မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်း၆ခု
Vol. 40 Ch. 533
သက်တံနီဂိုဏ်း ၊ ဆရာသခင် မျှော်စင်ရဲ့ ဒုတိယထပ် အတွင်းပိုင်း တစ်နေရာ ………
" အစွန်းရောက် မျောလွင့်မီးလျှံ "
အလွန်အမင်း ပူပြင်းပြီး တောက်ပလှတဲ့ ဓားအလင်းတန်း တစ်ခုဟာ လေထုကို ဖြတ်သန်းသွားပြီး ပုံရိပ်ယောင် ဓားသမားရဲ့ ခန္ခာကိုယ်ကိုပါ ပိုင်းဖြတ်သွားပါတယ် ။
ဘန်း……
ဓားအလင်းတန်း ပိုင်းဖြတ်သွားတာနဲ့ တစ်ပြိုင်နက် ပုံရိပ်ယောင် ဓားသမားဟာလည်း ပေါက်ကွဲထွက်သွား ခဲ့ပါပြီ ။
" ငါက ငါ့ရဲ့အစွမ်း ၅၀ ရာခိုင်နှုန်းနဲ့ပဲ ဒုတိယထပ်မှာရှိတဲ့ ပုံရိပ်ယောင် ဓားသမားကို အနိုင်ယူနိုင်နေပြီ ။ သည်နှုန်းအတိုင်းဆိုရင်တော့ တတိယထပ်ကို ဖြတ်ကျော်နိုင်လောက်ပါရဲ့ "
အစောပိုင်းတုန်းက ဓားချက်မှာတော့ လီဖူချန်းက ပျံလွှားစက်ကွင်းချီ နဲ့ ကြေးဝါဓား အဆီအနှစ်ကို ထည့်မသုံးထားသလို သူ့ရဲ့ မီးလျှံစွမ်းအားကိုလည်း အသက်မသွင်းထားခဲ့ပါဘူး ။ သူက သည်အတိုင်း သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်နဲ့ ဓားပညာကိုသာ အသုံးပြုပြီး ဒုတိယထပ်မှာရှိတဲ့ ပုံရိပ်ယောင် ဓားသမားကို ပေါက်ကွဲစေခဲ့တာပါ ။ အရင်တစ်ခေါက် သည်ဆရာသခင် မျှော်စင်ကို လာတုန်းကထက် စာရင်တော့ အခု လီဖူချန်းဟာ နှစ်ဆနီးပါး ပိုအစွမ်းထက်လာခဲ့ပါပြီ ။
လီဖူချန်းအနေနဲ့ အခုလို အစွမ်းထက်လာရခြင်းကတော့ အကြောင်းအရင်း နှစ်ချက်ကြောင့်လို့ ဆိုရပါမယ် ။ ပထမ အကြောင်းအရင်းကတော့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၃ အထိ ရောက်ရှိသွားခဲ့လို့ ဖြစ်ပြီး ဒုတိယ အကြောင်းအရင်းကတော့ သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ အဆင့်၃၂ကို ရောက်ရှိသွားခဲ့လို့ပါပဲ ။လီဖူချန်းက အမြင့်ဆုံး အဆင့်ကို ရောက်ဖို့အတွက် နောက်ထပ် အဆင့်တစ်ဆင့်သာ လိုတော့တယ်လို့ ဆိုရင်လည်း မမှားပါဘူး ။သူ့ရဲ့ ဓားသိုင်းက အရင်အတိုင်း တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်မှာ ရှိနေဆဲ ဖြစ်ပေမယ့်လည်း အဲသည် အကြောင်းအရင်းနှစ်ချက်ကြောင့် သူ့ရဲ့ ဓားကွက်တွေဟာ ပိုပြီး နက်နဲသိမ်မွေ့ လာခဲ့တာပါ ။ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူ့ရဲ့ ဓားသိုင်းဟာ မြေကမ္ဘာအဆင့်ဆိုတဲ့ ကန့်သတ်ချက်ကို ရောက်နေခဲ့ပါပြီ ။ လီဖူချန်း အနေနဲ့ ဆက်ပြီး တိုးတက်အောင် လုပ်ဆောင်လိုက်မယ် ဆိုရင် အဲဒါက အကြို ကောင်းကင်အဆင့်နိမ့် ဓားသိုင်းတစ်ခု အဖြစ်တောင် ပြောင်းလဲသွားနိုင် ပါသေးတယ် ။
" တတိယထပ် …… တတိယထပ် ။ ကဲ…… တတိယထပ်ကို တက်ပြီး ငါ့အစွမ်းကို မှတ်ကျောက်တင်ကြည့် ရသေးတာပေါ့ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်ရင်း ဆရာသခင် မျှော်စင်ရဲ့ တတိယထပ်ကို တက်သွားခဲ့ပါပြီ ။
ဆရာသခင်ရဲ့ တတိယထပ်ကို အရောက်မှာတော့ လီဖူချန်းဟာ အချိန် ဆွဲမနေဘဲ သူ့ရဲ့ ပျံလွှားစက်ကွင်းချီကို အသက်သွင်းလိုက်ပြီး ကြေးဝါဓား အဆီအနှစ် ဖြစ်စေကာ သူ့ရဲ့ မီးလျှံစွမ်းအားတွေနဲ့ ရောနှောစေလိုက်ပါတယ် ။သူ့အနေနဲ့ တတိယထပ်က ပုံရိပ်ယောင် ဓားသမားကို အနိုင်ယူချင်တယ်ဆိုရင် သူ့ရဲ့ အစွမ်းတွေ အကုန်လုံးကို ထုတ်သုံးမှ ဖြစ်နိုင်ပါလိမ့်မယ် ။
ချွမ်……
လီဖူချန်းတစ်ယောက် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီးတဲ့ အချိန်မှာတော့ တတိယထပ်ရဲ့ ပုံရိပ်ယောင် ဓားသမားဟာ ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာခဲ့ပါပြီ ။
ရွှမ်း……
အဲသည် ပုံရိပ်ယောင် ဓားသမားဟာ ဖြစ်တည်ပြီးလာတာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို တန်းပြီး တိုက်ခိုက်ပါတော့တယ် ။
" လာစမ်းပါ "
လီဖူချန်းကလည်း လုံးဝ နောက်ဆုတ်ရှောင်တိမ်းပေးဖို့ စိတ်ကူး မရှိပါဘူး ။
သူက သူ့ရဲ့ဓားကို အလျင်အမြန် ဆွဲထုတ်ပြီး ပြန်လည် တိုက်ခိုက်လိုက်ပါတယ် ။
ထန်……
ဓားနှစ်လက် ထိပ်တိုက်တွေ့ဆုံမှုကြောင့် မီးပွားတွေ ဖြာထွက်လာပြီးတဲ့ နောက်မှာတော့ ပုံရိပ်ယောင် ဓားသမားကော လီဖူချန်းပါ အနောက်ကို ခြေလှမ်းတော်တော်များများ ဆုတ်လိုက်ရပါတယ် ။
သူတို့နှစ်ယောက်ရဲ့ ပထမအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုမှာတော့ ဘယ်သူ့ဘယ်သူကမှ အသာစီး မရခဲ့ကြပါဘူး ။
" ငါထင်ထားတဲ့ အတိုင်း ကွက်တိပဲ ။ ငါ့ရဲ့ ဓားကွက် ပြင်းထန်မှုက သည်ပုံရိပ်ယောင် ဓားသမားနဲ့ သိပ်မကွာဘူး "
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။
" လာစမ်း ။ မင်းနဲ့ငါ ဘယ်သူ ပိုစွမ်းလည်း ကြည့်ကြသေးတာပေါ့ "
" ယား "
အဲသည်နောက်မှာတော့ လီဖူချန်းဟာ မာန်ဟုန်အပြည့်နဲ့ အော်ဟစ်ကြွေးကြော်ပြီး ပုံရိပ်ယောင် ဓားသမားဆီကို ခုန်ဝင်သွားခဲ့ပါပြီ ။
ထင်……ထင်……ထင်…… ထန်…… ထန်……
ပုံရိပ်ယောင် ဓားသမားရဲ့ ရွေ့လျားမှုတွေ နဲ့ ဓားချက် အမြန်နှုန်းတွေကတော့ တကယ့်ကို သြချလောက်စရာပါပဲ ။သူဟာ အသက်ရှုချိန် တစ်ရှိုက်လေး အတွင်းမှာပဲ ဒါဇင်နဲ့ ချီတဲ့ ဓားချက်တွေကို ထုတ်သုံးလာခဲ့သလို အဲသည် ဓားချက်တွေအားလုံးဟာလည်း အင်မတန် နက်ရှိုင်းသိမ်မွေ့လှပြီး ထင်မှတ်မထားတဲ့ ထောင့်ချိုးတွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ် ။သူ့ရဲ့ ဓားသိုင်းပညာကတော့ တိုက်ပွဲဝိဉာဉ်နယ်ပယ်အတွက် လုံးဝကို ဟာကွက်မရှိဘူးလို့ ဆိုရပါမယ် ။
ဒါပေမဲ့ ပုံရိပ်ယောင် ဓားသမားရဲ့ တစ်ဖက် ပြိုင်ဘက်ဖြစ်တဲ့ လီဖူချန်းကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး ။ဓားသိုင်းပညာချင်း ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းက ပုံရိပ်ယောင် ဓားသမားထက် နိမ့်ကျနေစရာ အကြောင်းကို မရှိတာပါ ။
လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးရဲ့ လိပ်ပြာအသိစိတ်အာရုံကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းဟာလည်း သူ့ရဲ့ ဓားသိုင်းကိုတော့ သူ့အတိုင်းအတာနဲ့သူ ဟာကွက် မရှိအောင် လုပ်ထားနိုင်ပါတယ် ။ အဲဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုပါပဲ ။ လီဖူချန်း ပိုင်ဆိုင်ထားတဲ့ လက်ရှိ လိပ်ပြာ အသိစိတ် အာရုံရဲ့ ဆန်းစစ်မှုအောက်မှာတော့ သူ့ရဲ့ ဓားသိုင်းဟာ ဘယ်လိုမှ ဟာကွက် ရှိလာစရာ အကြောင်း မရှိပါဘူး ။
ပုံရိပ်ယောင် ဓားသမားရဲ့ ဓားချက်တွေက လျင်မြန်သလို လီဖူချန်းရဲ့ ဓားချက်တွေကလည်း လျင်မြန်တာပါပဲ ။ လီဖူချန်း ထုတ်လိုက်တဲ့ ဓားချက်တွေက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်ပါတယ် ။ ပုံရိပ်ယောင် ဓားသမားက လီဖူချန်းရဲ့ ခံစစ်ကို လုံးဝ မဖြတ်ကျော်နိုင်ပါဘူး ။
ထန်……ထန်……ထန်………
အခုချိန်မှာတော့ သူတို့ နှစ်ယောက်စလုံးဟာ ဓားကွက်တွေကို အစီအစဉ်တကျ ထုတ်သုံးဖို့အတွက် တွေးတောနေချိန် မရတော့ပါဘူး ။ သူတို့နှစ်ယောက်စလုံးရဲ့ လက်ထဲကနေ ဖြစ်ပေါ်လာတဲ့ ဓားချက်တိုင်းဟာ ဓားကွက်တွေချည်းပါပဲ ။ သူတို့နှစ်ယောက် စလုံးက တစ်ယောက်ရဲ့ ဓားချက်အရှိန်ကို တစ်ယောက်က လိုက်မီအောင် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ် ။
ဓားသမားတွေရဲ့ တိုက်ပွဲဆိုတာက ဓားကွက် အရှိန် နဲ့ ဓားပညာကို ဆန်းစစ်တဲ့ တိုက်ပွဲပါပဲ ။ တစ်ဖက်လူက ဓားကွက် အရှိန်ကို အတင်အချ လုပ်ပြီး ကစားနိုင်တယ်ဆိုရင် ကျန်တဲ့ လူကလည်း လိုက်ပြီး ကစားနိုင်ရပါမယ် ။ မဟုတ်လို့ကတော့ တိုက်ပွဲကို ဦးဆောင်သူရဲ့ ဓားကွက်တွေအောက်မှာ ကျန်တစ်ဖက်လူဟာ နစ်မြုပ်သွားမှာပါ ။
အခု လီဖူချန်းကတော့ ပုံရိပ်ယောင် ဓားသမားရဲ့ ဓားကွက် ဦးဆောင်မှုအောက်ကို လုံးဝ ရောက်မသွားပါဘူး ။ သူက သူ့ရဲ့ ဓားကွက်တွေကို ပုံရိပ်ယောင် ဓားသမားနဲ့အညီ လိုက်ပြီး သုံးထားနိုင်ပါတယ် ။
" ငါ့ရဲ့ ဓားကွက်အရှိန်က သည်ပုံရိပ်ယောင် ဓားသမားကို လုံးဝ လိုက်မီတယ် ။ ငါ အခု လိုအပ်နေတာက ပွဲသိမ်းတိုက်ကွက်ထုတ်ဖို့ အချိန် နဲ့ ခွန်အားပဲ ။ ငါ့ရဲ့ ကျင့်ကြံခြင်းက သည်ထက် အဆင့်မြင့်လာရင်တော့ သူ့ကို ဓားချက် တစ်ချက်တည်းနဲ့ တွန်းလှန်ပစ်ပြီး ဖိအားပေး အနိုင်ယူလို့ ရပြီ "
လီဖူချန်းက သူ့အနေနဲ့ အခွင့်အရေး တစ်ချက် ရရင် သူ့ရဲ့ ပွဲသိမ်းတိုက်ကွက်ကို သုံးပြီး တိုက်ပွဲကို အဆုံးသတ်လိုက်လို့ ရတယ် ဆိုတာကို ရိပ်စားမိနေပေမယ့်လည်း တစ်ဖက် ပုံရိပ်ယောင် ဓားသမားက သူ့ကို လုံးဝ အခွင့်အရေး မပေးခဲ့ပါဘူး။ အဲသည်အတွက် လီဖူချန်းဟာ မချိတင်ကဲ ခံစားနေရပါတယ် ။
သိုင်းကွက် တစ်ရာ…… သိုင်းကွက် နှစ်ရာ ………
သည်လိုနဲ့ပဲ သိုင်းကွက်ပေါင်း နှစ်ရာ ကျော်သွားခဲ့ပါပြီ ။ လီဖူချန်း နဲ့ ပုံရိပ်ယောင် ဓားသမားရဲ့ တိုက်ပွဲကလည်း ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ် ။ လီဖူချန်းအတွက်တော့ သည်တိုက်ပွဲဟာ ငွေဓားဂိုဏ်းက စွန်းထိုင်ရိနဲ့ တိုက်ခိုက်ရတာထက်တောင် ပိုပြီး ခက်ခဲတယ်လို့ ဆိုရပါမယ် ။
ပုံရိပ်ယောင် ဓားသမား ဆီကနေ ဓားချက်တစ်ချက် ထွက်လာတိုင်းမှာ လီဖူချန်းက သူ့ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးပြီး ဓားချက်ရဲ့ ဦးတည်ရာကို လေ့ခာဆန်းစစ် အကဲဖြတ် နေရပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ ပုံရိပ်ယောင် ဓားသမားက ဓားချက် အတုတွေနဲ့ အစစ်တွေကိုပါ ယှဉ်တွဲကြီး အသုံးပြုလာလို့ပါပဲ ။ လီဖူချန်း အနေနဲ့ ဓားချက်ကို အကဲဖြတ်ရာမှာ တစ်ချက်ကလေး သတိလွတ်သွားလို့ကတော့ ရှုံးပွဲနဲ့ ကြုံတွေ့ရုံကလွဲပြီး တခြား ဖြစ်စရာ အကြောင်း မရှိတော့ပါဘူး ။ သူ့ရဲ့ အကဲဖြတ်မှားမှု တစ်ချက်လေးက ရှုံးနိမ့်ခြင်း ဆိုတဲ့ အရာကို ပေးစွမ်းသွားနိုင်ပါတယ် ။
ထန်……ထန်……ထန်…… ထင်……ထင်……
တိုက်ပွဲအချိန် ပိုပြီး ကြာလာတာနဲ့အမျှ လီဖူချန်းရဲ့ အာရုံစူးစိုက်မှုက ပိုပိုပြီး ကောင်းလာခဲ့ပါပြီ ။ သူ့ရဲ့ ဓားချက်တိုင်းဟာ စိတ်သွားတိုင်း ကိုယ်ပါတဲ့ အဆင့်အထိ ရောက်လာတယ်လို့တောင် ဆိုရမလိုပါပဲ ။ တိုက်ပွဲအချိန် အတွင်းမှာပဲ သူ့ရဲ့ ဓားချက်တွေဟာ မြန်သထက် ပိုမြန်လာခဲ့ ပါသေးတယ် ။
အဲဒါကတော့ အသွေးအသား နဲ့ တည်ဆောက်ထားတဲ့ ဖြစ်တည်မှု နဲ့ ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာတဲ့ ဖြစ်တည်မှုကြားက ကွာခြားမှုလို့ပဲ ဆိုရပါမယ် ။ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဖြစ်တည်မှုက တိုက်ပွဲအတွင်းမှာ အတွေ့အကြုံတွေ ရယူပြီး ပိုအစွမ်းထက်လာတဲ့အချိန်မှာ ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာတဲ့ ဖြစ်တည်မှုကတော့ ပုံသေ တိုက်ခိုက်မှုတွေကိုသာ ပြုလုပ်ပြီး နဂိုမူလ အစွမ်းအတိုင်းသာ ရှိနေပါတယ် ။
သည်ပုံစံ အတိုင်း ဆက်ပြီး သွားနေမယ် ဆိုရင်တော့ တိုက်ပွဲရဲ့ အဆုံးသတ်ဟာ သိပ်ပြီး ကြာတော့မှာ မဟုတ်ပါဘူး ။
ထန် ……
" အစွန်းရောက် မျောလွင့်မီးလျှံ "
လီဖူချန်းက ပုံရိပ်ယောင် ဓားသမားရဲ့ ဓားကို ရိုက်ထုတ်လိုက်ပြီး ဓားကွက်တစ်ကွက်ကို နူးညံ့သိမ်မွေ့စွာ ထုတ်လိုက်ပါတယ် ။ သူ့ရဲ့ လှုပ်ရှားမှုတွေကတော့ လုံးဝ ထစ်ငေါ့နေခြင်း မရှိဘဲ ရေအလျဉ် စီးဆင်းနေသလိုပါပဲ ။
ရှုး………
လီဖူချန်းရဲ့ ဓားသွားက လေဟာနယ်ကို ဖြတ်သန်းပြီး ပုံရိပ်ယောင် ဓားသမားရဲ့ ခန္ဓာကိုယ်ကို မယုံနိုင်စရာကောင်းတဲ့ အလျင်မျိုးနဲ့ ထိုးစိုက်သွားခဲ့ပါပြီ ။
ချွမ် ……
ဓားချက် ထိုးစိုက်ခံရပြီး မရှေးမနှောင်းမှာပဲ ပုံရိပ်ယောင် ဓားသမားရဲ့ ပုံရိပ်ဟာ ဆရာသခင် မျှော်စင်ရဲ့ တတိယထပ်ကနေပြီး မှေးမှိန်ပျောက်ကွယ် သွားပါတော့တယ် ။
" ဟူး…… နောက်ဆုံးတော့ ငါ နိုင်သွားပြီပေါ့ "
လီဖူချန်းကလည်း အခုမှ သက်ပြင်း ချနိုင်ပါတော့တယ် ။ သည်ပုံရိပ်ယောင် ဓားသမား နဲ့ တိုက်ခိုက်ရတဲ့ တိုက်ပွဲက လုံးဝ လွယ်ကူတဲ့ တိုက်ပွဲမျိုး မဟုတ်ပါဘူး ။ သူက သူ့မှာ ရှိသမျှ ကိုယ်စွမ်း ၊ ဉာဏ်စွမ်း အားလုံးကို အသုံးပြုပြီး ပုံရိပ်ယောင် ဓားသမားကို အနိုင်ယူဖို့ ကြိုးစားခဲ့ရတာပါ ။ ဒါပေမဲ့လည်း အဲဒါက ထိုက်တန်တယ်လို့ ဆိုရပါမယ် ။
နောက်ဆုံးမှာတော့ သူရဲ့ အစွမ်းက ထွတ်ခေါင် ဆရာသခင် အဆင့်ကို ရောက်လာခဲ့ပြီ မဟုတ်ပါလား ။
လက်ရွေးစင် ဆရာသခင် တစ်ယောက်နဲ့ ထွတ်ခေါင် ဆရာသခင် တစ်ယောက်ရဲ့ ကြားထဲမှာ ရှိတဲ့ ခြားနားမှုကို လျော့တွက်လို့ မရပါဘူး ။
သာမန်အားဖြင့် ဆိုရင်တော့ ထွတ်ခေါင် ပါရမီရှင်တွေ ဆိုတာက တိုက်ပွဲဝိညာဉ်နယ်ပယ် ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေလို့တောင် သတ်မှတ်လို့ ရပါတယ် ။
မဟာဆရာသခင်တွေ နဲ့ အုပ်စိုးသူ ဆရာသခင်တွေကတော့ အထူး တည်ရှိမှုတွေ ဖြစ်တဲ့အတွက် သည်စာရင်းထဲမှာ ထည့်တွက်ခြင်း ခံရလေ့ မရှိပါဘူး ။
အဲသည်အတွက် လူအများစုရဲ့ မျက်လုံးထဲမှာတော့ ထွတ်ခေါင် ဆရာသခင်တွေ ဆိုတာက ခွန်အားဆိုတဲ့ အမှတ်လက္ခဏာပါပဲ ။ မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဝင်ရောက် စွက်ဖက်လာခြင်း မရှိသေးသရွေ့ကတော့ ထွတ်ခေါင် ဆရာသခင်တွေဟာ အရာတိုင်းကို သူတို့ စိတ်တိုင်းကျ ပြုမူ နေထိုင်နိုင်ပါတယ် ။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဆရာသခင် မျှော်စင်ကနေ ထွတ်ခေါင်ဆရာသခင် တံဆိပ်တော်ကို လက်ခံပြီး ထွက်ခွာသွားခဲ့ပါပြီ ။
*****………………*****---------*****---------*--------
မျောလွင့်ဖုန်မှုန့် တောင်ထိပ် တစ်နေရာ ……
" အင်း…… အခုဆိုရင် ငါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းလေးခုကို ကောင်းကောင်းကြီး လေ့ကျင့်ပြီးသွားပြီ ။ ဒါပေမဲ့ အဲဒါက ငါ့အတွက် မလုံလောက်သေးဘူး။ အဲသည်တော့ နောက်ထပ် ဓားသိုင်းတစ်ခု ထပ်ပြီး လေ့ကျင့်ဦးမှ "
လီဖူချန်းက အဝေးကို ငေးကြည့်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။
သူက အခုဆိုရင် မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်း နဲ့ မျောလွင့်မီးလျှံ ဓားသိုင်းအပြင် နောက်ထပ် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်း နှစ်ခုကိုပါ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ပြီးခဲ့ပါပြီ ။
လက်ရှိ အချိန်မှာတော့ ကောင်းကင်အဆင့် ဓားသိုင်းတွေကလွဲပြီး ကျန်တဲ့ ဓားသိုင်းတွေက လီဖူချန်းရဲ့ ဓားတာအိုကို မတိုးတက်စေနိုင်တော့ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဓားတာအို အခြေခံ အုတ်မြစ်ကိုတော့ ပိုပြီး ခိုင်မာသွားစေဖို့ အထောက်အကူ ပြုနေပါသေးတယ် ။
အခြေခိုင်မာတဲ့ ဓားတာအို အုတ်မြစ်ကြောင့် လီဖူချန်းအနေနဲ့ နောင်အနာဂတ်မှာ ကောင်းကင်အဆင့် ဓားသိုင်းတွေကို လေ့ကျင့်မယ်ဆိုရင် ပိုလွယ်ကူပြီး လျင်မြန်ချောမွေ့ သွားမှာ အသေအချာပါပဲ ။
ငါးခုမြောက် မြေကမ္ဘာအထွတ်အထိပ်အဆင့် ဓားသိုင်းကိုတော့ လီဖူချန်းက မဟာဝါယော ဓားသိုင်းကို ရွေးချယ်လိုက်ပါတယ် ။
သည်ဓားသိုင်းက လေတာအိုကို အခြေခံထားတဲ့ အတွက် အစွမ်းထက်ရုံမက အလွန်အမင်း မြန်ဆန်လှပါတယ် ။ အရေးအကြီးဆုံးကတော့ အဲသည်ဓားသိုင်းက လီဖူချန်းရဲ့ မီးလျှံတာအို ချီအတွင်းအားတွေကို ဆန့်ကျင်မနေတာပါပဲ ။
အစောပိုင်းက သူလေ့ကျင့်ထားတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းလေးခုရဲ့ အတွေ့အကြုံတွေကြောင့် လီဖူချန်းဟာ မဟာဝါယော ဓားသိုင်းကို လေ့ကျင့်တဲ့ နေရာမှာ အချိန်သိပ်ပြီး မယူခဲ့ရပါဘူး ။
သူက အချိန် တစ်လကျော်လေး အတွင်းမှာပဲ မဟာဝါယော ဓားသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပါတယ် ။
အခုဆိုရင် လီဖူချန်း ဓားချက် ထုတ်လိုက်တိုင်းမှာ ဓားအလင်း ၊ ဓားချီ ၊ ဓားစက်ကွင်း နဲ့ ဓားဆန္ဒတွေဟာ လေပြင်းအသွင်ကို ပြောင်းနိုင်စွမ်း ရှိသွားခဲ့ပါပြီ ။ ပြီးတော့ လေထုရှိနေတဲ့ နေရာ မှန်သရွေ့ သူ့ရဲ့ ဓားချီက ရောက်အောင် သွားနိုင်ပါသေးတယ် ။
လီဖူချန်းအတွက် အံ့သြစရာ အကောင်းဆုံး ကိစ္စကတော့ ကြယ်ပျံဓားသိုင်းလို့ပဲ ဆိုရပါမယ် ။ သူ့အနေနဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းဆန္ဒ ငါးခုကို ကောင်းကောင်းကြီး နားလည် အသုံးပြုနိုင်ပြီး သိပ်မကြာမှာပဲ ကြယ်ပံျဓားဆန္ဒဟာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားဆန္ဒအဖြစ်ကို ရောက်သွားခဲ့ပါတယ် ။ အဲသည်ထက် ပိုအံ့သြစရာ ကောင်းတာကတော့ အဲသည် ကြယ်ပျံ ဓားဆန္ဒဟာ ကျန်တဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားဆန္ဒ ငါးခုထက် ပိုပြီး အစွမ်းထက်နေတာပါပဲ ။
ကြယ်ပျံဓားသိုင်းဟာ နဂိုမူလတုန်းက ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းအဆင့်မှာသာ ရှိတာပါ ။ ဒါပေမဲ့လည်း အဲသည် ဓားသိုင်းဟာ လီဖူချန်းနဲ့အတူ လိုက်ပြီး အစွမ်းထက်လာခဲ့ပါတယ် ။
ရွှီး……
တိမ်ပင်လယ်တွေရဲ့ အထက်မှာ အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီးတဲ့ နောက်မှာတော့ တိမ်တိုက်ကြီးတွေဟာ ရုတ်တရက်ဆိုသလို ကွဲထွက်သွားခဲ့ပါပြီ ။ အဲသည် ဓားအလင်းတန်းက အလွန်အမင်း သိပ်သည်းလှတဲ့ ဓားဆန္ဒ တစ်ခုကို သယ်ဆောင်ထားပြီး အဲသည် ဓားဆန္ဒက လူတစ်ယောက်ကို ရင်ထဲ ၊ အသည်းထဲကနေ ထိတ်လန့်တုန်လှုပ် သွားစေနိုင်ပါတယ် ။ အဲသည် ဓားအလင်းတန်းက လောကပေါ်မှာ ရှိနေတဲ့ အရာမှန်သမျှကိုတောင် ပိုင်းဖြတ်နိုင်မယ့် ပုံပါပဲ ။
" ဟား……ဟား…… ကြယ်ပျံဓားသိုင်းကတော့ လုံးဝ မယုံနိုင်စရာပဲဟေ့ "
ဓားအလင်းတန်းရဲ့ ပိုင်ရှင်ကတော့ လီဖူချန်းကလွဲပြီး တခြားလူ မရှိနိုင်တော့ပါဘူး ။
လီဖူချန်းက ကြယ်ပံျဓားသိုင်းနဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်နေပုံ ရပါတယ် ။ သူ့အနေနဲ့ ကျေနပ်ရင်လည်း ကျေနပ်ချင်စရာပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြယ်ပျံဓားသိုင်းက ဓားကွက်တစ်ကွက်တည်းသာ ရှိတယ်ဆိုပေမယ့် အခြား ဓားသိုင်းတွေထက်ကိုပြီး အစွမ်းထက်နေတာ မဟုတ်ပါလား ။
" အင်း…… အခုဆိုရင် ငါက ငါနဲ့ လိုက်ဖက်တဲ့ ဓားသိုင်းမှန်သမျှကို လေ့ကျင့်ပြီးသွားပြီ ။ ဂိုဏ်းတော်မှာ ရှိတဲ့ ကျန်တဲ့ ဓားသိုင်းတွေကတော့ ငါနဲ့ လံုံးဝ မသင့်တော်ဘူး ။ အဲဒါက အတော်လေး စိတ်ပျက်စရာပဲ "
လီဖူချန်းက သူ့ရဲ့ ဓားကို ပြန်သိမ်းလိုက်ပြီး မချိတင်ကဲ ရွေရွတ်လိုက်ပါတယ် ။
သက်တံနီဂိုဏ်းက ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေမယ့်လည်း သူတို့ဆီမှာရှိတဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းဟာ ဆယ်ခုကျော်ကျော်လောက်သာ ရှိတာပါ ။ ပြီးတော့ အဲသည်ဓားသိုင်းတွေထဲက တော်တော်များများ သူနဲ့ ကိုက်ညီခြင်း မရှိပါဘူး ။ ဥပမာ ပြောရမယ် ဆိုရင်တော့ ရေတာအို နဲ့ မိုးကြိုးတာအိုကို အခြေခံထားတဲ့ ဓားသိုင်းတွေပေါ့ ။ အဲသည်အတွက် လီဖူချန်းဟာ ဘာမှ မတတ်နိုင်ဘဲ မီးလျှံတာအို ၊ လေတာအို နဲ့ မည်သည့်ဓာတ်ကိုမှ အခြေခံ မထားတဲ့ ဓားသိုင်းတွေကိုသာ ရွေးယူခဲ့ရပါတယ် ။ဒါကြောင့်လည်း သူက အတော်လေး မချိတင်ကဲ ဖြစ်နေခဲ့တာပါ ။
" ထားလိုက်ပါတော့လေ ။ သည်လောက်နဲ့လည်း ထွတ်ခေါင် ဆရာသခင်အဆင့် တာဝန်တွေကို ထမ်းဆောင်လို့ ရနေပြီပဲ "
အဲသည်နောက်မှာတော့ လီဖူချန်းဟာ အတွင်းစည်းဂိုဏ်းရဲ့ တာဝန်ခန်းမ ရှိတဲ့ အရပ်ကို ဦးတည်ပြီး ပျံသန်းသွားပါတော့တယ် ။
***