မိစ္ဆာသားရဲ ဝိညာဉ်ကိုပါ အမြစ်ပြတ် သုတ်သင်ခြင်း
Vol. 40 Ch. 536
ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိုးဆက်သွေးကို လောင်ကျွမ်းစေပြီးတဲ့ နောက်မှာတော့ မီးလျှံသားမွှေး ဝံပုလွေဟာ ထွက်ပြေးဖို့ မကြိုးစားတော့ပါဘူး ။ သူက လီဖူချန်းကို မီးတန်းကြီးတစ်ခု မှုတ်ထုတ်ပြီး တိုက်ခိုက်လိုက်ပါတယ် ။
အဲသည် မီးတန်းကြီးက အတော်လေး ကြောက်စရာ ကောင်းတယ်လို့ ဆိုရပါမယ် ။ အဲဒါက အစကနဦး ပိုင်းမှာတော့ မီတာအနည်းငယ်သာ လုံးပတ်ရှိပြီး မျက်စိ တစ်မှိတ်အတွင်းမှာပဲ မီတာ ရာနဲ့ချီအောင် ကြီးမားတဲ့ မီးတန်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် ။ မီးလျှံသားမွှေး ဝံပုလွေ ရှိနေတဲ့ အချင်းဝက် မိုင်ဒါဇင်ပတ်လည်မှာ ရှိနေသမျှ အရည်တွေ အားလုံးဟာလည်း အငွေ့ပျံသွား ခဲ့ပါပြီ ။
မီးလျှံသားမွှေး ဝံပုလွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေတဲ့ လီဖူချန်းကတော့ ဘယ်လိုနေမယ် မသိပါဘူး ။ တိုက်ပွဲစက်ကွင်းရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ လုဝမ်နဲ့ ကောင်းဟန်တို့ကိုတောင်မှပဲ သည်မီးလျှံတန်းကြီးဟာ ဖိအားပေးနေ ခဲ့ပါတယ် ။
" အဟွတ်…… အဟွတ် "
ကောင်းဟန်ကတော့ မသိမသာ ချောင်းဆိုးလိုက်မိပါတယ် ။
အရင်တစ်ခေါက်တုန်းက သည်တိုက်ကွက်ကြောင့် သူဟာ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီး သေပြေး ၊ ရှင်ပြေး ပြေးခဲ့ရတာ မဟုတ်ပါလား ။
မိစ္ဆာသားရဲ ဘုရင်တွေရဲ့ မျိုးဆက်သွေး ဆိုတာက အင်မတန် အစွမ်းထက်လွန်းတဲ့ အရာပါပဲ ။
မျိုးဆက်သွေးကို လောင်ကျွမ်းစေပြီးတဲ့ နောက်မှာတော့ မီးလျှံသားမွှေး ဝံပုလွေဟာ မဟာ ဆရာသခင်တွေနဲ့ ညီမျှတဲ့ တိုက်ခိုက်နိုင်စွမ်းကို ရရှိသွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း အဲသည်အစွမ်းဟာ ကြာရှည်ခံမှာတော့ မဟုတ်ပါဘူး ။ အဲဒါက ခေတ္တခဏသာ အသုံးပြုနိုင်တဲ့ အငှားစွမ်းအားမျိုး ဖြစ်ပါတယ် ။
ကံကောင်းတာ တစ်ခုကတော့ မီးလျှံသားမွှေး ဝံပုလွေဟာ အဲသည် အစွမ်းကို သေသေချာချာ ထိန်းချုပ်နိုင်စွမ်း ရှိမနေတာပါပဲ ။ မဟုတ်လို့ကတော့ ကောင်းဟန်တို့လို မဟာ ဆရာသခင် အဆင့်အောက်က ကျင့်ကြံသူတွေဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ လက်အောက်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်စရာ အကြောင်း မရှိပါဘူး ။
" အခြေအနေ မဟန်တော့ဘူး "
လီဖူချန်းရဲ့ မျက်နှာက လေးနက် တည်ကြည်သွားခဲ့ပါပြီ ။ သူက မီးလျှံသားမွှေး ဝံပုလွေရဲ့ ပြောင်းလဲသွားတဲ့ အခြအနေကို ကောင်းကောင်းကြီး ရိပ်စားမိပါတယ် ။
သူ့ရဲ့ အာရုံခံစားမှုအရ ဆိုရင်တော့ မီးလျှံသားမွှေး ဝံပုလွေရဲ့ တိုက်ခိုက်မှုဟာ ဆရာသခင် မျှော်စင်ရဲ့ စတုတ္ထထပ်က ပုံရိပ်ယောင် ဓားသမား အဆင့်ကို ရောက်ရှိနေပါပြီ ။ မဟုတ်သေးပါဘူး ။ အဲသည်ထက်တောင်မှ ပိုပြီး ပြင်းထန်ကောင်း ပြင်းထန် နိုင်ပါသေးတယ် ။
တကယ့် သေရေးရှင်ရေး အခိုက်အတန့်မှာတော့ လီဖူချန်းဟာ ပညာ လျှိုမထား နိုင်တော့ပါဘူး ။ ဒါက ပညာကုန် ထုတ်သုံးရတော့မယ့် အချိန်အခါပါပဲ ။
" ဓားချီ တော်လှန်မှု "
သူက ကောင်းကင်စက်ကွင်း ဓားသိုင်းကို အလျင်အမြန် ပြောင်းလိုက်ပြီး မီးလျှံသားမွှေး ဝံပုလွေရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ပါတော့တယ် ။ ကောင်းကင်စက်ကွင်း ဓားသိုင်းကတော့ လီဖူချန်း တတ်မြောက်ထားတဲ့ ဓားသိုင်းတွေထဲမှာ ခံစစ် အကောင်းဆုံး ဓားသိုင်းလို့ပဲ ဆိုရပါမယ် ။
ချွင်……ချွင်……ချွင်……
တောက်ပတဲ့ ဓားအလင်းတန်းတွေဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းကို အထပ်ထပ် ရစ်သိုင်းကာ စက်ဝိုင်း ပုံသဏ္ဌာန် ဓားစက်ကွင်းတစ်ခု ဖြစ်ပေါ်စေခဲ့ပါပြီ ။ အဲသည် ဓားစက်ကွင်းက ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်ဘူး ဆိုတဲ့ အငွေ့အသက်ကိုလည်း ပေးစွမ်းနေပါသေးတယ် ။
ဝေါ……ဝေါ……ဝေါ……
မီးတန်းကြီးဟာ အညှာအတာ ကင်းမဲ့စွာနဲ့ပဲ လီဖူချန်း နဲ့ လီဖူချန်းကို ရစ်သိုင်းနေတဲ့ ဓားစက်ကွင်းကို ဝါးမျိုသွားပါတော့တယ် ။
လုဝမ်က လီဖူချန်းကို အကူအညီ ပေးဖို့အတွက် ကိုးနဂါး ဝိညာဉ် ထုတ်ပြီး ကြိုးစားခဲ့ပေမယ့်လည်း သိပ်ပြီးတော့ အလုပ်မဖြစ်ခဲ့ပါဘူး ။ သူမရဲ့ ကိုးနဂါး ဝိညာဉ်က မီးတန်းကြီးရဲ့ စွမ်းအား ၂၀ ရာခိုင်နှုန်းလောက်ကိုသာ ပျက်ပြယ်စေနိုင်စွမ်း ရှိခဲ့ပါတယ် ။
" ဟူး……ငါလည်း သည်လောက်ပဲ တတ်နိုင်တယ် "
သူမရဲ့ ကိုးနဂါး ဝိညာဉ် ပျက်စီးသွားပြီးတဲ့ နောက်မှာတော့ လုဝမ်ဟာ အတော်လေး အားအင် ယုတ်လျော့သွားခဲ့ရပါပြီ ။ အဲသည်အတွက် သူမက မီးတန်းကြီးရဲ့ ဝါးမျိုခြင်းကို ခံနေရတဲ့ လီဖူချန်းကို ငေးကြည့်နေရုံသာ တတ်နိုင်ပါတော့တယ် ။
" အား…… သည်မီးတန်းက အရမ်း အားကောင်းတာပဲ "
လီဖူချန်းရဲ့ ဓားစက်ကွင်းက ဘယ်လောက်မှကို တောင့်မခံ နိုင်ခဲ့ပါဘူး ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ဓားစက်ကွင်းဟာ အက်ကွဲရာ အထပ်ထပ် ပေါ်လာပြီး ပျက်စီးသွားခဲ့ပါတယ် ။ အဲသည်နောက်မှာတော့ ဆက်တိုက်ဆိုသလိုပဲ သူ့ရဲ့ ကြေးဝါ ဓားချီ အကာအကွယ်ဟာလည်း ဖျက်ဆီး ခံလိုက်ရ ပြန်ပါတယ် ။
ဘန်း……
နောက်ဆုံးမှာတော့ မီးလျှံတန်းကြီးရဲ့ စွမ်းအားဟာ ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာဆီကို ကျရောက်လာခဲ့ပြီး ပေါက်ကွဲသံကြီး တစ်ခုကို ထွက်ပေါ်သွားစေခဲ့ပါပြီ ။
ဝေါ့……
လီဖူချန်းက သွေးစိမ်းရှင်ရှင် တစ်လုတ်ကို အန်ထုတ်လိုက်ပြီး လွင့်ထွက်သွားခဲ့ပါတယ် ။ မီးလောင်ဒဏ်ရာတွေကတော့ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ပါပဲ ။
" ဟီး…ဟီး…ဟီး…… မင်းက ငါတကယ် ထွက်ပြေးမယ်လို့ ထင်နေတာလား "
မီးလျှံသားမွှေး ဝံပုလွေက စက်ဆုပ် ရွံရှာဖွယ်ရာ ကောင်းတဲ့ အသံကြီးနဲ့ လီဖူချန်းကို လှမ်းပြီး ပြောလိုက်ပါတယ် ။
အစောပိုင်းတုန်းက လီဖူချန်းကို ကြောက်သလို သူလုပ်ပြခဲ့တဲ့ အမူအယာဟာ သူ့ရဲ့ တကယ့် အစစ်အမှန် ခံစားချက် မဟုတ်ပါဘူး ။ အဲသည်အမူအယာက အစစ်အမှန် တစ်ဝက် ၊ အတုအယောင် တစ်ဝက် ဖြစ်ပါတယ် ။ သူက လီဖူချန်းရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှု နဲ့ မျက်လုံး တိုက်ခိုက်မှုကိုတော့ တကယ်ပဲ စိုးထိတ်မိတာ မှန်ပေမယ့် သူ့ဆီမှာလည်း မျိုးဆက်သွေး လောင်ကျွမ်းခြင်းဆိုတဲ့ ဝှက်ဖဲတစ်ချပ် ရှိနေဆဲပါပဲ ။ အဲသည်အတွက် သူက သနားဖွယ်ရာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလို့ ဆိုရပါမယ် ။
" သည်ကောင်စုတ်လေးကို သတ်ပြီးရင် …… မင်းတို့နှစ်ယောက် အလှည့်ပဲ "
မီးလျှံသားမွှေး ဝံပုလွေက အတော်လေးကို သွေး ဆာလောင်နေတဲ့ ပုံပါပဲ ။ သူက လုဝမ် နဲ့ ကောင်းဟန်ဘက်ကိုပါ လှည့်ပြီး ကြိမ်းဝါး ပြောဆို လိုက်ပါသေးတယ် ။
အမှန်မှာတော့ ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျုးိဆက်သွေးကို လောင်ကျွမ်းစေတယ် ဆိုတာက မီးလျှံသားမွှေး ဝံပုလွေအတွက် ဆုံးရှုံးမှုကြီး တစ်ခုပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို စားသုံးပြီး ပျက်စီးသွားတဲ့ အသက်ဓာတ် စွမ်းအင်တွေကို ပြန်ဖြည့်နိုင်မှ တော်ကာ ကျပါလိမ့်မယ် ။
" လုဝမ် …… မင်း ငါနဲ့ ပူးပေါင်းတာ ပိုကောင်းလိမ့်မယ်နော် ။ မဟုတ်ရင် ငါက ဒဏ်ရာ အရခံပြီး သည်ကောင်ကြီးရဲ့ လက်ထဲကနေ လွတ်အောင် ပြေးလို့ရတယ် ။ ဒါပေမဲ့ မင်းကတော့ ကျိန်းသေပေါက် သေမှာ "
ကောင်းဟန်က လုဝမ်ကို သူနဲ့ ပူးပေါင်းဖို့အတွက် အဖော်ညှိလိုက်ပါတယ် ။
လုဝမ်ကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို သေသေချာချာ မသိတော့ပါဘူး ။ အစောပိုင်းတုန်းကတောင်မှ လီဖူချန်းက မီးလျှံသားမွှေး ဝံပုလွေကို ဖိအား ပေးနေခဲ့တာ မဟုတ်ပါလား ။ ဒါပေမဲ့လည်း အခုချိန်မှာတော့ လီဖူချန်းရဲ့ အခြေအနေဟာ သေမလား ၊ ရှင်မလား မသိနိုင်တဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ ။
အဖြစ်အပျက် အပြောင်းအလဲတွေက သူမ အတွက်တော့ မြန်ဆန်လွန်းလှတယ်လို့ပဲ ဆိုရပါမယ် ။
" ထွီ …… သည်တိုက်ကွက်က အတော်လေး ကြောက်စရာ ကောင်းတာပဲ ။ ဒါပေမဲ့ ငါ့ကို သတ်ဖို့တော့ မဖြစ်နိုင်သေးဘူး "
မိုင်ပေါင်း တော်တော်ဝေးဝေးကို လွင့်ထွက်သွားအပြီးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်ပါပြီ ။ အဲသည်နောက်မှာတော့ သူက သူ့ရဲ့ မည်းတူးချိတ်နေတဲ့ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ကုသရေး လက်စွပ်ကို အသက်သွင်းလိုက် ပါတော့တယ် ။
ချွင်……
ကုသရေး လက်စွပ်ရဲ့ အစွမ်းကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ပါပဲ ။ မြစိမ်းရောင် အလင်းတန်း တစ်ခုက လီဖူချန်းကို လွှမ်းခြုံပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေဟာ တစ်မုဟုတ်ချင်း သက်သာ ပျောက်ကင်း ကုန်ပါတယ် ။ လီဖူချန်းရဲ့ မီးကျွမ်းနေတဲ့ ဘယ်ဘက်လက်ပေါ်က အရေပြားဟာလည်း ကွာကျသွားပြီး နဂိုမူလ အသားအရေ အတိုင်း ပြန်ဖြစ်သွားခဲ့ ပြန်ပါပြီ ။အစောပိုင်းတုန်းက ဒဏ်ရာ အကြီးအကျယ် ရနေတဲ့ လီဖူချန်းကတော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပြီလို့ ဆိုရပါမယ် ။
မီးလျှံသားမွှေး ဝံပုလွေ မှုတ်ထုတ်လိုက်တဲ့ မီးတန်းကြီးဟာ တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်း ထက်လွန်းလှပါတယ် ။တကယ်လို့သာ ကုသရေး လက်စွပ် ရှိမနေလို့ကတော့ လီဖူချန်းရဲ့ အဖြစ်ဟာ မတွေးဝံ့စရာပါပဲ ။သူက သူ့ရဲ့အစွမ်း ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်းထက်ပိုပြီး ထုတ်သုံးနိုင်တော့မှာ မဟုတ်ပါဘူး ။
အမှန်မှာတော့ လီဖူချန်းဟာ သည်နေရာကို မလာခင်ကတည်းက ဖြစ်နိုင်တဲ့ ဘေးအန္တရာယ်တွေကို အဘက်ဘက်ကနေ ဟာကွက်မရှိအောင် တွက်ချက်ထားခဲ့ပါပြီ ။ သူ့အနေနဲ့ သည်လိုနေရာကို ဘာမှ မပြင်ဆင်ဘဲနဲ့ လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာပါပဲ ။
" မဖြစ်နိုင်ဘူး "
မီးလျှံသားမွှေး ဝံပုလွေရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့ပါပြီ ။
သူမှုတ်ထုတ်လိုက်တဲ့ မီးတန်းမှာက ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိုးဆက်သွေးစွမ်းအား ပါဝင်တဲ့အပြင် လောင်ကျွမ်းအားကလည်း နှစ်ဆ ပိုကောင်းပါတယ် ။ အဲသည်အတွက် လီဖူချန်းဟာ မသေရင်တောင်မှ အစွမ်းတွေ အကုန်လုံး ဆုံးရှုံးပြီး သေအံ့ဆဲဆဲ အခြေအနေကို ရောက်နေရမှာပါ ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းက အကောင်းပကတိ ပြန်ဖြစ်နေခဲ့ပါပြီ ။
" လက်စွပ်…… အဲသည်လက်စွပ်က ကုသရေးလက်စွပ် မဟုတ်ဘူးလား "
ကောင်းဟန် နဲ့ လုဝမ်တို့က လီဖူချန်းရဲ့ ဘယ်ဘက်လက်ပေါ်က လက်စွပ်ကို ကောင်းကောင်းကြီး မြင်လိုက်ကြပါတယ် ။ သူတို့ရဲ့ အထင်ဟာ လုံးဝ မှားစရာ အကြောင်း မရှိပါဘူး ။ လီဖူချန်းရဲ့ ဘယ်ဘက်လက်မှာ စွပ်ထားတဲ့ လက်စွပ်ဟာ သေချာပေါက် ရှေးဟောင်းရတနာ ပစ္စည်းဖြစ်တဲ့ ကုသရေး လက်စွပ်ပါပဲ ။
" သွားကြစမ်း "
လီဖူချန်းက ခက်ထန်စွာနဲ့ အမိန့်ပေးလိုက်တဲ့ နောက်မှာတော့ သူ့ရဲ့ နဖူးအလယ် တည့်တည့်ကနေ စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းဟာ ပြိုင်တူ ထွက်ပေါ်လာပြီး မီးလျှံသားမွှေး ဝံပုလွေရဲ့ ဦးခေါင်းခွံထဲကို စိုက်ဝင်သွားခဲ့ပါပြီ ။
ယေဘုယျအားဖြင့် ဆိုရင်တော့ တိုက်ပွဲဝိညာဉ်နယ်ပယ်က ကျင့်ကြံသူတွေဟာ စိတ်ဝိညာဉ် အသိစိတ်ဆူးကို တစ်ကြိမ်မှာ တစ်ချောင်းသာ ပစ်ခတ်နိုင်တာပါ ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ခြွင်းချက်ပါပဲ ။ သူက တစ်ကြိမ်မှာ စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ် နိုင်စွမ်း ရှိပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းက စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းကို လွယ်လွယ်ကူကူနဲ့ ပတ်ခတ်နိုင်တာတော့ မဟုတ်ပါဘူး။ သူက သူ့ရဲ့ စိတ်ဝိညာဉ်ကို မနည်း ဖျစ်ညှစ်ပြီးတော့ ပစ်ခတ်ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံက ဘယ်လောက်ပဲ အစွမ်းထက်တယ် ပြောပြော အဆုံးမှာတော့ လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်သာ ဖြစ်နေသေးတာ မဟုတ်ပါလား။ အဲသည်အတွက် သူဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို မူလပင်လယ်နယ်ပယ် ဘုရင်တွေလောက်ကို ကျင်လည်စွာ အသုံး မချတတ်သေးပါဘူး ။
စိတ်ဝိညာဉ် အသိစိတ်ဆူး တစ်ချောင်းနဲ့တင် မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ဟာ အတော်လေး ထိခိုက်ဒဏ်ရာ ရနေခဲ့ပါပြီ ။ အဲသည်အတွက် စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းကို သူ့အနေနဲ့ ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး။ သူ့ရဲ့ စိတ်နယ်ပယ်ဟာ လီဖူချန်းရဲ့ လက်ချက်ကြောင့် ဗလာကျင်းသွားပါတော့တယ် ။
" ကြယ်ကြွေ "
အဲသည်အချိန်မှာပဲ ကြယ်ကြွေ ဓားကွက်ကို ဖော်ဆောင်ထားတဲ့ မီးလျှံမြွေဓားဟာ လေထုထဲမှာ ရုတ်ချည်း ဖြစ်ပေါ်လာခဲ့ပါပြီ ။ မီးလျှံမြွေဓားရဲ့ ဦးတည်ချက်ကတော့ အစောပိုင်းတုန်းက မီးလျှံသားမွှေး ဝံပုလွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ လီဖူချန်း ထိုးစိုက်ခဲ့တဲ့ နေရာပါပဲ။
ရွှီး……
သည်ဓားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာ အနက်ကတော့ ပထမ အကြိမ်ထက်ကို နှစ်ဆ ရှိတယ်လို့ ဆိုရပါမယ် ။အဲသည်ဓားချက်က မီးလျှံသားမွှေး ဝံပုလွေရဲ့ အဆုတ်ကို တိတိကျကျ ထိုးစိုက်မိသွားတယ် ဆိုရင်လည်း မမှားပါဘူး ။
အူ……ဝူး……ဝူး……ဝူ……
ဗုန်း……
မီးလျှံသားမွှေး ဝံပုလွေဟာ ရှည်လျားစွာ အူပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ မိစ္ဆာသားရဲ ဝိညာဉ်ဟာ သူ့ရဲ့ ကိုယ်ထဲကနေ တိုးထွက်လာပြီး လီဖူချန်းရဲ့ အဝေးကို ထွက်ပြေးဖို့ ပြင်ပါတော့တယ် ။
" သည်လို ပြေးလို့ ရမှာလား "
လီဖူချန်းက မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကို အလွတ်ပေးဖို့အတွက် လုံးဝ စိတ်ကူး မရှိပါဘူး ။
သူက ပထမဆုံး အနေနဲ့ နောက်ထပ် စိတ်ဝိညာဉ် အသိစိတ်ဆူး တစ်ချောင်းကို ပစ်လိုက်ပြီး မိစ္ဆာသားရဲ ဝိညာဉ်ကို ထိန်းချုပ်လိုက်ပါတယ် ။
ရွှမ်း……ရွှမ်း……ရွှမ်း……
အဲသည်နောက်မှာတော့ မျောလွင့်မီးလျှံ ဓားချက်တွေဟာ အဆက်မပြတ် ဖြစ်ပေါ်လာပြီး မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကို လောင်ကျွမ်းသွားစေပါတော့တယ် ။
မိစ္ဆာသားရဲ ဝိညာဉ် အဖြစ်နဲ့တောင် ထွက်ပြေးလို့ မရတော့တဲ့ နောက်မှာတော့ မီးလျှံသားမွှေး ဝံပုလွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားခဲ့ပါပြီ ။
အဲသည်နောက်မှာတော့ သူက ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိူးဆက်သွေးကို ထပ်မံ လောင်ကျွမ်းစေလိုက်ပြီး လီဖူချန်းကို တိုက်ခိုက်ဖို့ ကြိုးစားပြန်ပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းက အမှားတစ်ခုကို နှစ်ကြိမ် ပြန်မလုပ်ပါဘူး ။သူက မီးလျှံသားမွှေး ဝံပုလွေကို တိုက်ခိုက်ခွင့် လုံးဝ မပေးဘဲ စိတ်ဝိညာဉ် အသိစိတ် ဆူးနဲ့ အဆက်မပြတ် တိုက်ခိုက်ပါတယ် ။ တစ်ဖက်မှာလည်း သူက ဓားချက်တွေကို တရစပ် ထုတ်နေပါသေးတယ် ။
ရွှမ်း……ရွှမ်း……ရွှမ်း……
ရွှှီး……ရွှီး……
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ လက်ချက်ကြောင့် မီးလျှံသားမွှေး ဝံပုလွေဟာ အသက် ပျောက်သွားခဲ့ရပါပြီ ။ သည်တစ်ကြိမ်မှာတော့ သူက ပြန်ပြီး မထနိုင်တော့ပါဘူး ။ သူ့ရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကလည်း လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကြောင့် ပျက်စီးနေခဲ့ပါပြီ ။
***