သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် ဆန္ဒ
Vol. 40 Ch. 544
ခရမ်းရောင် မြူနှင်းတောင်ရဲ့ သိုင်းစင်မြင့် ကွင်းပြင်……
ဟိုင်းယား……
ဟိတ်……
ရွှမ်း……ရွှမ်း……ရွှမ်း……
သိုင်းစင်မြင့် ပေါ်မှာတော့ လူငယ် နှစ်ယောက်ဟာ အပြန်အလှန် တိုက်ခိုက်နေကြပါတယ် ။ သူတို့ရဲ့ တိုက်ခိုက်မှုတွေကနေ ဖြစ်တည်လာတဲ့ ချီအတွင်းအားတွေကတော့ ဓားသွားတွေလိုပါပဲ။
ရွှီး……
ဖန်း……
လီဖူချန်းရဲ့ အရှေ့မှာ ရှိနေတဲ့ မြေပြင်ဟာ သိုင်းစင်မြင့်ပေါ်ကနေ လွင့်စဉ်လာတဲ့ ချီအတွင်းအား တစ်စကြောင့် ဟက်တက် ကွဲထွက်သွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ တုတ်တုတ်ကို မလှုပ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အတွေးယဉ်ကြောထဲမှာ နစ်မျောနေလို့ပါပဲ ။
' ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ ဖိနှိပ်မှုက တကယ် မြင့်တာပဲ ။ ချီအတွင်းအားတွေတောင်မှ ပစ်လွှတ်ပြီး တစ်မိုင်လောက် ရောက်ရင် အလိုလို ပျက်ပြယ်ကုန်တယ် '
"ဟူး "
လီဖူချန်းက သက်ပြင်းတစ်ချက်ကို ကျိတ်ပြီး ချလိုက်မိပါတယ် ။
ရောင်စဉ်ခုနစ်ဖြာ ကုန်းမြေတိုက်ကြီး နဲ့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးတို့ နှစ်ခုစလုံးဟာ အလယ်အလတ်အဆင့် ကုန်းမြေတိုက်ကြီးတွေ ဆိုပေမယ့် တူညီမှုက လားလားမှ မရှိပါဘူး။ သည်ကုန်းမြေတိုက် နှစ်ခုက လုံးလုံးလျားလျားကို ကွဲပြား ခြားနား နေတာပါ ။
ဒါပေမဲ့လည်း သေသေချာချာ တွေးလိုက်မယ် ဆိုရင်တော့ ဒါက လက်သင့်ခံစရာပါပဲ ။ တကယ်လို့သာ သည်ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖိနှိပ်မှုက လုံလောက်တဲ့ အဆင့်တစ်ခုအထိ အစွမ်း ထက်မနေဘူးဆိုရင် ကုန်းမြေ စိတ်တန်ခိုး ဝိညာဉ်ဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေကို သည်တိုက်ထဲမှာ စိတ်တိုင်းကျ သွားလာခွင့် ပြုထားမှာ မဟုတ်ပါဘူူး ။
ဘန်း……ဘန်း……ဘန်း……
ဝုန်း……ဝုန်း……
သိုင်းစင်မြင့် ထက်မှာတော့ လူငယ် နှစ်ယောက်ဟာ ဆက်လက်ပြီး တိုက်ခိုက်နေကြတုန်းပါပဲ။ သည်လူငယ် နှစ်ယောက်စလုံးကတော့ ထွတ်ခေါင် ဆရာသခင်တွေ ဖြစ်ကြပါတယ် ။
အခုလက်ရှိ ခရမ်းရောင် မြူနှင်းတောင်ပေါ်မှာတော့ ထွတ်ခေါင် ဆရာသခင် ခြောက်ယောက် ဒါမှမဟုတ် ခုနစ်ယောက်လောက်သာ ကျန်ရှိနေတော့တာပါ ။ ကျန်တဲ့ သူတွေကတော့ စွန့်စားခန်း ခရီးတွေ ထွက်တဲ့သူကထွက် ဒါမှမဟုတ် ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ပြန်ပြီး တာဝန်တွေ ထမ်းဆောင်တဲ့သူက ထမ်းဆောင် နဲ့ အလုပ်များနေကြပါတယ် ။
သိပ်မကြာခင်မှာတော့ တိုက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ ။ သည်ပွဲမှာ အနိုင် ရသွားသူကတော့ ရင်အုပ်ကားကား၊ ဗလတောင့်တောင်နဲ့ လူငယ်ပါပဲ ။
" ညီလေးဖူချန်း …… ညီလေးကော အစ်ကိုနဲ့ လက်ရည်စမ်းဖို့ စိတ်မဝင်စားဘူးလား "
ရင်အုပ်ကားကား ဗလတောင့်တောင့်နဲ လူငယ်ရဲ့ နာမည်ကိုတော့ စီးတုကျန်း လို့ ခေါ်ပါတယ် ။ ထွတ်ခေါင် ဆရာသခင်တွေထဲမှာဆိုရင် သူက ဝမ်ချောင်ကောင်း နဲ့ ဟိုတိုင်ချန်းတို့ထက်သာ အစွမ်း နိမ့်ကျတာပါ ။
ဒါပေမဲ့လည်း အဲသည် အဆင့်သတ်မှတ်ချက်က နှစ်အနည်းငယ် ကြာခဲ့ပါပြီ ။ အဲသည်အတွက် သူ့ရဲ့ လက်ရှိအဆင့်ဟာ ဘယ်မှာ ရောက်နေမလဲ ဆိုတာကို ဘယ်သူမှ မသိပါဘူး ။ ထွတ်ခေါင် ဆရာသခင်တွေဆိုတာက အချင်းချင်း လက်ရည်စမ်းဖို့ထက် သူတို့ရဲ့ အလုပ်တွေနဲ့သာ လုံးချာလိုက်ပြီး အလုပ်များနေကြတာ မဟုတ်ပါလား ။ အဲသည်အတွက် ထွတ်ခေါင်ဆရာသခင်တွေဟာ များသောအားဖြင့် လက်ရည်စမ်းကြလေ့ မရှိဘူးလို့ ဆိုနိုင်ပါတယ် ။
တကယ်လို့ သူတို့က လက်ရည်စမ်းဖို့ ထွက်လာပြီး ဆိုရင်တော့ သူတို့ဟာ သေချာပေါက် တိုးတက်မှု တစ်ခုခု ကြုံခဲ့လို့ပါပဲ ။
စီးတုကျန်းက လီဖူချန်းရဲ့ အကြောင်းကို ကောင်းကောင်းကြီး ကြားဖူးတဲ့အပြင် သူက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုကိုလည်း အသိအမှတ် ပြုပြီးသား ဖြစ်ပါတယ် ။ ဒါပေမဲ့ သူက လောလောလတ်လတ်ကမှ သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကို အဆင့်တက်ထားတာပါ ။ အဲဒါက သူ့ရဲ့ ပျမ်းမျှ စွမ်းရည်ကို တော်တော်လေး တိုးတက်သွားစေပါတယ် ။
ပြီးတော့ ချီအတွင်းအားကျင့်စဉ် အဆင့် တက်လေလေ ၊ အသစ်အမှန် စိတ်ဝိညာဉ်က ပိုအားကောင်းလေလေ မဟုတ်ပါလား ။
အစစ်အမှန် စိတ်ဝိညာဉ်ရဲ့ အားကောင်းမှုက ကျင့်ကြံခြင်း အဆင့် ၊ ချီအတွင်းအားကျင့်စဉ် အဆင့် နဲ့ သိုင်းပညာ အပေါ် နက်နဲစွာ နားလည် သိမြင်ခြင်းတို့ အပေါ်မှာ မူတည်ပါတယ် ။
စီးတုကျန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံက ဟိုတိုင်ချန်းထက် အများကြီး သာတယ်လို့ ဆိုရပါမယ် ။ စီးတုကျန်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ စိတ်ဝိညာဉ် အသိစိတ် အကာအကွယ်ကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ရာက်အောင် လေ့ကျင့်ခဲ့ပြီးပါပြီ ။ဒါကြောင့်လည်း သူက လီဖူချန်းနဲ့ လက်ရည် စမ်းချင်နေတာပါ ။
" သည်အတိုင်း တိုက်ခိုက်ကြမယ် ဆိုရင်တော့ ကျွန်တော်က အစ်ကို စီးတုကို ယှဉ်နိုင်ဖို့ ယုံကြည်ချက် မရှိဘူး ။ အဲသည်အတွက် ကျွန်တော်က လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို သုံးချင်တယ် ။ အဲသည်လို သုံးတာက အစ်ကို စီးတုအတွက် အဆင်ပြေပါ့မလား "
လီဖူချန်းက ပြန်မေးလိုက်ပါတယ် ။
" ဟာ…… ရတယ် ။ လုံးဝ ကိစ္စ မရှိဘူး ။ သုံးသာသုံး ညီလေး "
စီးတုကျန်းက လီဖူချန်းနဲ့ ဘယ်လောက်အထိ လက်ရည်စမ်းချင်နေတယ် မသိပါဘူး ။ သူက နှစ်ခါပြန်တောင် မစဉ်းစားဘဲ တန်းပြီး သဘောတူလိုက်ပါတယ် ။
အမှန်မှာတော့ စီးတုကျန်းအနေနဲ့ လီဖူချန်းကို လက်ရည်စမ်းဖို့ ခေါ်တယ်ဆိုတာက လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို မြည်းစမ်း ကြည့်ချင်လို့ပါပဲ ။ တကယ်လို့ လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုကို ထုတ်မသုံးဘူး ဆိုရင် သူ့အနေနဲ့ ဘယ်လိုမှ ရင်ခုန်မှာ မဟုတ်ပါဘူး ။ သည်အတိုင်း တိုက်ကြမယ် ဆိုရင် လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သာမန် ထွတ်ခေါင်ဆရာသခင် အဆင့်မှာသာ ရှိတာ မဟုတ်ပါလား ။
" ဟုတ်ပြီလေ "
စီးတုကျန်းရဲ့ သဘောတူညီမှုကို ရပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သိုင်းစင်မြင့်ပေါ်ကို ခုန်တက်လာခဲ့ပါပြီ ။
" ကဲ……ညီလေး သတိထားပေတော့ "
" ဆီးနှင်းလဝန်း ဆေဘာ "
စီတုကျန်းက လီဖူချန်းကို လုံးဝ လျော့မတွက်ရဲပါဘူး ။ သူက လီဖူချန်း စင်ပေါ်ကို ခြေချမိတာနဲ့ တစ်ပြိုင်နက် တန်းပြီး ဆီးနှင်းလဝန်း ဆေဘာဓားသိုင်းနဲ့ တိုက်ခိုက်ပါတော့တယ် ။
ဟူး……ဟူး……ဟူး……
သိုင်းစင်မြင့်ပေါ်မှာတော့ ဆီးနှင်းထုကြီး ကျဆင်းလာခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ လွမ်းမောဖွယ်ရာ ငွေလရောင်က သိုင်းစင်မြင့်ပေါ်ကို ကျရောက်လာပါသေးတယ် ။
ကြည့်ရတာတော့ စီတုကျန်းက ဆီးနှင်းထုနဲ့ ငွေလရောင်ကို အကာအကွယ်ယူပြီး လီဖူချန်းကို တိုက်ဖို့ ကြံစည်နေပုံပါပဲ ။
" အဟမ့် ……ဉာဏ်တော့ တကယ်များတဲ့ကောင်ပဲ "
ရွှစ်……
လီဖူချန်း တစ်ချက် ပြုံးလိုက်ပြီး စိတ်ဝိညာဉ် အသိစိတ်ဆူးကို ပစ်ခတ်လိုက်ပါတယ် ။
စီးတုကျန်းရဲ့ မျက်နှာကတော့ ချက်ချင်းပဲ ဖြူလျော့သွားခဲ့ပါပြီ ။ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ စိတ်နယ်ပယ်ဟာ မိုးကြိုးတစ်စင်း ပစ်ခံလိုက်ရသလို တုန်ခါသွားလို့ပါပဲ ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဆီးနှင်းလဝန်း ဓားကွက်ကလည်း ပျက်ပြယ်သွားပါတော့တယ် ။သူက ဓားချက်ကို ဆက်ပြီး မထုတ်နိုင်တော့ပါဘူး ။
" နင့်မေကလွှား…… ကြောက်ဖို့ ကောင်းလှချည်လားဟ "
စီးတုကျန်းက စိတ်ထဲကနေ ယောင်ယမ်းပြီး ဆဲဆိုလိုက်မိပါတယ် ။
သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာတော့ အစစ်အမှန် စိတ်ဝိညာဉ်ကို ကာကွယ်ထားတဲ့ အကာအကွယ်ဟာ အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ ။ လီဖူချန်းရဲ့ စိတ်ဝိညာဉ် အသိစိတ်ဆူးက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို မထိခိုက်ခဲ့ဘူး ဆိုပေမယ့်လည်း ဒါက အတော် ကြောက်စရာကောင်းတဲ့ အခြေအနေ တစ်ခုပါပဲ ။
" ဒါကြောင့်လည်း သူက ငါ့ကို လက်ရည်စမ်းဖို့ စိမ်ခေါ်ရဲတာကိုး "
လီဖူချန်းကတော့ မျက်ခုံးပင့်လိုက် မိပါတယ် ။ စီးတုကျန်းက သူ့ကို လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှု အသုံးပြုခွင့် ပေးခဲ့တာက ဘာမှ အံ့သြစရာ မရှိပါဘူး ။ စီးတုကျန်းကလည်း သူ့ဝှက်ဖဲ သူပါပဲ ။
" ကိန္နရီဆူး "
လီဖူချန်းက ဘာဆက်လုပ်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ ။
စီးတုကျန်း တစ်ယောက် ဘာမှ မလုပ်နိုင်သေးခင်မှာပဲ သူက ကိန္နရီဆူးတစ်ချောင်း ပစ်လွှတ် တိုက်ခိုက်လိုက်ပါတယ် ။
ရွှစ်……
စီးတုကျန်း နောက်ဆုံး ကြားလိုက်ရတဲ့ အသံကတော့ ရွှစ်ဆိုတဲ့ အသံပါပဲ ။ အဲသည်နောက်မှာတော့ သူ့စိတ်ဟာ ဗလာ ဖြစ်သွားပါတော့တယ် ။
" အစ်ကိုစီးတု …… အစ်ကို ရှုံးပြီ "
စီးတုကျန်း သတိပြန်ဝင်လာတဲ့ အခါမှာတော့ လီဖူချန်းရဲ့ မီးလျှံမြွေဓားက သူ့ရဲ့ လည်မျိုပေါ်မှာ ရောက်နေခဲ့ပါပြီ ။
" ကျေးဇူးပါ ညီလေး ။ ညီလေးရဲ့ အကွက်ဆန်းတွေက အစ်ကို့ကို ကောင်းကောင်းကြီး ပညာရစေပါတယ် "
စကားဆုံးတဲ့နောက်မှာတော့ စီးတုကျန်းဟာ သိုင်းစင်မြင့်ပေါ်ကနေ ခုန်ဆင်းပြီး အဝေးကို ပြေးထွက်သွားပါတော့တယ် ။ သူက သိုင်းစင်မြင့်ပေါ်မှာ ဆက်နေပြီး မျက်နှာ မပြဝံ့တော့ပါဘူး ။
" ဂိုဏ်းတူအစ်ကိုဖူချန်း ။ အစ်ကို့ရဲ့ နာမည်ကျော်ကြားမှုက အစ်ကိုနဲ့ ထိုက်တန်လွန်းပါတယ် ။ အစ်ကို့ကြောင့် သည်ညီလေးက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုဆိုတာ ဘာကို ခေါ်သလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ "
သိုင်းစင်မြင့် နံဘေးမှာတော့ လီဖူချန်း နဲ့ စီးတုကျန်းတို့ရဲ့ လက်ရည်စမ်းပွဲကို အကဲခတ် နေတဲ့ လူငယ် နှစ်ယောက် ရှိနေခဲ့ပါတယ် ။ သူတို့နှစ်ယောက်ကလည်း လီဖူချန်းကို ယဉ်ကျေးစွာနဲ့ အရိုအသေပေးပြီး ထွက်သွားခဲ့ပါပြီ ။
သူတို့အနေနဲ့ လီဖူချန်းကို ယဉ်ယဉ်ကျေးကျေး မဆက်ဆံလို့လည်း မရပါဘူး ။ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက သာမန် ထွတ်ခေါင် ဆရာသခင် အဆင့်မှာသာ ရှိတယ် ဆိုပေမယ့် အစွမ်းတွေ အကုန်လုံးကို ခြုံငုံလိုက်မယ် ဆိုရင်တော့ မဟာဆရာသခင် အဆင့်မှာ ရှိနေတာ မဟုတ်ပါလား ။
ထွတ်ခေါင် ဆရာသခင် တစ်ပါး နဲ့ မဟာ ဆရာသခင် တစ်ပါး ကြားက ခြားနားမှုဟာ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ သူတို့အားလုံး သိပြီးသားပါပဲ ။ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် အများစုဟာ အလွန်ဆုံးရောက်မှ ထွတ်ခေါင် ဆရာသခင် အဆင့်ကိုသာ ရောက်နိုင်တာပါ ။ သူတို့အတွက် မဟာ ဆရာသခင် အဆင့်ကို ရောက်ဖို့ ဆိုတာက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ခက်ပါသေးတယ် ။ သူတို့ဟာ မူလပင်လယ်နယ်ပယ်ကိုသာ ချိုးဖောက်ဝင်ရောက်နိုင်ရင် ဝင်ရောက်သွားနိုင်ပါမယ် ။ ဒါပေမဲ့ မဟာ ဆရာသခင် အဆင့်ကို ရောက်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ ။
စီးတုကျန်း နဲ့ လက်ရည်စမ်း အပြီးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခြံဝင်းကို ပြန်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်ကျင့်ကြံပါတယ် ။
လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ သာမန် ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ ထက်မြက်နေခဲ့ပါပြီ ။ ဧကရာဇ် အဆင့် တပည့်တွေတောင်မှ ထိုးထွင်းသိမြင်မှုချင်း ယှဉ်မယ် ဆိုရင် လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။
သည်လိုနဲ့ပဲ နောက်ထပ် အချိန်တစ်လ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ ။
ရွှီး……
ခရမ်းရောင် မြူနှင်းတောင်တန်းရဲ့ ကောင်းကင်ယံထက်မှာတော့ မီးတောက်တစ်ခုဟာ မယုံနိုင်စရာ ကောင်းတဲ့ အမြန်နှုန်းနဲ့ သွားလာနေပါတယ် ။
" ဟား……ဟား…… နောက်ဆုံးတော့ ငါ့ရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က အမြင့်ဆုံး အဆင့်ကို ရောက်သွားပြီပဲ "
စကားသံ အဆုံးမှာတော့ မီးတောက်ဟာ လူတစ်ယောက် အသွင်ကို ပြောင်းသွားပါတော့တယ် ။ အဲသည်လူကတော့ လီဖူချန်းပါပဲ ။
ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးကို ရောက်လာတဲ့ အချိန်နှစ်လ ပတ်ချာလည်မှာပဲ လီဖူချန်းရဲ့ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ဟာ အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် ၃၃ကို ရောက်ရှိသွားခဲ့ပါပြီ ။ပြီးတော့ သူဟာ သက်တံနီ နတ်ဘုရားမီးတောက် ဆန္ဒကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ပါတယ် ။
သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် အဆင့် ၃၃ ရောက်သွားတဲ့အတွက် လီဖူချန်းရဲ့ အစွမ်းတွေဟာ နေရာ သုံးနေရာမှာ တိုးတက်လာခဲ့ပါတယ် ။
ပထမဆုံး တစ်ခုကတော့ ချီအတွင်းအား အရည်အသွေးပါပဲ ။
ဒုတိယကတော့ ချီအတွင်းအားတွေ ထုတ်လွှတ်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ချီအတွင်းအား သိပ်သည်းမှု ဖြစ်ပြီး တတိယကတော့ အမြန်နှုန်း ဖြစ်ပါတယ် ။ သူ့ရဲ့ တိုက်ခိုက်မှုနှုန်း နဲ့ ရွေ့လျားသွားလာမှုနှုန်းဟာ အရင်ကထက် ပိုပြီး မြန်လာခဲ့ပါပြီ ။
လီဖူချန်းရဲ့ လက်ရှိ သာမန် တိုက်ခိုက်နိုင်စွမ်းဟာ ဟိုတိုင်ချန်း နဲ့ စီးတုကျန်းထက်တောင်မှ အနည်းငယ်သာ နိမ့်ကျတယ်လို့ ဆိုရပါတော့မယ် ။
လီဖူချန်း သိထားသလောက် ဆိုရင်တော့ ဟိုတိုင်ချန်း နဲ့ စီးတုကျန်းတို့ဟာ သူတို့လေ့ကျင့်နေတဲ့ ချီအတွင်းအား ကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်အောင် မလေ့ကျင့်နိုင်သေးပါဘူး ။ သူတို့နှစ်ယောက်ရဲ့ ချီအတွင်းအား ကျင့်စဉ်က အခုမှ အဆင့် ၃၂ မှာသာ ရှိနေသေးတာပါ ။
ချီအတွင်းအား ကျင့်စဉ် အဆင့် ၃၂ နဲ့ ၃၃ ဆိုတာက အဆင့် တစ်ဆင့်သာ ကွာခြားတယ် ဆိုပေမယ့် တကယ် တိုက်ခိုက်တဲ့ နေရာမှာ စကားပြောပါတယ် ။
ဒါပေမဲ့လည်း ဒါက သာမန် အစွမ်းတွေအတွက်သာ ဖြစ်ပါတယ် ။
သာမန် အစွမ်းချင်း ကြည့်မယ် ဆိုရင်တော့ ဟိုတိုင်ချန်း နဲ့ စီးတုကျန်းတို့ဟာလည်း သာမန် ထွတ်ခေါင် ဆရာသခင်တွေပါပဲ ။ သူတို့က သူတို့ရဲ့ နတ်ဘုရားစွမ်းရည်တွေကို ထုတ်သုံးမှသာ အစွမ်းထက် ထွတ်ခေါင်ဆရာသခင်တွေ ဖြစ်လာတာပါ ။
ကောင်းကင်အဆင့် ပညာရပ်တွေကို လေ့ကျင့်ရခြင်း မရှိသေးသရွေ့ကတော့ လူတိုင်းရဲ့ အစွမ်းဟာ သူတို့ရဲ့ နတ်ဘုရားစွမ်းရည်အပေါ် မှီခိုနေရမှာ ဖြစ်ပါတယ် ။ သည်နေရာမှာတော့ လီဖူချန်းအတွက်လည်း ခြွင်းချက် မရှိပါဘူး ။
အဲသည်အတွက် ဟိုတိုင်ချန်း နဲ့ စီးတုကျန်းတို့လို ထွတ်ခေါင် ဆရာသခင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခါမှာဆိုရင် လီဖူချန်းက နတ်ဘုရားစွမ်းရည် ထုတ်သုံးလည်း တစ်ပန်း ရှုံးနေမှာပါ ။သူ့အနေနဲ့ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို မသုံးဘဲနဲ့တော့ သူတို့ကို ဘယ်လိုမှ ဖိနှိပ်နိုင်စရာ အကြောင်း မရှိပါဘူး ။
" ဟူး…… ငါ့ရဲ့ မီးလျှံအရိုးတည်ဆောက်ပုံ အင်းကွက်အပေါ် နားလည်မှုကလည်း အဆစ် ၅.၈ ဆစ်ကို ရောက်လာခဲ့ပြီ ။ ငါ့အနေနဲ့ ရှေ့ဆက်ပြီး ဘာလုပ်ရပါ့ "
အရိုးတည်ဆောက်ပုံ အင်းကွက်အကြောင်းကို စဉ်းစားမိတဲ့ အခါမှာတော့ လီဖူချန်းဟာ အတော်လေး စိတ်ဓာတ်ကျသွားခဲ့ပါတယ် ။
သူက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကိုသာ ပိုင်ဆိုင်ထားတဲ့အတွက် သူ့ရဲ့ အရိုးတည်ဆောက်ပုံပေါ်မှာ ရှိတဲ့ အင်းကွက်ဟာ အဆစ် ၆ဆစ်သာ ရှိပါတယ် ။ အခုသူက အဆစ် ၅.၈ဆစ်အထိ နားလည် သဘောပေါက်ထား ခဲ့ပါပြီ ။ အဲဒါက သူ့ရဲ့ နတ်ဘုရား စွမ်းရည်ဟာ ကန့်သတ်ချက် ရောက်တော့မယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ ။
***