နံပါတ်ဆယ့်ခြောက် သခင်လေး
Vol. 72 Ch. 1002
ဝမ်ပေါင်လဲ့မှာ အကြာကြီးမစောင့်လိုက်ရပေ။ သူ အင်္ဂါဂြိုဟ်သို့ ပြန်ရောက်ပြီး သုံးရက်အကြာတွင် ယခင်ကထက် နှစ်ဆကျော် ပိုမိုကြီးမားလာပြီဖြစ်သည့် နေအဖွဲ့အစည်း၏ အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင် ကြက်သွေးရောင် မီးလျှံများ ပေါ်ပေါက်လာ၏။
ထို မီးလျှံများမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက တုန်ခါမှုလှိုင်း အမြောက်အမြားမှာ ထို မီးလျှံများထဲမှနေ၍ အပြင်ဘက်သို့ ပြန့်ထွက်လာနေသည်ကို မြင်နိုင်ပေမည်။
ထို့ကြောင့် ငြိမ်သက်နေသည့် ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ပင်။ သို့သော် ထို တုန်ခါမှုလှိုင်းများမှာ မီးလျှံများကြောင့် ပေါ်ပေါက်လာကြသည်ဖြစ်ရာ အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် စီးဆင်းနေသည့် မီးပင်လယ်ကြီးတစ်စင်းနှင့် ဆင်တူနေတော့သည်။ အသက်ရှူကြိမ် ဆယ်ကြိမ်ကျော် ကုန်ဆုံးသွားချိန်တွင် ထို မီးပင်လယ်ကြီးမှာ တဟုန်းဟုန်း တောက်လောင်တာတော့သည်။ ထို့နောက် ၎င်း၏ အလယ်တွင် အရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်ပေါက်လာ၏။
ထို အရိပ်ကြီး ပေါ်ပေါက်လာသည်နှင့် စကြဝဠာကြီးကိုပင် တုန်ရီသွားစေနိုင်စွမ်းရှိသည့် အငွေ့အသက်တစ်မျိုးမှာ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ ထို့ကြောင့် မီးပင်လယ်ကြီးမှာ ပို၍ပင် အားကောင်းလာပြီး ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ အက်ကွဲသွားတော့မည့်ပုံ ပေါက်နေတော့သည်။
ထို အရိပ်ကြီးမှာ အဆင့်အတန်း မြင့်မားလွန်းနေသောကြောင့် ၎င်း ပေါ်ပေါက်လာချိန်တွင် စကြဝဠာကြီး တစ်ခုလုံး တုန်ရီသွားရခြင်း ဖြစ်နိုင်ပေသည်။ နေအဖွဲ့အစည်းပင်လျှင် တွန့်လိမ်ပုံပျက်သွားရ၏။ သို့ဖြစ်ရာ အကယ်၍ ထို အရိပ်ကြီးသာ ရန်ပြုလိုပါက ၎င်း တစ်ချက်တွေးလိုက်ရုံမျှဖြင့် နေအဖွဲ့အစည်းတစ်ခုလုံး လွင့်ပါးပျောက်ကွယ်သွားရမည်သာ ဖြစ်သည်။
သို့သော် ဤ လူရိပ်ကြီးမှာ သူ့ကိုယ်သူ ထိန်းချုပ်ထားကြောင်း အထင်အရှား မြင်နိုင်ပေသည်။ ထို့ကြောင့်လည်း ၎င်းမှာ ၎င်း၏ အငွေ့အသက်များအား ချက်ချင်း ပြန်လည်ရုပ်သိမ်းကာ နေအဖွဲ့အစည်းဆီသို့ ဆက်လက် ပျံ့နှံ့သွားနိုင်စွမ်းမရှိအောင် ထိန်းချုပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ ပြန်လည်စုစည်းလိုက်၏။ တစ်ချိန်ထဲမှာပင် ၎င်း၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတော့သည်။
ထို့ကြောင့် ၎င်း၏ ပုံပန်းသွင်ပြင် အစစ်အမှန်အား မြင်လိုက်ရ၏။
မီးပင်လယ်ကြီးထဲတွင် ခန္ဓာကိုယ်တစ်ခုလုံးထဲမှ မီးလျှံများ ထုတ်လွှတ်နေသည့် နွားထီးအိုကြီးတစ်ကောင် ပေါ်ပေါက်လာပြီ ဖြစ်သည်။ ထို နွားထီးအိုကြီးမှာ တစ်ကိုယ်လုံး အနီရောင်သန်းနေပြီး ၎င်း၏ အောက်ရှိ မီးပင်လယ်ကြီးမှာလည်း အရှိန်အဟုန်ပြင်းစွာ တောက်လောက်နေ၏။ ထို့အပြင် ၎င်းမှာ သူ့ကိုယ်သူ ဖိနှိပ်ချုပ်တည်းထားသည့်တိုင်အောင် ပေသောင်းဂဏန်း အနည်းငယ်ခန့် ရှည်လျားနေဆဲပင်။ သို့ဖြစ်ရာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ်ပေါက်လာသေးခြင်း မရှိကြောင်း သိနိုင်ပေသည်။
သို့သော်ငြားလည်း ဘေးနားတစ်ဝိုက်ရှိ စကြဝဠာကြီးမှာ အချိန်မရွေး ပျက်စီးသွားတော့မည်ပုံ ပေါက်နေဆဲပင်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ဖိအားများမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များထက်ပင် ပို၍ သာလွန်နေပြီဖြစ်သည်။ ၎င်းတို့မှာ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များနှင့်ပင် ယှဉ်နိုင်စွမ်းရှိနေ၏။
ထိုကဲ့သို့သော သက်ရှိမျိုးမှာ စကြဝဠာကြီးထဲတွင် များများစားစားမရှိပေ။ အမှန်အတိုင်း ဆိုရလျှင် ၎င်းမှာ မဟာလက်တဲတာအိုနယ်မြေနှင့် မဟာဒိဋ္ဌိနယ်မြေ နှစ်ခုစလုံးထဲ၌ စိတ်ကြိုက် ပြုမူနိုင်စွမ်းရှိပေသည်။ လူမှုအဖွဲ့အစည်း အများစုမှာ ၎င်း၏ရှေ့တွင် ပြားပြားဝပ််သွားရမည်သာဖြစ်သည်။
ရှေးဟောင်းဓားကြီး၏ ထိပ်ဖျားပိုင်းရှိ တတိယမြောက် ပလ္လင်ပေါ်တွင် တရားထိုင်နေသည့် ကျယ်ပြန့်တာအိုနန်းတော်၏ ခေါင်းဆောင်ကြီးမှာ ၎င်း ရောက်ရှိလာသည်ကို ချက်ချင်း အာရုံခံမိလိုက်သည်။ ထိုအခါ ထိုအဘိုးကြီးမှာ ရုတ်ခြည်းဆိုသလို မျက်လုံးများပွင့်လာ၏။ သူသည် အံ့ဩတုန်လှုပ်ကာ သံသယဝင်နေသည့်ပုံ ပေါက်နေပြီး အသက်ရှူသံများ မြန်ဆန်လာရသည်။ ထို့ကြောင့် သူသည် ထို နွားထီးအိုကြီး ရှိနေသည့်ဘက်သို့ လှမ်းကြည့်ရင်း အမူအရာများ ပြောင်းလဲသွားပြီး မတ်တတ်ထလာ၏။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင်...
နေအဖွဲ့အစည်း၏ အပြင်ဘက်မှ ရောက်ရှိလာသော နွားထီးအိုကြီးမှာ အရင်းဆုံးဦးအောင် စကားပြောလိုက်၏။ ၎င်းမှာ လူတစ်ယောက်တည်းအား စကားပြောလိုက်ခြင်းမဟုတ်ဘဲ ၎င်း၏ နတ်ဘုရားအာရုံဖြင့် နေအဖွဲ့အစည်းတစ်ခုလုံးအား စကားပြောလိုက်ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် နေအဖွဲ့အစည်းထဲ၌ ရှိနေသည့် သက်ရှိအားလုံးမှာ ၎င်း၏ ရှေးဆန်သည့် စကားသံကြီး သူတို့၏ အသိစိတ်ထဲ၌ ပေါပေါက်လာသည်ကို ကြားလိုက်ရသည်သာ ဖြစ်သည်။
" ရန်လင်းဆိုတဲ့ ငါ မီးတောက်ခေါင်းဆောင်ကြီးရဲ့ အမိန့်အရ နံပါတ်ဆယ့်ခြောက် သခင်လေး ဝမ်ပေါင်လဲ့ကို မီးတောက်ကြယ်စင်စုဆီ ခေါ်သွားပေးဖို့ ရောက်လာခဲ့တာပဲ "
ထို နတ်ဘုရားအာရုံမှာ လေပြင်းမုန်တိုင်း တစ်ခုကဲ့သို့ နေအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ချက်ချင်းပြည့်နှက်သွား၏။ ၎င်း၏ စကားသံကြီး သက်ရှိများအားလုံး၏ အသိစိတ်များထဲ၌ ပေါ်ပေါက်လာသည်နှင့် ရှေးဟောင်းဓားကြီးပေါ်ရှိ တာအိုနန်းတော် ဂိုဏ်းသားများ အားလုံးမှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကြသည်သာဖြစ်သည်။ သတိလစ်နေပြီး ဒဏ်ရာများမှ ပြန်လည်သက်သာလာခြင်း မရှိသေးသည့် ကျင့်ကြံသူများပင်လျှင် ခန္ဓာကိုယ်များ တုန်ရီသွားရ၏။ ကြယ်နယ်မြေအဆင့် ခေါင်းဆောင်ကြီးမှာမူ မျက်လုံးများ မှေးသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူသည် ထို နွားထီးအိုကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် စိတ်အေးသွားရသဖြင့် သက်ပြင်းချမိလိုက်ပါသော်လည်း ချက်ချင်းဆိုသလို သတိကြီးကြီး ပြန်ထားမိလိုက်ဆဲပင်။
သူသည် ဝမ်ပေါင်လဲ့မှာ သူ့အား လိမ်ညာနေလိမ့်မည်မဟုတ်ဟု ယုံကြည်ထားပါသော်လည်း ထို ဂြိုဟ်အဆင့် ကျင့်ကြံသူလေး၏ ရာထူးအဆင့်အတန်းမှာ သူ မျှော်လင့်ထားသည်ထက် ပို၍ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
" သူ့ကို လာခေါ်ဖို့အတွက် မီးတောက်ခေါင်းဆောင်ကြီးကိုယ်တိုင် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ကို စီစဉ်ပေးခဲ့တာဆိုတော့... သူက ဘယ်လို တပည့်မျိုးလဲဟ "
" သူက ဝမ်ပေါင်လဲ့ကို လာခေါ်ရုံတင် မကဘဲ တာအိုနန်းတော်ကိုပါ သတိပေးချင်လို့ အခုလို လုပ်ခဲ့ဝာာပဲ ဖြစ်ရမယ်... ပြီးတော့ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနဲ့ နေအဖွဲ့အစည်း ပေါင်းစည်းသွားခဲ့တဲ့ ကိစ္စကို စိတ်ဝင်စားနေတဲ့ တခြား အဖွဲ့အစည်းတွေကိုပါ ကြိုပြီးတော့ သတိပေးလိုက်တာပဲ "
" ဒီအချက်ကိုကြည့်ရင် ဝမ်ပေါင်လဲ့ ဘယ်လောက်အရေးပါသလဲဆိုတာ သိနိုင်တယ်... " တာအိုနန်းတော်ခေါင်းဆောင်ကြီးမှာ ထိုသို့တွေးကာ နှုတ်ဆိတ်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား ယခင်ကထက်ပင် ပို၍ အထင်ကြီးသွားတော့သည်။
တစ်ချိန်ထဲမှာပင် လင်းတျန်ဟောက်၊ လျှိုတောက်ပင်းနှင့် ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးကြသည့်လူများအားလုံး အပါအဝင် ပြည်ထောင်စုကြီးထဲရှိ လူများနှင့် ကျင့်ကြံသူ ပေါင်းမြောက်မြားစွာမှာ ထိုစကားသံကြီး သူတို့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည်ကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြ၏။
" ဆယ့်ခြောက်ယောက်မြောက် သခင်လေးဆိုပါလား "
" ဝမ်ပေါင်လဲ့ "
" သူ့ရဲ့ ရာထူးအဆင့်အတန်းအကြောင်းကို အသေးစိတ်မသိပေမဲ့ နာမည်ကတော့ အမိုက်စားပဲကွ။ သူက တော်တော်လေးကို တမူထူးခြားလောက်တယ် "
လူတိုင်း အုပ်အော်သောင်းနင်း ဖြစ်နေကြစဉ် ကျောက်ယမုန့်၏ မိခင်၊ လီရှင်းဝမ်၊ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးရှု၊ လင်းယုံနှင့် အခြားသူများအားလုံးမှာလည်း သူတို့ ရောက်နေသည့် နေရာများမှနေ၍ အင်္ဂါဂြိုဟ်အား လှန်ကြည့်လိုက်ကြ၏။
ဝမ်ပေါင်လဲ့မှာ သူတို့အား သူ ထွက်ခွာသွားမည့် အကြောင်း ပြောပြထားပြီးသားဖြစ်သလို သူ သွားမည့်နေရာအကြောင်းကိုလည်း အကြမ်းဖျင်း အသိပေးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ စိတ်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခဲ့သည့်တိုင်အောင် လက်ရှိတွင် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေဆဲပင်။
နွားထီးအိုကြီး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးနှင့် ၎င်း၏ နတ်ဘုရားအာရုံထဲမှ စကားများကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းကိုသာမက စိတ်ကူးနှင့်မှန်းဆ၍ မရနိုင်သည့် သူ၏ အနာဂတ်အား နားလည်သွားကြ၏။ ထို့ကြောင့် သူတို့မှာလည်း ယခင်တုန်းကပင် ပို၍ စိတ်ဓာတ်ပြတ်သားလာကြတော့သည်။
ကျောက်ယမုန့်၏ မိခင်ဖြစ်သူမှာဆိုလျှင် ကျောက်ယမုန့် ပြန်ရောက်လာသည့်အချိန်တွင် သူမနှင့် ဝမ်ပေါင်လဲ့တို့၏ အနာဂတ်အကြောင်း ဆွေးနွေးရန် တွေးနေပြီ ဖြစ်သည်။
လူတိုင်းမှာ စိတ်နှလုံး လှုပ်ရှားနေကြပြီး အသိစိတ်များထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာကြ၏။ ထိုအချိန်တွင် အင်္ဂါဂြိုဟ်ပေါ်၌ ရှိနေသည့် ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ ပန်းကန်လုံးနှင့် တူနှစ်ချောင်းအား အောက်သို့ချလိုက်သည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီး သူ့အား ထွက်မသွားစေချင်သည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည့် သူ၏ မိဘနှစ်ပါးအား ဦးညွှတ်အရိုအသေပေးလိုက်၏။
" အဖေ၊ အမေ... ကျွန်တော် အဖေတို့ အမေတို့နဲ့ ဘယ်အချိန်အထိ ခွဲနေရမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ အရမ်းကြီး မကြာလောက်ပါဘူး။ ဂရုစိုက်ကြနော်... "
" သွားတော့ ပေါင်လဲ့။ သားလည်း ဂရုစိုက်ပါ " ဝမ်ပေါင်လဲ့၏ မိခင်မှာ သူမ၏ ဝမ်းနည်းစိတ်များကို မျိုသိပ်ကာ လေသံတိုးတိုးဖြင့် နှုတ်ဆက်စကား ဆိုလိုက်၏။ သူ၏ ဖခင်မှာမူ ဘေးနားတွေရပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ပေါင်လဲ့ သူ မတ်တတ်ရပ်နေခဲ့သည့် နေရာမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်တော့သည်။
သူ လုံးဝပျောက်ကွယ်သွားသည့်အခါမှ ဝမ်ပေါင်လဲ့၏ မိခင်မှာ သူမ၏ ခံစားချက်များကို ဆက်လက် မျိုသိပ်ထားနိုင်စွမ်း မရှိတော့သဖြင့် မျက်ရည်များ စီးကျလာ၏။
ဝမ်ပေါင်လဲ့မှာမူ စကြဝဠာကြီးထဲ၌ ပေါ်ပေါက်လာပြီးနောက် လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်သည်။ သူသည်လည်း သူ၏ မိဘများနှင့် မခွဲချင်ပါသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ ဆက်လျှောက်မှ ရမည်ဖြစ်ကြောင်း သိထားသည်။ ထိုသို့သာမဟုတ်ပါက သူသည် နောက်ကောက်ကျ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ရှေ့ဆက်လျှောက်နေရန် လိုအပ်ပေသည်။ သို့မှသာ သူသည် သူ၏ တန်ဖိုးထားရသည့် အရာများအားလုံးကို ကာကွယ်စောင့်ရှောက်ပြီးနိုင်မည်ဖြစ်ပြီး အမြင်ကျယ်လာမည် ဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူသည် မီးတောက်ခေါင်းဆောင်ကြီးအား အလွန်အင်မတန်မှ ကျေးဇူးတင်နေ၏။ နေအဖွဲ့အစည်းထဲ၌ ပေါ်ပေါက်လာသည့် နတ်ဘုရားအာရုံကြီးမှာ သူ၏ဆရာ သူ့အပေါ်ထားရှိသည့် ချစ်ခြင်း မေတ္တာများကို ကိုယ်စားပြုကြောင်း သူက သိထားသည်။ ထို နတ်ဘုရားအာရုံကြီးမှာ နေအဖွဲ့အစည်းအား အန္တရာယ်ပြုလိုသည့် လူများအတွက် အဟန့်အတားတစ်ခုအဖြစ် ရှိနေမည်သာမက သူ၏ ဇာတိမြေထဲရှိ သူ၏ မိသားစုနှင့် မိတ်ဆွေများကိုလည်း စိတ်အေးလက်အေး နေထိုင်နိုင်အောင် ကူညီပေးမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ဆရာ၏ စေတနာများအတွက် အလွန်အင်မတန် ကျေနပ်နေ၏။ ထို့နောက် သူသည် နေအဖွဲ့အစည်း၏ စကြဝဠာကြီးထဲ၌ ရပ်နေရင်း ကမ္ဘာဂြိုဟ်အား လှမ်းကြည့်လိုက်သည်။ ထိုအခါ သူသည် ကမ္ဘာဂြိုဟ်ပေါ်၌ အသစ်ပြန်လည်တည်ဆောက်ထားသည့် ကောင်းကင်တာအိုကျောင်း၏ တောင်ထိပ်ပေါ်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက်၏ လူရိပ်အား မသဲမကွဲ မြင်လိုက်ရသည်။
သူမ၏ ဆံနွယ်များမှာ လေထဲတွင် တလူလူလွင့်နေပြီး သူမ၏ မျက်နှာအား ဖုံးနေပါသော်လည်း သူမ၏ မျက်ဝန်းများထဲမှ နူးညံသိမ်မွေ့မှု အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။
သူတို့မှာ စကြဝဠာကြီးကို ဖြတ်၍ အကြည့်ချင်းဆုံသွားကြသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူမအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးနောက် ခေါင်းညိတ်ပြကာ နောက်သို့လှည့်၍ နေအဖွဲ့အစည်း၏ အပြင်ဘက်သို့ ထွက်သွားလိုက်တော့သည်။
ယခုအကြိမ်တွင်မူ သူသည် ပြည်ထောင်စုကြီးအတွက် စိတ်ပူနေခြင်း မရှိတော့ပေ။ သူသည် ကျယ်ပြန့်တာအိုနန်းတော်နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည့်အပြင် ပြည်ထောင်စုကြီးမှာလည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းခဲ့ပြီးနောက် အဆင့်မြင့်တိုးတက်လာခဲ့ပြီ မဟုတ်ပါလော။ ထို့အပြင် ၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီး၏ စောင့်ရှောက်မှု အောက်တွင်လည်း ရှိနေသေးသည်။ သို့ဖြစ်ရာ ၎င်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းမှုအပြည့်နှင့် ဆက်လက်တိုးတက်လာနေဦးမည်သာ ဖြစ်သည်။
" ကဲ... ဒီ စကြဝဠာကြီး ဘယ်လောက်အထိ ကျယ်ပြောပြီးတော့ ဝင်းလက်တောက်ပနေမလဲဆိုတာ သွားကြည့်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်တက်ကြွမှုအပြည့် ရှိနေပြီး မျက်ဝန်းများ အရောင်တောက်ပနေ၏။ ထို့နောက် သူသည် အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ နေအဖွဲ့အစည်းအား ဖြတ်သန်းသွားလိုက်ပြီး နေအဖွဲ့အစည်း၏ အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာသည်။ ထိုအခါ သူသည် မီးပင်လယ်ကြီးနှင့် ထို မီးပင်လယ်ကြီး၏ အလယ်ရှိ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထုတ်လွှတ်နေသော နွားထီးအိုကြီးအား မြင်လိုက်ရတော့သည်။