← Chapters

အသက်သုံးဆယ်

Vol. 40 Ch. 532

အသက်သုံးဆယ်

Vol. 40 Ch. 532

သည်လိုနဲ့ပဲ လီဖူချန်း တစ်ယောက် မီးလျှံသံ တောင်တစ်ခုလုံးကို ပြဲပြဲစင်အောင် ရှာဖွေနေတာ အချိန် ၁၈ရက် ပြည့်သွားခဲ့ပါပြီ ။

သည်၁၈ရက် အတွင်းမှာတော့ လီဖူချန်းဟာ အကျိုးအမြတ် တော်တော်လေး ရခဲ့တယ်လို့ ဆိုရပါမယ် ။

သူက နှစ်တစ်သောင်း မီးလျှံသံ ကီလိုဂရမ် ၇၅၀၀၀၀ ရှာတွေ့ခဲ့တဲ့အပြင်  ကီလိုဂရမ် ၈၀၀၀ ရှိတဲ့ နှစ်တစ်သိန်း မီးလျှံသံ တစ်တုံးကို ရခဲ့ပါသေးတယ် ။

သက်တံနီဂိုဏ်းရဲ့ လဲလှယ်မှုနှုန်းအရ ဆိုရင်တော့ ၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့  နှစ်တစ်သောင်း မီးလျှံသံကို ထောက်ပံ့ရေး ရမှတ်   တစ်မှတ် ရရှိမှာ ဖြစ်ပြီး ၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ နှစ်တစ်သိန်း မီးလျှံသံကို ထောက်ပံ့ရေးရမှတ် တစ်ရာ ရရှိမှာ ဖြစ်ပါတယ် ။

ခန့်မှန်းတွက်ချက်မှုအရ ဆိုရင်တော့ လီဖူချန်း သည်တစ်ခေါက် တူးဖော်ရရှိခဲ့တဲ့ မီးလျှံသံတွေဟာ ထောက်ပံ့ရေးရမှတ် ၃၀၀၀၀၀ အောက် လျော့နည်းစရာ အကြောင်း မရှိပါဘူး ။

တကယ်လို့ အခြားသော အတွင်းစည်း တပည့်တွေကသာ လီဖူချန်း ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို သိသွားခဲ့ရင်တော့ သူတို့အနေနဲ့ လီဖူချန်းအပေါ်မှာ အလွန်အမင်း မနာလို ဖြစ်ကြမယ်ဆိုတာ သေချာမက သေချာလွန်းလှပါတယ် ။

သူတို့အနေနဲ့  တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစား အလုပ်လုပ်ရင်တောင်မှပဲ ထောက်ပံ့ရေးရမှတ် ၃၀၀၀၀၀ ဆိုတာကြီးကို ရဖို့ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ မီးလျှံသံ တောင်တန်းမှာ ၁၈ရက်လောက် အလုပ်လုပ်လိုက်တာနဲ့ ထောက်ပံ့ရေးရမှတ် ၃၀၀၀၀၀ ရသွားခဲ့ပါပြီ  ။ အဲဒါက သူတို့အတွက် တကယ်ကို မခံချိ ၊မခံသာ ဖြစ်ချင်စရာပါပဲ ။

ဒါပေမဲ့လည်း သူတို့အနေနဲ့ လီဖူချန်း အပေါ်မှာ မခံချိ ၊ မခံသာ ဖြစ်ရုံကလွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။

ကျင့်ကြံသူလောကမှာတော့  အလွန်အမင်း အစွမ်းထက်သူတွေက သာမန်လူတွေထက် အကျိုးအမြတ် ပိုရတယ်ဆိုတဲ့ အဖြစ်ဟာ ဖြစ်နေကျ ဓမ္မတာပင် မဟုတ်ပါလား ။ အထူးသဖြင့် လီဖူချန်းတို့လို လူမျိုးတွေပါပဲ ။ သူတို့တွေက ခြွင်းချက်အဖြစ် တည်ရှိနေတဲ့ လူတွေလို့ ဆိုရပါမယ် ။ သူတို့တွေက နည်းနည်းလေး အားစိုက်လိုက်တာနဲ့ သာမန်လူတွေထပ် သာတဲ့ အကျိုးအမြတ်ကို ရနိုင်ပါတယ် ။ သူတို့လို့ လူတွေကိုတော့ သာမန်လူတွေက ဘယ်လိုမှ လိုက်မီမှာ မဟုတ်ပါဘူး ။

လီဖူချန်းရဲ့ အကြီးမားဆုံး အားသာချက်ကတော့ လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဧကရာဇ်တွေနဲ့ ယှဉ်နိုင်တဲ့ လိပ်ပြာ အသိစိတ်အာရုံပါပဲ ။  သည်လို အားကောင်းတဲ့ လိပ်ပြာ အသိစိတ်အာရုံကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းဟာ သူ့ရဲ့ အားသာချက်ကို သေသေချာချာ အကျိုးရှိရှိ အသုံးမချနိုင်ဘူး ဆိုရင်တော့ သူ့ကိုယ်သူသာ အပြစ်တင်ရ ပါလိမ့်မယ် ။

" အင်း …… သက်တံနီမြို့ကို ပြန်ဖို့သင့်ပြီ "

မီးလျှံသံ တောင်တန်းမှာ ၁၈ရက် ကြာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

သက်တံနီမြို့ကို ပြန်အရောက်မှာ လီဖူချန်းခေါင်းထဲ ပထမဆုံး ဝင်လာတာကတော့ အစားအစာကောင်းကောင်း စားဖို့ပါပဲ ။

သူတည်းခိုနေတဲ့ တည်းခိုရိပ်သာမှာက အတော်လေး အဆင့်အတန်းမြင့်တဲ့ စားတော်ဆက်လည်း ပါဝင်ပါတယ် ။ အဲသည် စားတော်ဆက်မှာက အဆင့်၅ မိစ္ဆာသားရဲ ဟင်းလျာတွေအပြင် အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာတွေပါ ရရှိပါတယ် ။ လီဖူချန်းကတော့ အဆင့်၅ မိစ္ဆာသားရဲ ဟင်းလျာတွေကို မြည်းစမ်းကြည့်ဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူက အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာတွေကိုသာ မှာလိုက်ပါတယ် ။

အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာ ………

သည်ဟင်းလျာတွေရဲ့ တန်ဖိုးက မနည်းလှဘူးလို့ ဆိုရပါမယ် ။ အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာတွေက အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းပိုင်းကို ရှိတာပါ ။အဲသည်အတွက် လီဖူချန်းလို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ကုဋေအနည်းငယ်အထိ ပိုင်ဆိုင်ထားတဲ့ သူတောင်မှ အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာကို နေ့စဉ် ၊နေ့တိုင်း မစားသုံးနိုင်ပါဘူး ။

အခုသူတည်းနေတဲ့ တည်းခိုရိပ်သာတောင်မှ သက်တံနီဂိုဏ်းက ဖွင့်ထားတဲ့ တည်းခိုရိပ်သာ ဖြစ်နေလို့သာ အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာတွေ ချက်ပြုတ်ရောင်းချတဲ့ စားတော်ဆက် တစ်ခု ရှိနေတာပါ ။ဒါက ဂိုဏ်းရဲ့ စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခုပါပဲ ။ တခြား သာမန်လူတွေ အနေနဲ့ကတော့ သည်လို ကုန်းမြေတိုက် တစ်ခုပေါ်မှာ အဆင့်မြင့် ဧည့်ရိပ်သာတစ်ခု ဖွင့်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လှပါဘူး။

လီဖူချန်း မှာပြီး သိပ်မကြာခင်မှာပဲ အဆင့်၆ ဟင်းလျာပွဲကြီး တစ်ပွဲဟာ သူ့ရဲ့ စားပွဲပေါ်ကို ရောက်လာခဲ့ပါတယ် ။

သည်ဟင်းလျာရဲ့ အစွမ်းကလည်း အံ့မခန်းပါပဲ ။ဟင်းပွဲရဲ့ တစ်ဝက်လောက် စားပြီးတဲ့ အချိန်မှာတင် လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာပြီး သွေးနဲ့ ချီလည်ပတ်မှုဟာ ပိုပြီး ချောမွေ့လာတာကို ခံစားလိုက်ရပါတယ် ။

"ဟေ့…… ဟိုမှာ ကြည့်ကြစမ်း ။ အဲဒါက ဂိုဏ်းတူအစ်ကို ယွန်လုံ မဟုတ်ဘူးလား ။ သူသယ်လာတဲ့ မိစ္ဆာသားရဲကလည်း တော်တော်အစွမ်းထက်မယ့် ပုံပဲဟေ့ ။ ကြည့်ရတာ အနည်းဆုံးတော့ ထွတ်ခေါင် ဆရာသခင် အဆင့်ပဲ နေမှာ "

" အဲဒါက မာန်ဟုန်ဒေါသ ဝက်ဝံလေကွာ ။ အဲကောင်ကြီးက ထွတ်ခေါင် ဆရာသခင်အဆင့် မိစ္ဆာသားရဲတွေထဲမှာတောင်မှ အတော်လေး အစွမ်းထက်တယ်လို့ သတ်မှတ်ထားခံရတဲ့ကောင်ကွ ။အင်း…… သနားစရာပဲ ။ သူက ကံဆိုးပြီး ဂိုဏ်းတူအစ်ကို ယွန်လုံနဲ့မှ သွားတိုးရတယ်လို့ "

တည်းခိုရိပ်သာရဲ့ ရှေ့ကလမ်းမဟာ တော်တော်လေး ကျယ်တယ်လို့ ဆိုရပါမယ် ။ ဒါပေမဲ့လည်း အခု ကောင်းကင်ယံပေါ်မှာ ရှိနေတဲ့  လူငယ်အတွက်ကတော့ သည်လမ်းမဟာ သိပ်ပြီး ကျယ်လှမှာ  မဟုတ်ပါဘူး ။ အကြောင်းအရင်းကတော့ သူသယ်လာတဲ့ မိစ္ဆာသားရဲ အလောင်းကောင်ကြီးကြောင့်ပါပဲ ။ အဲသည်သားရဲ အလောင်းကောင်ကြီးက ပေသောင်းဂဏန်းလောက် အထိကို ရှိနေတာ မဟုတ်ပါလား ။

လီဖူချန်းက လိပ်ပြာ အသိစိတ်အာရုံကို ထုတ်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ သည်ဗလတောင့်တောင့် လူငယ် သယ်လာတဲ့ မိစ္ဆာသားရဲ အလောင်းဟာ ပေ၇၀၀၀ အထိ ရှိတာကို သိလိုက်ရပါတယ် ။

" သည်တော့ သူက ဂိုဏ်းတူအစ်ကို ယွန်လုံပေါ့လေ "

လီဖူချန်းအနေနဲ့  ဂိုဏ်းတူအစ်ကို ယွန်လုံရဲ့ အကြောင်းကို မသိစရာ မရှိပါဘူး ။

ယွန်လုံဆိုတာက သက်တံနီဂိုဏ်းရဲ့  ထိပ်တန်း ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက်ထဲက တစ်ယောက် ဖြစ်ပြီး ကြယ်၇ပွင့် အာရဟတ် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူပါ ။ သူက  ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းသူ  ဆိုရင်လည်း မမှားပါဘူး ။ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကတော့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် မဟာ ဆရာသခင်တစ်ပါးနဲ့ အစွမ်းချင်း ညီမျှတယ်လို့ ဆိုရပါမယ် ။

[  note - ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာက ချီအတွင်းအား ကျင့်ကြံခြင်းလို အဆင့်၉ဆင့် မရှိပါဘူး ။ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာက အကြို ပြီးပြည့်စုံခြင်း ( အဆင့်နိမ့် ) ၊ ပြီးပြည့်စုံခြင်း ( အလယ်အလတ် အဆင့် ) နဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း ( အဆင့်မြင့် ) ဆိုပြီး အဆင့် သုံးဆင့်သာ ရှိပါတယ် ။ ]

" ရိပ်သာပိုင်ရှင် မို …… သည်မာန်ဟုန်ဒေါသ ဝက်ဝံကို ဘယ်လောက် ပေးမလဲ "

ယွန်လုံက ကောင်းကင်ယံပေါ်ကနေပြီး မေးလိုက်ပါတယ် ။

မီးခိုးရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ လူလတ်ပိုင်းအရွယ် လူကြီးက ဧည့်ရိပ်သာ ထဲကနေ ထွက်လာပြီး ပြန်မဖြေဘဲ ယွန်လုံ သယ်လာတဲ့ မာန်ဟုန်ဒေါသ ဝက်ဝံကို တစ်ချက်အရင် အကဲခတ်လိုက်ပါတယ် ။ ပြီးမှ သူက

" သည်မာန်ဟုန်ဒေါသ ဝက်ဝံက မန်ဟုန်ဒေါသ နဂါးရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတာပဲ ။ ကျုပ်အနေနဲ့ သည်ကောင်ကြီးအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းခွဲ ပေးနိုင်ပါတယ် "

သာမန် အဆင့်၆ မိစ္ဆာသားရဲတွေဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းထက် ပိုမတန်ပါဘူး ။

ဒါပေမဲ့လည်း အဲသည် မိစ္ဆာသားရဲတွေက မိစ္ဆာသားရဲ ဘုရင်တွေရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတယ် ဆိုရင်တော့ တန်ဖိုးက ပြောင်းလဲသွားပါပြီ ။

ဆက်ခံထားတဲ့ မိစ္ဆာသားရဲ ဘုရင်ရဲ့ မျိုးဆက်သွေးက ပိုပြီး သိပ်သည်းလေလေ တန်ဖိုးက ပိုများလေလေပါပဲ ။

မျိုးဆက်သွေး ဆက်ခံထားမှု သိပ်သည်းလား ၊ မသိပ်သည်းဘူးလား ဆိုတာကိုတော့ အဲသည် မိစ္ဆာသားရဲရဲ့ အစွမ်းကို ကြည့်ရမှာ ဖြစ်ပါတယ် ။ဒေါသမာန်ဟုန် ဝက်ဝံရဲ့ အစွမ်းက မဟာ ဆရာသခင် အဆင့်နဲ့တောင် သိပ်မကွာလှပါဘူး ။အဲသည်အတွက် သည်ဒေါသမာန်ဟုန် ဝက်ဝံ ဆက်ခံထားတဲ့ ဒေါသမာန်ဟုန် နဂါး မျိူးဆက်သွေးဟာ အတော်လေး သိပ်သည်းတယ်လို့ ဆိုရပါမယ် ။

" ဟုတ်ပြီလေ ။ ကျူပ် … ခင်ဗျားကို ရောင်းလိုက်မယ် "

ယွန်လုံက ရိပ်သာပိုင်ရှင်မို ပေးတဲ့ဈေးကို သဘောတူလိုက်ပါတယ် ။

" သည်ကောင်ကြီးကို သားသတ်ရုံအထိ ပို့ပေးလိုက်ပါလား  ။ သည်နေရာက  မသင့်တော်ဘူး "

ရိပ်သာပိုင်ရှင်မိုက ယွန်လုံကို တောင်းဆိုလိုက်ပါတယ် ။

ယွန်လုံကလည်း  ရိပ်သာပိုင်ရှင်မိုရဲ့ တောင်းဆိုမှုကို မငြင်းပယ်ပါဘူး ။

" အဆင်ပြေတယ် "

အဲသည်နောက်မှာတော့ ယွန်လုံဟာ ဒေါသမာန်ဟုန် ဝက်ဝံအလောင်းကို သယ်ပြီး သားသတ်ရုံဆီ ထွက်ခွာသွားခဲ့ပါပြီ ။

" တောက်…… နှမြောစရာ ကောင်းလိုက်တာကွာ "

အဲသည်မြင်ကွင်းကို ကြည့်ပြီး အံတကျိတ်ကျိတ်နဲ့ နှမြောတသသ ဖြစ်နေသူကတော့ လီဖူချန်းပါပဲ ။

သူကလည်း မီးလျှံသံ တောင်တန်းပေါ်မှာ မိစ္ဆာသားရဲဘုရင်ဖြစ်တဲ့ မီးလျှံစပါးအုံးရဲ့  မျိုးဆက်သွေးကို ဆက်ခံထားတဲ့ မီးလျှံမြွေ နှစ်ကောင်ကို သတ်ခဲ့တာ မဟုတ်ပါလား ။အဲသည် မီးလျှံမြွေ နှစ်ကောင် ဆက်ခံထားတဲ့ မျိုးဆက်သွေးက သိပ်ပြီး သိပ်သည်းခြင်း မရှိဘူး ဆိုပေမယ့်လည်း အနည်းဆုံးတော့ တစ်ကောင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော် ရနိုင်ပါသေးတယ် ။ မီးလျှံမြွေ နှစ်ကောင် ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်း ပတ်ချာလည် မရစရာ အကြောင်း မရှိပါဘူး ။ အဲဒါက တကယ်ကို နှမြောစရာပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်း အနေနဲ့ နှမြောနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး ။ သူ့အတွက်ကတော့ သည်မီးလျှံမြွေ နှစ်ကောင်ကို သယ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာလို့ပဲ ဆိုရပါမယ် ။

အကြောင်းအရင်းကတော့ သူ့ဆီမှာ အဆင့်၆ မိစ္ဆာသားရဲ အလောင်းတွေကို သိပ်ဆည်းနိုင်တဲ့ သိူလှောင်အိတ် ရှိမနေလို့ပါပဲ ။ အဲသည်လို သိုလှောင်အိတ်တွေက အတော်လေး ရှားပါးလွန်းတဲ့အတွက် မူလပင်လယ်နယ်ပယ် ဘုရင် တချို့မှသာ ကိုင်ဆောင်နိုင်ပါတယ် ။

ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းက မီးလျှံမြွေ နှစ်ကောင်ဆီကနေပြီး မိစ္ဆာသားရဲ အမြုတေတွေ ထုတ်ယူလာခဲ့နိုင်တာပါပဲ ။

အဆင့်၆ အဆင့်မြင့် မိစ္ဆာသားရဲတွေရဲ့ မိစ္ဆာအမြုတေက ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းထက် ပိုပြီး တန်ကြေးမြင့်လေ့ရှိတာ မဟုတ်ပါလား ။

" တော်ပြီ ။ ငါစားတာ လုံလောက်ပြီ "

နှစ်နာရီ အကြာမှာတော့ လီဖူချန်းက သူစားသောက်နေတဲ့ အဆင့်၆ မိစ္ဆာသားရဲ ဟင်းလျာပွဲကြီးကို လက်စသပ်လိုက်ပါပြီ ။

လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှုနယ်ပယ်အရ ဆိုရင်တော့ သူဟာ တစ်လလုံးလုံး ဘာမှ မစားမသောက်ဘဲ နေနိုင်ပါတယ် ။ ဒါပေမဲ့ သူစားပြီ ဆိုရင်လည်း သာမန် ကျင့်ကြံသူတွေလို စားတာ  မဟုတ်ပါဘူး ။ တကယ်လို့ သူသာ စိတ်ရှိမယ်ဆိုရင် သာမန် ကျင့်ကြံသူ အယောက်တစ်ရာ စားနိုင်တဲ့ အစားအစာတွေကို တစ်ထိုင်တည်း စားနိုင်ပါတယ် ။

စားတော်ဆက်မှာ အကျအန စားသောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သက်တံနီ မြို့ကနေ ထွက်ခွာပြီး သက်တံနီ ဂိုဏ်းတော်ကို ပြန်သွားခဲ့ပါပြီ ။

ဂိုဏ်းတော်က  ပေးအပ်တဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးပြီလို့ တာဝန်ခန်းမက တရားဝင် ကြေညာချက် ထုတ်ပြန်ပြီးတဲ့အခါမှာတော့  လီဖူချန်းက ထောက်ပံ့ရေး ဒင်္ဂါး တစ်သန်း ရရှိခဲ့ပါတယ် ။ လီဖူချန်းက သူရရှိခဲ့ဲတဲ့ သတ္တုချဉ်ဆီတွေကိုတော့ ဂိုဏ်းတော်ကို အကုန်လုံး မပေးခဲ့ပါဘူး ။ သူက သူ့အတွက်ဆိုပြီး သတ္တုချဉ်ဆီ  ၁၀ ကီလိုဂရမ်ကျော်ကို ချန်ထားခဲ့ပါတယ် ။

" ငါ့ရဲ့ လက်ရှိအစွမ်းက ဆရာသခင်မျှော်စင်ရဲ့ ဒုတိယထပ်က ပုံရိပ်ယောင် ဓားသမားထက် ၅၀ ရာခိုင်နှုန်းလောက် သာရုံပဲ ရှိဦးမှာ ။ တကယ်လို့ ငါက တတိယထပ်ကို ကျော်ဖြတ်ပြီး ထွတ်ခေါင် ဆရာသခင် အဆင့် ရောက်ချင်ရင်တော့ ငါ့ရဲ့ အစွမ်းက ဒုတိယထပ်မှာ ရှိတဲ့ ပုံရိပ်ယောင် ဓားသမားထက် နှစ်ဆ ပိုအစွမ်းထင်နေမှ ဖြစ်နိုင်လိမ့်မယ် "

လက်ရွေးစင် ဆရာသခင် အဆင့်နဲ့ ထွတ်ခေါင် ဆရာသခင် အဆင့်ရဲ့ ကြားမှာရှိတဲ့ ကွာဟမှုက နောက်စရာ မဟုတ်ပါဘူး ။ အဲဒါက အနည်းဆုံး နှစ်ဆလောက် ကွာခြားမှာ အသေအချာပါပဲ ။

" သည်အတိုင်း ဆိုရင်တော့ မဟာ ဆရာသခင် အဆင့် ရောက်ဖို့ မလွယ်လှဘူးပဲ "

လီဖူချန်းက ထွတ်ခေါင် ဆရာသခင်တွေ နဲ့ မဟာ ဆရာသခင်တွေကြားမှာ ရှိတဲ့ ကွာဟမှုကိုလည်း တွေးလိုက်မိပါသေးတယ် ။

အချုပ်အားဖြင့် ဆိုရရင်တော့ နောက်ပိုင်း အဆင့်တွေ ရောက်လာလေလေ ၊ ပိုခက်ခဲလာလေလေ ဆိုတာက ဖြစ်နေကျ ဓမ္မတာပါပဲ ။

မဟာဆရာသခင် အဆင့် ရောက်ဖို့ဆိုတာက မြေကမ္ဘာအဆင့် ပညာရပ်တွေကို မှီခိုနေလို့ မရပါဘူး ။ အဲသည်အဆင့် ရောက်ဖို့ဆိုတာက ပင်ကို ပါရမီ အစွမ်းအစ အပေါ်မှာ အများကြီး မူတည်ပါတယ် ။ ယေဘုယျအားဖြင့်  ဆိုရရင်တော့ သာမန် ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ  မဟာ ဆရာသခင် အဆင့်ကို မရောက်နိုင်ပါဘူး ။အလွန်အမင်း အစွမ်းထက်တဲ့ ကြယ်၇ပွင့် ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေမှပဲ အဲသည် မဟာ ဆရာသခင် အဆင့်ကို ရောက်ဖို့အတွက် အခွင့်အရေး ရှိပါတယ် ။

ဒါပေမဲ့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ မဟာ ဆရာသခင် အဆင့်ကို ရောက်ဖို့အတွက် သိပ်ပြီး စိတ်ပူနေစရာ လိုမှာ မဟုတ်ပါဘူး ။ သူတို့က ဘယ်လို ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ  အမျိုးအစားကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ဖြစ် ၊ သေချာပေါက် မဟာ ဆရာသခင် အဆင့်ကို ရောက်မှာပါပဲ ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ဆိုတာက အရိုးတည်ဆောက်ပုံမှာ အဆစ်၈ဆစ် ပါနေတာ မဟုတ်ပါလား ။

ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တိုင်း နိုးထနိုင်တဲ့ နတ်ဘုရားစွမ်းရည်တွေဟာ အလွန်အမင်း အစွမ်းထက်ကြပြီး အဆင့်မြင့် နတ်ဘုရား စွမ်းရည်တွေ ဖြစ်ကြပါတယ် ။

" ဟာ …… စဉ်းစားနေရင်းနဲ့ ခေါင်းတောင် ကိုက်လာပြီကွာ ။တော်ပြီ ။ သည်ကိစ္စတွေကို ခေါင်းအကိုက်ခံပြီး တွေးမနေတော့ဘူး ။အခုအချိန်မှာ အရေးအကြီးဆုံးက ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ဖိုပဲ ။ နောင်မှ ဖြစ်မယ့် အရာတွေကိုတော့ နောင်မှပဲ စဉ်းစားတော့မယ် "

လီဖူချန်းက တွေးရင်း တွေးရင်းနဲ့ ခေါင်းကိုက်လာတဲ့အတွက် မဟာ ဆရာသခင် အဆင့်အကြောင်းကို ဆက်ပြီး စဉ်းစား မနေတော့ပါဘူး ။သူက ကျင့်ကြံဖို့ အတွက်ကိုပဲ အာရုံ စိုက်လိုက်ပါတော့တယ် ။

အခုဆိုရင်တော့ သူဟာ ဂိုဏ်းတော်က ချီးမြှင့်ခဲ့တဲ့ သက်တံနီ ဆေးရည်တွေကို အကုန်အစင် အသုံးပြုပြီး သွားခဲ့ပါပြီ ။ အဲဒါကြောင့်လည်း သူ့ရဲ့ ကျင့်ကြံခြင်းက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၁ရဲ့ နောက်ပိုင်းအဆင့်ကို ခုန်တက်လာခဲ့တာပါ ။

လောလောဆယ်မှာတော့ လီဖူချန်းက ထိုးထွင်းသိမြင်မှု တာအိုဆေးရည် တချို့ကို အသုံးပြုပြီး သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ကို အဆင့်တက်ဖို့ ကြံရွယ်နေပါတယ် ။

ကျင့်ကြံမှုနှုန်း မြန်ဖို့အတွက် လီဖူချန်းဆီမှာ ရှိတဲ့ တစ်ခုတည်းသော အကြံအစည်ကတော့ သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ် အဆင့်ကို  မြင့်နိုင်သမျှ မြင့်အောင် လေ့ကျင့်ဖို့ပါပဲ ။

…………********……………******………………

သည်လိုနဲ့ပဲ အချိန်တွေဟာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပါပြီ ။ အချိန်တွေ ကုန်လွန်သွားတာနဲ့အတူ လီဖူချန်းရဲ့ အသက်ကလည်း တစ်စထက်တစ်စ ပိုပိုပြီး ကြီးလာခဲ့ပါတယ် ။

သိုင်းတာအို ဆိုတာက ရှည်လျားပြီး အထီးကျန် ဆန်လွန်းလှပါတယ်တဲ့ ။ ကြည့်ရတာတော့ သည်စကားဟာ မှားစရာ အကြောင်း မရှိပါဘူး ။ ကျင့်ကြံတာပဲ ဖြစ်ဖြစ် ၊တိုက်ပွဲတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရင်းမြစ်ပစ္စည်းတွေကို ရှာဖွေတာပဲ ဖြစ်ဖြစ် ။ သည်ကိစ္စရပ်တွေမှာတော့ မိသားစု ၊ ခင်မင်ရင်းနှီးမှု နဲ့ အချစ်ဆိုတာက လျစ်လျူရှုထားရမယ့် အရာတွေပါပဲ ။

ဒါက သိုင်းတာအိုကို လျှောက်လမ်းခြင်းအတွက်  ပေးဆပ်ရမယ့် အဖိုးအခပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အဲဒါက တန်တယ်လို့ ဆိုရပါမယ် ။

သာမန် လူတွေမှာ ဆိုရင်တော့ မိသားစုတွေ ၊ မိတ်ဆွေတွေ နဲ့ အချစ်တွေ ရှိကြပါတယ် ။ ဒါပေမဲ့လည်း အဲသည်သူတွေက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အသက် ၁၀၀ ထက် ပိုမရှည်နိုင်ပါဘူး ။

လီဖူချန်း အနေနဲ့ကတော့ သိုင်းတာအိုကို လျှောက်လမ်းဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် တခြားအရာတွေကို လျစ်လျူရှုထား ရတော့မှာပါပဲ ။

" ဟင်း…… ငါတောင်မှ အသက် ၃၀ ပြည့်သွားခဲ့ပြီလား "

တစ်နေ့မှာတော့ လီဖူချန်းက မျောလွင့်ဖုန်မှုန့် တောင်ထိပ်ပေါ်ကနေ   အဝေးကို ရီဝေစွာ ငေးကြည့်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။

လီဖူချန်းက သူ့ကိုယ်သူတောင် သတိမထားလိုက်မိခင်လေးမှာပဲ  အသက်၃၀ ပြည့်သွားခဲ့ပါပြီ ။ယုံဝူးမြို့ကနေ စလိုက်တဲ့ သူ့ရဲ့ သိုင်းတာအို ခရီးကြမ်းဟာ အခုဆိုရင် သက်တံနီဂိုဏ်းအထိ ရောက်လာခဲ့ပါပြီ ။ ဒါပေမဲ့လည်း လီဖူချန်း အနေနဲ့ သူ့ကိုယ်သူ သိုင်းတာအို ခရီးမှာ အတော်လေး ခရီးပေါက်နေပြီလို့ မဆိုရဲသေးပါဘူး ။

သေမျိုးတွေရဲ့ လောကမှာတော့ ဆိုရိုးစကား တစ်ခု ရှိပါတယ် ။

" အသက်သုံးဆယ် ဆိုတာက လွတ်လပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်သူတွေအတွက်ပဲ ဖြစ်တယ် " တဲ့ ။

ဒါပေမဲ့လည်း အစွမ်းထက် ကျင့်ကြံသူတွေ အတွက်ကတော့ အသက်သုံးဆယ် ဆိုတဲ့ အရွယ်က " စလုံးရေးစ"သာ ရှိပါသေးတယ်လို့ ဆိုရပါမယ် ။

***

All Chapters