← Chapters

နှစ်တစ်သိန်း မီးလျှံသံ

Vol. 39 Ch. 531

နှစ်တစ်သိန်း မီးလျှံသံ

Vol. 39 Ch. 531

 လီဖူချန်းရဲ့ သတ်ဖြတ်မှုကို ခံရအပြီးမှာတာ့ မီးလျှံမြွေဟာ လူသားအသွင်ကို မယူထားနိုင်တော့ပါဘူး ။သူရဲ့ ရုပ်အလောင်းက ဧရာမ မြွေကြီးတစ်ကောင် အဖြစ်ကို ပြောင်းသွားခဲ့ပါတယ် ။

လီဖူချန်းကတော့ မီးလျှံမြွေရဲ့ ကျောပေါ်မှာ ထိုင်ပြီး သတ္တုချဉ်ဆီတွေကို စိမ်ပြေနပြေ ထုတ်ယူနေပါတော့တယ် ။

၃၄ ကီလိုဂရမ်……

သည်မီးလျှံမြွေကတော့ မဆိုးလှဘူးလို့ ဆိုရပါမယ် ။ လီဖူချန်းက သည်မီးလျှံမြွေဆီကနေပြီး သတ္တုချဉ်ဆီ ၃၄ ကီလိုဂရမ် ထုတ်ယူနိုင်ခဲ့ပါတယ် ။

မီးလျှံမြွေတွေရဲ့ သတ္တုချဉ်ဆီ တန်ဖိုးက မနည်းလှပါဘူး ။ အဲဒါက နှစ်တစ်သောင်း မီးလျှံသံထက်တောင်မှ  ပိုတန်ဖိုး ကြီးပါသေးတယ် ။

" အင်း…… ပြန်ရမယ့် အချိန်ကျပြီ "

လီဖူချန်းက မီးလျှံမြွေရဲ့ မိစ္ဆာသားရဲ အမြုတေကို ထုတ်ယူဖို့လည်း လုံးဝ မမေ့ပါဘူး ။ အဲသည်နောက်မှာမှ သူက မြေပေါ်ကို ပြန်တက်ဖို့ ပြင်ပါတော့တယ် ။

" ဟင်…… ဟိုဟာက ဘာလေးပါလိမ့် "

ဒါပေမဲ့လည်း လီဖူချန်းက မြေပေါ်ကို ပြန်မတက်မိ လိုက်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သည်မြေအောက်ဂူရဲ့ ထောင့်တစ်နေရာမှာ အနီရောင်ဖျော့ဖျော့  အလင်းတန်းတစ်ခု ဖြာထွက်နေတာကို   သတိပြုမိလိုက်လို့ပါပဲ ။

" သွားစမ်း "

လီဖူချန်း အလင်းရောင် ဖြာထွက်နေတဲ့ နေရာကို လမ်းလျှောက်သွားလိုက်ပြီး လက်ဝါးနဲ့ ရိုက်ထည့်လိုက်ပါတယ် ။

ဘန်း……

မြေအောက်ဂူ နံရံဟာ ပေါက်ကွဲထွက်သွားခဲ့ပါပြီ ။တစ်ဆက်တည်းမှာပဲ ခြေသလုံးသာသာ ရှိတဲ့ သတ္တ္တုတုံး တစ်တုံးဟာ ဂူနံရံ ထဲကနေ  ပေါ်ထွက်လာခဲ့ပါတယ် ။ အဲဒါက မီးလျှံသံ တစ်တုံးပါပဲ ။

အဲသည် မီးလျှံသံတုံးက ရိုးရိုးသာမန် နှစ်တစ်ရာ သက်တမ်းရှိ  မီးလျှံသံတုံး မဟုတ်သလို နှစ်တစ်ထောင် မီးလျှံသံတုံးလည်း မဟုတ်ပါဘူး ။ အဲဒါက နှစ်တစ်သောင်း မီးလျှံသံတုံး တစ်တုံး ဖြစ်နေပါတယ် ။

" ဟာ…… ပွတာပဲဟေ့ "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေ ခဲ့ပါပြီ ။

သည်နှစ်တစ်သောင်း မီးလျှံသံတုံးက ခြေသလုံး တစ်လုံးလောက်သာ ရှိပေမယ့်လည်း အလေးချိန်ကတော့ ၁၅၀၀ ကီလိုဂရမ်လောက်ကို ရှိနေပါတယ် ။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်က သာမန် ကျင့်ကြံသူ တစ်ယောက်တောင်မှ သည်မီးလျှံသံတုံးကို' မ'မယ်ဆိုရင် မနည်း ' မ 'ရမှာပါ ။

" နှစ်တစ်သောင်း မီးလျှံသံတုံး နဲ့ မီးလျှံမြွေရဲ့ သတ္တုချဉ်ဆီ ။ ဒါတွေက မြေကမ္ဘာအဆင့်မြင့် ဓားတစ်လက် သွန်းလုပ်လို့တောင် ရနေပြီပဲ ။ ငါ့အနေနဲ့ ဟန်ချက်ထိန်း သတ္တု  နည်းနည်းပဲ ရှာဖု့ိ လိုတော့တာ "

ဟန်ချက်ထိန်း သတ္တုကိုတော့ သည်ကမ္ဘာရဲ့ အခြေခံ အကျဆုံး သတ္တုအဖြစ် လူသိများပါတယ် ။

အဲသည် သတ္တုရဲ့ လုပ်ဆောင်ပေးမှုကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲလ။ ဟန်ချက်ထိန်း သတ္တုက သတ္တုတွေကို လိုက်လျောညီထွေစွာ ပေါင်းစပ်နိုင်အောင် ကူညီပေးနိုင်ပါတယ် ။

သတ္တုတွေထဲမှာဆိုရင် ဟန်ချက်ထိန်း သတ္တုက တန်ဖိုးအကြီးဆုံးလို့ ဆိုရပါမယ် ။

လီဖူချန်း လက်ထဲက ဓားဟာ ကီလိုဂရမ် ထောင်ပိုင်းအနည်းငယ် လေးတယ် ဆိုပေမယ့် ဟန်ချက်ထိန်း သတ္တု ပါဝင်မှုကတော့ ၅၀ ဂရမ်ထက်တောင် နည်းပါသေးတယ် ။

" အင်း…… ငါမပြန်သေးဘဲ နှစ်တစ်သောင်း မီးလျှံသံတွေ ရှာနေရင် ပိုကောင်းမယ် ထင်တယ် "

အစောပိုင်းတုန်းကတော့ လီဖူချန်းက မီးလျှံသံတွေကို ရှာဖို့ စိတ်ကူးမရှိပါဘူး ။ သူက မီးလျှံမြွေ သတ္တုချဉ်ဆီ ၅၀ ကီလိုဂရမ် ရပြီးတာနဲ့ ဂိုဏ်းတော်ကို တန်းပြန်ဖို့ စီစဉ်ထားခဲ့တာပါ ။

ဒါပေမဲ့လည်း အခုတော့ သူက မြေအောက်အနက် မီတာ တစ်သောင်းနားမှာ နှစ်တစ်သောင်း  မီးလျှံသံတုံး တစ်ခုကို စတင် တွေ့ရှိလာခဲ့ပါပြီ ။ လီဖူချန်း ထင်ထားတာ မမှားဘူး ဆိုရင်တော့ သည်နေရာ တစ်ဝိုက်မှာ နောက်ထပ် နှစ်တစ်သောင်း မီးလျှံသံတုံးတွေ ရှိနေဦးမှာပါပဲ ။

ယေဘုယျအားဖြင့် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် ဆရာသခင် တစ်ပါးရဲ့  လိပ်ပြာ အသိစိတ်အာရုံဟာ မိုင်ရာပေါင်း အနည်းငယ်အထိ ဖြန့်ကြက်နိုင်လေ့ ရှိပြီး အစွမ်းထက် တိုက်ပွဲဝိညာဉ် ဆရာသခင်တွေကတော့ မိုင်တစ်ထောင်လောက်အထိ လိပ်ပြာအသိစိတ်အာရုံ ဖြန့်ကြက်နိုင်ပါတယ် ။ ဒါပေမဲ့လည်း အဲဒါက လေထုထဲမှာသာ ဖြန့်ကြက်နိုင်တာဆိုတဲ့ အချက်ကိုတော့ မေ့လို့ မရပါဘူး ။

မြေအောက်ထဲမှာဆိုရင်တော့ တိုက်ပွဲဝိညာဉ် ဆရာသခင် တစ်ပါးရဲ့  အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်းဟာ အဆ တစ်ရာနီးပါး ကျဆင်းသွားလေ့ ရှိပါတယ် ။

တကယ်လို့ တိုက်ပွဲဝိညာဉ်နယ်ပယ်  ဆရာသခင် တစ်ပါးက အသိစိတ်အာရုံကို လေထုထဲမှာ မိုင်ရာပေါင်း အနည်းငယ် ဖြန့်ကြက်နိုင်တယ် ဆိုရင် မြေထုထဲမှာတော့ မိုင်ပေါင်းအနည်းငယ်သာ ဖြန့်ကြက်နိုင်မှာပါ ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ တခြား တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေနဲ့ မတူပါဘူး ။ သူက တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင် မဖြစ်လာသေးခင်ကတင် အသိစိတ် အာရုံကို မိုင်ပေါင်း ငါးသောင်းအထိ ဖြန့်ကြက်ထားနိုင်ခဲ့သူပါ ။ သူ့ရဲ့ အသိစိတ်အာရုံ့ဖြန့်ကြက်နိုင်စွမ်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာကတည်းက မူလပင်လယ်နယ်ပယ် ဘုရင်တွေဖက်ကို သာလွန်နှင့်ပြီးသားပါပဲ ။

တိုက်ပွဲဝိညာဉ်နယ်ပယ်ကို တက်လှမ်း အပြီးမှာတော့ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်း အကွာအဝေးက ပိုတောင် ဝေးလာပါသေးတယ် ။ အခုဆိုရင် သူက လိပ်ပြာ အသိစိတ်အာရုံကို မိုင်ပေါင်း တစ်သိန်းအထိတောင် ဖြန့်ကြက်နေနိုင်ပါပြီ ။

အဲသည်အတွက် လီဖူချန်းဟာ  မြေအောက်ထဲမှာ မိုင်ထောင်ပေါင်း အနည်းငယ်အထိ လိပ်ပြာအသိစိတ် အာရုံ ဖြန့်ကြက်နိုင်မှာ အသေအချာပါပဲ ။ ဒါပေမဲ့လည်း အဲဒါက သီအိုရီ အယူအဆ အရပဲ ရှိပါသေးတယ် ။ လီဖူချန်းက သူ့အနေနဲ့ မြေအောက်ထဲမှာ မိုင်ထောင်ပေါင်း အနည်းငယ်အထိ အသိစိတ် အာရုံ ဖြန့်ကြက် နိုင် ၊မနိုင် ဆိုတာကိုတော့ ကိုယ်တိုင် လက်တွေ့ စမ်းသပ် ကြည့်ရပါဦးမယ် ။

" ကဲ……စမ်းကြည့်ဦးမှ "

လီဖူချန်းက  လက်တွေ့ စမ်းသပ်ဖို့အတွက် မြေပြင်ပေါ်ကို ပြန်တက်သွားပြီး မြေပြင်ပေါ်ကနေ သူ့ရဲ့ အသိစိတ်အာရုံကို မြေအောက်ထဲ ဖြန့်ကြက်လိုက်ပါတယ် ။

မိုင် ၅၀…… မိုင် ၁၀၀ …… မိုင် ၁၀၀၀ ……မိုင် ၁၈၀၀ ။

လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်ဟာ အရမ်း အစွမ်း ထက်နေလွန်းလို့လားတော့ မသိပါဘူး ။ သူ့ရဲ့ မြေအောက်  လိပ်ပြာအသိစိတ် ဖြန့်ကြက်နိုင်စွမ်းဟာ အဆ တစ်ရာ နီးပါး ကျဆင်း မသွားဘဲ အဆ ငါးဆယ် နီးပါးသာ ကျဆင်းသွားခဲ့ပါတယ် ။

" မြေအောက် မီတာအနက်  တစ်သောင်းနဲ့ တစ်သောင်းကျော်မှာ ဆိုရင်ကော ဘယ်လိုနေမလဲ မသိဘူး "

အဲသည်နောက်မှာတော့ လီဖူချန်းက မြေအောက်ထဲကို ပြန်ဆင်းသွားခဲ့ပါပြီ ။

" အား…… မြေအောက်ထဲမှာ လိပ်ပြာအသိစိတ် အာရုံ ဖြန့်ကြက်ရတာက တော်တော်လေး ခက်တာပဲ "

လီဖူချန်းက ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ် ။

မြေအောက် မီတာအနက် တစ်သောင်းမှာတော့  သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံက မိုင်ပေါင်း ၁၈၀၀ အထိ အလုပ်လုပ်ပေမယ့် မြေအောက်မီတာ အနက် တစ်သောင်း ကျော်သွားရင်တော့ သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံက သိပ်ပြီး အလုပ် မလုပ်တော့ပါဘူး ။

မြေအောက်မီတာ အနက် မီတာ တစ်သောင်းကျော်ကနေ နှစ်သောင်းအတွင်းဆိုရင် သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက မိုင်ဒါဇင် အနည်းငယ် အထိသာ ဖြန့်ကြက်နိုင်စွမ်း ရှိပါတယ် ။

လီဖူချန်းက  မြေအောက်ထဲကို ပိုနက်နက် ဆင်းလာလေလေ မြေကမ္ဘာစွမ်းအင်က ပိုသိပ်သည်းလာလေလေ ဆိုတာကိုလည်း သတိပြုမိလိုက်ပါသေးတယ် ။

အဲဒါကတော့ မြေကမ္ဘာ ဥပဒေသနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ် ။

လောကပေါ်မှာ ရှိသမျှ အရာအာလုံးဟာ ဥပဒေသတွေရဲ့ ထိန်းချုပ်ခြင်းကို ခံထားရတာပင် မဟုတ်ပါလား ။

***……***……****………***………

" သည်မှာ တစ်ခု …… သည်မှာလည်း တစ်ခု …… သည်ဘက်မှာလည်း တစ်ခု "

သိပ်မကြာခင်မှာပဲ  လီဖူချန်းဟာ မြေအောက် မီတာ တစ်သောင်း အနက်မှာ ရှိနေတဲ့ မီးလျှံသံတွေကို အာရုံခံမိ သွားပါတော့တယ် ။ သူ မီးလျှံသံ တစ်တုံးတည်းတောင် အာရုံခံမိတာ မဟုတ်ပါဘူး ။ သူက မီးလျှံသံတုံး သုံးတုံးတိတိကို အာရုံခံလိုက် မိတာပါ ။

ဘန်း……ဘန်း……ဘန်း……

လီဖူချန်းက မြေထုကို ထိုးခွဲလိုက်ပြီး သူ အာရုံခံမိတဲ့ မီးလျှံသံတုံး သုံးတုံးကို သိမ်းယူလိုက်ပါတော့တယ် ။

" ဟား……ဟား…… တော်လိုက်တဲ့ ငါပါလား "

နှစ်တစ်သောင်း မီးလျှံသံတုံး သုံးတုံးကို ရှာတွေ့ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းက အတော်လေး ကျေနပ်သွားတဲ့ပုံပါပဲ ။ သူရဲ့ အပြုံးတွေက နားရွက်ကို တက်ချိတ်နေခဲ့ပါပြီ ။

" အင်း…… သည်နားမှာတော့ မရှိတော့ဘူး ။ သည်ထက် နက်တဲ့ နေရာတွေမှာ ရှာကြည့်ရမယ် "

အဲသည်နောက်မှာတော့ လီဖူချန်းက မြေအောက် မီတာအနက် တစ်သောင်းကျော်အထိ ဆင်းသွားပါတော့တယ် ။

လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ ဖြန့်ကြက်နိုင်စွမ်းက မြေအောက်မီတာ အနက် တစ်သောင်းကျော်မှာဆိုရင် မိုင်ဒါဇင် အနည်းငယ်သာ သက်ရောက်မှု ရှိပေမယ့်လည်း အလုပ် ဖြစ်နေဆဲပါပဲ။

တစ်တုံး…… နှစ်တုံး………

နှစ်တစ်သောင်း မီးလျှံသံတွေက မြေအောက်မီတာ အနက် တစ်သောင်းကျော် နဲ့ တစ်သောင်းခွဲကြားမှာ ပိုပြီး ပေါနေသလိုပဲ ။ လီဖူချန်းက အချိန်တိုလေး အတွင်းမှာပဲ မီးလျှံသံတုံး ခုနစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲသည်ထဲက တစ်တုံးဆိုရင် လူတစ်ရပ်လောက် ရှိပြီး အလေးချိန်အားဖြင့် ကီလိုဂရမ် သောင်းပိုင်း အနည်းငယ်လောက်တောင် ရှိနိုင်ပါတယ် ။

ဒါပေမဲ့လည်း အဲသည် မီးလျှံသံတုံးတွေကို  တူးယူဖို့ ဆိုတာက လီဖူချန်းအတွက် ခက်ခဲနေဆဲပါပဲ ။ နောက်ဆုံးမှာတော့ လီဖူချန်းက ရွေးချယ်စရာ မရှိတော့တဲ့အတွက် မီးလျှံမြွေ ဓားကို အသုံးပြုပြီး မြေအောက်လိုဏ်ဂူတွေ ဖောက်ကာ မီးလျှံသံတုံးတွေကို တူးယူရပါတော့တယ် ။

" မြေအောက်မီတာအနက် တစ်သောင်းခွဲကျော်က မီးလျှံသံတွေကိုတော့ ငါသွားမတူးတော့ဘူး  "

လီဖူချန်းရဲ့ လက်ရှိ အစွမ်းနဲ့ ဆိုရင်တော့ မြေအောက်မီတာ အနက် တစ်သောင်းခွဲ ကျော်ရင် မီးလျှံသံတွေကို တူးယူရတာ မလွယ်တော့ပါဘူး ။အဲသည်အတွက် လီဖူချန်းက မြေအောက်မီတာ အနက် တစ်သောင်းခွဲကျော်မှာရှိတဲ့ မီးလျှံသံတွေကို ဥပေက္ခာပြုဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

" ဟူး…… မြေပြင်ပေါ်က လေတွေက လတ်ဆတ်လိုက်တာ "

မြေအောက်ထဲမှာ အချိန် တစ်ရက်ကြာ နေပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ မြေပြင်ပေါ်ကို ပြန်တက်လာခဲ့ပါပြီ ။

" အင်း…… နောက်ထပ် မြေအောက်ဂူတွေများ ရှိဦးမလား မသိဘူး။ ရှာကြည့်ဦးမှ "

မြေပြင်ပေါ်ကို  ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ  လီဖူချန်းက နောက်ထပ် မြေအောက်ဂူတွေများ ရှိလိုရှိငြား ထပ်ရှာပြန်ပါတယ် ။

လီဖူချန်းရဲ့ လက်ရှိအဆင့်က  မြေအောက် မီတာတစ်သောင်း အနက်ရှိတဲ့ တွင်းတွေကို တူးဖို့ ဖြစ်နိုင်ပေမယ့်လည်း လီဖူချန်းက အဲသည်လောက်ကြီး အပင်ပန်း မခံချင်ပါဘူး ။ သူအခု တူးယူရရှိခဲ့တဲ့  မီးလျှံသံတွေတောင်မှ မီးလျှံမြွေရဲ့ မြေအောက်ဂူကို အခြေခံပြီး ရလာတာ ဖြစ်ပါတယ် ။

" အိုး……ဟိုမှာပဲ "

အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ နောက်ထပ် မြေအောက်ဂူ တစ်လုံးကို အာရုံခံမိ သွားခဲ့ပါပြီ  ။ အဲသည်မြေအောက်ဂူကတော့ မြေအောက် မီတာအနက် တစ်သောင်းနှစ်ထောင်မှာ ရှိနေတာပါ ။ လီဖူချန်းက အဲသည်မြေအောက်ဂူဆီ သွားရမယ့် လမ်းကြောင်းကိုပါ တစ်ခါတည်း ရှာဖွေတွေ့ရှိခဲ့ ပါသေးတယ် ။

သည်မြေအောက်ဂူကို အခြေခံပြီးတော့ လီဖူချန်းက နှစ်တစ်သောင်း မီးလျှံသံတုံး ကိုးတုံးတိတိ တူးဖော်ရရှိ ခဲ့ပါတယ် ။ အဲသည်ထဲက   မီးလျှံသံ တစ်တုံးဆိုရင် လူနှစ်ကိုယ်စာလောက် ရှိပြီး အလေးချိန်ကလည်း ကီလိုဂရမ် ၂၅၀၀၀ အောက် မလျော့နည်းပါဘူး ။

လီဖူချန်းရဲ့ တူးဖော်ရရှိမှုတွေကတော့ အချိန်ကြာလာလေလေ ၊ ပိုများလာလေလေပါပဲ ။

လီဖူချန်းကတော့ အတော်လေး ကံကောင်းတယ်လို့ ဆိုရပါမယ် ။ဘာဖြစ်လို့လဲဆိုတော့ သူက မီးလျှံသံ တောင်တန်းပေါ်မှာ မြေအောက်ဂူတွေ အများအပြား ရှာဖွေတွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ် ။ အဲသည်မြေအောက်ဂူ အများစုကတော့ အဆင့်၆ မိစ္ဆာသားရဲတွေရဲ့ လက်ချက်ကြောင့် ဖြစ်တည်လာကြတာပါ ။  သဘာဝ အလျောက် ဖြစ်တည်နေတဲ့ မြေအောက်ဂူတွေကလည်း ရှိနေဆဲပါပဲ ။ လီဖူချန်း က မြေအောက်မီတာ တစ်သောင်းခွဲထက် ပိုနက်တဲ့ နေရာတွေမှာ မြေအောက်ဂူတွေ  ရှိနေတာကို အာရုံခံမိခဲ့ပေမယ့်လည်း အဲသည်ဂူတွေဆီကိုတော့ မဆင်းသွားခဲ့ပါဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ဂူတွေမှာ ခိုအောင်းနေထိုင် နေကြတဲ့ မိစ္ဆာသားရဲတွေဟာ သေချာပေါက် ထွတ်ခေါင် ဆရာသခင် အဆင့်မှာ ရှိနေမယ် ဆိုတာကို သူသိနေလို့ပါပဲ ။

၁၅ရက်မြောက်နေ့……

မြေအောက်မီတာ အနက် ခုနစ်ထောင် ရှိတဲ့ မြေအောက်ဂူ တစ်ခုရဲ့ အနီးအနားမှာတော့ လီဖူချန်းက နှစ်တစ်သိန်း မီးလျှံသံ တစ်တုံးကို   ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

အဲသည် မီးလျှံသံတုံးရဲ့ အရွယ်အစားက ရေအင်တုံ တစ်လုံးလောက်သာ ရှိပေမယ့် အလေးချိန်ကတော့ နှစ်တစ်သောင်း မီးလျှံသံတုံးတွေထက် နှစ်ဆ ပိုလေးပါတယ် ။ အဲသည် မီးလျှံသံတုံးရဲ့ အလေးချိန်က ၇၀၀၀ ကီလိုဂရမ်အောက် လုံးဝ မလျော့နည်းပါဘူး ။ အဲသည် မီးလှံျသံတုံးရဲ့ မျက်နှာပြင်က ကြက်သွေးရောင် တောက်ပနေပြီး ထွက်ပေါ်နေတဲ့ အပူရှိန်ကတော့ လုံးဝကို ကြောက်စရာပါပဲ ။  ကောင်းကင်နယ်ပယ် အဆင့် ပညာရှင်တွေတောင်မှ သည်မီးလှံျသံတုံးကို အမှုမဲ့၊အမှတ်မဲ့ ထိလိုက်မိရင် တစ်ခါတည်း တန်းပြီး သေသွားလောက်ပါတယ် ။

"  ဟား……ဟား……ဟား…… ငါကတော့ ပွပြီးရင်း ပွပဲဟေ့ ။ နှစ်တစ်သိန်း မီးလျှံသံတွေက နှစ်တစ်သောင်း မီးလျှံသံတွေထက်တောင် အဆတစ်ရာ ပိုတန်ဖိုး ကြီးသေးတယ် ။ သည်မီးလျှံသံတုံး တစ်တုံးနဲ့တင် ငါ့အတွက် ထောက်ပံ့ရေး ရမှတ် တစ်သိန်း ပြေးမလွတ်တော့ဘူးကွ "

လီဖူချန်းကတော့ မြေအောက်ထဲမှာ  အော်ကြီးဟစ်ကျယ်နဲ့  ပွဲခံနေခဲ့ပါပြီ ။ သူ့အနေနဲ့ တကယ်လည်း ပွဲ ခံသင့်တာပါပဲ ။အခု သူ တူးဖော်ရရှိတဲ့ မီးလျှံသံတုံးက နှစ်တစ်သောင်း မီးလျှံသံတုံး မဟုတ်ဘဲ နှစ်တစ်သိန်း မီးလျှံသံတုံး ဖြစ်နေတာ မဟုတ်ပါလား ။

" ဟင်း……ဟင်း…… ဒါကြီးနဲ့ ဆိုရင်တော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားတစ်လက် အေးအေးဆေးဆေး သွန်းလုပ်လို့ ရပြီ "

လီဖူချန်းက  အခု သူတူးဖော် ရရှိခဲ့တဲ့ နှစ်တစ်သိန်း မီးလျှံသံတုံးကိုတော့ ထောက်ပံ့ရေး ရမှတ်တွေနဲ့ လဲလှယ်ဖို့ မစဉ်းစားထားပါဘူး ။

သူက ဂိုဏ်းတော်ရဲ့  လက်ရွေးစင် ပန်းပဲဆရာသခင် တစ်ပါး ဒါမှမဟုတ် ပန်းပဲဘုရင် တစ်ပါးဆီကို သွားပြီး  သည်နှစ်တစ်သိန်း မီးလျှံသံ နဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ရတနာ ဓားတစ်လက် သွန်းလုပ်ပေးဖို့ အကူအညီ တောင်းမယ်လို့  စဉ်းစားထားပါတယ် ။

***

All Chapters