ထိတ်လန့်စရာ
Vol. 16 Ch. 240
သူမဆီသို့ ဆန့်ထုတ်လာသော လက်များကို ကြည့်လိုက်ပြီး အော်ရိုရာသည် ခေါင်းမော့ကာ ဟန်ရှောင်း၏ မျက်လုံးများကို ကြည့်လိုက်သည်။
"မင်းကဘာလို့ ငါ့ကို လာကယ်တာလဲ" သူမက မဝံ့မရဲဖြင့် မေးသည်။
ဟန်ရှောင်းက စဉ်းစားပြီး "ငါက နွေးထွေးတဲ့လူတစ်ယောက်လို့ မင်းယူဆလို့ရတယ်။"
"မင်းက ဘယ်သူလဲ?" အော်ရိုရာသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်၏။
"မင်းငါ့ကို ဇီးရိုး လို့ ခေါ်နိုင်တယ်" ဟန်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
အော်ရိုရာ၏ စိုစွတ်နေသော မျက်လုံးကြီးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်သွားသည်။ "ဒါဆို မင်းက အန်ကယ် ဇီးရိုး ပေါ့"
ဟန်ရှောင်း၏ မျက်လုံးများ မှေးသွားသည်။ ဦးလေးဟု အခေါ်ခြင်းခံရခြင်းက သူသည် ကလေးမလေးကို ပြန်ပေးဆွဲနေသလို ခံစားလိုက်ရသည်။
ဆိုင်ဘာလော့စ်က ခေတ္တမျှ တုံ့ဆိုင်းပြီး ပြောလိုက်သည်။ “သူမက ဦးနှောက်ဆေးကြောခြင်းကို ဖြတ်သန်းထားတယ်။ သူ့ကို ကယ်ချင်တယ်ဆိုရင် အဲဒါကို သိထားသင့်တယ်။”
ဦးနှောက်ဆေးခြင်းလား?
ထိုကောလဟာလအကြောင်းကို သူသိသော်လည်း အော်ရိုရာ၏ အမူအရာက သူမ ဦးနှောက်ဆေးကြောခံထားရသည့်ပုံ မပေါ်ပေ။ ဟန်ရှောင်း၏ မျက်လုံးများ လက်လာကာ "ထပ်ပြီး ပြောပြပါဦး"
"ကျွန်တော်တို့မှာ ဦးနှောက်ဆေးတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်" ဆိုင်ဘာလော့စ်က တိုးတိုးလေး ပြောသည်။ "လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို ပြန်လည်ဖန်တီးပေးမယ့် အဖျက်အစီးနည်းလမ်း ဒါမှမဟုတ် သူတို့ရဲ့ အတွေးတွေကို လှည့်စားပေးမယ့် နူးညံ့သိမ်မွေ့တဲ့နည်းလမ်းလို အရာလိုမျိုးပေါ့။ ကျွန်တော်တို့ မကြာသေးမီက ချစ်ပ်တွေပေါ်မှာလည်း သုတေသနလုပ်ခဲ့ပြီး ... တိုးတက်မှု တစ်စုံတစ်ရာမရှိသေးဘူး။"
"ငါ့အတွက် ဘယ်နည်းလမ်းကို သုံးခဲ့တာလဲ" ဟန်ရှောင်းက စိတ်ဝင်တစားနှင့်မေးလိုက်သည်။
ဆိုင်ဘာလော့စ်သည် ချက်ချင်းပင် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူ့ကိုယ်သူ အားတင်းလိုက်ပြီး “မင်းရဲ့ စာရွက်စာတမ်းတွေကို ငါအရင်က မြင်ဖူးတယ်။ မင်းကို ငါတို့တွေ့တဲ့အခါ မင်းမှာ ဒဏ်ရာအပြင်းအထန်ရနေပြီ၊ ဂယောင်ကတမ်းဖြစ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးသွားတဲ့ လက္ခဏာတွေ ထင်ရှားနေတယ်။ မင်းစမ်းသပ်ခံဖြစ်လာတဲ့အခါ၊ မင်းဦးနှောက်ရဲ့ အရေးပါမှုနဲ့ မင်းအဲဒီလို အခြေအနေမျိုး ရောက်နေပြီဆိုတဲ့ အချက်ကြောင့် နူးညံ့သိမ်မွေ့တဲ့ ဦးနှောက်ဆေးကြောတဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်။"
ဒါက ဟန်ရှောင်းမျှော်လင့်ထားသလိုပင်။ ထိုအချိန်က၊ သူသည် ရုပ်ပုံများနှင့် အသံများကြောင့် အချိန်အတော်ကြာအောင် နှိပ်စက်ခံခဲ့ရပြီး သူ၏ ဉာဏ်ရည်အမှတ်သည် ၁၀ ထက် အနည်းငယ်လေးသာ သာလွန်ပါက ပျက်ပြယ်သွားနိုင်သည်။ အဖျက်အစီးနည်းလမ်းမဟုတ်ဟု သူထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် အဲဒါက အရင်တုန်းကဖြစ်ပြီး ဟန်ရှောင်းက ဒါကို သိပ်ဂရုမစိုက်ပေ။ "သူမကရော?"
“သူ့အစ်မက သန်မာတဲ့ အမှုဆောင်အရာရှိ။ သူမရဲ့ စွမ်းရည်က အလွန်ထူးခြားတယ်။ သူမက အထူးရာထူးတစ်ခု ရရှိထားပြီး အဖွဲ့အစည်းအတွက် များစွာအကျိုးပြုထားတယ်။ ဒါကြောင့် အော်ရိုရာရဲ့ ဦးနှောက်ဆေးကြောခြင်းက ပိုပြီးတော့တောင် နူးညံ့သိမ်မွေ့တဲ့ နည်းလမ်းဖြစ်တယ်။ သူမ၏ ပင်ကိုယ်စရိုက်နှင့် စိတ်က မပြောင်းလဲသွားဘူး။ ဒါပေမယ့် တိကျတဲ့စကားလုံးတွေကို သူမကြားလိုက်ရရင် သူမရဲ့ ဦးနှောက်ဆေးကြောထားတဲ့ အကျင့်စရိုက်က နေရာယူသွားပြီး အမိန့်တွေကို အတိအကျ လိုက်နာလိမ့်မယ်” ဆိုင်ဘာလော့စ်က ပြောပြသည်။
ဟန်ရှောင်း အကြမ်းဖျင်း နားလည်သွားသည်။ အော်ရိုရာသည် အရေးကြီးသော်လည်း သူမကို လုံးဝထိန်းချုပ်ထားသောကြောင့် မည်သည့်မတော်တဆမှုမျှ ရှိမည်မဟုတ်ပေ။ သူမ၏ အစ်မ ဟီလာသည် ထက်မြက်သော ဓားတစ်လက်ဖြစ်ခြင်းကြောင့် ဟီလာကို အမိန့်ပေးသည့် နည်းလမ်းတစ်ခုအဖြစ် အော်ရိုရာ၏ ကိုယ်ရည်ကိုယ်သွေးကို မပြောင်းလဲဘဲ ထားခဲ့သည်။ ဦးနှောက်ဆေးကြောထားသော ကိုယ်ရည်ကိုယ်သွေးကို ဖယ်ရှားခြင်းသည် ပြဿနာမဟုတ်ပေ။ အော်ရိုရာသည် အားနည်းသော ကလေးမလေးသာ ဖြစ်သောကြောင့် ဟန်ရှောင်းသည် သူမ၏ ဦးနှောက်ဆေးကြောထားသော ကိုယ်ရည်ကိုယ်သွေးသာ နိုးကြားလာပါက သတိလစ်အောင် ရိုက်လိုက်မည်သာဖြစ်သည်။
ထိုအချိန်တွင် ဟန်ရှောင်းသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ "နေပါဦး၊ မင်းငါ့ကို ဘယ်လိုသိတာလဲ"
"အစ်မက မင်းရဲ့ ဇာတ်လမ်းကို ပြောပြဖူးတယ်"
ထူးဆန်းလိုက်တာ၊ ဟီလာက ငါ့အကြောင်း ဘာပြောတာလဲ။ ဟန်ရှောင်းတွေးလိုက်သည်။ ဒီကလေးမလေးက သူ့အပေါ် အတော်လေး ဖော်ရွေနေပုံရပြီး၊ သူတို့က ရန်သူတွေ ဖြစ်သင့်တာမို့ တကယ်ကို ထူးဆန်းနေသည်။ ဟီလာက သူမကို ဘာပြောခဲ့လဲဆိုတာ သိချင်လာ၏။
အော်ရိုရာက တုန်တုန်ယင်ယင် မတ်တပ်ရပ်လိုက်ပြီး၊ ဟန်ရှောင်း၏ လက်ကို ကိုင်ကာ "ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးပါ။ ကျေးဇူးပြုပြီး ငါ့ကို ခေါ်သွားပါ။"
ဟန်ရှောင်း စိတ်ဝင်စားသွားသည်။ "ငါက မင်းကို ဂျာမီနယ်အဖွဲ့အစည်းလို အသုံးချမှာကို မင်းမကြောက်ဘူးလား?"
“ငါ့အစ်မက ပြောဖူးတယ်၊ အနာဂတ်က ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ အခုထက်တော့ ပိုကောင်းလိမ့်မယ်တဲ့” အော်ရိုရာက သူမခေါင်းကို မော့လိုက်သည်။ သူမ၏ အပြစ်ကင်းသော မျက်နှာသည် လေးနက်မှုနှင့် ပြည့်နှက်နေသည်။
အော်ရိုရာသည် နားလည်သဘောပေါက်လွန်းသည်ကို မြင်လိုက်ရသဖြင့် ဟန်ရှောင်း စိတ်သက်သာရာရသွားသည်။ သူ၏ အော်ရိုရာနှင့် ပတ်သက်၍ နားလည်မှုသည် သူ့ယခင်ဘဝက ကောလဟာလများသာဖြစ်သည်။ အော်ရိုရာပြုလုပ်ခြင်းခံရသည့် ဆေးဝါး အရင်းအမြစ်ကို စုံစမ်းရန် အရံမစ်ရှင်တစ်ခု ရှိခဲ့ပြီး ထိုမှတစ်ဆင့် ကစားသမားများသည် အော်ရိုရာအကြောင်း သိလာခဲ့သည်။
ထို့ကြောင့် အော်ရိုရာ၏ ကိုယ်ရည်ကိုယ်သွေးကို သူမသိခဲ့သလို အရာအားလုံး ချောမွေ့သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို နောက်ပိုင်းမှာ တိုးတက်အောင်လုပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိလာမှာ ဖြစ်ပြီး၊ အခုက အချိန်နဲ့ နေရာကောင်း မဟုတ်ဘူးဆိုတာ သိသာသည်။
ဤဧရိယာရှိ စောင့်ကြည့်ကင်မရာများသည် ရပ်တန့်နေပြီး ၎င်းကို သိပ်မကြာမီ သိရှိသွားမည်ဖြစ်သည်။ ဒါကြောင့် အချိန်က ရှားပါးလွန်းနေ၏။
ဟန်ရှောင်းသည် အလောင်းများကို ရွှေ့ကာ အင်္ကျီအဖြူနှင့် မျက်နှာဖုံးများကို ချွတ်လိုက်ပြီး ရုပ်ဖျက်ရန် အော်ရိုရာအား ပေးလိုက်သည်။ အော်ရိုရာသည် သူ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။
ဟန်ရှောင်းသည် သူမကို ထိလိုက်သောအခါ အမှန်တကယ် ပိန်လှီပါးလှပ်နေသည်ကို ခံစားလိုက်ရသည်။ သနားစရာ ကောင်းလှ၏။ သို့သော် ဟန်ရှောင်းတွင် မလိုအပ်သော ခံစားချက်များ မရှိခဲ့ပေ။ သူက သူမကို ရုပ်ဖျက်ပြီးနောက် ဆိုင်ဘာလော့စ်ဘက်ကိုလှည့်၍ “ငါတို့ကို မြေအောက်ဥမင်လိုဏ်ခေါင်းထဲသို့ ခေါ်သွားပါ၊ ငါတို့ ဘေးကင်းတာနဲ့ မင်းကို မသတ်ဘူးလို့ ကတိပေးတယ်။ နိုင်ငံ၆နိုင်ငံက မင်းလို အရည်အချင်းရှိတဲ့သူတွေကို သဘောကျတယ်။ အဲဒီမှာ မင်းရဲ့ သုတေသနအတွက် ရံပုံငွေ ရနိုင်ပါသေးတယ်။”
လွတ်မြောက်ရေးလမ်းကြောင်းသည် ယခု အော်ရိုရာနှင့်အတူ ရှိနေသော အဓိကတံခါးပေါက် မဟုတ်သည်မှာ သေချာသည်။ မြေအောက်ဌာနချုပ်သည် မြေအောက်ဥမင်လိုဏ်ခေါင်းများစွာနှင့် ချိတ်ဆက်ထားသည်။ ဥမင်လိုဏ်ခေါင်းများသည် အရင်းအမြစ်များနှင့် လူများကို သယ်ဆောင်ပေးသည့် မီးရထားလမ်းဖြစ်ပြီး ၎င်းတို့သည် ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့နေသည်။
သူ၏ အစီအစဉ်မှာ ဆိုင်ဘာလော့စ်ကို ဓားစာခံအဖြစ် ခေါ်သွားရန်၊ သူ၏ အခွင့်အာဏာကို အသုံးပြု၍ ဌာနချုပ်၏ မြေအောက်ဥမင်လိုဏ်ခေါင်းမှ ထွက်ခွာရန်ဖြစ်ပြီး ဆိုင်ဘာလော့စ်မှ လိုလိုလားလား ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ရသည်။ ထို့ကြောင့် ဟန်ရှောင်းက သူ့ကို ဤကဲ့သို့ ကတိပေးခြင်းဖြစ်သည်။
ဆိုင်ဘာလော့စ်သည် ဂျာမီနယ်အဖွဲ့အစည်းမှာရှိသော သုတေသနများကို မထားခဲ့ချင်သော်လည်း သူက မသေချင်သေးပေ။ ထို့ကြောင့် ဟန်ရှောင်း၏ ဖြေရှင်းချက်သည် လက်ခံနိုင်ပြီး စိတ်သက်သာရာပင် ရသွားခဲ့သည်။
ဂျာမီနယ်အဖွဲ့အစည်းသည် နစ်မြုပ်နေသော သင်္ဘောဖြစ်သည်။ ဤအချိန်တွင် တစ်ဖက်ကို ကူပြောင်းနိုင်ခြင်းသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်နိုင်သည်။
သူတို့ထွက်ခွါကာနီးတွင် ဟန်ရှောင်း ရုတ်တရက် ရပ်တန့်သွားသည်။ အော်ရိုရာ၏ သေးငယ်သောကိုယ်လုံးလေးသည် ရုပ်ဖျက်ထားသည့်တိုင် အာရုံစူးစိုက်မှုကို အလွန်ဆွဲဆောင်နိုင်သည်ကို သူနားလည်သွား၏။ ခဏမျှ စဉ်းစားလိုက်ပြီး ပခုံးလွယ် လွတ်အိတ်တစ်လုံးကို ထုတ်လိုက်သည်။ "ဝင်လိုက်။"
အော်ရိုရာက ပြောသည့်အတိုင်း လုပ်လိုက်ပြီး အိတ်ထဲသို့ ဝင်လာသည်။
ဇစ်ကိုပိတ်လိုက်သည်နှင့် သူမ၏အမြင်အာရုံသည် မှောင်မိုက်သွား၏။ သူမကိုယ်ကို ကိုင်မြှောက်ပြီး ရွေ့လျားသွားသည်ကိုသာ ခံစားရတော့သည်။
“အစ်မရေ…” အော်ရိုရာသည် အိတ်ထဲတွင် ကျုံ့ကျုံ့လေးထိုင်ရင်း လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်ယှက်ကာ ဆုတောင်းလိုက်သည်။
…
သူတို့သုံးဦးသည် အလွှာအသီးသီးကို လျင်မြန်စွာဖြတ်ကျော်ကာ မြေအောက်ဥမင်လိုဏ်ခေါင်းဆီသို့ ဦးတည်သွားကြသည်။
တစ်ချိန်တည်းမှာပင် စစ်မြေပြင်သုံးသပ်ချက်ကို နားထောင်နေသော ခေါင်းဆောင်သည် ရုတ်တရက် သူ့ဖုန်းကို ထုတ်ကြည့်လိုက်သည်။
"ဗဟိုကွန်ပျူတာကို ဆိုင်ဘာလော့စ်မှ ရှာဖွေခဲ့သည်။ လျှို့ဝှက်အချက်အလက် အများကြီးကို ကြည့်သွားသည်…” ခေါင်းဆောင်၏ မျက်လုံးများ မှေးစင်းသွားပြီး သံသယတွေ တိုးလာ၏။ သူက လက်ထောက်ကို အမိန့်ပေးလိုက်သည်။ "ဆိုက်ဘာလော့စ်ရဲ့ တည်နေရာကို ရှာပြီး ငါ့လက်တော့ပ်ပေါ်မှာ စောင့်ကြည့်ကင်မရာကို ပြပါ"
ထို့နောက် ခေါင်းဆောင်သည် ၎င်း၏ လက်ပ်တော့ပ်ကို အသုံးပြုကာ ဗဟိုကွန်ပြူတာစနစ်သို့ ဝင်ရောက်လိုက်သည်။ သူက ဆိုင်ဘာလော့စ်သည် ခံစစ်အစီအမံအားလုံးကို ပိတ်ထားကြောင်း ချက်ချင်းသတိပြုမိသွား၏။ စောင့်ကြည့်ကင်မရာ မှတ်တမ်းကိုလည်း တွေ့မြင်နိုင်သည်။ ဆိုင်ဘာလော့စ်သည် အခြားလူတစ်ဦးနှင့်အတူ ဗဟိုကွန်ပြူတာခန်းထဲသို့ ဝင်ရောက်ခဲ့သည်။
ခေါင်းဆောင်၏ မျက်လုံးများသည် စူးရှပြီး အေးစက်လာသည်။ ဆိုင်ဘာလော့စ်သည် ခြိမ်းခြောက်ခံနေရကြောင်းကို ချက်ချင်း ကောက်ချက်ချနိုင်ခဲ့ပြီး ဤသူစိမ်းသည် ဇီးရိုး ဖြစ်နိုင်သည်။ သူသည် သူ၏ထောင်ချောက်ထဲသို့ မ၀င်ဘဲ အခြားနည်းဖြင့် ခိုးဝင်လာသည်။
"အင်း... မင်း ဒီကို ရောက်နေပြီ ထွက်သွားဖို့ မစဉ်းစားနဲ့တော့" ခေါင်းဆောင်က ချက်ချင်း အမိန့်ထုတ်လိုက်တယ်။ "ဧရိယာ C-11 ကိုဝန်းရံဖို့နှင့် မြေအောက်ဥမင်လိုဏ်ခေါင်း ၃ မှ ၁၁ အတွင်း ဝင်ပေါက်တွေဆီကို အနီးနားမှာရှိတဲ့ အမှုဆောင်အရာရှိတွေ အားလုံးကို စေလွှတ်ပါ။ တိတ်တဆိတ်လုပ်ပါ၊ အာရုံစိုက်မခံရစေနဲ့။"
ခေါင်းဆောင်က ဌာနချုပ်မှာ အသိပေးစက်ကို မဖွင့်လိုက်ပေ။ ဇီးရိုး သေဆုံးကြောင်း သေချာစေရန် သူ့ကို တိတ်တဆိတ် ထောင်ချောက်ဆင်ချင်နေသည်။
မြေအောက်ဌာနချုပ်ရှိ ဧည့်ခန်းတစ်ခုတွင် အမှုဆောင်အရာရှိတစ်ဖွဲ့သည် ပျင်းရိငြီးငွေ့စွာဖြင့် ဖဲချပ်ကစားနေကြသည်။
“နေ့တိုင်း အသင့်စောင့်ဆိုင်းနေရတာ ပျင်းဖို့ကောင်းတယ်။ စစ်မြေပြင်ကို ဘယ်လိုသွားလို့ရလဲ” တစ်စုံတစ်ယောက်က ညည်းညူလိုက်သည်
"စစ်မြေပြင်မှာ ဘာကောင်းလို့လဲ။ နေရာတိုင်းမှာ အန္တရာယ်ရှိတယ်။ ဒီလို ဂြိုလ်သားတွေ၊ စူပါစစ်သည်တွေနဲ့ ငါတို့ရဲ့ အသက်ကို ရင်းဖို့ မလိုပါဘူး” တစ်စုံတစ်ယောက်က လှောင်ပြောင်ပြောဆိုလိုက်၏။
“စူပါစစ်သည်တွေက ဂြိုလ်သားတွေထက်တောင် ပိုရွံဖို့ကောင်းတဲ့ မွန်းစတားအဖွဲ့ပဲ။ သူတို့က တစ်ဝက်လောက်ပဲ ပြီးပြည့်စုံတဲ့ အမှိုက်တွေ” တစ်စုံတစ်ဦးက သရော်သည်။ သာမာန် စူပါလူသားများသည် ထိုအစုလိုက်အပြုံလိုက် ထုတ်လုပ်ထားသော စစ်သားများကို အထင်သေးကြသည်။
ဘေးနားတွင်၊ ဟီလာသည် ဆိုဖာပေါ်တွင် ဘာမှမထူးခြားသော အမူအရာဖြင့် ထိုင်ကာ မျက်လုံးမှိတ်ထားပြီး ငြိမ်သက်နေသည်။ သူမ၏ အေးစက်မှုက လူများ သူမထံ မချဉ်းကပ်ရန် တားဆီးထားပြီး၊ သူမကလည်း မည်သူကိုမျှ မချဉ်းကပ်ခဲ့ပေ။ သူမသည် သက်ဝင်လှုပ်ရှားနေသော လေထုထဲတွင် မပါဝင်ခဲ့ပေ။
ရုတ်တရက်၊ ဟီလာသည် မျက်လုံးဖွင့်လိုက်ပြီး တိကျသော အရပ်မျက်နှာဆီသို့ ခေါင်းကို လှည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ အေးစက်မှုများ ပျောက်ကွယ်သွားပြီး၊ သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ အစားထိုးလာသည်။
အော်ရိုရာပေါ်တွင် သူမထားခဲ့သော Life Mark ‘အသက်အမှတ်အသား’ သည် ရွေ့လျားသွား၏။
ထိုအမှုဆောင်အရာရှိများသည် ၎င်းတို့၏ အထက်အရာရှိများထံမှ အမိန့်ကို ရုတ်တရက် လက်ခံရရှိကြပြီး၊ အမိန့် မပြီးဆုံးမီတွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ လှမ်းကြည့်လိုက်သောအခါ တံခါးကွဲထွက်သွားသည်ကို တွေ့လိုက်ရ၏။ ဟီလာသည် အရှိန်မြင့်ကာ အနီရောင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး စင်္ကြံအဆုံးတွင် ပျောက်ကွယ်သွားသည်။