← Chapters

မဟာဆရာသခင် အဆင့်အောက်မှာ နံပါတ်၁

Vol. 40 Ch. 537

မဟာဆရာသခင် အဆင့်အောက်မှာ နံပါတ်၁

Vol. 40 Ch. 537

လီဖူချန်းတစ်ယောက် မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တဲ့ မြင်ကွင်းဟာ လုဝမ် နဲ့ ကောင်းဟန်တို့ နှစ်ယောက်ရဲ့ စိတ်နှလုံးကို အေးခဲသွားစေပါတယ် ။

လီဖူချန်းက  မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ကိုတောင် တိုက်ခိုက်ဖျက်ဆီး နိုင်မှတော့ သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကိုလည်း  ဖျက်ဆီးနိုင်မှာပါပဲ ။ ဒါကိုတော့ ဘယ်လိုမှ သံသယ ဝင်နေစရာ မလိုပါဘူး ။ လူသားတွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က မိစ္ဆာသားရဲ စိတ်ဝိညာဉ်ထက် ပိုပြီး နက်နဲတယ် ဆိုပေမယ့်လည်း အခြေခံ အားဖြင့်မှာတော့ အတူတူပင် မဟုတ်ပါလား ။

သည်အချက်နဲ့တင် လီဖူချန်းကို မဟာ ဆရာသခင်တွေလို ဆက်ဆံသင့်နေပါပြီ ။

သူတို့တွေက မဟာ ဆရာသခင်တွေနဲ့ ယှဉ်ဆိုင်မိရင် ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်သလို လီဖူချန်းနဲ့ ရင်ဆိုင်မိရင်လည်း အလားတူ ဖြစ်နေမှာပါပဲ ။

ယုတ်စွအဆုံး သူတို့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် မဖျက်ဆီးနိုင်ဘူး ဆိုရင်တောင်မှ လီဖူချန်းက  သူတို့ကို ခေတ္တခဏ ငေးငိုင်သွားအောင် လုပ်နိုင်ပါသေးတယ် ။ အဲသည် ခေတ္တခဏ ဆိုတဲ့ အချိန် အတိုင်းအတာက သူတို့ကို သတ်ဖြတ်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပါပြီ ။

ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ် မာကျောကြံ့ခိုင်မှုကလည်း  မီးလျှံသားမွှေး ဝံပုလွေလောက် မရှိပါဘူူး ။

" အစ်ကိုကောင်း…… ကြည့်ရတာတော့ အစ်ကို လောင်းကြေး ရှုံးသွားတဲ့ပုံပဲ ။ သည်ကိစ္စနဲ့ ပက်သက်ပြီးတော့ အစ်ကို နောင်တ မရလောက်ပါဘူးနော် ။ ဟုတ်တယ်မလား "

လုဝမ်က ကောင်းဟန်ကိုကြည့်ပြီး ခပ်ထေ့ထေ့ လှောင်လိုက်ပါတယ် ။

ကောင်းဟန်က မျက်နှာကို အနည်းငယ် ရှုံ့မဲ့လိုက်ပြီး

" ဟမ့်…… အဲဒါက ထောက်ပံ့ရေးရမှတ် တစ်သိန်းနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်လေးပဲကို ။ ငါက ဘာကို နောင်တ ရရမှာလဲ ။ ရော့…… ယူလိုက် "

သူ့အတွက်ကတော့ သည်ပမာဏဟာ ဘာမှ ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး ။ သူက အေးအေးဆေးဆေးပဲ လုဝမ်ကို သိုလှောင်အိတ် တစ်အိတ် ပစ်ပေးလိုက်ပါတယ် ။

" မင်းလိုချင်တာ ရပြီမဟုတ်လား ။ ဒါဆို ငါသွားတော့မယ် "

အဲသည်နောက်မှာတော့ ကောင်းဟန်က ချာခနဲ့လှည့်ပြီး ထွက်သွားခဲ့ပါပြီ ။ ကောင်းဟန်က  အပေါ်ယံ မှာသာ ဘာမှ မဖြစ်သလို နေနေပေမယ့် စိတ်ထဲမှာ အတော်လေး မခံချိ ၊ မခံသာ ဖြစ်နေမယ် ဆိုတာကိုတော့  လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။

ကောင်းဟန် ထွက်သွားပြီးတဲ့ နောက်မှာတော့ လုဝမ်က သူမလက်ထဲက သိုလှောင်အိတ်ကို လီဖူချန်းဆီ ပစ်ပေးလိုက်ပါတယ် ။ သူမက သည်လောင်းကြေးကို လုံးဝ စိတ်မဝင်စားတော့ပါဘူး ။

" မောင်လေးဖူချန်း.…… သည်သိုလှောင်အိတ်ကို ယူထားလိုက် ။ အစ်မက မောင်လေးအပေါ် မှားခဲ့မိတဲ့အတွက် လျော်ကြေးပေးတဲ့ သဘောပေါ့ "

လီချန်းကလည်း သိုလှောင်အိတ်ကို ယူဖို့ စိတ်ကူး မရှိတဲ့ ပုံပါပဲ ။ သူက ချီအတွင်းအားနဲ့  လေထဲမှာ ရှိနေတဲ့ သိုလှောင်အိတ်ကို လုဝမ်ဆီ ပြန်တွန်းပို့လိုက်ပါတယ် ။

" အစ်မတော်လု …… သည်သိုလှောင်အိတ်က အစ်မတော် လောင်းကြေးနိုင်လို့ ရတဲ့ ပစ္စည်းလေ ။ အစ်မတော်ပဲ ယူလိုက်ပါ ။ ကျွန်တော်က ကျွန်တော် မရသင့်တဲ့ ပစ္စည်းတွေကို စိတ်မဝင်စားဘူး "

" ဟုတ်ပြီလေ ။ ဒါဆိုလည်း အစ်မတော်ပဲ ရှေ့မျက်နှာ နောက်ထားပြီး ယူလိုက်ပါတော့မယ် "

လီဖူချန်းက စိတ်မဝင်စားဘူး ပြောနေမှတော့ လုဝမ်အနေနဲ့ ငြင်းမနေတော့ပါဘူး ။ သူမက လီဖူချန်းလို ပါရမီရှင်တွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ် ။ သူတို့တွေက အလွန်အမင်း မာနကြီးသူတွေဖြစ်ပြီး သူတို့ရသင့်တယ်လို့ ယူဆတဲ့ အရာတွေကိုသာ ရယူကြတာပါ ။

သူတို့ မရသင့်ဘူးလို့ ယူဆ ထားရင်တော့ ထောက်ပံ့ရေး ရမှတ် တစ်သိန်း နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် မပြောနဲ့ ။ ထောက်ပံ့ရေးရမှတ် တစ်သန်း နဲ့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကိုတောင် ယူမှာ မဟုတ်ပါဘူး ။

တကယ်လို့ သူတို့တွေက ထောက်ပံ့ရေး ရမှတ် နဲ့ ဝိညာဉ်ကျောက်တုံးတွေ လိုနေရင်တောင်မှ သူတို့ကိုယ်တိုင် ရှာဖွေပြီး ရယူမှာ ဖြစ်ပါတယ် ။

အဲသည်နောက်မှတော့ လီဖူချန်းဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ အမြုတေကို ထုတ်ယူလိုက်ပြီး ခန္ဓာကိုယ် ရုပ်အလောင်းကို ထမ်းကာ သက်တံနီမြို့ဆီ ပျံသန်းသွားခဲ့ပါပြီ ။

လုဝမ်ကလည်း လီဖူချန်းနဲ့အတူ ပျံသန်းလိုက်ပါ လာခဲ့ပါတယ် ။သူမက သည်မီးလျှံသံ တောင်တန်းပေါ်မှာ ကျန်နေခဲ့ဖို့ အကြောင်းအရင်း မရှိပါဘူး ။

" မောင်လေး ဖူချန်း …… အစ်မတို့ သက်တံနီဂိုဏ်းရဲ့ တပည့်တွေထဲမှာဆိုရင် မောင်လေးရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှုက ပထမတန်းစားပဲ ။ အစ်မ ထင်တာ မမှားဘူး ဆိုရင်တော့ မောင်လေးက အဆင့်၁ မဟုတ်ရင်တောင် အဆင့်၂မှာ ရှိတယ် "

လမ်းခရီးမှာတော့ လုဝမ်က သူမရဲ့ အမြင်ကို ပြောလိုက်ပါတယ် ။

လီဖူချန်းက လုဝမ်ဘက်ကို လှည့်လိုက်ပြီး

" နံပါတ်၁ လို့ အခုသတ်မှတ် ခံထားရတဲ့သူက ဘယ်သူလဲ "

လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံက လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့တောင်မှ ယှဉ်လို့ရတဲ့ အဆင့် ရောက်နေပါပြီ ။ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ ထိန်းချုပ်မှုက မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် အားနည်းကောင်း နည်းနိုင်ပေမယ့် စွမ်းအား ထက်မြက်မှု အပိုင်းမှာတော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် လုံးဝ အားနည်းခြင်း မရှိပါဘူး ။

လုဝမ်က ပြုံးလိုက်ပြီး

" အစ်မတို့ သက်တံနီဂိုဏ်းမှာ ဧကရာဇ်အဆင့် တပည့်နှစ်ယောက် ရှိတယ်ဆိုတာကိုတော့ မောင်လေး သိတယ်မလား ။ အဲသည် ဧကရာဇ်အဆင့် တပည့်နှစ်ယောက်ထဲက တစ်ယောက်ကို ပိုင်ချူးမင်လို့ ခေါ်တယ် ။ အစ်ကိုတော် ပိုင်ချူးမင်က မောင်လေးလိုပဲ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု အပိုင်း နဲ့ ပုံရိပ်ယောင် ပညာရပ် အပိုင်းမှာ ထူးချွန်တယ် "

ပိုင်ချူးမင်ကတော့ ကြယ်၈ပွင့် စိတ်ဝိညာဉ်မျက်လုံး အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပြီး တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ကို ရောက်နေခဲ့ပါပြီ ။

" အစ်ကိုတော် ပိုင်ချူးမင်လား "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။

ဧကရာဇ်အဆင့် တပည့်နှစ်ယောက်ဟာ လူမြင်ကွင်းတွေမှာ သိပ်ပြီး ပေါ်လာလေ့ မရှိပါဘူး ။ အဲသည်အတွက် သူတို့နှစ်ယောက်နဲ့ ပက်သက်တဲ့ သတင်းတွေဟာ အတော်လေး ရှားပါးလွန်းလှပါတယ် ။ အဲသည်အတွက် လီဖူချန်းက ပိုင်ချူးမင်ရဲ့ အကြောင်းတွေ ဘာမှ ရေရောရာရာ မသိဘူးလို့ ဆိုရပါမယ် ။

သိပ်မကြာခင်မှာပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ သက်တံနီမြို့ကို ရောက်ရှိလာခဲ့ ကြပါပြီ ။

မီးလျှံသားမွှေး ဝံပုလွေဟာ ထွတ်ခေါင် ဆရာသခင်အဆင့် နဲ့ ညီမျှတဲ့ မိစ္ဆာသားရဲ တစ်ကောင် ဖြစ်တဲ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ကောင်းကင်မီးတောက် ဝံပုလွေရဲ့ မျိူးဆက်သွေး ရှိနေတဲ့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းနဲ့ ရောင်းချလို့ ရခဲ့ပါတယ် ။ လီဖူချန်းကတော့ တကယ်ကို ပွပေါက် တိုးတယ်လို့ပဲ ဆိုရပါမယ် ။

*****------*****---------******--------****------

ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းက တစ်ယောက်တည်းနဲ့ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ပစ်လိုက်တယ် ဆိုတဲ့ သတင်းဟာ သက်တံနီဂိုဏ်း အတွင်းစည်း တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ ။အဲသည်သတင်းက အတွင်းစည်းဂိုဏ်း တစ်ခုလုံးကို ပွက်လောရိုက်သွားစေတယ် ဆိုရင်လည်း မမှားပါဘူး ။

အတွင်းစည်းဂိုဏ်းမှာ ရှိနေတဲ့ တပည့်တိုင်းဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ အစွမ်းထက်ပုံကို ကောင်းကောင်းကြီး သိထားပြီးကြတဲ့ လူတွေပါပဲ ။  မီးလျှံသားမွှေး ဝံပုလွေကို ရင်ဆိုင်ဖို့အတွက် ထွတ်ခေါင်ဆရာသခင် သုံးယောက်ကနေ ငါးယောက်အထိ လိုတယ်ဆိုတာကိုလည်း အားလုံးက သိထားကြပါတယ် ။  ထွတ်ခေါင် ဆရာသခင် သုံးယောက်ကနေ ငါးယောက်အထိ မပါဝင်ဘဲနဲ့တော့ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး ။

အစွမ်းအထက်ဆုံး ထွတ်ခေါင် ဆရာသခင် ငါးယောက်ထဲမှာပါတဲ့ ကောင်းဟန်တောင်မှ မီးလျှံသားမွှေး ဝံပုလွေရဲ့ လက်ချက်ကြောင့် ဒဏ်ရာ အပြင်းအထန်ရပြီး သေပြေး ၊ ရှင်ပြေး ပြေးခဲ့ရတာ မဟုတ်ပါလား ။ အဲသည်အချက်နဲ့တင် မီးလျှံသားမွှေး ဝံပုလွေရဲ့ အစွမ်းဖက်ပုံကို ကောင်းကောင်းကြီး သိနေနိုင်ပါပြီ ။

အခု လီဖူချန်းက တစ်ယောက်တည်းနဲ့ မီးလျှံသားမွှေး ဝံပုလွေကို သတ်ဖြတ်ပစ်လိုက်တယ် ဆိုတော့ အဲဒါက လီဖူချန်းဟာ အစွမ်းအထက်ဆုံး ထွတ်ခေါင် ဆရာသခင် ငါးယောက်ထဲ ပါနေပြီဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။ အချက်အလက်ကျကျ ပြောရမယ် ဆိုရင် လီဖူချန်းက အဆင့်၄ ဒါမှမဟုတ် အဆင့်၅ တောင် မဖြစ်နိုင်ပါဘူး ။ သူက အစွမ်းအထက်ဆုံး ထွတ်ခေါင် ဆရာသခင် ငါးယောက်ထဲမှာတောင် အနည်းဆုံး နံပါတ်၃ ချိတ်လောက်ပါတယ် ။

ဒါပေမဲ့လည်း လူတော်တော်များများကတော့ လီဖူချန်းရဲ့ အစွမ်းဟာ  အစွမ်းအထက်ဆုံး ထွတ်ခေါင် ဆရာသခင် ငါးယောက်ထဲမှာတောင်မှ နံပါတ်၁ ဖြစ်လောက်တယ်လို့ ထင်ကြေး ပေးနေကြပါတယ် ။

အဲသည် ကောလဟာလကိုတော့ ဘယ်သူက ရည်ရွယ်ချက်ရှိရှိ စဖြန့်လိုက်တယ် မသိပါဘူး ။ အခုချိန်မှာတော့ လီဖူချန်းဟာ မဟာဆရာသခင် အဆင့်အောက် နံပါတ်၁ ဆိုပြီး နာမည် ကျော်ကြားနေခဲ့ပါပြီ ။

………

" ဟမ့်…… မဟာဆရာသခင် အဆင့်အောက်မှာ နံပါတ်၁ ဟုတ်လား ။ အဲသည်ကောင်က နည်းနည်းလေးတောင် မရှက်တတ်ဘူးလား "

ဘုရင့်နယ်မြေမှာရှိတဲ့ တောင်ထိပ်တစ်ခုပေါ်မှာတော့ မိန်းမပျိုလေး တစ်ယောက်ဟာ လီဖူချန်းကို ရည်ရွယ်ပြီး ရှုံ့ချ ပြောဆိုလိုက်ပါတယ် ။အဲသည်မိန်းမပျိုရဲ့ ဘေးမှာ ရှိနေသူကတော့ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ပါပဲ ။ ဒါပေမဲ့လည်း အဲသည်လူငယ်ထံကနေ ဖြာထွက်နေတဲ့ ချီအရှိန်အဝါတွေကတော့ လုံးဝ အားနည်းနေခြင်း မရှိပါဘူး ။

" အစ်ကိုကတော့  တစ်ယောက်ယောက်က သည်ကောလဟာလကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတယ်လို့ ထင်တယ် ။ အဲဒါတွေကို  ဂရု စိုက်မနေစမ်းပါနဲ့ ညီမရာ ။ မဟာ ဆရာသခင် အဆင့်အောက် နံပါတ်၁ ဖြစ်လည်း ဘာဖြစ်လဲ ။ အဲဒါက သည်အတိုင်း  ဂုဏ်ပုဒ်တစ်ခု မဟုတ်ဘူးလား ။ မဟာ ဆရာသခင် အဆင့် မရောက်သေးဘဲနဲ့တော့  မဟာဆရာသခင် အဆင့်အောက် နံပါတ် ၁ ဖြစ်ဖြစ် ဒါမှမဟုတ် နံပါတ် ၁၀ဖြစ်ဖြစ် ဘာမှ မထူးပါဘူး "

မိန်းမပျိုလေးကတော့ လူငယ်ရဲ့ စကားကို သိပ်ပြီး ကျေနပ်ပုံ မရပါဘူး ။ ဒါပေမဲ့လည်း သူမက လူငယ်ရဲ့ စကားကို လက်ခံလိုက်ပါတယ် ။

" အစ်ကိုဝမ် …… အစ်ကိုဝမ်ရဲ့ လက်ရှိအစွမ်းက မဟာ ဆရာသခင်တွေနဲ့ ယှဉ်ရင်တောင် မသိမသာလေး နိမ့်ကျနေတာ ။ နောက်ထပ် နှစ်ဝက်လောက်ဆိုရင် အစ်ကိုဝမ်က ကျိန်းသေပေါက် မဟာဆရာသခင် ဖြစ်မယ်လို့ ညီမ ယုံတယ် "

ပိန်ပိန်ပါးပါး လူငယ်က ခေါင်းခါလိုက်ပြီး

" အစ်ကို့ရဲ့ ပညာရပ်တွေ အကုန်လုံးက အဆုံးစွန်ကို ရောက်နေပြီ ။အစ်ကို့အနေနဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ်မှာ ဆက်ပြီး တိုးတက်စရာ မရှိတော့ဘူး ထင်ပါရဲ့ ။အစ်ကိုကတော့ မဟာ ဆရာသခင် မဖြစ်နိုင်တော့ဘူးလို့ပဲ ထင်တယ် ။ အစ်ကိုနဲ့ မဟာဆရာသခင်တွေ ကြားမှာ ရှိတဲ့ ကွာဟချက်က ညီမ ထင်သလောက် မနည်းဘူး ။ ဂိုဏ်းတူအစ်ကိုလေ့ နဲ့ တခြားသူတွေက သူတို့ရဲ့ နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလာရင် အစ်ကိုက တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး "

အစွမ်းအထက်ဆုံး ထွတ်ခေါင် ဆရာသခင် ငါးယောက်ထဲက နံပါတ်၁ ဖြစ်တဲ့ ဝမ်ကောင်းချောင်ဟာ သူနဲ့ မဟာ ဆရာသခင်တွေကြားထဲက ကွာဟချက်ကို ကောင်းကောင်းကြီး သိထားသူ ဖြစ်ပါတယ် ။

သူ့အနေနဲ့ သည်အတိုင်း သာမန် စွမ်းရည်ချင်း ယှဉ်မယ်ဆိုရင်တော့ မဟာဆရာသခင် သုံးယောက်ကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်လောက်ပေမယ့်  နတ်ဘုရား စွမ်းရည်တွေ ပါလာရင်တော့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။

" ဟေး …… အစ်ကိုဝမ် …… ဂိုဏ်းတူအစ်ကို လေ့နဲ့ တခြား တိုက်ရိုက်တပည့် နှစ်ယောက်က ရူးလောက်အောင် အစွမ်းထက်တဲ့ အရိုးတည်ဆောက်ပုံတွေကို ပိုင်ဆိုင်ထားတာလေ ။ ဧကရာဇ်အဆင့် တပည့်နှစ်ယောက်ကလွဲပြီး သူတို့ကို ဘယ်သူတွေက ယှဉ်နိုင်လို့လဲ ။ အဲလောက်ကြီး စိတ်ဓာတ် ကျမနေစမ်းပါနဲ့ "

မိန်းမပျိုလေးက ပိန်ပိန်ပါးပါး လူငယ်ကို  အားပေး နှစ်သိမ့် လိုက်ပါတယ် ။ သူမကလည်း ထွတ်ခေါင် ဆရာသခင် တစ်ပါး ဖြစ်တဲ့အတွက် တိုက်ရိုက်တပည့် သုံးယောက်ရဲ့ ကြောက်စရာ ကောင်းပုံတွေကို ကောင်းကောင်းကြီး သိထားပြီးသားပါပဲ ။

တိုက်ရိုက်တပည့် သုံးယောက်ထဲမှာ ဆိုရင် ယွန်လုံက ကြယ်၇ပွင့် အာရဟတ် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းသူအဖြစ် ကျော်ကြားပါတယ် ။ အနီးကပ် တိုက်ခိုက်မှုမှာ ဆိုရင်တော့ ယွန်လုံကို အခုချိန်အထိ ဘယ်သူမှ အနိုင်မယူနိုင်သေးပါဘူး ။

လေ့တုံးဟိုင်ကတော့ ကြယ်၇ပွင့် မိုးကြိုးတူ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး အဲဒါက သူ့ရဲ့ တိုက်ခိုက်မှုကို ပြိုင်ဘက်ကင်းစေပါတယ် ။

ကုချူးယီကတော့ ကြယ်၇ပွင့် တောက်ပမှု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး အဲဒါက သူမကို သူမတူတဲ့ လျင်မြန်မှုကို ပေးစွမ်းပါတယ် ။

အခု ဝမ်ကောင်းချောင်နဲ့အတူ ရှိနေတဲ့ မိန်းမပျိုလေးဟာ တစ်ခါက ကုချူးယီ တိုက်ခိုက်တာကို မြင်ခဲ့ဖူးပါတယ် ။ ဒါပေမဲ့လည်း သူမက ကုချူးယီရဲ့ တိုက်ခိုက်ပုံကို ဘယ်လိုမှ ကြည့်မြင်နိုင်ခြင်း မရှိခဲ့ပါဘူး ။

ပိန်ပိန်ပါးပါး လူငယ်က အဝေးကိုကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ခပ်ဖြည်းဖြည်း ဆိုလိုက်ပါတယ် ။

" အစ်ကိုက  ဂိုဏ်းတူအစ်ကိုလေ့နဲ့ တခြားသူတွေကို နိုင်ချင်တယ်ဆိုရင် ကောင်းကင်အဆင့် သိုင်းပညာရပ်တစ်ခုကို လေ့ကျင့်နိုင်မှ ရလိမ့်မယ် ။ ဒါပေမဲ့လည်း အခု အစ်ကို့မှာ ကောင်းကင်အဆင့် သိုင်းပညာရပ်ကို ရယူဖို့ ထောက်ပံ့ရေးရမှတ် မရှိသေးဘူူး ။ နောင်တစ်ချိန်တော့ ရလာမယ် ထင်ပါရဲ့ "

နံပါတ်၁ ထွတ်ခေါင်ဆရာသခင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝမ်ကောင်းချောင်ဟာ လူညံ့တစ်ဦး မဟုတ်ပါဘူး ။ သူဟာ တိုက်ရိုက်တပည့် သုံးယောက်ကို အနိုင်ယူဖို့အတွက် အမြဲလိုလို အခွင့်အလမ်း ရှာကြံနေသူ ဖြစ်ပါတယ် ။

………

မီးလျှံသားမွှေး ဝံပုလွေ တာဝန်ကို ထမ်းဆောင်အပြီးမှာတော့ လီဖူချန်းရဲ့ နာမည်ကျော်ကြားမှုဟာ အဆင့်တစ်ဆင့်အထိ ရောက်လာခဲ့ပါပြီ ။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက တိုကိရိုက်တပည့် သုံးယောက်ထက် နိမ့်ကျနေသေးတယ် ဆိုပေမယ့်လည်း နံပါတ်၁ ထွတ်ခေါင် ဆရာသခင် ဝမ်ကောင်းချောင်ထက်တော့ လုံးဝ နိမ့်ကျခြင်း မရှိတော့ပါဘူး ။

တစ်ချိန်တည်းမှာပဲ အတွင်းစည်း ဂိုဏ်းမှာရှိတဲ့ လူတိုင်းဟာ လီဖူချန်းရဲ့ အသက်အကြောင်းကို ဆွေးနွေးနေကြပါသေးတယ် ။

လီဖူချန်းက အခုမှ အသက်၃၀သာ ရှိသေးတာပါ ။ ဒါပေမဲ့လည်း သူက အတော်လေး အစွမ်း ထက်နေခဲ့ပါပြီ ။ သက်တံနီဂိုဏ်းတစ်ခုလုံးမှာတောင်မှ လီဖူချန်းနဲ့ နှိုင်းယှဉ်ဖို့ရာဟာ ဧကရာဇ် အဆင့် တပည့် နှစ်ယောက်သာ ရှိတော့တယ်လို့ ဆိုရပါတော့မယ် ။

ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာတော့ နာမည်ဂုဏ်သတင်း ကျော်ကြားခြင်းဟာ မလိုလားအပ်တဲ့ ပြသနာတွေကို သယ်ဆောင်လာတတ်ပါတယ် ။

မဟာဆရာသခင် အဆင့်အောက် နံပါတ်၁ ဆိုတဲ့ ကောလဟာလနဲ့  ပက်သက်ပြီး  နံပါတ်၁ ထွတ်ခေါင် ဆရာသခင် ဝမ်ကောင်းချောင်က စိတ်ထဲ မထားပေမယ့်လည်း နံပါတ်၂ ထွတ်ခေါင်ဆရာသခင် ဟိုတိုင်ချန်းကတော့ ဝမ်ကောင်းချောင်လို  မနေနိုင်ပါဘူး ။ အဲသည်အတွက် သူက လီဖူချန်းကို စိမ်ခေါ်စာ တစ်စောင်ရေးပြီး ပို့လိုက်ပါတော့တယ် ။

မျောလွင့်ဖုန်မှုန့်တောင် အပြင်ဘက် တစ်နေရာ………

" ညီလေး ဖူချန်း…… ညီလေးအတွက် စိမ်ခေါ်စာ တစ်စောင် ပါလာတယ် ။ ဂိုဏ်းတူအစ်ကို ဟိုတိုင်ချန်းက ညီလေးကို စိမ်ခေါ်စာ ပို့လိုက်တာပဲ ။ မနက်ဖြန်ကျရင် ဘုရင့်နယ်မြေက သိုင်းစင်မြင့်ကို လာခဲ့ပါတဲ့ "

တစ်နေ့မှာတော့ အတွင်းစည်းတပည့် တစ်ယောက်ဟာ လီဖူချန်းရှိရာ မျောလွင့်ဖုန်မှုန့်တောင်ကို ရောက်လာပြီး ဟိုတိုင်ချန်းရဲ့ စိမ်ခေါ်စာကို လာရောက် အကြောင်းကြားခဲ့ပါတယ် ။

" အိုး…… ဂိုဏ်းတူအစ်ကို ဟိုတိုင်ချန်းက ကျွန်တော့်ကို စိမ်ခေါ်လိုက်တာလား ။ ရတယ်လေ …… လက်ခံရမှာပေါ့ "

လီဖူချန်းကလည်း တိုက်ခိုက်ဖို့ဆိုရင် အမြဲတစေ တက်ကြွနေတဲ့ သူပါပဲ ။ အဲသည်အတွက် သူက ဟိုတိုင်ချန်းရဲ့ စိမ်ခေါ်မှုကို မငြင်းပါဘူး "

" ဟုတ်ပြီလေ ။ ဒါဆိုရင် အစ်ကိုပဲ ပြန်ပြီး အကြောင်းပြန်ပေးလိုက်မယ် "

လီဖူချန်းဆီက စိမ်ခေါ်မှုကို လက်ခံကြောင်း အဖြေ ရပြီးတဲ့ နောက်မှာတော့ အတွင်းစည်း ဂိုဏ်းသားဟာ ပြန်ပြီး ထွက်ခွာသွားခဲ့ပါပြီ ။

" ငါက ငါ့ရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှု နဲ့ ပုံရိပ်ယောင် ပညာရပ်ကို  ထွတ်ခေါင် ဆရာသခင်တွေဆီမှာ စမ်းချင်နေတာနဲ့ ကွက်တိပဲ ။  ကံကောင်းလိုက်တာကွာ "

လီဖူချန်းကတော့ ဟိုတိုင်ချန်းရဲ့ စိန်ခေါ်မှုကို ရလိုက်တဲ့အတွက် အပျော်ကြီး ပျော်နေခဲ့ပြီလို့ ဆိုရပါမယ် ။ ဒါက သူ့အတွက် အခွင့်အရးကြီး တစ်ခုပင် မဟုတ်ပါလား ။

***

All Chapters