လီကျွင်းနှင့် တိကျားယင်တို့၏ ပြိုင်ဆိုင်ခြင်း အပိုင်း(၁)
Vol. 60 Ch. 832
လီကျွင်းက သူ့ရှေ့တွင် ရှိနေသည့် အနက်ရောင် ချပ်ဝတ်နှင့် မိန်းမလှလေးကို ကြည့်လိုက်သည်။ အကယ်၍ သူမကို ဖော်ပြဖို့ စကားလုံးရွေးချယ်ရမည်ဆိုပါက သူရဲကောင်းဆန်ခြင်းသာ ဖြစ်လိမ့်မည်။ သူမက အရှိန်အဝါ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း လွှမ်းမိုးနိုင်သည့် တည်ရှိမှုမျိုး ရှိနေသည်။
အားနည်းသည့် အမျိုးသား၊ အမျိုးသမီး သို့မဟုတ် မျိုးနွယ်စုများက သူမ၏ တည်ရှိမှုတွင် ကြာကြာနေနိုင်ကြမည် မဟုတ်ပေ။ သူမကို မျက်လုံးဖြင့် စိုက်ကြည့်ဖို့ရာ ထည့်ပြောဖို့ပင် မလိုတော့ပေ။ သူမက “ငါ့နောက်ကို လိုက်ရင် စည်ပင်ကြွယ်ဝပြီးတော့ ငါ့ကိုဆန့်ကျင်ရင် ပျောက်ကွယ်သွားရမယ်” ဆိုသည့် စကားအတွက် ပြယုဂ်တစ်ခုအလား ဖြစ်၏။
ဒီလိုဆွဲဆောင်မှုရှိနေတဲ့ မိန်းမလှတစ်ဦးပဲ။ နှမြောစရာပဲ…
သူတို့သည် ဆန့်ကျင်ဘက်တွင် ရပ်ပြီး တစ်ယောက်နှင့်တစ်ယောက် သတ်ရမည့်အချက်ကို ရည်ညွှန်းသည်လား သို့မဟုတ် သူမကို လိုက်ပိုးပန်းရမည့် အခွင့်အရေး မရတော့သည်ကို ပြောဆိုသည်လား လီကျွင်းသာလျှင် သိလိမ့်မည်။
သို့မဟုတ် နှစ်ခုလုံး ဖြစ်နေနိုင်၏။
“အာဏာရှင်တစ်ယောက်ကို တစ်ခါမှ မသတ်ဖူးသေးဘူး” လီကျွင်းက သူ့တာအိုသက်သေပြပစ္စည်းသည် လှံအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် ပုခုံးပေါ်တင်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါကတော့ စစ်သူကြီးအများကြီးကို ဖိနှိပ်ဖူးတယ်” တိကျားယင်က လေသံအတက်အကျမရှိ ပြန်ဖြေလိုက်၏။
“အဲ့လိုလား။ ခင်ဗျားကို မြင်လိုက်ကတည်းက တစ်ခုကို တွေးမိသွားတာ။ ခင်ဗျားရဲ့ တာအိုရှိတဲ့ သူမျိုးနဲ့ ဒီလိုအကျင့်စရိုက်မျိုးနဲ့ဆိုရင် တိထျန်းအောက်မှာ လိုလိုလားလား ခစားမှာတော့ မဖြစ်နိုင်ဘူး။ ဘာလို့များ လုပ်ခဲ့တာလဲ” လီကျွင်းက မေးလိုက်သည်။
“အဲဒါက မင်း ကိစ္စလား”
“သူက ခင်ဗျားကို ဖိအားပေးလို့လား။ ဖိအားပေးခဲ့တာ သေချာပါတယ်လေ”
“မင်းက လေပေါလွန်းတယ်” တိကျားယင်က လီကျွင်းရှေ့မှောက် ဖြတ်ခနဲပေါ်ထွက်လာသည်။
ဝုန်း
သူမ၏ လက်သီးချက်က ပတ်ဝန်းကျင်ကာလံဒေသကို တစ်ခုတည်းအဖြစ် ဖိနှိပ်ထားပြီး ပေါက်ကွဲထွက်သွားစေသည်။
သို့သော်လည်း တိကျားယင်က သူမဘေးဖက်တွင် လီကျွင်းက အကောင်းအတိုင်းရှိနေသည်ကို မြင်သည့်အခါ မပျော်ရွှင်တော့ပေ။
“ကျုပ်တို့ဘက် ပူးပေါင်းလိုက်ပါလား။ ခင်ဗျားလိုမျိုး အမျိုးသမီးက အငြိုးထားမှာ သေချာတယ်။ သူ ခင်ဗျားကို လုပ်ခဲ့တဲ့အပေါ် ပြန်ပြီး မပေးဆပ်စေချင်ဘူးလား” လီကျွင်းက ဆက်ပြောလိုက်သည်။
“မင်း ပြောလို့ပြီးပြီလား” တိကျားယင်က ပြောလိုက်သည်။
“ကျုပ်က အလိမ်အညာများ ပြောလို့လား။ သူ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင် ခင်ဗျားကို ဖိနှိပ်ထားတုန်းက အရှက်ခွဲခဲ့မှာ သေချာတယ်။ ဒီအခွင့်အရေးကိုယူပြီး လက်စားချေလိုက်လေ”
“မင်းရဲ့ စိတ်ကစားပွဲတွေက အသုံးမဝင်ဘူး။ ငါတို့ဆီမှာ ပြဿနာရှိတယ်ဆိုရင်တောင် မျိုးနွယ်ရဲ့ စည်ပင်ကြွယ်ဝမှုနဲ့ ပတ်သက်လာရင် ဘာမှမယှဉ်နိုင်ဘူး” တိကျားယင်က ပြောလိုက်သည်။
“မျိုးနွယ် စည်ပင်ကြွယ်ဝမှုလား။ မသေနိုင်စွမ်း၊ သေခြင်းတရားကနေ ကင်းလွတ်ခွင့်ရပြီးတော့ အသင်္ချေသက်ရှိတွေရဲ့ ထိပ်ဆုံးမှာရပ်တည်နိုင်မဲ့ တည်ရှိမှုရှေ့မှာ မျိုးနွယ်က ဘာများတန်ဖိုးရှိလို့လဲ” လီကျွင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“အစ်ကို၊ အစ်မ၊ အဖေနဲ့သား၊ အမေနဲ့သားတွေက ပလ္လင်အတွက် တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်ကြတာပဲ။ ဒါပေမဲ့ ခင်ဗျားက မျိုးနွယ်စည်ပင်ကြွယ်ဝမှုအကြောင်းကို ပြောနေသေးတယ်”
သူက သူ့မျက်နှာနှင့် မျက်ဝန်းအထက် လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ပြီးတော့ အဲ့လိုမျိုးရက်စက်တဲ့ မကောင်းဆိုးဝါးက တိမျိုးနွယ်ရဲ့ စည်ပင်ကြွယ်ဝမှုကို ဂရုစိုက်မယ်များ ထင်နေလား။ ဟား…ဟား…ဟား…ကျုပ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ နှစ်သန်းချီ နေခဲ့တဲ့အတွင်းမှာ အကြီးမားဆုံး ပြက်လုံးတစ်ခုကို ကြားခဲ့ရတာပဲ”
“တော်တော့” တိကျားယင်က သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ လီကျွင်းကို အသားစိုင်အဖြစ် ခြေမွပစ်နိုင်သည့် မြေဆွဲအားနှင့် တူညီသည့် ဖိနှိပ်အားကို ထုတ်လွှတ်လာသည်။
“ကျုပ်က ချက်ကောင်း ထိသွားတာလား” သူက အမျိုးသမီးများစွာကို ဆွဲဆောင်ဖို့ အသုံးပြုခဲ့သည့် တောက်တောက်ပပ အပြုံးဖြင့် မေးလိုက်သည်။ သို့သော်လည်း သူ့ပြိုင်ဘက်အတွက် စိတ်ပျက်ဖို့ ကောင်းနေသည်။
လီကျွင်းက လှံကို ဝှေ့ယမ်းကာ တိကျားယင်၏ စွမ်းအားကို ချိုးဖောက်ခဲ့သည်။
“ဒါပေမဲ့ ကျုပ်က အမှန်ကိုပဲ ပြောတာ။ ခင်ဗျားကို ကြည့်လိုက်ဦး။ တစ်ခါက အကြောင်းအရင်းတစ်ခု မဟုတ် တစ်ခုကြောင့် စည်းပိတ်ထားတဲ့ ဂုဏ်ယူရတဲ့ ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပဲ။ ခင်ဗျားက သင့်တော်တဲ့အချိန်မှာ နိုးထလာပြီး တာအိုကို သက်သေပြပြီး မိုးမြေကြားမှာ အထွတ်အထိပ်သက်ရှိဖြစ်အောင် စီစဉ်ထားခဲ့လောက်တယ်။
ဒါပေမဲ့ ခင်ဗျားရဲ့ မျိုးနွယ်က ခင်ဗျားရဲ့တောင်းဆိုချက်ကို လျစ်လျူရှုပြီးတော့ တခြားတစ်ယောက်ရဲ့ စစ်သူကြီးအဖြစ် နိုးထလာစေခဲ့တယ်။ သူတို့က ခင်ဗျားရဲ့ နှစ်သန်းချီကြာ အားထုတ်မှုကိုတောင် ပျက်စီးစေခဲ့တဲ့အချက်ကို ဂရုတောင် မစိုက်ကြဘူးလေ။ ခင်ဗျားကို ထပ်ပြီး ခံစားရအောင် ဖိအားပေးခဲ့တာပဲ”
ကမ္ဘာဖိနှိပ်ခြင်း
တိကျားယင်က မဟာကမ္ဘာကိုပင် ကပ်ဘေးယူဆောင်လာနိုင်သည့် ဖိနှိပ်အားကို ထုတ်လွှတ်လာသည်။
ဝုန်း
လီကျွင်း၏ အလိုအလျောက် တုံ့ပြန်မှုက သူ့ကိုယ်သူ ကာကွယ်ဖို့ အနီရောင်ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်၏။ ထိုအရာက ကြာရှည်မခံဘဲ အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။ ကံကောင်းစွာဖြင့် ဒိုင်းကာက ထိုနည်းစနစ်ကို ကာကွယ်ပေးထားနိုင်သော်လည်း ချက်ချင်းဆိုသလို ပြန်လည် အားဖြည့်ဖို့ လိုအပ်သည်။
“စည်းပိတ်ရေးဖြစ်စဉ်က အတော်လေးကို ဝေဒနာပြင်းထန်တယ်လို့ ပြောကြတယ်။” လီကျွင်းက သူ့ရုပ်ချောချောမျက်နှာကိုပင် ဖျက်ဆီးပစ်စေလိုသည့် စိတ်မျိုး ပေါက်လာစေလောက်သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
“ဒီလို အဆုံးမဲ့အထီးကျန်မှုမျိုးက အခိုင်မာဆုံးစိတ်ဆန္ဒတွေကိုတောင် ဖျက်ဆီးဖို့ လုံလောက်ပြီးတော့ အညစ်အကြေးကင်းစင်တဲ့ တာအိုနှလုံးသားကိုတောင် ကြေမွသွားစေနိုင်ပြီးတော့ စိတ်ရဲ့ ပြစ်ချက်မဲ့အခြေအနေကိုတောင် အသုံးမဝင်ဖြစ်သွားစေနိုင်တယ်လို့ ကြားဖူးတယ်။ လူအများစုက သူတို့ရဲ့ ကံကြွေးဆေးကြောမပြီးခင်မှာ တစ်ဝက်တစ်ပျက် လက်လျှော့ပြီးတော့ ဧကရာဇ်လမ်းစဉ်ကို အဆုံးသတ်သွားကြတယ်။
ဒါပေမဲ့ ခင်ဗျားက အောင်မြင်ခဲ့တဲ့သူတွေထဲက တချို့ပဲ။ ဒါပေမဲ့ အရာအားလုံးက အလကားဖြစ်သွားရပြီးတော့ ခင်ဗျားရဲ့ ကြိုးစားမှုနဲ့ ဒုက္ခခံရမှုတွေက ဘာမှမဟုတ်တော့ဘူး”
တိကျားယင်၏ အရှိန်အဝါက အနည်းငယ် တုန်ယင်သွားလေ၏။ သူမက သူမ၏ ဖိအားကို ထပ်မံ တိုးမြှင့်ခဲ့သည်။
လီကျွင်းက ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ မော်လီကျူးများကို ထိန်းချုပ်ကာ ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခုဖြင့် သူမ၏ ဖိနှိပ်အားကို တန်ပြန်ရင်ဆိုင်ခဲ့သည်။
“ဒီလိုမျိုး မှားယွင်းတဲ့ ဆက်ဆံမှုတွေ ကြုံတွေ့ပြီးတဲ့နောက်မှာတောင် ခင်ဗျားရဲ့ စိတ်ထဲမှာ အငြိုးတရားတွေ၊ အမုန်းတရားတွေ မရှိဘူးလို့ ပြောချင်နေတာလား။ ခင်ဗျားက သူတော်စင် ဒါမှမဟုတ် ဗုဒ္ဓပဲ ဖြစ်ရမယ်။ မဟုတ်သေးဘူး။ အရက်ရောဆုံး သူတော်စင်နဲ့ ဗုဒ္ဓတောင် ဒီလိုအရာမျိုး ကြုံတွေ့ရတဲ့အခါ အကောင်းအတိုင်း ရှိနေမှာမဟုတ်ဘူး”
“ဘာလဲ။ မင်းက လေနဲ့ လာတိုက်နေတာလား” တိကျားယင်က မျက်လုံးနီနီဖြင့် မေးလိုက်သည်။
“ကျုပ်တို့ရဲ့ ပြိုင်ပွဲမစခင် ရင်းရင်းနှီးနှီး ပြောဆိုချင်ရုံလေးပါ” လီကျွင်းက ပြုံးလိုက်သည်။ သူ့အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။
“ပြီးတော့ ကျုပ်က ဒီတိုက်ပွဲကို တားနိုင်ရင် အကောင်းဆုံးလို့ ထင်လို့ ဖျောင်းဖျနေရုံပါပဲ”
တိကျားယင်က အသက်ပြင်းပြင်းရှူကာ မျက်လုံးမှိတ်ထားလိုက်သည်။ သူမ၏ စိတ်ထဲ မထိန်းချုပ်နိုင်သည့် အတွေးများစွာ ပေါ်ထွက်လာပြီး သူမ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း ဆံပင် အနက်ရောင်နှင့် အဖြူရောင်ရှိသည့် မျက်နှာက သူမ၏ စိတ်ထဲ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သူမက ချက်ချင်းဆိုသလို တုန်ယင်သွားပြီး အင်အားကုန်သုံးကာ ထိုအတွေးများကို ဖိနှိပ်ထားခဲ့သည်။
သူမက မျက်လုံးဖွင့်လာပြီး သူမ၏ မျက်ဆံက တည်ငြိမ်နေသည့် ရေပြင်အလား ငြိမ်သက်နေ၏။ အနည်းဆုံးတော့ ထိုသို့ထင်ရဟန်ပေါ်သည်။
“မင်းက စကားပြောချင်တယ်ဆိုမှတော့ မင်း အကြောင်းလည်း ပြောကြတာပေါ့” တိကျားယင်က တစ်ဖက်လူ၏ မျက်ဝန်းထဲ စိုက်ကြည့်လိုက်၏။
“မင်းရဲ့ တစ်ဘဝလုံးကို တခြားသူရဲ့ အရိပ်အောက်မှာ ကုန်ဆုံးခဲ့ပြီးတော့ သူတို့ရဲ့ တောက်ပမှုတွေ၊ ထူးချွန်မှုတွေအောက်မှာ လွှမ်းမိုးခံခဲ့ရတယ်။ သိပ်မကြာခင် အဲဒီလူက မင်းရဲ့အကူအညီနဲ့ ပိုပြီး မြင့်မားသွားလိမ့်မယ်။ မင်းက ဘာပြန်ရမှာလဲ။ မဟာတာအိုအရင်းအမြစ် မျိုးစေ့ပဲ ဖြစ်မှာပေါ့။
အဲဒီနောက်ကျရင် သူက ကမ္ဘာကြီးရဲ့ အတောက်ပဆုံးကြယ်ပွင့် ဖြစ်လာပြီးတော့ မင်းကတော့ ဒီနေရာမှာ ကျန်နေပြီးတော့ ဂိုဏ်းနဲ့ မိသားစုကို စောင့်ရှောက်ပြီးတော့ မင်းရဲ့ ကျင့်ကြံဆင့်က လိပ်တစ်ကောင်ထက်တောင် နှေးကွေးနေလိမ့်ဦးမယ်။
မင်းရဲ့ ပါရမီက ဒီမျိုးဆက်ရဲ့ အထူးချွန်ပြောင်မြောက်ဆုံး ပါရမီရှင်တွေထက် မနိမ့်ကျဘူး။ တခြားတစ်ယောက်ရဲ့ အစောင့်ခွေးဘာလို့များ ဖြစ်ချင်ရတာလဲ။ မင်းရဲ့ လမ်းစဉ်ကို ဖောက်ပြီးတော့ ကိုယ်ပိုင်အလင်းရောင်နဲ့ မရှင်သန်ချင်ဘူးလား။ အဆုံးသတ်မှာ မအောင်မြင်ရင်တောင် ခွေးတစ်ကောင်ထက်တော့ သာပါသေးတယ်”
လီကျွင်းက သူမကို ကြည့်ကာ ထိုသို့ပြောလိမ့်မည်ဟု ထင်မထားသည့်အတွက် အံ့အားသင့်မိသွားလေသည်။ ထို့ကြောင့် သူက စက္ကန့်ပိုင်းမျှ မတုံ့ပြန်နိုင်ပဲ အားပါးတရ ရယ်မောသံကြီး ထွက်ပေါ်လာလေ၏။
“ဘာတွေရယ်နေတာလဲ” တိကျားယင်က ဒေါသကို ဖုံးကွယ်ထားခြင်း မရှိပေ။
လီကျွင်းက ပြန်မဖြေဘဲ ခေါင်းသာ အသာယမ်းလိုက်သည်။ သူက တာအိုကို သက်သေပြဖို့ ကံကြမ္မာဖန်လာသည့်အတွက် သူ့အနာဂတ်က တောက်ပနေလေသည်။ ထို့ကြောင့် သူမ၏ သုံးသပ်ချက်က အခြေခံအားဖြင့် မှားယွင်းနေလေ၏။
ထို့အပြင် ဤသို့သော အဓိပ္ပာယ်မရှိသည့် စကားမျိုးက သူနှင့် သူ့အစ်ကိုကြီးကြားက သံယောဇဉ်ကို မည်သို့ချိုးဖောက်နိုင်မည်နည်း။ သူတို့ငယ်ရွယ်စဉ်ကတည်းက တည်ဆောက်ခဲ့သည့် သံယောဇဉ် ဖြစ်၏။
“လျှို့ဝှက်ချက်တစ်ခု ပြောပြရမလား။ ကျုပ်တို့အသက် ၆နှစ်တုန်းက ကလေးတစ်စုက ကျုပ်ကို လက်စားချေချင်ပြီးတော့ ကျုပ်ရဲ့ သောက်စရာထဲမှာ ဆေးခတ်ခဲ့တယ်။ ကံကောင်းတာက အဲဒီနေ့ ကျုပ်ရဲ့ အစ်ကိုကြီးက ရောက်လာပြီးတော့ သောက်သွားခဲ့တယ်။ တောထဲမှာ ကစားနေရင်း ဆေးလုံးက အာနိသင် ပြလာခဲ့တယ်လေ။ ပြောရမယ်ဆိုရင်တော့ အစာအိမ်ကို ရှင်းလိုက်တယ်ဆိုတဲ့ သဘောပေါ့။
အဲဒီဆေးလုံးက အာနိသင် မြန်ဆန်တယ်။ သူက အိမ်ပြန်ဖို့ရော၊ တောထဲသွားဖို့တောင် အချိန်မရှိခဲ့ဘူး။ ဆိုးဆိုးဝါးဝါး အနံ့အသက်ကြောင့် အဲဒီနေ့ကို ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။
ဟား…ဟား…ဟား…အဲဒီအခြေအနေက အစေခံတစ်ဦးက ကျုပ်တို့နေရာကို သိသွားတဲ့အချိန် ပိုပြီးတော့တောင် ဆိုးရွားသွားခဲ့သေးတယ်။ ကျုပ်က ကြားထဲက အပြစ်ဝန်ခံလိုက်ရတယ်လေ။ အဲဒီလူက အနာဂတ်ဂိုဏ်းချုပ်ရဲ့ ဂုဏ်ကျက်သရေအကြောင်းထည့်ပြောပြီးတော့ နံစော်နေတာ ကျုပ်ပါဆိုပြီး လှည့်စားခဲ့တာ”
လီကျွင်းက ပြန်လည်တွေးတောသည့် အမူအရာဖြင့် ပြုံးလိုက်သည်။
“အဲ့တုန်းက ဘယ်လောက်တောင် ငယ်ရွယ်ပြီး လွတ်လပ်ခဲ့သလဲ”
ထို့နောက် သူက တိကျားယင်ကို ကြည့်လိုက်သည်။
“ဘာလို့ပြောပြနေတယ်ဆိုတာသိလား”
သူမက နားမလည်ပေ။
“ကျုပ်တို့သံယောဇဉ်က ခင်ဗျား တွေးကြည့်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ ကျုပ်ကျင့်ကြံရေးခရီးလမ်း စတင်ကတည်းက သူ့ရဲ့ ဧကရာဇ်လမ်းစဉ်မှာ ရှိနေတဲ့ အတားအဆီးအားလုံးကို ကျုပ်ရဲ့ လှံနဲ့ ရှင်းထုတ်ပစ်မယ်လို့ ကျိန်ဆိုခဲ့တာ။
ခင်ဗျားကို ပြောလိုက်မယ်။ သူက ဒီလမ်းစဉ်ကို မလျှောက်လှမ်းခဲ့ရင်တောင် ကျုပ်အသက်ကို သူ့အတွက် စတေးဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ သူက ဒီလိုအတူတူ လုပ်လိမ့်မယ်ဆိုတာကို သိတယ်။ အဲဒါကြောင့် ကျုပ်တို့ရဲ့ သံယောဇဉ်ကို ခင်ဗျားရဲ့စကားနဲ့ လာပြီးတော့ မစော်ကားနဲ့”
လီကျွင်းက ထိုစကားများကို ပြောပြီးလိုက်သည်နှင့် တောက်ပကာ ပြင်းထန်သည့် အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ့စိတ်ဝိညာဉ်က ဤတိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေသည့် အကြွင်းမဲ့အနေအထားသို့ ရောက်ရှိသွားလေ၏။