ကြယ်စင်စုလေး၏ စွမ်းအား
Vol. 72 Ch. 999
ဝမ်ပေါင်လဲ့မှာမူ မလှုပ်မယှက် ရပ်ကာ တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ထို ကျောက်တုံးရုပ်တုအား စိုက်ကြည့်နေသည်။
ထို ကျောက်တုံးရုပ်တု၏ မျက်နှာမှာ မှုန်ဝါးဝါးဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ ပုံပန်းသွင်ပြင်အား အတိအကျ မြင်နိုင်စွမ်းမရှိပေ။ သို့သော် ၎င်းမှာ လူသား ကျင့်ကြံသူတစ်ယောက်၏ ရုပ်တုဖြစ်ကြောင်း သိနိုင်ပေသည်။ ထို ရုပ်တုထဲ၌ အချိန် အငွေ့အသက်များ ပြည့်နှက်နေသလို ၎င်း၏ အဝတ်အစားများမှာလည်း အလွန်အင်မတန်မှ ရှေးဆန်၏။ ၎င်း၏ နောက်ကျောတွင် လွယ်ထားသည့် ဓားမှာ ကျောက်သားနှင့် ထုဆစ်ထားသည့်တိုင်အောင် အသွားချွန်ထက်သည့် ဓားစိတ်ဆန္ဒတစ်မျိုးကို ထုတ်လွှတ်နေဆဲဖြစ်သောကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားနေရသည်။
အကယ်၍ သူသာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် ထပ်၍ လှမ်းသွားလိုက်မည်ဆိုပါက ထို ကျောက်ဓားထဲမှ ဓားချီများမှာ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့မည့် အလားပင်။
၎င်း၏ ဘေးပတ်ပတ်လည်၌ တောင်လိုပုံနေသည့် ပင်လယ်နေသတ္တဝါများ၏ ရုပ်အလောင်းများကို ကြည့်လျှင် ၎င်း၏အစွမ်းကို ခန့်မှန်းကြည့်နိုင်ပေသည်။
ထို မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ချီတုံချတုံ ဖြစ်သွားရ၏။ သူသည် မလိုအပ်ပါက ဤ ဘုရားကျောင်း၏ အပြင်အဆင်များကို မပြောင်းလဲလိုပေ။ ကျောက်တုံးရုပ်တုနှင့် ကျောက်ဓားကြီးတို့မှာ သူ့အား သတ်ဖြတ်ပစ်နိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေသည်မဟုတ်ပါလော။
ထို့အပြင် ၎င်းတို့မှာ နှစ်ပေါင်းများစွာ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီးနောက် ကျန်ရှိနေသေးသည့် စွမ်းအားများ ဖြစ်ပေသည်။ သို့ဖြစ်ရာ အကယ်၍ ထို ကျောက်တုံးရုပ်တုနှင့် ကျောက်ဓားကြီးတို့သာ အစွမ်းအထက်ဆုံး အနေအထားတွင် ရှိနေမည်ဆိုပါက တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်ရုံနှင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ဖျက်ဆီးပစ်နိုင်ကြောင်း သိနိုင်ပေသည်။
အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက သူသည် အချိန်စွမ်းအားများကို အသုံးပြု၍ ရုပ်တုကြီး အားနည်းနေသည့်အချက်ကို အခွင့်ကောင်းယူကာ အထဲသို့ အတင်းအဓမ္မ ဝင်ရောက်နိုင်လောက်ပေသည်။ သို့သော် သူ၏ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ်ကြားတွင် ကွဲပြားခြားနားချက်များ ရှိနေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ ကျောက်တုံးရုပ်တုကြီးအား ကြည့်နေရာမှ ပင်လယ်ရေညှိများဖြင့် ပြည့်နှက်နေသည့် ဘုရားကျောင်းအား ကြည့်မိလိုက်ချိန်တွင် မျက်ဝန်းများ အရောင်တောက်ပသွား၏။
ထို ဘုရားကျောင်းတွင် တံခါးပေါက်မရှိသောကြောင့် ၎င်း၏ အတွင်းပိုင်းထဲ၌ မည်သည့် နတ်ဘုရားကိုမှ ကိုးကွယ်ပူဇော်ထားခြင်းမရှိကြောင်း သိနိုင်ပေသည်။ သို့သော် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခု ရှိနေ၏။ ထို မန္တန်အစီအရင်မှာလည်း အသက်ဝင်နေသည့်တိုင်အောင် ဝေလငါး ရုပ်အလောင်းကြီး၏ အောက်တွင် ရှိနေခဲ့သည့် မန္တန်အစီအရင်နှင့် မတူပေ။ ၎င်း၏ မန္တန်အစီအရင်များထဲတွင် ပါးလွှာသည့် အမျှင်အတန်းလေးများရှိနေပြီး ၎င်းတို့မှာ ပင်လယ်ရေမျက်နှာပြင်အထိ ဆန့်တန်းကာ ကမ္ဘာဂြိုဟ်၏ တစ်ဝက်ကျော်အား ဖုံးလွှမ်းထားသည်။
ထို အမျှင်အတန်းများမှာ သက်ရှိများနှင့် ချိတ်ဆက်နေခြင်းမဟုတ်ဘဲ ကမ္ဘာဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီများ စုဝေးရာ နေရာများနှင့် ချိတ်ဆက်နေခြင်း ဖြစ်သည်။ ၎င်းတို့မှာ ထိုနေရာများမှ ဝိညာဉ်ချီများကို အဆက်မပြတ် စုပ်ယူကာ မန္တန်အစီအရင်ထဲသို့ ထည့်သွင်းပေးနေသည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ နေအဖွဲ့အစည်းအား နတ်မျက်လုံး လူမူအဖွဲ့အစည်းနှင့် ပေါင်းစည်းရန် ကြံရွယ်ထားခြင်းမရှိပါက ၎င်းတို့အား လျစ်လျူရှုကာ ထွက်ခွာလာရန်သာ ဆုံးဖြတ်လိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုသို့ လုပ်ရန် မဖြစ်နိုင်တော့ပေ။
သူ၏ မှန်းဆတွက်ချက်မှုများအရဆိုလျှင် နေအဖွဲ့အစည်းနှင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်း ပေါင်းစည်းပြီးသွားသည့် အချိန်တွင် ဤ မန္တန်အစီအရင်မှာ ဝိညာဉ်ချီ အမြောက်အမြားကို ချက်ချင်း စုပ်ယူလိုက်မည်သာ ဖြစ်သည်။ ထိုသို့သာဆိုပါက... သူသည် ပေါ်ပေါက်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များအား စိတ်ကူးနှင့်ပင် မှန်းဆကြည့်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း သူသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ အပျက်အစီးနယ်မြေများအား လိုက်လံပိတ်ဆို့နေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သူ၏နဖူးကို ပွတ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကျောက်တုံးရုပ်တုကြီးအား အရိုအသေပေးလိုက်တော့သည်။
" လူကြီးမင်း။ ဒီနေရာက ပြည်ထောင်စုကြီးအတွက် ကောင်းသလား ဆိုးသလားဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ဒါပေမဲ့ မတော်တဆမှုတွေ ပေါ်ပေါက်မလာနိုင်အောင် ကျွန်တော် ဒီ မန္တန်အစီအရင်ကြီးကို ပိတ်ဆို့ချုပ်နှောင်ပြီးတော့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားအောင် လုပ်မှ ရပါလိမ့်မယ်။ ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိတာမလို့ ကျေးဇူးပြုပြီတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။
သို့သော် သူ တတိယမြောက်ခြေလှမ်းအား လှမ်းလိုက်သည်နှင့် ကျောက်တုံးရုပ်တုကြီး၏ နောက်ကျောတွင် လွယ်ထားသည့် ကျောက်ဓားကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားသည်။ ထို့နောက် ဓားချီများ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာကာ အလင်းတန်းကြီး တစ်ခုအသွင် ပြောင်းလည်းသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားကာ နောက်သို့ ခြေလှမ်းခုနစ်လှမ်းတိတိ ဆုတ်ခွာသွားလိုက်ပြီး ဘုရားကျောင်း၏ တားမြစ်နယ်မြေထဲမှ ထွက်ခွာလာ၏။ သို့သော် ဓားချီများမှာ ၎င်းတို့၏ သတ်ဖြတ်လိုစိတ်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်ပုံပင်။ ဝမ်ပေါင်လဲ့တစ်ယောက် မည်မျှပင် ထွက်ပြေးဆုတ်ခွာသွားစေမူ ၎င်းမှာ သူ၏ နောက်မှ ထက်ကြပ်မကွာ လိုက်လာဆဲပင်။ သို့ဖြစ်ရာ သူ ကမ္ဘာမြေကြီး၏ အဆုံးသို့ ရောက်သွားလျှင်တောင် ၎င်းတို့မှာ သူ့အား လိုက်လံသတ်ဖြတ်မည့်ပုံ ပေါက်နေတော့သည်။ ထို ဓားချီများ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာခါနီးမှာပင် သူသည် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။
" ကြည့်ရတာ ငါ့ကို အန္တရာယ်ပြုချင်နေတဲ့ပုံပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ လက်ထဲတွင် ဧရာမလေးကြီးတစ်လက် ချက်ချင်း ပေါ်ပေါက်လာသည်။ ထိုလေးကြီး ပေါ်ပေါက်လာသည်နှင့် နေအဖွဲ့အစည်းတစ်ခုလုံးမှာ တုန်ရီသွားရပြီး နေမင်းကြီးမှာလည်း အရောင် မှေးမှိန်သွားရ၏။ ရှေးဟောင်းဓားကြီးပေါ်၌ ရှေးဟောင်းနှောင်းဖြစ် အကြောင်းများကို ပြန်ပြောနေကြသည့် မမလေးနှင့် ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးတို့ပင်လျှင် အံ့အားသင့်သွားရပြီး ကမ္ဘာဂြိုဟ် ရှိရာဘက်သို့ လှမ်းကြည့်မိလိုက်ကြ၏။
" ဒါကြီးက... "
" ကြယ်စင်စုလေးပဲ " မမလေးမှာမူ တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် တိုးတိုးလေးဆိုလိုက်သည်။ တစ်ချိန်ထဲမှာပင် ကမ္ဘာဂြိုဟ်ပေါ်ရှိ ပင်လယ်ကြီး၏ အောက်ခြေတွင် ဝမ်ပေါင်လဲ့မှာ ဘုရားကျောင်းရှေ့မှ ကျောက်တုံးရုပ်တုအား စိုက်ကြည့်နေရင်း လေးကြိုးအား သူ၏ ညာဘက်လက်ဖြင့် ဆွဲလိုက်၏။ ထိုအခါ သူ၏ ကျင့်ကြံခြင်စွမ်းအားများ အားလုံးမှာ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ နောက်တွင် ရှိနေသည့် ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာလည်း ဝင်းလက်စွာတောက်လာပြီး မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်များကို ထုတ်လွှတ်နေသော တာအိုဂြိုဟ်တစ်လုံးအသွင် ပြောင်းလဲသွားသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်သုံးလိုက်သဖြင့် လေးကြိုးအား နောက်သို့ ဆွဲနိုင်စွမ်း ရှိသွား၏။
သူသည် ၎င်းအား နောက်ဆုံးထိ မဆွဲနိုင်ခဲ့ပါသော်လည်း ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ဆွဲထားနိုင်ပြီ ဖြစ်သည်။ ထို လေးပေါ်တွင် အလှဆင်ထားသည့် ကြယ်များနှင့်တူသော ကျောက်မျက်ရတနာများမှာလည်း စတင်တောက်ပလာကြသည်။ ထို အချိန်တွင် ထို ကျောက်မျက်ရတနာများထဲမှ တစ်ခုမှာ ရုတ်တရက်ဆိုသလို အရောင်တောက်လာ၏။
၎င်းမှာ အပြည့်အဝ တောက်ပလာခြင်း မရှိသေးပါသော်လည်း ခပ်မှိန်မှိန် အလင်းရောင်တစ်မျိုးအား ထုတ်လွှတ်နေဆဲပင်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ကြယ်မီးလျှံများ စတင် တောက်လောက်လာတော့သည်။ ထို မီးလျှံများမှာ သူ၏ လက်ထဲမှ လေးကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်၏။
မမလေး ပြောခဲ့သည့်အတိုင်း ထိုလေးမှာ ဝမ်ပေါင်လဲ့ ရှာတွေ့ခဲ့သည့် ထူးဆန်းသော သိုလှောင်လက်စွပ်ထဲရှိ ကြယ်စင်စုလေး၏ ပုံစံတူ ဖြစ်ပေသည်။
၎င်းမှာ ပုံစံတူတစ်ခုသာ ဖြစ်သည့်တိုင်အောင် ၎င်း၏ စွမ်းအားများမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် သူ၏ ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစည်းသွားပြီး အစွမ်းအထက်ဆုံး အနေအထားတွင် ရှိနေမှသာ ၎င်း၏ လေးကြိုးအား နောက်ဆုံးအထိ ဆွဲနိုင်မည်ဖြစ်သည်။
သူ၏ လက်ရှိကိုယ်ပွားမှာမူ ၎င်းအား ခုနစ်ဆယ်ရာခိုင်နှုန်းအထိသာ ဆွဲနိုင်၏။ သို့သော်ငြားလည်း... ၎င်းဆီမှ ထွက်ပေါ်လာသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကြောင့် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် ဓားချီများမှာ တွေဝေတုံ့ဆိုင်းသွားရပြီး သူ၏ ရှေ့၌ ရုတ်ခြည်းဆိုသလို ရပ်တန့်သွားရဆဲပင်။
" ကျွန်တော်က မန္တန်အစီအရင်ကြီး အလိုအလျောက် လည်ပတ်နိုင်စွမ်းမရှိအောင် အဲဒီ မန္တန်အစီအရင်ထဲက ထွက်ပေါ်လာတဲ့စွမ်းအားတွေကိုပဲ ဖျက်ဆီးမှာပါ။ တခြား ဘာမှ မလုပ်ပါဘူး "
ဝမ်ပေါင်လဲ့မှာ ဓားချီများကြောင့် ပေါ်ပေါက်လာသည့် အလင်းတန်းကြီးအား စိုက်ကြည့်နေ၏။ သူသည် လက်ထဲမှ လေးကြိုးကို မလွှတ်သေးပါသော်လည်း သူ၏ မျက်ဝန်းထဲမှ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များကို ကြည့်လျှင် သူ၏ စိတ်ဆန္ဒအား သိရှိနိုင်ပေသည်။ ထိုသို့ဖြင့် အသက်ရှူကြိမ် ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် အလင်းတန်းကြီးမှာ ကျောက်ဓားကြီးထဲသို့ ပြန်ဝင်သွားပြီး ၎င်းဆီမှ ထွက်ပေါ်လာနေသည့် ဖိအားများမှာလည်း ပျောက်ကွယ်သွား၏။
ဓားချီများ ပျောက်ကွယ်သွားပြီ ဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သတိလျော့ကျသွားခြင်း မရှိဘဲ လေးကြိုးအားဆွဲရင်း ရုပ်တုကြီးဆီသို့ လျှောက်လှမ်းသွားလိုက်၏။ သူ အနီးသို့ ရောက်ရှိလာသည့်တိုင်အောင် ထိုရုပ်တုကြီးမှာ လှုပ်ရှားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့ ဘုရားကျောင်းထဲသို့ ရောက်သွားသည့် အချိန်အထိ ၎င်းမှာ မလှုပ်မယှက် ရပ်နေဆဲပင်။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ အချိန်ဖြုန်းမနေတော့ဘဲ သူ၏ ညာဘက် ခြေထောက်ကို မြှောက်၍ မန္တန်အစီအရင်ကြီးအား အားပါပါ ဆောင့်နင်းလိုက်၏။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုပါ အသုံးပြုလိုက်သဖြင့် လေထုထဲတွင် အုန်းခနဲ မြည်သံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ ဘုရားကျောင်း၏ မန္တန်အစီအရင်မှာလည်း တစ်စစီ ကြေမွပျက်စီးသွားသလို ၎င်းထဲမှ ထွက်ပေါ်လာနေသည့် အမျှင်အတန်းများ အားလုံးမှာလည်း ပြတ်တောက်သွားသည်။ ဝမ်ပေါင်လဲ့မှာ ထပ်ခါတလဲလဲ ကြည့်ရှုစစ်ဆေးပြီးသွားသောအခါမှ ဘုရားကျောင်းထဲမှ ထွက်ခွာလာ၏။ သူသည် ဘုရားကျောင်းနှင့် ပေထောင်ပေါင်းများစွာ အကွာသို့ ရောက်သွားသည့် အချိန်မှသာ သူ၏ ကြယ်စင်စုလေးအား ပြန်လည်သိမ်းဆည်းလိုက်သည်။
သူသည် ထို လေးအား မလိုအပ်ဘဲ အသုံးမပြုလိုပေ။ ၎င်းအား အသုံးပြုလိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ အားအင်နုံးချည့်သွားရသည် မဟုတ်ပါလော။
ယခုတွင် သူသည် ဤကိစ္စကြီးအား အနုနည်းဖြင့် ဖြေရှင်းနိုင်သွားပြီဖြစ်သည်။ သူသည် အနာဂတ်တွင် ပြဿနာများ ထပ်၍ မပေါ်ပေါက်လာနိုင်အောင် ဘုရားကျောင်းအား မဖျက်ဆီးနိုင်ခဲ့ပါသော်လည်း သူ လုပ်ရမည့် အရာများကိုလုပ်ပြီးသွားပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုနေရာမှ ထွက်ခွာမလာခင် နောက်သို့လှည့်ကာ ထို ဘုရားကျောင်းအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် သူသည် ပင်လယ်ကြီး၏ အောက်ခြေရှိ နောက်ဆုံး အပျက်အစီးနယ်မြေ၏ အပြင်ဘက်၌ ပြန်လည် ပေါ်ပေါက်လာ၏။ ထို အပျက်အစီးနယ်မြေမှာ ကျောက်တုံးတံခါးတစ်ချပ် ရှိနေသည့် တောင်ငယ်လေးတစ်လုံး ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထို ကျောက်တုံးတံခါးပေါ်ရှိ " ပင်လယ်အချုပ်အနှောင် " ဟု အဓိပ္ပါယ်ရသော ကမ္ဗည်းစာလုံးများကို မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။
သို့သော် အခြေအနေများမှာ သူ မျှော်လင့်ထားသလို မဟုတ်ပေ။ သူ ဘုရားကျောင်း၏ အပြင်ဘက်ရှိ ရုပ်တုကြီးအား ရင်ဆိုင်ခဲ့သဖြင့် ပင်လယ်အချုပ်အနှောင် တောင်ငယ်လေး ပြောင်းလဲသွားသောကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့ ထို တောင်ငယ်လေး၏ ရှေ့၌ ပေါ်ပေါက်လာချိန်တွင် ကျောက်တုံးတံခါးမှာ အလိုလိုပွင့်သွား၏။
ထို့နောက် တောင်ငယ်လေးထဲမှ လူရိပ်တစ်ခု အပြင်သို့ထွက်လာသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ အပြင်ဘက်သို့ ထွက်လာသည့်သူမှာ လူအစစ်တစ်ယောက် မဟုတ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။ သူသည် အစိမ်းရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက်နှင့် တူပါသော်လည်း အမှန်တကယ်တွင်မူ သစ်သားရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေသည်။
ထို ရုပ်သေးရုပ်မှာ လက်ထဲတွင် ပစ္စည်းနှစ်မျိုးအား ကိုင်ဆောင်ထား၏။ တစ်ခုမှာ ရှေးဟောင်း ကျောက်စိမ်းပေလွှာတစ်ခု ဖြစ်ပြီး အခြားတစ်ခုမှာ မန္တန်အစီအရင် ချပ်ပြားဝိုင်းတစ်ခု ဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် သတိကြီးကြီးထား၍ စိုက်ကြည့်နေစဉ်မှာပင် ထိုရုပ်သေးရုပ်မှာ ထို ပစ္စည်းနှစ်ခုအား ဝမ်ပေါင်လဲ့၏ ရှေ့၌ ချထားလိုက်၏။ ထို့နောက် ၎င်းမှာ နောက်သို့လှည့်ကာ ကျောက်တုံးတံခါးဆီသို့ ပြန်သွားလိုက်ပြီး ၎င်း၏ လက်များကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ တောင်ငယ်လေးမှာ ချက်ချင်းဆိုသလိုပင် အကြည်ရောင်ပြောင်းသွားသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ အတွင်းပိုင်းထဲ၌ ရှိနေသည့် အရာအားလုံးကို မြင်နိုင်စွမ်း ရှိသွားတော့သည်။
ထို တောင်ငယ်လေးမှာ နတ်ဝိဇ္ဇာဂူတစ်လုံး ဖြစ်၏။ သို့သော် ထိုဂူထဲတွင် ကျောက်တုံးစားပွဲများနှင့် ကုလားထိုင်များမှလွဲ၍ ပလ္လင်တစ်ခုသာ ရှိနေ၏။ ထိုပလ္လင်ပေါ်တွင်လည်း မည်သည့်အရာမှ မရှိပေ။ သို့သော် ၎င်း၏ အပြင်အဆင်များကိုကြည့်လျှင် ယခင်တုန်းက ၎င်းပေါ်၌ ပူဇော်ထားခဲ့သည့် ပစ္စည်းတစ်ခုခု ရှိခဲ့ကြောင်း သိနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ခေါင်းငုံ့ကာ ရုပ်သေးရုပ်ကြီး ပေးခဲ့သည့် မန္တန်အစီအရင် ချပ်ပြားဝိုင်းအား ကြည့်လိုက်သည်။ အဖြေမှာ သိသာထင်ရှားပေသည်။ ယခင်တုန်းက ထို ပလ္လင်ပေါ်၌ ပူဇော်ထားခဲ့သည့် ပစ္စည်းမှာ ဤ မန္တန်အစီအရင် ချပ်ပြားဝိုင်း ဖြစ်ရပေမည်။ ထို ရုပ်သေးရုပ်ကြီးမှာ ဤ နတ်ဝိဇ္ဇာဂူထဲ၌ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခု မရှိတော့ကြောင်း သူ့အား ရိုးရိုးသားသား အသိပေးလိုက်ခြင်းဖြစ်သည်။
ထို ဖြစ်စဉ်ကြီးမှာ ထူးဆန်းလွန်းနေ၏။ ရုပ်သေးရုပ်ကြီးမှာ တောင်ငယ်လေးအား အကြည်ရောင်ဖြစ်အောင် ပြောင်းလဲပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်ပြီး တောင်ထဲသို့ ပြန်ဝင်သွား၏။ ထိုအခါ ထိုတောင်ငယ်လေးမှာလည်း နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို စိုက်ကြည့်နေရင်း အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ ကျောက်စိမ်းပေလွှာလေးနှင့် မန္တန်အစီအရင် ချပ်ပြားဝိုင်းတို့မှာ သူ၏ လက်ထဲသို့ ရောက်လာ၏။ သူသည် ချပ်ပြားဝိုင်းအား အရင်ဆုံး စစ်ဆေးကြည့်လိုက်သောအခါ သူ၏ အသိစိတ်ထဲ၌ အလင်းရောင် အစက်အပြောက် ရာပေါင်းများစွာ ချက်ချင်းပေါ်ပေါက်လာ၏။ ထို အလင်းရောင် အစက်အပြောက်များမှာ ကမ္ဘာဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းထားပြီး ၎င်းတို့ တစ်ခုချင်းစီတိုင်းမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုအား ကိုယ်စားပြုနေကြသည်။
သို့သော် ယခုတွင်မူ ထို မန္တန်အစီအရင်များမှာ အသုံးမဝင်တော့သည့်အလား အလင်းရောင်အစက်အပြောက် အများစုမှာ မှေးမှိန်နေကြပြီ ဖြစ်သည်။ ဤ မန္တန်အစီအရင် ချပ်ပြားဝိုင်းမှာ ထို မန္တန်အစီအရင်များအား ထိန်းချုပ်သည့် အချက်အချာပစ္စည်းတစ်ခု ဖြစ်နေသည့်ပုံပင်။
" သူက ဒီပစ္စည်းတွေကို ငါ့လက်ထဲ အပ်လိုက်တာလားဟ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ကျောက်စိမ်းပေလွှာလေးအား ကြည့်လိုက်ပြန်သည်။ သူ သူ၏ နတ်ဘုရားအာရုံဖြင့် ၎င်းအား စစ်ဆေးကြည့်လိုက်သည်နှင့် သမိုင်းမှတ်တမ်းတစ်ခုမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။