ဟိုတိုင်ချန်းနဲ့ တိုက်ခိုက်ခြင်း
Vol. 40 Ch. 538
နောက်တစ်နေ့ ဘုရင့်နယ်မြေ သိုင်းစင်မြင့်……
သည်နေရာကိုတော့ ဘုရင်အဆင့် တပည့်တွေအပြင် အခြား အတွင်းစည်း တပည့် အများအပြားလည်း ရောက်ရှိနေခဲ့ကြပါပြီ ။ သူတို့တွေက လီဖူချန်း နဲ့ ဟိုတိုင်ချွန်းတို့ရဲ့ တိုက်ပွဲကို အတော်လေး စိတ်ဝင်စားနေကြတဲ့ ပုံပါပဲ ။
" ထွတ်ခေါင် ဆရာသခင်တွေ ကြားထဲက တိုက်ပွဲဆိုတာက နှစ်တွေ အများကြီး ကြာရင်တောင် တစ်ပွဲ မြင်ရလေ့ မရှိဘူး ။ သည်တိုက်ပွဲကတော့ နံပါတ်၂ ထွတ်ခေါင်ဆရာသခင် အစ်ကို ဟိုတိုင်ချန်းနဲ့ အစ်ကို လီဖူချန်းရဲ့ တိုက်ပွဲဆိုတော့ လာကြည့်ရတာ ပိုပြီး တန်သွားပြီဟေ့ "
" မှန်တယ် ။ ငါတို့ သက်တံနီ ဂိုဏ်းမှာက ထွတ်ခေါင် ဆရာသခင် ၂၀ကျော်ပဲ ရှိတာ ။ အဲသည် ထွတ်ခေါင် ဆရာသခင်တွေ အားလုံးကလည်း တိုက်ပွဲဝိညာဉ်နယ်ပယ်ရဲ့ ထိပ်ဆုံးကို တက်လှမ်းတော့မယ့် သူတွေချည်းပဲ ။ ထွတ်ခေါင်ဆရာသခင် နှစ်ယောက်ကြားက တိုက်ပွဲက သေချာပေါက် ကြည့်ကောင်းမှာ အသေအချာပဲ ။ ပြီးတော့ ငါတို့အနေနဲ့ သည်တိုက်ပွဲကနေပြီး ပညာယူလို့ ရနိုင်သေးတယ် "
တိုက်ပွဲ မစခင်မှာတင် ပွဲကြည့်ပရိသတ်တွေကတော့ အကြီးအကျယ် ဆွေးနွေးနေကြပါပြီ ။အဲဒါက သိုင်းစင်မြင့်ကို ပိုပြီး သက်ဝင်လှုပ်ရှား သွားစေပါတယ် ။
" သူက အဲသည်အဆင့်တောင် ရောက်နေပြီလား "
အထက်ပါ စကားကို ဆိုလိုက်သူကတော့ မုယုံရှန်းရှင်းပါပဲ ။ သူ့ရဲ့ မျက်နှာကတော့ သိပ်ပြီး မကောင်းလှပါဘူး ။
သူ့ရဲ့ တိုးတက်မှုနှုန်းက အတော်လေး မြန်တယ်လို့ ဆိုမယ်ဆိုရင် ဆိုလို့ရတဲ့ အနေအထား ဖြစ်ပါတယ် ။ သူက သက်တံနီဂိုဏ်းကို ဝင်လာခဲ့တဲ့ သုံးနှစ်အတွင်းမှာပဲ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၂ ရောက်အောင် လေ့ကျင့်နိုင်ခဲ့သူပါ ။ပြီးတော့ သူက လက်ရွေးစင် ဆရာသခင် အဆင့်ကိုလည်း ရောက်ရှိနေခဲ့ပါပြီ ။
ဒါပေမဲ့လည်း လီဖူချန်းနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ တိုးတက်မှုနှုန်းဟာ ဘာမှ မပြောပလောက်တော့ဘူးလို့ ဆိုရပါမယ် ။ လီဖူချန်းက ထွတ်ခေါင် ဆရာသခင်တွေထဲမှာတောင်မှ အစွမ်းအထက်ဆုံးလို့ ဆိုရမယ့်သူတွေထဲ ပါနေပြီ မဟုတ်ပါလား ။
လီဖူချန်းနဲ့အတူ သက်တံနီဂိုဏ်းကို တစ်ချိန်တည်းဝင်လာတဲ့ အခြားသော ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ မျက်နှာတွေကလည်း သိပ်ပြီး မကောင်းလှပါဘူး ။ တကယ်လို့ လီဖူချန်းသာ ပေါ်မလာဘူးဆိုရင်ဖြင့် သူတို့ဟာ လူငယ်မျိုးဆက်သစ် တပည့်တွေထဲမှာ အတောက်ပဆုံး ကြယ်ပွင့်တွေ ဖြစ်နေကြမှာ အသေအချာပါပဲ ။ဒါပေမဲ့လည်း အခုတော့ သူတို့အားလုံးဟာ လီဖူချန်းရဲ့ ထင်ရှားကျော်စောမှုတွေအောက်မှာ မှေးမှိန် ပျောက်ကွယ် သွားခဲ့ရပါပြီ ။ တကယ်လို့သာ ဒါက ဝတ္တုဇာတ်လမ်း တစ်ပုဒ် ဖြစ်မယ်ဆိုရင် လီဖူချန်းက ဇာတ်ဆောင် မင်းသားဖြစ်မယ်ဆိုတာ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ သူတို့အားလုံးကတော့ သည်ဇာတ်လမ်းမှာ ဇာတ်ပို့သာသာပဲ ဖြစ်ပါတယ် ။
" ဟေ့……ဟေ့…… ဟိုဘက်ကို အမြန် ကြည့်လိုက်ကြ ။ ဂိုဏ်းတူအစ်ကို လေ့တုံးဟိုင်လည်း သည်ကို ရောက်လာပြီဟ ။ ကြည့်ရတာ အစ်ကို လေ့တုံးဟိုင်ကလည်း သည်တိုက်ပွဲကို စိတ်ဝင်စားနေပုံပဲ "
ဘယ်သူက စသတိပြုမိပြီး အော်လိုက်တယ် မသိပါဘူး ။ လူငယ်တွေအားလုံး ကြည့်မိလိုက်တဲ့ အခါမှာတော့ လေ့တုံဟိုင်ဟာ အမှန်တကယ်ပဲ သိုင်းစင်မြင့် ကွင်းပြင်ကို ရောက်ရှိနေခဲ့ပါပြီ ။ လေ့တုံဟိုင်ကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်ဟန် မတူဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ သိုင်းစင်မြင့်ကွင်းပြင် ထောင့်တစ်နေရာမှာ အေးအးလူလူ ရပ်နေပါတယ် ။ သူ့ရဲ့ ဘေးပတ်ဝန်းကျင် အနီးအနားမှာတော့ မိုးကြိုးချီ အငွေ့အသက်တွေ အပြည့်ပါပဲ ။
လူတွေအားလုံးက လေ့တုံးဟိုင် ရောက်လာတဲ့အတွက် အံ့သြမဆုံး ဖြစ်နေစဉ်မှာပဲ နောက်ထပ် ပါးစပ်အဟောင်းသား ဖြစ်စရာ ကိစ္စရပ် တစ်ခုက ဖြစ်ပေါ်လာခဲ့ ပြန်ပါတယ် ။ အဲဒါကတော့ လေ့တုံးဟိုင် ဘေးနားမှာ ပေါ်လာတဲ့ အနက်ရောင် ဝတ်စုံဝတ် မိန်းမပျိုလေးကြောင့်လို့ပဲ ဆိုရပါမယ် ။ သူမကတော့ ရွှေရောင် အလင်းတန်းတွေနဲ့အတူ လေ့တုံးဟိုင်ရဲ့ ဘေးမှာ ပေါ်လာခဲ့တာပါ ။
" ဟေ့……ဟေ့ကောင်တွေ …… အဲဒါက ဂိုဏ်းတူအစ်မ ကုချူးယီ မဟုတ်ဘူးလား "
" ဟုတ်……ဟုတ်တယ်ဟ ။ အဲဒါ ဂိုဏ်းတူအစ်မ ကုချူးယီပဲ "
သက်တံနီ ဂိုဏ်းမှာတော့ ကုချူးယီရဲ့ တည်ရှိမှုက ယွန်လုံ နဲ့ လေ့တုံးဟိုင်ထက် ပိုပြီး လျှို့ဝှက်နက်နဲပါတယ် ။ သက်တံနီဂိုဏ်း တစ်ခုလုံးမှာတောင်မှ ကုချူးယီနဲ့ စကားစမြည် ပြောဖူးတဲ့ တပည့်ဟာ လက်ငါးချောင်း မပြည့်ပါဘူး ။
သက်တံနီဂိုဏ်းရဲ့ ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက် ။
ယွန်လုံက အနီးကပ် တိုက်ခိုက်မှု ၊ လေ့တုံးဟိုင်က တိုက်ခိုက်မှု ပြင်းအား ၊ ကုချူးယီက လျင်မြန်သွက်လက်မှု အစရှိသဖြင့် သူတို့သုံးယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက်မှာ ပြိုင်ဘက်ကင်း ထူးချွန်တာ ဖြစ်ပါတယ် ။ ဧကရာဇ်အဆင့် တပည့်နှစ်ယောက်တောင်မှ တိုက်ရိုက်တပည့် သုံးယောက် ထူးချွန်တဲ့ နယ်ပယ်တွေမှာ သူတို့ကို မယှဉ်နိုင်ပါဘူး ။
အဲသည်အတွက် ဘုရင်အဆင့် တိုက်ရိုက်တပည့် သုံးယောက်ရဲ့ တည်ရှိမှုဟာ အခြားသော တပည့်တွေအတွက်တော့ ဒဏ္ဍာရီ တစ်ခုလိုပါပဲ ။ ဒါပေမဲ့လည်း သည်နေ့မှာတော့ အဲသည် ဒဏ္ဍာရီ ဆန်တဲ့ တိုက်ရိုက်တပည့် သုံးယောက်ထဲက နှစ်ယောက်ဟာ ဘုရင့်နယ်မြေ သိုင်းစင်မြင့်မှာ ပေါ်လာခဲ့ပါပြီ ။ တကယ်လို့သာ သည်မြင်ကွင်းကို သူတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ခြင်း မရှိဘဲ တစ်စုံတစ်ယောက်က ကုချူးယီ နဲ့ လေ့တုံးဟိုင် သိုင်းပြိုင်ပွဲ လာကြည့်တယ်လို့ လာပြောပြလို့ကတော့ သူတို့ဟာ လုံးဝ ယုံမှာ မဟုတ်ပါဘူး ။အကြောင်းအရင်းကတော့ တိုက်ရိုက်တပည့်တွေဟာ ထွတ်ခေါင် ဆရာသခင်တွေရဲ့ တိုက်ပွဲကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့လို့ပါပဲ ။
"အစ်ကိုလေ့ …… ဂိုဏ်းတူမောင်လေး ဖူချန်းက အသုံးဝင်လိမ့်မယ်လို့ အစ်ကို့အနေနဲ့ တကယ်ကြီး ယုံနေတာလား "
အစောပိုင်းတုန်းက ဆွေးနွေးမှုတွေနဲ့ ဆူညံပွက်လော ရိုက်နေတဲ့ သိုင်းစင်မြင့် ကွင်းပြင်ကတော့ တိတ်ခနဲ ငြိမ်သက်သွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ စမ်းရေစီးသံလို သာယာတဲ့ ကုချူးယီရဲ့ အသံက အားလုံးရဲ့ စိတ်ဝင်စားမှုကို ဆွဲငင်သိမ်းယူ သွားလို့ပါပဲ ။
လေ့တုံးဟိုင် မဲ့ပြုံး တစ်ချက် ပြုံးလိုက်ပြီး ကုချူးယီရဲ့ မေးခွန်းကို ပြန်ဖြေလိုက်ပါတယ် ။
" ပုံရိပ်ယောင် ပညာရပ်မှာတော့ ပိုင်ချူးမင်က သေချာပေါက် အကြွင်းမဲ့ နံပါတ်၁ပဲ ။ ဒါပေမဲ့ ငါတို့က ပိုင်ချူးမင်းကို အကူအညီ သွားတောင်းမယ် ဆိုရင် ငါတို့အတွက် ဘာမှကျန်မှာ မဟုတ်ဘူး ။ သူက ငါတို့ရမယ့် အကျိုးအမြတ်တွေ အကုန်လုံးကို ယူသွားမှာ ။ ပြီးတော့ သည်ကိစ္စထဲမှာ ပိုင်ချူးမင် ဝင်ပါလာပြီဆိုရင် အရမ်း လွယ်သွားမှာ အသေအချာပဲ ။ အဲဒါဆိုရင် အရမ်း ပျင်းစရာ ကောင်းသွားလိမ့်မယ် ။ ငါကြားထားတဲ့ သတင်းအတိုင်း ဆိုရင်တော့ ညီလေးဖူချန်းက ပုံရိပ်ယောင် ပညာရပ်ပိုင်းမှာပဲ ပိုင်ချုးမင်ထက် နိမ့်ကျတာ ။ သူက စိတ်ဝိညာဉ် တိုက်ခိုက်မှု အပိုင်းမှာတော့ ပိုင်ချူးမင်ကို ယှဉ်နိုင်တယ် ။ တကယ်လို့သာ သူက ငါတို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင် မီးမိစ္ဆာကို အနိုင်ယူဖို့ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး "
လေ့တုံးဟိုင်က သိပ်မကြာခင်ကပဲ ကြေးနီ ကုန်းမြေတိုက်ပေါ်မှာ ကောင်းကင်အဆင့် ဆေးပင်ဖြစ်တဲ့ ကြယ်မီးတောက် ဆေးပင်ကို ရှာဖွေတွေ့ရှိ ထားခဲ့တာပါ ။ ဒါပေမဲ့ ပြသနာက အဲသည် ကြယ်မီးတောက် ဆေးပင်ကို မဟာဆရာသခင် အဆင့်ရှိတဲ့ မီးမိစ္ဆာတစ်ကောင်က စောင့်ကြပ်နေတာပါပဲ ။ လေ့တုံးဟိုင်က ကုချူးယီကို အကူအညီတောင်းပြီး အဲသည် မီးမိစ္ဆာနဲ့ သွားတိုက်ခိုက်ခဲ့ ပြီးပါပြီ ။ သူတို့နှစ်ယောက်ဟာ မီးမိစ္ဆာကို အနိုင်မယူနိုင်ခဲ့ပါဘူး ။ သူတို့နှစ်ယောက်နဲ့ မီးမိစ္ဆာဟာ လက်ရည်တူနေပါတယ် ။
မူလပထမတုန်းကတော့ သူတို့နှစ်ယောက်ဟာ မီးမိစ္ဆာကို အနိုင်ယူဖို့အတွက် ယွန်လုံကို အကူအညီတောင်းမယ်လို့ စဉ်းစားထားခဲ့တာပါ ။ ဒါပေမဲ့လည်း ယွန်လုံက ဂိုဏ်းတော်မှာ ရှိမနေခဲ့ပါဘူး ။ အဲသည်အတွက်ကြောင့်ပဲ လေ့တုံးဟိုင်က လီဖူချန်းကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ် ။
ဒါပေမဲ့လည်း သူက အခြေအနေကို တစ်ချက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
တကယ်လို့သာ လီဖူချန်းက ဟိုတိုင်ချန်းကို အနိုင် မယူနိုင်ဘူး ဆိုရင်တော့ သူ့အနေနဲ့ လီဖူချန်းကို အကူအညီ တောင်းတော့မှာ မဟုတ်ပါဘူူး ။ ဘာဖြစ်လို့လဲ ဆိုတော့ မဟာ ဆရာသခင် အဆင့် မိစ္ဆာတစ်ကောင်ရဲ့ မိစ္ဆာ္တ စိတ်ဝိညာဉ်က ထွတ်ခေါင် ဆရာသခင် တစ်ယောက်ထက်ကို အများကြီး ပိုပြီး အစွမ်းထက်လို့ပါပဲ ။ လီဖူချန်းက ဟိုတိုင်ချန်းကိုတောင် အနိုင်မယူနိုင်မှတော့ မီးမိစ္ဆာကို ရင်ဆိုင်ဖို့အတွက် ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။အဲသည်အတွက် အကူအညီ မတောင်းတာကပဲ ပိုကောင်းပါလိမ့်မယ် ။
" အင်း…… ညီမလည်း အစ်ကို ပိုင်ချူးမင်ရဲ့ ပုံရိပ်ယောင် ပညာရပ် အကြောင်းကို ကောင်းကောင်းကြီး သိပါတယ် ။ သူပါလာရင်တော့ မီးမိစ္ဆာကို ကျိန်းသေပေါက် သတ်ဖြတ်နိုင်မှာ အသေအချာပဲ ။ ဒါပေမဲ့ ညီမတို့က သူ့ကို အကူအညီ သွားတောင်းရင် ဘာဝေစု အကျိုးအမြတ်မှ ရတော့မှာ မဟုတ်ဘူး ။ အစ်ကို့အကြံအတိုင်း လီဖူချန်းကို စောင့်ကြည့်တာပဲ ပိုကောင်းပါတယ် "
ကုချူးယီက ယွန်လုံပြောတာကို မငြင်းပါဘူး ။
ပိုင်ချူးမင်ရဲ့ အစွမ်းက သူမလို မဟာဆရာသခင် တစ်ပါးကိုတောင်မှ ဒွိဟ ဖြစ်စေပါတယ် ။ တကယ်လို့ သူ့အထင်သာ မမှားဘူး ဆိုရင်တော့ ပိုင်ချူးမင်ဟာ အုပ်စိုးသူ ဆရာသခင် အဆင့်ကိုတောင် ရောက်နေလောက်ပါပြီ ။
" ဟေ့…… ဟိုဘက်ကို ကြည့်လိုက်စမ်း ။အဲဒါ အစ်ကို ဟိုတိုင်ချန်း မဟုတ်လား"
သူတို့နှစ်ယောက် စကားကောင်းနေစဉ်မှာပဲ ဟိုတိုင်ချန်းဟာ သိုင်းစင်မြင့် ကွင်းပြင်ကို ရောက်လာခဲ့ပါတယ် ။
ဟိုတိုင်ချန်းက ခေတဲ့သူ တစ်ဦးတော့ မဟုတ်ပါဘူး ။ သူက ကြယ်၇ပွင့် နေဝန်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။ နေဝန်း အရိုးတည်ဆောက်ပုံ ဆိုတာကတော့ မီးလျှံ အရိုးတည်ဆောက်ပုံကနေ ခွဲထွက်လာတဲ့ အရိုးတည်ဆောက်ပုံတစ်ခုပါပဲ ။ အဲဒါက ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံလည်း ဖြစ်ပါတယ် ။
ထွတ်ခေါင်ဆရာသခင်တွေထဲမှာ ဆိုရင်တော့ ဟိုတိုင်ချန်းဟာ မဟာ ဆရာသခင် အဆင့်ကို တက်လှမ်းဖို့အတွက် အကောင်းဆုံး အခွင့်အရေး ရှိသူလို့ ဆိုရပါမယ် ။
ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ စာရင်းထဲမှာတော့ နေဝန်း အရိုးတည်ဆောက်ပုံဟာ အဆင့်အမြင့်ဆုံး အရိုးတည်ဆောက်ပုံထဲမှာ ပါဝင်ပြီး တောက်ပမှု အရိုးတည်ဆောက်ပုံနဲ့ ယှဉ်မယ်ဆိုရင်တောင်မှ နိမ့်ကျခြင်း မရှိပါဘူး ။
ကြယ်၇ပွင့် နေဝန်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ဟိုတိုင်ချန်းတစ်ယောက် သိုင်းစင်မြင့် ကွင်းပြင်ထဲကို ရောက်လာတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင် လေထုတစ်ခုလုံးဟာ အိုက်စပ်စပ် ဖြစ်သွားခဲ့ပါပြီ ။
" ဟင်…… သူတို့နှစ်ယောက်က သည်ကို ဘာလာလုပ်တာလဲ"
လေ့တုံးဟိုင် နဲ့ ကုချူးယီကို မြင်အတွေ့မှာတော့ ဟိုတိုင်ချန်းရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားပါတော့တယ် ။
" ဂိုဏ်းတူအစ်ကို လီဖူချန်းလည်း ရောက်လာပြီဟေ့ "
ဟိုတိုင်ချန်း နဲ့ မရှေးမနှောင်းမှာပဲ လီဖူချန်းဟာလည်း သိုင်းစင်မြင့် တည်ရှိနေရာကို ရောက်လာခဲ့ပါပြီ ။
သက်တံနီ ဂိုဏ်းမှာက တပည့်တွေရဲ့ ဝါစဉ်ကို အစွမ်းနဲ့ပဲ သတ်မှတ်တာပါ ။ တပည့်တစ်ယောက်က အသက်အရွယ်ပိုင်းမှာ ငယ်ရွယ်နေရင်တောင်မှပဲ အစွမ်းအရာမှာ အလွန်အမင်း ထက်မြက်နေမယ်ဆိုရင် ဂိုဏ်းတူအစ်ကို ဒါမှမဟုတ် ဂိုဏ်းတူအစ်မအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ် ။
လီဖူချန်းရဲ့ လက်ရှိ အစွမ်းက ဂိုဏ်းတူအစ်ကိုအဖြစ် အခေါ်ခံ ထိုက်နေပါပြီ ။
လုဝမ်ကလည်း လီဖူချန်းနဲ့အတူ လိုက်လာခဲ့ပါတယ် ။
" မောင်လေးဖူချန်း…သတိထားဦးနော် ။ အစ်ကိုဟိုတိုင်ချန်းရဲ့ နေဝန်း နတ်ဘုရား စွမ်းရည်က အစ်ကို ဝမ်ချောင်ကောင်းရဲ့ ဆေဘာတာအို နတ်ဘုရား စွမ်းရည်လောက် အစွမ်းမထက်ပေမယ့် တိုက်ခိုက်နိုင်စွမ်း သက်ရောက်မှု ဧရိယာက အရမ်းကျယ်တယ် ။ သူ့ကို အဲသည် နတ်ဘုရားစွမ်းရည် ထုတ်သုံးခွင့် မပေးနဲ့ "
လီဖူချန်းရဲ့ အားသာမှုဟာ သူ့ရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှု နဲ့ ပုံရိပ်ယောင် ပညာရပ် တိုက်ခိုက်မှုပါပဲ ။ အဲသည်အချက်ကို လုဝမ်က ကောင်းကောင်းကြီး သိပါတယ် ။
နတ်ဘုရား စွမ်းရည်ချင်း ယှဉ်မယ် ဆိုရင်တော့ လီဖူချန်းဟာ ဟိုတိုင်ချန်းကို ယှဉ်နိုင်စရာ မရှိပါဘူး ။ထွတ်ခေါင် ဆရာသခင်တွေ ထဲမှာတော့ ဟိုတိုင်ချန်းကို သူတင်ကိုယ်တင် တိုက်ပြီး အနိုင်ယူနိုင်တဲ့သူဟာ ဝမ်ကောင်းချောင် တစ်ယောက်သာ ရှိပါတယ် ။
" အင်း…… ကျွန်တော် သိပါတယ် "
လီဖူချန်းကလည်း အခြေအနေကို သုံးသပ်နိုင်စွမ်း ရှိတဲ့ လူပါပဲ ။
အစောကြီးကတည်းက သူဟာ ဟိုတိုင်ချန်းကို မျက်နှာချင်းဆိုင် တိုက်ဖို့ အစီအစဉ် မရှိတာပါ ။ ဟိုတိုင်ချန်းရဲ့ အစွမ်းက ကောင်းကင်မီးတောက် ဝံပုလွေ မျိုးဆက်သွေးကို လောင်ကျွမ်းထားတဲ့ မီးလျှံသားမွှေး ဝံပုလွေလောက် အစွမ်းမထက် ပေမယ့်လည်း သိပ်ကွာမှာတော့ မဟုတ်ပါဘူး ။
ဟူး……ဟူး……
သိုင်းစင်မြင့် ထက်မှာတော့ လီဖူချန်း နဲ့ ဟိုတိုင်ချန်းတို့ဟာ မျက်နှာချင်းဆိုင် အနေအထားနဲ့ နေရာ ယူထားကြပါပြီ ။ သူတို့နှစ်ယောက်က မီတာ တစ်ရာစီ ခြားပြီး နေရာယူထားကြတာ ဖြစ်ပါတယ် ။
" ညီလေးလီ…… အစ်ကို ကြားထားတာကတော့ ညီလေးရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှုက အတော်လေး အစွမ်းထက်တယ်တဲ့ ။ အဲဒါ ဟုတ်မဟုတ် သည်နေ့ စမ်းကြည့်ရတာပေါ့ "
" နေစကြာ နတ်ဘုရား လက်သီး "
ဟိုတိုင်ချန်းရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် လင်းလက်သွားပြီးတဲ့ နောက်မှာတော့ အင်မတန် ပူပြင်းလှတဲ့ လက်သီးချက် တစ်ချက်ကို ထုတ်လာပါတော့တယ် ။
" ကောင်းလိုက်တဲ့ လက်သီးအား "
လီဖူချန်းက လက်သီးချက် သူ့အပေါ် မကျရောက်လာခင်မှာတင် လက်သီးချက်မှာ ပါဝင်နေတဲ့ ဖိအားတွေကို ကြိုတင် ခံစားနေရပါပြီ ။
ဘာကြောင့်မှန်းတော့ မသိပါဘူး ။ သူက သည်လက်သီးချက်ဟာ ရှောင်တိမ်းဖို့ တော်တော်ခက်လိမ့်မယ်လို့ အာရုံ ရနေမိပါတယ် ။
အဲသည်အတွက် လီဖူချန်းက ရှောင်တိမ်းဖို့ စဉ်းစား မနေတော့ပါဘူး ။ သူက စိတ်ဝိညာဉ် အသိစိတ်ဆူးကို အသုံးပြုပြီး ပြန်လည် တိုက်ခိုက်လိုက်ပါတော့တယ် ။
" စိတ်ဝိညာဉ် အသိစိတ်ဆူး သွားစမ်း "
ရွှစ်…
လီဖူချန်းရဲ့ အမိန့်ပေးသံ အဆုံးမှာတော့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ ဟိုတိုင်ချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဟိုတိုင်ချန်းရဲ့ လက်သီးချက်ဟာ အတော်လေး လျင်မြန်တဲ့ အထဲမှာ ပါပါတယ် ။ သူ့ရဲ့ လက်သီးချက်က မီးပွားလေး တစ်ခု တောက်သွားသလိုပါပဲ ။
ဒါပေမဲ့လည်း သူ့ရဲ့ လက်သီးချက်က ဘယ်လောက် မြန်တယ်ပြောပြော လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးလောက်တော့ မမြန်ခဲ့ပါဘူး ။
ဟိုတိုင်ချန်းရဲ့ လက်သီးချက်က လီဖူချန်းဆီကို မကျရောက်မီမှာပဲ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးက ဟိုတိုင်ချန်းရဲ့ ဦးခေါင်းခွံထဲကို ရောက်နှင့်နေခဲ့ပါပြီ ။
အား……
ဟိုတိုင်ချန်းရဲ့ အသံနက်ကြီးက ထွက်ပေါ်လာခဲ့သလို တစ်ပြိုင်တည်းမှာပဲ သူ့ရဲ့ နေစကြာ နတ်ဘုရား လက်သီးဟာ ပျောက်ကွယ်သွားပါတော့တယ် ။
သိုင်းပညာ ဆိုတာက အာရုံစူးစိုက်မှု မရှိဘဲ ထုတ်သုံးလို့ မရပါဘူူး ။ ဒါ သိုင်းပညာရဲ့ အခြေခံ အကျဆုံး သဘောတရားပါပဲ ။
ဒါပေမဲ့လည်း ဒဏ္ဍာရီတွေ ထဲမှာတော့ မျိုးဆက်သွေးထဲမှာ တံဆိပ် ရိုက်နှိပ်ထားလို့ ရတဲ့ သိုင်းပညာတွေ ရှိပါတယ်။ အဲသည်လို မျိုးဆက်သွေးထဲမှာ တံဆိပ် ရိုက်နှိပ်ထားခြင်း ခံရတဲ့ သိုင်းပညာတွေဟာ အသုံးပြုသူ အာရုံစူးစိုက်မှု မရှိရင်တောင်မှ အလိုအလျောက် သက်ဝင်လှုပ်ရှား နိုင်ပါတယ် ။ ဒါပေမဲ့လည်း အဲသည်လို အဆင့်ကို ရောက်ဖို့အတွက်ဆိုရင် အဲသည် သိုင်းပညာကို တီထွင်တဲ့သူဟာ သိုင်းတာအိုခရီးမှာ မမျှော်မှန်းနိုင်တဲ့ နေရာတစ်နေရာကို ပထမ ဦးဆုံး ရောက်နေရပါမယ် ။
" အစွန်းရောက် မျောလွင့်မီးလျှံ "
လီဖူချန်းက အာရုံပျက်ပြီး ခေတ္တခဏ ငေးငိုင်သွားတဲ့ ဟိုတိုင်ချန်းကို အလျင်အမြန်ပဲ တိုက်ခိုက်လိုက်ပါတယ် ။ သူ့အနေနဲ့ ဟိုတိုင်ချန်းကို အနိုင်ယူချင်တယ်ဆိုရင် အခွင့်အရေး မှန်သမျှကို လုံးဝ လက်လွှတ်ခံလို့ မဖြစ်ပါဘူး ။
ရွှီး……
ဓားအလင်းတန်း တစ်ခုဟာ ကိုယ်ပိုင် အသိစိတ် ရှိသလို မျောလွင့်သွားပြီး ဟိုတိုင်ချန်းဆီကို ကျရောက်သွားခဲ့ပါပြီ ။
" သွားစမ်း "
ဒါပေမဲ့လည်း ဟိုတိုင်ချန်းကလည်း ခေသူတစ်ဦး မဟုတ်ပါဘူး ။ လီဖူချန်းရဲ့ ဓားချက် သူ့ကို ထိခါနီး ဆဲဆဲမှာပဲ သူက သတိပြန်ဝင်လာပြီး မျောလွင့်မီးလျှံ ဓားအလင်းတန်းကို လက်သီးနဲ့ ပြန်ထိုးလိုက်ပါတယ် ။
ဘန်း……
ဓားအလင်းတန်းကတော့ လက်သီးချက်ကြောင့် ပေါက်ကွဲထွက်သွား ခဲ့ပါပြီ ။
" တောက်…… ရှက်စရာ ကောင်းလိုက်တာကွာ "
ဟိုတိုင်ချန်းက လီဖူချန်းရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့အတွက် အတော်လေး အရှက်ရနေခဲ့သလို အတော်လေးလည်း ဒေါသ ထွက်နေမိပါတယ် ။ သူက လီဖူချန်းရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုဟာ အစွမ်းထက်တယ် ဆိုတာကို သိပေမယ့် သည်လောက်ကြီးအထိ အစွမ်း ထက်လိမ့်မယ်လို့တော့ လုံးဝ ထင်မထားခဲ့ မိပါဘူး ။
သူက ကြယ်၇ပွင့် နေဝန်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ သူပါ ။ အဲဒါက သူ့ကို အလွန် ကောင်းမွန်တဲ့ နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်စေသလို သန်မာတဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကိုလည်း မွေးဖွားစေပါတယ် ။ သူ့လို လူတစ်ယောက်က လီဖူချန်းရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခံလိုက်ရတယ် ဆိုတာဟာ တကယ့်ကို မခံချိ ၊မခံသာ ဖြစ်ချင်စရာပါပဲ ။
***