ဆရာ့ဆရာကို ရိုက်နှက်ခြင်း
Vol. 36 Ch. 501
မျိုးဆက်ဟောင်း လူသားဧကရာဇ်အားလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
ဆရာလူသားဧကရာဇ်တိုင်း တပည့်လူသားဧကရာဇ်အား အမှုန့်ဖြစ်အောင် ရိုက်သတ်ပစ်ချင်တတ်သော်လည်း အားလုံးတစ်ပြိုင်တည်း လူသားဧကရာဇ်တစ်ယောက်အား အမှုန့်ဖြစ်အောင် ရိုက်သတ်ပစ်ချင်စိတ်ပေါ်လာသည်မှာ ပထမဆုံးဖြစ်သည်။
မျိုးဆက်ဟောင်းလူသားဧကရာဇ်တိုင်းသည် မျိုးဆက်အသီးသီး၏ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်၏။ လူသားဧကရာဇ်ဟူသည့် ဂုဏ်ပုဒ်တစ်ခုတည်းကြောင့်သာ သိုင်းပညာရှင်များက သူတို့ကို လေးစားခဲ့ကြခြင်းမဟုတ်ပေ။ သူတို့၏အစွမ်းအစများကလည်း မျိုးဆက်တူ သိုင်းပညာရှင်တိုင်းကို အနိုင်ယူနိုင်ပြီး ပြိုင်ဘက်ကင်းခဲ့၏။
လူသားဧကရာဇ်တစ်ယောက်က အထက်ကောင်းကင်ဘုံနှင့် တစ်ကြိမ်နှစ်ကြိမ်မျှပင် မတိုက်ခိုက်ဖူးဘဲ သေဆုံးသွားလျှင် ဘိုးဘေးများအတွက် အရှက်ရစရာဖြစ်လိမ့်မည်။ မျိုးဆက်တစ်ဆက်တွင် လူသားဧကရာဇ်ကဲ့သို့ သိုင်းပညာရှင်မျိုး များစွာရှိနိုင်ပါမည်လော...
သို့တိုင်အောင် ချင်မူက သူတို့လို သန်မာအားကောင်းသော သိုင်းပညာရှင်များ၏ ရှေ့မှောက်တွင် သူတို့အား ထိခိုက်အောင် လုပ်မိမည်စိုးသည်ဟု ပြောထွက်ခဲ့သည်။ သူတို့၏ ကျင့်စဉ်ပညာရပ်များနှင့် ကောင်းကင်နတ်သိုင်းများလည်း ခေတ်နောက်ကျကျန်ခဲ့ပြီဟုပင် ပြောခဲ့ချေရာ သူတို့ အဘယ်သို့ပြု၍ သည်းခံနိုင်မည်နည်း။
တတိယဘိုးဘေးကြီးက ရှေ့တက်လာပြီး မှင်သေသေ ပြောလာသည်။ “မျိုးဆက်ဟောင်းလူသားဧကရာဇ်တိုင်းက အင်မတန် မာနကြီးကြတယ်။ သေတဲ့အထိတောင် မာန်မချကြဘဲ ဟိုလူ့ရိုက်ချင်၊ ဒီလူ့ရိုက်ချင်ကြတဲ့လူတွေချည်းပဲ။ ဒါပေမဲ့ ငါတို့ ခေတ်နောက်ကျကျန်ခဲ့ပြီပြောတာကတော့ မင်း ပထမဆုံးပဲ။ လူသားဧကရာဇ်ချင်ကတော့ ထူးခြားပါပေတယ်”
“တပည့်က ဆရာကို ရိုက်တာလည်း သာမန်ပဲ။ ဥပမာ ငါဆို ဒီဘိုးတော်ကြီးကို ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဘိုးကြီးအားလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်ရဲတဲ့ လူသားဧကရာဇ်ချင်ရဲ့ သတ္တိက ပေါ့သေးသေး မဟုတ်ပါဘူး။ မင်းမှာ တကယ်ပဲ ဇ,ရှိသလား ငါ မြင်ချင်မိတယ်” စတုတ္ထဘိုးဘေးကြီးက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်သည်။
တတိယဘိုးဘေးကြီးက သူ့ကို မျက်စောင်းထိုးကြည့်၏။
ဒုတိယဘိုးဘေးကြီးက တင်းမာနေသောအမူအရာဖြင့် ဝင်ပြောသည်။ “လူသားဧကရာဇ်ချင်က သက်ရှိလူသားဆိုတော့ ငါတို့ ဘယ်လိုတိုက်ခိုက်မလဲဆိုတာ စဉ်းစားရမယ်။ ဒါပေမဲ့ ပထမဘိုးဘေးကြီးရဲ့ ရတနာ ဒီမှာ ရှိဦးမယ်ထင်တယ်။ အဲဒီသေခြင်းရှင်ခြင်းကြားရတနာက ငါတို့ကို သေခြင်းနဲ့ရှင်ခြင်းကြားမှာ ရှိစေတာဆိုတော့ တိုက်ခိုက်ဖို့ အသင့်တော်ဆုံးပဲ”
မျိုးဆက်ဟောင်းလူသားဧကရာဇ်အားလုံး မျက်မှောင်ကြုတ်သွားကြ၏။ “ပထမဘိုးဘေးကြီးက ဒီမှာ မရှိတော့ ဘယ်သူက သေခြင်းရှင်ခြင်းကြားရတနာကို သုံးနိုင်မှာလဲ”
ဒုတိယဘိုးဘေးကြီးက ပြုံးကာ ပြောလိုက်သည်။ “ပထမဘိုးဘေးကြီးရဲ့တပည့်အနေနဲ့ သူမရှိရင် ငါက ယန်ငါးသွယ်ခန်းမရဲ့ ပိုင်ရှင်ပဲလေ... ငါ သုံးနိုင်တာပေါ့။ တိတ်တိတ်နေကြ... ငါ ဒီနေရာကို ကောင်းကောင်းသိတယ်။ ငါ့အိမ်ထက်တောင် ပို သိသေးတယ်... ခဏစောင့် သေခြင်းရှင်ခြင်းကြားရတနာကို သွားယူလိုက်ဦးမယ်”
အားလုံး သိချင်နေကြသည်။ သေခြင်းရှင်ခြင်းကြားရတနာအကြောင်း ကြားဖူးကြသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ပထမဘိုးဘေးကြီး ရတနာကို သွန်းလုပ်ဖန်တီးခဲ့သည့်အကြောင်းရင်းမှာ ယိုတုတွင် ရောက်နေသော သူ၏ဇနီးသည်ကို လွမ်းသဖြင့် သူမနှင့် တွေ့နိုင်မည့် လမ်းတစ်လမ်း ဖွင့်ရန်အတွက် ဖြစ်ကြောင်း သူတို့ကြားခဲ့ဖူးသည်။
သို့သော် ထိုကဲ့သို့ ရတနာမျိုးသည် အသုံးသိပ်မတည့်သလို၊ စွမ်းအားလည်း မရှိသဖြင့် သွန်းလုပ်သူများများစားစား မရှိပေ။ သို့တိုင်အောင် ရှင်လူနှင့် သေလူ တိုက်ခိုက်ရန် သေခြင်းရှင်ခြင်းကြားရတနာကို သုံးမည့်အကြံက အကောင်းဆုံးဖြစ်၏။
များစွာမကြာလိုက်ဘဲ ဒုတိယဘိုးဘေးကြီး ပြန်ရောက်လာပြီး သူ့လက်ထဲ၌ မည်သည့်ရတနာမှ ပါမလာကြောင်း အားလုံး မြင်လိုက်ရသည်။ သူတို့ စိတ်ရှုပ်ထွေးသွားကြပြီး မယုံသင်္ကာမေးလိုက်မိကြ၏။ “ဒုတိယဘိုးဘေးကြီး၊ သေခြင်းရှင်ခြင်းကြားရတနာက ဘယ်မှာလဲ”
“ဒါက သေခြင်းရှင်ခြင်းကြားရတနာပဲ”
ဒုတိယဘိုးဘေးကြီး အင်္ကျီလက်အိုးများကို လှုပ်ခါလိုက်သည့်အခါ လက်အိုးထဲမှ မြစ်ရှည်ကြီးတစ်စင်း ပျံထွက်လာသည်။ မြစ်ကြီးသည် ယန်ငါးသွယ်ခန်းမအပြင်သို့ ထွက်သွားပြီး တဖြည်းဖြည်း ကျယ်ဝန်းလာ၏။ မိုင်ပေါင်းများစွာအထိ ဆန့်ထွက်သွားပြီးနောက် ဖုန်းတုမြို့၏အပေါ်၌ ပျံဝဲနေချေသည်။
အားလုံး ယန်ငါးသွယ်ခန်းမအပြင်သို့ ကပျာကယာ ထွက်လိုက်ကြသည့်အခါ ကောင်းကင်ယံတွင် ပျံဝဲနေသော မြစ်ရှည်ကြီးတစ်စင်းအား မြင်တွေ့လိုက်ကြရသည်။ မြစ်အထက်၌ တံတားပျံတစ်စင်းပင် သွယ်တန်းနေ၏။ တံတားအောက်တွင် ဆိုက်ကပ်နေသော လှေတစ်စင်းလည်း ရှိနေသည်။
အားလုံး ဝမ်းသာအားရ ချီးကျူးမိလိုက်ကြသည်။ “ပထမဘိုးဘေးကြီးက မိန်းမနဲ့တွေ့ဖို့ မှော်စွမ်းအင်အများကြီး အကုန်ခံပြီး ဒီရတနာကို သွန်းလုပ်ခဲ့တာပဲ... သွား သွား တံတားပေါ် တက်စို့”
ချင်မူလည်း သူတို့နောက် လိုက်သွားသည်။ တံတားပေါ် တက်လိုက်သည့်အခါ ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွား၏..... သူ့ကိုယ်ပေါ်တွင် အသွေးအသားများ ပြန်ထွက်လာသည်ကို မြင်လိုက်ရသည်။
သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာသို့ ဝင်လျှင် သေဆုံးသူတို့က အသက်ရှင်လာပြီး ရှင်သူတို့က အရိုးစုများ ဖြစ်သွား၏။ သို့တိုင်အောင် မြစ်နှင့်တံတားက သူ၏အသွေးအသားများအား အမှန်တကယ် ပြန်ပေါ်လာစေသည်။ ဤရတနာမှာ ထူးဆန်းလှပေသည်။
မျိုးဆက်ဟောင်းလူသားဧကရာဇ်အားလုံး တံတားပေါ်တွင် ရပ်နေကြသော်လည်း သူတို့၏အသွေးအသားများ ပျောက်ကွယ်မသွားပေ။ ရုပ်ခန္ဓာအပြည့်အစုံ ရှိနေသေး၏။ ထိုအခြင်းအရာမှတစ်ဆင့် သေခြင်းရှင်ခြင်းကြားရတနာ၏ ဆန်းကြယ်သောစွမ်းရည်ကို မြင်တွေ့နိုင်သည်။
‘ငါ လသင်္ဘောကို မောင်းနှင်ပြီး လစောင့်ရှောက်သူ ဖြစ်လာတုန်းက သေဆုံးသူတို့ရှင်သန်ရာကမ္ဘာရဲ့ စည်းမျဉ်းကို သွေဖယ်ပြီး အသွေးအသားတွေ ရှိနေခဲ့သေးတယ်။ ကြည့်ရတာ ပထမဘိုးဘေးကြီးရဲ့ စွမ်းရည်တွေက လစောင့်ရှောက်သူထက် အများကြီး သန်မာအားကောင်းတဲ့ပုံပဲ’ ချင်မူ တလေးတစား စုပ်သပ်လိုက်မိ၏။
ပထမဘိုးဘေးကြီး လူသားဧကရာဇ်၏ စွမ်းရည်များက လျှို့ဝှက်ဆန်းကြယ်သည်။ ခိုင်ဧကရာဇ်ခေတ်၏ ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်မှာ သံသယဝင်စရာမလိုပေ။
‘ဒါပေမဲ့ သေခြင်းရှင်ခြင်းကြားရတနာက အသုံးမတည့်တာမဟုတ်ဘူး... သိပ်အသုံးတည့်တယ်”
သူ မျက်တောင်ပုတ်ခတ်ရင်း ရင်တဒိန်းဒိန်း ခုန်လာမိသည်။ သေခြင်းရှင်ခြင်းကြားရတနာ၏ အကြီးမားဆုံး အသုံးဝင်မှုကို သူ ရုတ်ခြည်း တွေးလိုက်မိ၏။ ဤရတနာမှတစ်ဆင့် ဖုန်းတုကား သက်ရှိကမ္ဘာကို စွက်ဖက်နိုင်ချေသည်။ သေခြင်းရှင်ခြင်းရတနာသည် ဖုန်းတု၏နတ်ဘုရားများကို သက်ရှိကမ္ဘာသို့ သက်ဆင်းစေနိုင်၏။
ဖုန်းတုတွင် နတ်ဘုရားများ၊ မိစ္ဆာများ ထောင်သောင်းချီ ရှိသည်။ သူတို့အားလုံး လူ့ပြည်သို့ ဆင်းသက်လာပါက မည်သူ ယှဉ်နိုင်လိမ့်မည်နည်း။
‘သေခြင်းရှင်ခြင်းကြားရတနာက သုံးတတ်ရင် အင်မတန် အင်အားကြီးမားတဲ့ လက်နက်တစ်ခုပဲ’
ချင်မူ တံတားပေါ်တွင် ရပ်ကာ ယိုတုဆီသို့ စီးဆင်းနေသော မြစ်ကြီးအား ငုံ့ကြည့်လိုက်သည်။ တစ်ဖက်ခြမ်းမှ အမှောင်ထုကို သူ ရိုးတိုးရိပ်တိပ် မြင်နေရ၏။ မြစ်ကြီးမှာ မည်သည့်နည်းနှင့်မှ သာမန်မဟုတ်နိုင်ပေ။
ဖုန်းတုထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများ၊ မိစ္ဆာများသည် ကောင်းကင်ယံ၌ ပျံဝဲနေသော မြစ်ကြီးများ မော့ကြည့်နေကြ၏။ မြစ်ကြီးက ညင်ညင်သာသာ စီးဆင်းနေပြီး အလွန်ခမ်းနားနေသည်။
“လူသားဧကရာဇ်တွေ လက်ချက်ပဲမလား” နတ်ဘုရားတစ်ပါးက အကြည့်လွှဲလိုက်ကာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ပြောလိုက်သည်။ “အဲဒီလူတွေ ဖုန်းတုကို ရောက်လာကတည်းက တစ်ယောက်ပြီးတစ်ယောက် စုလာပြီး ပိုပိုမာန်တက်လာကြတယ်။ မကောင်းဆိုးဝါးတွေပဲ သူတို့ကို ယှဉ်နိုင်လိမ့်မယ်... ကြည့်မနေကြနဲ့တော့ လူစုခွဲကြ။ သူတို့ဘာသာသူတို့ တိုက်ခိုက်ပလေ့စေ”
“ပထမဘိုးဘေးကြီးက ဒီလှေကို ယိုတုထဲ လွှတ်ပြီး သူ့မိန်းမကို ခေါ်ထုတ်လာတတ်တယ်။ ပြီးရင် နှစ်ယောက်သား ဒီတံတားပေါ်မှာ တွေ့ကြတာပေါ့ကွာ” သေခြင်းရှင်ခြင်းကြားတံတားပေါ်တွင် ဒုတိယဘိုးဘေးကြီး၏မျက်နှာ ညှိုးငယ်သွား၏။ “နောက်ပိုင်း သူတို့တွေ့နေတာကို ယိုတုက သိသွားလို့ မရဏတမန်တော်တွေက ဆရာ့မိန်းမရဲ့ ဝိညာဉ်ကို ခေါ်သွားကြတယ်။ တကယ်တော့ ပထမဘိုးဘေးကြီးက အဲဒီအကြောင်းကို မသိဘဲ တံတားပေါ်မှာ သူ့ကိုပဲ စောင့်နေခဲ့တာ။ ဆယ်နှစ်စုတွေကြာတဲ့အထိ သူ့ဇနီးကို မြင်လည်းမမြင်ခဲ့ရသလို၊ ဘာအကြောင်းမှလည်း မကြားခဲ့ရဘူး။ အဲဒီအချိန်တုန်းကဆို ငါက မြစ်ဘေးမှာ ရပ်ပြီး သူ တစ်ရက်ပြီးတစ်ရက် အသက်ကြီးလာတာကို ကြည့်နေခဲ့ရတာ... ကဲ ဒီအကြောင်း မပြောကြစို့”
သူက စိတ်အားပြန်တင်းပြီး ချင်မူ့ကို ကြည့်ကာ ပြုံးလိုက်သည်။ “ငါတို့ကို ခေတ်နောက်ကျကျန်ခဲ့ပြီးလို့ ပြောနေတဲ့ လောကသခင်ခန္ဓာလေး ... ကောင်းကင်နဲ့မြေကြီးရဲ့ အတိုင်းအတာကို သိအောင် လုပ်ပေးဖို့ အချိန်တန်ပြီ”
ချင်မူ အံ့အားသင့်သွား၏။ “ဆရာ့ဆရာကြီးတို့၊ ဘိုးဘေးကြီးတို့လည်း ကျွန်တော်က လောကသခင်ခန္ဓာဆိုတာ သိကြတာလား”
တံတားပေါ်ရှိ လူသားဧကရာဇ်အားလုံး ထူးဆန်းစွာ ပြုံးလိုက်ကြပြီး တစ်ပြိုင်တည်း ပြောလိုက်ကြသည်။ “မသိဘဲ နေမလား။ ခွေးကောင်လေးစုက ငါတို့ကို အကုန်ပြောထားပြီးသား အကုန်သိတယ်”
ချင်မူ သူတို့၏ ထူးဆန်းနေသောအပြုံးများကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။ ‘လူတိုင်း သေသွားရင် အခုလို ထူးဆန်းလာကြတာလား’
လူသားဧကရာဇ်ချီကန်းက ညစ်ကျယ်ကျယ် ရယ်လိုက်၏။ “ခွေးကောင်လေးစုက ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းတဲ့ လောကသခင်ခန္ဓာတစ်ခု ရှာတွေ့ခဲ့တယ်လို့ ပြောတယ်လေ။ ငါတို့အားလုံး အဲဒီအကြောင်းကြားတာနဲ့ မင်း သေရင် သူ့ကို အမှုန့်ဖြစ်အောက် ရိုက်သတ်ပြီး ဒုတိယအကြိမ် သေအောင် လုပ်လိမ့်မယ်လို့တောင် ပြောခဲ့သေး”
ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ “ကျွန်တော်က ဘာလို့ ရွာလူကြီးကို အမှုန့်ဖြစ်တဲ့အထိ ရိုက်သတ်ရမှာလဲ”
ကျန်လူသားဧကရာဇ်များမှာ ချီကန်း လွှတ်ခနဲ ပြောလိုက်မိမည်စိုး၍ ချောင်းဟန့်လိုက်ကြသည်။ လူသားဧကရာဇ်ချီကန်းလည်း နားလည်သွားပြီး ပြုံးလိုက်၏။ “လောကသခင်ခန္ဓာချင်၊ ငါတို့က အိုနေပြီ သုံးစားမရတော့ဘူး၊ ခေတ်နောက်ကျကျန်ခဲ့ပြီး မတိုက်ခိုက်နိုင်တော့ဘူးလို့ မင်း ပြောခဲ့တယ်နော် ... အခုအချိန်က ငါတို့ မင်းကို ပြန်ချေပပြရမယ့် အချိန်ပဲ”
“ဆရာ့ဆရာကြီး.... ကျွန်တော်က ဆရာကြီးတို့ရဲ့ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ခေတ်နောက်ကျကျန်ခဲ့ပြီလို့ပဲ ပြောခဲ့တာပါ။ ကျန်တာတွေ မပြောပါဘူးဗျာ...” ချင်မူ ကမန်းကတန်း ပြောလိုက်ရသည်။
“ကျွတ်စ်” လူသားဧကရာဇ်ချီကန်းက စုပ်သပ်ကာ တံတားပေါ်မှ ခုန်ဆင်းသည်။ သူက မြစ်ရေပြင်ကို နင်း၍ ခေါင်းမော့ကာ တဟားဟား ရယ်၏။ “ပေါက်ကရတွေ မပြောနဲ့တော့ တိုက်ကြစို့”
သူ့အရှိန်အဝါ တရှိန်ထိုး ဖြာထွက်လာပြီး ပေါက်ကွဲသံခုနစ်ချက် ဆင့်ကဲ ထွက်ပေါ်လာ၏။ ကောင်းကင်ရတနာခုနစ်ခု တစ်ခုပြီးတစ်ခု ပွင့်လာကာ သူ၏မူလဝိညာဉ်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းသော ရုပ်သွင်ဖြင့် ကောင်းကင်တံတားပေါ်၌ မတ်မတ်ရပ်နေသည်။ ကြယ်တာရာများက နဂါးငွေ့တန်းပင်လယ်တစ်စင်းအဖြစ် စုဝေးပြီး သူ့ကို လှည့်ပတ်နေ၏။ ကောင်းကင်တံတားအောက်၌ အမှောင်ကမ္ဘာယိုတု ရှိနေပြီး ကောင်းကင်နှင့်မြေပြင်အကြားတွင် ဖွဲ့တည်နေသော နေနှင့်လ၊ ဓာတ်ကြီးငါးပါးဟူသည့် ကြယ်တာရာခုနစ်စင်းပေါ်၌ နတ်ဘုရားတစ်ပါးစီ မတ်မတ်ရပ်နေ၏။
ကြယ်ခုနစ်စင်းအောက်၌ ဝိညာဉ်စင်မြင့်မှ ဖြန့်ခင်းထားသော မြေပြင်ရှိပြီး အရပ်ခြောက်မျက်နှာလည်း ဖြစ်တည်နေသည်။
လူသားဧကရာဇ်ချီကန်းသည် ပြိုင်ဘက်ကင်းလောက်အောင် ခန့်ညားသော အဟန့်အထည်ဖြင့် လက်မြှောက်ကာ သူ၏ကောင်းကင်တံတားကောင်းကင်ရတနာကို ပိတ်လိုက်၏။ တံတားက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ပိတ်လိုက်၍ ယိုတုပျောက်ကွယ်သွား၏။ ကောင်းကင်နတ်အသွင်အဆင့်ကို ပိတ်လိုက်သည့်အခါ မူလဝိညာဉ်လည်း ပျောက်ကွယ်သွားသည်။
သူ၏အရှိန်အဝါမှာ အားနည်းသွားသော်လည်း မာန်ကတော့ ပြင်းထန်အားကောင်းမြဲဖြစ်သည်။ သူ မြစ်ရေပြင်ထက်တွင် ရပ်နေစဉ် သူ့အနောက်၌ အနက်ရောင်မီးတောက်များ ပေါက်ကွဲနေသည့် ပုံရိပ်များ အမှန်တကယ် ဖွဲ့တည်လာလေသည်။
လူသားဧကရာဇ်ချီကန်းက ညာလက်ကို ဆန့်ထုတ်၍ လက်သီးဆုပ်လိုက်၏။ သူက လက်ခလယ်ဖြင့် ချင်မူ့ကို လှမ်းခေါ်သည်။ “လူသားဧကရာဇ်ချင်၊ လာစမ်းပါ”
ချင်မူမှာ သားကောင်ကို မြင်သဖြင့် ပျော်ရွှင်သွားသကဲ့သို့ ရင်တဒိန်းဒိန်း ခုန်လာသည်။ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်သော်လည်း သူ တွန့်ဆုတ်နေသေးသည်။ “ဒုတိယဘိုးဘေးကြီး၊ တတိယဘိုးဘေးကြီး။ လူသားဧကရာဇ်မျိုးဆက်မှာ ကိုယ့်ဆရာ့ဆရာတွေနဲ့ ဘိုးဘေးတွေကို ပြန်ရိုက်လို့ ဓားသုံးလက်နဲ့ အပေါက်ခြောက်ပေါက် ဖောက်ပြီး ပြစ်ဒဏ်ပေးတာမျိုး မရှိဘူးမလား”
မျိုးဆက်ဟောင်းလူသားဧကရာဇ်အားလုံး ပြုံးလိုက်သည်။ “ငါတို့က ကောင်းကင်နတ်ဆိုးဂိုဏ်းလို မိစ္ဆာဂိုဏ်းမှ မဟုတ်တာ ။ ဘာလို့ ဓားသုံးလက်နဲ့ အပေါက်ခြောက်ပေါက် ဖောက်ပြီး ပြစ်ဒဏ်ပေးရမှာတုန်း သွားသာ သွားလိုက်စမ်းပါ...”
ချင်မူ စိတ်အေးသွားပြီး ခြေတစ်လှမ်းလိုက်၏။ မြစ်ရေပြင်ပေါ် ဆင်းသက်သည့်အခါ သူက အလေးအနက် ပြောလိုက်သည်။ “ဆရာ့ဆရာကြီး ကျွန်တော်ကြောင့် တစ်ခုခု....”
“တိုက်ခိုက်ချင်ရင် တိုက်ခိုက်စမ်း” လူသားဧကရာဇ်ချီကန်းက မာန်သွင်းအော်ဟစ်၍ လက်သီးချက်နှင့်အတူ ပြေးတက်လာသည်။ သူ့အနောက်ရှိ မီးတောက်ပုံရိပ်များက ပေါက်ကွဲတော့မည့်အလား အပြင်းအထန် လှုပ်ခါလာ၏။ မီးတောက်များ တဟုန်းဟုန်း ထတောက်နေပြီး အနက်ရောင်မီးခိုးငွေ့များနှင့် ပြာမှုန်များ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ မြစ်ရေပင် ဆူပွက်စပြုလာသည်။
လက်သီးအာရုံဆီမှ အားလှိုင်းများကြောင့် ချင်မူ့ပတ်ပတ်လည်ရှိ မြစ်ရေများ မြောက်တက်လာသည်။ ထို့နောက် ရေစက်များအဖြစ် ကွဲထွက်သွားပြီး ညင်သာစွာ တုန်ခါနေရင်းဖြင့် ကောင်းကင်ယံသို့ မြောက်တက်လာ၏။
လူသားဧကရာဇ်ချီကန်း မြောက်တက်လာသော မြစ်ရေစက်များထဲ ပြေးဝင်လာသည့်အခါ သူ့လက်သီးသည် ကြီးမားသထက် ကြီးမားလာကာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ သူ့အရှိန်အဝါပင် ပိုမိုကြမ်းတမ်းလာသည်။
ချင်မူ့မျက်လုံးထဲတွင် ဝင်္ကပါအမှတ်အသားများ လည်ပတ်နေပြီး သူ့မျက်လုံးထဲရှိ နဂါးငွေ့တန်းပင်လယ်က နေလုံးကြီးကို ရစ်ပတ်သွား၏။ ထိုအခါ လူသားဧကရာဇ်ချီကန်း၏မျက်နှာ ရေစက်များကို ဝင်တိုက်သွားပြီး သူ့မျက်နှာထက်တွင် ရေစက်များ လွင့်စင်ပြိုကွဲသွားသော ဖြစ်စဉ်ကို အစမှအဆုံး မြင်လိုက်ရသည်။
မျက်ကန်း၏ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်
ဘုန်း
ကြမ်းတမ်းအားကောင်းသော အားလှိုင်းများ မြစ်ရေပြင်ထက်မှ ဖြာထွက်လာပြီး ချင်မူ့လက်သီးက လူသားဧကရာဇ်ချီကန်း၏လက်သီးနှင့် ထိတိုက်သွား၏။ သူတို့အဝတ်အစားများ တဖျပ်ဖျပ် လှုပ်ခါသွားသည်။ လေမုန်တိုင်းကြီးတစ်လုံးက ကောင်းကင်ယံသို့ မြောက်တက်လာသည့် လူသားဧကရာဇ်အနောက်ရှိ မီးတောင်များမှ ချော်ရည်များနှင့် မီးတောက်များအား တိုးဝှေ့တိုက်ခတ်ပစ်လိုက်သည်။
လူသားဧကရာဇ်ချီကန်း၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ရင်ဘတ်နေရာမှ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရ၏။ “သိပ်သည်းလိုက်တဲ့ ချီစွမ်းအင်....”
လေပေါ် မြောက်တက်နေသည့် မြစ်ရေများ ရပ်တန့်သွားပြီး ချင်မူ့လက်သီးက ပြင်းထန်အားကောင်းသော ချီစွမ်းအင်ဖြင့် လက်ဝါးဖြန့်လိုက်သည်။
“ဓားအလက်ရှစ်ထောင်”
ကောင်းကင်ယံရှိ ရေစက်များ ဆွဲယူခံလိုက်ရပြီး ချွန်ထက်သော ဓားပျံများအဖြစ် ပြောင်းလဲသွား၏။ ဓားအလက်ရှစ်ထောင်က အခြေခံဓားချက် ဆယ့်ခုနစ်ချက်ကို ထုတ်ဖော်၍ ခန့်မှန်းမရသော အပြောင်းလဲများဖြင့် လူသားဧကရာဇ်ချီကန်းအား တိုက်ခိုက်သည်။
လူသားဧကရာဇ်ချီကန်း၏အမူအရာ ပြောင်းလဲသွားပြီး လေပေါ် ခုန်တက်ကာ ဆုတ်ခွာလိုက်သည်။ သူ၏ခန္ဓာကိုယ်က မြစ်ရေပြင်ထက်တွင် ပျံသန်းနေသော ငန်းတစ်ကောင်ပမာ လွတ်လပ်ပေါ့ပါးစွာ နောက်ဆုတ်သွားသည်။ သူက ခုန်ချည်ဆင်းချည် သုံးကြိမ် လှုပ်ရှားနေသည့်အပြင် သူ၏ခန္ဓာကိုယ်ရွေ့လျားမှုများက အတိုင်းအထက်အလွန် ထူးဆန်းနေ၏။ သူက ဓားအလက်ရှစ်ထောင်၏ အပြောင်းအလဲများနှင့် တိုက်ကွက်များအား ရှောင်တိမ်းနေခြင်း ဖြစ်ချေသည်။
ချင်မူ ရှေ့တက်လိုက်သည်။ သူ့လက်နှစ်ဖက် ပင့်မြှောက်လိုက်သည့်အခါ မရေမတွက်နိုင်သော ရေစက်များက ဓားအသွင် ဖွဲ့တည်ကာ ပိုင်းချလိုက်၏။
ရွှစ်
ဓားမှ ဓားရောင်များ ကူးလူးဖြာထွက်သွားပြီး ဓားများက ပစ်မှတ်ဆီသို့ မုန်တိုင်းသဖွယ် ပြေးဝင်သွားသည်။
လူသားဧကရာဇ်ချီကန်းက မာန်သွင်းအော်ဟစ်၍ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ လက်ဝှေ့ယမ်းလိုက်ရာတွင် ကောင်းကင်ယံတစ်ပြင်လုံး လက်ဝါးအရိပ်များ ပြည့်နှက်သွား၏။ ရုတ်တရက် ဓားသံများ တဝှမ်ဝှမ် မြည်လာပြီး ချင်မူဖွဲ့တည်ထားသော ဓားများသည် ဝဲကတော့ကဲ့သို့ လည်ကာ သူ့လက်ဝါးများကို ပိုင်းဖြတ်လိုက်၏။ လက်ဝါးအားလုံး ဇကာပေါက်သဖွယ် ဖြစ်ကုန်သည်။
“ယား”
ချင်မူ့ခြေဖဝါးက မြစ်ရေပြင်သို့ ဖိနင်းချလိုက်သည့်အခါ ရေတိုင်ကြီးတစ်လုံး မြောက်တက်လာပြီး ရေနဂါးတစ်ကောင်အသွင် ပြောင်းသွားသည်။ ချင်မူ လှမ်းဆွဲလိုက်သည့်အချိန်တွင် ရေနဂါးက လှံတစ်လက် ဖြစ်လာ၏။ မရေမတွက်နိုင်သော လှံအရိပ်များက လေလယ်ရှိ လူသားဧကရာဇ်ချီကန်းကို ထိုးလိုက်ကြသည်။
လူသားဧကရာဇ်ချီကန်းမှာ ချင်မူ၏ လှံဖြင့် ထိုးကလော်၍ မြေရေပြင်အပေါ် ရိုက်ချခံလိုက်ရသည်။
ဘုန်း
ချင်မူ့လက်ထဲရှိ ရေနဂါးလှံ ပြိုကွဲသွားပြီး သူက လက်နှစ်ဖက်လုံးကို ကောင်းကင်ယံသို့ ပင့်မြှောက်လိုက်သည်။ မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ် လက်လျက် မိုးကြိုးနဂါးအသွင် ဖွဲ့တည်ကာ လူသားဧကရာဇ်ချီကန်း ပြုတ်ကျသွားသည့်နေရာသို့ ပစ်ချလိုက်၏။
“မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း”
ချင်မူလက်က မုဒြာဟန်ဖြင့် ဝှေ့ယမ်းလိုက်သည့်အခါ သူ့ကျောနောက်ရှိ ကောင်းကင်ယံ၌ ကြယ်တာရာများ ပြည့်နှက်သွားပြီး အင်မတန် ကြောက်မက်ဖွယ်ရာကောင်းသော အားစက်ကွင်းတစ်ခု ဖြစ်တည်လာ၏။ အားစက်ကွင်းထဲ၌ သုံးရာ့ခြောက်ဆယ်သော နတ်ဘုရားတို့၏ ပုံရိပ်များ ပေါ်လာကာ အားလုံးက လက်ဝါးများဖြင့် ရိုက်ချလိုက်ကြသည်။
ထိုရိုက်ချက်က အသံမထွက်ပေ။
မြစ်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါ၍ တွန့်လိမ်ကွေးကောက်သွားသည်။ သုံးရာ့ခြောက်ဆယ်သော လက်ဝါးအားလှိုင်းတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာခြင်းက နေရာဟင်းလင်းပြင်ကို ပုံပျက်သွားစေခြင်းဖြစ်၏။
ချင်မူ လက်ပြန်ရုတ်ပြီး တခဏကြာသော် လူသားဧကရာဇ်ချီကန်းက ရေအောက်ထဲမှ ပြန်ပေါ်လာပြီး မြစ်ရေနှင့်အတူ မျောပါသွားသည်။
တံတားပေါ်ရှိ လူသားဧကရာဇ်များက လည်ဆန့်ကြည့်နေပြီးနောက် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။ တခဏကြာသော် စတုတ္ထဘိုးဘေးကြီးက ခပ်တိုးတိုး ပြောလိုက်သည်။ “လောကသခင်ခန္ဓာကိစ္စလေ... စုလေး ငါတို့ကို လိမ်နေတာများလား။ ဒီကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာ တကယ် ရှိနေတာများ ဖြစ်နေမလား”