← Chapters

ပြည်ထောင်စုကြီးတစ်ခုလုံး တိုးတက်လာခြင်း

Vol. 72 Ch. 1001

ပြည်ထောင်စုကြီးတစ်ခုလုံး တိုးတက်လာခြင်း

Vol. 72 Ch. 1001

အဆုံးမဲ့တာအိုနယ်မြေထဲတွင် လူမှုအဖွဲ့အစည်းများ မရေမတွက်နိုင်လောက်အောင် ရှိကြပေသည်။ လူမှုအဖွဲ့အစည်း တစ်ခုလုံး အဆင့်တက်လိုပါက အချိန်အကြာကြီး ပေးရန် လိုအပ်ရုံသာမက လူတစ်ယောက်ချင်းစီတိုင်းနှင့် လူသားမျိုးနွယ်စုတစ်ခုလုံး တိုးတက်လာရန် လိုအပ်ပေသည်။ သို့မှသာ လူမှုအဖွဲ့အစည်းတစ်ခု၏ အဆင့်အတန်းမှာ ဖြည်းဖြည်းချင်း တိုးတက်လာမည်ဖြစ်သည်။

သို့သော် ဖြတ်လမ်းတစ်ခု ရှိပေသည်။

ထို ဖြတ်လမ်းမှာ အခြား လူမှုအဖွဲ့အစည်းများ၏ ထာဝရကြယ်များကို ဝါးမျိုကာ ၎င်းတို့နှင့် ပေါင်းစည်း၍ ထို လူမှုအဖွဲ့အစည်းများထဲရှိ သက်ရှိများအားလုံးကို ကျွန်ပြုခြင်းပင်။ ထိုသို့သာဆိုပါက မိမိ၏ လူမှုအဖွဲ့အစည်းထဲမှ ထာဝရကြယ်၏ အဆင့်အတန်းမှာ မြင့်မားလာမည်ဖြစ်သည်။

ထာဝရကြယ်၏ အဆင့်အတန်း မြင့်မားလာခြင်းမှာ ရေများ ဒလဟောစီးဆင်းလာခြင်းနှင့် ဆင်တူပေသည်။ ထိုအချိန်တွင် ဝိညာဉ်အားဖြည့်ခြင်းဆိုသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို ဖြစ်စဉ်မှာ လူမှုအဖွဲ့အစည်း တစ်ခုထဲ၌ မွေးဖွားလာသည့် သက်ရှိများအားလုံး၏ အသက်စွမ်းအားများကို ချက်ချင်း တိုးပွားလာအောင် မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ ထို သက်ရှိများ၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း ပြောင်းလဲသွားမည်ဖြစ်သည်။ အချို့မှာဆိုလျှင် ကျင့်ကြံခြင်းအဆင့်များ ချက်ချင်း တိုးတက်သွားနိုင်ပေသည်။ ထို့အပြင် ကျင့်ကြံခြင်းအဆင့်တစ်ခု၌ အချိန်အကြာကြီး ပိတ်မိနေသည့် ကျင့်ကြံသူများမှာလည်း ဖောက်ထွက်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ထိုကဲ့သို့သော တိုးတက်မှုမျိုးမှာ ကြောက်စရာကောင်းလွန်းလှသည့်အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမှလည်း မရှိပေ။ ထို့ကြောင့်လည်း အဆုံးမဲ့တာအိုနယ်မြေထဲရှိ လူမှုအဖွဲ့အစည်းများ၏ ကြားတွင် စစ်ပွဲများ အဆက်မပြတ်ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

သို့ဖြစ်ရာ အစွမ်းထက်သည့် လူမှုအဖွဲ့အစည်းများသာလျှင် အဆုံးမဲ့တာအိုနယ်မြေထဲ၌ ဆက်လက်တည်မြဲခွင့် ရှိပေသည်။ ထို့ကြောင့် ပြည်ထောင်စုကြီးမှာလည်း စဉ်ဆက်မပြတ် တိုးတက်နေရန် လိုအပ်ပေသည်။

ယခုတွင် ဝိညာဉ်အားဖြည့်ခြင်းဖြစ်စဉ် ပေါ်ပေါက်လာပြီဖြစ်သလို နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်နှင့် ပေါင်းစည်းသွားခဲ့သည့် နေမင်းကြီး၏ အလင်းရောင်မှာလည်း ပို၍ ခမ်းနားထည်ဝါလာပြီဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခုလုံး၏ ဂေဟစနစ်တစ်ခုလုံးမှာလည်း အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် စတင်ပြောင်းလဲလာတော့သည်။

တောင်များမှာ မြေကြီးထဲမှ တစ်လုံးပြီးတစ်လုံး မြင့်တက်လာကြ၏။ ဝိညာဉ်သတ္တုတွင်းများမှာလည်း တစ်တွင်းပြီးတစ်တွင်း ပေါ်ပေါက်လာကြသလို မြစ်များမှာလည်း တသွင်သွင် စီးဆင်းနေပြီဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးမြေများမှာ ဝိညာဉ်လယ်ကွင်းများအဖြစ် ပြောင်းလဲသွားကြ၏။ သာမန် ပစ္စည်းများပင်လျှင် မှော်ဆန်လွန်းလှသည့် စွမ်းအားများကို ပိုင်ဆိုင်သွားကြသည်။

ကျေးငှက်များနှင့် သားရဲတိရစ္ဆာန်များမှာ စူးစူးဝါးဝါး အော်ဟစ်နေကြသလို ဝိညာဉ်မိုးများလည်း စတင်ရွာကျလာ၏။ ကမ္ဘာကြီးထဲမှ အရာအားလုံးမှာ တိုးတက်ပြောင်းလဲလာပြီး သစ်ပင်ပန်းမန်များမှာလည်း နေရာအနှံ့တွင် ပေါက်ရောက်လာကြသည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့သာမက လူသားများသည်လည်း အာဟာရဓာတ်များ ရရှိပိုင်ဆိုင်သွားကြသဖြင့် တိုးတက်ပြောင်းလဲလာပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ လမ်းညွှန်မှုကြောင့် ထိုပြောင်းလဲမှုများမှာ ပို၍ပင် ကြီးမားလာ၏။

ပထမဆုံးပြောင်းလဲသွားခဲ့သည့်အရာမှာ ပင်ကိုစွမ်းရည်များ ဖြစ်သည်။ ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ လူတိုင်းမှာ ပင်ကိုစွမ်းရည်များ တိုးတက်လာကြသည်ဖြစ်ရာ ယခင်တုန်းက ကျင့်ကြံခြင်းလေ့ကျင့်နိုင်စွမ်း မရှိသည့် သာမန်လူများပင်လျှင် လေ့ကျင့်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။

ထို့အပြင် နဂိုကတည်းက ကျင့်ကြံခြင်းလေ့ကျင့်နိုင်စွမ်းရှိသည့် လူများ၏ ပင်ကိုစွမ်းရည်များမှာလည်း တိုးတက်လာခဲ့၏။

တစ်ချိန်ထဲမှာပင် သူတို့၏ သက်တမ်းများမှာလည်း တိုးတက်လာခဲ့သည်။ ယခုတွင် ပြည်ထောင်စုကြီးထဲရှိ လူတိုင်းမှာ ကျင့်ကြံခြင်း လေ့ကျင့်ထားခြင်း မရှိလျှင်တောင် နှစ်ပေါင်းနှစ်ရာတိတိ အသက်ရှင်နေထိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့အပြင် သူတို့၏ သက်တမ်းများသာမက ကျန်းမာရေးများမှာလည်း တိုးတက်လာခဲ့၏။

ထိုမျှသာမက မှော်လက်နက်ပစ္စည်း အမြောက်အမြားမှာလည်း ဝိညာဉ်အားဖြည့်ခြင်းဖြစ်စဉ်ကြောင့် အဆင့်များ တိုးတက်လာခဲ့ကြ၏။ သို့သော် အများဆုံး တိုးတက်လာခဲ့သည့် သူများမှာ... ကျင့်ကြံသူများ ဖြစ်ပေသည်။

ရှေးဟောင်းသိုင်းပညာအဆင့်မှ ချီအားဖြည့်ခြင်းအဆင့်သို့ တက်လှမ်းလိုပါက မည်သည့် အထူးပစ္စည်းမှ မလိုအပ်ဘဲ တက်လှမ်းနိုင်ပေသည်။ သို့သော် ချီအားဖြည့်ခြင်းအဆင့်မှ အခြေတည်အဆင့်သို့ တက်လှမ်းလိုလျှင်မူ အထူးပစ္စည်းများကို အသုံးပြုရန် လိုအပ်ပေသည်။ ယခုတွင် ဝိညာဉ်အားဖြည့်ခြင်းဖြစ်စဉ် ပေါ်ပေါက်လာသည်ဖြစ်ရာ ထိုကဲ့သို့ အသုံးပြုရန် လိုအပ်သည့် အထူးပစ္စည်းများမှာလည်း ပေါများလာ၏။ ချီအားဖြည့်ခြင်းထိပ်ဆုံးအဆင့်တွင် ရှိနေကြသည့် ကျင့်ကြံသူ အချို့မှာဆိုလျှင် အခြေတည်အဆင့်ပစ္စည်းများနှင့် ပေါင်းစည်းနိုင်ခဲ့ပြီးနောက် အောင်မြင်စွာ ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်အားဖြည့်ခြင်း ဖြစ်စဉ်ကြောင့် ကျင့်ကြံသူ အားလုံးနီးပါး၏ ကျင့်ကြံခြင်းအဆင့်များမှာ တိုးတက်သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။ ကျင့်ကြံခြင်းအဆင့် ပို၍ နိမ့်ကျလေလေ တိုးတက်လာသည့်ပမာဏမှာ ပို၍ များပြားလာလေလေဖြစ်သည်။

ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတွင် ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည့် ကျင့်ကြံသူ အယောက်တစ်ရာနီးပါး ရှိခဲ့၏။ ယခုတွင် သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း ဝိညာဉ်အားဖြည့်ခြင်း ဖြစ်စဉ်ကြောင့် တိုးတက်သွားပြီဖြစ်သည်။ သူတို့ထဲမှ အချို့မှာဆိုလျှင် ယွမ်ယင်ထိပ်ဆုံးအဆင့်မှ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့၏။

ထို ကျင့်ကြံသူများသာမက လီရှင်းဝမ်၊ ကျောက်ယမုန့်၏ မိခင်နှင့် ပြည်ထောင်စုကြီးထဲရှိ အဆင့်မြင့် အရာရှိကြီးများမှာလည်း ထိုနည်းတူပင်။ သူတို့ထဲတွင် လီရှင်းဝမ်မှာ အများဆုံး တိုးတက်လာခဲ့၏။

သူသည် ရှေးဦးဝိညာဉ်ခေတ်၌ နာမည်ကျော်ကြားလာခဲ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သလို ပြည်ထောင်စုကြီးထဲ၌ အမြုတေအဆင့်နှင့် ယွမ်ယင်အဆင့်များဆီသို့ ပထမဆုံး ဖောက်ထွက်နိုင်ခဲ့သည့် ကျင့်ကြံသူလည်းဖြစ်ရာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် ပါရမီရှိပေသည်။ သို့သော် သူသည် လူမှုအဆင့်အတန်း နိမ့်ပါးခဲ့သည့်အပြင် ဝမ်ပေါင်လဲ့ကဲ့သို့ အထူးအခွင့်အရေးများနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိသောကြောင့် သူ၏ တိုးတက်မှုနှုန်းမှာ နှေးကွေးနေခဲ့ရ၏။

သို့သော် ယခုတွင်မူ ဝိညာဉ်အားဖြည့်ခြင်း ဖြစ်စဉ် ပေါ်ပေါက်လာပြီဖြစ်ရာ သူ၏ ပါရမီနှင့် လူမှုအဆင့်အတန်းမှာ တိုးတက်သွားခဲ့သဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဟုန်ထိုး တိုးတက်သွားတော့သည်။ ထိုအချိန်တွင် အုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူသည် ဝိညာဉ်ကြားခံနယ်အဆင့်မှနေ၍ ထာဝရဝိညာဉ်အဆင့်သို့ ချက်ချင်း ရောက်ရှိသွား၏။

သူတစ်ယောက်သာ မကပေ။ လင်းယုံနှင့် ကျောက်ယမုန့်၏ မိခင်မှာလည်း ထာဝရဝိညာဉ်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည်။ သူမ ထိုသို့ ဖောက်ထွက်ပြီးသွားချိန်တွင် ပြည်ထောင်စုကြီးထဲ၌ စတုတ္ထမြောက် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ ထပ်၍ ပေါ်ပေါက်လာပြန်သည်။

ထို ကျင့်ကြံသူမှာ ဧရာမသစ်ပင်ကြီးဖြစ်၏။

သိပ်မကြာခင်တွင် ပဉ္စမမြောက် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ ပေါ်ပေါက်လာပြန်သည်။ ထိုကျင့်ကြံသူမှာ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးရှု ဖြစ်၏။ သူသည် အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့သည်သာ ဖြစ်သည်။ ယခုတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားခဲ့သည်ဖြစ်ရာ သူသည်လည်း ပြည်ထောင်စုကြီးထဲ၌ တန်ခိုးအာဏာ ပြန်လည်ကြီးထွားလာတော့သည်။

လင်းတျန်ဟောက်နှင့် ကျိုးရှောင်ရကဲ့သို့သော အငယ်ပိုင်း မျိုးဆက်များထဲမှ ကျင့်ကြံသူများမှာလည်း တိုးတက်လာခဲ့၏။ သို့သော် သူတို့မှာ အမြင့်ဆုံး ဝိညာဉ်ကြားခံနယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့သည်။ သို့ဖြစ်ရာ မျိုးဆက်နှစ်ခု၏ ကြား၌ ကွာဟချက်များ ရှိနေဆဲပင်။ သို့သော် ပြည်ထောင်စုကြီးထဲရှိ ဝိညာဉ်ချီများမှာ တိုးတက်လာနေသည်ဖြစ်ရာ သူတို့သည်လည်း အနှေးနှင့်အမြန် ဖောက်ထွက်နိုင်သွားမည်သာ ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ကျယ်ပြန့်တာအိုနန်းတော်မှာလည်း အကျိုးကျေးဇူးအမြောက်အမြား ရရှိခဲ့၏။ ဖုန့်ချိုးရန်နှင့် တာအိုနန်းတော်ထဲမှ အခြားသူများမှာ မည်သည့်အားဖြည့်မှုကိုမှ မရရှိခဲ့ပါသော်လည်း ဓားထိပ်ပိုင်းရှိ ပလ္လင်ပေါ်တွင် ထိုင်နေသည့် ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးမှာ မျက်လုံးများ ပွင့်လာသည်။ သူ အပါအဝင် ဒဏ်ရာရထားသည့် အခြားသူများအားလုံး၏ ဒဏ်ရာပျောက်ကင်းမှုနှုန်းများမှာ နှစ်ဆတိတိ ပို၍ မြန်ဆန်လာပြီဖြစ်သည်။

ထို့ကြောင့် ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးမှာ စိတ်နှလုံးလှုပ်ရှားသွားရ၏။ ဝမ်ပေါင်လဲ့မှာ အလုပ်နှင့် သက်သေပြခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထာဝရကြယ်ပေါ်၌ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့သွားပြီး သူ၏ရှေ့တွင် ထိုင်နေသည့် နန်းတွင်းအဝတ်အစားများ ဆင်မြန်းထားသော အမျိုးသမီးအား လှမ်းကြည့်ကာ ဆိုလိုက်သည်။

" သူတော်စင်မရဲ့ အကြံပြုချက်ကို သဘောတူတယ်။ သူက တကယ်ကို အသင့်တော်ဆုံး ပုဂ္ဂိုလ် ဖြစ်လောက်တယ် "

ထိုအခါ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်း ခရီးစဉ်တစ်လျှောက်လုံး သူနှင့်အတူ ရှိနေခဲ့သည့် မမလေးမှာ ပြုံးလိုက်၏။ ထို့နောက် သူမသည် ဦးညွှတ်အရိုအသေပေးလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

ဝိညာဉ်အားဖြည့်ခြင်း ဖြစ်စဉ်မှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ ပြည်ထောင်စုကြီးထဲရှိ လူတိုင်း၏ လူမှုအဆင့်အတန်းများနှင့် ကျင့်ကြံခြင်းအဆင့်များ အဆက်မပြတ် တိုးတက်လာနေစဉ် လူနှစ်ယောက်၏ တိုးတက်မှုများမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် မြန်ဆန်နေသည်။

သူတို့ထဲမှ တစ်ယောက်မှာ ဝမ်ပေါင်လဲ့ဖြစ်ပြီး အခြားတစ်ယောက်မှာ ကျောက်ယမုန့် ဖြစ်သည်။

ထာဝရကြယ်ကြီးကြောင့် ပေါ်ပေါက်လာသည့် ဝိညာဉ်အားဖြည့်ခြင်း ဖြစ်စဉ်အား ကျေးဇူးဆပ်ခြင်းနှင့် ကောင်းချီးမင်္ဂလာ ပေးခြင်းဟူ၍ အတိုင်းတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ ထို ဖြစ်စဉ်မှာ ပြည်ထောင်စုကြီး တစ်ခုလုံးအား ကောင်းချီးပေးခြင်း ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်ကိုမူ ကျေးဇူးဆပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ကျောက်ယမုန့်၏ တိုးတက်မှုနှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေ၏။ သူမ၏ လူမှုအဆင့်အတန်းမှာ အခြားသူများထက် ပို၍ အဆင့်မြင့်သွားရုံသာမက သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွား၏။

ဝမ်ပေါင်လဲ့မှာမူ... ဤ လုပ်ငန်းစဉ်ကြီးတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သည့်အပြင် နေမင်းကြီးနှင့် ပေါင်းစည်းသွားခဲ့သည့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးနှင့် သူ၏ ကြားတွင်လည်း လျှို့ဝှက်ဆန်းကြယ်သည့် ဆက်နွှယ်မှုတစ်ခု ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူ လက်ခံရရှိလိုက်သည့် အကျိုးကျေးဇူးများမှာ အလွန်အင်မတန်မှ များပြားပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ဂြိုဟ်အဆင့်မှ အလယ်အလတ် ဂြိုဟ်အဆင့်သို့ ချက်ချင်းဖောက်ထွက်သွား၏။

သူသည် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်သာ တိုးတက်သွားခဲ့ခြင်း ဖြစ်ပါသော်လည်း ဂြိုဟ်အဆင့် ကျင့်ကြံသူများ ထိုကဲ့သို့ ကျင့်ကြံချင်အဆင့် တိုးတက်နိုင်ရန် လိုအပ်သည့် ဝိညာဉ်ချီပမာဏမှာ ဂြိုဟ်အဆင့်အောက်တွင် ရှိနေသည့် ကျင့်ကြံသူများ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် များပြားပေသည်။

သို့ဖြစ်ရာ နေအဖွဲ့အစည်းမှာ သူ၏ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအဆင့်အား တစ်ဆင့်တိတိ မြှင့်တင်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ရ၏။ ဝမ်ပေါင်လဲ့မှာမူ အားမလိုအားမရဖြစ်နေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤ ပေါင်းစည်းမှုမှာ အစသာရှိသေးကြောင်း သိထားသောကြောင့်ပင်။

ထိုသို့ဖြင့် ဝိညာဉ်အားဖြည့်ခြင်း ဖြစ်စဉ်ကြီးမှာ တစ်လတိတိ ကြာမြင့်ခဲ့၏။ ၎င်း ပြီးဆုံးသွားချိန်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပြည်ထောင်စုကြီးတို့မှာ နေအဖွဲ့အစည်းထဲရှိ ဂြိုဟ်ဆယ့်ခြောက်လုံးထဲ၌ အတူတကွ ပူးပေါင်းလိုက်ကြတော့သည်။

သူတို့မှာ မည်သည့် အခက်အခဲ အတားအဆီးနှင့်မှ ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ ချောချောမွေ့မွေ့ ပူးပေါင်းနိုင်ခဲ့၏။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ ပြည်ထောင်စုကြီး၏ ဦးဆောင်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီး၏ ကိစ္စဝိစ္စများ အားလုံး ပြီးစီးသွားပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။ တာအိုနန်းတော်မှ ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီး၊ ပြည်ထောင်စုကြီး၏ လက်ရှိအင်အားနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ ကာကွယ်စောင့်ရှောက်မှုသာမက သူ၏ နောက်ခံအင်အားများကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ပြည်ထောင်စုကြီးမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဘေးကင်းလုံခြုံနေမည်ဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။

ထိုအချိန်တွင် သူသည် မီးတောက်ခေါင်းဆောင်ကြီးဆီမှ အသံလွှင့်အကြောင်းကြားစာတစ်စောင် လက်ခံရရှိလိုက်၏။ သူ့အား မီးတောက်ကြယ်စင်စုထဲသို့ ပို့ဆောင်ပေးမည့် ဆက်သားမှာ သိပ်မကြာခင် ရောက်ရှိလာတော့မည်ဖြစ်သည်။

" သွားရတော့မှာလား... " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံအား နေအဖွဲ့အစည်းထဲ၌ ဖြန့်ကြက်လိုက်၏။ သူသည် ၎င်း၏ ကျယ်ပြောမှုအား ခံစားလိုက်ပြီးမှ စာရွက်တစ်ရွက်အား ထုတ်ယူလိုက်သည်။

ထိုစာရွက်မှာ ကြယ်သုသာန်မှ စာရွက်ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ကြယ်သုသာန်ထဲမှ ထွက်ခွာမလာခင် ကြယ်သုသာန်ဧကရာဇ်ကြီးအား အကူအညီတစ်ခုတောင်းခဲ့၏။ သူသည် ဂြိုဟ်အလုံး သုံးဆယ်စာအတွက် ဝင်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဤ စာရွက်မှာ ကြယ်သုသာန် ဝင်ခွင့်လက်မှတ်ဖြစ်သည်။ ၎င်းအား အကြိမ်သုံးဆယ်တိတိ အသုံးပြု၍ရပေသည်။ ထို့အပြင် အချိန်ကန့်သတ်ချက်လည်း မရှိပေ။ ထို စာရွက်အား ပိုင်ဆိုင်ထားသည်နှင့် ကြယ်ကြွေလှေတစ်စင်းအား ဆင့်ခေါ်ကာ ကြယ်သုသာန်သို့ သွားရောက်၍ အရည်အချင်း စမ်းသပ်ပွဲများအား တစ်ယောက်ချင်းစီ ကျော်ဖြတ်နိုင်ပေသည်။

၎င်းမှာ သူ ပြည်ထောင်စုကြီးအတွက် ပြင်ဆင်ပေးထားသည့် အခြေခံအုတ်မြစ် ဖြစ်သည်။ ထိုစာရွက်အား အရင်ဆုံး အသုံးပြုမည့်သူမှာ ကျောက်ယမုန့် ဖြစ်၏။

ထို့ကြောင့် သူသည် ၎င်းအား ကျောက်ယမုန့်၏ လက်ထဲသို့ အပ်လိုက်ပြီးနောက် ကြယ်ကြွေလှေကြီး ပေါ်ပေါက်လာသည်ကို စောင့်ဆိုင်းနေလိုက်၏။ ကျောက်ယမုန့် လှေပေါ်သို့ တက်သွားပြီး ထွက်ခွာသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်သို့ ပြန်ရောက်လာသည်။ သူသည် သူ၏ မိဘနှစ်ပါးအား အဖော်ပြုပေးရင်း သူ၏ ဆရာ စေလွှတ်လိုက်သည့် ဆက်သားအား စောင့်ဆိုင်းနေလိုက်တော့သည်။

" မီးတောက်ကြယ်စင်စု... " ဝမ်ပေါင်လဲ့မှာ ထိုသို့စောင့်ဆိုင်းနေရင်း မကြာခဏဆိုသလို ခေါင်းမော့ကာ အဝေးရှိ စကြဝဠာကြီးအား လှမ်းကြည့်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

All Chapters