ဒုတိယနှစ်ဝက်အစ
Vol. 8 Ch. 1
"အီဗန်၊ မင်္ဂလာပါ။" ကျောင်းဂိတ်ဝကိုရောက်တော့ အီဗန်ကို သူနဲ့အတန်းတူကျောင်းနေဖက် ဘယ်လာက နှုတ်ဆက်တယ်။ အီဗန်လည်း ခပ်ရွံရွံအနေအထားနဲ့
ပြန်နှုတ်ဆက်လိုက်ပါတယ်။
"ဟိုင်း၊ ဘယ်လာ။" ဒါပေမဲ့ သူပြန်နှုတ်ဆက်ပြီး မကြာသေးခင်မှာပဲ ဂိုးလ်လည်းရောက်လာပြီး သူ့ကိုပခုံးလာပုတ်တယ်။
"စိတ်ချမ်းသာဖို့ကောင်းတဲ့ နှစ်ဝက်အစပဲနော် အီဗန်။ ရေးဖြေစာမေးပွဲမှာ မင်းဒုတိယရတယ်လို့ကြားတယ်။ ဘယ်သူပထမရသွားတာလဲ။"
"အဟားဟား၊ ခါတိုင်းလို နျူရေပဲပေါ့။" အီဗန်က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်တယ်။ ဟီးရိုးလက်တွေ့တာဝန်မှာ သူအမှတ်အများဆုံးရခဲ့တာဖြစ်ပေမဲ့ နျူရေရဲ့ရေးဖြေစာမေးပွဲရလဒ်ကိုတော့ သူလိုက်မမီသေးဘူး။
ဂိုးလ်ကိုပြန်ဖြေလိုက်ပြီးတဲ့နောက် အီဗန်ရဲ့မျက်လုံးအကြည့်က ကျောင်းဂိတ်ဝဘေးက ကင်းတဲမှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ဆီကိုရောက်သွားတယ်။ သူတို့ထက်ကြီးပေမဲ့ နှစ်ဆယ်စွန်းစွန်းပဲရှိသေးပုံပေါ်ပြီး ကျောင်းရဲ့လုံခြုံရေးဝတ်စုံကို ကြယ်သီးမတပ်ဘဲ လူမိုက်လိုခြုံရုံခြုံထားတာ။ အထဲမှာတော့ အနက်ရောင်စွယ်တာဝတ်ထားပြီး ဘောင်းဘီရှည်နဲ့ပါ။ ဆံပင်တွေက အဖြူရောင်လုံးဝဖြစ်နေပြီး သူ့အသားအရေကလည်း ဖြူနေတာမှ သူတို့ကျောင်းအုပ်ထက်တောင် ပိုဆိုးနေသေးတယ်။
"ကျောင်းစောင့်အသစ်လား၊ ငါသူ့ကို တစ်ခါမှမမြင်ဖူးသလိုပဲ။" အီဗန်က ဘဏ္ဍာစိုးဝတ်စုံဝတ်ထားတဲ့ အစောင့်သုံးယောက်နဲ့ ရင်းနှီးပေမဲ့ ဒီမိန်းကလေးကိုတော့ ရင်းနှီးမနေပါဘူး။ ဒါပေမဲ့ အရေးမကြီးတဲ့ကိစ္စမလို့ စိတ်ကိုရှင်းရှင်းထားပြီး သူတို့အခန်းဆီ ခပ်သွက်သွက်လျှောက်သွားလိုက်တယ်။
...
အီဗန်တို့အတန်းရဲ့ပထမဆုံးစာသင်ချိန်က စာအုပ်ကြီးကို လက်ထဲကိုင်ပြီး ဖတ်ပြရုံတင်ဖတ်ပြတဲ့ စာရိတ္တဆရာ
ဖရက်ရဲ့အချိန်ဖြစ်နေတာကို စိတ်ပျက်ဖွယ်ရာတွေ့လိုက်ရတယ်။ နှစ်ဝက်သစ်အတွက် အစကောင်းတော့မဟုတ်ဘူး။ ဒါပေမဲ့ သူထင်ထားသလိုမျိုး ဆရာဖရက်က စာအုပ်ချက်ချင်းကောက်မကိုင်သေးဘဲ ချောင်းဟန့်လိုက်တယ်။
"အဟမ်း... အဟမ်း..." အီဗန်က ခုံမှာဝင်ထိုင်တဲ့အချိန်နဲ့
ဆရာဖရက်ချောင်းဟန့်တဲ့အချိန်က ကွက်တိလိုပဲ။ အခုဆိုရင် အတန်းထဲမှာလူစုံပြီ။ ဆရာဖရက်ကိုကြည့်ရတာ
တစ်ခုခုပြောစရာရှိပုံပဲ။
"စာသင်နှစ်ဝက်သစ်မှာ မင်းတို့ကောင်လေးတွေကို ပြန်တွေ့ရတာ ဝမ်းသာ... အဲလေ..." ဆရာဖရက်က လေသံအတက်အကျမရှိ စကားပြောနေရင်းကနေ သူပြောနေတာသူ မေ့သွားပုံရပြီး မှတ်စုစာအုပ်ကိုထုတ်ဖတ်ရင်း ဆက်ပြောတယ်။
"ဝမ်းသာစရာပါပဲ။ ဒီနေ့မင်းတို့နဲ့ မိတ်ဆက်ပေးရမယ့် လူနှစ်ယောက်ရှိတယ်။ ဆရာတို့နယူးယောက်ဟီးရိုးကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်တွေပါ။"
ကျောင်းသားသစ်ဆိုတာကိုကြားလို့ အီဗန်မျက်ခုံးပင့်လိုက်မိတယ်။ ပထမစာသင်နှစ်ဝက်မှာ ကျောင်းသားသစ်တွေ ရောက်လာတာမျိုးက ပုံမှန်ဆိုပေမဲ့ အခုက ဒုတိယနှစ်ဝက်လေ။ ဒီကျောင်းက အဲဒီလိုလည်း လက်ခံတာပဲလား။
"ဝင်လာခဲ့ပါ။" ဆရာဖရက်စကားဆုံးတော့ ချစ်စရာပုံစံရှိတဲ့ ကောင်မလေးနှစ်ယောက်ဝင်လာတယ်။ သူတို့ထဲက တစ်ယောက်ရဲ့ကျောကနေ ဒိုင်နိုဆောအမြီးလိုအမြီးထွက်နေပြီး တခြားတစ်ယောက်ကတော့ အခန်းထဲမှာ ရန်သူရှိနေမှာ စိုးတဲ့ပုံစံမျိုးနဲ့ ဝင်လာကတည်းက ရှိသမျှလူအားလုံးကို လိုက်စိုက်ကြည့်နေတဲ့ ဓားနဲ့တစ်ယောက်။
"လီဆာ၊ အရင်ဆုံးရှေ့ထွက်ပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်။"
အီဗန်အထင် ဒိုင်နိုဆောအမြီးနဲ့ကောင်မလေးက ရှေ့မထွက်ခင် ကျောက်သင်ပုန်းပေါ်မှာ သူ့နာမည်သူချရေးလိုက်တယ်။ အီဗန်သေချာဖတ်လိုက်တော့ လက်ရေးက
ကြောင်ကုပ်ထားသလို တော်တော်ဆိုးပေမဲ့ ဖတ်လို့ရပါသေးတယ်။
"လီဆာ ဂရီဂိုရီလား။ နာမည်က ဆိုးတော့မဆိုးဘူးပဲ။" အီဗန်က အခုလိုတွေးလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ လီဆာကတော့ ရှေ့ထွက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ပေးပါတယ်။
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်မနာမည်က လီဆာပါ။ အရင်က ဒီကျောင်းမှာတက်ဖူးပေမဲ့ ပထမနှစ်ဝက်ပဲတက်ပြီး ဥရောပမှာ ပညာသွားသင်နေလို့လေ။ ဒါကြောင့်မလို့
ရှင်တို့နဲ့အတူ ဒုတိယနှစ်ပြန်လာတက်တာပါ။ တွေ့ရတာ ဝမ်းသာပါတယ်။"
လီဆာက စကားဆုံးတာနဲ့ အမြီးလေးတစ်ထောင်ပြီး အခန်းနောက်က လွတ်တဲ့ခုံမှာ ဝင်ထိုင်တယ်။ နောက်ကျန်တဲ့ ပြောင်းလာတဲ့ကျောင်းသူက အေးစက်စက်ပုံစံနဲ့ ကျောက်သင်ပုန်းပေါ်မှာ သူ့နာမည်ကိုမေးလိုက်တယ်။
"လီနာ။" နာမည်က တစ်လုံးထဲပဲ။ ကောင်မလေးက စာရေးပြီးတာနဲ့ အပြုံးအရယ်မရှိတဲ့ပုံစံမျိုးနဲ့ ရှေ့ထွက်လာပြီး သူ့ကိုယ်သူမိတ်ဆက်တယ်။ ပြီးတော့ ဓားရိုးကို လက်ကိုင်ထားပြီး လုံးလုံးကိုမလွှတ်တာ။ တိုက်ပွဲဖို့ အသင့်ပြင်ထားတဲ့အတိုင်းပဲ။ ဓားက ကျောင်းသားတွေကို ပေးကိုင်တဲ့ဓားနဲ့လည်း တစ်စက်ကလေးမှမတူဘူး။
"လီနာ၊ ငါ့နာမည်က လီနာပဲ။ မျိုးရိုးနာမည်မရှိဘူး။" အဲဒီနောက် လီနာက လီဆာရဲ့ဘေးမှာသွားထိုင်တယ်။ နှစ်ယောက်နာမည်က အတော်လေးဆင်ပေမဲ့ ညီအစ်မတော့ ဖြစ်ပုံမပေါ်ဘူး။ အတော်လေးဆန်းသား။
"ဟုတ်ပြီ၊ အားလုံးစာအုပ်ထုတ်ကြ။" ကျောင်းသားသစ် မိတ်ဆက်တဲ့ကာလက ပြီးသွားပြီ။ ဆရာဖရက်ကလည်း
စာသင်ဖို့အသင့်ပြင်နေပြီမလို့ အီဗန်လည်း ဖတ်စာအုပ်ထုတ်ပြီး သင်လက်စ စာမျက်နှာကိုလှန်လိုက်တယ်။
...
မနက်ပိုင်းစာသင်ချိန်လေးချိန်လုံးပြီးသွားတော့ ခါတိုင်းလိုပဲ နျူရေကို ကျောင်းကန့်တင်းမှာ သွားရှာရတယ်။ နျူရေကို ကန့်တင်းစားပွဲမှာသူမသိတဲ့ ကောင်မလေးနှစ်ယောက်နဲ့ ထိုင်နေတာတွေ့ပေမဲ့ စားစရာမရသေးတာမလို့ တခြားကျောင်းသားတွေနဲ့အတူ သွားတန်းစီလိုက်ပါတယ်။
"ဒီနေ့ အရင်စားဖိုမှူးမလာဘူးလား။" အိမ်စေဝတ်စုံနဲ့ ညိုချောအရုပ်မက သူတို့အတွက် စားစရာထည့်ပေးနေတာမြင်တော့ ကျောချမ်းသွားပြီး ရှေ့ကကျောင်းသားကို
မေးလိုက်တော့ အဲဒီကျောင်းသားက မျက်နှာငယ်လေးနဲ့
ပြန်ဖြေရှာတယ်။ "မဒမ်စမယ်သင်က မီးဖွားခွင့်ယူသွားလို့တဲ့၊ ငါတို့ကို လူသတ်စက်ရုပ်နဲ့ထားခဲ့တယ်။ ရက်စက်လိုက်တာ။"
ပထမနှစ်ဝက်တစ်ခုလုံး ဟီးရိုးကျောင်းသားတွေက သူတို့ရှေ့က အရုပ်မနဲ့လိုက်တမ်းပြေးတမ်းကစားခဲ့ရပြီး အတော်ခံစားခဲ့ကြရတယ်။ အီဗန်ကိုယ်တိုင်တောင် အေမီကိုမြင်တာနဲ့ ကျောချမ်းပြီး အန္တရာယ်အငွေ့အသက်ကို ခံစားရနေကျပါ။ မကြာခင်မှာပဲ ရှေ့ကလူတွေအလှည့်ပြီးသွားပြီး သူ့အလှည့်ရောက်လာတယ်။
"ဒီနေ့အတွက်ဟင်းလျာကတော့ ကြက်ဥပီဇာဖြစ်ပါတယ်။ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ခရမ်းချဥ်သီးတို့ပါဝင်ပြီး တိုက်ပွဲဝင်နေသူတွေကို အာဟာရဖြစ်စေပါတယ်။ ကောင်းကောင်းသုံးဆောင်ပါ။"
ကြောက်တာမှ တစ်ကိုယ်လုံးတုန်နေခဲ့ပေမဲ့ အိမ်စေအရုပ်မက သူ့ကိုဘာမှမလုပ်ဘဲ ဟင်းကောင်းကောင်းထည့်ပေးပြီး မျက်နှာသေနဲ့ အိမ်စေဆန်ဆန်ဦးညွှတ်တယ်။
အီဗန်လည်း တခြားဘာမှစဥ်းစားမနေတော့ဘဲ သောက်ဖို့နွားနို့ခွက်ကို ကောက်ထည့်ပြီးတာနဲ့ နျူရေထိုင်နေတဲ့နေရာကို ပြေးလာခဲ့တယ်။
"နျူရေ၊ ငါတို့အတန်းကို ကျောင်းသားသစ် နှစ်ယောက်
ရောက်နေတယ်ဟ။" တစ်ယောက်စာလွတ်နေသေးတဲ့ ခုံမှာဝင်ထိုင်လိုက်ပြီး အီဗန်ပြောလိုက်တော့ နျူရေက ပြုံးလိုက်ပြီး ပြန်ဖြေရှာတယ်။
"အိုး၊ နင်တို့အတန်းကိုလည်း ကျောင်းသားသစ်တွေ ရောက်တယ်လား။ ငါတို့ဆီကိုလည်း အတန်းသားသစ်နှစ်ယောက်ရောက်လာတယ်ဟ။ အခုငါနဲ့အတူထိုင်နေတာ သူတို့လေ။"
အီဗန်လည်း မျက်စိလည်သွားပြီး တခြားကောင်မလေးနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်လုံးက သူ့ကိုပြုံးပြနေကြတယ်။ နှစ်ယောက်လုံးက အာရှရုပ်ကလေးတွေဖြစ်ပေမဲ့ တစ်ယောက်က ထူးဆန်းစွာနဲ့ ဆံပင်အနီရောင်တွေရှိနေပါတယ်။
"ဟိုင်း၊ နျူရေက ကျွန်မတို့ကို ရှင့်အကြောင်းပြောပြီးပြီ။ လက်ရှိကျောင်းရဲ့တိုက်ပွဲချန်ပီယံ အီဗန်ဘလက်မလား။ ကျွန်မက ယုဆပါ။ မိရိုင်ကတော့ ယုဆ-ချန်လို့ ခေါ်တာမလို့ အဲဒီလိုခေါ်လို့အဆင်ပြေပါတယ်။"
ယုဆက သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။ အီဗန်က လက်ဆွဲနှုတ်ဆက်ချင်ပေမဲ့ နျူရေမျက်စောင်းထိုးလိုက်တော့ အဲဒီအကြံကို တစ်ခါတည်းဖျောက်လိုက်မိတယ်။ နျူရေက မျက်စောင်းလည်းထိုးပြီးရော ဟန်မပျက်ပြုံးလိုက်ပြီး ယုဆအကြောင်းကို နည်းနည်းထပ်ပြောလိုက်တယ်။
"ယုဆ-ချန်က စက္ကူရုပ်လေးတွေကို လှုပ်ရှားအောင်လုပ်နိုင်တယ်လေ။"
"ဒါကရှင့်ဖို့။" ယုဆက ပြောပြောဆိုဆိုနဲ့ အီဗန်ရဲ့လက်ထဲကို လှုပ်ရှားနေတဲ့ ကြိုးကြာရုပ်လေး ထည့်ပေးလိုက်လို့ အီဗန်မျက်ခုံးပင့်လိုက်မိတယ်။ နျူရေကတော့ ထပ်ပြီးနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။
"ဒီဖက်က ဆံပင်အနီနဲ့တစ်ယောက်ကတော့ မိရိုင်တဲ့။ ကမ္ဘာကျော်ဟီးရိုးကြီး အာကိုင်းဂါမီရဲ့လက်ရင်းတပည့်လေ။ ဆရာဆီမှာ အများကြီးလေ့လာပြီးပြီဆိုပေမဲ့ တိုက်ခိုက်ရေးပညာထက်ပိုတဲ့ တခြားကဏ္ဍတွေကို လေ့လာဖို့ရောက်လာတာ။"
"အင်း၊ ကျွန်မကတော့ မီးတောက်တွေကို အမျိုးမျိုးထိန်းချုပ်နိုင်တယ်လေ။" မိရိုင်က လက်ထဲမှာ မီလီမီတာ
အနည်းငယ်လောက်ပဲအရွယ်ရှိတဲ့ မီးတောက်ကလေးတွေနဲ့ ညကောင်းကင်ရှုခင်းတစ်ခုကို ဖန်တီးပြလိုက်တာကြောင့် အီဗန်အထင်ကြီးသွားတယ်။
"မိုက်လှချေလား။" အီဗန်က စွမ်းအားကြီးတယ်ဆိုပေမဲ့
သူ့စွမ်းအားက ဓာတ်သဘာဝစွမ်းအားတွေလို အလှပြလို့ရတာမျိုးမဟုတ်ဘူးလေ။ တကယ့်ကို မနာလိုစရာကောင်းတယ်။
"ကဲ၊ စားကြရအောင်။ တော်ကြာ နားချိန်ကျော်သွားဦးမယ်။" နျူရေသတိပေးလိုက်မှ အီဗန်သတိဝင်လာတော့တယ်။ ဒါကြောင့် တခြားကိစ္စတွေကိုမေ့လိုက်ပြီး ဝေစုရ
လာတဲ့ ပီဇာပိုင်းကို အပိုင်းသေးသေးလေးပိုင်းပြီး စစားတယ်။
...
"ကောင်းပြီ၊ ကောင်လေးတွေ။ ပထမနှစ်ဝက်စာမေးပွဲပြီးကတည်းက မင်းတို့ကို လက်တွေ့တိုက်ပွဲသင်ခန်းစာမှာ ပြန်တွေ့ရတာပဲ။"
ဆရာမဘရီဆာ သူတို့အခန်းထဲ ဝင်လာကတည်းက ယောက်ျားလေးတွေတစ်ယောက်မှ မျက်နှာမကောင်းကြဘူး။ ဂိုးလ်က သူ့ဘေးမှာရှိနေတဲ့ အီဗန်ကို တိုးတိုးလှမ်းပြောတယ်။
"ငါမယုံနိုင်ဘူးကွာ၊ ပထမဆုံးကျောင်းပြန်တက်တဲ့နေ့မှာတင် ဟိုအိမ်စေမနဲ့ပြန်တွေ့ရရင် မလွယ်ဘူး။" သူ့မျက်နှာက မဲ့ရွဲ့နေတယ်။ အီဗန်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။ အိမ်စေအရုပ်မက ဘယ်လောက်စွမ်းလဲ သူတို့အသေအချာမသိပေမဲ့ ရှိသမျှကျောင်းသားတွေအကုန်လုံးကို အနိုင်ယူနိုင်တာတော့အမှန်ပါ။
"အားလုံးပဲ၊ အချိန်ရှိတုန်း တိုက်ပွဲကွင်းပြင်ကိုသွားကြစို့။"
ဆရာမဘရီဆာက ပြောလာပြီဖြစ်တဲ့အတွက် သူတို့မဆန့်ကျင်နိုင်တော့ဘဲ ပစ္စည်းတွေကို စိတ်ချရအောင်ထည့်ပြီးတဲ့နောက် ကျောင်းစာသင်ခန်းထဲကနေ ထွက်လာကြတယ်။ အခုထိတော့ အိမ်စေအရုပ်မကြီးကို သူတို့ ဘယ်နေရာမှာမှမတွေ့ရသေးဘူး။ အဲဒီအစား ဆရာမဘရီစာက ကျောင်းအလယ်က တိုက်ပွဲကွင်းပြင်ကိုခေါ်သွားတယ်။ ဆရာမဘရီဆာတံခါးပွင့်လိုက်တော့ ကွင်းထဲမှာ
သူတို့အပြင် ဘယ်သူမှမတွေ့ရတာတွေ့မှ သက်ပြင်းချလိုက်မိကြတယ်။
"ကြည့်ရတာ ဒီနေ့တော့ အဲဒီအိမ်စေနဲ့ မတိုက်ရလောက်သေးဘူးထင်တယ်။" အီဗန်နဲ့ဂိုးလ်တို့ သက်ပြင်းချလိုက်ပြီးတဲ့နောက်တော့ ဘရီဆာက သူတို့ဒီနေ့လုပ်ရမယ့် သင်ခန်းစာကို စရှင်းပြတယ်။
"ဒီနေ့မင်းတို့လုပ်ရမယ့် သင်ခန်းစာက အရင်သင်ခန်းစာတွေလို အသက်ရှင်ဖို့ အားထုတ်ရမှာမဟုတ်ဘူး။ အဲဒီအစား ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းတွေနဲ့ ကွင်းထဲမှာ တစ်ယောက်ချင်းတိုက်ခိုက်ရမယ့်ပုံစံမျိုး လေ့ကျင့်ရမှာ။"
ဆရာမဘရီဆာက မောသွားဟန်နဲ့ အသက်ရှုဖို့ခနနားပြီးမှ ဆက်ရှင်းပြတယ်။ "ကျောင်းပေါင်းစုံပြိုင်ပွဲနီးလာတာကို မင်းတို့လည်း သတိထားမိမှာပါ။ မင်းတို့ထဲက တစ်ယောက်ယောက် ချန်ပီယံဖြစ်လာလိမ့်မယ်လို့ ငါမှန်းထားတဲ့အတွက် ငါ့ကိုစိတ်မပျက်ကြစေနဲ့။"
ဆရာမဘရီဆာက မှာတမ်းခြွေပြီးတဲ့နောက် စိန်ခေါ်တိုက်ပွဲအတွက် သိထားဖို့လိုတဲ့ စည်းမျဥ်းစည်းကမ်းတွေကို စပြီးရှင်းပြပါတယ်။ အီဗန်ကလည်း သေချာ လိုက်နားထောင်တယ်။
"ပထမစည်းကမ်းချက်က ဒိုင် တစ်နှစ်သုံးရေပြီး စတိုက်လို့ပြောမှ တိုက်လို့ရမယ်။
ဒုတိယအချက်က ရန်သူလဲကျသွားရင် ဆက်တိုက်လို့မရဘူး။ ရန်သူက ဆယ်စက္ကန့်အတွင်းပြန်မထနိုင်ရင် နိုင်ပြီ။
တတိယအချက်က တိုက်ပွဲအချိန်ငါးမိနစ်ပြည့်တာနဲ့ အနိုင်အရှုံးပေါ်ပေါ်မပေါ်ပေါ် ရပ်ရမယ်။ ရှုံးထွက်အဆင့်မှာ သရေကျနေရင် နောက်တစ်ချီထပ်ပြိုင်ရလိမ့်မယ်။
လူတစ်ယောက်ကို စွမ်းအားတိုးစေတဲ့ဆေးတွေအသုံးပြုတာနဲ့ နည်းပညာဟီးရိုးမဟုတ်ဘဲ နည်းပညာလက်နက်တွေသုံးရင် အထုတ်ခံရနိုင်တယ်။"
ဒီတစ်ခါကျတော့ လီနာက ရှေ့ထွက်လာပြီး ဓားကိုဘရီဆာဆီ ထိုးပေးလိုက်တယ်။ "ဆရာ၊ ဒီဓားကရော အကျုံးဝင်လား။"
ဘရီဆာက ဓားကိုစစ်ဆေးကြည့်ပြီးတဲ့နောက် ခေါင်းခါလိုက်တယ်။ "လီနာ၊ နင်က ဓားသမားတစ်ယောက်မလား။ ဓားသမားတစ်ယောက် ဓားသုံးတာက ကိစ္စမရှိပေမဲ့ နင့်ဓားမှာက မြူတန့်သားရဲအမြုတေပါနေတယ်။ အခုတော့ သာမန်ကျောင်းသားတွေကို သုံးတဲ့ဓားနဲ့ပဲသုံးပါ။"
လီနာက ခေါင်းညိတ်လိုက်ပြီး သူ့ဓားကို ဘရီဆာကိုပေးပြီး ဓားအသုံးမလိုတဲ့ ဂိုးလိဆီက ဓားကိုအစားယူလိုက်တယ်။ နောက်တော့ ဘရီဆာက ကျောင်းသားတွေကိုကြည့်လိုက်ပြီး ပြောပါတယ်။
"ကောင်းပြီ၊ အခုလောလောဆယ်တော့ ငါနာမည်ခေါ်တဲ့
သူတွေပဲရှေ့ထွက်ခဲ့။ ကျန်တဲ့သူတွေကတော့ ကိုယ့်အလှည့်မကျမချင်း ပြိုင်ပွဲကွင်းပရိသတ်ခုံပေါ်မှာ ထိုင်နေလို့ရတယ်။"
"ဂိုးလ်နဲ့လီဆာ၊ ဒီမှာနေခဲ့။"
ကိုယ့်အလှည့်မရောက်သေးတဲ့အတွက် အီဗန်လည်း ထိုင်ခုံတစ်ခုံမှာ သွားထိုင်နေလိုက်တယ်။ ဂိုးလ်နဲ့လီဆာကတော့ တိုက်ဖို့အသင့်ဖြစ်နေကြပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြတယ်။
"တစ်၊ နှစ်၊ သုံး။ တိုက်ကြ။" ဒိုင်လုပ်နေတဲ့ ဘရီဆာဆီက အမိန့်ရတာနဲ့ ဂိုးလ်က သူ့လက်ကိုအကြီးကြီးပြောင်းပြီး လီဆာဆီပြေးဝင်သွားတယ်။
"ကျား...." ဂိုးလ်ရဲ့လက်က အပေါ်ကနေမိုးကျလာပြီဖြစ်ပေမဲ့ လီဆာကတော့ တည်ငြိမ်စွာနဲ့ရှိနေပြီး သူ့လက်ကို မြှောက်ကာ သာသာလေးကာလိုက်တယ်။ ဂိုးလ်လည်း မျက်လုံးပြူးသွားပေမဲ့ နှစ်ဝက်အတွင်းမှာ အတွေ့အကြုံများစွာနဲ့ တိုးတက်လာပြီမလို့ ချက်ချင်းပဲ အနေအထားပြောင်းပြီး တိုက်စစ်ဆင်တယ်။ လီဆာကတော့ သာသာလေးရှောင်နေဆဲဖြစ်ပြီး သူ့အမြီးနဲ့ တန်ပြန်တိုက်တာမျိုးကို ဟန်ပြသဘောလောက်ပဲလုပ်နေတယ်။
"ငါစိတ်ထင်တာပဲလား ဒါမှမဟုတ် အဲဒီကောင်မလေးကပဲ ဂိုးလ်ထက်ပိုပြီး အတွေ့အကြုံရင့်နေတာလား။"
အသစ်ကောင်မလေးလီဆာထုတ်ပြနေတဲ့ ခွန်အားက ဂိုးလ်နဲ့အတူတူလောက်ပဲဖြစ်ပေမဲ့ ဂိုးလ်က သူ့ကိုအသာစီးမရယူနိုင်ဘူး။ အခုသူက တိုက်စစ်ဆင်နေလို့ သာသလိုထင်ရပေမဲ့ တကယ်တော့ ဂိုးလ်ကိုယ်တိုင် ထိတ်လန့်နေရတာပါ။
"သွားပြီ။" တိုက်ပွဲကိုကြည့်နေရင်း အီဗန်အခုလိုရေရွတ်လိုက်မိတယ်။ ဂိုးလ်က တစ်ချက်အလောကြီးသွားပြီး သူ့ရှေ့မှာ ဟန်မပျက်ရပ်နေတဲ့ လီဆာကို လက်သီးနဲ့ထိုးချလိုက်တယ်။ လီဆာက သာသာလေးရှောင်ထွက်သွားတဲ့အတွက် စိတ်မရှည်ဘဲအားကုန်ထိုးချလိုက်တဲ့ ဂိုးလ်ဟန်ချက်ပျက်သွားတယ်။ လီဆာက အဲဒီအမှားကိုအခွင့်ကောင်းယူပြီး ဂိုးလ်ရဲ့ဝမ်းဗိုက်ကို ညာဒူးနဲ့တိုက်လိုက်တယ်။
ဂိုးလ်ပါးစပ်ထဲကနေ တံထွေးတွေဖူးခနဲထွက်လာပြီး သူ့ခြေထောက်က ကြမ်းပြင်နဲ့လွတ်သွားတယ်။ လီဆာက သူ့တိုက်စစ်ကိုမရပ်သေးဘဲ နောက်ဆက်တွဲအနေနဲ့ ဘယ်ခြေကိုမြောက်ပြီး ထပ်ကန်လိုက်တယ်။ အခုဂိုးလ်ရဲ့ခန္ဓာကိုယ်က လေပေါ်ကို ငါးပေလောက်မြောက်သွားပြီဖြစ်ပြီး လီဆာက အခွင့်အရေးကိုအသုံးချကာ သူ့အမြီးနဲ့ ဂိုးလ်မျက်နှာကို ရိုက်ချလိုက်တယ်။
ဖြန်း....
အမြီးရိုက်ချက်နဲ့အတူ ဂိုးလ်ရဲ့ခန္ဓာကိုယ်က အဝေးကို လွင့်ထွက်သွားပြီး ကွင်းအဆုံးက ဘုတ်ပြားနဲ့သွားရိုက်တယ်။ ဂိုးလ်ရဲ့ခန္ဓာကိုယ်ကြံခိုင်မှုကြောင့် ဒဏ်ရာကြီးကြီးမားမားရမသွားပေမဲ့ အချိန်တိုအတွင်း ပြန်မထနိုင်တော့ဘူး။
ဘရီဆာက ဂိုးလ်နားကိုရောက်လာပြီး တစ်ဆယ်ပြည့်တဲ့အထိရယ်တယ်။ ဂိုးလ်က ပြန်မထနိုင်တဲ့အတွက် ဘရီဆာက လီဆာအနိုင်ရကြောင်း ကြေညာပြီး ဂိုးလ်ကိုစင်ပေါ် သွားထိုင်ခိုင်းတယ်။
နောက်ထပ်တိုက်ပွဲကတော့ ဘယ်လာနဲ့ အီဗန်သိပ်မရင်းနှီးတဲ့ ခပ်ဝဝကောင်မလေးကြားက တိုက်ပွဲပါ။ သိပ်မကြာခင်မှာပဲ ဘယ်လာနိုင်သွားတယ်။ သူတို့စွမ်းအားတွေက ကွာလွန်းနေခဲ့လို့ပါ။ နောက်ထပ် အလှည့်များစွာစောင့်ပြီးမှ ဘရီဆာက အီဗန်ရဲ့နာမည်ကို ခေါ်လိုက်ပါတယ်။
"အီဗန်နဲ့လီနာ။ မင်းတို့အလှည့်ရောက်ပြီ။"
အီဗန်လည်း အိပ်ငိုက်နေရာကနေ ထိုင်ခုံကနေ ထလိုက်ပြီး စင်ပေါ်ကို ဆင်းသွားလိုက်တယ်။ သူကွင်းထဲရောက်တော့ လီနာလည်းရောက်နေပြီဖြစ်ပြီး ကျောင်းကပေးတဲ့ ဓားရိုးပေါ်လက်တင်ထားတယ်။
"တစ်ခုပြောစရာရှိတာက မင်းတို့နှစ်ယောက်က တစ်ယောက်အစွမ်းကိုတစ်ယောက် မသိလောက်သေးဘူးထင်တယ်။ အီဗန်၊ လီနာက ရေအမျိုးအစားနဲ့သိုင်းပညာမြူတန့်ပဲ။ လီနာ၊ အီဗန်က သွေးစုပ်ဖုတ်ကောင်နဲ့သိုင်းပညာမြူတန့်။ နင်တို့နှစ်ယောက် အမျိုးအစားနည်းနည်းတူတယ်။"
ဘရီဆာက ရှင်းပြလိုက်ပြီး စရေတွက်တယ်။ အီဗန်လည်း သွေးသောက်လိုက်ပြီး ဓားကိုအသင့်ပြင်လိုက်တယ်။ နှစ်ယောက်လုံးက အရည်အသွေးတူတဲ့ဓားတွေကို ကိုင်ထားတာဖြစ်တဲ့အတွက် အီဗန်မစိုးရိမ်ပါဘူး။
"စတိုက်တော့...." ဘရီဆာဆီက ခွင့်ပြုချက်ရတာနဲ့ အီဗန်က ကြမ်းပြင်ကိုခြေနဲ့ကန်ပြီး ခုန်ထွက်လိုက်တယ်။ လက်ထဲက ဓားကိုတော့ လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားပြီး
လီနာကို ထိုးနှက်လိုက်တယ်။
ဝေါ...
လီနာက ဟန်ချက်ညီညီလှုပ်ရှားလိုက်ရုံနဲ့ လေထုထဲက ရေငွေ့တွေက ရေအဖြစ်ပြောင်းသွားပြီး အီဗန်ကိုရှေ့တက်မရေအောင် ရေစီးကြောင်းတွေနဲ့ တားဆီးလိုက်တယ်။ အီဗန်လည်း တစ်ဖက်ကလှည့်ထွက်ဖို့လုပ်ပေမဲ့ လီနာက နောက်ကရောက်နေပြီဖြစ်ပြီး သူ့ကိုအပေါ်ကနေ
ဓားနဲ့မိုးခုတ်တယ်။ ပြီးတော့ သေကွင်းသေကွက်ကိုပါ။
"ဒီကောင်မလေး တစ်ခုခုလွဲနေတယ်ဆိုတာ ငါသိသားပဲ။" အီဗန်လည်း ဓားကိုမြှောက်ကာလိုက်ရင်း ကျိန်ဆဲလိုက်တယ်။ ဓားဓားချင်းထိသွားပြီး မီးဖွားတွေဖြာထွက်လာတဲ့အထိ လီနာရဲ့အားပြင်းတဲ့အတွက် အီဗန်လက်ထဲကဓား ပြုတ်ကျတော့မလိုဖြစ်သွားတယ်။
ထန်း....
လီနာက ခုန်ပြီးကြမ်းပေါ်ပြန်ရောက်တာနဲ့ ကိုယ်ကိုငုံလိုက်ပြီး အီဗန်ကိုအနိမ့်ကန်ချက်နဲ့ ဟန်ချက်ဖြတ်တယ်။
အီဗန်လည်း ဘုန်းခနဲလဲကျသွားပေမဲ့ ပြန်ထဖို့နောက်ကျသွားပါပြီ။ လီနာရဲ့ဓားချက်တွေက လျင်မြန်သွက်လက်စွာနဲ့ သူ့အပေါ်ကိုကျဆင်းလာနေပါပြီ။
"သေစမ်း။" အီဗန်လည်း ဓားကိုမြှောက်ပြီးဆက်တိုက်ခုခံပေမဲ့ လီနာက ဓားရေးတစ်ခုတည်းတော်တာမဟုတ်ပါဘူး။ ဓားနဲ့တိုက်ခိုက်နေတဲ့အချိန်မှာပဲ လေထုထဲက ငွေ့ရည်တွေကို ဖွဲ့စည်းနေခဲ့တာဖြစ်ပြီး မြေပြင်နဲ့ကပ်ပြီး ခုခံနေရတဲ့အီဗန်ကို ရေစီးကြောင်းနဲ့ချုပ်ကိုင်ရင်း လေပေါ်မြှောက်ပစ်လိုက်တယ်။
"အား...." အီဗန်ရဲ့ခန္ဓာကိုယ်က ပြိုင်ပွဲကွင်းပြင်ခေါင်မိုးနဲ့ရိုက်မိသွားပြီး ရေတွေက ပွဲကြည့်နေတဲ့ ကျောင်းသားတွေပေါ်ကို ကျလာပြီးအကုန်စိုရွဲကုန်တယ်။ အီဗန်လက်ထဲက ဓားလည်း လက်ထဲက ပြုတ်ကျသွားတယ်။
"မကောင်းတော့ဘူး။" နောက်ကနေ ရေစီးကြောင်းတစ်ခုအားကိုးနဲ့ အမြင့်ကြီးကိုခုန်တက်လာတဲ့ လီနာကိုမြင်တော့ အီဗန်ခေါင်းနားပန်းကြီးသွားပြီး ခေါင်မိုးကိုလက်နဲ့ရိုက်ကာ ရေစီးကြောင်းကနေ အားကုန်ရုန်းထွက်လိုက်တယ်။ ဒါပေမဲ့ လီနာက ဓားတစ်ချောင်းနဲ့ နောက်ကနေ လိုက်နေဆဲပါ။
လက်ထဲမှာ ဓားမရှိသေးတဲ့အတွက် အီဗန်က လီနာရဲ့ဓားချက်တွေကို လက်ဖျံသက်သက်နဲ့ခံဆောင်နေရပြီး သွေးတွေပန်းထွက်လာတယ်။ ကောင်မလေးကတော့ သွေးတွေကို ဂရုမစိုက်ဘဲ သူ့ကိုဆက်တိုက်နေတုန်းပဲ။ သွေးစုပ်ကောင်အစွမ်းကြောင့် ဒဏ်ရာတွေဆက်တိုက် ပြန်ကောင်းနေပေမဲ့ နာတာက နာတာပါပဲ။
"ရပြီ။" အီဗန်က ပြေးနေရင်းကနေ ကြမ်းပြင်ပေါ်ကျနေတဲ့ ဓားကိုခြေနဲ့ကောက်လိုက်ပြီး လီနာရဲ့ဓားသုံးလေးချက်လောက် ယှဥ်ချတယ်။ အခုအီဗန်က သူ့ခွန်အားအပြည့်ကို ထုတ်သုံးနေပြီဖြစ်ပြီး လေထုကိုထိုးဖောက်လုမတတ် ခွန်အားနဲ့အမြန်နှုန်းထွက်လာတယ်။ ဒါပေမဲ့ ပိုများတဲ့အင်အားနဲ့တိုက်လေ သူ့ရှေ့ကကောင်မလေးမှာ
အဆုံးမရှိတဲ့စွမ်းအားတွေရှိနေလေလို့ ခံစားမိလေပါပဲ။
အခုနှစ်ယောက်လုံးက လေထုကိုထွင်းဖောက်လုမတတ် အမြန်နှုန်းနဲ့တိုက်ခိုက်နေကြပြီဖြစ်ပြီး တိုက်ပွဲကွင်းပြင်ထဲမှာ ဓားချင်းထိခတ်မိသံတွေနဲ့ ဆူညံ့နေတော့တယ်။
ထန်း....
နှစ်ယောက်တိုက်ခိုက်နေရာကနေ တစ်ခဏပြန်ခွာလိုက်တယ်။ သူတို့လက်ထဲမှာကိုင်ထားတဲ့ ဓားတွေက ဒဏ်မခံနိုင်တော့ဘဲ တစ်စစီကွဲကြေသွားခဲ့လို့ပါ။ မဟုတ်ရင် သူတို့ရဲ့ယှဥ်ပြိုင်ပွဲက အခုထက်ပိုပြီးကြာနိုင်တယ်။
"ရပ်ကြတော့၊ အချိန်ပြည့်ပြီ။" နှစ်ယောက်လုံး လက်ဗလာနဲ့ ဆက်တိုက်ကြတော့မယ့်အချိန်မှာပဲ ဘရီဆာက
နှစ်ယောက်ကြားထဲ ဝင်လာပြီးပြောလိုက်တယ်။ ငါးမိနစ်ပြည့်သွားပါပြီ။