ကမ္ဘာတစ်ဝှမ်း တုံ့ပြန်မှုများ နောက်ဆုံးအပိုင်း
Vol. 60 Ch. 829
ဝမ်ဝေ့နှင့် တိထျန်းတို့၏ စွမ်းအားထုတ်ဖော်ပြသမှုက သူတို့နှစ်ယောက် ထင်ထားသည်ထက်ပင် အကျိုးဆက် ပိုမိုပြင်းထန်လှသည်။ အသင်္ချေအင်ပါယာကမ္ဘာရှိ အင်အားစုတိုင်း၊ မျိုးနွယ်စုနှင့် ဘာသာရေးများအထိပင် သက်ရောက်မှု ရှိလာစေသည်။
ပင်လယ်မျိုးနွယ်က ထိပ်သီးမျိုးနွယ်နှင့်အတူ အစည်းအဝေး ကျင်းပနေလေ၏။ ဤမျိုးဆက်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းက ပင်လယ်ထဲရှိ အရင်းအမြစ်များကို စတင် ကျူးကျော်လာခဲ့သည်။ အကယ်၍ သူတို့ဂိုဏ်းချုပ်ကသာ ဤမျိုးဆက်အတွင်း တာအိုကို သက်သေပြသွားခဲ့ပါက အခြေအနေသည် သေချာပေါက် ပို၍ ဆိုးရွားသွားလိမ့်မည်။
ထို့ကြောင့် သူတို့က တန်ပြန်ခုခံမည့် နည်းလမ်းရှိလားဟု အစည်းအဝေး ကျင်းပနေကြခြင်း ဖြစ်သည်။ အဆုံးသတ်တွင် သူတို့က နောက်ဆုံးဝှက်ဖဲကို အသုံးပြုလိုက်ကြ၏။ စည်းပိတ်ခံထာဝရဦးသျှောင်ကို ထုတ်သုံးဖို့ ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ချက် ချလိုက်သော်လည်း သူတို့က ဝမ်ဝေ့တိုက်ပွဲတွင် ပြသခဲ့သည့် အလားအလာကြောင့် စိုးရိမ်နေကြဆဲ ဖြစ်၏။
ယင်စန္ဒာနန်းဆောင်က သူတို့၏ ကောင်းကင်ရွေးချယ်ခံ စုယာသည် မည်သို့အဆုံးသတ်သွားကြောင်း တွေးမိကာ နောင်တရလာပြီး တိတ်ဆိတ်နေကြသည်။ အကယ်၍ သူမသာ ဤမျိုးဆက်အတွင်း ကျန်ရှိနေပါက တိုက်ပွဲကွင်းပြင်တွင် တောက်ပမည့် အခွင့်အရေးတစ်ခု ရလာနိုင်သည်။
ထို့အပြင် သူတို့က စုယာ၏ အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည်။ သူတို့က သူမ၏ သတင်းကို ကြားသိပြီးသည့်နောက်တွင် မည်သို့တုံ့ပြန်မည်ကို မသိပေ။ သူမ၏ ပါရမီနှင့် ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် မျိုးဆက်ရှိ ကြမ္မာတို့ဖြင့် သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်ခြင်းက ပြဿနာတစ်ခု မဟုတ်ပေ။ သူတို့က ထိုသတင်းသည် သူမတာအိုနှလုံးသားအပေါ် သက်ရောက်မှုရှိလာလျှင် ဆိုးဆိုးရွားရွား ဆုံးရှုံးသွားနိုင်သည်။
လေလွင့်ကျင့်ကြံသူ မဟာမိတ်ကလည်း ဝမ်ဝေ့တစ်ယောက် ဟို့ဖုန်းဟွမ်နှင့် ပြောခဲ့သည့် ပတ်ဝန်းကျင် အပြောင်းအလဲနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည်။ ဤသို့သော အပြောင်းအလဲကြီးက အရင်းအမြစ် ပြန်လည်ခွဲဝေမှုဆီ ဦးတည်လာလိမ့်မည်။ အကယ်၍ သူတို့သာ ဘာမှမလုပ်ပါက ဧကရာဇ်မျိုးနွယ်များ၊ ဧကရာဇ်မျိုးဆက်များနှင့် ဧကရာဇ်မျိုးနွယ်စုများက အရင်းအမြစ်အားလုံးကို သိမ်းပိုက်သွားပြီး လေလွင့်ကျင့်ကြံသူများအတွက် အမှိုက်များသာ ချန်ထားခဲ့လိမ့်မည်။ ထို့ကြောင့် သူတို့က အနာဂတ်ဖြန့်ဝေရေးတွင် တစ်စိတ်တစ်ပိုင်း ရရှိဖို့ရာအတွက် စတင်ကြံစည်နေကြ၏။
မူလလက်နက်တောင်ကလည်း ချန်းချန်ကို ပြန်လည်ခေါ်ဆောင်နိုင်ချေကို ဆွေးနွေးနေကြသည်။ သူက ဤမျိုးဆက်အတွင်း ထူးချွန်ပြောင်မြောက်သည့် ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်၏။ သူ့သွင်ပြင်နှင့် အကျင့်စရိုက်တို့က တားမြစ်နည်းစနစ်ကို အသုံးပြုပြီးသည့်နောက်တွင် ပြောင်းလဲသွားခဲ့သော်လည်း မူလလက်နက်တောင်အနေဖြင့် သူ့ကို ကူညီဖို့ရာ နည်းလမ်းများစွာရှိနေဆဲ ဖြစ်၏။ ထို့အပြင် ချန်းချန်သာ တာအိုကို သက်သေပြနိုင်သရွေ့ ထိုပြဿနာကို ဖြေရှင်းနိုင်သည်။
နှမြောစရာကောင်းလှသည်က ဝမ်ဝေ့ ပြသခဲ့သည့် စွမ်းအားနှင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ အင်အားတို့ဖြင့် သူ့ကို ပြန်ခေါ်နိုင်ချေက အလွန်နည်းပါးကြောင်း သိထားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကြိုးစားကြည့်ချင်သေး၏။
မဟာအဆောင် မြို့တော်ကလည်း ထုံရို့ပင်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြသည်။ သူတို့က နောက်ဆုံးအနိုင်ရရှိသူသည် သူမအား သစ္စာဖောက်များနှင့် ပူးပေါင်းသည့်အတွက် အပြစ်တင်မည်ကို စိုးရိမ်နေကြသည်။ ထုံရို့ပင်းက သစ္စာဖောက်နိုင်ချေကို ငြင်းပယ်နိုင်ဖို့ ယွီကျူးကို ဖမ်းဆီးသွားခဲ့သော်လည်း ထိုအရာက အနာဂတ် ထာဝရအထွတ်အထိပ် နှစ်ယောက်အနေနှင့် သူမအပေါ် အပြစ်တင်သည့်အခါ ဘာမှပြောင်းလဲမည် မဟုတ်ပေ။
ထို့ကြောင့် သူတို့က ယွီကျူးကို အပေးအယူအဖြစ် သုံးဖို့ ပြင်ဆင်ထားကြသည်။ ထို့နောက် သူတို့က ကြယ်တာရာသားရဲကမ္ဘာဆီ လှမ်းဆက်သွယ်ကာ မူလိန်က တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ် ဖြစ်လာလားဟု လှမ်းမေးဖို့ ကြိုးစားခဲ့ကြသည်။ သူ့အထောက်အပံ့ဖြင့် ကိစ္စများစွာက ပိုမိုချောမွေ့သွားလိမ့်မည်။
မူလသင်္ကေတနန်းဆောင်က တုံ့ပြန်မှုများ ရောထွေးနေလေ၏။ ဝူမင်၏ အင်အားစု သို့မဟုတ် သူ့မိသားစုက သူတို့၏ ခေါင်းဆောင်သည် အလားအလာကောင်းသည့်သူနှင့် သဘောတူညီချက် ရထားသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ ထိုစဉ် တခြားအင်အားစုကမူ ဝူမင်၏ မြင့်တက်လာမှုကို စိုးထိတ်နေကြပြီး သူတို့၏ စွမ်းအားနှင့် အရင်းအမြစ်များကို မဆုံးရှုံးလိုကြသော်လည်း သူတို့တွင် အခွင့်အရေးမရှိတော့ဟန်ပေါ်သည်။
မူလဆေးလုံးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သူ လော့ချန်ကလည်း ဝမ်ဝေ့၏ စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် အကြောက်တရား ပိုမိုကြီးမားလာခဲ့သည်။ အကယ်၍ သူ့ဇနီး၏ ဖျောင်းဖျမှုကြောင့်သာ မဟုတ်ပါက နှလုံးသားနတ်ဆိုးပင် ပေါက်ဖွားလာနိုင်သည်။ သူက ဝမ်ဝေ့ဆီ တာအိုသက်သေပြ ဆေးလုံးနှင့် ပါဝင်မပတ်သက်ခဲ့သည့် ခေါင်းမာသော သူ့ရွေးချယ်မှုအပေါ် အနည်းငယ် အလျှော့ပေးလာမိသည်။
ထိုစဉ် သူ့ဆရာယဲ့လောင်က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တိတ်တဆိတ် မဟာမိတ်ဖွဲ့ထားလေသည်။ ယခင်တုန်းက သူသည် ဤသို့ အားကောင်းသည့် ဂိုဏ်းနှင့် ရင်ဆိုင်ရသည့်အခါ ထည့်စဉ်းစားစရာများ ရှိသည့်အတွက် မဟာမိတ်ကို လျှို့ဝှက်ချက်အနေဖြင့်သာ ထိန်းသိမ်းထားခဲ့သည်။ သို့သော် ယခုတွင် သူက အကြီးအကဲများနှင့် မဟာမိတ်အကြောင်းကို လူသိရှင်ကြား ကြေညာဖို့ ဆွေးနွေးခဲ့သည်။
လျှို့ဝှက်ကောင်းကင်မျှော်နန်းက ဝမ်ဝေ့၏ သတင်းအချက်အလက်များကို တိထျန်းဆီ ပေးကာ ရန်စခဲ့မိသည့်အတွက် အကြောက်တရားဖြင့် နေထိုင်နေရသည်။ သူတို့က အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုအတွင်း ရန်ကြွေးကို ဖယ်ရှားခဲ့သော်လည်း သူတို့၏ အပြုအမူက ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်းကြားတွင် ကြားနေအခြေအနေကိုသာ ပြန်ရောက်စေသည်။
ထို့ကြောင့် သူတို့က ထိုသူသည် အငြိုးထားဦးမည်လား မသိပေ။ မျှော်နန်းဆောင်က အင်မော်တယ်မျိုးနွယ်မျှသာ ဖြစ်သည့်အတွက် ထိုသူများကိုရန်စဖို့ မတတ်နိုင်ပေ။
ဝိညာဉ်မျိုးနွယ်ကလည်း ယွီကျူးသည် သူတို့မျိုးနွယ်အတွက် သစ္စာဖောက်ဖြစ်ကာ ထုတ်ပယ်ခဲ့ကြောင်း ချက်ချင်း ကြေညာခဲ့သည်။ သူတို့က သူနှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထို့နောက် သူတို့က မျိုးနွယ်အား ပိတ်ဆို့ကာ မျိုးဆက်အနည်းငယ်ထိ ပေါ်ထွက်မလာဖို့ ရွေးချယ်ခဲ့သည်။
သူတို့အနေဖြင့် ဤချဉ်းကပ်မှုသည် ဝမ်ဝေ့ သို့မဟုတ် တိထျန်းက လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါက အသုံးမဝင်ကြောင်း သိထားလေ၏။ ထိုအရာက သူတို့၏ ရပ်တည်မှုကို ပြလိုက်ခြင်းဖြင့် သူတို့မျိုးနွယ် ရှင်သန်နိုင်ချေကို မြင့်မားစေသည်။
ကျောင်းအုပ်ဟောင်း ပိုင်လီတစ်ယောက် ဝမ်ဝေ့နှင့် လီကျွင်းတို့ ဖြေရှင်းဖို့အတွက် စည်းမျဉ်းများကို ပြောင်းကာ လှည့်စားခဲ့ပြီးသည့်နောက် တာအိုကိုးကွယ်ရေးကျောင်းတော်က ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ကို ရင်ဆိုင်ဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားခဲ့သည်။
တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ ဧကရာဇ်ကျမ်းများကို ကျောင်းတော်ထံ မတန်မဆ ဈေးနှုန်းများဖြင့် ချပေးခဲ့ပြီး လေလွင့်ကျင့်ကြံသူများကို ဆွဲခေါ်ကာ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ကို အားနည်းစေခဲ့သည်။ မဟာမိတ်က ယာယီမျှသာ ဖြစ်၏။ သို့သော် ယခုတွင် အထက်ပိုင်းများက သူတို့သည် တကယ့်အစစ်အမှန် မဟာမိတ် ဖွဲ့စည်းဖို့ရာအတွက် စတင်ဆွေးနွေးနေကြသည်။
ထာဝရအိပ်မက်ဂိုဏ်းက တာအိုအခွင့်အလမ်းဂိုဏ်း၏ အယုံကြည်ရဆုံး မဟာမိတ် ဖြစ်ခဲ့လေသည်။ သူတို့က ကိစ္စအများစု၌ တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ပေးကြ၏။ သို့သော်လည်း လတ်တလောမျိုးဆက်အတွင်း သူတို့၏ ဆက်နွယ်မှုက ယခင်လောက် အားမကောင်းပေ။ ထို့ကြောင့် သူတို့က ဤမျိုးဆက်အတွင်း ထိုအချက်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့သည်။
………….
အနောက်ပိုင်းကုန်းမြေ၊ မိစ္ဆာမျိုးဆက် အစည်းအဝေး
မိစ္ဆာဧကရာဇ်မျိုးဆက်ကို ကိုယ်စားပြုသည့် လူများစွာက အစီအရင်တစ်ခုကို အသုံးပြု၍ ပေါ်ထွက်လာကြသည်။
“ခေါင်းဆောင်မို ဘာလို့ကျုပ်တို့ကို ခေါ်လိုက်တာလဲ”
“ငါတို့ရဲ့ ကပ်ဘေးကို ဘယ်လိုကျော်လွှားမလဲဆိုတာ ဆွေးနွေးဖို့ ခေါ်လိုက်တာ”
“ကပ်ဘေး။ ဘာကပ်ဘေးလဲ”
“တုံးအအတွေ လုပ်မနေနဲ့။ တကယ်လို့ တိမျိုးနွယ်က ဒီမျိုးဆက်အတွင်းမှာ ထာဝရဧကရာဇ် ရှိလာမယ်ဆိုရင် သူက အနောက်ပိုင်းကုန်းမြေကို ရှင်းပြီးတော့ သူတို့မိသားစုရဲ့ ထိန်းချုပ်မှုကို မြှင့်တင်မှာ အသေအချာပဲ” မိုမျိုးနွယ်၏ ခေါင်းဆောင်က ပြောလိုက်သည်။
“ဒါပေမဲ့ သူ မနိုင်နိုင်တာလည်း ဖြစ်နိုင်တာပဲ” တခြားတစ်ယောက်က ပြောလိုက်၏။
“သူ မနိုင်ဘူးဆိုရင် အခြေအနေတွေက ပိုပြီးတော့တောင် ဆိုးသွားဦးမယ်။ ဝမ်ဝေ့က စိတ်နတ်ဆိုး လွှမ်းမိုးခံရပြီးတဲ့နောက်မှာ ဒေါသတွေပုန်ချပြီးတော့ ကုသိုလ် စုဆောင်းခဲ့တာကို မှတ်မိတယ်မလား။ ပြီးတော့ ငါတို့ဘိုးဘေးက အနောက်ပိုင်းက မိစ္ဆာကျင့်ကြံသူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရွေးနှုတ်ပြီးတော့ ခေတ်သစ်ကို ထူထောင်မဲ့ ကြမ္မာရှိတယ်ဆိုတာ သိကြတာပဲ။ ဒါပေမဲ့ တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပြီးတော့ သူ့တာဝန်က မပြီးမြောက်ခဲ့ဘူး။”
“ခေတ်ကာလရဲ့ သားတော်က ဒီအခွင့်အရေးကို သုံးပြီးတော့ ကုသိုလ်၊ ကံကောင်းမှုနဲ့ ကြမ္မာ စုဆောင်းမယ်လို့ ထင်နေတာလား”
အစည်းအဝေးက ဘယ်သူမှ မပြောသည့်အတွက် တိတ်ဆိတ်လာသည်။ သူတို့က ခေါင်းဆောင်မို ပြောစကားက မှန်ကန်ကြောင်း သိလေ၏။ အတိတ်ခေတ်ကာလတုန်းက မိစ္ဆာကျင့်ကြံသူများသည် ကိစ္စများစွာ လုပ်ဆောင်ခဲ့ကြသည်။ သူတို့က အသင်္ချေအင်ပါယာကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖို့အတွက် နယ်ခြားများကိုပင် ခွင့်ပြုပေးခဲ့သည့်အတွက် သစ္စာဖောက်များဟုပင် ခေါ်နိုင်သည်။
အင်အားစုအများစုက ရှေးဟောင်းမျိုးနွယ်၏ လွှမ်းမိုးမှုကို ခံရကာ သူတို့အတွက် မကောင်းသည့် အရာများကို လုပ်ဆောင်ပေးနေကြသည်။
သူတို့က များစွာလုပ်ပေးခဲ့ပြီး သူတို့၏ အပြုအမူများအတွက် ပြန်လည်ပေးဆပ်ရမည့်အချိန် ကျရောက်လာလေပြီ။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က မိုးမြေဆီမှ ကံတန်ပြန်သက်ရောက်မှုကို ခံစားရတော့မည် ဖြစ်၏။
အကယ်၍ သူတို့သာ မလုပ်ပါက အနောက်ပိုင်းကုန်းမြေအပေါ် လွှမ်းမိုးမှုသည် အဆုံးသတ်သွားနိုင်သည်။ ပို၍ဆိုးရွားသည်က မိစ္ဆာကျင့်ကြံသူများသည် အသင်္ချေအင်ပါယာကမ္ဘာ သမိုင်းကြောင်းတစ်လျှောက်လုံး၌ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
“ကျုပ်တို့ကို ဘာလုပ်စေချင်တာလဲ။ တကယ်လို့ ခင်ဗျား ဘိုးဘေးကသာ ပြန်လည်ရှင်သန်ရာမှာ အောင်မြင်ခဲ့တယ်ဆိုရင် ကျုပ်တို့ အခြေအနေက တိုးတက်လာမှာပဲ။ ဒါပေမဲ့ အခုတော့ ရွေးချယ်စရာ များများစားစား မရှိတော့ဘူး” ခေါင်းဆောင် တစ်ယောက်က ပြောလိုက်သည်။
“ပြဿနာအတွက် ဖြေရှင်းနည်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက အရင်းအမြစ်တွေ အားလုံးပုံအောပြီးတော့ အခြေအနေအတွင်းမှာ ထာဝရဦးသျှောင်တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ပဲ” ခေါင်းဆောင်မိုက ပြောလိုက်သည်။
“အဲဒါက အကြံကောင်းပဲ။ ဒါနဲ့ အဲဒီလူက ဘယ်သူလဲ”
သူတို့က စွမ်းအားကို အလေးထားသည့် မိစ္ဆာကျင့်ကြံသူများ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့၏ အရင်းအမြစ်များဖြင့် တခြားပြိုင်ဘက်အတွက် ထာဝရဦးသျှောင် ပြုစုပျိုးထောင်ပေးလိုမည်နည်း။
“ဘယ်သူ ရွေးချယ်ခံရမလဲဆိုတာကို ဆုံးဖြတ်ဖို့ ပြိုင်ပွဲလုပ်မယ်။ ပြီးတော့ ရွေးချယ်ခံရတဲ့သူက အတင်းကြပ်ဆုံး စာချုပ် ချုပ်ဆိုပြီးတော့ သူတို့က ဘယ်အင်အားစုမှ မဟုတ်ပဲနဲ့ မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို ကာကွယ်ဖို့ ကာကွယ်သူအဖြစ် ထမ်းဆောင်ရမယ်”
မည်သူကမှ ဘာမှမပြောကြပေ။ ထိုနည်းလမ်းက အကောင်းဆုံး ဖြစ်သော်လည်း လူအများစုက ထိုအခွင့်အရေးကို အသုံးပြုကာ သူတို့အင်အားစု၏ အင်အားကို မြှင့်တင်လိုကြသည်။
“ခင်ဗျားတို့တွေ ဘယ်လိုခံစားနေတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ကျုပ်တို့တွေက ပျက်သုဉ်းမှုနဲ့ ရင်ဆိုင်နေရတာ။ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ လိုအင်ဆန္ဒတွေကို ထိန်းချုပ်ထားပြီးတော့ အရင်ဆုံး ဘေးကင်းအောင် လုပ်ကြမယ်” ခေါင်းဆောင်မိုက ဆက်ပြောလိုက်သည်။
“ ဒါနဲ့ နောက်ထပ် အစီအစဉ်ကရော”
“ ကျုပ်တို့တွေ ထာဝရဦးသျှောင် ပြုစုပျိုးထောင်နေရင်း အချိန်ဆွဲထားဖို့ လိုတယ်”
“ကျုပ်တို့အားလုံးကို ဧကရာဇ်အစီအရင် အသက်သွင်းပြီးတော့ အနောက်ပိုင်းကုန်းမြေကို ပိတ်ဆို့စေချင်တာလား” မိစ္ဆာကျင့်ကြံသူထဲမှ ဉာဏ်ကောင်းသူ တစ်ယောက်က မေးလိုက်သည်။
“အဲဒါက အလုပ် ဖြစ်နိုင်တယ်။ ကျုပ်တို့သာ ပူးပေါင်းလိုက်ရင် တိမျိုးနွယ်တောင် အင်အားမဲ့သွားလိမ့်မယ်”
“ဒီနည်းလမ်းက ကောင်းတယ်ဆိုပေမဲ့ တန်ကြေးက ကြီးလွန်းတယ်”
“ဒီနည်းလမ်းက အကြံကောင်းဆိုပေမဲ့ ဒီလိုမျိုးကြီးမားတဲ့ အစီအရင်မျိုးဆိုရင် တိမျိုးနွယ်က အမြဲတမ်း ပင်မပြစ်ချက်တစ်ခု ဖြစ်နေတာပဲလေ။ ထာဝရဧကရာဇ်အတွက်ကတော့ လုံလောက်တာထက်ပိုပါတယ်”
“အဲဒါဆိုတော့ ဘာကို အကြံပြုချင်တာလဲ”
“ကျုပ်တို့တွေက ချောင်ပိတ်ခံရပြီဆိုတော့ အန္တရာယ်များအောင် လှုပ်ရှားကြတာပေါ့” ခေါင်းဆောင်မိုက လှောင်ပြောင်ကာ ပြောလိုက်သည်။
“နယ်ခြားအင်အားစုနဲ့ ဧကရာဇ်တွေကို ဒီကမ္ဘာဆီ ခေါ်သွင်းချင်တာလား”