လီကျွင်းနှင့် တိကျားယင်တို့ ပြိုင်ဆိုင်ခြင်း နောက်ဆုံးအပိုင်း
Vol. 60 Ch. 838
လီကျွင်းက လက်ကို ဝှေ့ယမ်းကာ သွေးနီရောင်လှံတံကို ထုတ်ဖော်လိုက်သည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် မိုးမြေက ရုတ်ချည်း ပြောင်းလဲသွား၏။ ခေတ္တမျှ တိုက်ပွဲကွင်းပြင်တစ်ခုလုံးက သွေးနီရောင် ပြောင်းလဲသွားသည်။
ထို့နောက် တိုက်ပွဲကွင်းပြင်၏ နှစ်ဖက်လုံးက စိတ်လွတ်လက်လွတ် သတ်ဖြတ်သည့် အပြုအမူများစွာကို ပြုလုပ်ထားသည့် ပုံရိပ်ယောင်နှင့် အမြင်ရုပ်လွှာများ ထွက်ပေါ်လာသည်။ အစားကြူးသူက လွဲ၍ အားလုံးက စိတ်စွမ်းအားမြင့်မားပြီး စိတ်အခြေအနေ ခိုင်မာသည့်သူများ ဖြစ်သည့်အတွက် အဆင်ပြေကြလေသည်။
သတ်ဖြတ်ရေးလှံတံက သူ့ဝိညာဉ်ထဲ ကိန်းအောင်းနေသည့် အလိုလိုသိစိတ် သို့မဟုတ် စိတ်ဆန္ဒတစ်ခု နိုးထစေလာ၍ ခေတ္တမျှ သူက စိတ်လွတ်လက်လွတ် သတ်ဖြတ်ခြင်း စွဲလမ်းမှုထဲ ကျဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့အတွက် ကံကောင်းသွားသည်လား သို့မဟုတ် သူ့အတွက် ကံဆိုးသွားသည်လား မသိသော်လည်း တိထျန်း၏ ဝိညာဉ်ကျွန်ပြုခြင်းက သက်ရောက်မှု ရှိလာကာ ထိုအခြေအနေမှ နိုးထလာစေခဲ့သည်။
လီကျွင်းက လှံကို ဆင့်ခေါ်ခဲ့သူဖြစ်သည့်အတွက် ထိုတိုက်ခိုက်မှုကို ခံရာ၌ အပြင်းဆုံး ဖြစ်သွားလေသည်။ အကြောင်းမှာ လှံက ပိုင်ရှင်ကို ဂရုမစိုက်ပေ။ သို့သော်လည်း လီကျွင်းက လှံ၏ စွမ်းရည်ကြောင့် သက်ရောက်မှု မခံရပေ။ အချုပ်အားဖြင့် သူ၏ အရှိန်အဟုန်က ထိုအရာနှင့် နီးကပ်နေခြင်းဖြင့် မြင့်တက်လာလေသည်။
မလုံလောက်သေးဘူး…
လီကျွင်းက သတ်ဖြတ်ရေးလှံကို လက်ထဲတွင် ကိုင်စွဲရင်း တွေးလိုက်မိသည်။ သူ့နှလုံးသားက အပြင်းအထန် ခုန်လာပြီး တိကျားယင်ပင် ကြားနိုင်လောက်သည့် အသံများ ထုတ်လွှတ်လာသည်။
လီကျွင်း၏ သတ်ဖြတ်ရေး နှလုံးသားက လှံနှင့် ပဲ့တင်ထပ်နေသည့် ထူးဆန်းသော စည်းချက်တစ်ခုနှင့် စွမ်းအား စတင်ထွက်ပေါ်လာသည်။
တိကျားယင်က ထိုနှလုံးခုန်သံက သူမဆီ ဖြတ်သန်းသွားသည့်အခါ အန္တရာယ်ကို ခံစားမိလိုက်၏။
သူမက အဖြစ်အပျက်ကို တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ သွေးမျိုးဆက် ပြောင်းလဲသွားသလိုမျိုး သို့မဟုတ် အသက်ဝင်လာသလိုမျိုး သူမ မအောင်မြင်ခင် ဖိအားက ခေတ္တမျှသာ ကြာမြင့်ခဲ့သည်။
ထို့နောက် သူမက ရှေ့မှ မကောင်းဆိုးဝါးကို ကြည့်နေသည်။
ထိုသူက ယခင် လီကျွင်း မဟုတ်တော့ပေ။ ယခု သူက စတုရန်းပုံသဏ္ဌာန်ရှိသည့် မျက်လုံးလေးလုံး ပုံစံရှိထားပြီး ခေါင်းအထက်တွင် အနက်ရောင် ဦးချိုနှစ်ခုရှိကာ နဖူးအထက်တွင် အနီရောင် ပတ္တမြားတစ်ခု ရှိနေသည်။ ခရမ်းရင့် လက်သည်းများရှိနေကာ အရေပြားက အနီရောင် ဖြစ်နေလေ၏။ သူ့ချပ်ဝတ်က ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဗလာအထက်တွင် မျိုးနွယ်စု တက်တူးများနှင့် တူညီသည့် ရွှေရောင်အမှတ်အသားများအဖြစ် ပြောင်းလဲသွားသည်။
ချပ်ဝတ်အတွက်မူ သူက လက်ကောက်ဝတ်တွင် ရှိသည့် လက်ပတ်များသာ ကျန်ရှိတော့သည်။ ဖိနပ် မရှိသည့်အတွက် ခြေထောက်များက ထွက်ပေါ်နေ၏။ ပြောရလျှင် သူတို့က ခြေထောက် မဟုတ်တော့ဘဲ ထက်ရှသည့် အချွန်များ ရှိထားသော ဆိတ်ခွာလိုမျိုး ဖြစ်၏။
သူ ထုတ်လွတ်နေသည့် အရှိန်အဝါက ရှေးကျကာ ရက်စက်လှပြီး သွေးဆာလှသည်။ အထူးသဖြင့် သူ့မျက်ဝန်းကို ကြည့်လိုက်သည့်အခါတွင် ဖြစ်၏။
ခဏအကြာတွင် တိကျားယင်က တစ်ဖက်လူသည် အသွင်ပြောင်းရင်း ပျောက်ဆုံးသွားကာ ပြန်ရောက်မလာကြောင်း တွေးမိသွားသည်။
တစ်စုံတစ်ယောက်က ထိုသက်ရှိကို ကြည့်လိုက်သည်နှင့် သတ်ဖြတ်ရေးအတွက်သာ ဆန္ဒရှိသည့်လူမှန်း မြင်နိုင်လေသည်။ ထိုနာမည်က သူတို့၏ စိတ်အတွင်း ပေါ်ထွက်လာလေ၏။
“အသူရာ” တိကျားယင်က စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ အသူရာမျိုးနွယ်က အသင်္ချေအင်ပါယာကမ္ဘာတွင် လူသားများအပြင် အားအကောင်းဆုံး မျိုးနွယ်စုထဲမှ တစ်ခုဖြစ်၏။ သူတို့က ဝါစဉ်ကို အလေးထားသည့် မျိုးစိတ်များဖြစ်ပြီး သတ်ဖြတ်လိုစိတ်ရှိကာ အားကောင်းသည့်သူများကို ကိုးကွယ်ကြလေသည်။
သူတို့၏ စွမ်းအားအထွတ်အထိပ်တွင် မဟာဧကရာဇ် ၇ပါး ရှိခဲ့၏။ သို့သော် တစ်ရက်တွင် အသူရာမျိုးနွယ်က သမိုင်းကြောင်းမှတ်တမ်းမှ ပျောက်ကွယ်သွားပြီး အကြောင်းအရင်းကိုမူ မည်သူကမှ မသိကြပေ။ လူများစွာက သူတို့သည် မိစ္ဆာမျိုးနွယ်ဘက် ဝင်ရောက်သွားကာ ဧကရီဝူ၏ သုတ်သင်မှုကို ခံလိုက်ရသည်ဟု ယုံကြည်ထားကြသည်။
တခြားသူများကမူ သူတို့သည် တခြားအကြောင်းအရင်းကြောင့် သေဆုံးသွားသည်ဟု ယုံကြည်နေကြ၏။ တချို့သော သမိုင်းကြောင်းပညာရှင်များက သူတို့သည် အချင်းချင်း တိုက်ခိုက်ရင်းဖြင့် သေဆုံးသွားကြသည်ဟု ကောက်ချက်ချထားကြသည်။ အဓိက လူဦးရေကမူ ထိုသီအိုရီကို လက်မခံကြပေ။ အကြောင်းအရင်းမှာ အသူရာမျိုးနွယ်က မည်မျှပင် စည်းလုံးကြောင်း သက်သေပြနေသည့် မှတ်တမ်းများကြောင့် ဖြစ်၏။
သို့သော်လည်း သီအိုရီက အမှန်တရားနှင့် အနီးကပ်ဆုံး ဖြစ်နေခဲ့၏။
အသူရာမျိုးနွယ်က သူတို့၏ ပထမဆုံး ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်လိုခဲ့သည်။ ထို့ကြောင့် သူတို့၏ မျိုးနွယ်စု၏ ၆၀ ရာခိုင်နှုန်းကို စုစည်းပြီး အချင်းချင်း သတ်ဖြတ်စေကာ နောက်ဆုံးအသက်ရှင်ကျန်သူ တစ်ယောက်ကိုသာ ချန်ထားခဲ့၏။ နောက်ဆုံးအနိုင်ရရှိသူက သူတို့မျိုးနွယ်အတွင်း ပြိုင်ဘက်ကင်း တိုက်ခိုက်ရည်နှင့် သတ်ဖြတ်ရေး တာအိုကို ကျွမ်းကျင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သူတို့၏ အစီအစဉ်က အောင်မြင်သွားခဲ့ပြီး ထိုပါရမီရှင်က တာအိုကို သက်သေပြကာ ထာဝရဧကရာဇ် ဖြစ်လာခဲ့သည်။
သူတို့အတွက် ကံဆိုးသည်က သူတို့၏ အစီအစဉ်သည် အောင်မြင်လွန်းသွားခဲ့သည်။ ထိုပါရမီရှင်က ကျန်ရှိနေသည့် မျိုးနွယ်ဝင်များအားလုံးကို သတ်ဖြတ်ပစ်ပြီး သူ့သတ်ဖြတ်ရေးတာအိုကို ပြီးမြောက်စေကာ သူ့မျိုးနွယ်ဝင်များ၏ သွေးမျိုးဆက်ကို စုဆောင်းခဲ့သည်။
ထိုပါရမီရှင်က အောင်မြင်ပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာ၏ ထာဝရအထွတ်အထိပ်ထဲမှ တစ်ယောက် ဖြစ်လာခဲ့၏။ နှမြောစရာကောင်းလှသည်က သူ တက်လှမ်းသွားပြီးသည့်နောက်တွင် ထိုနည်းဗျူဟာအတိုင်း ဒိုင်မေးရှင်းအမြင့်၏ အသူရာမျိုးနွယ်မှ မျိုးနွယ်စုတစ်ခုကို လုပ်ဆောင်ဖို့ ကြံစည်ခဲ့သည်။
ရလဒ်အနေဖြင့် သူက သမိုင်းကြောင်းမှ သုတ်သင်ခံလိုက်ရပြီး အပြီးတိုင် သေဆုံးသွားခဲ့ကာ အသူရာမျိုးနွယ် ပျောက်ကွယ်သွားမှုက လျှို့ဝှက်ဆန်းကြယ်အနေဖြင့် ကျန်ရှိနေခဲ့သည်။
တိကျားယင်က လီကျွင်း၏ အသူရာပုံစံကို ကြည့်ကာ သူမ၏ စိတ်ထဲ အသူရာမျိုးနွယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြန်လည်တွေးမိသွားသည်။ ထိုပျက်သုဉ်းသွားပြီးသားဖြစ်သည့် မျိုးနွယ်စုတစ်ခုအပေါ် များများစားစား အာရုံမစိုက်မိသည့်အတွက် သတင်းအချက်အလက် များများစားစား မရှိပေ။
သူမက အသူရာများသည် သတ်ဖြတ်ရေးတာအိုကို လေ့ကျင့်သည့် ကျွမ်းကျင်ထူးချွန်သော တိုက်ခိုက်သူများ ဖြစ်ကြောင်း အမှတ်ရလိုက်၏။ သူတို့၏ အမျိုးသားများက ရုပ်ဆိုးသည်ဟု သတ်မှတ်နိုင်စဉ် သူတို့၏ အမျိုးသမီးများကမူ အသူရာပုံစံသို့ အသွင်မပြောင်းသရွေ့ လူသားစံနှုန်းအရ အလှပဆုံးမျိုးနွယ်အဖြစ် သတ်မှတ်ခံထားရသည်။
ဒီအနီရောင်ပတ္တမြားက စစ်ပွဲအဆောင်ပဲ ဖြစ်ရမယ်။
ကျစ် သူက ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ…
လီကျွင်းက စကားတစ်ခွန်းပင် မပြောဘဲ သားကောင်းကို ချောင်းသလိုမျိုး သူမအား စိုက်ကြည့်နေသည်။ သူက သူမရှေ့မှောက် ချက်ချင်းပေါ်ထွက်လာကာ လက်သည်းဖြင့် နှလုံးသားကို ထိုးစိုက်ဖို့ ပြင်လိုက်ကာ တိကျားယင် ရှေ့မှောက် တွန်းကန်အားတစ်ခု ပေါ်ထွက်လာပြီး သူ့တိုက်ကွက်ကို တားဆီးထားသည်။ သူမက ထိုတွန်းကန်အားမှ တဆင့် သူနှင့် နေရာကို ချဲလိုက်သည်။
ဒီတွန်းကန်အား ယင်ယန်စွမ်းအား ပါနေတာပဲ…
လီကျွင်းက သုံးသပ်လိုက်သည်။
သူမဆီမှာ ဒီလိုတာအိုမျိုး မရှိပါဘူး။ သွေးမျိုးဆက်စွမ်းရည်ရဲ့ အတက်အကျပဲ
လီကျွင်းက ဒုတိယအကြိမ်မြောက် ထပ်မံ လှုပ်ရှားလိုက်သည်။
တိကျားယင်က ပြန်လည် တုံ့ပြန်ချင်သော်လည်း သူမက မလှုပ်ရှားနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။ သူမ၏ စိတ်ထဲ ဘာမှအရေးမကြီးတော့သလို ဘာမှလည်း မလုပ်ချင်တော့ပေ။
ထိုအတွေးများက တစ်နေရာမှ ပေါ်ထွက်လာပြီး အကြောင်းအရင်းလည်း မရှိပေ။
တိကျားယင်က ထိုခံစားခဲ့သမျှ အရာအားလုံးကို အဆုံးသတ်လာချင်မိသည်။ ထိုအရာက နေ့စဉ်နှင့်အမျှ ဗလာကျင်းနေသည် ခံစားချက်နှင့် နေထိုင်ရခြင်းထက် ထိုအရာက လွယ်ကူသည့် ရွေးချယ်မှုတစ်ခု ဖြစ်နေဟန်ပေါ်သည်။
စိတ်နာမကျန်းဖြစ်တာက ကြောက်ဖို့ကောင်းတာပဲ…
လီကျွင်းက တွေးလိုက်မိသည်။ သူ့သတ်ဖြတ်ရေးတာအို၏ အသိသာဆုံး အကျိုးကျေးဇူးက သူ့အစ်ကိုကြီး၏ အတိတ်ဘဝမှ အတွေးအခေါ်များစွာ ကိန်းအောင်းနေခြင်း ဖြစ်၏။
သူမရဲ့ ကိုယ့်ကိုယ်ကို အဆုံးသတ်လိုချင်စိတ်ကို တွန်းပို့လို့ မဖြစ်ဘူး။ ဒါက အသက်ရှင်လိုစိတ်အတွက် နိုးကြားလာနိုင်တယ်…
ဝှစ်
သူက လှံကို ဝှေ့ယမ်းပြီးသည့်နောက်တွင် သူမ၏ ဦးခေါင်းကို ဖြတ်တောက်ပြီး ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ ကံဆိုးစွာဖြင့် သူမ၏ နောက်တွင် အဖြူရောင်နှင့် အနက်ရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာပြီး သေခြင်းရှင်ခြင်းကို ပြန်လည်ပြောင်းပစ်ခဲ့သည်။
အကောင်းအတိုင်းရှိနေသည့် တိကျားယင်က အကြောက်တရားဖြင့် ပြန်လည်ပေါ်ထွက်လာသည်။ သူမက ချက်ချင်းတုံ့ပြန်ကာ သူမ ရရှိထားသည့် အားအကောင်းဆုံး သွေးမျိုးဆက်မန္တန်ထဲမှ တစ်ခုကို အသက်သွင်းခဲ့သည်။
သံသရာ ခေါ်ဆောင်ခြင်း
ထူးထူးဆန်းဆန်း ပုံစံများရှိသည့် ဧရာမအနက်ရောင် တံခါးချပ်ကြီးက လီကျွင်းအောက်တွင် ပေါ်ထွက်လာသည်။ ထို့နောက် ထိုတံခါးချပ်မှ အနက်ရောင် လက်တံသန်းပေါင်းများစွာ ထွက်ပေါ်လာပြီး သူ့အား ချုပ်နှောင်ကာ ထိုတံခါးအတွင်း ဆွဲသွင်းဖို့ ကြိုးစားနေကြသည်။
ငါ့ကို မြေအောက်ကမ္ဘာဆီ ပို့ဆောင်ချင်တာလား…
သူက သုံးသပ်လိုက်သည်။ သူ့အပေါ် ချုပ်နှောင်မှုများက သူ့လက်ရှိပုံစံထက် အားမနည်းလှပေ။
“ငါက အသူရာ။ တည်ရှိမှုထဲမှာ သက်ရှိတွေအားလုံးကို သတ်ဖြတ်ဖို့ မွေးဖွားလာတာ။ သူတို့က တစ္ဆေဖြစ်ဖြစ်၊ ဗုဒ္ဓဖြစ်ဖြစ်၊ နတ်ဘုရားဖြစ်ဖြစ်၊ ဧကရာဇ်ပဲဖြစ်ဖြစ် ငါတို့ မသတ်နိုင်တာ မရှိဘူး” လီကျွင်းက ထိုသို့ရေရွတ်ပြီးသည့်နောက်တွင် သူ့လှံတံက တံခါးကို ထိုးဖောက်သွားကာ တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။
ထို့နောက်သူက တစ်ဖက်လူကို ကြည့်လိုက်၏။
သက်ရောက်မှုရှိသားပဲ…
သူက တွေးလိုက်မိသည်။ သူ့ခန္ဓာကိုယ်က တစ်ဖက်လူ၏ စိတ်အပေါ် သက်ရောက်မှုရှိစေသည့် သဘာဝအငွေ့အသက်မျိုး ရှိနေသည်။ ထိုအရာက တိုက်ပွဲအတွင်း အရေးသာချက် ရစေဖို့ သူတို့၏ စိတ်ထဲမှ အကြောက်တရားများကို လှုံ့ဆော်ပေးနိုင်၏။
သူမရဲ့ စွမ်းအားက ငါနဲ့ ယှဉ်နိုင်လောက်တယ်။ ဒါပေမဲ့ သူမရဲ့ စိတ်အခြေအနေက မြန်မြန်ဆန်ဆန် ပြိုလဲလွယ်တာပဲ။ ဒါက ငါ့ရဲ့ အခွင့်အရေးပဲ…
လီကျွင်းက တိကျားယင်ကို ထိုးစိုက်လိုက်သည်။ သို့သော်လည်း လှံတံတွင် သွေး မရှိသလို သူမ၏ ခန္ဓာကိုယ်အပေါ်တွင်လည်း ဒဏ်ရာ မရှိပေ။ သို့သော် ကူကယ်ရာမဲ့ကာ မျှော်လင့်ချက် ကုန်ခမ်းသည့် အငွေ့အသက်မျိုးက သူမအပေါ် လွှမ်းခြုံသွားလေ၏။
ကောင်းပြီ။ ငါက သူမရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို သတ်ပစ်လိုက်ပြီ။ သူမရဲ့ စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိလာပြီးတော့ အပြောင်းအလဲ ဖြစ်လာနိုင်ချေကို ကာကွယ်ထားနိုင်လိမ့်မယ်…
သူက နောက်ဆုံးအကြိမ်အနေနဲ့ လှံကို ထပ်မံထိုးစိုက်လိုက်သည်။ ထိုတိုက်ကွက်က ထူးဆန်းလွန်းလှပြီး သတ်ဖြတ်သည့် အရိပ်အယောင်များ မပါဝင်ပေ။ ထိုအရာက သူမ၏ သီးသန့် သတ်ဖြတ်ရေးကြိုးမျှင်ကို ပစ်မှတ်ထားထား၏။ ထိုသို့သော တိုက်ကွက်မျိုးက လီကျွင်း၏ ပြီးပြည့်စုံသော ထိန်းချုပ်မှုဖြင့်ပင် စမ်းသပ်မှုတစ်ခု ဖြစ်နေသည်။ ထိုတိုက်ကွက်အောက်ရှိ လူတိုင်းက သူတို့သည် အပ်တစ်ချောင်းနှင့် ရင်ဆိုင်ရသလို ခံစားရလိမ့်မည်။
ဤနည်းစနစ်က ကျင့်ကြံသူများ၏ အန္တရာယ်ခံစားနိုင်နှုန်းကို အသက်သွင်းခြင်းမှ ကာကွယ်ထားနိုင်သည့်အတွက် အန္တရာယ်များလွန်းလှသည်။ လီကျွင်းအနေနှင့် ထိုအခြေအနေဖြစ်နေမှန်း သိလျှင်ပင် တိကျားယင်က နောက်ဆုံးသော မိနစ်တွင် သတိဝင်လာကာ သတိကြီးကြီးထားခဲ့သည်။
ကံဆိုးစွာဖြင့် မလုံလောက်ခဲ့ပေ။
မဟုတ်ဘူး…
တိကျားယင်က အော်ပြောလိုက်သည်။ မရဏစွမ်းအားက သူမ၏ သွေးမျိုးဆက်အတွင်း ကိန်းအောင်းသွားကာ သေဆုံးမှုကို မလိုလားခြင်းတို့က နောက်ဆုံးအခိုက်အတန့်တွင် ပြန်လည်အသက်ဝင်လာခဲ့၏။ သူမရှေ့တွင် ယင်ယန် ဒိုင်းကာတစ်ခု ပေါ်ထွက်လာကာ ရေအလွှာဆီ ကူးသန်းသွားလိုက်သည်။
“ငါ အရှုံးပေးပြီ” တိကျားယင်က ရောက်ရောက်ချင်း အော်ပြောလိုက်သည်။ သူမ၏ မောဟိုက်နေသည့် အသံများက လှိုင်းသံများနှင့် ပဲ့တင်ထပ်နေလေ၏။ အဖြူရောင်အလင်းတန်းက သူမကို လွှမ်းခြုံသွားကာ ချက်ချင်းဆိုသလို တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွားသည်။
လီကျွင်းက အာကာပြင်အလွှာကို ထိုးဖောက်ကြည့်လိုက်၍ ထိုအရာကို မြင်လိုက်ရသည်။
“နောက်ဆုံးမိနစ်အထိ မတိုက်ခိုက်တော့ဘူးလား။ နားလည်လို့တော့ ရပါတယ်”
သူက တိကျားယင်၏ အခြေအနေကို ကောင်းကောင်းသိထားသည်။ ထို့ကြောင့် တိကျားယင်၏ အဘိဓာန်တွင် သစ္စာရှိခြင်းဟူသော စကားလုံး မရှိပေ။
“ဒါလည်း ကောင်းတာပဲ” သူက ရေရွတ်ပြီးသည့်နောက်တွင် အသွင်ပြောင်းခြင်းကို အဆုံးသတ်လိုက်၏။