← Chapters

ဓားအင်းကွက်တွေရဲ့ အကျိုးသက်ရောက်မှု

Vol. 41 Ch. 546

ဓားအင်းကွက်တွေရဲ့ အကျိုးသက်ရောက်မှု

Vol. 41 Ch. 546

" ပျင်းစရာ ကောင်းလိုက်တာ ။ မင်းက ငါ့ရဲ့ သိုင်းကွက် တစ်ကွက်ကိုတောင် မခံနိုင်ဘဲနဲ့ "

ပိုင်ချူးမင်က ခေါင်းတသွင်သွင် ခါယမ်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ တည်ရှိမှု အရိပ်အယောင် တစ်ခုကိုတောင် ချန်မထားခဲ့ဘဲနဲ့ ထွက်ခွာသွားခဲ့ပါပြီ ။

ဝေါ့ ……

ယွန်လုံက အားတင်းပြီး ထရပ်လိုက်ပါတယ် ။ သူက ထရပ်ပြီးပြီးချင်းမှာပဲ သွေးတစ်လုတ် အန်လိုက်ရပါသေးတယ် ။ သူ့ရဲ့ မျက်နှာကတော့ လုံးဝ သွေးရောင် သန်းမနေတော့ပါဘူး ။

ပြီးတော့ သူ့ရဲ့ အစာအိမ် တစ်ဝိုက်မှာ ရှိနေတဲ့ နံရိုးတွေ အားလုံးနီးပါးဟာလည်း ကျိုးကြေနေခဲ့ပါပြီ  ။ အဲသည်လို ဖြစ်အောင်တော့  သူကိုယ်တိုင်ပဲ လုပ်လိုက်တယ်လို့ ဆိုရပါမယ် ။

" ငါက သူ့ရဲ့ သိုင်းကွက် တစ်ကွက်ကို ခံနိုင်ဖို့အတွက်တောင် အဆင့် မရှိဘူးလား "

ယွန်လုံက ကြေကွဲစွာနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။

သူ့အနေနဲ့ ပိုင်ချူးမင် ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာကို မသိစရာ အကြောင်း မရှိပါဘူး ။ဒါပေမဲ့လည်း သူက သည်တစ်ကြိမ်မှာတော့ ပိုင်ချူးမင်ရဲ့ ပုံရိပ်ယောင် ပညာရပ်ကို ကောင်းကောင်းကြီး တောင့်ခံနိုင်လိမ့်မယ်လို့ ယုံကြည်ထားခဲ့တာပါ ။ယွန်လုံက  သူ့အနေနဲ့ ပိုင်ချူးမင်ကို သည်လို ရုပ်ပျက်ဆင်းပျက်ကြီး ရှုံးနိမ့်သွားလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့မိတာ အမှန်ပါပဲ ။

" လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုနဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု ပညာရပ်တွေက ခြားနားနေတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို လျစ်လျူရှုသွား စေတာပဲ "

လီဖူချန်းက စိတ်ထဲကနေ မှတ်ချက် ချလိုက်မိပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ တကယ်လို့သာ ပိုင်ချူးမင်းအနေနဲ့ ပုံရိပ်ယောင် ပညာရပ်ကို ထုတ်မသုံးခဲ့ဘူးဆိုရင် သူ့ရဲ့ ပျမ်းမျှတိုက်ခိုက်နိုင်စွမ်းရည်ဟာ  မဟာ ဆရာသခင်အဆင့်မှာ ရှိနေမလားဆိုတာ သံသယ ဖြစ်ချင်စရာပါပဲ ။ ဒါပေမဲ့လည်း သူ့အနေနဲ့  ပုံရိပ်ယောင် ပညာရပ်ကို ထုတ်သုံးလိုက်ပြီ ဆိုရင်တော့ သူ့ရဲ့ တန်ခိုးစွမ်းရည်ဟာ အုပ်စိုးသူ ဆရာသခင် အဆင့်ကို သေချာပေါက် ရောက်သွားလောက်ပါတယ် ။

ပိုင်ချူးမင် နဲ့ လီဖူချန်းတို့ဟာ သိပ်ပြီး မကွာခြားလှပါဘူး ။ လီဖူချန်း ဆိုရင်လည်း လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်မသုံးဘူးဆိုရင် သူ့ရဲ့ တန်ခိုးစွမ်းရည်ဟာ ထွတ်ခေါင် ဆရာသခင် အဆင့်မှာသာ ရှိတာပါ ။ ဒါပေမဲ့လည်း သူက လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်သုံးလိုက်ရင်တော့ သူ့ရဲ့ တန်ခိုးစွမ်းရည်ဟာ မဟာဆရာသခင် အဆင့်နီးပါး ရောက်သွားပါပြီ ။

"ဂိုဏ်းတူအစ်ကို ပိုင်ချူးမင်တောင်မှ သည်လောက် အစွမ်း ထက်နေမှတော့ လဝန်းနီ အင်ပိုင်ယာက ကြယ်၂ပွင့် ဗိုလ်ချုပ်တွေ နဲ့ ကြယ်၃ပွင့် ဗိုလ်ချုပ်တွေဆိုရင် ဘယ်လောက်တောင် အစွမ်း ထက်လိုက်မလဲ မသိဘူး "

လီဖူချန်းက စိတ်ထဲကနေ ဆက်ပြီး တွေးလိုက်မိပါသေးတယ် ။

ပိုင်ချူးမင် တန်ခိုးအစွမ်း ထက်တာကိုတော့ လီဖူချန်း အနေနဲ့ မငြင်းလိုပါဘူး ။ ဒါပေမဲ့လည်း ပိုင်ချူးမင်က လဝန်းနီ အင်ပိုင်ယာရဲ့ ကြယ်၁ပွင့် ဗိုလ်ချုပ် အဆင့်မှာသာ ရှိသေးတာပါ ။သူ့အနေနဲ့ အနာဂတ်မှာ ကြယ်၂ပွင့် ဗိုလ်ချုပ် ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် အနာဂတ် ဆိုတာက အနာဂတ်ပါပဲ ။ အနာဂတ်မှာက အကြွင်းမဲ့ဆိုတဲ့ သေချာပေါက်  ဖြစ်တည်မှုမျိုး မရှိပါဘူး ။

သက်တံနီဂိုဏ်းမှာက လက်ရှိအနေနဲ့ ဗိုလ်ချုပ်နှစ်ပါး ရှိတယ်လို့ ဆိုရပါမယ် ။ အဲသည် ဗိုလ်ချုပ် နှစ်ပါးထဲက တစ်ပါးကတော့ ပိုင်ချူးမင်ဖြစ်ပြီး သူက တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇ကို ရောက်နေပါပြီ ။  ကျန်တဲ့ ဗိုလ်ချုပ်တစ်ပါးကတော့ ဧကရာဇ်အဆင့် တပည့် ချူးဝူ ဖြစ်ပါတယ် ။ ချုးဝူကတော့ ကြယ်၂ပွင့် ဗိုလ်ချုပ်ဖြစ်ပြီး တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉က ဆရာသခင် ဆိုရင်လည်း မမှားပါဘူး ။

အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ ဘုရင်အဆင့် ဂိုဏ်းတွေက ဧကရာဇ် အဆင့်အတန်း တပည့်တွေ အကုန်လုံးဟာ ဗိုလ်ချုပ်တွေ ဖြစ်လာကြတာချည်းပါပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ရှိတဲ့ ဧကရာဇ် အဆင့်အတန်း တပည့်တွေ ဆိုတာက အကြမ်းဖျင်းအားဖြင့်  ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ အဆင့်အမြင့်ဆုံး အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပင် မဟုတ်ပါလား ။

အဆင့်၉ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတော့ ဧကရာဇ်အဆင့် ဂိုဏ်းအများစုထဲမှာတောင်မှ တွေ့ရလေ့ မရှိပါဘူး ။ သူတို့ရဲ့ တည်ရှိမှုက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် ပိုပြီး လျှို့ဝှက်လွန်းလှပါတယ် ။

အဲသည်အတွက်  ယေဘုယျအားဖြင့် ဆိုရင်တော့ ဧကရာဇ်အဆင့် ဂိုဏ်းတွေဟာ  ကြယ်၈ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ဘုရင်အဆင့် ဂိုဏ်းတွေထက် ပိုများများ ပိုင်ဆိုင်ထားတာပဲ ရှိတယ်လို့ ဆိုရပါမယ် ။

သည်နေရာမှာ တစ်ချက် သိထားရမှာကတော့ ဘုရင်အဆင့် ဂိုဏ်းတိုင်းဟာ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေကို မပိုင်ဆိုင်ထားဘူး ဆိုတာပါပဲ ။ ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဘုရင်အဆင့် ဂိုဏ်းအများစုဟာ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ပိုင်ဆိုင်ထားခြင်း မရှိပါဘူး ။

အဲသည်အတွက် ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းတွေဟာ အတော်လေး ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ် ။

သက်တံနီဂိုဏ်းရဲ့ မရေမတွက်နိုင်တဲ့ ဂိုဏ်းသမိုင်း တစ်လျှောက်မှာဆိုရင် ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဂိုဏ်းတပည့် အရေအတွက်ဟာ လက်ငါးချောင်း မပြည့်ပါဘူး ။ အဲသည်ထဲကမှ နှစ်ကေ်ဟာ ချူးဝူ နဲ့ ပိုင်ချူးမင် ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ကတော့ ကုန်ဆုံးသွားခဲ့တဲ့ ရာစုနှစ် အနည်းငယ် အပြီးမှာ ပြန်လည် ပေါ်ပေါက်လာခဲ့တာပါ ။ အဲသည် အချက်နဲ့တင် ဘုရင်အဆင့် ဂိုဏ်းတွေဟာ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ပိုင်ဆိုင်ခွင့်ရဖို့  ဘယ်လောက် ခဲယဉ်းသလဲ ဆိုတာကို သိနေနိုင်ပါပြီ ။

*****-----*****-------******---------*****--------*****------

နောက်ထပ် လဝက်အကြာမှာတော့ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံ  မီးလျှံအင်းကွက်အပေါ်မှာ နားလည်သဘောပေါက်မှုဟာ အဆစ်၆ဆစ် ပြည့်သွားခဲ့ပါပြီ ။

အဲသည်အတွက် အခုချိန်ကစပြီး သူ့အနေနဲ့ မီးလျှံအင်းကွက် အပေါ် နားလည်မှု ဆက်ပြီး တိုးစရာ အကြောင်း မရှိပါဘူး ။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ မဖြစ်မချင်းပေါ့ ။

သူ့ရဲ့ အရိုးတည်ဆောက်ပုံကို ကြယ်၆ပွင့်ကနေ ကြယ်၇ပွင့်အထိ အဆင့်မြှင့်ဖို့ ဆိုတာကလည်း သိပ်ပြီး လွယ်လှမှာတော့ မဟုတ်ပါဘူး ။ သူက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကနေ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကို ရောက်ဖို့အတွက်တောင်မှ ကောင်းကင် အဆင့်နိမ့်   ဆေးပင်ကို သုံးခဲ့ရတာပါ ။အဲသည်အတွက် ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံကို ရောက်ဖို့အတွက် ဆိုရင်တော့ အနည်းဆုံး ကောင်းကင် အလယ်အလတ်အဆင့် ဆေးပင်ကို လိုအပ်ပါလိမ့်မယ် ။

အမှန်အတိုင်း  ပြောရမယ် ဆိုရင်တော့ ကောင်းကင် အလယ်အလတ်အဆင့် ဆေးပင်တွေဟာ အတော်လေး ရှားပါးတဲ့ ဆေးပင်တွေပါပဲ ။ အရိုးတည်ဆောက်ပုံကို အဆင့်မြှင့်တင် ပေးနိုင်တဲ့ ဆေးပင်တွေ ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။ အဲဒါတွေက သာမန် ကောင်းကင်အလယ်အလတ်အဆင့် ဆေးပင်တွေထက်ကို ဆယ်ဆ ပိုရှားပါးပါတယ် ။

ကံအကြောင်း တစ်စုံတစ်ရာ တိုက်ဆိုင်ခြင်း မရှိဘဲနဲ့တော့ အဲသည်ဆေးပင်တွေကို ပိုင်ဆိုင်ဖို့စရာ အကြောင်း မရှိပါဘူး ။

အခုဆိုရင် လီဖူချန်းဟာ မီးလျှံအရိုးတည်ဆောက်ပုံ အင်းကွက်ကို အဆစ်၆ဆစ် ပြည့်အောင် နားလည်သဘောပေါက်သွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ မီးလျှံနှလုံးသားဟာ  တန်ခိုးစွမ်းအားအရာမှာ နဂိုကထက် ပိုပြီး တိုးပွားလာခဲ့ပါပြီ ။လီဖူချန်းက သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကို အသက်သွင်းလိုက်ပြီဆိုရင် သူ့ရဲ့ ရင်ဘတ်ပေါ်မှာ အနီရင့်ရောင် မီးလျှံအင်းကွက်တစ်ခု ပေါ်လာပါသေးတယ် ။ အဲဒါက ဆေးမင်ကြောင် တစ်ခုလိုပါပဲ ။ လီဖူချန်းက သူ့အနေနဲ့သာ မီးလျှံနှလုံးသား နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ အသုံးပြုနိုင်မယ် ဆိုရင် သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အင်းကွက်တွေအပြည့် ပေါ်လာမယ်လို့လည်း ခံစားနေမိပါတယ် ။

ဒါပေမဲ့ မီးလျှံနှလုံးသားက အဲသည်အဆင့်ကို ရောက်ဖို့အတွက် ဆိုရင်တော့ လီဖူချန်းအနေနဲ့ အနည်းဆုံး ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားရပါမယ် ။

" အင်း…… အခု ငါ့ရဲ့ မီးလျှံနတ်ဘုရားစွမ်းက ကန့်သတ်ချက်ကို ရောက်သွားပြီဆိုတော့ ငါ့အနေနဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးကို ဓားတာအိုအပေါ်မှာ ပုံချထားလို့ ရပြီပေါ့ "

လီဖူချန်းက ခပ်တိုးတိုး ရွေတ်လိုက်ပါတယ် ။

အစွမ်းတွေအားလုံးကို အပြည့်အဝ စိတ်အာရုံနစ်ပြီး လေ့ကျင့်ဖို့ဆိုတာက လီဖူချန်းလို လူအတွက်တောင်မှ မလွယ်ကူတဲ့ အရာပါပဲ ။

သူ့ရဲ့ ထိုးထွင်းသိမြင်မှုက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ။ အစွမ်းအားလုံးကို တစ်ပြိုင်နက်တည်း ပြီးပြည့်စုံအောင် လုပ်ဖို့ဆိုတာက မလွယ်ကူပါဘူး။သူ့အနေနဲ့ တစ်ခုပြီးမှ တစ်ခု အာရုံ စိုက်တာကသာ အကောင်းဆုံး လုပ်ရပ်လို့ ဆိုရပါမယ် ။

ဓားတာအိုနဲ့ ပက်သက်ပြီး အခုလောလောဆယ် လီဖူချန်း တွေးထားတာကတော့ သူ့ရဲ့ ဓားသိုင်းတွေထဲက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားဆန္ဒ တစ်ခုကို ရွေးပြီး ကောင်းကင် အဆင့်နိမ့် ဓားဆန္ဒဖြစ်အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ် ။

အခုလက်ရှိမှာတော့ လီဖူချန်းဆီမှာက စုစုပေါင်း မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်း ၆ခု ရှိနေတာပါ ။ အဲဒါတွေကတော့ မျောလွင့်မီးလျှံဓားသိုင်း ၊ ကောင်းကင်စက်ကွင်း ဓားသိုင်း ၊ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်း ၊ မဟာဝါယော ဓားသိုင်း  ၊ မမြဲခြင်းတရား ဓားသိုင်း နဲ့ ကြယ်ပျံဓားသိုင်းတို့ပါပဲ ။

အဲသည်ထဲမှာမှ မျောလွင့်မီးလျှံ ဓားသိုင်း ၊ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းနဲ့ ကြယ်ပျံဓားသိုင်းတို့က မီးတာအို ဓားသိုင်းတွေဖြစ်ပြီး မဟာဝါယော ဓားသိုင်းကတော့ လေတာအို ဓားသိုင်း ဖြစ်ပါတယ် ။

ကောင်းကင်စက်ကွင်း ဓားသိုင်း နဲ့ မမြဲခြင်းတရား ဓားသိုင်းတို့ကတော့ ဘယ်ဓာတ် ၊ သဘောသဘာဝကိုမှ အခြေခံ မထားပါဘူး ။ အဲသည်အတွက် သည်ဓားသိုင်းနှစ်ခုကိုတော့ ကြားနေ တာအို ဓားသိုင်းလို့ ဆိုရပါမယ် ။

လီဖူချန်းအတွက်ကတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုပါဘူး ။ သူက မီးဓာတ်ကို အခြေခံထားတဲ့ ပညာရပ်တွေကို လေ့ကျင့်သူပါ ။အဲသည်အတွက် သူ့အနေနဲ့   ကြားနေတာအို ဓားသိုင်းနဲ့ လေတာအို ဓားသိုင်းတွေကို သေချာပေါက် ပယ်ရပါလိမ့်မယ် ။သူက ကျန်တဲ့ မီးတာအို ဓားသိုင်းသုံးခုထဲက တစ်ခုကို ရွေးဖို့ပဲ လိုပါတယ် ။

ပြီးတော့ သူက မီးလျှံအရိုးတည်ဆောင်ပုံအင်းကွက် အဆစ်၆ဆစ်ကို နားလည်သဘောပေါက်ပြီး ခဲ့ပါပြီ ။ အဲသည်အတွက် သူက မီးတာအိုအပိုင်းမှာ အတော်လေး ကျွမ်းဝင်နေပြီလို့ ဆိုနိုင်ပါတယ် ။အဲဒါက  လီဖူချန်းအတွက် မီးတာအို ဓားသိုင်းတစ်ခုကို အဆင့်မြင့်တင်ရာမှာ ပိုပြီး လွယ်ကူသွားစေ နိုင်ပါတယ် ။

သေသေချာချာ စဉ်းစားသုံးသပ်အပြီးမှာ နောက်ဆုံး လီဖူချန်း ရွေးလိုက်တာကတော့ မျောလွင့်မီးလျှံ ဓားသိုင်းပါပဲ ။

မီးတိမ်တိုက် တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းက အင်မတန် ပြင်းထန်လွန်းလှတဲ့အတွက် ဓားဆန္ဒကို အဆင့်မြှင့်တင်ဖို့ရာ မလွယ်ကူလှပါဘူး ။

ကြယ်ပျံဓားသိုင်း……

သည်ဓားသိုင်းကိုတော့ ထည့်ပြီးတောင် စဉ်းစား မနေပါနဲ့တော့ ။ ကြယ်ပျံဓားသိုင်းက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းထက်တောင်မှ ပိုပြီး ပြင်းထန်ပါသေးတယ် ။

မျောလွင့်မီးလျှံ ဓားသိုင်းကသာ အနည်းငယ် လိုက်လျောညီထွေမှု ရှိတာပါ ။

ဒါပေမဲ့လည်း လီဖူချန်း အနေနဲ့ မျောလွင့်မီးလျှံ ဓားသိုင်းကို အဆင့် မမြှင့်တင်ခင်မှာ ဘုံခုနစ်ဆင့် ကောင်းကင်ဓား အင်းကွက်တွေကို နားလည်ကျွမ်းဝင် သဘောပေါက်အောင် အရင် လုပ်ရပါဦးမယ် ။

လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ပထမအလွှာမှာရှိတဲ့  ဓားအင်းကွက်တွေကိုတော့ အပြည့်အဝ နားလည်သဘောပေါက်ခဲ့ ပြီးပါပြီ ။ ဒါပေမဲ့ သူက ဒုတိယ အလွှာက ဓားအင်းကွက်တွေကိုတော့ ၉၀ရာခိုင်နှုန်း ကျော်ကျော်သာ နားလည် သဘောပေါက်နိုင်ပါသေးတယ် ။ တိတိကျကျ ဆိုရင်တော့ ၉၃ ရာခိုင်နှုန်းလို့ ဆိုရမှာပါ ။

အဲဒါက ပထမ ချိပ်ပိတ်စည်း အလွှာမှာ ရှိတဲ့ ဓားအင်းကွက်တွေလိုပါပဲ ။ နောက်ပိုင်း အဆင့်ကို ရောက်လာလေလေ ဓားအင်းကွက်တွေကို လေ့လာရတာက ပိုပြီး ခက်ခဲလာလေလေ ဖြစ်ပါတယ် ။ သည်ခက်ခဲမှုက အရိုးတည်ဆောက်ပုံ အင်းကွက်တွေကို လေ့လာရတာထက်ကို ပိုပြီး အဆပေါင်းများစွာ ခက်ခဲတယ်လို့ ဆိုရပါမယ် ။

လီဖူချန်းက သူ့အနေနဲ့ သည်ဒုတိယအလွှာမှာရှိတဲ့ ဓားအင်းကွက်တွေကို အပြည့်အဝ နားလည်သဘောပေါက်သွားမယ်ဆိုရင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိတ်ပိတ်စည်းအလွှာကို ဖွင့်နိုင်မယ့်အပြင် ဘုံခုနစ်ဆင့် ကောင်းကင်ဓားဟာလည်း ကောင်းကင်အဆင့်နိမ့် ရတနာ ဓားတစ်လက် ဖြစ်သွားမယ် ဆိုတာကို ကောင်းကောင်းကြီး သိထားပါတယ် ။

ဒါပေမဲ့လည်း အဲသည်အဆင့် ရောက်ဖို့က အဝေးကြီး ဝေးနေဆဲပါပဲ ။

နောက်ထပ်အချိန် နှစ်နှစ် ဒါမှမဟုတ် သုံးနှစ် မပေးဘဲနဲ့တော့ သူ့အနေနဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိပ်ပိတ်စည်းအလွှာကို ဖွင့်နိုင်ဖို့ ယံုံကြည်ချက် မရှိပါဘူး ။

သူ့ရဲ့ အချိန်တွေနဲ့ အာရုံစူးစိုက်မှုတွေ အကုန်လုံးကို ဘုံခုနစ်ဆင့် ကောင်းကင်ဓား အင်းကွက်အပေါ်မှာ ပုံချပြီးတဲ့နောက်မှာတော့ လီဖူချန်းက လွန်လေခဲ့ပြီးသော လတွေမှာ သူဟာ ဓားအင်းကွက်တွေအပေါ် လျစ်လျူရှုခဲ့မိတယ် ဆိုတာကို သဘောပါက်လာခဲ့ပါတယ် ။တကယ်လို့သာ သူ့အနေနဲ့ အရင်ကတည်းက သည်ဓားအင်းကွက်တွေအပေါ်မှာ တစ်စိုက်မတ်မတ် အာရုံစိုက်ခဲ့မယ် ဆိုရင် အခုအချိန်မှာ ဘုံခုနစ်ဆင့် ကောင်းကင်ဓားရဲ့ ဒုတိယ ချိပ်ပိတ်စည်းအလွှာကို ဖွင့်ပြီး လောက်ပါပြီ ။

ဒါပေမဲ့လည်း လူတစ်ယောက်အနေနဲ့  အရာရာမှာ အောင်မြင်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ ။ တကယ်လို့သာ သူက ဓားအင်းကွက်တွေ အပေါ်မှာပဲ အာရုံစိုက်ပြီး လေ့လာနေခဲ့မယ်ဆိုရင် လီဖူချန်းဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ပါး ဖြစ်လာစရာ အကြောင်း မရှိပါဘူး ။ အဲသည်အတွက် လီဖူချန်းက ဒါဟာ နောင်တရစရာ မဟုတ်ဘူးလို့ ခံယူထားပါတယ် ။

ဘုံခုနစ်ဆင့် ကောင်းကင်ဓားအင်းကွက်တွေဟာ ကောင်းကင်တာအိုလို အံ့မခန်း အဆင့်မှာ ရှိတယ်လို့ ဆိုရပါမယ် ။ လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဓားအင်းကွက်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာကို နားလည်လိုက်တိုင်းမှာ သူဟာ ဘယ်လောက် သေးငယ်သလဲဆိုတာကို သိမြင်လာပါတယ် ။

သူ့ရဲ့ အမြင်မှာတော့ သည်ဓားအင်းကွက်တွေဟာ ကောင်းကင်တာအိုရဲ့  အနားသတ်မျဉ်းကြောင်း တဖြစ်လဲ အသက်သွေးကြောတွေပါပဲ ။ သူက သည်ဓားတာအိုရဲ့ မူလဖြစ်တည်မှုကို ခံစားနိုင်ပေမယ့် အဲသည်မူလဖြစ်တည်မှု အကြောင်းကိုတော့ လုံးဝ နားမလည်နိုင်ပါဘူး ။

သည်လိုနဲ့ပဲ လီဖူချန်းရဲ့ ဓားအင်းကွက်တွေအပေါ် နားလည်မှုဟာ ၉၅ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့ပါတယ် ။

နောက်ထပ် နှစ်လ အကြာ……

အခုဆိုရင် လီဖူချန်းတစ်ယောက် ခရမ်းရောင် မြူနှင်းတောင်ကို ရောက်ရှိလာခဲ့တာ ခြောက်လတင်းတင်း ပြည့်သွားခဲ့ပါပြီ ။

တစ်နေ့မှာတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓား အင်းကွက်တွေကို ဆင်ခြင်သုံးသပ်နေတဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေပြီး အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိလှတဲ့ ဓားတာအို အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ် ။

ဘုံခုနစ်ဆင့် ကောင်းကင်ဓား အင်းကွက် ၉၅ ရာခိုင်နှုန်းကို နားလည်းသဘောပေါက် အပြီးမှာတော့ လီဖူချန်းက သူမြင်နေရတဲ့ ကောင်းကင်နဲ့ မြေကြီးဟာ ပြောင်းလဲလာတာကို စတင် ခံစားခဲ့ရပါတယ် ။

သူမြင်မိသမျှ အရာအားလုံးဟာလည်း  အနားသတ် မျဉ်းကြောင်းတွေချည်းပါပဲ ။

အဲသည်အရာတွေက ဓားသိုင်းတွေရဲ့ ဓားလမ်းကြောင်းတွေနဲ့ ဆင်တူပြီး အဲသည် အနားသတ် မျဉ်းကြောင်းတွေအတိုင်း ဓားချက်တွေ ထုတ်လိုက်မယ်ဆိုရင်  ပိုပြီး ကြောက်စရာကောင်းတဲ့ ဓားချက်တွေကို ထုတ်ဖော် အသုံးပြုလာနိုင်တာကိုလည်း လီဖူချန်းတစ်ယောက် သတိပြုမိလာခဲ့ပါတယ် ။

အဲဒါက ဓားတွေ ပိုပြီး အစွမ်းထက်လာအောင် လုပ်ပေးတဲ့ ဓားအင်းကွက်တွေလိုပါပဲ ။

" အင်း……ဓားအင်းကွက် ဆရာသခင်တွေက ငါထင်ထားသလောက် မရိုးရှင်းပါလား "

အရင်တုန်းကတော့ လီဖူချန်းဟာ ဓားအင်းကွက် ဆရာသခင်ဆိုတဲ့   အလုပ်က  သိပ်ပြီး အရေးမပါလှတဲ့ အရာပဲလို့ တွေးထင်ထားခဲ့တာပါ ။ ဒါပေမဲ့လည်း အခုတော့ သူဟာ အဲသည်လို မတွေးရဲတော့ပါဘူး ။

ဓားအင်းကွက်ကို လုံလောက်တဲ့ အဆင့်တစ်ခုအထိ နားလည်ကျွမ်းဝင်မှုက ဓားသမား တစ်ယောက်ရဲ့ ဓားစွမ်းကို ပိုပြီး တိုးမြှင့်သွားစေတာကို သူကောင်းကောင်းကြီး သဘောပေါက်သွား ခဲ့ပါပြီ ။

" ငါ့ရဲ့ ဓားအင်းကွက်နားလည်မှုကို စမ်းကြည့်ဦးမှ "

လီဖူချန်းက မြေပြင်ပေါ်မှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ချောင်းကို ကောက်ယူလိုက်ပြီး သူနားလည်ထားတဲ့ ဓားအင်းကွက် တစ်ခုကို ရေးဆွဲလိုက်ပါတယ် ။ တကယ့်ကို မယုံနိုင်စရာပါပဲ ။ အစောပိုင်းတုန်းက ဘာအရှိန်အဝါမှ မရှိတဲ့ သစ်ကိုင်းခြောက်ဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ကြောက်စရာ ကောင်းလောက်အောင် ထက်မြလွန်းတဲ့ ဓားတစ်လက်ရဲ့ အငွေ့အသက်တွေကို ပေးစွမ်းလာခဲ့ပါပြီ ။

" အင်း…… မျောလွင့်မီးလျှံ ဓားဆန္ဒကို အဆင့်မြှင့်တင်ဖို့ အချိန်ကျပြီ ထင်ပါရဲ့ "

အဲသည်နောက်မှာတော့ လီဖူချန်းက သစ်ကိုင်းခြောက်ကို ပျက်စီးစေလိုက်ပြီး သူ့ရဲ့ မျောလွင့်မီးလျှံ ဓားဆန္ဒကို အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

***

All Chapters