← Chapters

ကိန္နရီဆူး

Vol. 40 Ch. 539

ကိန္နရီဆူး

Vol. 40 Ch. 539

" စိတ်ဝိညာဉ် အသိစိတ် အကာအကွယ် "

ဟိုတိုင်ချန်းက လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးကို သည်အတိုင်း မခံရဲတော့ပါဘူူး ။ အဲသည်အတွက် သူက အသိစိတ်အာရုံကို အသုံးပြုပြီး သူ့ရဲ့ စိတ်နယ်ပယ်မှာ အကာအကွယ် တစ်ခု ဖန်တီးလိုက်ပါတယ် ။

စိတ်ဝိညာဉ် အသိစိတ်ဆူး နဲ့ စိတ်ဝိညာဉ် အသိစိတ် အကာအကွယ် ဆိုတာက ဆန့်ကျင်ဘက် ပညာရပ် နှစ်မျိုးပါပဲ ။စိတ်ဝိညာဉ် အသိစိတ်ဆူးကတော့ တိုက်ခိုက်ခြင်းကို ကိုယ်စားပြုပြီး စိတ်ဝိညာဉ် အသိစိတ် အကာအကွယ်ကတော့ ခုခံခြင်းကို ကိုယ်စားပြုပါတယ် ။ သည်ပညာရပ် နှစ်ခုစလုံးဟာ  အသိစိတ် အာရုံပိုင်းဆိုင်ရာမှာ အခြေခံ အကျဆုံး လျှို့ဝှက်နည်းစနစ် နှစ်ခု ဆိုရင်လည်း မမှားပါဘူး ။

ဘန်း………

သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ ဟိုတိုင်ချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးလို့ပဲ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဝိညာဉ် အသိစိတ် အကာအကွယ်က စိတ်ဝိညာဉ် အသိစိတ်ဆူးကို ကာဆီးသွားလို့ပါပဲ။ ဒါပေမဲ့လည်း စိတ်ဝိညာဉ် အသိစိတ်အကာအကွယ် တစ်ဝက်ကိုတော့ အဖိုးအခအဖြစ် ပြန်ပေးလိုက်ရပါတယ် ။

"နေရထား ကကြိုး "

ဟိုတိုင်ချန်းကလည်း လူပါး တစ်ယောက်ပါပဲ ။ သူက သည်အခွင့်အရေးကို အမိအရယူပြီး လီဖူချန်းကို အနိုင်ယူဖို့ ကြိုးပမ်းလိုက်ပါတယ် ။

ဒါပေမဲ့လည်း သူ့ရဲ့ ကြိုးပမ်းမှုက အရာ မရောက်ခဲ့ပါဘူး ။ အကြောင်းအရင်းကတော့ လီဖူချန်းရဲ့ နဖူးကနေ ထွက်လာတဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းဟာ ဖိုခနောက် ဆိုင်ပြီး သူ့ရဲ့ စိတ်နယ်ပယ်ထဲကို ဝင်လာခဲ့လို့ပါပဲ ။

အား……

ဟိုတိုင်ချန်းက နောက်ထပ်တစ်ကြိမ် အသံနက်ကြီးနဲ့ အော်လိုက်ရပြန်ပါပြီ ။ သူ့ရဲ့ စိတ်နယ်ပယ်ကို ကာကွယ်ထားတဲ့ စိတ်ဝိညာဉ် အသိစိတ် အကာအကွယ်ကတော့ ရစရာကို မရှိတော့ပါဘူူး ။ ပြီးတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် အပေါ်မှာ အညှာအတာ ကင်းမဲ့စွာ စိုက်နေပါသေးတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အစစ်အမှန် စိတ်ဝိညာဉ်ဆိုတာက အလွန်အမင်း မာကျောပြီး ကြံ့ခိုင်တဲ့ အရာပါ ။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ာ ကြယ်၇ပွင့် အသိစိတ်အာရုံပိုင်းဆိုင်ရာ  ခုခံခြင်း လျှို့ဝှက်နည်းစနစ်ကနေ ဖြစ်တည်လာတဲ့ အကာအကွယ်တောင်မှ  တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်လောက် မာကျော ကြံ့ခိုင်ခြင်း မရှိပါဘူး ။ ဒါပေမဲ့လည်း အစစ်အမှန် စိတ်ဝိညာဉ်က မူလ စိတ်ဝိညာဉ် နဲ့ ဆက်သွယ်နေတဲ့အတွက် အစစ်အမှန် စိတ်ဝိညာဉ်ပေါ်မှာ ထိခိုက်မိတဲ့ ဒဏ်ရာ အနည်းငယ်ကတောင်မှ မူလ စိတ်ဝိညာဉ်ပေါ်မှာ သွားရောက် ထင်ဟပ်စေပါတယ် ။

" အစ်ကိုဟို…… အစ်ကိုက ကျွန်တော့် ပြိုင်ဘက် မဟုတ်ဘူး ။ အရှုံးပေးလိုက်ပါတော့ "

လီဖူချန်းရဲ့ အသံက ဟိုတိုင်ချန်းရဲ့ နားထဲကို ပဲ့တင်သံ အထပ်ထပ်ပေးပြီး ဝင်ရောက်လာခဲ့ပါတယ် ။

" သွားစမ်းပါ ။ ငါက မင်းကို ဘာဖြစ်လို့ အရှုံးပေးရမှာလဲ ။ အိပ်မက်   မက်မနေစမ်းနဲ့ "

ဟိုတိုင်ချန်းက လီဖူချန်းကို ရှုံးမယ်လို့ လုံးဝ မယုံကြည်ပါဘူး ။အဲသည်အတွက် သူက  စိတ်အားတင်းလိုက်ပြီး ခေါင်းမော့ကာ လီဖူချန်းကို ကြည့်လိုက်ပါတယ် ။

ဒါပေမဲ့လည်း သူ့ရဲ့ မြင်ကွင်းထဲကို ပထမဆုံး ဝင်လာတာက လီဖူချန်းရဲ့ ပုံရိပ် မဟုတ်ခဲ့ပါဘူး ။ အဲဒါက ရုပ်စုံမှန်ပြောင်းလို လည်နေတဲ့ မျက်လုံးကြီး တစ်စုံပါပဲ ။ အဲသည်မျက်လုံးကြီးတွေက အဆုံးမရှိတဲ့ ဖိအားကို ပေးစွမ်းနေပြီး သူ့ကို တွင်းနက်ကြီးတစ်ခုထဲ ပြုတ်ကျနေသလို ခံစားချက်မျိုး ပေးစွမ်းနေပါတယ် ။

" ဟင်း "

အဲသည်နောက်မှာတော့ ဟိုတိုင်ချိန်းရဲ့ မျက်လုံးတွေဟာ အရောင် မှေးမှိန် သွားခဲ့ပါပြီ ။သူ့ကို ကြည့်ရတာက အပြင်လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတဲ့ ပုံပါပဲ ။

တစ်ချိန်တည်းမှာပဲ ဟိုတိုင်ချန်းရဲ့ အသိစိတ်က မီးလျှံကမ္ဘာထဲမှာ ရောက်နေခဲ့ပါတယ် ။

"မဟုတ်ဘူး……မဟုတ်ဘူး ။ ဒါက ပုံရိပ်ယောင် ကမ္ဘာပဲ ။ ပျက်စီးစမ်း "

ဒါက သူ့ရဲ့ မှတ်ဉာဏ်တွေထဲကနေ ဖြစ်တည်လာတဲ့ ကမ္ဘာ တစ်ခုလို့ပဲ ဆိုရပါမယ် ။  ဟိုတိုင်ချန်းအနေနဲ့ သူဟာ ပုံရိပ်ယောင် ကမ္ဘာထဲမှာ ပိတ်မိနေပြီ ဆိုတာကို မရိပ်မိစရာ အကြောင်း မရှိပါဘူး ။အဲသည်အတွက် သူက လက်သီးချက်တွေ တရစပ် ထုတ်ပြီး မီးလျှံကမ္ဘာကို ဖျက်ဆီးပါတော့တယ် ။

ဘန်း……ဘန်း……ဘန်း……ဘန်း……

ဟိုတိုင်ချန်းတစ်ယောက် ပုံရိပ်ယောင် ကမ္ဘာထဲမှာ ပိတ်မိနေတာ အချိန်အတော် ကြာနေပြီ ဖြစ်ပေမယ့်လည်း အပြင်လောကမှာတော့ မျက်စိတစ်မှိတ် အချိန်တောင် မရှိသေးပါဘူး ။

ဒါပေမဲ့လည်း အဲသည်အချိန်က လီဖူချန်းအတွက် လုံလောက်တာထက်တောင် ပိုနေခဲ့ပါပြီ ။

" မဟာဝါယော ဓားချက် "

ရွှမ်း……

လီဖူချန်းက ပုံရိပ်ယောင် ကမ္ဘာထဲမှာ ကျရောက်နေတဲ့ ဟိုတိုင်ချန်းကို ဓားနဲ့ ပိုင်းပစ်လိုက်ပါတယ် ။ သူ့ရဲ့ ဓားချီကတော့ လေနီကြမ်း တစ်ခုလိုပါပဲ ။

ဘန်း……

ဓားချီက ဟိုတိုင်ချန်းရဲ့ ချီအကာအကွယ်ကို ပိုင်းဖြတ်သွားတဲ့အပြင် ဟိုတိုင်ချန်း ဝတ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာကိုပါ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပါတယ် ။

ဝေါ့……

ဟိုတိုင်ချန်းဟာ သွေးတစ်လုတ် ထိုးအန်ပြီး သတိ ပြန်ဝင်လာခဲ့ပါပြီ ။အဲသည်နောက်မှာတော့ ဟိုတိုင်ချန်းဟာ လီဖူချန်းရဲ့ ကျန်ရှိနေသေးတဲ့ ဓားချီကို လက်သီးနဲ့ ထိုးပြီး ဖြိုခွဲပစ်လိုက်ပါတယ် ။  ဟိုတိုင်ချန်း သတိ ပြန်ဝင်လာတဲ့ အချိန်ဟာ တကယ့်ကို အချိန်ကိုက်ပဲလို့တောင် ဆိုရပါမယ် ။

" ဟူး…… ကံသီပေလို့ "

ဟိုတိုင်ချန်းရဲ့ နဖူးပြင်မှာတော့ ချွေးစေးတွေ ထွက်နေခဲ့ပါပြီ ။ ပြီးတော့ သူဟာ အလွန်အမင်း နွမ်းလျနေတယ်လို့လည်း ခံစားနေရပါသေးတယ် ။

သူက အခုချိန်အထိ လီဖူချန်းကို တိုက်ကွက် တစ်ကွက်တောင် မည်မည်ရရ မတိုက်ရသေးပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ စိတ်ဝိညာဉ် တိုက်ခိုက်မှုကော ပုံရိပ်ယောင် ပညာရပ် တိုက်ခိုက်မှုပါ လုပ်ပြီး သူ့ကို အကျဉ်းအကြပ်ထဲ ကျရောက်စေခဲ့ပါပြီ ။

" မဖြစ်ဘူး ။သည်အတိုင်း ဆက်သွားနေမယ် ဆိုရင် သေချာပေါက် ငါရှုံးတော့မှာ ။ ငါ သည်ကောင့်ကို တစ်ချက်လောက်တော့ ထိထိမိမိ တိုက်မှ ရမယ် "

ရုတ်တရက် ဆိုသလို ဟိုတိုင်ချန်းဟာ မျက်စိ မှိတ်လိုက်ပါတော့တယ် ။ သူ့အနေနဲ့ လီဖူချန်းကို မျက်လုံးချင်းဆိုင်ပြီး ကြည့်လို့ လုံးဝ မဖြစ်ပါဘူး ။ လိပ်ပြာ အသိစိတ် အာရုံနဲ့ လီဖူချန်းကို အာရုံခံပြီး တိုက်တာက သူ့အတွက် အကောင်းဆုံး အဖြေပါပဲ ။

မျက်စိ မှိတ်လိုက်တဲ့အတွက် ဟိုတိုင်ချန်းဟာ လီဖူချန်းရဲ့ အကြည့်နဲ့   တိုက်ခိုက်မှုကို ကြောက်စရာ မလိုတော့ပါဘူး ။ သူ့အနေနဲ့ လီဖူချန်းရဲ့ အသိစိတ်အာရုံနဲ့ တိုက်ခိုက်မှုကိုပဲ ရင်ဆိုင်ဖို့ လိုပါတော့တယ်။

" ဒါကြောင့်လည်း သည်ကောင်က ထွတ်ခေါင်ဆရာသခင် နံပါတ်၂ ဖြစ်နေတာကိုး "

လီဖူချန်းက ဟိုတိုင်ချန်းကို စိတ်ထဲကနေ ကျိတ်ပြီး ချီးကျူးလိုက်မိပါတယ် ။

မီးလျှံသားမွှေး ဝံပုလွေ နဲ့ ယှဉ်မယ်ဆိုရင်တော့ ဟိုတိုင်ချန်းဟာ ပိုပြီး ရင်ဆိုင်ရ ခက်ခဲတယ်လို့ ဆိုရပါမယ် ။ပြီးတော့ ဟိုတိုင်ချန်းဟာ သူ့ရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှုကို တန်ပြန်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခု လေ့ကျင့်ထားတယ်ဆိုတာ အသိသာကြီးပါပဲ ။ အဲသည်နည်းစနစ်က သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူး တိုက်ခိုက်မှုကို အထိုက်အလျောက် ကာကွယ်နေနိုင်ပါတယ် ။

" ကြည့်ရတာတော့ ငါသည်အကွက်ကို သုံးမှ ရတော့မယ့်ပုံပဲ "

အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံရဲ့ အစွမ်းကို အပြည့်အဝ ထုတ်ပြနိုင်တဲ့ အရာ မဟုတ်ပါဘူး ။

လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံဟာ ရေကန်ကြီး တစ်ကန် ဆိုကြပါစို့ ။ အဲသည်လို ဆိုရင်တော့ စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ ရေခွက်လေးတစ်ခု သာသာပဲ ရှိပါတယ် ။

လီဖူချန်းအနေနဲ့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ အစွမ်းကို အပြည့်အဝ ထုတ်သုံးချင်တယ်ဆိုရင်ဖြင့် ရေကန်ငယ်လေး တစ်ခုကို ခပ်လို့ရတဲ့ ခွက်ကြီး တစ်ခွက် ရှိနေမှ ရပါလိမ့်မယ် ။

ဒါပေမဲ့လည်း အဲသည်လို ဖြစ်ဖို့ကတော့ မလွယ်လှပါဘူး ။ အဲသည်လို ဖြစ်ဖို့ဆိုတာက လီဖူချန်း အနေနဲ့  ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်နိုင်မှ ရမှာပါ ။

လီဖူချန်းအတွက် စိတ်မကောင်းစရာ တစ်ခုကတော့  သက်တံနီဂိုဏ်းမှာ ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ် ရှိမနေတာပါပဲ ။ မဟုတ်လို့ကတော့ လီဖူချန်းဟာ မဟာ ဆရာသခင် အဆင့်ကိုတောင် ရောက်ကောင်း ရောက်နေလောက်ပါပြီ ။

ဒါပေမဲ့လည်း အဲဒါက သက်တံနီဂိုဏ်းရဲ့ အပြစ်တော့ မဟုတ်ပါဘူး ။  ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ် ဆိုတာက  ကောင်းကင် အဆင့်နိမ့် သိုင်းပညာတွေ ထက်တောင်မှ ပိုပြီး ရှားပါသေးတယ် ။ သက်တံနီဂိုဏ်းလို ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းကို အသာထားပါဦး ။ ဧကရာဇ်အဆင့် ဂိုဏ်းတွေတောင်မှပဲ  ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ်ကို မပိုင်ဆိုင်နိုင်ကြပါဘူး ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းကလည်း သူ့ရဲ့ အားသာချက် ဖြစ်တဲ့ လိပ်ပြာ အသိစိတ် အာရုံ အကြောင်းကို ကောင်းကောင်းကြီး နားလည်ထားပါတယ် ။ အဲသည်အတွက် သူက သိုင်းကွက် တစ်ကွက်ကိုတောင် တီထွင်ထားခဲ့ ပြီးပါပြီ ။ အဲသည်သိုင်းကွက်ကတော့ စိတ်ဝိညာဉ် အသိစိတ်ဆူးကနေ အခြေခံ ဖြစ်တည်လာတာဖြစ်ပြီး လီဖူချန်းက ကိန္နရီဆူးလို့ အမည်ပေးထားပါတယ် ။

ကိန္နရီဆူးရဲ့ အဓိက အားသာချက်ကတော့ စိတ်ဝိညာဉ် အသိစိတ်ဆူးထက် ငါးဆ ပိုသိပ်သည်းပြီး ငါးဆ ပိုပြင်းထန်တာပါပဲ ။

ဒါပေမဲ့လည်း သူရဲ့ လက်ရှိ ကျင့်ကြံမှု နယ်ပယ်အရ လီဖူချန်းဟာ ကိန္နရီဆူး ငါးချောင်းထက် ပိုပြီး မပစ်နိုင်ပါဘူး ။

" စိတ်ဝိညာဉ် အသိစိတ် အကာအကွယ် "

ဟိုတိုင်ချန်းကတော့  ပြင်ဆင်စရာ ရှိတာတွေကို အသင့် ပြင်ပြီးသွားခဲ့ပါပြီ ။ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ပေါ်မှာ အကာအကွယ် အလွှာ တစ်ထပ်ကို သူက ပြန်ဖန်ဆင်းလိုက်ပါတယ် ။ ပြီးတော့ သူက သူ့ရဲ့ အာရုံစူးစိုက်မှု ပိုကောင်းစေဖို့အတွက် လျှာကိုပါ ကိုက်ထားလိုက်ပါသေးတယ် ။ သူက တစ်ချက်တည်းနဲ့ လီဖူချန်းကို ပွဲသိမ်းဖို့ ပြင်ဆင်နေတယ်ဆိုတာ အသိသာကြီးပါပဲ။

လီဖူချန်းကလည်း သူ့အနေနဲ့ ဟိုတိုင်ချန်းကို တိုက်ခိုက်ခွင့် ပေးလိုးမရဘူး ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။

" ကိန္နရီဆူး "

လီဖူချန်းရဲ့ ခပ်တိုးတိုး ရေရွတ်မှု အပြီးမှာတော့ အင်မတန် သိပ်သည်းတဲ့ ဆူးတစ်ချောင်းဟာ သူ့ရဲ့ နဖူးအလယ် တည့်တည့်ကနေ ဖြစ်တည်လာပြီး ဟိုတိုင်ချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ဒါပေမဲ့လည်း တည်ငြိမ်မှု အားနည်းမှုကြောင့် လမ်းတစ်ဝက်မှာပဲ ကိန္နရီဆူးဟာ ပုံစံ တစ်မျိုး ပြောင်းသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း အရှိန်အဟုန်ကတော့ လျော့ကျသွားခြင်း မရှိခဲ့ပါဘူး ။ အဲဒါက ငှက်တစ်ကောင် အတောင်ပဲ ဖြန့်ပြီး ပျံသန်းနေသလိုပါပဲ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်း တီထွင်ထားတဲ့ သည်ကိန္နရီဆူးဟာ အပြည့်အဝ အောင်မြင်ခြင်း မရှိသေးပါဘူး ။ ဒါပေမဲ့လည်း ဟိုတိုင်ချန်းကို တိုက်ခိုက်ဖို့အတွက်ကတော့ လုံလောက်တယ်လို့ပဲ ဆိုရပါမယ် ။

သည်ကိန္နရီဆူးကိုတော့ လီဖူချန်းကလွဲပြီး ဘယ်သူမှ မမြင်နိုင်ကြပါဘူး ။ ဒါပေမဲ့လည်း သူတို့တွေက အာရုံခံနိုင် ပါသေးတယ် ။ အကြောင်းအရင်းကတော့ လီဖူချန်းရဲ့ ကိန္နရီဆူးက သူတို့ရဲ့ စိတ် ဝိညာဉ်တွေကိုပါ တုန်ခါသွားစေတဲ့အထိ လှုပ်ယမ်းသွားစေလို့ပါပဲ ။

ဖောက် ……

ကိန္နရီဆူးက ဟိုတိုင်ချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ် အကာအကွယ်ကို ဖောက်ထွင်းသွားရုံမက စိတ်နယ်ပယ်ထဲအထိပါ ဝင်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ကို ထိုးစိုက်သွားခဲ့ပါပြီ ။

အား……

အသံနက်ကြီးနဲ့အတူ  နီရဲလှတဲ့ သွေးတွေဟာ ဟိုတိုင်ချန်းရဲ့ ဒွါရ ခုနစ်ပေါက်ကနေပြီး ယိုစီး ကျလာခဲ့ပါတယ် ။တစ်ဆက်တည်းမှာပဲ  ဟိုတိုင်ချန်းရဲ့ အားကောင်းလှတဲ့ ချီအရှိန်အဝါတွေကလည်း ယုတ်လျော့လာပါတော့တယ် ။ သူက သူ့ရဲ့ ချီအတွင်းအား လည်ပတ်မှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး ။ အဲသည်အဖြစ်အပျက်က မီးလျှံသားမွှေး ဝံပုလွေ ဖြစ်ခဲ့တဲ့ အဖြစ်အတိုင်း ထပ်တူထပ်မျှပါပဲ ။

တကယ်လို့သာ တစ်စုံတစ်ယောက်က ဟိုတိုင်ချန်းရဲ့ စိတ်နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ပြီး ကြည့်နိုင်မယ် ဆိုရင်တော့ ဟိုတိုင်ချန်းရဲ့ စိတ်ဝိညာဉ်  အသိစိတ်အာရုံ အကာအကွယ်ဟာ တစ်စစီ ကြေမွနေပြီး အစစ်အမှန် စိတ်ဝိညာဉ်မှာလည်း အက်ကွဲရာ အသေးလေးတစ်ခု ဖြစ်တည်နေတာကို ဧကန်မုချ တွေ့ရမှာ ဖြစ်ပါတယ် ။

အဲသည် အက်ကွဲကြောင်းလေးက သိပ်ပြီး မသိသာလှပါဘူး ။ ဒါပေမဲ့လည်း အဲဒါက  အစစ်အမှန် စိတ်ဝိညာဉ်ဟာ ထိခိုက်ပျက်စီးမှု အတော်လေး ဖြစ်သွားပြီဆိုတဲ့ သဘောကို ဆောင်နေပါတယ် ။

သည်တိုက်ပွဲ ပြီးသွားရင်တော့  ဟိုင်တိုင်ချန်းဟာ သူ့ရဲ့ အစစ်အမှန်  စိတ်ဝိညာဉ် ပြန်ကောင်းလာဖို့အတွက် အချိန်အများကြီးပေးပြီး ကုသရတော့မှာ အသေအချာပါပဲ ။

" ကြယ်ကြွေ "

ဘန်း……

လေထုထဲမှာ ရုတ်တရက် ဖြစ်တည်လာတဲ့ ဓားအလင်းတန်းဟာ ဟိုတိုင်ချန်းကို သိုင်းစင်မြင့် ပေါ်ကနေ လွင့်ထွက်သွားစေခဲ့ပါပြီ ။ဟိုတိုင်ချန်း အနေနဲ့ကတော့ သည်ဓားအလင်းတန်းကို ခုခံဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ။

" အနိုင်ရသူ  …… လီဖူချန်း "

သိုင်းစင်မြင့် အကြီးအကဲကလည်း အလျင်အမြန်ပဲ အနိုင်ရရှိသူကို ကြေညာပေးလိုက်ပါတယ် ။

ပွဲကြည့်စင်ဘက်ခြမ်းက ပရိသတ်တွေကတော့ ရေနဲ့တွေ့တဲ့ မီးလို ငြိမ်ကျနေခဲ့ပါပြီ ။ အသက်ရှုသံလေး တစ်သံတောင်မှ ထွက်မလာခဲ့ပါဘူး ။

လီဖူချန်းရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှုက တကယ့်ကို ကြောက်စရာပါပဲ ။ မဟုတ်သေးပါဘူး ။ အလွန့် အလွန် ကြောက်စရာ ကောင်းတယ်လို့ ပြောရင် ပိုပြီး မှန်ပါလိမ့်မယ် ။ တိုက်ပွဲ အစကနေ အဆုံးအထိ ဟိုတိုင်ချန်းဟာ သိုင်းကွက်တစ်ကွက်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် ထုတ်မသုံးလိုက်ရပါဘူး ။

" တကယ် ကြောက်စရာ ကောင်းတာပဲ "

ကုချူးယီကလည်း အံ့သြတုန်လှုပ် နေတာပါပဲ။ သူမက လီဖူချန်းဆီကနေပြီး ခြိမ်းခြောက်မှု အရိပ် လက္ခဏာ တစ်ခုကို ခံစားနေမိပါတယ် ။

လေ့တုံးဟိုင်ကတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုဟာ  အစွမ်းထက်တယ်ဆိုတာကို သိထားပြီးသား ဖြစ်ပေမယ့် သည်လောက်အထိ ကြောက်စရာ ကောင်းလိမ့်မယ်လို့တော့ လုံးဝ တွေးထင်မထားခဲ့မိတာ အမှန်ပါပဲ ။အစောပိုင်းတုန်းကတော့ သူက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုဟာ ပိုင်ချူးမင်နဲ့ တန်းတူလောက် ရှိလိမ့်မယ်လို့ တွေးထင်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုဟာ ပိုင်ချူးမင်ထက် ပိုပြီးအစွမ်းထက်တယ် ဆိုတာကို သူ့အနေနဲ့ ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ ။

ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ နောက်ဆုံး တိုက်ခိုက်မှုက သူ့ကိုတောင်မှပဲ အနည်းငယ် ကျောချမ်းသွားစေခဲ့တာ မဟုတ်ပါလား။

***

All Chapters