အကောင်းနှင့်အဆိုးအား ခွဲခြားခြင်း
Vol. 72 Ch. 998
" ဝေလငါး ရုပ်အလောင်းကြီး၊ ဘုရားကျောင်းနဲ့ ပင်လယ်အချုပ်အနှောင် " ဝမ်ပေါင်လဲ့မှာ သူ ကြားဖူးထားသည့် ကမ္ဘာဂြိုဟ်ပေါ်မှ ဒဏ္ဍာရီများအား ပြန်၍စဉ်းစားမိလိုက်၏။ ၎င်းတို့ထဲတွင် ဤ အရာများနှင့် ဆင်တူသည့် ဒဏ္ဍာရီအချို့ ရှိပါသော်လည်း သေသေချာချာ နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ၎င်းတို့မှာ လုံးဝမတူကြောင်း သိလိုက်ရသည်။
သို့ဖြစ်ရာ ၎င်းတို့မှာ ပြည်ထောင်စုကြီး၏ မှတ်တမ်းများထဲတွင်သာမက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် ဒဏ္ဍာရီပုံပြင်များထဲတွင်ပါ မရှိသော အရာများ ဖြစ်ပေသည်။
" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် ဝေလငါး ရုပ်အလောင်းကြီး ရှိနေသည့် ပင်လယ်ကြီး၏ အောက်ခြေတွင် ရောက်နေပြီဖြစ်သည်။ သူသည် ထိုနေရာ၌ ပေါ်ပေါက်လာသည်နှင့် အမှောင်ထုကြီးကိုသာ မြင်လိုက်ရ၏။ အားကောင်းသည့် သေမင်းအငွေ့အသက်များကြောင့် ဤနေရာတစ်ဝိုက်ရှိ ပင်လယ်ရေများထဲတွင် ထူးဆန်းသော တိုက်စားမှုစွမ်းအားတစ်မျိုး ကိန်းအောင်နေသည့်ပုံပင်။
ပင်လယ်နေသတ္တဝါများသာ ထို ဝေလငါး ရုပ်အလောင်းကြီး၏ အနီးသို့ မကပ်နိုင်ရုံသာမက ဝမ်ပေါင်လဲ့ပင်လျှင် အနည်းငယ်ခန့် နေမထိထိုင်မသာ ဖြစ်လာရ၏။ သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်နေသည့်တိုင်အောင် ဂြိုဟ်အဆင့်တွင် ရှိနေဆဲပင်။ ထို့အပြင် သူ၏ တာအိုဂြိုဟ်လည်း ရှိနေသေးသည်ဖြစ်ရာ သူ၏ အသက်စွမ်းအားဖြင့် ဖန်တီးထားသည့် ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ်လောက် အစွမ်းမထက်လျှင်တောင် ကွဲပြားခြားနားမှု သိပ်ရှိမည်မဟုတ်ပေ။
အကယ်၍ ယခုတွင် သူသည် အင်မော်တယ်ဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းထားသည့် နှောင်းပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် တိုက်ခိုက်နိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။ သို့သော် သူသည် ဤနေရာတွင် လိုအပ်သည့် အကာအကွယ်များ မရှိဘဲ အချိန်အကြာကြီး နေနေမည်ဆိုပါက သူ၏ အသက်စွမ်းအားများ ထိခိုက်သွားမည်သာဖြစ်ကြောင်း အာရုံခံမိနေ၏။
သို့ဖြစ်ရာ ဤနေရာကြီးမှာ ထူးဆန်းနေသလို အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ အကယ်၍ အခြားသူများသာ ဤနေရာသို့ ရောက်လာမည်ဆိုပါက သူတို့မှာ ဂြိုဟ်အဆင့်တွင် ရှိနေလျှင်တောင် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းမိသွားရုံနှင့် သေဆုံးသွားရမည်သာ ဖြစ်သည်။
" ဝေလငါး ရုပ်အလောင်းကြီး " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ ထိုအချိန်တွင် သူ၏ နောက်၌ ရှေးဟောင်းဂြိုဟ်ကိုးလုံး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး တာအိုဂြိုဟ်အဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကြယ်အလင်းရောင်များ ချက်ချင်းထွက်ပေါ်လာ၏။ ထို့ကြောင့် သူသည် ညအမှောင်ထဲရှိ မီးတုတ်တစ်ချောင်းကဲ့သို့ ဖြစ်သွားသဖြင့် နက်မှောင်နေသည့် ပင်လယ်ကြီး၏ အောက်ခြေ၌ ထင်းခနဲ ပေါ်လာတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ကြယ်အလင်းရောင်များမှာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားပြီး သူ၏ ဘေးပတ်ဝန်းကျင် တစ်ခုလုံးအား အလင်းပေးလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ ပေတစ်သိန်းကျော်ရှည်လျားသည့် ဝေလငါးကြီး၏ ရုပ်အလောင်းကြီးအား ပို၍ ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိသွားတော့သည်။
၎င်း၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်နေသည့် အရိုးများပေါ်တွင် ကမ္ဗည်းစာလုံးများ ရေးထိုးထား၏။ တစ်ချိန်ထဲမှာပင် ပုပ်ပွနေသည့် အသားများထဲ၌ အိပ်စက်နေကြသည့် တီကောင်အမြောက်အမြားလည်း ရှိနေသေးသည်။ ထို တီကောင်များမှာ သေမင်းအငွေ့အသက်များကြောင့် ပေါ်ပေါက်လာသည့်ပုံပေါ်ပြီး ၎င်းတို့၏ အရေအတွက်မှာ ကြောက်ခမန်းလိလိ များပြားနေ၏။
ထိုမြင်ကွင်းမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူအများစုအား အမူအရာများ ပြောင်းလဲသွားစေနိုင်လောက်ပေသည်။ အထူးဂြိုဟ်များဖြင့် ပေါင်းစည်းနိုင်ခဲ့ပြီး စည်းမျဥ်းဥပဒေသများ ပိုင်ဆိုင်ထားသည့် ဂြိုဟ်အဆင့် ပါရမီရှင်များလျှင် ဤနေရာသို့ ရောက်လာပါက တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။ သူတို့မှာ ဤနေရာမှာ ထွက်ခွာသွားရန် အရင်ဆုံးတွေးမိလိုက်မိသာ ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှသာ အထူးတဆန်း ဖြစ်သွား၏။ သူသည် မျက်လုံးများ မှေးသွားပါသော်လည်း ရှေးဟောင်းဂြိုဟ်ကိုးလုံးထဲမှ အနက်ရောင်ဂြိုဟ်မှာ ရုတ်တရက်ဆိုသလို ဝင်းလက်စွာ တောက်ပလာသည်။ ၎င်းမှာ အခြား ရှေးဟောင်းဂြိုဟ်များ၏ အလင်းရောင်များကို အစားထိုးသွားပြီး တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသ၏ ကူညီထောက်ပံ့မှုနှင့်အတူ ဝမ်ပေါင်လဲ့၏ နောက်၌ တောက်ပနေတော့သည်။
ထို အနက်ရောင် ရှေးဟောင်းဂြိုဟ်၏ စည်းမျဉ်းဥပဒေသမှာ မရဏတာအို ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အမှောင်ကလေးငယ်တစ်ယောက်ဖြစ်ရာ သူ၏ နတ်ဘုရားစွမ်းရည်များမှာ အသေကောင်များအား ကြောက်ရွံ့ခြင်းမရှိပေ။ ထို အချက်နှစ်ချက်ကြောင့် ဝမ်ပေါင်လဲ့မှာ သေမင်း အငွေ့အသက်များ အားလုံးကို လျစ်လျူရှုနိုင်စွမ်း ရှိနေ၏။ သူသည် ဝေလငါး ရုပ်အလောင်းကြီးအား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ၎င်း၏ အနီးသို့ ချဉ်းကပ်သွားလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ ဝေလငါး ရုပ်အလောင်းကြီး၏ နံရိုးများ၏ ကြားထဲသို့ တိုးဝင်သွားလိုက်တော့သည်။
ဝေလငါး ရုပ်အလောင်းကြီးထဲတွင် အခြားကမ္ဘာတစ်ခု ရှိနေ၏။ ၎င်းမှာ ဇီဝစစ်သင်္ဘောတစ်စင်းကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ၎င်း၏ ခန္ဓာကိုယ်ထဲ၌ လိုက်လံရှာဖွေလိုက်ပြီးနောက် အခန်းအမြောက်အမြား ရှာတွေ့ခဲ့၏။ သို့သော် အချိန်၏ တိုက်စားမှုကြောင့် ၎င်းတို့ အများစုမှာ ယိုယွင်းပျက်စီးနေပြီဖြစ်သည်။ ထို အခန်းများထဲတွင် ရုပ်အလောင်းများ ရှိနေကြ၏။
ထို ရုပ်အလောင်းများ၏ အရေအတွက်မှာ အနည်းဆုံး တစ်ထောင်ဝန်းကျင်ခန့် ရှိပေသည်။ ၎င်းတို့အားလုံးမှာ ဆွေးမြည့်နေပြီဖြစ်ပြီး ၎င်းတို့ထဲမှ အများစု၏ ခန္ဓာကိုယ်များမှာ တစ်ဝက်တစ်ပျက် ဖြစ်နေသည့်တိုင်အောင်... ၎င်းတို့မှာ လူသားကျင့်ကြံသူများ မဟုတ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ လင်းယုံ၏ ပြောစကားများအရ စန္ဒာကြယ်ဂိုဏ်းမှာ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာသွားခဲ့သည့်ဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံများမှာ လူသားများနှင့် ဆင်တူရပေမည်။ သို့သော် ဤ ရုပ်အလောင်းများမှာ မတူပေ။ ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အခန်းတစ်ခန်းထဲ၌ ရပ်တန့်သွား၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်ရှိ ရုပ်အလောင်းတစ်ခုအား ကြည့်လိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသည် အတွေးများထဲ၌ နစ်မျောသွား၏။
" ရုန်းကန်ထားတဲ့ လက္ခဏာတွေလည်း မရှိဘူး။ ကြည့်ရတာ ဒီ ဝေလငါးကြီးထဲက အရာတွေအားလုံးက ချက်ချင်းသေသွားတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေရင်း ရုတ်တရက်ဆိုသလို မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် သူ၏ခြေထောက်ရှိ ကြမ်းပြင်ပေါ်တွင် သွေးအမျှင်အတန်းများ မရေမတွက်နိုင်လောက်အောင် ပေါ်ပေါက်လာပြီး သူ့အား လွှမ်းခြုံသွားတော့သည်။
သို့သော် ထို အမျှင်အတန်းများမှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများနှင့် ရိုက်ခတ်မိသွားသဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။
ထို့နောက် ဝေလငါး ရုပ်အလောင်းကြီး၏ ခန္ဓာကိုယ်ထဲမှ သွေးအမျှင်အတန်းများ ထပ်၍ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား ဝါးမျိုပစ်တော့မည့်အလား သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြပြန်သည်။ ထို့အပြင် ထို သွေးအမျှင်အတန်းများမှာ ထူးဆန်းနေ၏။ ဝမ်ပေါင်လဲ့မှာ ထို အမျှင်အတန်းများထဲတွင် သက်ရှိများအား ချုပ်နှောင်နိုင်စွမ်းရှိသော နတ်ဘုရားစွမ်းရည်တစ်မျိုး ကိန်းအောင်းနေသည်ကို အာရုံခံမိလိုက်သည်။ ထို သွေးအမျှင်အတန်းများနှင့် ထိသွားသည်နှင့် လှုပ်ရှားနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
" အပေါစား လှည့်ကွက်တွေ " ဝမ်ပေါင်လဲ့မှာမူ အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ သူ့ဆီသို့ သွေးရူးသွေးတန်း ဦးတည်လာနေသည့် သွေးအမျှင်အတန်းများအား လျစ်လျူရှုလိုက်၏။ ထို့နောက် သူ သူ၏ လက်ဖြင့် လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်သောအခါ သွေးတာအို စည်းမျဉ်းဥပဒေသမှာ စတင် အသက်ဝင်လာတော့သည်။ ၎င်းမှာ သွေးကွင်းတစ်ကွင်းအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခါ သူ့ဆီသို့ ဦးတည်လာနေကြသည့် သွေးအမျှင်အတန်းများ အားလုံးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး နောက်သို့ပြန်လှည့်ကာ ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အေးစက်စက် နှာမှုတ်လိုက်သဖြင့် ထို သွေးအမျှင်အတန်းများ အားလုံးမှာ အတင်းအဓမ္မ ရပ်တန့်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ပြန်၍ ဦးတည်လာကြပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ ၎င်းတို့မှာ သူ၏ လက်ဖဝါးပေါ်၌ စုစည်းသွားကြ၏။
မျက်စိတစ်မှိတ်အတွင်းတွင် သွေးအမျှင်အတန်းများ အားလုံးမှာ ဝမ်ပေါင်လဲ့၏ လက်ဖဝါးပေါ်၌ စုစည်းသွားကြပြီး သွေးစက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ထို စက်လုံးမှာ အဆက်မပြတ် လူးလွန့်ကာ လူပုံစံ လူပုလေးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ အော်ဟစ်ရုန်းကန်နေပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား တိုက်ခိုက်ချင်နေသည့်ပုံ ပေါက်နေသည်။
" အဆောင်ဝိညာဉ်တစ်ခုပါလား " ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင်သန့်စင်ခြင်းပညာရပ်၌ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရာ ထို လူပုလေး၏ မူလဇစ်မြစ်အား ချက်ချင်း ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်ဖြင့် ထို သွေးရောင်လူပုလေးအား လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး သူ၏ ဘယ်ဘယ်လက်ဖြင့် ဝေလငါး ရုပ်အလောင်းကြီး၏ အတွင်းပိုင်းနံရံအား ဖိလိုက်တော့သည်။
" မင်းက တော်တော်သတ္တိကောင်းတာပဲ။ ငါက အသေကောင်တွေရဲ့ ဝိညာဉ်တွေနဲ့ ရုပ်အလောင်းတွေအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ကွ "
" ထစမ်း "
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် အနက်ရောင် ရှေးဟောင်းဂြိုဟ်၏ သဘာဝ စည်းမျဉ်းဥပဒေသစွမ်းအားများ ထွက်ပေါ်လာ၏။ ထိုအခါ ပေတစ်သိန်းကျော် ရှည်လျားသည့် ဝေလငါး ရုပ်အလောင်းကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ထူးဆန််းသော စွမ်းအားတစ်မျိုးမှာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ချက်ချင်း ပြည့်နှက်သွားသည်။ ထိုအချိန်တွင် ဆွေးမြည့်ပျက်စီးသွားပြီဖြစ်သည့် ၎င်း၏ မျက်လုံးများရှိရာ အနက်ရောင် အပေါက်များထဲတွင် မီးတောက်များ စတင်တောက်လောင်လာတော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း ၎င်း အသက်ပြန်ရှင်လာသည့်အလား တုန်ရီနေပြီဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ကျော်မှာ ပင်လယ်ကြမ်းပြင်ကြီး၏ အောက်၌ မြုပ်နေသည့်တိုင်အောင် ၎င်းမှာ အသက်ပြန်ဝင်လာပြီးနောက် တစ်ကိုယ်လုံး ယမ်းခါနေသည် မဟုတ်ပါလော။ ထို့ကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ဝေလငါး ရုပ်အလောင်းကြီး၏ အမြီးနှင့် ဆူးတောင်များမှာ တုန်ရီသွားသလို ၎င်း၏ ခန္ဓာကိုယ်မှာလည်း ပင်လယ်ကြမ်းပြင်ထဲမှ ရုန်းထွက်လာတော့သည်။ ထိုအခါ ၎င်း၏ ဝမ်းဗိုက်၌ ချိတ်ဆက်ထားသည့် သွေးအမျှင်အတန်းပေါင်း မြောက်မြားစွာအား မြင်လိုက်ရ၏။
ထို သွေးအမျှင်အတန်းများ၏ အဆုံးရှိ ပင်လယ်ကြမ်းပြင်ကြီး၏ အောက်တွင်မူ... အလွန်အင်မတန်မှ နက်ရှိုင်းသည့် ကျင်းကြီးတစ်ကျင်း ရှိနေသည်။ ထို ကျင်းကြီးထဲတွင် ဧရာမ မန္တန်အစီအရင်ကြီးတစ်ခု ရှိနေ၏။
ထို မန္တန်အစီအရင်ကြီးပေါ်ရှိ သွေးအမျှင်အတန်းများမှာ ဝေလငါး ရုပ်အလောင်းကြီးနှင့် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ ရှိနေသည့် သွေးရောင် လူပုလေးတို့နှင့် ချိတ်ဆက်နေသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ အဆက်မပြတ် ရုန်းကန်နေပြီး အော်ဟစ်မြည်တမ်းနေသည့် သွေးရောင် လူပုလေးမှာ တစ်ခဏမျှ ဆွံ့အမှင်တက်သွား၏။ ထို့နောက် ၎င်းမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေမိတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သွေးရောင် လူပုလေး၏ ကြောက်ရွံ့နေသော အမူအရာများကို လျစ်လျူရှုကာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး ဝေလငါး ရုပ်အလောင်းကြီး၏ အပြင်ဘက်၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ ပင်လယ်ကြမ်းပြင်ထဲရှိ မန္တန်အစီအရင်ကြီးအား ကြည့်လိုက်သည်။ သူသည် ထို မန္တန်အစီအရင်ကြီးမှာ သူ သွားရောက်ခဲ့ဖူးသည့် အပျက်အစီးနယ်မြေများထဲမှ မန္တန်အစီအရင်များနှင့် ဆင်တူနေသည်ဖြစ်ကြောင်း ခံစားနေရသည်။ ၎င်းတို့အားလုံးမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်များ ဖြစ်ကြ၏။ သို့သော် တစ်ချိန်ထဲမှာပင် သူသည် ဤ မန္တန်အစီအရင်ကြီးမှာ အခြား မန္တန်အစီအရင်များနှင့် မတူဘဲ ကွဲပြားနေသည်ဟုလည်း ခံစားနေရသေးသည်။
အခြား အပျက်အစီးနယ်မြေများထဲမှ မန္တန်အစီအရင်အားလုံးမှာ ယိုယွင်းပျက်စီးကာ စွန့်ပစ်ခံထားရသည် မဟုတ်ပါလော။ ၎င်းတို့မှာ သက်တမ်းအလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်သောကြောင့် အထောက်အပံ့ အလုံအလောက်မရရှိသဖြင့် အမြဲတမ်း မလည်ပတ်နိုင်ကြခြင်း ဖြစ်ပေသည်။ သို့ဖြစ်ရာ ၎င်းတို့မှာ အားနည်းနေသည့် ဓာတ်ခဲများကဲ့သို့ပင်။
သို့သော် ဤ မန္တန်အစီအရင်ကြီးမှာမူ မတူပေ။ ၎င်းမှာ လည်ပတ်နေဆဲ ဖြစ်သည့်အပြင် အားအပြည့်လည်း ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အဖြေအား ချက်ချင်းခန့်မှန်းမိလိုက်၏။ ဤ ဝေလငါးကြီးမှာ အမှန်တကယ်ပင် ဇီဝဓမ္မစစ်သင်္ဘောတစ်စင်း ဖြစ်ပါသော်လည်း စန္ဒာကြယ်ဂိုဏ်းမှ မဟုတ်ပေ။ ၎င်းမှာ ထိုဂိုဏ်းကြောင့် သို့မဟုတ် အခြားအကြောင်းရင်း တစ်ခုခုကြောင့် ဤ မန္တန်အစီအရင်ကြီးထဲသို့ စုပ်ယူခံခဲ့ရပြီး ထို မန္တန်အစီအရင်အား အားဖြည့်ပေးရာ၌ အသုံးပြုခံနေရခြင်းဖြစ်သည်။
ထို ဝေလငါးကြီးကြောင့် ဤ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ အချိန်မရွေး အသက်ဝင်လာနိုင်သည့် အနေအထားတွင် ရှိနေရခြင်း ဖြစ်သည်။ ၎င်းမှာ အဆောင်ဝိညာဉ်တစ်ခု သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် မန္တန်အစီအရင် ဝိညာဉ်တစ်ခုကိုပင် ဖန်တီးပေးထားသေးသည်။
ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ အတွေးထဲ၌ ထိုကဲ့သို့ ခန့်မှန်းနေစဉ် မန္တန်အစီအရင်ကြီးမှာ စတင်တောက်ပလာ၏။ သို့ဖြစ်ရာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခု အလိုလို စတင်သွားတော့မည့် ပုံပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး အရောင်တောက်ပနေသည့် မန္တန်အစီအရင်ကြီးအား သူ၏ ညာဘက်ခြေထောက်ဖြင့် အာပါပါ ဆောင့်နင်းလိုက်၏။ ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထို မန္တန်အစီအရင်ကြီးမှာ အပြင်းအထန် တုန်ရီသွားသည်။ ထို့နောက် အက်ကွဲသံများ ထွက်ပေါ်လာပြီး ၎င်းမှာ တစ်စစီ ကြေမွပျက်စီးသွား၏။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာလည်း ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ လက်ထဲမှ သွေးရောင် လူပုလေးမှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။ ၎င်းမှာ အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ၎င်းအား ချုပ်နှောင်လိုက်ပြီးနောက် သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် အချိန်ဖြုန်းနေခြင်းမရှိဘဲ ဝေလငါး ရုပ်အလောင်းကြီးကိုလည်း သိမ်းဆည်းလိုက်သည်။ နောက်ဆုံးတွင် သူသည် နောက်သို့လှည့်ကာ ထိုနေရာမှ ထွက်ခွာလာတော့သည်။ ထို့နောက် သူသည် ပင်လယ်ကြီးထဲရှိ အခြားနေရာတစ်ခု၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူ၏ ရှေ့တွင်မူ ပင်လယ်ရေညှိများဖြင့် ပြည့်နှက်နေသည်။ သူ ရောက်သွားသည့် နေရာမှာ နောက်ကျောတွင် ကျောက်ဓားတစ်လက်အား လွယ်ထားသည့် ကျောက်တုံးရုပ်တုကြီးတစ်ခု ရှိနေသော ဘုရားကျောင်း ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်နှင့် ထို ကျောက်တုံး ရုပ်တုကြီးမှာ အနည်းငယ်ခန့် တုန်ရီသွား၏။ ထို့နောက် ၎င်း၏ နောက်ကျောရှိ ကျောက်ဓားထဲမှ ဓားချီများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား ချိန်ရွယ်ထားလိုက်တော့သည်။