← Chapters

မီးလျှံသားမွှေး ဝံပုလွေနဲ့ နောက်ထပ်တစ်ကြိမ် ( ပပိုင်း )

Vol. 40 Ch. 534

မီးလျှံသားမွှေး ဝံပုလွေနဲ့ နောက်ထပ်တစ်ကြိမ် ( ပပိုင်း )

Vol. 40 Ch. 534

" ဟင်…… အခုထက်ထိ မီးလျှံသားမွှေး ဝံပုလွေ တာဝန်ကို ဘယ်သူမှ ပြီးဆုံးအောင် မထမ်းဆောင်နိုင် သေးဘူးလား "

အတွင်းစည်းဂိုဏ်း တာဝန်ခန်းမရဲ့ တာဝန်ဘုတ်ပြားပေါ်က တာဝန်တစ်ခုကို မြင်လိုက်ရတဲ့ အခါမှာတော့ လီဖူချန်းဟာ တော်တော်လေး အံ့အားသင့်သွားပါတယ် ။ အစောပိုင်းတုန်းကတော့ သူက မျက်စိများ မှားသွားသလားဆိုပြီး သံသယ ဝင်မိလိုက်ပေမယ့်လည်း သူ့ရဲ့ မျက်စိက လုံးဝ မမှားပါဘူး ။ တာဝန်ဘုတ်ပြားပေါ်မှာ ရှိနေတာက မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ရမယ့် တာဝန်ပါပဲ ။

လီဖူချန်းက ထွတ်ခေါင် ဆရာသခင် အဆင့် တာဝန်တွေဟာ အောင်မြင်ဖို့အတွက် အတော်လေး ခက်ခဲတယ် ဆိုတာကိုတော့ သိထားပြီးသား ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သည်လောက်ကြီးအထိ ခက်ခဲလိမ့်မယ်လို့တော့ လုံးဝ မထင်ခဲ့မိပါဘူး ။

ပြီးတော့ သူက အကြောင်းအရာ တစ်ခုကိုလည်း တွေးမိလိုက်ပါသေးတယ် ။

' မဟာ ဆရာသခင်တွေက သည်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်မဝင်စားကြဘူးလား ' ဆိုပြီးတော့ပေါ့ ။

မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ရမယ့် တာဝန်က ထွတ်ခေါင် ဆရာသခင်တွေ အတွက်သာ သုံးယောက်ကနေ ငါးယောက်အထိ လိုပေမယ့် မဟာ ဆရာသခင်တွေ အတွက်တော့ မလိုပါဘူး ။ သူတို့က တစ်ယောက်တည်းနဲ့တင် သည်တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်နိုင်စွမ်း ရှိပါတယ် ။ ကြည့်ရတာတော့ မဟာဆရာသခင်တွေက သည်တာဝန်ကို ယူတာဟာ သူတို့အတွက် ဂုဏ်သိက္ခာ ကျစေတယ်လို့ မှတ်ယူထားကြတဲ့ ပုံပါပဲ ။ အဆုံးမှာတော့လည်း မဟာ ဆရာသခင်တွေ ဆိုတာက မာနကြီးကြတဲ့ လူငယ် ပါရမီရှင်တွေပင် မဟုတ်ပါလား ။ သူတို့တွေက သူတို့ရဲ့ အဆင့်ထက် နိမ့်တဲ့ တာဝန်တွေကိုတော့ ဘယ်လိုမှ ယူမှာ မဟုတ်ပါဘူး ။

" ဟုတ်ပြီလေ ။ သည်လိုဆိုတော့လည်း သည်တာဝန်ကို ငါပဲ ပြီးဆုံးအောင် အဆုံးသတ်ပေး ရတာပေါ့ "

လီဖူချန်းက တာဝန်ဘုတ်ပြားပေါ်မှာ ရှိတဲ့ ကြော်ငြာ စာရွက်ကို ဖြုတ်ယူလိုက်ပါတယ် ။

စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို ကြောက်စရာ ကောင်းလှတဲ့ အဆင့်တစ်ခုအထိ အသုံးပြုနိုင်တဲ့ လီဖူချန်းကို သာမန် ထွတ်ခေါင် ဆရာသခင်လို့ သတ်မှတ်ရင် မှားသွားပါလိမ့်မယ် ။ လီဖူချန်းက သာမန် ထွတ်ခေါင် ဆရာသခင်တစ်ပါး လုံးဝ မဟုတ်ပါဘူး ။ သူက သည်ပညာရပ် နှစ်ခုစလုံးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ပြီးခဲ့ပါပြီ ။

တခြားသော ထွတ်ခေါင် ဆရာသခင်တွေကလည်း လီဖူချန်းလို စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ မျက်လုံးတစ်ထောင် အတွေးစိတ်ကူးကို   လေ့ကျင့်ကောင်း လေ့ကျင့်ထားနိုင်ပေမယ့် သူတို့တွေက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ဖို့တော့ လုံးဝ မဖြစ်နိုင်သေးပါဘူး ။ တကယ်လို့ သူတို့အနေနဲ့ သည်ပညာရပ် နှစ်ခုစလုံးကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့တယ် ဆိုရင်တောင်မှပဲ အစွမ်း ထက်မြက်မှု အပိုင်းမှာ လီဖူချန်းနဲ့ အများကြီး ကွာဟ နေဦးမှာ ဖြစ်ပါတယ် ။

" အိုး…… ဟိုမှာ ကြည့်လိုက်စမ်းဟေ့ ။ ဂိုဏ်းတူညီလေး ဖူချန်းက မီးလျှံသားမွှေး ဝံပုလွေ တာဝန်ကို အဆုံးသတ်ဖို့ ရွေးလိုက်ပြီ "

" ဟင်…… ဟုတ်ရဲ့လားဟ ။ မင်း မြင်တာများ မှားနေတာလား "

" ငါ့အမြင်က ဘယ်လိုလုပ် မှားရမှာလဲ ။ သူ့ရဲ့ လက်ထဲမှာ ဖြုတ်ယူထားတဲ့ ကြော်ငြာစာရွက် ရှိနေတာကို မင်း မမြင်ဘူးလား "

" အေး ……ဟုတ်သားပဲကွ ။ ကြည့်ရတာ ညီလေး ဖူချန်းက ထွတ်ခေါင် ဆရာသခင် အဆင့်ကို ရောက်သွားတာများလား "

" ဟေ့ကောင် …… မင်း ရူးနေတာလား ။ ညီလေး ဖူချန်းက ထွတ်ခေါင် ဆရာသခင်အဆင့် တာဝန်ဘုတ်ပြားပေါ်က ကြေညာစာရွက်ကို ဖြုတ်ယူသွားတယ် ဆိုမှတော့  သူက ထွတ်ခေါင် ဆရာသခင် ဖြစ်နေလို့ပေါ့ဟ "

" အေး …… ဟီးဟီး ။ ငါ အဲဒါကို မေ့သွားတယ် ။  ဒါပေမဲ့ နည်းနည်း မထူးဆန်းလွန်း နေဘူးလား ။ မီးလျှံသားမွှေး ဝံပုလွေ တာဝန်က ပထမတန်းစား ထွတ်ခေါင် ဆရာသခင် တာဝန်လို့ သတ်မှတ်ခံထား ရတာလေ ။ ထွတ်ခေါင် ဆရာသခင် သုံးယောက်ကနေ ငါးယောက်အထိ မရှိရင် သည်တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်ဖို့ မလွယ်ဘူး ။ သူ့ကို ကြည့်ရတာက သည်တာဝန်ကို တစ်ယောက်တည်း ထမ်းဆောင်ဖို့ စဉ်းစားနေတဲ့ ပုံပဲ "

" မဟုတ်လောက်ပါဘူးကွာ ။ သူက အဖွဲ့ ဖွဲ့ထားပြီးသား နေမှာပါဟ "

လီဖူချန်းက အတွင်းစည်း ဂိုဏ်းထဲမှာ သိပ်ပြီး နာမည် ကျော်ကြားတဲ့ တပည့် မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း အထိုက်အလျောက်တော့ သူ့ကို သိနေတဲ့ သူတွေ ရှိနေဆဲပါပဲ ။

အဲသည်အတွက်  မီးလျှံသားမွှေး ဝံပုလွေ တာဝန်ကို ယူဖို့ ဆုံးဖြတ်လိုက်တဲ့ သူ့ရဲ့ လုပ်ရပ်က လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရသွားခဲ့ပါတယ် ။အတွင်းစည်း တပည့် တော်တော်များများကတော့ လီဖူချန်းရဲ့ တိုးတက်မှုနှုန်းကြောင့် ထိတ်လန့်ကုန်ပြီး လီဖူချန်းရဲ့ အပြုအမူတွေဟာ  အတော်လေး ထူးဆန်းနေတယ်လို့လည်း သူတို့တွေက မှတ်ချက် ချလိုက်ကြပါတယ် ။

မီးလျှံသားမွှေး ဝံပုလွေ တာဝန်က ရိုးရှင်းတဲ့ တာဝန် တစ်ခု မဟုတ်ပါဘူး ။ ထွတ်ခေါင် ဆရာသခင် အချင်းချင်း အဖွဲ့ဖွဲ့ပြီး သွားမယ် ဆိုရင်တော့ အဲသည်တာဝန်ကို ပြီးမြောက်ဖို့ ဖြစ်နိုင်ပေမယ့် တစ်ယောက်တည်း သွားလို့ကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ ။

သိပ်မကြာသေးခင်တုန်းကပဲ အတွင်းစည်း ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး  ထွတ်ခေါင် ဆရာသခင် ၅ပါးထဲမှာ ပါတဲ့ ကောင်းဟန်ဟာ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ဖု့ိ အတွက် တစ်ယောက်တည်း သွားခဲ့ပါသေးတယ် ။  ကောင်းဟန်ရဲ့ အစွမ်းက မခေလှပါဘူး ။ သူက တန်ခိုးအစွမ်း အရာမှာ ထိပ်တန်း တိုက်ရိုက်တပည့် သုံးယောက်ထက်တောင်မှပဲ အနည်းငယ်လေးသာ နိမ့်ကျတယ်လို့ ဆိုရပါမယ် ။ ဒါပေမဲ့လည်း ကောင်းဟန်ရဲ့ အခြေအနေဟာ မလှပခဲ့ပါဘူး  ။ သူက မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ဖို့အတွက် ယုံကြည်မှု အပြည့်နဲ့ သွားရောက်ခဲ့ပေမယ့်လည်း ဒဏ်ရာ အကြီးအကျယ် ရပြီးတော့သာ ပြန်လာခဲ့ရပါတယ် ။ ကောလဟာလတွေ အရ ဆိုရင်တော့ တကယ်လို့ ကောင်းဟန်သာ အပြေး မမြန်ခဲ့ရင် သေတောင် သေသွားနိုင်ပါ သေးတယ်တဲ့ ။

လီဖူချန်း……

လီဖူချန်းရဲ့ တိုးတက်မှုက တကယ်ကို ချီးကျူးလောက်စရာ ဖြစ်ပေမယ့်လည်း အတွင်းစည်း ဂိုဏ်းသားတွေရဲ့ အမြင်မှာတော့ သူဟာ မီးလျှံသားမွှေး ဝံပုလွေကို တစ်ယောက်တည်း သတ်ဖြတ်ဖို့ အတွက် လုံးဝ အဆင့် မမီသေးပါဘူး ။

အဲဒါကြောင့်ပဲ အတွင်းစည်း တပည့်တွေက လီဖူချန်းဟာ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ဖို့အတွက် အဖွဲ့ ဖွဲ့ပြီးသား ဖြစ်မယ်လို့ ထင်ကြေး ပေးနေကြတာပါ ။  ဒါပေမဲ့လည်း သူတို့က လီဖူချန်းဟာ ဘယ်သူတွေနဲ့ အဖွဲ့ ဖွဲ့ထားလည်း ဆိုတာကိုတော့ မခန့်မှန်းနိုင်ကြပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သည်ရက်ပိုင်း အတွင်းမှာ ထွတ်ခေါင် ဆရာသခင် တော်တော်များများဟာ တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်လာကြလို့ပါပဲ ။

"ဟမ့် …… အဲသည်ကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ "

တာဝန်ခန်းမရဲ့ ထောင့်တစ်နေရာမှာ ရပ်နေတဲ့ ရုပ်ခပ်ချောချော လူငယ် တစ်ယောက်ကတော့ လီဖူချန်းကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် ။ အဲသည်လူငယ်ရဲ့ မျက်နှာပေါ်မှာတော့ မာနကြီးတဲ့ အရိပ်အယောင်တွေ အပြည့်ပါပဲ ။ အဲသည်လူငယ်ရဲ့ နာမည်ကတော့ ကောင်းဟန် ဖြစ်ပြီး  သက်တံနီဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ထွတ်ခေါင်ဆရာသခင် ငါးယောက်ထဲက တစ်ယောက် ဆိုရင်လည်း မမှားပါဘူး ။

" ခစ်ခစ်……ဂိုဏ်းတူအစ်ကိုကောင်း…… အစ်ကို မလုပ်နိုင်ဘူး ဆိုတာနဲ့ပဲ တခြားလူလည်း မလုပ်နိုင်ဘူးလို့ ယတိပြတ် ပြောလို့မှ မရတာ ။ သူက တစ်ယောက်တည်းနဲ့ မီးလျှံသားမွှေး ဝံပုလွေကို သတ်ရင် သတ်နိုင်မှာပေါ့ ။ ဘာဖြစ်လို့ သူများကို သွားပြီး လှောင်ပြောင်နေတာလဲ "

ကောင်းဟန် နဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ မိန်းမချောလေး တစ်ယောက်က ခိုးခိုးခစ်ခစ် ရယ်ပြီး  ကောင်းဟန်ကို လှောင်ပြောင် လိုက်ပါတယ် ။အဲသည် မိန်းမချောလေးကတော့ လုဝမ် ပါပဲ ။

" လုဝမ် …… မင်းက ငါ့ကို လာပြီး လှောင်နေတာလား "

ကောင်းဟန်က လုဝမ်ကို စေ့စေ့ စိုက်ကြည့်ပြီး မေးလိုက်ပါတယ် ။ သူက လုဝမ်ရဲ့ စကားကြောင့် အတော်လေး မခံချိ ၊ မခံသာ ဖြစ်သွားတဲ့ ပုံပါပဲ ။

လုဝမ်က ရယ်လိုက်ပြီး

" ညီမက အချက်အလက်ကို အခြေခံပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောနေတာလေ ။ အဲဒါက အစ်ကိုကောင်းကို လှောင်သလို ဖြစ်သွားလို့လား " ဟု ပြန်ပြောလိုက်ပါတယ် ။

သူမ နဲ့ ကောင်းဟန်တို့က တစ်ယောက် နဲ့ တစ်ယောက် တည့်ကြတဲ့သူတွေ မဟုတ်ပါဘူး ။ သူတိုနှစ်ယောက် ကြားမှာက ပြသနာအချို့ ရှိခဲ့ဖူးပါတယ် ။ ဒါကြောင့်လည်း လုဝမ်က ကောင်းဟန်ကို လှောင်ပြောင်လိုက်တာပါ ။

တခြားလူတွေကတော့ ကောင်းဟန်ကို ကြောက်ရင် ကြောက်ပါလိမ့်မယ် ။ ဒါပေမဲ့ သူမကတော့ ကောင်းဟန်ကို လုံးဝ မကြောက်ပါဘူး ။

အစွမ်းချင်း ယှဉ်မယ် ဆိုရင်တော့ လုဝမ်ဟာ သာမန် ထွတ်ခေါင် ဆရာသခင် တစ်ယောက်ထက် မပိုပါဘူး ။ ဒါပေမဲ့ သူမက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့သူ ဖြစ်ပါတယ် ။ အဲသည်အတွက် ကောင်းဟန်အနေနဲ့ သူမကို အနိုင်ယူဖို့အတွက်ဆိုရင် ရေကုန်ရေခမ်း တိုက်ခိုက်မှပဲ ရပါလိမ့်မယ် ။

" ဒါဆိုရင် …… သူ သည်တာဝန်ကို ပြီး၊မပြီး ဆိုတာ ငါလိုက်ပြီး ကြည့်လိုက်ဦးမယ် ။ လုဝမ် …… မင်းက သူ့အပေါ်မှာ အရမ်း ယုံကြည်မှု ရှိနေတယ်ဆိုတော့ ငါတို့  လောင်းကြေး၊ စားကြေး လုပ်လိုက်ကြရအောင် ။ မင်းက သူ တာဝန် ပြီးတဲ့ဘက်မှာ နေလိုက် ။ ငါက သူ တာဝန် မပြီးတဲ့ဘက်မှာ နေမယ် ။ ရှုံးတဲ့သူက နိုင်တဲ့သူကို  ထောက်ပံ့ရေးရမှတ် တစ်သိန်းနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ပေးကြေး ။ ဘယ်လိုလဲ  ။ မင်းမှာ…… လောင်းရဲတဲ့ သတ္တိ ရှိရဲ့လား "

ကောင်းဟန်က လုဝမ်ကို လောင်းကြေးထပ်ဖို့ စိမ်ခေါ်လိုက်ပါတယ် ။

" ဒါ…… ဒါကတော့ "

ကောင်းဟန်ရဲ့ စိမ်ခေါ်မှုက လုဝမ်ကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့ပါပြီ ။

အစောပိုင်းက သူမအနေနဲ့  ကောင်းဟန်ကို လှောင်ပြောင်တယ် ဆိုတာက  သူမနဲ့ ကောင်းဟန်ကြားမှာ ပြသနာလေးအချို့ ရှိလို့ပါပဲ ။ဒါပေမဲ့ အခု ကောင်းဟန်က စိမ်ခေါ်လာတဲ့ အခါမှာတော့ သူမဟာ လီဖူချန်းဘက်ကနေပြီး လောင်းဖို့ ဘယ်လိုမှ သတ္တိ မရှိပါဘူး ။ ဒါက သေချာပေါက် ရှုံးမယ့် လောင်းကြေးပင် မဟုတ်ပါလား ။

" ဘာလဲ …… မလောင်းရဲဘူးလား ။ ကြောက်နေတာလား ။ အေး…… တကယ်လို့ မင်းကြောက်နေတယ်ဆိုရင် နောက်တစ်ခေါက် ငါ့ရှေ့မှာ အဓိပါ္ပယ် မရှိတဲ့ စကားတွေ စည်းလွတ်ဝါးလွတ် လာမပြောနဲ့ ။ ကြားလား "

ကောင်းဟန်က ရိုင်းစိုင်းစွာနဲ့ လုဝမ်ကို အထက်စီးကနေ ပိတ်ဟောက်လိုက်ပါတယ် ။

" ငါက ဘာကို ကြောက်ရမှာလဲ ။ လောင်းမယ်လေ …… လောင်းကြတာပေါ့ "

ကောင်းဟန်ရဲ့ ရိုင်းစိုင်းစွာ ပြုမူဆက်ဆံပုံကို လုဝမ်က ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး ။ သူမက အံကို တင်းတင်း ကျိတ်လိုက်ပြီး လီဖူချန်း ဘက်ကနေ လောင်းဖို့ သဘောတူလိုက် ပါတော့တယ် ။

သူမက လောင်းကြေးကိုသာ အရှုံးခံပါမယ် ။ ကောင်းဟန်ရဲ့ တင်စီးမှုကိုတော့ လုံးဝ ခံဖို့ စိတ်ကူး မရှိပါဘူး ။

" အင်း…… ငါ သူ့နောက်ကို လိုက်သွားမှ တော်ကာကျလိမ့်မယ် "

လုဝမ်က ကောင်းဟန်ရဲ့ စိမ်ခေါ်မှုကို သဘော တူလိုက်ရင်းနဲ့ လီဖူချန်းနောက်ကို တိတ်တဆိတ် လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ တကယ်လို့ လီဖူချန်းက  မီးလျှံသားမွှေး ဝံပုလွေကို မသတ်ဖြတ် နိုင်ခဲ့ရင် သူမက ဝင်ပြီး အကူအညီ ပေးမယ် ဆိုပြီးတော့ပေါ့ ။

ကောင်းဟန်က လုဝမ်ရဲ့ အတွေးတွေကို သိမြင်နေတဲ့ ပုံပါပဲ ။ သူက    မထီမဲ့မြင် ပြုံးလိုက်ပြီး လုဝမ်ကို ပြောလိုက်ပါတယ်  " လုဝမ် …… မင်း ဘာတွေးနေတယ် ဆိုတာကို ငါမသိဘူး မှတ်နေလား ။ ကိစ္စမရှိဘူး  ။ မင်းသူ့ကို အကူအညီ ပေးချင်ရင် ပေးလိုက် ။ ငါ ခွင့်ပြုတယ် "

လီဖူချန်း အနေနဲ့ လုဝမ်ရဲ့ အကူအညီ ရမယ် ဆိုရင်တောင်မှ မီးလျှံသားမွှေး ဝံပုလွေကို သတ်နိုင်လိမ့်မယ်လို့ သူ မယုံပါဘူူး ။ ဒါကြောင့်လည်း သူက လုဝမ်ကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ် ။

" ဟုတ်ပြီလေ ။ အချိန်ကျတဲ့ အခါကျမှ ကြည့်ကြတာပေါ့ ။ အဲစည်အချိန် ရောက်ရင်တော့ နောင်တ မရနဲ့နော် '

လုဝမ်က ထပ်ပြီး ဘာမှ မပြောတော့ပါဘူး ။

" မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်း နေတာပဲ "

ကောင်းဟန်ကလည်း  မဲ့ပြုံးပြုံးပြီး စကားစကို ဖြတ်လိုက်ပါတော့တယ် ။

လီဖူချန်း နဲ့ လုဝမ် မပြောပါနဲ့ ။ ထွတ်ခေါင်ဆရာသခင် သုံးယောက်ကနေ ငါးယောက်အထိ စုပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်နိုင်ဖို့အတွက် ခဲယဉ်းလွန်းလှပါတယ် ။

ဒါပေမဲ့ ကောင်းဟန်က လီဖူချန်းကို ကူညီဖို့အတွက် အဲလောက် ထွတ်ခေါင် ဆရာသခင် အရေအတွက်ကို ခွင့်ပြုမှာ မဟုတ်ပါဘူး ။ အဲသည်လို ခွင့်ပြုလိုက်မယ်ဆိုရင်  သူ့အတွက် အတော်လေး စွန့်စားရာ ကျသွားပါလိမ့်မယ် ။

' အင်း…… ငါလည်း လိုက်သွားမှ ကောင်းမယ် ထင်တယ် ။ မဟုတ်ရင် လုဝမ်က ငါ့ကို အနိုင်ယူဖို့အတွက် တစ်ခုခု လုပ်ရင် လုပ်နေမှာ '

ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီးတဲ့ နောက်မှာတော့ ကောင်းဟန်ကလည်း လီဖူချန်းနောက်ကို လိုက်သွားဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ် ။

မီးလျှံသားမွှေး ဝံပုလွေ တာဝန်အကြောင်း ရေးထားတဲ့ ကြော်ငြာ စာရွက်ကို ဖြုတ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ရင်ပြင်ကို ဦးတည်ပြီး ထွက်သွားခဲ့ပါပြီ ။

ကောင်းဟန် နဲ့ လုဝမ်တို့ကတော့ လီဖူချန်းရဲ့ အနောက်ကနေပြီး မယောင်မလည်နဲ့ ကပ်လိုက်သွားကြပါတယ် ။

လီဖူချန်းက သူ့နောက်ကနေ လူနှစ်ယောက် လိုက်လာတာကို သတိပြုမိပေမယ့်လည်း သိပ်ပြီး စိတ်ထဲ မထားခဲ့ပါဘူး ။ သူက ကောင်းဟန်တို့ နှစ်ယောက်ဟာလည်း သူ့လိုပဲ တည်နေရာရွှေ့ပြောင်း ရင်ပြင်ကို ဦးတည်သွားနေတယ်လို့ ထင်နေ မိခဲ့တာပါ ။

" ကဲ…… သွားဖို့ အချိန်ကျပြီ "

ချွမ်……

တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်ကို တက်လိုက်ပြီး ခဏအကြာမှာပဲ လီဖူချန်းဟာ ကြေးနီတိုက်ရဲ့ သက်တံနီမြို့ဆီကို တည်နေရာ ရွှေ့ပြောင်းသွားခဲ့ပါပြီ ။

ချွမ်……

လီဖူချန်းက တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်ကနေ ဆင်းဖို့ ပြင်နေတုန်းမှာပဲ  တည်နေရာ ရွှေ့ပြောင်း စင်မြင့်ဟာ အရောင် နောက်ထပ်တစ်ကြိမ် တောက်ပသွားပြီး လူရိပ်တစ်ရိပ်ကို တည်နေရာ ရွှေ့ပြောင်းပေးခဲ့ ပြန်ပါတယ် ။ အဲသည်လူရိပ်ကတော့ လုဝမ် ပါပဲ ။

ချွမ် ……

တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်မှာ လုဝမ် ပေါ်လာပြီး ချက်ချင်းဆိုသလို ကောင်းဟန်ကလည်း ပြန်ပေါ်လာခဲ့ ပြန်ပါပြီ ။

" ဟင် …… သည်နှစ်ယောက်က "

လီဖူချန်းက မျက်မှောင်ကြုတ်လိုက် မိပါတယ် ။ ဒါက အနည်းငယ် စိတ်မသိုးမသန့် ဖြစ်စရာ အခြေအနေ တစ်ခုပင် မဟုတ်ပါလား ။

ဒါပေမဲ့လည်း လီဖူချန်းက အခြေအနေကို ဆက်ပြီး စောင့်ကြည့်ချင်သေးတဲ့အတွက် ဘာမှ မပြောဘဲ မီးလျှံသံ တောင်တန်းဆီကို ပျံသန်း သွားလိုက်ပါတယ် ။

လုဝမ် နဲ့ ကောင်းဟန်တို့ကလည်း လီဖူချန်းနောက်ကနေပြီး ပျံသန်း လိုက်ပါလာဆဲပါပဲ ။

" သည်နှစ်ယောက်က ဘာဖြစ်လို့ ငါ့နောက်ကို တောက်လျောက် လိုက်နေရတာလဲ "

လီဖူချန်းက အတော်လေး ခေါင်းစားနေခဲ့ပါပြီ ။

အစောပိုင်းတုန်းကတော့ သူက သည်နှစ်ယောက်ဟာလည်း သက်တံနီမြို့ကို လာဖို့ ရည်ရွယ်ချက် ရှိနေတာ ဖြစ်ရမယ်လို့ ဖြည့်ပြီး တွေးပေးခဲ့ပါသေးတယ် ။

ဒါပေမဲ့လည်း ယခု အချိန်မှာတော့ သူ့အနေနဲ့ အဲသည်လို ဖြည့်တွေးပေးဖို့ မဖြစ်နိုင်တော့ပါဘူး ။ သည်နှစ်ယောက်က သူ့နောက်ကို နောက်ယောင်ခံ လိုက်လာတာ အသိသာကြီးပါပဲ ။

အဲသည်အတွက် သူက ပျံသန်းတာကို အရှိန်လျော့လိုက်ပြီး အနောက်ကို လှည့်လိုက်ကာ မေးလိုက်ပါတယ် ။

" ဘာဖြစ်လို့ ဂိုဏ်းတူအစ်ကိုတော် နဲ့ အစ်တော်က ကျွန်တော့်နောက်ကို လိုက်လာရတာပါလဲ ။ သည်က ညီတော်အနေနဲ့ သိခွင့် ရှိပါသလား "

" ညီလေး…… မင်းရဲ့ တာဝန်ကိုပဲ စိတ်အေးအေးထားပြီး ပြီးအောင် လုပ်ပါ ။ အစ်ကိုက ညီလေးကို နှောင့်ယှက်မလို့ မဟုတ်ပါဘူး ။ အစ်ကို့ကို စိတ်ထဲ ထားမနေပါနဲ့ "

ကောင်းဟန်က ခပ်တည်တည်ပဲ ပြန်ဖြေလိုက်ပါတယ် ။

လုဝမ်ကလည်း  "အစ်မတော်တို့ အခုလို လိုက်လာတာကို စိတ်မရှိပါနဲ့ မောင်လေး ။ အစ်မတို့က  မောင်လေးအနေနဲ့ မီးလျှံသားမွှေး ဝံပုလွေကို သတ်နိုင်လား ၊ မသတ်နိုင်ဘူးလား ဆိုတာကို လောင်းကြေး ထပ်ထားလို့ပါ  ။တကယ်လို့ မောင်လေး မသတ်နိုင်ရင်တော့ အစ်မက ဝင်ကူဖို့ စဉ်းစားထားတယ်လေ  ။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မက မောင်လေး အနေနဲ့ မီးလျှံသားမွှေး ဝံပုလွေကို သတ်နိုင်လိမ့်မယ်လို့ လောင်းထားလို့ပေါ့ "

" ကျွန်တော့်ကို တည်ပြီး လောင်းနေကြတာလား "

အကြောင်းစုံကို သိပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သိပ်ပြီး မပျော်တော့ပါဘူး ။

သူက သူ့ရဲ့ အဖြစ်ဟာ ပွဲကပြပြီး အလှူငွေ ကောက်ခံနေရတဲ့  မျောက်တစ်ကောင် နဲ့ တူနေတယ်လို့ ခံစားနေခဲ့ရပါပြီ ။

" တကယ်လို့ ကျွန်တော်က တာဝန်ကို မလုပ်တော့ဘူး ဆိုရင်ကော "

လီဖူချန်းက လုဝမ်ကို ကြည့်ပြီး မေးလိုက်ပါတယ် ။

လုဝမ်ကလည်း ပါးနပ်သူ တစ်ယောက် ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ စိတ်ခံစားမှုကို မရိပ်မိဘဲ မနေပါဘူး ။ အဲသည်အတွက် သူမက အလျင်အမြန်ပဲ တောင်းပန်လိုက်ပါတယ် ။

" မောင်လေးကို တည်ပြီး အလောင်းအစား လုပ်မိတာ အစ်မရဲ့ အမှားပါ ။ မောင်လေးက အဲဒါကို စိတ်ထဲမှာ တစ်မျိုး ခံစားရတယ် ဆိုရင် တာဝန်ကို မလုပ်ပါနဲ့တော့ ။ အစ်မပဲ အရှုံးခံလိုက် ပါတော့မယ် "

လုဝမ်က သူမအနေနဲ့လည်း လီဖူချန်းနေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ ဆိုတာကို ကောင်းကောင်းကြီး ကိုယ်ချင်းစာမိပါတယ် ။

လီဖူချန်းက လက်ကာပြလိုက်ပြီး

" ထားလိုက်ပါတော့ ။ အစ်မတော်က လောင်းတောင် လောင်းပြီး နေမှတော့ ဘာမှ မထူးတော့ပါဘူး ။ ကျွန်တော့်နောက် လိုက်ခဲ့ချင်လည်း လိုက်ခဲ့လို့ ရပါတယ် "

လီဖူချန်းက သည်အထိတောင် ရောက်လာပြီးမှတော့ တာဝန်ကို ပြီးဆုံးအောင် မလုပ်ဘဲ ပြန်မသွားချင်ပါဘူး ။ အဲသည်အတွက် သူက လုဝမ်နဲ့ ကောင်းဟန်တို့ကို  သူ့နောက်လိုက်ခဲ့ဖို့ ခွင့်ပြုလိုက်ပါတယ် ။

" ကျေးဇူးတင်ပါတယ် ……မောင်လေး "

ဟူး……ဟူး……ဟူး……

သိပ်မကြာခင်မှာပဲ သူတို့ သုံးယောက်ဟာ ပျားအုံ ပုံသဏ္ဌာန် တောင်ကြီးရဲ့ အစွန်းကို ရောက်ရှိ လာခဲ့ကြပါပြီ ။

လီဖူချန်းအနေနဲ့ ကံကောင်းတယ်လို့ပဲ ဆိုရပါမယ် ။ သူရောက်လာတဲ့ အချိန်မှာပဲ မီးလျှံသားမွှေး ဝံပုလွေကလည်း တောင်ထိပ်ပေါ်မှာ ရှိနေခဲ့ပါတယ် ။ ကြည့်ရတာတော့ မီးလျှံသားမွှေး ဝံပုလွေက ချီအဆီအနှစ်တွေကို စုပ်ယူနေတဲ့ ပုံပါပဲ ။

" တောက် …… သည်လူသားတွေက ငါ့ကို လာပြီး နှောင့်ယှက်ကြ ပြန်ပြီ ။ သည်လူသားတွေက ဘာဖြစ်လို့ ငါ့ကို အချိန်လေး နည်းနည်းတောင် အေးအေးဆေးဆေး နေခွင့် မပေးရတာလဲ ။ သည်နေ့တော့ သည်ကောင်တွေ အကုန်လုံးကို အစိမ်းလိုက် ဝါးစားပစ်ရမယ် "

မီးလျှံသားမွှေး ဝံပုလွေက လူသားတွေ မကြာခဏ လာရောက် တိုက်ခိုက်တာကို ခံနေရတဲ့အတွက် အတော်လေး ဒေါသထွက်နေပုံ ရပါတယ် ။ သူက လီဖူချန်းတို့ကို အစိမ်းလိုက် ဝါးစားပစ်ဖို့တောင်မှ စဉ်းစားနေခဲ့ပါပြီ ။

အရင်တုန်းက ဆိုရင်တော့ သူဟာ သည်နေရာကို မတော်တဆ မျက်စိလည် လမ်းမှားလာတဲ့ လူသားတွေကိုသာ စားသောက်ခဲ့တာပါ ။ ဒါပေမဲ့ သည်တစ်ကြိမ်မှာတော့ သူက သူ့ရဲ့ မျိုးဆက်သွေးကို လောင်ကျွမ်းခံရမယ် ဆိုရင်တောင်မှ လောင်ကျွမ်းခံပြီး လီဖူချန်းတို့ သုံးယောက်ကို စားပစ်မယ်လို့   စဉ်းစားထားပါတယ် ။

***

All Chapters