ခရမ်းရောင် မြူနှင်းတောင်
Vol. 40 Ch. 543
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး ၊ ခရမ်းရောင် မြူနှင်းတောင်ခြေ ……
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာဆိုရင် ခရမ်းရောင် မြူနှင်းတောင်ဟာ တောင်တန်း တစ်ခုအဖြစ်တောင် သတ်မှတ်ခြင်း မခံရပါဘူး ။ အဲဒါက နည်းနည်း နာမည်ကျော်တဲ့ တောင်တစ်လုံး အဖြစ်သာ သတ်မှတ်ခြင်း ခံရပါတယ် ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ တောင်တွေဟာ ဧကရာဇ်အဆင့် ဂိုဏ်းတွေ ဒါမှမဟုတ် အလွန် အစွမ်းထက်တဲ့ ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ သိမ်းယူခြင်းကို ခံထားရပြီးသားပါပဲ ။
အဲသည်အတွက် သက်တံနီဂိုဏ်းဟာ သည်လို နာမည်ယူကြီးတဲ့ တောင်တစ်လုံးကို သိမ်းယူထားနိုင်တဲ့အတွက် အတော်လေး ချီးကျူးခံထိုက် နေပါပြီ ။ တချို့ အားနည်းတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေဆိုရင် တောင်ထွတ်တစ်ခု ဒါမှမဟုတ် တောင်ခြေတစ်ခုကို သိမ်းပိုက်နိုင်ဖို့တောင်မှ အနိုင်နိုင် ကြိုးစားနေရတာ ဖြစ်ပါတယ် ။
ခရမ်းရောင် မြူနှင်းတောင်မှာက နေထိုင်သူ သိပ်မများလှပါဘူူး ။အများဆုံး နေထိုင်သူတွေက သက်တံနီဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေ ဖြစ်ပြီး ဂိုဏ်းတပည့်တွေ နဲ့ အပြင်စည်း တပည့်တွေကတော့ အတော်လေး နည်းပါးလှတယ်လို့ ဆိုရပါမယ် ။
အဆုံးမှာ ကျတော့လည်း ဂိုဏ်းတော်က အနိမ့်ဆုံး ထွတ်ခေါင် ဆရာသခင်တွေကိုသာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို လာခွင့် ပြုထားတာ မဟုတ်ပါလား ။ သက်တံနီဂိုဏ်းမှာက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို လာခွင့် ရှိတဲ့ ဂိုဏ်းတပည့်တွေဆိုလို့ ထွတ်ခေါင်ဆရာသခင် ၂၀ ကျော် ၊ မဟာဆရာသခင် သုံးယောက်နဲ့ ဧကရာဇ်အဆင့် တပည့် နှစ်ယောက်သာ ရှိတာပါ ။ အဲသည်အရေအတွက်ဟာ ဘယ်လိုမှ ၃၀ မကျော်ပါဘူး ။
ချွမ်……
မျက်စိကျိန်းလုမတတ် အလင်းတန်းကြီး တစ်ခုဟာ ကောင်းကင်ယံပေါ်ကို ထိုးတက်သွားပြီးတဲ့ နောက်မှာတော့ ခရမ်းရောင် မြူနှင်းတောင်မှာ ရှိတဲ့ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်မှာ လူရိပ်တစ်ရိပ် ပေါ်လာခဲ့ပါပြီ ။ အဲသည်လူရိပ်ကတော့ လီဖူချန်းပါပဲ ။
" အား…… ဆိုးလိုက်တဲ့ ဖိအားကွာ "
သည်တစ်ခါ တည်နေရာ ရွှေ့ပြောင်းတာက လီဖူချန်းအတွက် သိပ်ပြီး အဆင်မပြေလှပါဘူူး ။ သည်ခံစားမှုက အမျိုးအမည် မသိတဲ့ အရည်ထု တစ်ခုထဲကို မြုပ်ဝင်သွားခဲ့သလိုပါပဲ ။ ပြီးတော့ ခန္ဓာကိုယ် လှုပ်ရှားဖို့ မပြောနဲ့ ။ အသက်ရှုဖို့ကိုတောင် သူ့အနေနဲ့ မနည်း ကြိုးပမ်းခဲ့ရတာပါ ။
သူ့အတွက် သည်လို ခံစားမှုမျိုးကို ခံစားရတာက ဒါဟာ ဒုတိယ အကြိမ်မြောက် ဆိုရင်လည်း မမှားပါဘူး ။
ပထမ အကြိမ်ကတော့ အရှေ့ယူနီကွန်း ကုန်းမြေတိုက်ကနေ ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးကို ရောက်ရောက်ချင်း အကြိမ်ပဲ ဖြစ်ပါတယ် ။
အရှေ့ယူနီကွန်း ကုန်းမြေတိုက်က ပါးလျတဲ့ အငွေ့ ၊ ကြေးနီ ကုန်းမြေတိုက်က သိပ်သည်းတဲ့ အငွေ့ ၊ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးက အရည် ၊ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးက သိပ်သည်းတဲ့ အရည်ထု ။
အဲဒါတွေကတော့ တည်နေရာ ရွှေ့ပြောင်းတဲ့အခါမှာ လီဖူချန်း တွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေပါပဲ ။
" ကောင်လေး…… မင်းရောက်လာပြီလား ။ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ ခရမ်းရောင် မြူနှင်းတောင်က မင်းကို ကြိုဆိုပါတယ် "
စကားသံ အဆုံးမှာတော့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးအို တစ်ယာက်ဟာ လီဖူချန်းရဲ့ အရှေ့မှာ ပေါ်လာခဲ့ပါပြီ ။
" မင်္ဂလာပါ ……အကြီးအကဲဟန် "
လီဖူချန်းက အဘိုးအိုကို အလျင်အမြန်ပဲ အရိုအသေ ပေးလိုက်ပါတယ် ။
သူ့အနေနဲ့ သည်အဘိုးအိုကို မမှတ်မိစရာ အကြောင်း မရှိပါဘူး ။သည်အဘိုးအိုက အကြီးအကဲ" ဟန်" ပါပဲ ။
လီဖူချန်း သက်တံနီဂိုဏ်းကို စတင် ဝင်ရောက်လာတုန်းက သူ့ကို ကောင်းကင်အဆင့်နိမ့် ဆေးပင်ဖြစ်တဲ့ ကြယ်ငင်ဆေးပင် အသုံးပြုခွင့်ရအောင် ထောက်ခံချက် ပေးခဲ့သူဟာ အကြီးအကဲဟန် ဖြစ်ပါတယ် ။
" ဟိုး……ဟိုး…… မင်းက အတော်လေး ကြိုးစားခဲ့တာပါလား ။ မင်းက သည်လောက် အချိန်တိုလေး အတွင်းမှာပဲ ထွတ်ခေါင် ဆရာသခင်တောင် ဖြစ်လာခဲ့ပြီ ။ ကောင်းတယ် ……ကောင်းတယ်ဟေ့ "
အကြီးအကဲဟန်က လီဖူချန်းကို ကောင်းကောင်းကြီး မှတ်မိနေပုံပါပဲ ။ သူက လီဖူချန်းကို ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လိုက်ပါတယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အကြီးအကဲဟန်က လီဖူချန်း အပေါ်မှာ အတော်လေး မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ် ။ လီဖူချန်းက အရိုးတည်ဆောက်ပုံကလွဲပြီး ကျန်တဲ့အပိုင်းတွေမှာ ဧကရာဇ် အဆင့် တပည့်တွေထက် လုံးဝ မနိမ့်ကျဘူးလို့ အမြဲတစေ ခံယူထားသူ ဆိုရင်လည်း မမှားပါဘူး ။
" အခုလို တိုးတက်လာတာတွေက အကြီးအကဲဟန်ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ "
လီဖူချန်းက ကျိုးနွံစွာနဲ့ပဲ ပြန်ပြောလိုက်ပါတယ် ။
အကြီးအကဲဟန်က ရယ်မောလိုက်ပြီး
" ဟား……ဟား……ဟား…… ကောင်လေး …… မင်းမဆိုးဘူး ။ မင်းက ကျေးဇူး သိတတ်သားပဲ ။ ကဲ…… အဲဒါတွေ ထားလိုက်ဦး ။ ငါမင်းကို အခု သိသင့် သိထိုက်တာတွေ အရင် ရှင်းပြမယ် ။ ဘယ်ကုန်းမြေတိုက်မှာမဆို တောင်စဉ်တောင်တန်းတွေ ဘက်မှာက ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေ ပိုသိပ်သည်းလေ့ ရှိပါတယ် ။ခရမ်းရောင် မြူနှင်းတောင်က တောင်တန်းတစ်ခု မဟုတ်တာကတော့ အတော်လေး နှမြောစရာပေါ့ ။ မင်းသည်တောင်မှာ ရှိနေတဲ့ နေရာလွတ်တွေထဲက ကြိုက်တဲ့နေရာလွတ်မှာ မင်းနေဖို့ ခြံဝင်းတစ်ခု ဆောက်လို့ ရတယ် ။ မင်းက သည်တောင်ပေါ်မှာ တံခါးပိတ် ကျင့်ကြံနေလို့ ရတယ် ဒါမှမဟုတ် တောင်ပေါ်က ဆင်းပြီး စွန့်စားခန်း ခရီး ဖွင့်ချင်လည်း ရတယ် ။ မင်းကို ဘယ်သူမှ တားမှာ မဟုတ်ဘူး "
တကယ်လို့သာ ခရမ်းရောင် မြူနှင်းတောင်က တောင်စဉ်တောင်တန်း တစ်ခု ဆိုရင်တော့ လူတိုင်းဟာ ကိုယ်ပိုင်တောင်တစ်လုံးကို ရွေးယူခွင့် ရမှာ အသေချာပါပဲ ။ ဒါပေမဲ့လည်း ခရမ်းရောင် မြူနှင်းတောင်က တောင်ထွတ် ရှစ်ခုတောင် မရှိတဲ့ တောင်တစ်လုံး ဖြစ်နေပါတယ် ။ ဒါကြောင့် အကြီးအကဲဟန်ဟာ လီဖူချန်းကို နေရာလွတ်ရှာဖို့ ပြောလိုက်တာပါ ။
နောက်ထပ် နာရီဝက်လောက်ကိုတော့ အကြီးအကဲဟန်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးအကြောင်း ၊ လဝန်းနီ အင်ပိုင်ယာ အကြောင်း နဲ့ ခရမ်းရောင် မြူနှင်းတောင်အကြောင်း ရှင်းပြရင်းနဲ့ အချိန်ကုန်ခဲ့ပါတယ် ။
အကြီးအကဲဟန်ရဲ့ ရှင်းပြချက်တွေအရ ဆိုရင်တော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးထက် အဆ တစ်ရာ ကျယ်ပါတယ် ။ ဒါပေမဲ့ အဲဒါက အပေါ်ယံ မြေမျက်နှာသွင်ပြင် ဧရိယာသာ ဖြစ်ပါတယ် ။ သည်ကုန်းမြေတိုက်ကြီးမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင် သိပ်သည်းမှုကြောင့် အဆတစ်ရာ ကျယ်တယ်ဆိုတဲ့ မြေမျက်နှာသွင်ပြင် ဧရိယာဟာ လီဖူချန်းအတွက်တော့ အဆတစ်ထောင် နဲ့ ကွာခြားမှာ မဟုတ်ပါဘူး ။ အထူးသဖြင့်တော့ ပျံသန်းသွားလာရတဲ့ ခရီးတွေမှာပါပဲ ။ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ပျံသန်းသွားလာနိုင်တဲ့ အမြန်နှုန်းဟာ ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးမှာ သူတို့ ပျံသန်းသွားလာနိုင်တဲ့နှုန်းရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိမှာ ဖြစ်ပါတယ် ။အဲဒါက ယုတ်လျော့စေခြင်း တာအိုစွမ်းအားနဲ့ ဆင်တူတယ်လို့တောင် ဆိုရပါမယ် ။ လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင်တော့ သူဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပျံသန်း သွားလာနိုင်မှာ မဟုတ်ပါဘူး ။ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို မပြောပါနဲ့ဦး ။ သူ့အနေနဲ့ လဝန်းနီ အင်ပိုင်ယာ တစ်ခုလုံးကို ပျံသန်းသွားလာနိုင်ရင်တောင် ကံကောင်းပါပဲ ။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက မဟာ ဧကရာဇ်အဆင့် အင်အားစု ၇စု ရှိပါတယ် ။ အဲသည် အင်အားစုတွေထဲက သုံးခုကတော့ အင်ပိုင်ဟာတွေ ဖြစ်ပြီး လေးခုကတော့ ဧကရာဇ်အဆင့် ဂိုဏ်းတွေ ဖြစ်ပါတယ် ။
( Note - အင်ပိုင်ယာ ( empire ) ဆိုတာက နိုင်ငံတွေအများကြီး စုထားတဲ့ ပြည်ထောင်စု တစ်ခုကို ခေါ်တာပါ ။ အင်ပိုင်ယာ တစ်ခုကို ဧကရာဇ် တစ်ပါးက အုပ်ချုပ်လေ့ ရှိပါတယ် ။ ဒါပေမဲ့ သည်ထဲက အင်ပိုင်ယာကိုတော့ ဘယ်လို ရည်ညွှန်းထားသလဲဆိုတာ စာရေးသူလည်း မသိပါဘူး ။)
လဝန်းနီ အင်ပိုင်ယာ……
လဝန်းနီ အင်ပိုင်ယာကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ရှိနေတဲ့ အင်ပိုင်ယာ တစ်ခုလို့ ဆိုရပါမယ် ။ သည်အင်ပိုင်ယာ ထဲမှာတော့ အဓိက ပြည်နယ်ကြီး ၉ခု ၊ စီရင်စု ၄၉ခုနဲ့ မြို့ကြီး ၄၉မြို့ ပါဝင်ပါတယ် ။
ခရမ်းရောင် မြူနှင်းတောင်ကတော့ နန်အန်း စီရင်စုထဲမှာ တည်ရှိနေပြီး နန်အန်းမြို့နဲ့ ထုံးဟူမြို့ကြားက နာမည်ကြီး တောင်တစ်လုံး ဆိုရင်လည်း မမှားပါဘူး ။
လဝန်းနီ အင်ပိုင်ယာရဲ့ လက်အောက်မှာ ရှိတဲ့ မြို့ကြီးတွေဟာ ဘုရင်အဆင့် ဂိုဏ်းတွေနဲ့ မခြားနားလှပါဘူး ။ မြို့ကြီးတွေကို အစိုးရတဲ့ မြို့စားတိုင်းဟာ အနည်းဆုံး မူလပင်လယ်နယ်ပယ် အလယ်အလတ် အဆင့်မှာ ရှိပါတယ် ။ တချို့ အရေးကြီးတဲ့ မြို့ကြီးတွေကိုဆိုရက် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေက အုပ်ချုပ်လေ့ ရှိပါတယ် ။
ပြည်နယ်တွေကို အစိုးရတဲ့ နယ်စားတွေကတော့ တကယ့် လက်ရွေးစင် မူလပင်လယ်နယ်ပယ် ဘုရင်တွေပါပဲ ။ အဲသည် နယ်စားတွေထဲက တချို့ဆိုရင် အကြို ဧကရာဇ် အဆင့်ကိုတောင် ရောက်နေပါပြီ ။ ပြည်နယ်တွေကို အစိုးရတဲ့ နယ်စားတွေ ဆိုတာဟာ တစ်နေ့မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို သေချာပေါက် ရောက်မယ့်သူတွေလို့ သတ်မှတ်ခြင်း ခံထားရသူတွေ ဖြစ်ပါတယ် ။
( note - အကြို ဧကရာဇ်အဆင့် ဆိုတာက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ဖို့အတွက် ခြေလှမ်း တစ်ဝက်လောက်သာ လိုတော့တဲ့ ကျင့်ကြံသူတွေကို ဆိုလိုတာပါ ။ )
လဝန်းနီ အင်ပိုင်ယာမှာက လဝန်းနီ ဧကရာဇ် တစ်ယောက်တည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေတာ မဟုတ်ပါဘူး ။ သူ့ရဲ့ လက်အောက်ခံတွေကလည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေပါပဲ ။ ကောလာဟလတွေကတော့ လဝန်းနီ ဧကရာဇ် လက်အောက်မှာ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် အပါး၂၀ကျော် ရှိတယ်လို့ ဆိုကြပါတယ် ။
လဝန်းနီ အင်ပိုင်ယာကို ယှဉ်ဖို့အတွက် ဆိုရင်တော့ သက်တံနီဂိုဏ်း တစ်ထောင် ဒါမှမဟုတ် သက်တံနီဂိုဏ်း တစ်သောင်းတောင် လောက်မှာ မဟုတ်ပါဘူး ။
ခရမ်းရောင် မြူနှင်းတောင် တည်ရှိရာ နန်အန်းစီရင်စုကို အစိုးရတာကတော့ အလွန်အမင်း အစွမ်းထက်တဲ့ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းပါပဲ ။ အဲသည်ဂိုဏ်းကိုတော့ သူတို့ အစိုးရတဲ့ စီရင်စုကို အမည်စွဲပြီး နန်အန်း စီရင်စုလို့ပဲ များသောအားဖြင့် ခေါ်လေ့ ရှိပါတယ် ။ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးပေါ်မှာတော့ သက်တံနီဂိုဏ်းဟာ နန်အန်း စီရင်စု အဆင့်ကိုတောင် မမီပါဘူး ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်ကုန်းမြေတိုက်ကြီးမှာ သက်တံနီဂိုဏ်းထက် အစွမ်းထက်တဲ့ ဘုရင်အဆင့် ဂိုဏ်းတွေဟာ မရေမတွက်နိုင်အောင် ရှိပါတယ် ။
" ကောင်လေး…… ငါမင်းကို မှာရဦးမယ် ။ တကယ်လို့ မင်းက လဝန်းနီ အင်ပိုင်ယာထဲမှာ နေမယ်ဆိုရင် ပထမဆုံး အနေနဲ့ လဝန်းနီ အင်ပိုင်ယာကို ရန်မစမိစေနဲ့ ။ ဒုတိယ အနေနဲ့ အကြို ဧကရာဇ် တစ်ပါးကို ပိုင်ဆိုင်ထားတဲ့ ဘယ်ဘုရင်အဆင့် ဂိုဏ်းကိုမှ ရန်မစမိစေနဲ့ ။ တတိယအနေနဲ့ ဘယ်ဗိုလ်ချုပ်ကိုမှ ရန်မစမိစေနဲ့ "
အကြီးအကဲဟန်က လီဖူချန်းကို သေသေချာချာ မှာကြားလိုက်ပါတယ် ။
" ဗိုလ်ချုပ်…… သည်မှာက ဗိုလ်ချုပ်တွေကော ရှိသေးတာလား "
အကြီးအကဲဟန်ရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အတော်လေး ခေါင်းရှုပ်သွားခဲ့ပါပြီ ။
သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးနဲ့ လုံးဝ မတူပါဘူး ။ သည်မှာက ဆောင်ရန် ၊ ရှောင်ရန်တွေ များလွန်းမက များလွန်းလှပါတယ် ။
အကြီးအကဲဟန်က လီဖူချန်းကို ရှင်းပြပါတယ် ။
" ဗိုလ်ချုပ်တွေဆိုတာက လဝန်းနီ အင်ပိုင်ယာထဲမှာရှိတဲ့ အစွမ်းထက် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကို ခန့်အပ်တဲ့ ရာထူးပဲ ။ တကယ်လို့ မင်းက ဗိုလ်ချုပ်တစ်ပါး အဖြစ် ခန့်အပ်ခြင်း ခံရပြီဆိုရင် လဝန်းနီ အင်ပိုင်ယာရဲ့ အရင်းအမြစ် တချို့ကို ခံစားခွင့် ရှိတယ် ။ လဝန်းနီ အင်ပိုင်ယာရဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်ခွင့် ရှိတယ် ။ ဗိုလ်ချုပ်တွေကိုတော့ ကြယ်၁ပွင့် ဗိုလ်ချုပ် ၊ ကြယ်၂ပွင့် ဗိုလ်ချုပ် နဲ့ ကြယ်၃ပွင့် ဗိုလ်ချုပ်ဆိုပြီး သုံးမျိုး သုံးစား ခွဲခြားထားတယ် ။ကြယ်၁ပွင့် ဗိုလ်ချုပ်တွေက အစွမ်းထက် မဟာဆရာသခင်တွေနဲ့ အဆင့်ချင်း တူပြီး ကြယ်၂ပွင့် ဗိုလ်ချုပ်တွေက အုပ်စိုးသူ အဆင့် ဆရာသခင်တွေနဲ့ ညီမျှတယ် ။ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေက ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကိုတော့ ငါလည်း သေသေချာချာ မသိဘူး ။ ဒါပေမဲ့ လဝန်းနီ အင်ပိုင်ယာမှာ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေက လက်တစ်ဆုပ်စာပဲ ရှိတယ် ။ ဗိုလ်ချုပ်တွေကို ရန်သွားစတယ် ဆိုတာက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ရန်သွားစတာနဲ့ အတူတူပဲ "
" ကျွန်တော်နားလည်ပါပြီ …… အကြီးအကဲဟန် ။ သည်ဂိုဏ်းတပည့် လီက အကြီးအကဲဟန် ပြောတာ မှန်သမျှကို သေသေချာချာ မှတ်သားထားပါမယ် "
လီဖူချန်းက ကတိပေးလိုက်ပါတယ် ။
အကြီးအကဲဟန် သတိပေးတာက မမှားပါဘူး ။ သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ ဗိုလ်ချုပ်တစ်ပါးကို သွားရန်စတယ် ဆိုတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ ။
မဟာဆရာသခင် တစ်ပါး ဆိုတာက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေထက် မဆိုစလောက် ကလေးသာ အားနည်းတာပါ ။ အုပ်စိုးသူ အဆင့် ဆရာသခင်တွေကတော့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် လက်ရည်တူ တိုက်နိုင်ပါတယ် ။အဲသည်အတွက် အုပ်စိုးသူအဆင့် ဆရာသခင်တွေကို အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေလို ဆက်ဆံကြတာကလည်း လွန်ရာ မကျပါဘူး ။
ကြယ်၃ပွင့် ဗိုလ်ချုပ်တွေအကြောင်းကိုတော့ လီဖူချန်းက သေသေချာချာ မသိပေမယ့် မှန်းဆနိုင်ပါတယ် ။သူတို့တွေက သေချာပေါက် အဆင့်မြင့် အုပ်စိုးသူ ဆရာသခင်တွေပါပဲ ။ အဲသည်အတွက် ကြယ်၃ပွင့် ဗိုလ်ချုပ်တွေဟာ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် သတ်နိုင်လောက်ပါတယ် ။
" ကဲ …… ရှင်းပြစရာ ရှိတာတွေလည်း ရှင်းပြပြီးပြီဆိုတော့ ငါသွားတော့မယ် "
လီဖူချန်းကို သိသင့်သိထိုက်တာတွေ အားလုံး ရှင်းပြပြီးတဲ့ နောက်မှာတော့ အကြီးအကဲဟန်ဟာ အဝေးကို ထွက်ခွာသွားခဲ့ပါပြီ ။
" အင်း…… ငါနေမယ့် နေရာကို အရင်ရှာတာ ကောင်းမယ် "
အကြီးအကဲဟန် ထွက်သွားပြီးတဲ့နောက်မှာ လီဖူချန်းခေါင်းထဲ ပထမဦးဆုံး ဝင်လာတဲ့ အတွေးကတော့ ကိုယ်ပိုင် ခြံဝင်းတစ်ခု တည်ဆောက်ဖို့ပါပဲ ။
" တွေ့ပြီ ။ အဲသည်နေရာက နေရာကောင်းပဲ "
သူ့ရဲ့ လိပ်ပြာအသိစိတ်အာရုံ အစွမ်းကြောင့် လီဖူချန်းဟာ အချိန်အနည်းငယ် အတွင်းမှာပဲ ခရမ်းရောင် မြူနှင်းတောင်ပေါ်က နေရာလွတ်တစ်ခုကို တွေ့သွားခဲ့ပါပြီ ။
အဲသည်နောက်မှာတော့ သူက အချိန် ဆွဲမနေတော့ဘဲ သူနေမယ့် ခြံဝင်းနဲ့ နေအိမ်ကို ပြင်ဆင်ပါတော့တယ် ။
တစ်ရက်အတွင်းမှာပဲ လီဖူချန်းဟာ ဟက်တာ တစ်ဝက်ရှိတဲ့ ခြံဝင်းတစ်ခုကို တည်ဆောက်လိုက်နိုင်ပါတယ် ။
( note - ၁ ဟက်တာ = စတုရန်းမီတာ တစ်သောင်း ၊ ၂.၄၇၂ ဧက )
" အင်း…… သည်လောက်ဆိုရင် ငါအေးအေးဆေးဆေး ကျင့်ကြံလို့ ရပြီ "
လီဖူချန်းက စွန့်စားခန်း ခရီး ထွက်ဖို့ကို မလောသေးပါဘူး ။ သူက သူ့ရဲ့ လက်ရှိ အခြေအနေကို ကောင်းကောင်းကြီး သုံးသပ်နိုင်ပါတယ် ။ သူ့ရဲ့ လက်ရှိ အခြေအနေအရ ဆိုရင်တော့ တံခါးပိတ် ကျင့်ကြံတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ ။
*****------******-------***----*****-------
အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတာက လျင်မြန်လွန်းလှပါတယ် ။ ဘာလိုလိုနဲ့ လီဖူချန်းတစ်ယောက် ခရမ်းရောင် မြူနှင်းတောင်ကို ရောက်နေတာကလည်း တစ်လ ကျော်သွားခဲ့ပါပြီ ။
" ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးက တကယ် မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်တာပဲ ။ သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေက ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီးထက် အဆပေါင်း များစွာ သိပ်သည်းတဲ့အပြင် ကောင်းကင်နဲ့ မြေကြီးရဲ့ တာအို ဥပဒေသတွေက ပိုပြီး နားလည်ရ လွယ်တယ် ။ ပြီးတော့ သည်နေရာမှာ ရှိနေတဲ့ ဓားတာအို ဥပဒေသတွေက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာထက် ပိုအားကောင်းတယ် "
လီဖူချန်းကတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးကို လာဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို အတော်လေး ကျေနပ်နေမိပါတယ် ။
အခုဆိုရင် သူ့ရဲ့ ကျင့်ကြံမှုကလည်း တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၄ကို ရောက်ရှိနေခဲ့ပါပြီ ။ လီဖူချန်းက သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ကျင်ကြံရတာဟာ သူ့အတွက် အတော်လေးအဆင်ပြေ ချောမွေ့နေတယ်လို့လည်း ခံစားနေရပါတယ် ။ အဲသည်ခံစားချက်က ငါးတစ်ကောင် ရေထဲ ရောက်သွားသလို ခံစားချက်မျိုးပါပဲ ။ ပြီးတော့ လီဖူချန်းက သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ အဆုံးစွန် ကန့်သတ်ချက်ကို ရောက်သွားတယ်လို့လည်း ခံစားနေရပါသေးတယ် ။
***