← Chapters

မီးမိစ္ဆာ

Vol. 40 Ch. 540

မီးမိစ္ဆာ

Vol. 40 Ch. 540

ဟိုတိုင်ချန်းကို အနိုင်ယူ တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မဟာဆရာသခင် အဆင့်အောက် နံပါတ်၁ ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ပိုပြီး ခိုင်မြဲသွားခဲ့ပြီလို့ ဆိုရပါမယ် ။

လူတွေအားလုံးကတော့ ဝမ်ချောင်းကောင်းကိုယ်တိုင် လီဖူချန်းကို စိမ်ခေါ်ရင်တောင်မှ အနိုင်ရဖို့ မပြောနဲ့ ။ အသာစီးတောင် ရယူနိုင်မှာ မဟုတ်ဘူးလို့ ထင်ကြေး ပေးစ ပြုလာခဲ့ပါပြီ ။

"ညီလေး ဖူချန်း…… အစ်ကိုက လေ့တုံးဟိုင်ပါ ။အစ်ကို့အနေနဲ့ ညီလေးကို စကားစမြည် နည်းနည်းပါးပါး ပြောလို့ ရမလား "

လေ့တုံးဟိုင်ရဲ့ အသံက လီဖူချန်းရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။

" ရပါတယ်…… အစ်ကိုလေ့ "

လီဖူချန်းက မငြင်းပါဘူး ။ သူက သိုင်းစင်မြင့် ကွင်းပြင်ကို စပြီး ရောက်လာကတည်းကနေ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ကို သတိထားမိ နေတာ မဟုတ်ပါလား ။

***----***----***----**------

ဘုရင့်နယ်မြေ မျောလွင့်ဖုန်မှုန့် တောင်ထွတ် တစ်နေရာ……

သည်တောင်ထွတ် ပေါ်မှာတော့ လူငယ်သုံးယောက်ဟာ ကျောက်တုံး စားပွဲ တစ်ခုကို ဗဟိုပြုပြီး ဖိုခနောက်ဆိုင် ထိုင်နေကြပါတယ် ။အဲသည် လူငယ် သုံးယောက်ကတော့ လီဖူချန်း ၊ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ပါပဲ ။

လေ့တုံးဟိုင်က လက်ဖက်ရည်ကြမ်းခွက်ကို  မသောက်သေးဘဲ တစ်ချက် မှုတ်လိုက်ပြီး စကားဝိုင်းကို စလိုက်ပါတယ် ။

" ညီလေး ဖူချန်း…… အစ်တိုတို့ မင်းဆီ လာလည်တယ် ဆိုတာက မဟာဆရာသခင် အဆင့် မိစ္ဆာတစ်ကောင်ကို သွားရောက်တိုက်ခိုက်တဲ့ နေရာမှာ အကူအညီပေးဖို့ လာဖိတ်တာပဲ ။ အဲသည်မိစ္ဆာက ကောင်းကင် အဆင့်နိမ့် ကြယ်မီးတောက် ဆေးပင်ကို စောင့်ကြပ်နေတာ ။ တကယ်လို့ ညီလေး အကူအညီ ပေးမယ်ဆိုရင် အစ်ကိုက ညီလေးကို ဝေစုအဖြစ်  ကြယ်မီးတောက် ဆေးပင်က အရွက်တစ်ရွက် ပေးမယ်ကွာ ။ ဘယ်လိုလဲ ။ စိတ်ဝင်စားရဲ့လား "

" ကြယ်မီးတောက် ဆေးပင်လား "

လီဖူချန်းက မျက်မှောင်ကြုတ်လိုက် မိပါတယ် ။ သူက စိတ်ဝင်စားသွား မိတာတော့ အမှန်ပါပဲ ။

ဆေးပင်တစ်ပင်က ကောင်းကင်အဆင့်ကို ရောက်သွားပြီဆိုရင် အဲဒါကို သာမန် ဆေးပင်တစ်ပင်အဖြစ် သတ်မှတ်လို့ မရတော့ပါဘူး ။ အဲသည်ဆေးပင်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ အဆီအနှစ်တွေကို စုပ်ယူနိုင်စွမ်း ရှိလာပါတယ် ။ မသိရင်တော့ အဲဒါက အလွန်အကျူး ချဲ့ကား ပြောဆိုနေသလိုပါပဲ ။

လီဖူချန်း အနေနဲ့ အရင်တုန်းကတော့  ကောင်းကင်အဆင့်နိမ့် ဆေးပင်တစ်ပင် ဖြစ်တဲ့ ကြယ်ငင်ဆေးပင်ကို စားခဲ့ဖူးတယ် ဆိုပေမယ့် အဲဒါက လိုအပ်တဲ့ သူတွေသာ တန်ဖိုးရှိတဲ့ ဆေးပင် ဖြစ်ပါတယ် ။ မလိုအပ်သူတွေ အတွက်ကတော့ အဲဒါက အသုံးမဝင်တဲ့ ဆေးပင်ပါပဲ

ဒါပေမဲ့ ကြယ်မီးတောက် ဆေးပင်ကတော့ အဲသည်လို မဟုတ်ပါဘူး ။ သည်ဆေးပင်က ကျင့်ကြံသူ အားလုံးနီးပါးကို အကျိုးအမြတ် အများကြီး ရှိစေတယ်လို့ ဆိုရပါမယ် ။

ပထမဆုံး အနေနဲ့ ကြယ်မီးတောက် ဆေးပင်ဟာ ချီအတွင်းအားတွေကို တိုးမြှင့်စေနိုင်စွမ်း ရှိပါတယ် ။ ရေခဲတာအို ဒါမှမဟုတ် ရေတာအိုကို  အခြေခံတဲ့ ချီအတွင်းအားတွေကလွဲပြီး ကျန်တဲ့ ချီအတွင်းအား မှန်သမျှကို တိုးပွားစေပါတယ် ။

ဒုတိယ အနေနဲ့ကတော့ ကြယ်မီးတောက် ဆေးပင်ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သွေးတွေကို ပိုပြီး ကြံ့ခိုင် သန်စွမ်းလာစေတာပါပဲ ။

တတိယကတော့ အရေး အကြီးဆုံးလို့ပဲ ဆိုရပါမယ် ။ မီးတောက်ကြယ် ဆေးပင်က ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို ပိုပြီး သန်မာစေပြီး ချီအတွင်းအား ပမာဏကို ပိုသိုလှောင်စေနိုင်စွမ်း ရှိပါတယ် ။

အချုပ်အားဖြင့် ပြောရမယ် ဆိုရင်တော့ မီးတောက်ကြယ် ဆေးပင်ဟာ မူလ ပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် ဆွဲဆောင်နိုင်တဲ့ ဆေးပင် တစ်ပင်ပါပဲ ။

"ကျွန်တော်က အဲသည် မိစ္ဆာကို ကျွန်တော်ရဲ့  လိပ်ပြာအသိစိတ်အာရုံနဲ့ တိုက်ခိုက်ပေးရုံပဲ မဟုတ်လား "

လီဖူချန်းက သေချာအောင် မေးလိုက်ပါတယ် ။သူက ငတုံးတစ်ယောက် မဟုတ်ပါဘူး ။ လေ့တုံးဟိုင်က သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို လိုချင်လို့ လာဖိတ်ခေါ်တယ်ဆိုတာ အသိသာကြီးပါပဲ ။

လေ့တုံးဟိုင်က ခေါင်းညိတ်လိုက်ပြီး

" သက်တံနီဂိုဏ်း တစ်ခုလုံးရဲ့ တပည့်တွေထဲမှာ ဆိုရင် ပိုင်ချူးမင် နဲ့ ညီလေးရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုက အစွမ်းအထက်ဆုံးပဲ ။ အစ်ကို့အနေနဲ့ ပိုင်ချူးမင်ကို ဖိတ်ခေါ်ဖို့က သိပ်ပြီး အဆင်မပြေဘူး ။ ပြီးတော့ သူက အလွယ်တကူ ဖိတ်ခေါ်လို့ရတဲ့ သူလည်း မဟုတ်ဘူး ။ အဲသည်အတွက်ကြောင့် အစ်ကိုက ညီလေးကို လာဖိတ်တာပါ "

ပိုင်ချူးမင်ကို ဖိတ်ခေါ်ဖို့အတွက် ပေးရမယ့် အဖိုးအခဟာ ကြီးမားလွန်းလှပါတယ် ။ လေ့တုံးဟိုင် အနေနဲ့ ဆင်ဖိုးထက် ချွန်းဖိုး ကြီးတဲ့ အဖြစ်မျိုးကို မလိုချင်ပါဘူး ။

" ဟုတ်ပြီလေ ။ အဲသည်လို ဆိုမှတော့လည်း ကျွန်တော်က ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခံရတော့မှာပေါ့ ။ ကျွန်တော် ပါမယ် "

သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက လေ့တုံးဟိုင်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါတော့တယ် ။ ဒါက အရွက်လေးတစ်ရွက် ဆိုပေမယ့်လည်း ကောင်းကင်အဆင့်နိမ့် ဆေးပင်ရဲ့ အရွက် မဟုတ်ပါလား ။ သူ့အနေနဲ့ သည်အခွင့်အရေးကို လုံးဝ လက်လွှတ်ခံလို့ မဖြစ်ပါဘူး ။

' အဆင်ပြေပြီကွ ။ မီးမိစ္ဆာ မင်း သတိသာ ထားပေတော့ '

လီဖူချန်းရဲ့ အဖြေကို ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ လေ့တုံးဟိုင်ဟာ စိတ်ထဲကနေ ကျိတ်ပြီး ကြုံးဝါးလိုက်မိပါတယ် ။

လီဖူချန်း ပါဝင်လာမှတော့ မီးမိစ္ဆာကို သတ်ဖြတ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ အရာ မဟုတ်တော့ပါဘူး ။ သူက မီးမိစ္ဆာကို သတ်ဖြတ်ပစ်နိုင်ဖို့အတွက် ၉၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိလာခဲ့ပါတယ် ။

" ကဲ…… ညီလေး  ။ ဒါဆို အချိန်မလင့်ခင် အစ်ကိုတို့ သွားလိုက်ကြရအောင် "

" ဟုတ်ကဲ့ပါ …… အစ်ကိုလေ့ "

အဲသည်နောက်မှာတော့ သူတို့သုံးယောက်ဟာ အချိန် ဆွဲမနေတော့ဘဲ ကြေးနီ ကုန်းမြေတိုက်ကို ထွက်လာခဲ့ကြပါပြီ ။

*****------******--------*******-------***------

- ကြေးနီ ကုန်းမြေတိုက် -

မီးမိစ္ဆာ နေထိုင်ရာ တောင်တန်းကတော့ ကြေးနီ ကုန်းမြေတိုက်မှာ ကန့်သတ်ထားတဲ့ သာမည တားမြစ်နယ်မြေ ဆယ့်တစ်ခုထဲက တစ်ခု ဆိုရင်လည်း မမှားပါဘူး ။

ဟူး……ဟူး……ဟူး……

တစ်နေ့မှာတော့ လူငယ်သုံးယောက်ဟာ မီးမိစ္ဆာ တောင်တန်းကို ပျံသန်း ရောက်ရှိလာခဲ့ပါတယ် ။ အဲသည်လူငယ် သုံးယောက်ကတော့  လီဖူချန်း ၊ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ပါပဲ ။

လေ့တုံးဟိုင်က ပျံသန်းနေရင်းနဲ့ လီဖူချန်းကို ရှင်းပြစရာရှိတာ ရှင်းပြနေပါတယ် ။

" ညီလေးလီ …… သည်မီးမိစ္ဆာက သွေးသန့် မီးမိစ္ဆာလို့ အစ်ကို့အနေနဲ့ သံသယ ရှိထားတယ် ။ သူ့ရဲ့ တန်ခိုးအစွမ်းက သာမန် မဟာဆရာသခင် အဆင့်မှာတော့ မဟုတ်ဘူး ။ပြီးတော့ သူက မီးတောက်အဖြစ် အသွင်ပြောင်းနိုင်သေးတယ် ။ သူက အဲသည်လို မီးတောက်အဖြစ် အသွင်ပြောင်းလိုက်ရင် အစ်ကို့ရဲ့ မိုးကြိုးတူ နတ်ဘုရား စွမ်းရည်ကိုတောင်မှ သိပ်ပြီး မမှုတော့ဘူး ။ သူက အစ်ကို့ရဲ့ မိုးကြိုးတူ နတ်ဘုရားစွမ်းရည် တစ်ဝက်လောက်ကိုတောင် သည်အတိုင်း ပျက်ပြယ်သွားစေနိုင်တယ် ။အစ်ကို့ထက်စာရင် မင်းရဲ့ အစ်မတော် ကုချူးယီရဲ့ တောက်ပမှု နတ်ဘုရားစွမ်းရည်ကမှ ပိုပြီး ထိရောက်မှု ရှိသေးတယ် ။ ပြသနာက တောက်ပမှု နတ်ဘုရား စွမ်းရည်က လျင်မြန်မှုကို ပိုအသား ပေးနေတာပဲ ။ အဲဒါက စွမ်းအား ပြင်းထန်မှုအင်းမှာ သိပ်ပြီး အစွမ်း မပြနိုင်ဘူး "

တောက်ပမှု နတ်ဘုရား စွမ်းရည်က သူ့ဘာသာသူ ဆိုရင်တော့ အလွန် အစွမ်းထက်တဲ့ နတ်ဘုရား စွမ်းရည်ပါပဲ ။ ဒါပေမဲ့လည်း ပြင်းထန်မှု အပိုင်းမှာတော့ မိုးကြိုးတူ နတ်ဘုရား စွမ်းရည်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာပါပဲ ။ တောက်ပမှု နတ်ဘုရား စွမ်းရည် ဆိုတာက လျင်မြန်မှု အပိုင်းကိုသာ  ပိုပြီး ဦးစားပေးတဲ့ နတ်ဘုရား စွမ်းရည်ပင် မဟုတ်ပါလား ။

" မီးတောက် အသွင်ကို ပြောင်းဖို့ဆိုတာက  အာရုံ စူးစိုက်မှု အများကြီးလိုမှာ အသေအချာပဲ ။ အဲသည်အပိုင်းနဲ့ ပက်သက်ရင်တော့ စိတ်မပူပါနဲ့ …… အစ်ကိုလေ့ ။ ကျွန်တော်က သူ့ကို ကောင်းကောင်း နှောင့်ယှက်နိုင်ပါတယ် ။ တကယ်လို့ သူက မီးတောက်အသွင်ကို ပြောင်းနိုင်သေးတယ် ဆိုရင်တောင်မှ အပြစ်အနာအဆာ ကင်းတဲ့ မီးတောက်အဖြစ် ပြောင်းမသွားစေရဘူး "

လီဖူချန်းက လေ့တုံးဟိုင်ကို အာမခံ လိုက်ပါတယ် ။

လေ့တုံးဟိုင်က ပြုံးလိုက်ပြီး

" အဲလောက် ဆိုရင်ကို အဆင်ပြေတယ် ……ညီလေး ။ ထိပ်တိုက်ရင်ဆိုင်ဖို့ကတော့ ညီလေးရဲ့ အပိုင်း မဟုတ်ဘူး ။ ညီလေးက ညီလေး တတ်နိုင်တာကိုသာ အားစိုက်ပြီး လုပ်ပေး ။ ကျန်တာကို အစ်ကို နဲ့ ကုချူးယီက တာဝန်ယူလိုက်မယ် "

သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်ဟာ မီးလျှံမုဒ်ဝ တစ်ခုဆီကို ရောက်ရှိလာခဲ့ပါပြီ ။

" ညီလေးလီ…… သတိထားတော့ ။ သည်မီးလျှံမုဒ်ဝကို ကျော်ပြီးရင် မီးမိစ္ဆာနေတဲ့ လျှို့ဝှက်နယ်မြေကို ရောက်ပြီ "

လေ့တုံးဟိုင်က သတိပေးလိုက်ပါတယ် ။

ကြေးနီ ကုန်းမြေတိုက်ကြီးအကြောင်း လေ့လာဖူးတဲ့ လူမှန်သမျှဟာ မီးမိစ္ဆာ တောင်တန်းမှာ မဟာ ဆရာသခင် အဆင့်ရှိတဲ့ မီးမိစ္ဆာတစ်ကောင် ရှိတယ်ဆိုတာကို ကြားဖူးပြီးသားပါပဲ ။ ဒါပေမဲ့လည်း မီးမိစ္ဆာ နေထိုင်ရာ နေရပ် အတိအကျကိုတော့ သူတို့ဟာ မသိကြပါဘူး ။ လေ့တုံးဟိုင်ကတော့ မမျှော်လင့်ဘဲနဲ့ မီးမိစ္ဆာ နေထိုင်ရာ လျှို့ဝှက်နယ်မြေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။

ရှဲ……ရှဲ……ရှဲ……

သူတို့သုံးယောက် မီးမိစ္ဆာ နေထိုင်ရာ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ ချီအကာအကွယ်တွေဟာ တရှဲရှဲ မြည်ကုန်ပါတယ် ။

အဲဒါကတော့ သည်လျှို့ဝှက်နယ်မြေရဲ့ အပူချိန်ကြောင့်ပါပဲ ။မီးမိစ္ဆာ ရှိတဲ့ လျှို့ဝှက်နယ်မြေရဲ့ အပူချိန်ဟာ သာမန်အပူချိန်ထက်ကို အဆမတန် ပိုပြီး မြင့်မားတယ်လို့ ဆိုရပါမယ် ။ပတ်ဝန်းကျင် လေထုအလွှာတောင်မှ  အပူရှိန်ကြောင့် လှိုင်းအထပ်ထပ် ထနေပြီး တစ်ခါတစ်ရံမှာ မြေပြင်ကနေ မီးလုံးတွေ ထွက်လာတာကို လီဖူချန်း သတိပြုမိလိုက်ပါတယ် ။

" သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီး တာအိုတွေက မီးတာအိုဥပဒေသနဲ့ ရောယှက် နေတာပဲ "

လီဖူချန်းက အံ့သြသွားမိတယ် ဆိုတာကိုတော့ မငြင်းလိုပါဘူး ။

သည်နေရာက တကယ်ပဲ လျှို့ဝှက်နယ်မြေ ခေါ်ထိုက်ခံလောက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ တာအို ဥပဒေက အပြင်လောကနဲ့ ကွဲပြားနေလို့ပါပဲ ။

" ဟမ့်…… နောက်ထပ် လူသားသုံးယောက်က အသေခံဖို့ ရောက်လာပြန်ပြီလား "

သူက လီဖူချန်းတို့ သုံးယောက် လ့ဝှက်နယ်မြေထဲကို ဝင်လာတာနံ့ တန်းပြီး အာရုံခံလိုက် မိပါတယ် ။

လျှို့ဝှက်နယ်မြေကို အပိုင်စား ရထားတဲ့ မီးမိစ္ဆာဟာ သူ့ရဲ့ ပိုင်နက်ထဲကို အခွင့်မရှိဘဲ ဝင်လာတဲ့ လီဖူချန်းတို့ သုံးယောက်ကို အာရုံ မခံနိုင်စရာ အကြောင်းတော့ မရှိပါဘူး ။

မီးမိစ္ဆာကတော့ လျှို့ဝှက်နယ်မြေရဲ့ အလယ်ဗဟို တည့်တည့်မှာ ရပ်နေတာ ဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ မီးလျှံတွေက လွှမ်းခြုံထားပါတယ် ။ သူ့ရဲ့ ခြေထောက်အောက်မှာ ရှိနေတာကတော့  အဖြူရောင် အရိုးစု တချို့ပဲ ဖြစ်ပါတယ် ။

အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ မီးမိစ္ဆာ နေထိုင်တဲ့ လျှို့ဝှက်နယ်မြေကို ရှာတွေ့ခဲ့တာက လေ့တုံးဟိုင် တစ်ယောက်တည်း မဟုတ်ပါဘူး ။ အခြားကျင့်ကြံသူတွေကလည်း သည်နယ်မြေကို ရှာတွေ့ခဲ့ကြပါတယ် ။

အခု မြင်နေရတဲ့ အတိုင်း ဆိုရင်တော့ လေ့တုံးဟိုင်တို့ ရောက်မလာခင် သည်နေရာကို ရောက်လာကြတဲ့ မဟာ ဆရာသခင် အုပ်စု တစ်စုဟာ မီးမိစ္ဆာ္တရဲ့ အစာ ဖြစ်သွားတဲ့ ပုံပါပဲ ။

"မင်းတို့နှစ်ယောက်…… နောက်တစ်ကြိမ် ရောက်လာပြန်ပြီလား "

လေ့တုံးဟိုင်တို့ အဖွဲ့ သူ့ဆီ  ရောက်လာတဲ့ အခါမှာတော့ မီးမိစ္ဆာက လေ့တုံးဟိုင်ကို လှမ်းပြီး ပြောလိုက်ပါတယ် ။သူက လေ့တုံးဟိုင် နဲ့ ကုချူးဟီတို့ကို လုံးဝ မေ့လျော့ခြင်း မရှိပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ သည်လျှို့ဝှက်နယ်မြေကို  စိတ်တိုင်းကျ လာချင်တိုင်းလာ ၊ ပြန်ချင်တိုင်းပြန် လုပ်နေလို့ပါပဲ ။ မီးမိစ္ဆာဖြစ်တဲ့ သူကိုယ်တိုင်ကလည်း သည်နှစ်ယောက်ကို မနိုင်တဲ့အတွက် သည်အတိုင်း ရပ်ကြည့်နေရတာ မဟုတ်ပါလား ။

" မီးမိစ္ဆာ……သည်နယ်မြေကို လက်လွှတ်လိုက်စမ်း ။ ဒါဆိုရင် ငါတို့က မင်းကို အသက်ချမ်းသာ ပေးမယ် "

လေ့တုံးဟိုင်က ရေခဲတမျှ အေးစက်တဲ့ လေသံနဲ့ မီးမိစ္ဆာကို ခြိမ်းခြောက်လိုက်ပါတယ် ။

လီဖူချန်းရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှုက မီးမိစ္ဆာကို ဒုက္ခပေးနိုင်မယ် ဆိုတာကို သူ့အနေနဲ့ ခြွင်းချက် မရှိ ယုံကြည်ပေမယ့်လည်း  လီဖူချန်းဟာ ဘယ်လောက် အထိ ဒုက္ခ ပေးနိုင်မယ် ဆိုတာကို သူတို့အနေနဲ့ ရေရေရာရာ မသိသေးပါဘူး ။

အဲသည်အတွက် သူတို့ဟာ  မီးမိစ္ဆာနဲ့ ထိပ်တိုက် ရင်ဆိုင်ရခြင်း မရှိလေလေ ၊ ပိုကောင်းလေလေပါပဲ ။

" ဟာသပဲ ။ မင်းကများ ငါ့ကိုပြန်ပြီး ခြိမ်းခြောက်နေလိုက်သေးတယ် ။ မင်းကိုငါက သည်တစ်ခါ သည်နေရာကနေ ပြန်ခွင့်ပေးမယ် မထင်နဲ့ "

စကားဆုံးတဲ့ နောက်မှာတော့ မီးမိစ္ဆာက ပတ်ဝန်းကျင် အရပ်မျက်နှာ အကုန်လုံးမှာ ရှိနေတဲ့ မီးတာအို ချီတွေကို စုစည်းလိုက်ပြီး လေ့တုံးဟိုင်တို့ သုံးယောက်ကို မီးလောင်တိုက်သွင်း လိုက်ပါတယ် ။

" သေကြစမ်း "

ဟူး……ဟူး……ဟူး……

များပြားလှတဲ့ မီးလုံးကြီးတွေဟာ လေ့တုံးဟိုင်တို့ သုံးယောက်ဆီကို တရစပ် တိုးဝင်လာခဲ့ပါပြီ ။

" သွားစမ်း "

ဘန်း……ဘန်း……ဘန်း……

လေ့တုံးဟိုင်က ကြီးမားလှတဲ့ တူကြီး တစ်လက်ကို ထုတ်လိုက်ပြီး သူတို့ဆီ တိုးဝင်လာတဲ့ မီးလုံးကြီးတွေကို ထုခွဲပစ်လိုက်ပါတယ် ။

" မဟာရောင်ခြည် "

ကုချူးယီရဲ့ လှုပ်ရှားမှုကလည်း လျှပ်ပြက်တဲ့ အလားပါပဲ ။ သူမက ခန္ဓာကိုယ်ထဲကနေ ရွှေအိုရောင် အလင်းတန်း ရောင်ခြည် တစ်ခုကို ထုတ်လွှတ်ပြီး မီးမိစ္ဆာကို တိုက်ခိုက်လိုက်ပါတယ် ။ လီဖူချန်းကတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံ အားကိုးနဲ့ အဲသည် ရောင်ခြည် အလင်းတန်းကို ကောင်းကောင်းကြီး ခွဲခြမ်း စိတ်ဖြာလိုက် နိုင်ပါတယ် ။ အဲဒါက သာမန် ရွှေအိုရောင် အလင်းတန်းရောင်ခြည် မဟုတ်ပါဘူး ။ အဲသည် အလင်းတန်းရောင်ခြည် ထဲမှာက မရေမတွက်နိုင်တဲ့ ရွှေအိုရောင် ဓားအလင်းတန်းတွေ ခိုဝင် ကိန်းအောင်း နေပါတယ် ။

မီးမိစ္ဆာကလည်း သတိလက်လွတ် နေနေခြင်း မရှိပါဘူး ။သူက တစ်ကိုယ်လုံးကို လောင်ကျွမ်းစေလိုက်ပြီး မီးတောက်အသွင် ပြောင်းဖို့တောင် ပြင်ဆင်ပြီးနေပါပြီ ။

" စိတ်ဝိညာဉ် အသိစိတ်ဆူး "

အဲသည်အချိန်မှာပဲ  စိတ်ဝိညာဉ် အသိစိတ်ဆူး တစ်ချောင်းဟာ မီးမိစ္ဆာရဲ့ ဦးခေါင်းခွံထဲကို စိုက်ဝင်သွားပါတော့တယ် ။

အဲသည်နောက်မှာတော့ မီးမိစ္ဆာရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ မီးတောက်တွေဟာ မှေးမှိန်သွားခဲ့ပါပြီ ။ သူရဲ့ မီးတောက်အသွင် ပြောင်းခြင်းဟာ အပြည့်အဝ အောင်မြင်သွားခြင်း မရှိဘူးဆိုတာ အသိသာကြီးပါပဲ ။

ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း………

ရွှေအိုရောင် ဓားအလင်းတန်းတွေက မီးမိစ္ဆာရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီး ဓားဒဏ်ရာတွေ ချန်သွားခဲ့ပါတယ် ။

မီးမိစ္ဆာက မီးတောက်အသွင် မပြောင်းနိုင်ခဲ့ဘူး ဆိုပေမယ့်လည်း  သူ့ရဲ့ ခန္ဓာကိုယ်ဟာ မိစ္ဆာခန္ဓာကိုယ် ဖြစ်နေဆဲပါပဲ ။ အဲသည်အတွက် ကုချူးယီက မီးမိစ္ဆာ္တကို အပေါ်ယံ ဓားဒဏ်ရာလေးတွေသာ ပေးစွမ်းနိုင်ခဲ့ပါတယ် ။

" လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုလား"

တစ်ဖက် ရန်သူတွေမှာ လိပ်ပြာ အသိစိတ်အာရုံနဲ့ တိုက်ခိုက်နိုင်တဲ့သူ ပါလာတာကို သိသွားပြီးတဲ့ နောက်မှာတော့ မီးမိစ္ဆာဟာ မီးတောက်အသွင် ပြောင်းတာကို ပေါ့ပေါ့ပျက်ပျက် မလုပ်ရဲတော့ပါဘူး ။ သူက အရင်ကထက် အာရုံ ပိုစူးစိုက်ပြီး မီးတောက်အသွင် ပြောင်းဖို့ ကြိုးပမ်းပါတော့တယ် ။

" စိတ်ဝိညာဉ် အသိစိတ်ဆူး တစ်ချောင်းက သည်ကောင်ကြီးကို တားနိုင်မှာ မဟုတ်ဘူး ။ ငါက  စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းနဲ့  ပစ်ရင်တောင်မှ သူ့ကို နည်းနည်းပဲ ထိခိုက်စေမှာ "

လီဖူချန်းက အခြေအနေကို ကောင်းကောင်းကြီး ရိပ်စားမိပါတယ် ။

အစောပိုင်းတုန်းက စိတ်ဝိညာဉ် အသိစိတ်ဆူးဟာ မီးမိစ္ဆာကို အဘစ်ငိုက် ချောင်းပြီး ပစ်လိုက်တာ ဖြစ်တဲ့အတွက် သက်ရောက်မှု ရှိသွားခဲ့တာပါ ။ သည်တစ်ကြိမ်မှာတော့ မီးမိစ္ဆာက သူ့ရဲ့ စိတ်ကို ပြင်ဆင်ထားခဲ့ပြီ ဖြစ်တဲ့အတွက် စိတ်ဝိညာဉ် အသိစိတ်ဆူး သုံးချောင်းတောင်မှ အလုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး ။ အဲသည်အတွက် သူ့အနေနဲ့ ကိန္နရီဆူးကို သုံးမှပဲ ရပါတော့မယ် ။

" ကိန္နရီဆူး "

ငှက်ပုံသဏ္ဌာန် ဆူးတစ်ချောင်းဟာ မီးမိစ္ဆာဆီကို ပျံသန်း တိုးဝင် သွားခဲ့ပါပြီ ။

" နတ်ဘုရား မိုးကြိုးတူ "

လေ့တုံးဟိုင်ကလည်း သူ့ရဲ့ မိုးကြိုးတူ နတ်ဘုရား စွမ်းရည်ကို ဘယ်တုန်းကတည်းက အသက်သွင်းထားတယ် မသိပါဘူး ။

ကြီးမားလှတဲ့ မိုးကြိုးတူ အရိပ်ကြီး တစ်ခုဟာ မီးမိစ္ဆာကို ထုချလိုက်ပါတယ် ။

" တောက်ပမှု ဓားအလင်း "

ကူချူးယီကလည်း လုံးဝ လက်နှေးနေခြင်း မရှိပါဘူး ။ သူမကလည်း သူမရဲ့ နတ်ဘုရား စွမ်းရည်ကို ထုတ်သုံးပြီးသားပါပဲ ။သူမရဲ့  လက်ထဲက ဓားရှည်ဟာ ရွှေရောင် ဓားကြီးတစ်လက်အဖြစ် ပြောင်းသွားပြီး မီးမိစ္ဆာကို ခုတ်ချလိုက်ပါတယ် ။

***

All Chapters