပေါ်ကို ဘုတ်ခနဲ ပြုတ်ကျလာခဲ့ပါပြီ ။

" ဟမ့်…… မင်းက ထွက်ပြေးချင်သေးတာလား ။ သွားစမ်း "

ရွှမ်း……

မီးလျှံမြွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်က ထွက်ပြေးဖို့ ကြိုးစားသေးပေမယ့်လည်း လီဖူချန်းက အလွတ်မပေးခဲ့ပါဘူး ။ သူက မီးတောက်တစ်ခုကို ဖန်တီးလိုက်ပြီး မိစ္ဆာသားရဲ ဝိညာဉ်ကို လောင်ကျွမ်းစေလိုက်ပါတယ် ။

" အားယား…… လွယ်လိုက်တာကွာ "

လီဖူချန်း အတွက်ကတော့ ဒုတိယ မီးလျှံမြွေကို သတ်ရတာက ပထမ  မီးလျှံမြွေကို သတ်ရတာထက် စာရင် အများကြီး ပိုလွယ်တယ်လို့ ဆိုရပါမယ်  ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ အဲဒါက အင်္ကျီပေါ်မှာ တင်နေတဲ့ ဖုန်တွေကို ခါလိုက်ရတာထက်တောင် ပိုပြီး လွယ်နေပါသေးတယ် ။

***

All Chapters