ကမ္ဘာတစ်ဝှမ်း တုံ့ပြန်မှုများ အပိုင်း(၂)
Vol. 60 Ch. 827
“ကျုပ်တို့ရဲ့ ပစ္စည်းတွေကရော” နန်းဆောင်သခင်က မေးလိုက်သည်။
ဓာတ်(၁)က ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြန်လည်ဖြေလိုက်သည်။
“သူတို့ဆီက အမှတ်အသားကို နောက်ယောင်ခံလိုက်တော့… ”
“ပြီးတော့”
“သူတို့က အနောက်ပိုင်း ကောင်းချီးသန့်စင်နယ်မြေ အနက်ပိုင်းထဲမှာ”
နန်းဆောင်သခင်က ညည်းတွားလိုက်သည် “ဒီလိုဆိုရင် ကျုပ်တို့တွေ ပြန်မရတာဖြစ်နိုင်တယ်”
“ဖုန်းဟွမ်ရဲ့ ရည်ရွယ်ချက်က မှန်းဆဖို့ လွယ်ပါတယ်။ သူက ဒီပစ္စည်းတွေနဲ့ တာအိုဘာသာ ကံကောင်းမှုကို ရချင်နေတာပဲ။ ဒီလိုဖြစ်တာကို ကာကွယ်နိုင်မယ်ဆိုရင် ပစ္စည်းတွေက သူ့လက်ထဲမှာ အသုံးမဝင်ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျရင် တန်ကြေးတစ်ခုပေးပြီးတော့ ပြန်ယူရုံပဲ” ဓာတ်(၁)က ပြောလိုက်၏။
“တကယ်လို့ အဲဒါက အလုပ်မဖြစ်ရင်ရော”
“နောက်ဆုံးအနိုင်ရရှိတဲ့သူကို ပြန်ယူခိုင်းဖို့ အပေးအယူလုပ်ရတာပေါ့။ တကယ်လို့ အဲဒါပါ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ဧကရာဇ်တာအို စစ်ပွဲစကြမယ်”
သူတို့၏ ချီကံကောင်းမှုစုစည်းရေး ပစ္စည်းများကို ထုတ်ပေးမည့် ဧကရာဇ်မျိုးနွယ်ဟူ၍ မရှိပေ။ အထူးသဖြင့် ပစ္စည်းနှစ်ခု ပျောက်ဆုံးသွားသည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် ဓာတ်ငါးပါးမျှခြေညီ နန်းဆောင်က ဖုန်းဟွမ်နှင့် သူ့ဗုဒ္ဓဘာသာဂိုဏ်းကို ဖြေရှင်းဖို့အတွက် ဘာမဆို လုပ်လိုကြသည်။
……………………
တိမျိုးနွယ်
တိခုံက သူ့ရှေ့မှ ပိတ်ကားချပ်ကို ကြည့်နေရင်း ပတ်ဝန်းကျင်မှ စည်းမျဉ်းအတက်အကျကို အာရုံခံမိသည့်အခါ လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်သည်။ သူက သူ့သားအပေါ် ယုံကြည်ချက်အပြည့်အဝရှိပြီး မိုးမြေအောက်တွင် မည်သူကမှ သူ တာအိုသက်သေပြမည်ကို မတားဆီးနိုင်ကြောင်း ယုံကြည်ထားခဲ့သည်။
တိထျန်းက တတိယတန်းစား စွမ်းအား ရရှိသည်ကို သိပြီးသည့်နောက်တွင် သူ့ယုံကြည်ချက်က တစ်ချိန်လုံး မြင့်မားနေခဲ့သည်။ ထို့ကြောင့် သူ့သားက ဝမ်ဝေ့သည် အစစ်အမှန် ပြိုင်ဘက်ဖြစ်ကြောင်း ပြောခဲ့သည့်အခါ အလေးအနက် မမှတ်ထားခဲ့ပေ။
သူက သူ့သားသည် သတိကြီးကြီးထားလွန်းပြီး စိတ်ကြီးမဝင်ဘူးဟု ထင်၍ ပိုပြီး သဘောကျသွားသည်။ သို့သော် ယခုတွင် သူက ဝမ်ဝေ့သည် အခြေခံ မီးဓာတ်တိုက်ကွက်ကို ထုတ်သုံးရင်း သူ့သား၏ လေဓာတ်အခြေခံတိုက်ကွက်နှင့် ယှဉ်နိုင်ကြောင်း သိသည့်အခါ စိတ်ထဲ ဗြောင်းဆန်နေလေ၏။ သူ့ ယုံကြည်ချက်အားလုံးက ကြေမွသွားလေသည်။
“ခေါင်းဆောင်ဟောင်း စိုးရိမ်ဖို့မလိုပါဘူး။ ခေါင်းဆောင်က အနိုင်ရရှိနိုင်ချေ မြင့်ပါတယ်။ ခေါင်းဆောင် ဒီလိုအခြေအနေရောက်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စကို မှတ်မိသေးတယ်မလား။ အဲဒီမှာ ကောင်းကင် ကောင်းချီးမင်္ဂလာ အရိပ်အယောင်တွေရှိခဲ့တယ်လေ။ ဝမ်ဝေ့ကတော့ နတ်ဘုရားအပြစ်ဒဏ်ကိုပဲ ရခဲ့တာ” မျိုးနွယ်၏ အကြီးအကဲတစ်ဦးက ဝင်ပြောလိုက်သည်။
အကြီးအကဲက ဦးနှောက်ကို ဖြစ်ညှစ်စဉ်းစားကာ ခေါင်းဆောင်ဟောင်းနှင့် တခြားသူများကို စိတ်အေးအောင် လုပ်နိုင်ဖို့ တွေးနေသည်။
“ဟုတ်တယ်။ မဟာအကြီးအကဲ ပြောတာမှန်တယ်။ ခေါင်းဆောင်ဟောင်း ဘာမှ စိုးရိမ်စရာ မလိုပါဘူး”နောက်ထပ် အကြီးအကဲတစ်ယောက်က ဝင်၍ ဖျောင်းဖျလိုက်သည်။
“မင်းတို့ နားမလည်ဘူး” တိခုံက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ သူ့အကြည့်များကမူ သွေဖယ်နေလေ၏။
“ဝမ်ဝေ့က ကံကြမ္မာသားတော်ဆိုတော့ ကံကြမ္မာ၊ ကြမ္မာနဲ့ ကံကောင်းမှုက သူ့ဘက်မှာ ရှိတယ်။ တူညီတဲ့ စမှတ်နဲ့ တူညီတဲ့စွမ်းအား ရှိတဲ့အခါမှာ သူ့ရဲ့ အရေးသာချက်က ပိုပြီး သိသာလာလိမ့်မယ်”
အကြီးအကဲများက သူ့စကား မှန်ကန်ကြောင်း သိလေသည်။ သူတို့၏ အင်အားကို မထုတ်ဖော်ခင်က တိထျန်း၏ တကယ့်စွမ်းအား အစစ်အမှန်ကို သိထားသည့် လူအများစုက သူ့တွင် ကြမ္မာလစ်ဟာမှုကြောင့် နောက်ဆုံးအနိုင်ရရှိသူ ဖြစ်ဖို့ မယုံခဲ့ကြပေ။
အကယ်၍ ခေါင်းဆောင်ကသာ စွမ်းအားအရာတွင် လွှမ်းမိုးနိုင်ပါက ခေတ်ကာလသားတော်ဟူသော ဝမ်ဝေ့၏ ကြမ္မာကို အလွယ်တကူ လျစ်လျူရှုထားနိုင်လိမ့်မည်။ ကံဆိုးစွာဖြင့် ကစားပွဲက အဆင့်မြင့်သွားခဲ့ကာ ကွာဟချက်အနည်းငယ်မျှပင် လူတစ်ယောက်၏ အရေးသာချက်ကို ဖြစ်လာစေသည်။
“ခေါင်းဆောင်ဟောင်း ကျုပ်တို့ ဘာလုပ်ကြမလဲ”
“တိထျန်းလည်း ဒါကိုသိမှာပဲ။ သူက ပြင်ဆင်ထားလောက်တယ်။ ငါတို့ စောင့်ကြတာပေါ့”
……………………………
ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၊ မီးတောက်အလွှာ
ဖုန်းဟွမ်က နှုတ်ထွက်ပြီးသည့်နောက်တွင် ချက်ချင်း ထွက်မသွားဘဲ ထိုသူနှစ်ဦးကြားမှ တိုက်ပွဲကို မြင်တွေ့လိုသည်။ ထို့ကြောင့် သူက တိထျန်းနှင့် ဝမ်ဝေ့သည် ထိုမြူခိုးများနှင့် ရင်ဆိုင်သည်ကို တိတ်တဆိတ်ကြည့်နေပြီး ဧကရာဇ်အဆင့် တိုက်ကွက်အသုံးပြုသည်ကို တွေ့လိုက်ရသည်။
အော်မိတောဖော
ဖုန်းဟွမ်က သူ့စိတ်ထဲ ဆက်တိုက်ရေရွတ်လိုက်ပြီး စိတ်ငြိမ်အောင် ထိန်းနေရသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက တည်ငြိမ်ရုံမျှသာ ဖြစ်၏။
“ဒီလူနှစ်ယောက်နဲ့ တစ်မျိုးဆက်ထဲမှာ ကောင်းကင်ရွေးချယ်ခံဖြစ်ခဲ့တာ ကံဆိုးတာပဲ”
သူက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ထွက်သွားဖို့ ရွေးချယ်လိုက်သည်။ သူသာ ဆက်နေနေပါက တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ခံစားမိနေသည်။ ထို့အပြင် သူ့အလိုလိုသိစိတ် အန္တရာယ်ကို သတိပေးနေလေ၏။ ထို့ကြောင့် ကောင်းကင်အလိုဆန္ဒအား သူ့ကို အပြင်သို့ ထုတ်ဖို့ရာ တောင်းဆိုလိုက်သည်။
သူက အနောက်ပိုင်းကောင်းချီးသန့်စင် နယ်မြေအဝတွင် ပေါ်ထွက်လာ၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ အတွင်းပိုင်းသို့ ဦးတည်လိုက်သည်။ သူက တရားထိုင်ကာ မျှော်လင့်ချက်နှလုံးသားကို အသုံးမပြုခင် စိတ်ငြိမ်အောင်ထိန်းဖို့ လိုသည်။ သူ့လက်ရှိအခြေအနေက တာအိုသက်သေပြဖို့ အကောင်းဆုံး မဟုတ်သေးပေ။
……………………
ရှေးဟောင်းမျိုးနွယ်
ရှေးဟောင်းမျိုးနွယ်၏ ဆန့်ကျင် ကျင့်ကြံသူတချို့ကြားတွင် အစည်းအဝေး ကျင်းပနေလေ၏။ အတိအကျပြောရလျှင် ထိုသူများက ရှေးဟောင်းမျိုးနွယ်၏ တကယ့်အစီအစဉ် အစစ်အမှန်ကို သိထားသည့်သူများ ဖြစ်ပေသည်။
“ဘာလို့ အမြဲတမ်း ဝမ်မျိုးနွယ် ဖြစ်နေရတာလဲ” အဖွဲ့သားတစ်ယောက်က ပြောလိုက်ပြီး သူ့အသံတွင် မလိုလားမှုများ ပြည့်နှက်နေလေ၏။
“သူတို့မျိုးနွယ်ရဲ့ ကံကောင်းမှုကို ဖိနှိပ်ထားတုန်းက တခြားမျိုးနွယ်ဆီ ရောက်သွားနိုင်တယ်လို့ ပြောခဲ့တယ်လေ”
ဝမ်ရှေးဟောင်းမျိုးနွယ်က ဗလာခေတ်ကာလကတည်းက မဟာဧကရာဇ်သုံးပါး ရှိခဲ့သော်လည်း နှစ်ဦးက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သည်။ လူအများစုက သူတို့သည် သွေးမျိုးဆက်အမှတ်အသားကြောင့် သေဆုံးသွားသည်ဟု ယုံကြည်ထားခဲ့သော်လည်း ဤအစည်းအဝေးရှိ လူများကသာ ထိုသူနှစ်ဦးကို သတ်လိုက်သည့်သူက သူတို့ဖြစ်ကြောင်း သိကြသည်။
အကြောင်းအရင်းကမူ ဝမ်မျိုးနွယ်၏ ကံကောင်းမှုကို ဖိနှိပ်ရန် ဖြစ်၏။ သူတို့မိသားစုအားလုံးက တစ်ခုမဟုတ် တစ်ခု ဘိုးဘေးများ ဖြစ်ကြသည်။ သို့သော်လည်း ဝမ်မျိုးနွယ်ကမူ အသင်္ချေအင်ပါယာကမ္ဘာရှိ ဟော်သဲ့သက်ရှိ ကျင့်ကြံရေးနည်းစနစ်၏ ဘိုးဘေး ဖြစ်နေသည်။ ထိုကံကောင်းမှုနှင့် ကြမ္မာက သူတို့မိသားစုကို ပိုမိုအားကောင်းလာစေဖို့ လုံလောက်လေသည်။ ထို့ကြောင့် ထိုအဖွဲ့က သူတို့ကို ဖိနှိပ်ခဲ့ခြင်း ဖြစ်၏။
“ချီယွမ်က သူတို့ဆီက ခွဲထုတ်သွားပြီဆိုတော့ ဘာမှမဖြစ်တာ မထူးဆန်းတော့ဘူး” အရင်အသံက ပြောလိုက်သည်။
“ငြင်းခုန်နေလို့ ဘာမှအကျိုးမရှိဘူး။ အခု ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးဖို့ ရောက်လာတာ” အမျိုးသမီးက ဝင်ပြောလိုက်သည်။
“ငါတို့ကိုယ်ငါတို့ စည်းပိတ်ပြီး ဒီမျိုးဆက်ကို စောင့်ဆိုင်းပြီးတော့ သူ ထွက်သွားတဲ့အထိ စောင့်မှာလား”
“အဲဒါက အကြံဆိုးတစ်ခုတော့ မဟုတ်ပါဘူး။ ရောက်ရှိလာမဲ့ ဧကရာဇ်က ဘယ်လောက်ပဲအားကောင်းကောင်း ဒိုင်မေးရှင်းအနိမ့်မှာ အကြာကြီး မနေနိုင်ဘူး။ ငါတို့တွေ သူ အချိန်မှန် ရောက်တဲ့အထိ ပုန်းအောင်းနေလို့ရတယ်”
“ကျုပ် သဘောမတူဘူး” ဟို့မျိုးနွယ်ဘိုးဘေးက ပြောလိုက်၏။
“အကြောင်းအရင်းများ ရှိလို့လား”
“ငါတို့ဘာသာငါတို့ စည်းပိတ်တာက ပိုပြီး သံသယဖြစ်ဖို့ ကောင်းတယ်” သူမက ငြင်းခုန်လိုက်သည်။
“ဝက်မျိုးနွယ်ဧကရာဇ်က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်မယ်ဆိုတာငါတို့လည်း သိကြတာပဲ။ ကမ္ဘာကြီးက ဒါက ငါတို့ရဲ့ ရည်ရွယ်ချက်လို့ ထင်ထားမှတော့ ပိုပြီး တက်တက်ကြွကြွ ဖြစ်သင့်တယ်”
“ဒါပေမဲ့ ကျုပ်တို့အစီအစဉ် ပေါက်ကြားသွားနိုင်တယ်”
“သူမ ပြောတာ အကျိုးအကြောင်းသင့်တယ်။ ငါတို့တွေ တတ်နိုင်သမျှ ပုံမှန်ဖြစ်အောင် နေရမယ်။ မဟုတ်ရင် ဝမ်မျိုးနွယ်ဧကရာဇ်ရဲ့ ဉာဏ်များမှုနဲ့ ဉာဏ်ရည်နဲ့ဆိုရင် ငါတို့အစီအစဉ်ကို သိသွားနိုင်တယ်”
“ကျုပ်လည်း သဘောတူတယ်။ ကျုပ်တို့က ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကို ပြန်လည်အသက်သွင်းချင်ယောင်ဆောင်ပြီးတော့ လူအများရှေ့ သိုသိုသိပ်သိပ် နေဖို့ပဲ လိုတယ်”
“ဒိုင်မေးရှင်းအမြင့်ဆီ သူ့ကို နှင်ထုတ်ဖို့ရော”
အားလုံးက ထိုသူကို လှည့်ကြည့်လိုက်သည့်အခါ ထိုသူက ဝမ်မျိုးနွယ်အပေါ် အမုန်းတရားပြည့်နှက်နေသည့် အကြီးအကဲ ဖြစ်နေသည်ကို တွေ့ပြီးနောက် နှာခေါင်းရှုံ့လိုက်ကြသည်။
“အကြီးအကဲသွမ့် ဒီဆွေးနွေးပွဲမှာ ခင်ဗျားရဲ့ ကိစ္စတွေ ယူမလာနဲ့။ ကျုပ်တို့က ရှေးဟောင်းမျိုးနွယ်တစ်ခုလုံးအတွက် အကျိုးကျေးဇူးရမဲ့ ဆုံးဖြတ်ချက်တွေ လုပ်နေတာ”
“ငါ့အစီအစဉ်ကလည်း ကောင်းတာပဲ” အကြီးအကဲသွမ့်က ငြင်းခုန်လိုက်၏။
“ဝမ်မျိုးနွယ်ဧကရာဇ်ကို ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်နိုင်တယ်ဆိုရင် ဘာမှစိုးရိမ်စရာ မလိုတော့သလို ငါတို့ဘာသာငါတို့ စည်းပိတ်နေဖို့လည်း မလိုတော့ဘူး”
“အဲဒီလူတွေ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို နှင်ထုတ်လိုက်တုန်းက ကောင်းကင်တာအိုရဲ့ အကူအညီလည်း လိုအပ်ခဲ့သလို အင်မော်တယ်တွေနဲ့ ဆန့်ကျင်ကျင့်ကြံသူအမြောက်အများလည်း ဆုံးရှုံးခဲ့ရတယ်။ ကျုပ်တို့ဘက်က လူအများကြီးလည်း ဆုံးရှုံးခဲ့ရတယ်။”
အတိတ်အကြောင်း ပြန်တွေးပြီးသည့်နောက်တွင် လူများစွာက တိတ်တဆိတ် အံကြိတ်လိုက်ကြသည်။ တခြားသော အင်အားစုများက ရှေးဟောင်းမျိုးနွယ်မှ လူများကို စေလွှတ်ဖို့ အတင်းအကြပ် ဖိအားပေးခဲ့ကြ၏။
“ဝမ်မျိုးနွယ်ဧကရာဇ်က သေမျိုးဘဝကတည်းက ဧကရာဇ်စွမ်းအား ရှိထားပြီးပြီ။ သူ့တာအိုကိုသာ သက်သေပြပြီးသွားရင် ဘယ်လောက်အားကောင်းမလဲဆိုတာ တွေးကြည့်နိုင်လား။ ဒီလိုပုဂ္ဂိုလ်မျိုးကို နှင်ထုတ်လို့ရမယ်များ ထင်နေလား”
“ကောင်းကင်တာအိုက ကူညီဖို့ ရွေးချယ်ခဲ့တာက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ကမ္ဘာကို ထိခိုက်အောင် လုပ်ခဲ့လို့ပဲ။ အခု ရွေးချယ်ခံ ခေတ်ကာလသားတော်က ဒီလိုအရာမျိုး လုပ်မယ်များထင်နေလား”
အကြီးအကဲအများစုက အကြီးအကဲသွမ့်၏ အစီအစဉ်ကို ငြင်းဆန်လိုက်ကြသည့်အတွက် ထိုသူ၏ မျက်နှာက ဒေါသဖြင့် နီရဲလာသည်။
“ကောင်းပြီ။ ခေါင်းစဉ်ပြောင်းပြောကြမယ်။ တကယ်လို့ အကြီးအကဲဟို့ရဲ့ အကြံပြုချက်ကို သဘောတူတယ်ဆိုရင် မဲပေးကြ”
လူများစွာက ထိုဆုံးဖြတ်ချက်ကို သဘောတူကြပြီး လူတချို့ကသာ သူတို့ကိုယ်သူတို့ စည်းပိတ်ပြီး ပုန်းအောင်းနေဖို့ ရွေးချယ်ကြသည်။ ထိုစဉ် အကြီးအကဲသွမ့်က မဲ မပေးခဲ့ပေ။
“ဟွမ်းအာရော ဘယ်လိုလဲ။ သူမကို ဘယ်လိုလုပ်ကြမလဲ”
“ကြယ်၆လုံး ယွမ်ထီဖြစ်မလာခင်အထိ ဘာမှမပြောဘဲ နေကြစို့။ ဒီသတင်းက သူမရဲ့ တာအိုဆင့်ကဲ နှလုံးသားအပေါ် သက်ရောက်မှု ဖြစ်လာနိုင်တယ်” အကြီးအကဲဟို့က ပြောလိုက်သည်။
“ဒီလိုအနေအထားရောက်ပြီးတော့ သက်ရှိပုံစံ အပြောင်းအလဲဖြစ်ပြီးတဲ့နောက်မှာတော့ ဒီသတင်းအချက်အလက်ကို လက်ခံနိုင်မှာပါ”
“ဟူး ဒီနှစ်ယောက်နဲ့ မျိုးဆက်တစ်ခုထဲ နေရတာ တကယ်ကို ကျိန်စာတစ်ခုပဲ”
“အမှန်ပဲ။ ဒီလိုပါရမီမျိုးက စစ်ပွဲအခြေအနေမှာတောင် ဖြစ်ပျက်လေ့မရှိဘူး”
ပင်ကိုဟော်သဲ့စစ်ပွဲအတွင်း တစ်ဖက်ချင်းစီက ကြမ္မာအတွက် တိုက်ခိုက်ခဲ့ကြသည်။ ဟော်သဲ့သက်ရှိက အနိုင်ရရှိခါနီးသည့်အချိန်တွင် ဟော်သဲ့သက်ရှိ၏ ကြမ္မာက မြင့်မားနေခဲ့သည့်အတွက် ပါရမီရှင်အမြောက်အများ မွေးထုတ်ပေးနိုင်ခဲ့သည်။
သို့သော် ထိုသို့ဆိုလျှင်ပင် တိထျန်းနှင့် ဝမ်ဝေ့လိုမျိုး ကောင်းကင်ဘုံသွေဖယ်နေသည့် ပါရမီရှင်မျိုး မထွက်ပေါ်ခဲ့ဖူးပေ။
“ဝမ်မျိုးနွယ်က ဒီကမ္ဘာမှာ သူတို့ရဲ့ တတိယမြောက် ခေတ်ကာလကို စတင်တော့မှာပဲ။ ဒီတစ်ကြိမ် အရင်နှစ်ခုပေါင်းစပ်ထားတာထက်တောင် ပိုပြီးတော့ စည်ပင်ကြွယ်ဝနိုင်တယ်” အကြီးအကဲသွမ့်က တခြားမျိုးနွယ်များကို ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သူ့စကားများက အားလုံးကို တိတ်ဆိတ်သွားစေကာ လူတချို့၏ စိတ်ထဲမှ အတွေးများကို နိုးထလာစေ၏။