← Chapters

နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းခြင်း

Vol. 72 Ch. 1000

နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းခြင်း

Vol. 72 Ch. 1000

ထို မှတ်တမ်းထဲမှ သမိုင်းကြောင်းမှာ အထူးတလည် ရှုပ်ထွေးနေခြင်းမရှိပေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကမ္ဘာဂြိုဟ်ပေါ်၌ ဝိညာဉ်ချီများ ရှိခဲ့သဖြင့် ကျင့်ကြံသူများ ပေါ်ပေါက်လာသည့်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မျှော်လင့်မထားသည့် ဖြစ်ရပ်အချို့ကြောင့် ကမ္ဘာဂြိုဟ်ပေါ်မှ ဝိညာဉ်ချီများမှာ ကုန်ခန်းသွားခဲ့၏။ ထို့ကြောင့် ကမ္ဘာဂြိုဟ်ပေါ်မှ ကျင့်ကြံသူများမှာ စန္ဒာကြယ်ဂိုဏ်းဆိုသည့် အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်မှုအောက်တွင် အတူတကွ စုစည်းခဲ့ကြသည်။ ထို့နောက် သူတို့မှာ ထိုစဉ်တုန်းက ရှာဖွေစုဆောင်းထားသမျှ အရင်းအနှီးများအားလုံးကို ထုတ်သုံး၍ အကြီစား ပြောင်းရွှေ့မှုတစ်ခု ပြုလုပ်ခဲ့ကြ၏။

သူတို့မှာ မဟာလက်ဝဲတာအိုနယ်မြေထဲသို့ သွားခဲ့ကြခြင်းမဟုတ်ဘဲ မဟာဒိဋ္ဌိနယ်မြေထဲသို့ သွားခဲ့ကြခြင်းဖြစ်သည်။ စန္ဒာကြယ်ဂိုဏ်းမှာ နှစ်ပေါင်းများစွာ အဆင့်ဆင့် တိုးတက်ပြောင်းလဲထားခဲ့ပြီးနောက် မဟာဒိဋ္ဌိနယ်မြေထဲ၌ ခြေကုပ်ကောင်းစွာ ရယူနိုင်ခဲ့ပြီး မိုးထိုးလုမတတ် မြင့်မားနေသည့် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ရောက်သွားခဲ့၏။

သို့သော် မဟာဒိဋ္ဌိနယ်မြေ၏ စန္ဒာကြယ်ဂိုဏ်းမှာ သွေးမျိုးဆက်များကို အလွန်အင်မတန်မှ အလေးထား၏။ ထို့ကြောင့်လည်း သူတို့မှာ အရန်အစီအစဉ်များ အနေနှင့် ကမ္ဘာဂြိုဟ်ပေါ်၌ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်များ ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

သူတို့၏ အဓိကပစ်မှတ်မှာ ပြည်ထောင်စုကြီးအား သိမ်းပိုက်ရန်မဟုတ်ဘဲ သွေးမျိုးဆက်များကို သိမ်းသွင်းကာ စန္ဒာကြယ်ဂိုဏ်းထဲသို့ ပေါင်းစည်းရန် ဖြစ်သည်။ ၎င်းမှာ ကျောက်စိမ်းပေလွှာထဲမှ ဖော်ပြချက်များ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အခြားလျှို့ဝှက်ချက်များ ကျန်ရှိနေသေးခြင်း ရှိမရှိ မသိပါသော်လည်း ထို ကျောက်စိမ်းပေလွှာအား ဖတ်ရှုလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။

" ငါ့ကို သဘောထားသေးသိမ်တယ်လို့ပဲ ပြောရင်ပြော။ ဒါပေမဲ့ ငါ့ရဲ့အမြင်မှာတော့ ဒီ စန္ဒာကြယ်ဂိုဏ်း ကမ္ဘာဂြိုဟ်ပေါ်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တွေ ချန်ရစ်ခဲ့ပြီးတော့ သွေးမျိုးဆက်တွေကို သိမ်းပိုက်နေတာ ထင်ထားသလောက် မရိုးရှင်းဘူး "

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ ၎င်းမှာ သူ၏ ခန့်မှန်းချက်များသာ ဖြစ်သည်။ အဖြေအစစ်အမှန်ကိုမူ တစ်ရက်ရက်တွင် ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်ဟု သူက ယုံကြည်နေ၏။

သို့သော် မည်သို့ပင် ဆိုစေကာမူ လတ်တလောတွင် စန္ဒာကြယ်ဂိုဏ်းမှာ ပြည်ထောင်စုကြီးအား အန္တရာယ်ပြုချင်သည့်ပုံ မပေါ်ပေ။

" ဒီအကြောင်းတွေကို နောက်မှပဲ စဉ်းစားတာပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်ပြီး ပင်လယ်ကြီး၏ အောက်ခြေရှိ တောင်ငယ်လေးအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ပင်လယ်ထဲမှ ထွက်ခွာသွားတော့သည်။ ခဏအကြာတွင် သူသည် နေအဖွဲ့အစည်း၏ ထာဝရကြယ်ကြီး၏ အပြင်ဘက်၌ ပြန်လည် ပေါ်ပေါက်လာ၏။

သူသည် တင်ပျဉ်ခွေထိုင်ကာ အဝေးသို့ လှမ်းမျှော်ကြည့်နေလိုက်သည်။ တစ်ချိန်ထဲမှာပင် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တည်နေရာပြောင်းရွှေ့မှု လုပ်ငန်းစဉ်နှင့် ပေါင်းစည်းမှု လုပ်ငန်းစဉ်တို့အတွက် လိုအပ်သည့် နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေလိုက်၏။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းမည့် နေ့ရက်ဆီသို့ ချဉ်းကပ်လာတော့သည်။

ပြည်ထောင်စုဥက္ကဋ္ဌအသစ် ဖြစ်သော ကျောက်ယမုန့်၏ မိခင်၏ ဦးဆောင်မှုအောက်တွင် ဂြိုဟ်များအားလုံးမှာ သိပ်မကြာခင်တွင် ရောက်ရှိလာတော့မည့် ခေတ်သစ်တစ်ခုအတွက် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ ထို့အပြင် တိုင်းသူပြည်သားများမှာလည်း ထိုအကြောင်းအား သိထားကြပြီဖြစ်သည်။ အချို့မှာ အထိတ်တလန့် ဖြစ်နေကြသည်တိုင်အောင် ပြည်ထောင်စုကြီးတစ်ခုလုံးအား ခြုံငုံကြည့်လိုက်ပါက တည်ငြိမ်မှု ရှိနေဆဲပင်။ ပြည်ထောင်စုကြီးမှာ ယခင်တုန်းကနှင့် မတူတော့ဘဲ ပို၍ အင်အားကြီးမားလာပြီ မဟုတ်ပါလော။

ထိုသို့ဖြင့် ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် နေအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးပေါ်၌ ရှိနေသည့် သူ၏ ခန္ဓာကိုယ်အစစ်နှင့်အတူ တစ်ပြိုင်နက်တည်း မျက်လုံးများပွင့်လာ၏။ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် တရားဝင်စတင်သွားပြီ ဖြစ်သည်။

ထိုအခါ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ လေမုန်တိုင်းတစ်ခုကဲ့သို့ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးအား ဖြတ်သန်းသွားသဖြင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ဂြိုဟ်ရှစ်လုံးမှာ အပြင်းအထန်တုန်ရီသွားရသည်။ ထို့ကြောင့် ထို ဂြိုဟ်ရှစ်လုံးပေါ်ရှိ နတ်မျက်လုံး လူမှုအဖွဲ့အစည်း ဒေသခံများအားလုံးမှာ နှလုံးသားထဲ၌ နေမထိထိုင်မသာ ဖြစ်လာကြတော့သည်။

သို့သော် သူတို့မှာ ထိုကဲ့သို့ အကြာကြီး မခံစားခဲ့ရပေ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပိုင်နက်တစ်ခုလုံး ထာဝရကြယ်ကြီးဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့် အချိန်တွင် လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ အလင်းရောင်ပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် လူတိုင်းမှာ တစ်ခဏမျှ သတိလစ်သွားသလို ခံစားလိုက်ရတော့သည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ တစ်ဦးတည်းသော ဂြိုဟ်အဆင့် ကျင့်ကြံသူဖြစ်သည့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးသာလျှင် စကြာဝဠာကြီးထဲ၌ ပေါ်ပေါက်လာသော ပြောင်းလဲမှုများကို ခပ်ရေးရေးမျှ မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ထို အလင်းရောင်ပင်လယ်ကြီးမှာ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ဖြစ်နေသည်ကို သိလိုက်ရ၏။

နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးအား ဗဟိုချက်အဖြစ် သတ်မှတ်ထားသည့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများထဲမှ ထွက်ပေါ်လာသော အလင်းရောင်များမှာ အလင်းရောင်ပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ၎င်းမှာ အရာအားလုံးကို လွှမ်းခြုံထားသလို နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ သက်ရှိများအားလုံး၏ ခန္ဓာကိုယ်များထဲသို့လည်း ပေါင်းစည်းဝင်ရောက်သွား၏။

" လူမှုအဖွဲ့အစည်း တစ်ခုလုံးကို တည်နေရာပြောင်းရွှေ့နေတာပဲ... " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ နှလုံးသားတစ်ခုလုံး တုန်ရီသွား၏။ သူသည် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့ပြီး ဖြစ်ပါသော်လည်း လူမှုအဖွဲ့အစည်းတစ်ခုလုံးအား တည်နေရာပြောင်းရွှေ့သည့် လုပ်ငန်းစဉ်ကြီး၏ ကြီးကျယ်ခန်းနားမှုအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူနှင့် မလှမ်းမကမ်းတွင် အသက်မပါသည့် မျက်နှာအမူအရာဖြင့် တင်ပျဉ်ခွေထိုင်နေသည့် အမျိုးသမီးအား လှမ်းကြည့်မိလိုက်၏။

ဤ အတောအတွင်းတွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ကျောက်ယမုန့်အား အလွန်အင်မတန်မှ ကြောက်ရွံ့နေခဲ့ရသည်။ သူသည် ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် သူ၏အမိန့်များကို တစ်ဘဝလုံးစာ ငြင်းဆန်နိုင်စွမ်း မရှိတော့သောကြောင့် ကြောက်ရွံ့နေရခြင်းဖြစ်သလို ကျောက်ယမုန့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ အသုံးပြုခဲ့သည့် နည်းလမ်းများကြောင့်လည်း ကြောက်ရွံ့နေရခြင်း ဖြစ်သည်။

ကျောက်ယမုန့်မှာ အချိန်တိုလေးအတွင်းတွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးအား စည်းရုံးနိုင်ခဲ့၏။ သူမသည် ဝမ်ပေါင်လဲ့အား နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ နန်းတက်နိုင်ရန် ကူညီပေးနိုင်ခဲ့ရုံသာမက သူမနှင့် သဘောထားမတူညီသည့် လူများကိုလည်း ရက်စက်ကြမ်းကြုတ်သည့် နည်းလည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့သည်သာ ဖြစ်သည်။ ထို့ကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူများ၏ နှလုံးသားများထဲ၌ ကြောက်စိတ်များ ကြီးစိုးလာကြ၏။

ထိုမျှလောက်သာဆိုပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ယခုလောက်အထိ ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် ကျောက်ယမုန့် မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းအတွက် ဥပဒေအသစ်များ ချမှတ်ခဲ့၏။ ထို ဥပဒေအသစ်များမှာ သာမန်ကျင့်ကြံသူများ၏ အခွင့်အရေးများနှင့် ဘဝများကို ကာကွယ်ပေးနိုင်ပေသည်။ သို့ဖြစ်ရာ ထို ဥပဒေများအား လိမ္မာပါးနပ်စွာ အသုံးချနိုင်မည်ဆိုပါက အင်အားနည်းသူများမှာ အစွမ်းထက်ကျင့်ကြံသူများအား ပြန်လည် ဖိနှိပ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ထို့ကြောင့် အဆင့်နိမ့် ကျင့်ကြံသူအမြောက်အမြားမှာ ထို ဥပဒေအသစ်များအား သဘောတူထောက်ခံလိုက်ကြ၏။ သို့ဖြစ်ရာ အစွမ်းထက်ကျင့်ကြံသူများမှာလည်း အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထို့အပြင် ကျောက်ယမုန့်မှာ ဆုပေးသည့် စနစ်တစ်ခုကိုလည်း ကြေညာခဲ့သေးသည်ဖြစ်ရာ လူအမြောက်အမြားမှာ သဘောကျကျေနပ်သွားကြ၏။

၎င်းတို့မှာ ကျောက်ယမုန့် အသုံးပြုခဲ့သည့် နည်းလမ်းများထဲမှ အချို့အဝက်သာ ဖြစ်ပေသည်။ သို့သော် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထို အခြင်းအရာများကို ကြည့်လိုက်ရုံနှင့် ယခုအနေအထားအတိုင်းသာ ဆိုပါက မျိုးဆက်အနည်းငယ်အတွင်းတွင် ပြည်ထောင်စုကြီးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းအား ဆက်လက်ဖိနှိပ်ထားစရာ လိုတော့မည်မဟုတ်ကြောင်း နားလည်သွား၏။ အရာအားလုံးမှာ ဖိနှိပ်စရာမလိုဘဲ အလိုလို လည်ပတ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

သူတို့အားလုံးမှာမူ ပြည်ထောင်စုကြီး၏ စနစ်အား မှီခိုအားထားရတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုကြီးမှာ လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းအဖြစ်သို့ ရောက်သွားမည် ဖြစ်သည်။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အခြား ဘာမှ မတတ်နိုင်သောကြောင့် သက်ပြင်းချကာ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်ပင်လယ်ကြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးအား လွှမ်းခြုံသွားသည့် မြင်ကွင်းကိုသာ လက်ပိုက်ကြည့်နေရ၏။ ထိုအချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် စတင်သွားသဖြင့် သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံးမှာ မှုန်ဝါးဝါး ဖြစ်လာတော့သည်။

သို့ဖြစ်ရာ မျက်လုံးဖြင့် မမြင်နိုင်သည့် လက်ကြီးတစ်ဖက်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းအား အာကာသထဲမှ ဖျောက်ဖျက်ပစ်လိုက်သည့် အလားပင်။ ထို အခိုက်အတန့်တွင် ထို လူမှုအဖွဲ့အစည်း တစ်ခုလုံးမှာ အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွား၏။ ကြယ်များ၊ ဂြိုဟ်များ၊ သက်ရှိများနှင့် အခြားအရာများ အားလုံးမှာ ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။

၎င်းတို့ ပျောက်ကွယ်သွားရမှ ကျန်ရစ်ခဲ့သည့် ဟင်းလင်းပြင်ကြီးထဲ၌ ဝဲတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးအား ဆွဲငင်ကာ ထို ဟင်းလင်းပြင်ကြီးထဲရှိ နေရာလွတ်များအား ပြန်ဖြည့်လိုက်ပြီးမှ ပြန်လည်ငြိမ်သက်သွားသည်။ သို့သော် ထိုနေရာရှိ တုန်ခါမှုလှိုင်းများမှာမူ အချိန်အတော်အတန်ကြာအောင် လွင့်ပါးပျောက်ကွယ်သွားဦးမည် မဟုတ်ပေ။

တစ်အောင့်ခန့်အကြာတွင် နေအဖွဲ့အစည်းထဲ၌ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ မျက်လုံးများပွင့်လာ၏။ သူသည် ရုတ်တရက်ဆိုသလို သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နေအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး စကြဝဠာကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့ကြောင့် သက်ရှိတိုင်းမှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားရသည်။ ထိုအချိန်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ နေအဖွဲ့အစည်းထဲ၌ ပေါ်ပေါက်လာတော့သည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ အပြည့်အဝ ရုပ်လုံးပေါ်လာခြင်း မရှိသေးဘဲ မှုန်ဝါးဝါး ဖြစ်နေဆဲပင်။ ၎င်း၏ ဂြိုဟ်ရှစ်လုံးမှာ နေအဖွဲ့အစည်း၏ စကြဝဠာကြီးထဲ၌ တစ်နေရာစီ ရှိနေကြပြီး နေအဖွဲ့အစည်းထဲမှ အခြား ဂြိုဟ်ရှစ်လုံးနှင့်အတူ နေမင်းကြီး၏ ပတ်ပတ်လည်၌ လည်ပတ်နေကြသည်။ ထို မြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြရ၏။

နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ မှုန်ဝါးဝါး ပုံရိပ်ကြီး တည်နေရာပြောင်းရွှေ့လာချိန်တွင် ၎င်း၏ ထာဝရကြယ်မှာ ပြည်ထောင်စုကြီး၏ နေမင်းကြီး ရှိနေသည့်နေရာသို့ ရောက်သွား၏။

ထိုအခါ ထို ထာဝရကြယ်နှစ်လုံးမှာ တစ်လုံးပေါ်တစ်လုံး ထပ်သွားပြီး နေမင်းကြီးထဲမှ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ အလွန်အင်မတန်မှ ဆေးစွမ်းထက်သည့် အားဆေးတစ်လုံးအား သောက်သုံးလိုက်ရသကဲ့သို့ပင်။ ပြည်ထောင်စုကြီး၏ နေမင်းကြီးထဲရှိ မီးပင်လယ်ကြီးမှာ ပို၍ပင် အားကောင်းစွာ တောက်လောင်လာပြီး ၎င်း၏ အလင်းရောင်များမှာလည်း အတောက်ပဆုံး အနေအထားသို့ ချက်ချင်း ရောက်ရှိသွား၏။ ထို အခိုက်အတန့်တွင် ၎င်း၏ အရွယ်အစားမှာလည်း ရုတ်ခြည်းဆိုသလို ကြီးမားလာသည်။

ထို့ကြောင့် ထစ်ချုန်းသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ နေမင်းကြီး၏ အရွယ်အစား ကြီးမားလာသည်နှင့် ၎င်း၏ အလင်းရောင်များမှာလည်း အဝေးသို့ ဆက်လက် ပျံ့နှံ့သွား၏။ ထို့ကြောင့် နေအဖွဲ့အစည်း ရှိနေသည့် စကြဝဠာကြီး၏ အရွယ်အစားမှာလည်း ပို၍ ကြီးမားလာတော့သည်။

ကြယ်စင်စုကြီးတစ်ခုလုံး အရွယ်အစား ကြီးမားလာခြင်းဖြစ်၏။

နေအဖွဲ့အစည်း၏ အရွယ်အစား နှစ်ဆကျော်အထိ ပို၍ ကြီးမားသွားသော အခါမှ နေအဖွဲ့အစည်းထဲ၌ ပေါ်ပေါက်လာခဲ့သည့် ထာဝရကြယ်ကြီး၏ ပေါင်းစည်းမှာ လုပ်ငန်းစဉ်မှာ ပြီးဆုံးသွား၏။ ထို ထာဝရကြယ်ကြီး၏ အရွယ်အစားမှာလည်း နှစ်ဆကျော် ပို၍ကြီးမားသွားပြီဖြစ်သည်။ ရှေးဟောင်းဓားကြီးမှာမူ ယခင်တုန်းက နေမင်းကြီးအား ထိုးဖောက်ထားခဲ့ပါသော်လည်း ယခုတွင်မူ ထာဝရကြယ်နှစ်လုံးမှာ အတူတကွ ပေါင်းစည်းသွားပြီဖြစ်ရာ အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရ၏။ ထို့ကြောင့် နေမင်းကြီး၏ ပုံပန်းသွင်ပြင်မှာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည်။

ရှေးဟောင်းဓားကြီးမှာမူ ထို ထာဝရကြယ်ကြီး၏ ဆွဲငင်ခြင်းကို ခံနေရသည့် စစ်သင်္ဘောကြီးတစ်စင်း ကဲ့သို့ပင်။ ၎င်းမှာ အခြား ဂြိုဟ် ဆယ့်ခြောက်လုံးနည်းတူ ထာဝရကြယ်ကြီး၏ ပတ်ပတ်လည်၌ လည်ပတ်နေ၏။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ ရောက်ရှိလာခဲ့သည့် ဂြိုဟ်ရှစ်လုံးမှာလည်း မှုန်ဝါးဝါးဖြစ်နေခဲ့ရာမှ ယခုတွင် အလျင်အမြန် ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။

ထို ဖြစ်စဉ်ကြီးမှာ သုံးရက်တိတိ ကြာမြင့်ခဲ့၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားမှာလည်း အတူတကွ ပေါင်းစည်းသွားခဲ့ပြီး ထိုဖြစ်စဉ်ကြီးအား ထိန်းချုပ်ပေးထားသည်ဖြစ်ရာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာ စိုးရိမ်စိတ်များကြောင့် အနည်းငယ်မျှသာ အားအင်ချည့်နဲ့သွားသည့်အလား ခံစားခဲ့ရသည်။ သူတို့အားလုံးအတွက် တစ်စုံတစ်ခုမှာ ပြောင်းလဲသွားသကဲ့သို့ပင်။

သို့သော် ပြည်ထောင်စု လူမှုအဖွဲ့အစည်းထဲ၌ မွေးဖွားလာခဲ့သည့် သက်ရှိများအားလုံးမှာမူ ထာဝရကြယ်ကြီး၏ အလင်းရောင်များ ပို၍ ဝင်းလက်တောက်ပလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရ၏။ ၎င်းမှာ အဆင့်မြင့် လူမှုအဖွဲ့အစည်းတစ်ခုမှ ပေးစွမ်းသည့် အကျိုးကျေးဇူးများ ဖြစ်ပေသည်။

All Chapters