မီးတောက်ကြယ် ဆေးပင်
Vol. 40 Ch. 541
တိုက်ခိုက်မှု သုံးခုထဲမှာ ပထမဦးဆုံး မီးမိစ္ဆာကို ထိသွားတာကတော့ လီဖူချန်းရဲ့ တိုက်ခိုက်မှုပါပဲ ။ လီဖူချန်းရဲ့ ကိန္နရီဆူးက မီးမိစ္ဆာရဲ့ မိစ္ဆာဝိညာဉ်ကို အောင်မြင်စွာ ထိုးစိုက်သွားခဲ့နိုင်ပါတယ် ။ အဲသည်နောက်မှာမှပဲ လေ့တုံးဟိုင်နဲ့ ကုချူးယီရဲ့ တိုက်ခိုက်မှုက ကပ်လိုက်လာခဲ့တာပါ ။
ဂျိန်း……
မိုးခြိမ်းသံတမျှ အသံကြီး ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာတော့ ကြီးမားလှတဲ့ အရိပ်ကြီးတစ်ခုက လွင့်ထွက်သွားခဲ့ပါပြီ ။ အဲသည် အရိပ်ကတော့ မီးမိစ္ဆာပါပဲ ။
တိုက်ခိုက်မှု ဖြစ်ပေါ်ရာ နေရာနဲ့ ဆယ်မိုင်လောက် အကွာကို ရောက်မှပဲ မီးမိစ္ဆာဟာ သူ့ရဲ့ ဟန်ချက်ကို ပြန်ထိန်းလိုက် နိုင်ပါတယ် ။သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ သေစေနိုင်လောက်တဲ့ ဒဏ်ရာကြီး နှစ်ခု ဖြစ်ပေါ်နေခဲ့ပါပြီ ။ အဲသည်ထဲက တစ်ခုကတော့ သူ့ရဲ့ ညာဘက် ပခုံးမှာ ဖြစ်ပြီး သူ့ရဲ့ ပခုံး တစ်ဝက်လောက်ဟာ ကျိုးကြေနေခဲ့ပါတယ် ။ အဲသည်ဒဏ်ရာကတော့ မိုးကြိုးတူကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ အသိသာကြီးပါပဲ ။ နောက်ထပ်တစ်ခုကတော့ ထိုးသွင်းခံထားရဲတဲ့ ဓားဒဏ်ရာ ဖြစ်ပြီး သူ့ရဲ့ နှလုံးသားနဲ့ ကပ်လျက်မှာ ဖြစ်တည်နေတာပါ ။ အဲသည် ဓားဒဏ်ရာကတော့ ရွှေအိုရောင် ဓားချက်ကြောင့်ကလွဲပြီး တခြားဖြစ်စရာ အကြောင်း မရှိတော့ပါဘူး ။
မီးတောက်အသွင်ကို ပြောင်းလဲနိုင်ခြင်း မရှိလိုက်တဲ့ မီးမိစ္ဆာဟာ လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ရဲ့ တိုက်ခိုက်မှုကို အပြည့်အဝ ခံလိုက်ရတာ ဖြစ်ပါတယ် ။ တကယ်လို့သာ မီးမိစ္ဆာရဲ့ နေရာမှာသာ လူသား မဟာဆရာသခင် တစ်ယောက် ဆိုရင်တော့ သည်တိုက်ခိုက်မှု နှစ်ခုနဲ့တင် သေချာပေါက် သေနေလောက်ပါပြီ ။ ကံကောင်းတာကတော့ မီးမိစ္ဆာဟာ မိစ္ဆာ ဖြစ်နေတာပါပဲ ။
မိစ္ဆာဖြစ်တဲ့အတွက် မီးမိစ္ဆာ္တရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြန်လာ်ပျောက်ကင်း သက်သာလာပါတော့တယ် ။
" ခွေးမသား …… မျိုးမစစ်ကောင် ။ ငါမင်းကို အရင်ဆုံး သတ်မယ် "
မီးမိစ္ဆာ္တရဲ့ မျက်လုံးတွေထဲမှာတော့ သတ်ဖြတ်မှု အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ပါပြီ ။ သူက လီဖူချန်းကို ကြည့်ပြီး ကြိမ်းဝါးနေတာလည်း ဖြစ်ပါတယ် ။
သူအခုလို ဒဏ်ရာ အကြီးအကျယ် ရသွားရတဲ့ အဓိက အကြောင်းအရင်းဟာ လီဖူချန်းကြောင့် ဆိုတာကိုတော့ မီးမိစ္ဆာ္တ အနေနဲ့ သတိမပြုမိစရာ အကြောင်း မရှိပါဘူး ။ သည်လူသား သုံးယောက်ထဲမှာ ဆိုရင်တော့ လီဖူချန်းဟာ သူ့ကို ဒုက္ခအပေးနိုင်ဆုံးပါပဲ ။
တကယ်လို့ လီဖူချန်းသာ သူ့ရဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို တိုက်ခိုက်ခဲ့ခြင်း မရှိဘူးဆိုရင် သူဟာ လေ့တုံးဟိုင်နဲ့ ကုချူးယီကြောင့် ဒဏ်ရာ အကြီးအကျယ် ရမှာ မဟုတ်ပါဘူး ။
" မီးမိစ္ဆာ ချပ်ဝတ်တန်ဆာ "
မီးမိစ္ဆာက သုူ့ရဲ့ မျိုးဆက်သွေးကို လောင်ကျွမ်းစေလိုက်ပြီး ချပ်ဝတ်တန်ဆာ အကာအကွယ်ကို ဖန်ဆင်းလိုက်ပါတော့တယ် ။
ရှဲ……ရှဲ……ရှဲ……
အလျှံတညီးညီး တောက်လောင်နေတဲ့ မီးတောက်အလွှာ တစ်ခုဟာ မီးမိစ္ဆာ္တရဲ့ ခန္ဓာကိုယ်ထက်မှာ ဖြစ်တည်လာခဲ့ပါပြီ ။
သည်အရာကလည်း သူ့ရဲ့ မွေးရာပါ စွမ်းရည် ဖြစ်ပေမယ့်လည်း မိစ္ဆာ ချပ်ဝတ်တန်ဆာနဲ့ မီးတောက်အသွင်ပြောင်းခြင်းဟာ ခြားနားမှု ရှိပါတယ် ။ မီးမိစ္ဆာ ချပ်ဝတ်တန်ဆာကို ဖန်ဆင်းဖို့အတွက် သူ့အနေနဲ့ အာရုံ စူးစိုက်စရာ မလိုပါဘူး ။ သူလုပ်ဖို့ လိုတာက မျိုးဆက်သွေးကို လောင်ကျွမ်းစေဖို့ပါပဲ ။ မီးမိစ္ဆာက မီးတောက်အသွင် ပြောင်းဖို့ကိုတော့ လီဖူချန်းကို သတ်ပြီးမှပဲ ဆက်လုပ်ဖို့ စဉ်းစားထားပါတယ် ။
" ကိန္နရီဆူး "
ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ မီးမိစ္ဆာကို ရင်ဆိုင်ဖို့ အတွက်ကတော့ လီဖူချန်းအနေနဲ့ ကိန္နရီဆူးကလွဲပြီး တခြား ရွေးစရာ မရှိပါဘူး ။ သူက ကိန္နရီဆူးကို ထုတ်သုံးမှကို ရပါမယ် ။
" အား "
ကိန္နရီဆူး ထိမှန်သွားတဲ့ မီးမိစ္ဆာဟာ အသံနက်ကြီးနဲ့ အော်ဟစ်လိုက်ရပါတယ် ။
လီဖူချန်းရဲ့ ကိန္နရီဆူး အစွမ်းကတော့ တကယ့်ကို အံ့မခန်းပါပဲ ။ မီးမိစ္ဆာဟာ သွေးသန့် မိစ္ဆာတစ်ကောင် ဖြစ်တဲ့အတွက် သူ့ရဲ့ မိစ္ဆာ ဝိညာဉ်ဟာ မီးလျှံသားမွှေး ဝံပုလွေရဲ့ မိစ္ဆာသားရဲ ဝိညာဉ်ထက်ကော ဟိုတိုင်ချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ထက်ပါ အစွမ်းထက်ပါတယ် ။ ဒါပေမဲ့လည်း သူ့ရဲ့ မိစ္ဆာဝိညာဉ်ဟာ ကိန္နရီဆူးကို ဘယ်လိုမှ တောင့်မခံနိုင်ပါဘူး ။
" နတ်ဘုရား မိုးကြိုးတူ "
" တောက်ပမှု ဓားအလင်း "
လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ကတော့ သည်အခွင့်အရေးကို အမိအရယူပြီး မီးမိစ္ဆာကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်ပါတယ် ။
သူတို့က သည်မီးမိစ္ဆာရဲ့ တန်ခိုးအစွမ်းကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွား ကြပါပြီ ။ အခု သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မီးမိစ္ဆာကို သည်လျှို့ဝှက်နယ်မြေထဲကနေ မောင်းထုတ်ဖို့ပါပဲ ။ သူတို့က မီးမိစ္ဆာကို သတ်ဖို့အတွက် မစဉ်းစားကြတော့ပါဘူူး ။
ဘန်း……
ရွှမ်း……
မိုးကြိုးတူ အရိပ် နဲ့ ရွှေအိုရောင် ဓားအလင်းတန်းက မီးမိစ္ဆာကို နောက်ဆုတ်သွားစေ ခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ မီးမိစ္ဆာ ချပ်ဝတ်တန်ဆာပေါ်မှာ အက်ကွဲရာတွေ ပေါ်လာခဲ့ပါတယ် ။
" သေ…… သေစမ်း…… မင်းတို့အားလုံး သေကြစမ်း "
မီးမိစ္ဆာက သူ့ရဲ့ ဒေါသတွေကို ထိန်းမရတော့တဲ့ပုံပါပဲ ။ သူက မီးတာအို မိစ္ဆာချီတွေ ပါဝင်တဲ့ မီးလုံးကြီးတွေကို ဖန်ဆင်းပြီး လီဖူချန်းတို့ သုံးယောက်ကို အဆက်မပြတ် ပစ်ပေါက်ပါတော့တယ် ။
ဝုန်း……ဝုန်း……ဝုန်း……
မျက်စိတစ်မှိတ် အတွင်းမှာပဲ မီးပင်လယ်ကြီး တစ်ခုဟာ ဖြစ်တည်လာခဲ့ပါပြီ ။
" ညီလေးလီ .……ဆုတ်……ဆုတ် …… မြန်မြန်ဆုတ် "
လေ့တုံးဟိုင်က လီဖူချန်းကို နောက်ဆုတ်ဖို့အတွက် သတိပေးလိုက်ပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းက လေ့တုံးဟိုင် သတိမပေးခင်ကတည်းက အနောက်ဆုတ်ပြီး နေပါပြီ ။ လီဖူချန်းက ပြေးတဲ့အခါတို့ ဒါမှမဟုတ် ဆုတ်ခွာရတော့မယ့် အခြေအနေမျိုးမှာဆိုရင် ဘယ်တော့မှ နောက်ကျလေ့ မရှိပါဘူး ။ ပင်လယ်သားရဲတွေနဲ့ တိုက်တဲ့ တိုက်ပွဲတုန်းကတောင်မှ အဆင့်မြင့် ပင်လယ်သားရဲတွေက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့တဲ့အတွက် သူ့အနေနဲ့ ကျွန်းပေါ်ကို အချိန်မီ မပြန်နိုင်ခဲ့တာပါ ။
လီဖူချန်းအတွက်ကတော့ သည်မီးမိစ္ဆာကို ရင်ဆိုင်ရတာက ဟိုတိုင်ချန်းထက် ပိုပြီး ခဲယဉ်းတယ်လို့ ဆိုရပါမယ် ။ ဟိုတိုင်ချန်းနဲ့တုန်းကဆိုရင် ဟိုတိုင်ချန်းဟာ သူ့ကို တစ်ချက်ကလေးတောင် ပြန်မတိုက်နိုင်ခဲ့ပါဘုး ။ ဒါပေမဲ့ သည်မီးမိစ္ဆာကတော့ မီးလုံးတွေနဲ့ ပြန်ပြီး ပစ်ပေါက်နေပါတယ် ။
" ကိန္နရီဆူး "
လီဖူချန်းက ဆုတ်သွားတာတောင်မှ သည်အတိုင်း ဆုတ်မသွားပါဘူး ။ သူက ဆုတ်ခွာနေရင်းနဲ့ နောက်ထပ် ကိန္နရီဆူး တစ်ချောင်းတောင် ပစ်သွားလိုက်ပါသေးတယ် ။
၁၅ မိနစ်…… မိနစ် ၃၀ ……
သည်လိုန့ဲပဲ တိုက်ပွဲဟာ အချိန်တစ်နာရီတောင် ကျော်လာခဲ့ပါပြီ ။
လီဖူချန်းရဲ့ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထိမှန်ထားတဲ့ အတွက်ကြောင့် မီးမိစ္ဆာဟာ သူ့ရဲ့ အစွမ်း ၃၀ ရာခိုင်နှုန်းထက် ပိုပြီး မထုတ်နိုင်တော့ပါဘူး ။အဲသည်အတွက် သူဟာ စီးတုလေ့ နဲ့ ကုချူးယီတို့ရဲ့ တစ်ဖက်သတ် ဖိနိပ် တိုက်ခိုက်မှုကို ခံနေရပါတော့တယ် ။
" သည်သွေးသန့် မီးမိစ္ဆာက တကယ် မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်တာပဲ ။ သူက ငါ့ရဲ့ ကိန္နရီဆူးတွေ ထိမှန်ထားတာတောင်မှ ဆက်ပြီး တိုက်ခိုက်နေနိုင်သေးတယ် "
လီဖူချန်းက မီးမိစ္ဆာရဲ့ အစွမ်းကို သြချနေမိပါပြီ ။
လီဖူချန်း မသိတာကတော့ သည်မီးမိစ္ဆာရဲ့ မိစ္ဆာဝိညာဉ်ဟာ သူထင်ထားသလောက် အစွမ်းမထက်ဘူး ဆိုတာပါပဲ ။ အဲဒါက ဟိုတိုင်ချန်းရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ထက်တောင်မှ မသိမသာလေးသာ ပိုပြီး အစွမ်းထက်တာပါ ။
ဒါပေမဲ့လည်း မီးမိစ္ဆာက သွေးသန့်မိစ္ဆာ ဖြစ်တဲ့အတွက် မိစ္ဆာဘုရင်အထိ အဆင့်တက်နိုင်တဲ့ အလားအလာ ရှိပါတယ် ။ အဲဒါကြောင့်ပဲ သူဟာ လီဖူချန်းရဲ့ ကိန္နရီဆူးတွေ ထိခိုက်မိထားတာတောင်မှ ဆက်ပြီး တိုက်ခိုက်နေနိုင်တာပါ ။
နောက်ထပ် နာရီဝက် ထပ်ကြာတဲ့အထိ တိုက်ပွဲဟာ မပြီးပြတ်သေးပါဘူး ။ မီးမိစ္ဆာက ဒဏ်ရာ ဗရပွ ရနေခဲ့သလို လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ကလည်း အတော်လေး လက်ပန်း ကျနေခဲ့ပါပြီ ။
" တောက်ပမှု ဆူးပျံ "
ကုချူးယီက ဓားချက် တစ်ချက် ထုတ်လိုက်ပြီး မီးမိစ္ဆာကို ထပ်ပြီး တိုက်ခိုက်လိုက်တဲ့ အခါမှာတော့ မီးမိစ္ဆာရဲ့ ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ် မရေတွက်နိုင်တဲ့ ဓားဒဏ်ရာတွေ ပေါ်လာပြန်ပါတယ် ။
ဒါပေမဲ့လည်း အဲသည်တိုက်ခိုက်မှုက မီးမိစ္ဆာကို သေစေနိုင်တဲ့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မီးမိစ္ဆာ္ဃရဲ့ အသက်ပြင်းမှုကတော့ တကယ့်ကို လက်လန်ချင်စရာပါပဲ ။ သူက မီးတောက်အသွင် မပြောင်းနိုင်တာတောင်မှပဲ သည်လောက်များတဲ့ ဒဏ်ရာတွေကို ကြံ့ကြံခံ နေနိုင်ပါသေးတယ် ။
" နတ်ဘုရား မိုးကြိုးတူ …… နတ်မိုးကြိုးအမျက် "
လေ့တုံးဟိုင်ကတော့ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ဖို့ စဉ်းစားနေပုံပါပဲ ။ သူက မိုးကြိုးတူ ရိုက်ချက် နှစ်ချက်ကို ဆင့်ပြီး ထုတ်လိုက်ပါတယ် ။
ဂျိန်း……ဂျိန်း……ဂျိန်း……
ကောင်းကင်ယံ တစ်ခုလုံး သိမ့်ခနဲ တုန်ခါသွားပြီးတဲ့ နောက်မှာတော့ မရေမတွက်နိုင်တဲ့ မိုးကြိုး လျှပ်စီးကြောင်းတွေဟာ မီးမိစ္ဆာ အပေါ်ကို ကျရောက်သွားခဲ့ပါပြီ ။
" ကိန္နရီဆူး "
တစ်ချိန်တည်းမှာပဲ လီဖူချန်းဆီက ထွက်လာတဲ့ ကိန္နရီဆူး တစ်ချောင်းက မီးမိစ္ဆာရဲ့ ဦးခေါင်းထဲကို တိုးဝင်သွားပါသေးတယ် ။
အား……
မီးမိစ္ဆာရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲတော့မယ့် အရိပ်အယောင်တွေ ပြသလာခဲ့ပါပြီ ။ သူက သေခြင်းတရားရဲ့ အငွေ့အသက်တွေကိုလည်း ခံစားမိလာပါတယ် ။
အခုဆိုရင်တော့ မီးမိစ္ဆာရဲ့ အသက်ဓာတ် ၇၀ ရာခိုင်နှုန်းဟာ ကုန်ခန်း သွားခဲ့ပါပြီ ။ သည်ပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ သူဟာ သေချာပေါက် သေတော့မှာ ဖြစ်ပါတယ် ။
ဒါတွေအားလုံးရဲ့ အဓိက လက်သည် တရားခံကတော့ လီဖူချန်းပါပဲ ။
လီဖူချန်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူဟာ မီးတောက်အသွင်ကို အလွယ်တကူပဲ ပြောင်းနိုင်မှာပါ ။ တကယ်လို့သာ သူ့အနေနဲ့ မီးတောက်အသွင် ပြောင်းသွားနိုင်ခဲ့ရင် လေ့တုံးဟိုင် နဲ့ ကုချူးယီတို့ရဲ့ တိုက်ခိုက်မှုကို ဘာအကြောင်းနဲ့မှ မှုစရာ မလိုတော့ပါဘူး ။
" နောက်ထပ်အချိန် နည်းနည်းပဲ တောင့်ခံထားကြဟေ့ ။ သည်ကောင်ကြီးရဲ့ အသက်ဓာတ်က ကုန်ခါနီးနေပြီ "
လေ့တုံးဟိုင်က အော်ပြောလိုက်ပါတယ် ။
မိစ္ဆာသားရဲတွေ နဲ့ မိစ္ဆာတွေဟာ အင်မတန် အသက်ပြင်းလှတဲ့ မျိုးစိတ်တွေပါပဲ ။ အဲသည်ထဲမှာမှ မိစ္ဆာတွေက ပိုပြီး ရူးချင်စရာ ကောင်းလောက်အောင် အသက်ပြင်းပါတယ် ။ မိစ္ဆာတွေက ပေဒါဇင်ပေါင်း အနည်းငယ်ထက် ပိုပြီး မရှိပါဘူး ။ဒါပေမဲ့လည်း သူတို့တွေရဲ့ အသက်ဓာတ်ဟာ ပေတစ်ထောင် ဒါမှမဟုတ် ပေတစ်သောင်း ရှိတဲ့ မိစ္ဆာ္တသားရဲတွေရဲ့ အသက်ဓာတ်နဲ့တောင် ယှဉ်လို့ရပါတယ် ။အဲသည်အချက်နဲ့တင် မိစ္ဆာတွေရဲ့ အသက်ဓာတ်ဟာ ဘယ်လောက် သိပ်သည်းသလဲ ဆိုတာကို သိနေနိုင်ပါပြီ ။
လေ့တုံးဟိုင်တို့ဟာ နောက်တစ်ကြိမ်မှာ မီးမိစ္ဆာကို သည်လိုအခြေအနေအထိ ရောက်အောင် တိုက်ခိုက်ဖို့အတွက် လုံးဝ မသေချာပါဘူး ။ အဲသည်အတွက်ကြောင့်ပဲ သူဟာ ကုချူးယီ နဲ့ လီဖူချန်းကို အချိန်နည်းနည်း ထပ်ပြီး တောင့်ခံထားဖို့အတွက် မှာကြား နေရတာပါ ။
" မီးလှံ "
မီးမိစ္ဆာက ဆုတ်ခွာဖို့အတွက်ကို စဉ်းစားထားခဲ့ ပြီးပါပြီ ။ ဒါပေမဲ့လည်း သူက မဆုတ်ခွာခင်မှာ လီဖူချန်းကို သတ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းလိုက်ပါသေးတယ် ။
ရွှီး……ရွှီး……ရွှီး……ရွှီး……
မီးမိစ္ဆာ လျှို့ဝှက်နယ်မြေဟာ တစ်ချက် တုန်ခါသွားပြီးတဲ့ နောက်မှာတော့ ဒါဇင်နဲ့ ချီတဲ့ မီးလှံတွေဟာ ကောင်းကင်ယံကနေ ထိုးဆင်း လာခဲ့ပါပြီ ။ အဲသည် မီးလှံတံတွေရဲ့ ပစ်မှတ်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။
" အန္တရာယ် "
လီဖူချန်းက အန္တရာယ် အငွေ့အသက်ကို ရလိုက်တဲ့အတွက် မီးတောက်တစ်ခု အသွင် ပြောင်းပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်ပါတယ် ။
စွပ်……
ဒါပေမဲ့လည်း သူက မီးလှံတွေရဲ့ လက်အောက်ကနေ လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးသွားနိုင်ခြင်း မရှိခဲ့ပါဘူး ။ သူက မီးလှံတစ်ချောင်းကို မြည်းစမ်း ကြည့်လိုက် ရပါတယ် ။
ဝေါ့……
လီဖူချန်းက သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပါပြီ ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခြမ်းဟာလည်း မီးလောင်ပြင်ထဲ ရောက်နေသလို ခံစားနေရပါတယ် ။
သည်မီးလှံရဲ့ ပြင်းထန်မှုကတော့ အလွန်အမင်း အစွမ်းထက်တဲ့ ထွတ်ခေါင် ဆရာသခင် တစ်ပါးရဲ့ အားကုန်ထုတ် တိုက်ခိုက်မှုနဲ့ မခြားနားလှပါဘူး ။
" ဟား……ဟား …… မှတ်ပြီလား မျိုးမစစ်ကလေး ။ နောက်တစ်ခါ ငါနဲ့တွေ့ရင် သေပြီသာမှတ် "
လီဖူချန်းကို မီးလှံနဲ့ တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ မီးမိစ္ဆာဟာ အဝေးကို ထွက်ပြေးသွားခဲ့ပါပြီ ။ သူက မထွက်ပြေးခင်မှာ လီဖူချန်ူကို ကောင်းကောင်းကြီး သမလိုက်ရတဲ့အတွက် အတော်လေး ကျေနပ်သွားပုံပါပဲ ။
" သူ့နောက်ကို မလိုက်ကြနဲ့ ။ ငါတို့ရဲ့ ပစ်မှတ်က မီးတောက်ကြယ်ဆေးပင်ပဲ ။ ငါ့အထင် မမှားဘူးဆိုရင် အဲသည်ဆေးပင်က မြေအောက် တစ်နေရာမှာ ရှိလိမ့်မယ် "
လေ့တုံးဟိုင်က မီးမိစ္ဆာနောက်ကို လိုက်မသွားဖို့အတွက် ကုချူးယီကို တားလိုက်ပါတယ် ။
" အင်း…… ညီမ မလိုက်ပါဘူး "
ကုချူးယီကလည်း အခြေအနေကို ကောင်းကောင်းကြီး သုံးသပ်နိုင်စွမ်း ရှိသူပါပဲ ။ သူမက မီးမိစ္ဆာနောက်ကို လိုက်မသွားတဲ့အပြင် သူမရဲ့ နတ်ဘုရား စွမ်းရည်ကိုပါ ရုတ်သိမ်းပြီးနှင့် နေပါပြီ ။
မီးတောက်ကြယ် ဆေးပင် ……
သည်ဆေးပင်က ကောင်းကင်အဆင့် ဆေးပင် တစ်ပင် ဖြစ်တဲ့အတွက် သူ့ဘာသာသူ လျှောက်သွားနိုင်စွမ်း ရှိပါတယ် ။ အရင်တစ်ခေါက်တုန်းကတော့ လေ့တုံးဟိုင်ဟာ သည်ဆေးပင်ကို မြေပြင်ပေါ်မှာ မြင်တွေ့ခဲ့တာပါ ။
" ကျွန်တော် တွေ့ပြီ "
လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံကို ဖြန့်ကြက်လိုက်တဲ့ အခါမှာတော့ မြေအောက် မီတာအနက် ၆၀၀၀ မှာ ထူးဆန်းတဲ့ အပင်တစ်ပင်ကို ရှာတွေ့သွားခဲ့ပါပြီ ။ အဲသည်အပင်ကတော့ ရွှေရောင်တွေ တလက်လက် ဖြာထွက်နေတဲ့ ဆေးပင် တစ်ပင် ပါပဲ ။
အဲသည် ဆေးပင်က ရွှေရောင်တွေ ဖြာထွက်နေတဲ့အပြင် အဆုံးမရှိတဲ့ အပူဓာတ်တွေကိုလည်း ထူတ်လွှတ်နေပါသေးတယ် ။ လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံက ဆေးပင်အနားကပ်သွားရင် အပူဓာတ်တွေကြောင့် အရည်ပျော်သွားတဲ့အတွက် ဆေးပင်ရဲ့ ပုံပန်းသဏ္ဌာန် အတိအကျကိုတော့ မကြည့်မြင်နိုင် ခဲ့ပါဘူး။ သူက အဲသည်ဆေးပင်ဟာ မီးတာအိုကို အခြေခံတဲ့ ဆေးပင်ဆိုတာကိုပဲ အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်ပါတယ် ။
***