← Chapters

အပျက်အစီးနယ်မြေများအား ပိတ်ဆို့ချုပ်နှောင်ခြင်း

Vol. 72 Ch. 997

အပျက်အစီးနယ်မြေများအား ပိတ်ဆို့ချုပ်နှောင်ခြင်း

Vol. 72 Ch. 997

ဝမ်ပေါင်လဲ့မှာ လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၏ နေအိမ်တွင် အချိန်အကြာကြီး နေခဲ့ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာလာခဲ့၏။ ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ကောင်းကင်ယံထဲ၌ ထိန်ထိန်သာနေသည့် လမင်းကြီးအား ကြည့်ကာ သူ၏ မျက်နှာအား တိုးဝှေ့တိုက်ခတ်နေသည့် လေပြည်လေညင်းလေးများကို ခံစားရင်း ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် လမ်းမကြီးပေါ်၌ လျှောက်လှမ်းလာ၏။

သူတစ်ယောက်တည်းသာ ထို လမ်းမကြီးပေါ်တွင် ရှိနေသည်တော့ မဟုတ်ပေ။ လမ်းသွားလမ်းလာအချို့မှာ ရံခါဖန်ခါဆိုသလို သူ၏ဘေးမှ ဖြတ်သန်းသွားကြ၏။ သို့သော် ထို လမ်းသွားလမ်းလာများမှာ ဝမ်ပေါင်လဲ့အား မြင်နိုင်စွမ်းမရှိသည့်ပုံပင်။

သူသည် ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့အကြောင်း စဉ်းစားနေ၏။

သူသည် လွှတ်တော်အမတ် ခေါင်းဆောင်ကြီးဆီမှတစ်ဆင့် လီဝမ်အာ ပျောက်ကွယ်သွားခဲ့သည့်အကြောင်းကို သိရှိထားပြီးဖြစ်သည်။ မတော်တဆမှုတစ်ခုကြောင့် သူမသည် အမှောင်ပျံလွှား စစ်ဆင်ရေးထဲ၌ ပါဝင်ခြင်းမရှိခဲ့ပေ။ လီဝမ်အာသည် ထိုကိစ္စနှင့် ပတ်သက်၍ သူမကိုယ်သူမ အပြစ်တင်ခဲ့ပြီး လက်မခံနိုင်လောက်အောင် ဖြစ်ခဲ့ရ၏။ ထို့ကြောင့် သူမသည် ပြည်ထောင်စုကြီး၏ လျှို့ဝှက်ချက်များကို သိရှိထားသဖြင့် ကမ္ဘာဂြိုဟ်ပေါ်ရှိ အပျက်အစီးနယ်မြေအချို့အား သွားရောက်ရှာဖွေခဲ့သည်။

နောက်ဆုံးတွင် သူမသည် ပျောက်ချင်းမလှပျောက်သွားခဲ့၏။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအရာများကို လေ့လာသိရှိခဲ့ပြီးနောက် ကြယ်သုသာန်ထဲ၌ ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့် ဆက်စပ်တွေးတောကြည့်လိုက်သောအခါ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သိလိုက်ရ၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာ သူ၏အတွေးထဲမှ လီဝမ်အာနှင့် တစ်ထေရာတည်း တူနေသည်မဟုတ်ပါလော။

" သူ ဘာလို့ ငါ့ကို မပြောပြခဲ့ရတာလဲ။ ပြောပြလို့မရတဲ့ အရာတွေ ရှိနေလို့လား။ ဒါမှမဟုတ် သူကိုယ်တိုင်က မပြောပြချင်လို့လား " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ သူ၏နှလုံးသားထဲမှ အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ သူတို့မှာ အနာဂတ်တွင် စကြဝဠာကြီးထဲ၌ သေချာပေါက် ပြန်လည်ဆုံတွေ့မည်သာဖြစ်ကြောင်း သူက ယုံကြည်နေသည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောခဲ့ပြီးနောက် လွှတ်တော်အမတ်ခေါင်းဆောင်ကြီး စိတ်အေးလက်အေး နေနိုင်ရန်အလို့ငှာ သူ့အား လီဝမ်အာအကြောင်း ပြောပြခဲ့၏။

တစ်ချိန်ထဲမှာပင် သူသည် လွှတ်တော်ခေါင်းဆောင်ကြီးဆီမှတစ်ဆင့် အမှောင်ပျံလွှားစစ်ဆင်ရေးထဲမှ ပြန်ရောက်မလာသေးသည့် သူမှာ ခုန်းတောက်တစ်ယောက်တည်းသာ မဟုတ်ကြောင်း သိခဲ့ရ၏။ လီဝူချန်းသည်လည်း ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။

သို့သော် ခုန်းတောက်ကဲ့သို့ပင် သူ၏ အသက်မီးအိမ်ထဲမှ မီးတောက်မှာ ငြိမ်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် မည်သည့် အသက်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရကြောင်း သိနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေရသည့်တိုင်အောင် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ လျှောက်နေသည်ဖြစ်ရာ သူတို့အတွက် အကောင်းဆုံးဆုတောင်းပေးရုံမှတစ်ပါး အခြားဘာမှတတ်နိုင်မည် မဟုတ်ကြောင်း နားလည်ထားသည်။

" အပျက်အဆီးနယ်မြေတွေနဲ့ ပတ်သတ်လို့က... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ၎င်းတို့မှာ အန္တရာယ်ရှိသည် မဟုတ်ပါလော။ စန္ဒာကြယ်ဂိုဏ်းနှင့် ကမ္ဘာဂြိုဟ်၏ကြားမှ ဆက်ဆံရေးအား အတိအကျ မသိနိုင်ပါသော်လည်း ထိုဂိုဏ်းမှာ အလွန်အင်မတန်မှ အင်အားကြီးသည်ဟု ဆိုနိုင်ပေသည်။ သူတို့နှင့် ယှဉ်လိုက်ပါက လက်ရှိပြည်ထောင်စုကြီးမှာ အလွန်အင်မတန်မှ အားနည်းနေသေး၏။ သို့ဖြစ်ရာ ထိုအဖွဲ့နှစ်ဖွဲ့၏ ကြားမှ အင်အားချိန်ခွင်လျှာမှာ ညီမျှမှုမရှိပေ။

ထို့ကြောင့် ပြည်ထောင်စုကြီးမှာ အသာစီးရနိုင်မည် မဟုတ်ပေ။

" ဒီလိုဆိုမှတော့... အဲဒီ အပျက်အဆီးနယ်မြေတွေကို ပိတ်ပစ်တာ အကောင်းဆုံးပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်၍ ကမ္ဘာဂြိုဟ်တစ်ခုလုံးအား လွှမ်းခြုံသွားစေလိုက်ပြီး ထို အပျက်အစီးနယ်မြေများအားလုံးကို လိုက်လံရှာဖွေလိုက်တော့သည်။

သူ၏ နတ်ဘုရားအာရုံ ပျံ့နှံ့သွားသည်နှင့် ကမ္ဘာဂြိုဟ်ပေါ်ရှိ အရာရာတိုင်းမှာ သူ၏ အသိစိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ ပေါ်ပေါက်လာ၏။ သူသည် မြို့အသီးသီးရှိ အိမ်ထောင်စုပေါင်းများစွာမှ မီးရောင်များကို မြင်လိုက်ရသည်။ မရေမတွက်နိုင်လောက်အောင် များပြားသည့် လူပေါင်းမြောက်မြားစွာမှာ လောကဓံတရားအား ရင်ဆိုင်ကျော်ဖြတ်နေကြ၏။

သူတို့မှာ ဘဝအမျိုးမျိုးကို ကိုယ်စားပြုနေကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ ထို့နောက် သူသည် မျက်စိတစ်စုံး ကျယ်ပြောနေသည့် ကန္တာရကြီးကိုလည်း မြင်လိုက်ရသည်။ ယခင်တုန်းက ၎င်းမှာ သားရဲကြီးများ စုဝေးရာနေရာ ဖြစ်ခဲ့၏။ ယခုတွင်မူ ထိုသားရဲကြီး၏ အရေအတွက်မှာ နည်းပါးသွားပြီဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးနှင့် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည့် ပင်လယ်ကြမ်းပြင်တို့ကိုလည်း မြင်လိုက်ရသေးသည်။ သမုဒ္ဒရာကြီး၏ အောက်ခြေရှိ ပင်လယ်သားရဲကြီးများမှာလည်း ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံကြောင့် တဆတ်ဆတ် တုန်ရီနေကြရသည်သာဖြစ်သည်။

" ဘာလျှို့ဝှက်ချက်မှ မရှိတော့ပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ကမ္ဘာဂြိုဟ်တစ်ခုလုံးပေါ်၌ ဖြည်းဖြည်းချင်း ပို၍ အားကောင်းလာနေသည့် ဝိညာဉ်ချီများကို အာရုံခံမိလိုက်သည်။

ထို ဝိညာဉ်ချီမှာ အားပျော့နေသေးပါသော်လည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေဆဲပင်။ ရှေးဦးဝိညာဉ်ခေတ် စတင်ခဲ့သည့် အချိန်ကတည်းက ကမ္ဘာဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီများမှာ ရှေးဟောင်းဓားကြီး၏ အပိုင်းအစများဆီမှ ထွက်ပေါ်လာခဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့မှာ သဘာဝပတ်ဝန်းကျင်ကြီးထဲ၌ အဆက်မပြတ် ပေါ်ပေါက်လာခဲ့သည့် ပြောင်းလဲမှုများကြောင့် သဘာဝအလျောက် ဖြည်းညင်းစွာ စုစည်းလာခဲ့ကြ၏။

သို့ဖြစ်ရာ ပြင်ပအကူအညီများ မရလျှင်တောင် နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားပြီးလျှင် ကမ္ဘာဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီများမှာ အလွန်အင်မတန်မှ အားကောင်းနေမည်ဖြစ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုမြင်ကွင်းများကို ကြည့်ရှုနေစဉ် နောက်ဆုံးတွင် သူ၏ အသိစိတ်ထဲ၌ နယ်မြေကိုးခု ပေါ်ပေါက်လာတော့သည်။

၎င်းတို့မှာ အပျက်အစီးနယ်မြေကိုးခု ဖြစ်ပေသည်။

ထို အပျက်အစီးနယ်မြေကိုးခုမှာ ကမ္ဘာဂြိုဟ်ပေါ်၌ တစ်နေရာစီ ရှိနေ၏။ ၎င်းတို့၏ ကြားမှ အကွာအဝေးများမှာ တစ်ခုနှင့်တစ်ခု မတူပါသော်လည်း ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင် အချုပ်အနှောင်များ၏ အငွေ့အသက်များကို ခပ်ရေးရေးမျှ အာရုံခံမိနေသည်။

အထူးသဖြင့် နေရာသုံးခုမှာဆိုလျှင် ဝမ်ပေါင်လဲ့ ဖတ်ရှုဖူးခဲ့သည့် ပြည်ထောင်စုကြီး၏ လျှို့ဝှက်မှတ်တမ်းများထဲတွင် မပါပေ။ သို့ဖြစ်ရာ ပြည်ထောင်စုကြီးမှာ ထို အပျက်အစီးနယ်မြေ သုံးခုအား သတိထားမိခြင်း မရှိသေးကြောင်း သိနိုင်ပေသည်။

၎င်းတို့မှာ ပင်လယ်ကြီး၏ အောက်ခြေတွင် ရှိနေကြ၏။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ထို အပျက်အစီးနယ်မြေကိုးခုထဲ၌ ထူးခြားသော စွမ်းအင်လှိုင်း တစ်ခုတလေပင် အာရုံခံမိခဲ့ခြင်း မရှိပေ။ ၎င်းတို့မှာ သာမန် အပျက်အစီးနယ်မြေများနှင့်သာ တူနေ၏။

သို့သော် ရှေးဦးဝိညာဉ်ခေတ် အစကတည်းက သာမန်ဟုထင်ရသည့် ထို အပျက်အစီးနယ်များထဲသို့ ဝင်ရောက်သွားခဲ့သည့် လူတိုင်းမှာ ပျောက်ကွယ်သွားခဲ့ရသည်သာ ဖြစ်သည်။

" စန္ဒာကြယ်ဂိုဏ်းက... ရန်သူလား၊ မိတ်ဆွေလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လမ်းမကြီးပေါ်မှ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် ပထမဆုံး အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင် ပြန်လည် ပေါ်ပေါက်လာသည်။

ထို အပျက်အစီးနယ်မြေမှာ မြေကြီးအောက်၌ ရှိနေ၏။ ၎င်း၏ အထက်တွင် တောင်တန်းတစ်ခု ရှိနေပြီး ယခင်တုန်းက သားရဲကြီးများမှာ ထိုနေရာ၌ စုဝေးလေ့ရှိကြပေသည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုနေရာ၌ ပေါ်ပေါက်လာသည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသည့် မြင်ကွင်းကိုသာ မြင်လိုက်ရ၏။ တောင်ထိပ်များပေါ်တွင် သစ်ပင်များ ပေါက်ရောက်နေသဖြင့် စိမ်းစိုနေဆဲဖြစ်ပါသော်လည်း ထိုနေရာတစ်ဝိုက်တွင် ကိန်းအောင်းနေသည့် သေမင်း အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းနေသည်။

သို့ဖြစ်ရာ ရှေးယခင်တုန်းက ဤနေရာတွင် သားရဲကြီးများနှင့် ကျင့်ကြံသူများ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ရပေမည်။ အပျက်အစီးနယ်မြေ၏ ဝင်ပေါက်မှာ စမ်းချောင်းလေးတစ်ခု ဖြစ်၏။ ၎င်းမှာ တစ်ဝက်ကျော် ပျက်စီးနေပြီဖြစ်သည့်တိုင်အောင် ဖြတ်သန်း၍ရနေဆဲပင်။ ထို့အပြင် ထို ဝင်ပေါက်၏ ပတ်ပတ်လည်တွင် မန္တန်အစီအရင် အချုပ်အနှောင် တစ်ခု၏ စွမ်းအားများလည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုမန္တန်အစီအရင် အချုပ်အနှောင်မှာ ကောင်းကင်တာအိုကျောင်း၏ မန္တန်အစီအရင်ဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။ ထို့အပြင် ကောင်းကင်တာအိုကျောင်းထဲတွင်သာ မြင်ရတတ််သည့် မြူခိုးများလည်း ရှိနေသေးသည်။

" အရင်တုန်းက မဟာထိပ်သီးအကြီးအကဲကြီး ပိတ်ခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားလိုက်ပြီး ထို မန္တန်အစီအရင် အချုပ်အနှောင်ကြီးအား လျစ်လျူရှုကာ စမ်းချောင်းလေးထဲသို့ ဝင်သွားလိုက်သည်။ သူသည် အပျက်အစီးနယ်မြေ၏ အတွင်းပိုင်းထဲသို့ ရောက်သည့်အထိ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားလိုက်၏။ ထိုနေရာကြီးမှာ ပြောင်သလင်းခါနေပြီ ဖြစ်သည်။ အပျက်အစီးနယ်မြေ၏ အဆုံးရှိ မြေပြင်ပေါ်တွင်မူ မန္တန်အစီအရင်တစ်ခု ဖျက်ဆီးခံခဲ့ရသည့် အရိပ်အယောင်များကို အထင်အရှား မြင်နိုင်ပေသည်။

ထို မန္တန်အစီအရင်ကြီး ရှိနေသည်မှာ အချိန်အတော်အတန် ကြာမြင့်နေလောက်ပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် ရာသီဥတုဒဏ် တိုက်စားခံထားရသည့် အရိပ်အယောင်များပင် ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ တစ်ချက်ကြည့်လိုက်ရုံမျှနှင့် ထို မန္တန်အစီအရင်ကြီးအား တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များအတွက် အသုံးပြုကြောင်း သိလိုက်၏။ ၎င်းမှာ အပျက်အစီးနယ်မြေတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိသည့်ပုံပင်။ ထို့အပြင် ၎င်းမှာ ပျက်စီးနေသည့်ပုံ ပေါ်ပါသော်လည်း အလုပ်လုပ်နေဆဲပင်။ သို့သော် ၎င်း အကျိုးသက်ရောက်နိုင်စွမ်းရှိသည့် အကွာအဝေးမှာ လျော့နည်းသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို မန္တန်အစီအရင်ကြီးအား စိုက်ကြည့်ကာ ၎င်း၏ တည်ဆောက်ပုံအား စိတ်ထဲတွင် မှတ်သားလိုက်သည်။ ထို့နောက် သူသည် မျက်ဝန်းများ တောက်ပသွား၏။ သူ၏ နောက်တွင်လည်း ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါ်ပေါက်လာပြီး တာအိုဂြိုဟ်အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ထို မန္တန်အစီအရင်ပေါ်သို့ အသာအယာ ဖိချလိုက်၏။

ထိုအခါ မြေပြင်ကြီးမှာ စတင်တုန်ရီလာ၏။ မန္တန်အစီအရင်ကြီးမှာလည်း တုန်ရီသွားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။ ထို အက်ကွဲကြောင်းများမှာ တဖြည်းဖြည်းနှင့် ပိုများလာပြီး နောက်ဆုံးတွင် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် မန္တန်အစီအရင်ကြီး တစ်ခုလုံးမှာလည်း မျက်လုံးဖြင့် မမြင်နိုင်သည့် လက်ကြီးတစ်ဖက်၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည့်အလား လေးပိုင်းကွဲသွားသည်။

ထို့နောက် မျက်လုံးနှင့် မြင်နိုင်သည့် ဝိညာဉ်ချီ အမြောက်အမြားမှာ အက်ကွဲကြောင်းများထဲမှ ထိုးထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ နောက်ဆုံးတွင် ၎င်းတို့မှာ ထိုနေရာကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့နှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားတော့သည်။

ထိုအခါမှသာ မန္တန်အစီအရင်ကြီး၏ စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွား၏။

ဝမ်ပေါင်လဲ့မှာ ထိုနေရာတစ်ခုလုံးအား ထပ်၍ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် မည်သည့်အရာမှ မကျန်ခဲ့ကြောင်း သေချာသွားသောအခါမှသာ နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။ ထိုသို့ဖြင့် သူသည် ဒုတိယမြောက် အပျက်အစီးနယ်မြေမှ ဆဋ္ဌမမြောက် အပျက်အစီးနယ်မြေအထိ တစ်ခုပြီးတစ်ခု သွားလိုက်၏။

ထို အပျက်အစီးနယ်မြေ ငါးခုစလုံးမှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ နေရာအမျိုးမျိုးတွင် ရှိနေ၏။ အချို့မှာ မြစ်များထဲ၌ ရှိနေပြီး အချို့မှာမူ မြေကြီးအောက်တွင်ရှိကာ အချို့မှာ တောအုပ်ကြီးများထဲ၌ ရှိကြပေသည်။ ၎င်းတို့ အားလုံးမှာ တစ်ခုနှင့်တစ်ခု မတူကြပေ။ မြစ်ထဲရှိ အပျက်အစီးနယ်မြေကြီးမှာ အရွယ်အစား မကြီးမားပါသော်လည်း နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များ ရှိနေကြ၏။ ၎င်းမှာ ကမ္ဘာငယ်လေးတစ်ခုနီးပါး ကြီးကျယ်ခမ်းနားပေသည်။

မြေကြီးအောက်ရှိ အပျက်အစီးနယ်မြေမှာ မြေအောက်မြို့တော်တစ်ခုဖြစ်ပြီး တောအုပ်ထဲရှိ အပျက်အစီးနယ်မြေထဲတွင်မူ အမည်မသိ နတ်ဘုရားတစ်ပါးအား ကိုးကွယ်ပူဇော်ရာ၌ အသုံးပြုသည့် ပလ္လင်တစ်ခု ရှိနေသည်။

ထို အပျက်အစီးနယ်မြေများ အားလုံးမှာ ပြည်ထောင်စုကြီး၏ မှတ်တမ်းများထဲ၌ မှတ်တမ်းတင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားလုံးမှာ ပိတ်ဆို့ချုပ်နှောင်ခံထားရသည့်ပုံ ပေါက်နေကြပြီးသား ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ အမြင်တွင် ထို အချုပ်အနှောင်များမှာ ပြီးပြည့်စုံမှုမရှိပေ။ ထို့ကြောင့် သူသည် ထို အပျက်အစီးနယ်မြေ ငါးခုထဲမှ မန္တန်အစီအရင်များအား ဖျက်ဆီးပစ်ခဲ့သည်သာ ဖြစ်သည်။

သို့သော် ထို အပျက်အစီးနယ်မြေ ငါးခုစလုံးမှာ လျှို့ဝှက်ဆန်းကြယ်သည့်ပုံ ပေါက်နေသည့်တိုင်အောင် သူသည် မည်သည့် သဲလွန်စမှ ရှာမတွေ့ခဲ့သဖြင့် နောင်တရသွားရ၏။ သို့ဖြစ်ရာ ထို အပျက်အစီးနယ်မြေများ ပွင့်လာခဲ့စဉ်တုန်းက အရာအားလုံးမှာ ပျက်စီးသွားသကဲ့သို့ပင်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီး၏ မှတ်တမ်းများထဲ၌ ဖော်ပြထားခြင်းမရှိသော ပင်လယ်ကြီး၏ အောက်ခြေရှိ အပျက်အစီးနယ်မြေ သုံးခုအား လှမ်းကြည့်လိုက်၏။

၎င်းတို့ထဲမှ တစ်ခုမှာ ပေ သိန်းပေါင်းများစွာရှည်လျားသည့် ဝေလငါးကြီးတစ်ကောင်၏ ရုပ်အလောင်းကြီး ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပင်လယ်ကြမ်းပြင်ထဲ၌ မြုပ်နေ၏။ ပင်လယ်ကြမ်းပြင်ပေါ်တွင် ပေါ်နေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာမူ သေမင်း အငွေ့အသက်များ ထုတ်လွှတ်နေသဖြင့် ထိုနေရာတဝိုက်ရှိ ပင်လယ်ကြီးမှာ မည်းနက်နေသည်။

အခြားနယ်မြေတစ်ခုမှာ ပင်လယ်ရေညှိများ ဖုံးနေသည့် ဘုရားကျောင်းတစ်ကျောင်း ဖြစ်သည်။ ၎င်းမှာ ကမ္ဘာကြီးထဲရှိ ပြောင်းလဲမှုများမှ ထွက်ပေါ်လာသည့် စွမ်းအားများကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် ပုံပင်။

ထို ဘုရားကျောင်း၏ရှေ့တွင် ကျင့်ကြံသူတစ်ယောက်၏ ရုပ်တုတစ်ခု ရှိနေ၏။ သူ၏မျက်နှာမှာ မှုန်ဝါးဝါး ဖြစ်နေပါသော်လည်း သူ၏ နောက်ကျောတွင် လွယ်ထားသည့် ကျောက်ဓားကြီးမှာ အားကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေဆဲပင်။ ထို အငွေ့အသက်များကြောင့် နှစ်ပေါင်းများစွာအတွင်း ၎င်း၏ အနီးသို့ ရောက်ရှိလာခဲ့သည့် ပင်လယ်သတ္တဝါများ အားလုံးမှာ သေဆုံးသွားခဲ့ကြပြီး အရိုးစုများအဖြစ် ဘဝနိဂုံးချုပ်သွားခဲ့ရသည်သာ ဖြစ်သည်။ ၎င်း၏ တို့၏ အရိုးစုများမှာ တောင်လိုပုံနေ၏။

နောက်ဆုံး အပျက်အစီးနယ်မြေမှာ တောင်တစ်လုံးဖြစ်သည်။

ထို တောင်ခြေတွင် ကျောက်တုံးတံခါးတစ်ချပ် ရှိနေ၏။ ထို တံခါးပေါ်တွင် ထူးဆန်းသော စွမ်းအားများ ကိန်းအောင်းနေသည့် ကမ္ဗည်းစာလုံးများကို ရေးထိုးထားသည်။ ထို ကမ္ဗည်းစာလုံးများအား မြင်လိုက်ရသည့် ကျင့်ကြံသူတိုင်းမှာ ၎င်းတို့၏ အဓိပ္ပါယ်အား ချက်ချင်းနားလည်သွားမည်သာ ဖြစ်သည်။

ထို ကမ္ဗည်းစာလုံးများ၏ အဓိပ္ပါယ်မှာ...ပင်လယ်အချုပ်အနှောင် ဖြစ်ပေသည်။

All Chapters