← Chapters

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်

Vol. 40 Ch. 542

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်

Vol. 40 Ch. 542

မီးတောက်ကြယ် ဆေးပင်ကို ရှာဖွေ တွေ့ရှိပြီးတဲ့ နောက်မှာတော့ နောက်အပိုင်းတွေဟာ လွယ်ကူသွားခဲ့ပါပြီ ။

နောက်ထပ် ၁၅မိနစ် အကြာမှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ မီးတောက်ကြယ် ဆေးပင် ရှိနေတဲ့ မြေအောက်လိုဏ်ဂူကို သွားနိုင်တဲ့ မြေအောက် လမ်းကြောင်းတစ်ခုကို တူးနိုင်ခဲ့ပါတယ် ။

သည်မြေအောက် လိုဏ်ဂူထဲမှာ ရှိနေတဲ့ အပူချိန်ကတော့ အလွန်အမင်းကို များလွန်းတယ်လို့ ဆိုရပါမယ် ။ အဲသည်အပူချိန်က မီးမိစ္ဆာ္တ လျှို့ဝှက်နယ်မြေထက် အနည်းဆုံး ဆယ်ဆ ပိုများပြီး အပြင်လောကထက် အဆ တစ်ရာ ပိုများပါတယ် ။ သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ်က ပညာရှင်တွေကတော့ သည်လိုဏ်ဂူထဲမှာ တစ်စက္ကန့်တောင် ခံမှာ မဟုတ်ပါဘူး ။ သူတို့က လိုဏ်ဂူထဲကို ဝင်လာပြီးပြီးချင်းမှာပဲ တန်းပြီး လောင်ကျွမ်း ပြာကျ သွားမှာပါ ။

" ကြောက်ဖို့ကောင်းလိုက်တဲ့ မီးတာအို ဥပဒေသပါလား "

သည်လိုဏ်ဂူရဲ့ အပူချိန်က လီဖူချန်းကိုတောင်မှ အံ့အားသင့်သွား စေမိ ခဲ့ပါပြီ ။

လီဖူချန်းရဲ့ မီးတာအို ဥပဒေသအပေါ် နားလည်သဘောပေါက်မှုက အတော်လေး ကောင်းတယ်လို့ သတ်မှတ်နိုင်တဲ့ အဆင့်မှာ ရှိပါတယ် ။ဒါပေမဲ့ မီးတောက်ကြယ် ဆေးပင် နဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ မီးတာအို ဥပဒေသအပေါ် နားလည်သဘောပေါက်မှုဟာ  တကယ့်ကို ကလေးကစားစရာ သက်သက်ပါပဲ ။ တကယ်လို့သာ မီးတောက်ကြယ် ဆေးပင်က သူနားလည် သဘောပေါက်ထားတဲ့ မီးတာအို ဥပဒေသတွေကို အသုံးပြုပြီး တိုက်ခိုက်နိုင်စွမ်း ရှိမယ်ဆိုရင် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကိုတောင်မှ ဇီဝိန် ကြွေသွားစေနိုင် လောက်ပါတယ် ။

" ညီလေးတို့ သည်မှာ စောင့်နေကြ ။ အစ်ကိုပဲ ဆေးပင်ကို သွားနုတ်ယူလိုက်မယ် "

စကားဆုံးတဲ့နောက်မှာတော့  လေ့တုံးဟိုင်က သူ့ရဲ့ ချီအတွင်းအားတွေကို လည်ပတ်ပြီး အပူချိန်ကို တောင့်ခံကာ မီးတောက်ကြယ် ဆေးပင်ကို နုတ်ယူလိုက်ပါတယ် ။

" ညီမလေးကု…… ဒါက ညီမကို အစ်ကို ကတိပေးထားတဲ့ အရွက် နှစ်ရွက် "

မီးတောက်ကြယ် ဆေးပင်က အရွက်ငါးရွက်ပါတဲ့ ဆေးပင်တစ်ပင်ပါပဲ ။ အဲသည်အတွက် လေ့တုံးဟိုင်က ကုချူးယီကို အရွက်နှစ်ရွက်  ပေးလိုက်ပါတယ် ။

ပြီးတဲ့နောက်မှာတော့ သူက လီဖူချန်းဘက်ကို လှည့်လိုက်ပြီး

" ညီလေးလီ…… ညီလေးသာ ပါမလာခဲ့ရင် အစ်ကိုက သည်မီးတောက်ကြယ် ဆေးပင်ကို ဘယ်လိုမှ ရယူနိုင်မှာ မဟုတ်ဘူး ။ ရော့…… ဒါက ညီလေးကို အစ်ကို ကတိပေးထားတဲ့ အရွက် ။ ပြီးတော့ ခဏနေဦး ။ ညီလေးရဲ့ စွမ်းဆောင်မှုက သည်ထက်မက ထိုက်တန်တဲ့အတွက် အစ်ကိုက နောက်ထပ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင် ထပ်ပေးမယ် ။ ညီလေးလီ …… ကျေနပ်ရဲ့လား "

လေ့တုံးဟိုင်က အတော်လေး ဖြောင့်မတ်ပြီး သမာသမတ် ကျသူလို့ ဆိုရပါမယ် ။  သူက လီဖူချန်းကို ကတိပေးထားတဲ့ မီးတောက်ကြယ် အရွက် တစ်ရွက်အပြင် အလယ်အလယ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင်ကို အပိုထပ်ဆောင်း ပေးလိုက်ပါသေးတယ် ။

လေ့တုံးဟိုင်ရဲ့ လုပ်ဆောင်မှုက လုံးဝ မမှားပါဘူး ။ မီးမိစ္ဆာရဲ့ တန်ခိုးအစွမ်းက သူ ခန့်မှန်းထားတာထက်တောင်မှ ပိုနေပါသေးတယ် ။ တကယ်လို့သာ သည်နေ့တိုက်ပွဲမှာ လီဖူချန်း ပါမလာခဲ့ဘူးဆိုရင် မီးမိစ္ဆာကို မောင်းထုတ်ဖို့ အရေးဟာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ တကယ်လို့ လီဖူချန်း နေရာမှာ ယွန်လုံ ပါလာရင်တောင်မှ သူတို့ဟာ မီးမိစ္ဆာကို မောင်းထုတ်နိုင်စရာ အကြောင်းမရှိပါဘူး ။ သူတို့အနေနဲ့ မီးမိစ္ဆာကို အထက်စည်းကနေ ဖိနှိပ်နိုင်ရုံပဲ တတ်နိုင်မှာပါ ။

အမှန်တကယ် ဆိုရင်တော့ လေ့တုံးဟိုင်ဟာ လီဖူချန်းကို မီးတောက်ကြယ် အရွက် နှစ်ရွက်တောင် ပေးလိုက်ချင်ပါသေးတယ် ။ ဒါပေမဲ့ သူက လီဖူချန်းကို မီးတောက်ကြယ်အရွက် နှစ်ရွက် ပေးလိုက်မယ်ဆိုရင် သူကျင့်ကြံဖို့အတွက် လောက်တော့မှာ မဟုတ်ပါဘူး ။ အဲသည်အတွက်ကြောင့် သူက လီဖူချန်းကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင် ထပ်ဆောင်း ပေးလိုက်တာပါ ။

" ကျေးဇူးတင်ပါတယ် …… အစ်ကိုလီ "

လီဖူချန်းကလည်း ဝမ်းမြောက်စွာနဲ့ပဲ လက်ခံလိုက်ပါတယ် ။

သူက ရှေးဦးမဆွကတည်းက အလယ်အလတ် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ကျင့်ကြံမှု စတင်နေခံ့ဲပါပြီ ။ အဲသည်အတွက် သူဟာ အလယ်အလတ်အဆင့်  ဝိညာဉ်ကျောက်တုံးတွေကို အတော်လေး လိုအပ်နေခဲ့တာ ဖြစ်ပါတယ် ။

" ကဲ…… ညီမကု …… ညီလေးလီ ။ အစ်ကိုတို့ ပြန်ကြရအောင် "

အဲသည်နောက်မှာတော့ သူတို့သုံးယောက် သက်တံနီဂိုဏ်းကို ပြန်လာခဲ့ကြပါပြီ ။ အပြန်ခရီးမှာတော့ လေ့တုံးဟိုင် နဲ့ လီဖူချန်းတို့ဟာ အတော်လေး စကားလက်ဆုံ ကျခဲ့ကြပါတယ် ။ကုချူးယီကတော့ တိတ်ဆိတ်နေပြီး စကားဝိုင်းထဲကို ဝင်မလာခဲ့ပါဘူူး ။ ကြည့်ရတာတော့ သူမက စကားများများ ပြောဖို့အတွက် စိတ်မဝင်စားတဲ့ ပုံပါပဲ ။

" ညီလေးဖူချန်း…… မင်းရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးကို သွားလို့ ရနေပြီ ။ အဲဒါကို မင်းသိလား "

လေ့တုံးဟိုင်က ရုတ်တရက် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးအကြောင်း ပြောလာခဲ့ပါတယ် ။

"အစ်ကိုလေ့ ပြောတဲ့ ကုန်းမြေတိုက်က အလယ်အလတ်အဆင့် ကုန်းမြေတိုက်ကြီး ဖြစ်တဲ့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်လား "

လီဖူချန်းက မျက်ခုံး ပင့်မိ လိုက်ပါပြီ ။

ကုန်းမြေတိုက်ကြီးတွေကိုလည်း အဆင့်နိမ့် ၊ အလယ်အလတ် အဆင့် ၊ အဆင့်မြင့် ဆိုပြီး အတန်းအစား သုံးမျိုး ခွဲခြားထားတာ ဖြစ်ပါတယ် ။

အရှေ့ယူနီကွန်းတိုက် ၊ မိစ္ဆာစက်ကွင်းတိုက် ၊ ကြေးခွံဖြူတိုက် နဲ့ ကြေးနီတိုက်တို့ဟာ အဆငိ့နိမ့် ကုန်းမြေတိုက် စာရင်းထဲမှာ ပါဝင်ကြတဲ့ ကုန်းမြေတိုက်တွေပါပဲ ။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကတော့ အလယ်အလတ်အဆင့် ကုန်းမြေတိုက် စာရင်းထဲမှာ ပါဝင်ပါတယ် ။

ဒါပေမံ့လည်း ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးဟာ သာမန် အလယ်အလတ်အဆင့် ကုန်းမြေတိုက်ကြီး တစ်ခုထက် မပိုပါဘူး ။ တကယ်လို့သာ  ကုန်းမြေတိုက်ထဲကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တစ်ပါး ဝင်ရောက်လာခဲ့မယ် ဆိုရင် ကုန်းမြေတိုက် စိတ်တန်ခိုးက အဲသည် ဧကရာဇ်ကို ဖိနှိပ်မှာ ဖြစ်ပါတယ် ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးကတော့ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးထက် ပိုအဆင့်မြင့်တယ်လို့ ဆိုရပါမယ် ။ သူက အလယ်အလတ်အဆင့် ကုန်းမြေတိုက် ဆိုပေမယ့်လည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေကို ဖိနှိပ်ခြင်း မပြုပါဘူး ။

လေ့တုံးဟိုင်က သူ့ရဲ့ စကားကို ဆက်ပါတယ် ။

" ညီလေးလီ …… ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးက ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးထက် အဆတစ်ရာ ကျယ်တယ်ဆိုတာကို မင်းသိရဲ့လား ။ပြီးတော့ အဲသည်ကုန်းမြေတိုက်မှာ ကျင့်ကြံတာက ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်မှာ ကျင့်ကြံတာထက် အဆပေါင်းများစွာ ပိုကောင်းတယ် ။ ပြီးတော့ ရင်းမြစ်ပစ္စည်းတွေကလည်း အပြည့်ပဲ ။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ရှားလှပါတယ်ဆိုတဲ့ ကောင်းကင်အဆင့် ဆေးပင်တွေတောင်မှ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာဆိုရင်  မရှားဘူး ။ မြို့ကြီးတွေရဲ့ လေလံပွဲတွေမှာ ဆိုရင် ကောင်းကင်အဆင့် ဆေးပင်တွေက ပုံမှန် ပေါ်ထွက်လာလေ့ရှိတယ် ။ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ မကောင်းတာ တစ်ခုပဲ ရှိတယ် ။ အဲဒါကတော့  ကုန်းမြေတိုက်ကြီးကို ဧကရာဇ် အဆင့် ဂိုဏ်းတွေ နဲ့ အင်ပိုင်ယာတွေက ခွဲဝေ အုပ်ချုပ် ကြတာပဲ ။ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာဆိုရင် ဘုရင်အဆင့် ဂိုဏ်းတွေက သာမန် ဂိုဏ်းတွေထက် မပိုဘူး ။ ငါတို့ သက်တံနီ ဂိုဏ်းတောင်မှ လဝန်းနီ အင်ပိုင်ယာရဲ့ လက်အောက်ခံ လုပ်နေရတာ "

ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာတော့ သက်တံနီဂိုဏ်းက အထိုက်အလျောက် သြဇာအာဏာ ရှိပေမယ့် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ဆိုရင်တော့ သက်တံနီဂိုဏ်းဟာ ဘာမှ မဟုတ်တော့ပါဘူး ။ သူတို့က ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ပြသနာ တစ်စုံတရာ ကြုံပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ရောက်စဉ် ခုနစ်ဖြာ တိုက်ကြီးကို တန်းပြီး ပြန်ရမှာ ဖြစ်ပါတယ် ။

" အင်ပိုင်ယာတွေနဲ့ ဧကရာဇ် အဆင့် ဂိုဏ်းတွေလား "

လီဖူချန်းက သူ့ရဲ့  နှလုံးသားဟာ ခေတ္တခဏ အေးစိမ့်သွားသလိုတောင် ခံစားလိုက်ရပါတယ် ။

နိုင်ငံတစ်ခုရဲ့ အုပ်စိုးသူက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဆိုရင် အင်ပိုင်ယာ တစ်ခုကို အုပ်စိုးသူက သေချာပေါက် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးပါပဲ ။

သက်တံနီဂိုဏ်းဟာ များပြားလှတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ပိုင်ဆိုင်ထားတဲ့အတွက် ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ အစွမ်းထက်တယ်လို့ ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ အင်ပိုင်ယာတွေ ဒါမှမဟုတ် ဧကရာဇ် အဆင့် ဂိုဏ်းတွေနဲ့ ယှဉ်ဆိုင်ရပြီ ဆိုရင်တော့ သက်တံနီဂိုဏ်းဟာ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး ။ သူတို့က သိုးကလေးတွေလို လည်စင်း ပေးရမှာ အသေအချာပါပဲ ။ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဘယ်ဧကရာဇ်မဆို သက်တံနီဂိုဏ်းကို ကမ္ဘာမြေပေါ်ကနေ ညတွင်းချင်း ပျောက်ကွယ်သွားအောင်   စွမ်းဆောင်နိုင်ပါတယ် ။

လီဖူချန်းက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီး အကြောင်းကို ကြားဖူးတာ တော်တော်ကြာပါပြီ ။ ဒါပေမဲ့ သူက အဲသည်တိုက်ကြီးပေါ်မှာ ဖြစ်နေတဲ့ အကြောင်းတွေကို ရေရေရာရာ မသိပါဘူး။  ဒါပေမဲ့လည်း လေ့တုံးဟိုင်ရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ သူဟာ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီး သွားဖို့အတွက် စိတ်ဆန္ဒ ပြင်းပြလာခဲ့ပါတယ် ။

" ကျွန်တော် တစ်နေ့မှာ အခွင့်အရေး ရခဲ့ရင်တော့ အဲသည်ကို သွားကြည့်ပါဦးမယ် "

လီဖူချန်းက လေ့တုံးဟိုင်ကို ပြန်ပြောလိုက်ပါတယ် ။

အမှန်မှာတော့ လီဖူချန်းဟာ  အစောကြီးကတည်း ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံဖို့အတွက် အစီအစဉ် ဆွဲထားခဲ့ပြီးပါပြီ ။ သူက အဲသည်ကို သွားမှပဲ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကို မြှင့်တင်နိုင်မှာ မဟုတ်ပါလား ။

သူက ထွတ်ခေါင်ဆရာသခင် အဆင့်ကို မရောက်သေးလို့သာ အဲသည်ကို မသွားသေးတာပါ ။

သက်တံနီဂိုဏ်းမှာက ထွတ်ခေါင် ဆရာသခင် အဆင့် ရောက်ပြီးတဲ့   ဂိုဏ်းတပည့်တွေကိုသာ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးဆီ သွားခွင့်ပြုတာ ဖြစ်ပါတယ် ။

***………****…………****…………****…………***

သက်တံနီဂိုဏ်းကို ပြန်ရောက်ပြီးတဲ့ အခါမှာတော့ သူတို့သုံးယောက်ဟာ လမ်းခွဲလိုက်ကြပါပြီ ။

" အင်း.…… သည်ကြယ်မီးတောက် အရွက်နဲ့ ဆိုရင်တော့ ငါ့ရဲ့ ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၄ကို ရောက်ကောင်းလောက်ပါရဲ့ "

မျောလွင့်ဖုန်မှုန့် တောင်ထိပ်က ခြံဝင်းတစ်ခုရဲ့ လျှို့ဝှက်ခန်း အတွင်းမှာတော့ လီဖူချန်းဟာ ရွှေရောင် ကြယ်မီးတောက် ဆေးရွက်ကို ကိုင်ပြီး အတွေးများနေပါတယ် ။

သူ့ရဲ့ ကျင့်ကြံမှုက တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်အပြီးမှာတော့ အဆင့်တစ်ဆင့် တက်ဖို့ဟာ ပိုပိုပြီး ခက်ခဲလာခဲ့ပါပြီ ။ တကယ်လို့သာ သူ့အနေနဲ့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ မဟုတ်ခဲ့ရင် ၊ တကယ်လို့သာ သူ့အနေနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ဆက်တိုက်စုပ်ယူပြီး မကျင့်ကြံခဲ့ရင် ၊ တကယ်လို့သာ  သူ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က အဆင့်၃၂ကို မရောက်ခဲ့ရင်ဖြင့် လီဖူချန်းဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် အဆင့်၂ကိုတောင် တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး ။ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၃ ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။

ကြေးနီတိုက်မှာ ရှိနေတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေဆိုရင် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ရှိတာတောင်မှ သေတဲ့အထိ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၂ ဒါမှမဟုတ် အဆင့်၃ကို မရောက်ဖူးလိုက်ကြပါဘူး ။

"  ဟာ…… ရှုပ်ပါတယ်ကွာ ။ စားပစ်တာပဲ အေးတယ် ။ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၄ကို ရောက် ၊မရောက် ဆိုတာကတော့ ကံပေါ့ "

နောက်ဆုံးမှာတော့ လီဖူချန်းက မီးတောက်ကြယ် ဆေးရွက်ကို စားပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

ဒါပေမဲ့ သူက သည်ဆေးရွက်ကို တိုက်ရိုက် မစားရဲပါဘူး ။ သူက သူ့ရဲ့ ချီအတွင်းအားတွေကို လည်ပတ်စေပြီး မီးတောက်ကြယ် ဆေးရွက်ထဲမှာ ရှိတဲ့ မီးတာအို ချီတွေကို တဖြည်းဖြည်း စုပ်ယူတဲ့ နည်းကိုသာ သုံးရဲပါတယ် ။

နေ့တစ်ဝက် အကြာမှာတော့ လီဖူချန်းဟာ မီးတောက်ကြယ် ဆေးရွက်ထဲမှာ ရှိနေတဲ့ မီးတာအို ချီတွေကို အကုန်အစင် စုပ်ယူပြီးသွားခဲ့ပါပြီ ။

" လခွီးပဲကွာ ။ မီးတောက်ကြယ် ဆေးရွက်က တစ်ရွက်ပဲ ရှိတော့ သိပ်ပြီး အလုပ်မဖြစ်ဘူး "

လီဖူချန်းက စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားလိုက်ပါတယ် ။

သူက မီးတောက်ကြယ် ဆေးရွက်ထဲက မီးတာအို ချီတွေကို အကုန်အစင် စုပ်ယူပြီးသွားခဲ့ပြီး ဖြစ်ပေမယ့်လည်း တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက် နိုင်ဖို့အတွက် ချီစွမ်းအင် လိုအပ်မှုတွေ ရှိနေဆဲပါပဲ ။ မီးတောက်ကြယ် ဆေးရွက်က သူ့ကို  တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၃ ရဲ့  အထွတ်အထိပ် အခြေအနေမှာ ရှိနေအောင်ပဲ ထောက်ပံ့ပေးနိုင် ခဲ့ပါတယ် ။

မီးတောက်ကြယ် ဆေးပင်က ကောင်းကင်အဆင့် ဆေးပင် တစ်ပင်  ဖြစ်တာ မှန်ပေမယ့် သူက တစ်ပင်လုံးကို ရခဲ့တာ မဟုတ်ပါဘူး။ သူက အရွက်တစ်ရွက်ကိုသာ ရခဲ့တာပါ ။ အဲသည်အရွက်မှာပါတဲ့ မီးတာအို ချီစွမ်းအားက ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ ကျင့်ကြံမှု တိုးတက်လာတယ် ဆိုမှတော့  အဲဒါကို အကောင်းလို့ မှတ်ယူရမှာပါပဲ။ အနည်းဆုံးတော့ လီဖူချန်းက သူ့ရဲ့ ချီနဲ့သွေးတွေဟာ အရင်ကထက် ပိုပြီး အားကောင်းလာတာကို ခံစားနေရပါတယ် ။

" အင်း…… ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးကို သွားပြီး အချိန်ကျပြီနဲ့ တူတယ် "

အဆင့်တက်ဖို့ မဖြစ်နိုင်မှတော့ လီဖူချန်းဟာ ဆက်ပြီး အပင်ပန်းခံ ကျင့်ကြံမနေတော့ပါဘူး ။ သူက ကျင့်ကြံတာကို ရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးက ကောင်းတာ မှန်ပေမယ့် အရမ်း တည်ငြိမ် အေးချမ်း လှပါတယ် ။ လီဖူချန်း အနေနဲ့ သည်တိုက်ကြီးမှာ ဆက်ပြီး နေနေရင်လည်း တိုးတက်စရာ ဘာအကြောင်းမှ မရှိတော့ပါဘူူး။ အခုအချိန်က သူ့အတွက် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးကို သွားဖို့ အချိန်ကောင်းပါပဲ ။

သက်တံနီဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေက လီဖူချန်း ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးဆီ သွားမယ့်အကြောင်းကို မကန့်ကွက်ကြပါဘူး ။ သူတို့က ကြည်ကြည်ဖြူဖြူပဲ လီဖူချန်းကို ခွင့်ပြုလိုက်ကြပါတယ် ။

အကြီးအကဲတွေ ခွင့်ပြုပြီး  နောက်တစ်နေ့မှာပဲ လီဖူချန်းဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းသုံးပြီး အကြီးဆုံး တည်နေရာ ရွှေ့ပြောင်း စင်မြင့်ကို အသက်သွင်းကာ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးဆီ တည်နေရာ ရွှေ့ပြောင်းသွားခဲ့ပါပြီ ။

***

All Chapters