← Chapters

အညှာအတာမဲ့ မျောလွင့်မီးလျှံ

Vol. 41 Ch. 547

အညှာအတာမဲ့ မျောလွင့်မီးလျှံ

Vol. 41 Ch. 547

မျောလွင့်မီးလျှံ ဓားဆန္ဒကို အဆင့်မြှင့်တင်ရတာက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး ။အခုလောလောဆယ်မှာ  လီဖူချန်း လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ မျောလွင့်မီးလျှံ ဓားသိုင်းမှာ ရှိနေတဲ့ ဓားကွက်သုံးကွက်ကို ကိုးကားပြီး လေးကွက်မြောက်  ဓားကွက် တီထွင်တာပါပဲ ။

သည်လေးကွက်မြောက် မျောလွင့်မီးလျှံ ဓားကွက်မှာ ဆိုရင်တော့ မျောလွင့်မီးလျှံ ဓားဆန္ဒရဲ့ အဆီအနှစ်တွေ ခိုဝင်ကိန်းအောင်း နေရုံနဲ့တင် မလုံလောက်သေးပါဘူး ။ မီးတာအို ဥပဒေသ နဲ့ လေတာအို ဥပဒေသတွေ ရောယှက်နေဖို့လည်း လိုပါသေးတယ် ။အဲသည်လို လုပ်ဆောင်နိုင်မှသာ ဓားကွက်ဟာ ကောင်းကင်အဆင့်နိမ့် ဓားကွက် အဆင့်ကို တက်လှမ်းနိုင်မှာပါ ။

သူတီထွင်လိုက်တဲ့ ဓားကွက်က ဘယ်လိုအရည်အသွေး ဖြစ်နေပါစေ ။ အဲသည်ဓားကွက်က ကောင်းကင်အဆင့်နိမ့် ဓားကွက် ဖြစ်နေသရွေ့တော့ သူ့အတွက် အဆင်ပြေနေဦးမှာ ဖြစ်ပါတယ်  ။ဘာဖြစ်လို့လဲဆိုတော့ အားအနည်းဆုံးလို့ ဆိုရမယ့် ကောင်းကင်အဆင့်နိမ့် ဓားကွက်တစ်ကွက်ကတောင်မှ မြေကမ္ဘာ အထွတ်အထိပ်အဆင့်ဖြစ်တဲ့ ဓားကွက်တွေထက် အဆပေါင်းများစွာ သာလွန်နေလို့ပါပဲ ။

*****-----*****-------*****--------*****---------****-------

ခရမ်းရောင် မြူနှင်းတောင် အနီးအနားက တောင်ကတုံးတစ်ခု ………

ရွှီး……ရွှီး……ရွှီး……

သည်တောင်ကတုံးပေါ်မှာတော့ လူရိပ်တစ်ရိပ်ဟာ  မီးလျှံ ဓားအလင်းတန်း တစ်ခုကို အဆက်မပြတ် ဝှေ့ယမ်းနေလေရဲ့ ။ သည်လူရိပ်ရဲ့   လှုပ်ရှားမှုတွေကတော့ သေသပ်တိကျလှပြီး သူ့လက်ထဲက ဓားအလင်းတန်းဟာ စမ်းချောင်းတစ်ခု စီးဆင်းနေသလို ချောမွေ့နေပါတယ်  ။အဲသည်လူရိပ်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ ဖြစ်စရာ အကြောင်း မရှိတော့ပါဘူး ။

မျောလွင့်မီးလျှံ ဓားသိုင်းရဲ့ လေးကွက်မြောက် ဓားကွက်ကို ဖန်တီးဖို့ ကြိုးစားတဲ့ နေရာမှာတော့ လီဖူချန်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ  ရှိပါတယ် ။ အဲဒါကတော့ သည်ဓားကွက်ဟာ လိုက်လျောညီထွေမှု နဲ့  အားမာန်အပြည့် ရှိဖို့ပါပဲ ။

မီးတာအို ဥပဒေသတွေ ဆိုတာက နဂိုကတည်းကမှ နူးညံ့ညင်သာမှုကို အားပေးတဲ့ အရာတွေ မဟုတ်ပါဘူး ။ ဓားတာအို ဥပဒေသက   အထောက်အကူ ပြုထားတဲ့ အခါမှာဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ် ။

အခုအချိန်ကတော့ လီဖူချန်းအနေနဲ့ သူလေ့ကျင့်ထားတဲ့ မြောက်များလှစွာသော ဓားသိုင်းတွေရဲ့ အနှစ်သာရကို ထုတ်ပြရတော့မယ့်  အချိန်ပါပဲ ။

" အင်း…… သည်လို လုပ်လိုက်ရင်ကော ……။ မဟုတ်သေးဘူး …… ဟိုဓားကွက်နဲ့ ပေါင်းရင် ပိုအဆင်ပြေမယ် "

မရေမတွက်နိုင်တဲ့ ဓားကွက်တွေဟာ လီဖူချန်းရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ် ။ သည်ဓားကွက်တွေမှာက လုံလောက်တဲ့ အချက်အလက်တွေ ပါဝင်နေပေမယ့် လီဖူချန်းကတော့ စိတ်တိုင်းကျခြင်း မရှိသေးပါဘူး ။ ဓားကွက်တွေက မျောလွင့်မီးလျှံဓားသိုင်းရဲ့ လေးကွက်မြောက် ဓားသိုင်းအဖြစ် ဖန်တီးဖို့အတွက် လိုအပ်မှုတွေ ရှိနေဆဲပါပဲ ။

သည်လိုနဲ့ပဲ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သလို မျောလွင့်မီးလျှံဓားသိုင်းရဲ့ လေးကွက်မြောက် ဓားကွက်ဟာလည်း တဖြည်းဖြည်း ရုပ်လုံး ပေါ်လာခဲ့ပါပြီ ။

သည်အတောအတွင်းမှာဆိုရင် လီဖူချန်းဟာ ဓားကွက်ကို ဖန်တီးဖို့အတွက် ဓားကွက်ရဲ့ မူလလမ်းကြောင်းကနေ မကြာခဏ သွေဖည်သွားပြီး အခြား တာအိုတွေနဲ့ ပေါင်းစပ်မိပါသေးတယ် ။ ဒါပေမဲ့လည်း သူက  ဓားကွက်ရဲ့ မူလလမ်းကြောင်းကနေ ကြာကြာ သွေဖည်သွားခြင်း မရှိပါဘူး ။သူ့ရဲ့ ထက်မြက်တဲ့ ထိုးထွင်းသိမြင်မှုက သူ့ကို လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်စေပါတယ် ။

" မဟုတ်သေးဘူး ။ ဒါက လိုက်လျောညီထွေမှု မရှိဘူး "

" မဟုတ်သေးဘူး ။ ဒါက အားမာန် မပြည့်ဘူး ။ ပြီးတော့ လွှမ်းမိုးနိုင်စွမ်း အားနည်းနေတယ် "

" မဟုတ်သေးဘူး ။ ဒါကျတော့ အရမ်း နူးညံ့သိမ်မွေ့ လွန်းတယ် "

လီဖူချန်းက ဓားကွက်တွေကို ဆက်တိုက် ပေါင်းစပ်နေပေမယ့် တစ်ခုမှကို အကြိုက်တွေ့ခြင်း မရှိသေးပါဘူး ။

လီဖူချန်းရဲ့ အတွေးထဲမှာ ခံယူထားတာကတော့ သည်ဓားကွက်ကနေ ထွက်ပေါ်လာတဲ့ မီးလျှံ ဓားအလင်းတန်းဟာ ပင့်ကူမျှင်တွေလောက်ပဲ ရှိရပါမယ် ။ ဒါမှ သူ့ရဲ့ လေးကွက်မြောက်ဓားကွက် တီထွင်ဖန်တီးမှုဟာ အောင်မြင်မှာပါ။

အခုလက်ရှိမှာတော့ သူ့ရဲ့ မီးလျှံဓား အလင်းတန်းဟာ ရေလို ချောမွေ့စွာ စီးဆင်းနေရုံပဲ ရှိနေသေးပြီး အစွန်းရောက် မျောလွင့်မီးလျှံ ဓားကွက်ထက် မဆိုစလောက်လေးသာ သာလွန်နေပါသေးတယ် ။

သည်ဓားကွက်ကို တီထွင်ဖန်တီးတဲ့ နေရာမှာတော့ လီဖူချန်းဟာ ပျင်းရိခြင်းကို လုံးဝ မခံစားရပါဘူး ။ သူ့ရဲ့ အတွေးထဲမှာတော့  ဓားသိုင်းကပဲ စိုးမိုးနေပါတယ် ။ပြီးတော့ သူက အချိန်စက်ကွင်းကိုပါ မေ့ဖျောက် ထားနိုင်ပါသေးတယ် ။

" သည်ကလေးရဲ့ ထိုးထွင်းသိမြင်မှုက လုံးဝ မခေဘူးပဲ ။ သူက ငါတို့ထက်ကို သာလွန်နေပြီ "

လီဖူချန်း ရှိနေရာ အရပ်နဲ့ အလွန်ဝေးကွာတဲ့ အရပ်မှာတော့ လူကြီးနှစ်ယောက်ဟာ သူ့ကို မမှိန်မသုန် စောင့်ကြည့် အကဲခတ်နေကြပါတယ် ။ သူတို့က လီဖူချန်းကို  ဘယ်အချိန်ကတည်းကနေ အခုလို စောင့်ကြည့်နေတယ် မသိပါဘူး ။

သူတို့ထဲက တစ်ယောက်ကတော့ အရပ်ပုပု အကြီးအကဲဟန် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သက်တံနီဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတစ်ယောက် ဖြစ်ပုံ ရပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ အဲသည်လူကြီးရဲ့ ပုံစံက အကြီးအကဲဟန်ထက် ရာထူးအဆင့်အတန်း နိမ့်ကျတဲ့ပုံ လုံးဝ ပေါ်မနေလို့ပါပဲ ။

မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဖြစ်ကြတဲ့ သူတို့တွေဟာ သဘာဝတရားကို အဆင့်တစ်ခုအထိ ထိန်းချုပ်နိုင်ကြပါတယ် ။ သူတို့က အနီးအနားမှာ ရှိနေတဲ့ အလင်းယိုင်ခြင်းကို ပြောင်းလဲစေပြီး သူတို့ရဲ့ အသိစိတ်အာရုံကို တစ်ဖက်လူ ထောက်လှမ်းလို့ မရအောင်လည်း စွမ်းဆောင်နိုင်ကြ ပါသေးတယ် ။

တကယ်လို့ သူတို့သာ စိတ်ဆန္ဒ မရှိဘူးဆိုရင် မဟာ ဆရာသခင်တွေတောင်မှ သူတို့ရဲ့ တည်ရှိမှုကို အာရုံခံနိုင်ကြမှာ မဟုတ်ပါဘူး ။

အကြီးအကဲဟန်က ခေါင်းညိတ်လိုက်ပြီး

" ငါတို့က မူလပင်လယ်နယ်ပယ် ဘုရင်တွေ ။ ဒါပေမဲ့ ငါတို့ရဲ့ ထိုးထွင်းသိမြင်မှုက တိုက်ပွဲဝိညာဉ်နယ်ပယ်မှာရှိတဲ့ ဧကရာဇ်အဆင့် တပည့်တွေနဲ့ ယှဉ်လို့ရရုံပဲ ရှိတယ် ။ သည်ကလေးရဲ့ ထိုးထွင်းသိမြင်မှုကတော့ သာမန် ဧကရာဇ်အဆင့် တပည့်တွေထက်တောင်မှ သာလွန်နေတာ လုံးဝ အသိသာကြီးပဲ "

ကျင့်ကြံခြင်း အဆင့်မြင့်လေလေ၊ ထိုးထွင်းသိမြင်မှု ပိုကောင်းလာလေလေ ဆိုတဲ့ အချက်ကိုတော့ ကျင့်ကြံသူတိုင်း သိထားပြီးသားပါပဲ ။ မူလပင်လယ်နယ်ပယ် ဘုရင်တွေရဲ့ ထိုးထွင်းသိမြင်မှုဟာ ယေဘုယျအားဖြင့် တိုက်ပွဲဝိညာဉ်နယ်ပယ်က  ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက်ကို သာလွန်ပြီးသား ဖြစ်ပါတယ် ။ တိုက်ပွဲဝိညာဉ်နယ်ပယ်က ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေသာလျှင် သူတို့နဲ့ ယှဉ်လို့ ရတာပါ ။

ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကို ဆိုရင်တော့ ဒဏ္ဍာရီထဲက ကြယ်၉ပွင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေသာ ယှဉ်လို့ ရပါလိမ့်မယ် ။

သူတော်စင်နယ်ပယ်က ဝိဇ္ဇာတွေရဲ့ တည်ရှိမှုကတော့ သေမျိုးနယ်ပယ်ကို ကျော်လွန်သွားခဲ့ပါပြီ ။ အဲသည်အတွက် သူတို့ရဲ့ ထိုးထွင်းသိမြင်မှု ဘယ်လောက် ရှိသလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ကြပါဘူး ။ သူတို့တွေက အတွေးတစ်ချက်နဲ့တင် ကြောက်စရာ ကောင်းလွန်းတဲ့ ကောင်းကင်အဆင့် ဓားသိုင်းကို တီထွင်နိုင်ပါတယ် ။

လီဖူချန်း………

သူက သူ့ရဲ့ စိတ်အတွေး အာရုံတွေ အကုန်လုံးကို ဓားကွက် ဖန်တီးရာမှာ နစ်ထားတယ် ဆိုပေမယ့် သူ့ရဲ့ အစွမ်းထက်လှတဲ့ လိပ်ပြာ အသိစိတ်အာရုံက သူ့ကို ခိုးပြီး စောင့်ကြည့်အကဲခတ်နေတဲ့ သူတွေကို  သတိပြုမိ နေဆဲပါပဲ ။

ဒါပေမဲ့လည်း သူက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ဖြန့်ကြက်ပြီး တစ်ဖက်လူတွေကို ပြန်အကဲမခတ်ရဲပါဘူး ။ သူက သူ့ကို ခိုးပြီး စောင့်ကြည့်အကဲခတ်နေတဲ့ သူတွေဟာ သက်တံနီဂိုဏ်းက မူလပင်လယ်နယ်ပယ် ဘုရင်တွေဆိုတာကို ရိပ်စားမိပါတယ် ။ အဲသည်အတွက် သူက သူ့ရဲ့ ဓားသိုင်းကွက် တီထွင်မှုနှုန်းကို ရည်ရွယ်ချက် ရှိရှိနဲ့ လျော့ချလိုက်ပါတယ် ။သူက အကြီးအကဲတွေရဲ့  အာရုံစိုက်မှုကို လုံးဝ မလိုချင်ပါဘူး ။

လီဖူချန်းရဲ့ လုပ်ဆောင်မှုက မှန်ကန်တယ်လို့ ဆိုရပါမယ် ။ဘာဖြစ်လို့လဲဆိုတော့  သူ့အနေနဲ့  အဲသည်လို လုပ်ဆောင်ပြီး သိပ်မကြာခင်မှာပဲ သူ့ကို စောင့်ကြည့်အကဲခတ်နေတဲ့ သူတွေဟာ ပျောက်ကွယ်သွားလို့ပါပဲ ။ အဲသည်လိုမှပဲ လီဖူချန်းဟာ သက်ပြင်းချပြီး သူ့ရဲ့ ဓားကွက် တီထွင်မှုကို ဆက်လက် အာရုံ စိုက်နိုင်ပါတော့တယ် ။

" မျောလွင့်မီးလျှံဓားသိုင်းရဲ့ ရည်ရွယ်ချက်က ဓားသိုင်းကို ရေစီးလို ချောမွေ့စေဖို့ပဲ ။ အဲသည်အတွက် ငါ့ရဲ့ ဓားကွက်ကလည်း ပိုးချည်မျှင်လို ပါးလျနေရမယ် "

ရေစီးနဲ့ ပိုးချည်မျှင်တွေဟာ ပြောင်းလွယ် ၊ပြင်လွယ်တဲ့ သဘောသဘာဝ ရှိတဲ့ အရာတွေပါပဲ ။ ဒါကြောင့်လည်း လီဖူချန်းက သူ့ရဲ့ ဓားကွက်ကို ပိုးချည်မျှင်တွေလို ဖြစ်နေစေချငိတာပါ ။

သည်နေရာမှာ တစ်ချက် စဉ်းစားစရာ ရှိတာကတော့ ပိုးချည်မျှင်လောက်ပဲ ရှိတဲ့ မီးတာအို ဓားအလင်းတန်းဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းမလဲ ဆိုတာပါပဲ ။ ဓားအလင်းတန်းကို ပိုးချာ်မျှင်လောက်အထိ သိပ်သည်းသွားအောင် လုပ်ရတယ်ဆိုတာက လွယ်ကူတဲ့ အရာတော့ လုံးဝ မဟုတ်ပါဘူး ။

လီဖူချန်းကတော့ ပိုးချည်မျှင်လောက်အထိ ပါးလျသွားတဲ့ မီးတာအို ဓားအလင်းတန်းဟာ အစွန်းရောက် မျောလွင့်မီးလျှံ ဓားကွက်ထက် အဆပေါင်းများစွာ အစွမ်းထက်မယ်လို့ ခန့်မှန်းထားပါတယ် ။သူခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာမလား ဒါမှမဟုတ် မဖြစ်လာဘူးလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ ။

သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ ။ လီဖူချန်းရဲ့ မီးလျှံ ဓားအလင်းတန်းကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပါးလျလာခဲ့ပါတယ် ။

လက်မောင်းလုံးလောက် အထူ ………

လက်နှစ်ချောင်း အထူ ……

လက်တစ်ချောင်း အထူ……

အဲသည်ကနေပြီး နောက်ဆုံး ထမင်းစားတူ တစ်ချောင်းအရွယ် ……။

ဓားအလင်းတန်းရဲ့ ထုထည်က ထမင်းစားတူ တစ်ချောင်းအရွယ်အထိ သိပ်သည်းလာတဲ့ နောက်မှာတော့ ဓားကွက်အစွမ်းကလည်း မယုံနိုင်ဖွယ် ပြင်းထန်လာခဲ့ပါပြီ ။

လီဖူချန်းက သူ့ရဲ့ ဓားချက်ကို ထုတ်လိုက်ပြီဆိုရင် ကောင်းကင်နဲ့ မြေကြီးတောင်မှ အက်ကွဲသွားတော့မလိုပါပဲ ။ ပြီးတော့ ဓားအလင်းတန်းက အလွန်ဝေးကွာတဲ့ အကွာအဝေးကိုတောင် သွားရောက် တိုက်ခိုက် နိုင်ပါသေးတယ် ။

" သည်ဓားကွက်နဲ့ ဆိုရင်တော့ ငါ့အနေနဲ့ လျှို့ဝှက်နည်းစနစ်တွေ မသုံးဘဲတောင်မှ မဟာဆရာသခင် အဆင့် နီးပါးကို ရောက်နိုင်ပြီ "

လီဖူချန်းရဲ့ ဓားဆန္ဒက အလွန်အမင်း သိပ်သည်းလာခဲ့သလို သူ့ရဲ့ မျက်လုံးတွေကလည်း တောက်ပလာခဲ့ပါပြီ ။

မျောလွင့်မီးလျှံ ဓားသိုင်းရဲ့ ပထမ ဓားသိုင်းသုံးကွက်နဲ့ ယှဉ်မယ်ဆိုရင်တော့ သည်လေးကွက်မြောက် ဓားသိုင်းဟာ ပိုပြီး အစွမ်းထက်တယ်ဆိုတာကို လုံးဝ ယုံမှားသံသယ ဖြစ်နေစရာ မလိုပါဘူး ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အခု လီဖူချန်းတီထွင်ထားတဲ့ ဓားကွက်ဟာ မူလဓားကွက် သုံးကွက်ထက် အနည်းဆုံး နှစ်ဆ ပိုအစွမ်း ထက်ပါတယ် ။ ဒါက လီဖူချန်း ထင်ထားတာထက်တောင်မှ ပိုပြီး သာလွန်ကောင်းမွန်နေတယ်လို့ ဆိုရပါမယ် ။

အခုလက်ရှိ လီဖူချန်း တီထွင်ထားတဲ့ ဓားကွက်ဟာ အကြိုကောင်းကင်အဆင့် ဓားသိုင်းအဆင့်တောင် ရောက်နေပါပြီ ။ ဒါပေမဲ့လည်း ဝမ်းနည်းစရာ ကောင်းတာကတော့ သည်ဓားကွက်ဟာ လုံးဝ အကြွင်းမဲ့ ပြီးပြည့်စုံခြင်း မရှိသေးတာပါပဲ ။

" ဟူး…… စိတ်မကောင်းစရာပဲ ။ သည်ဓားကွက်ကို ထုတ်သုံးတဲ့ နေရာမှာ ငါ့အနေနဲ့ ပျံလွှားစက်ကွင်းချီ နဲ့ ကြေးဝါဓား အဆီအနှစ်ကို ပေါင်းထည့်လို့ မရသေးဘူး ။ သည်ချီစွမ်းနှစ်ခုကို ပေါင်းထည့်မယ် ဆိုရင်လည်း ငါ့အနေနဲ့ ဓားကွက်ကို ထုတ်သုံးလို့ ရမှာ မဟုတ်ဘူး ။ သည်ဓားကွက်က စိတ်ပိုင်းဆိုင်ရာနဲ့ အာရုံစူးစိုက်မှုအပိုင်းကို အရမ်း တောင်းဆိုနေတယ် ။ အခုလက်ရှိ ငါ့ရဲ့ အခြေအနေက သက်တံနီ နတ်ဘုရား ချီစွမ်းအင်တွေကို ကြေးဝါဓားချီတွေအဖြစ် ပြောင်းလဲရုံပဲ တတ်နိုင်သေးတယ် ။ အဲဒါက ငါ့ရဲ့ အဆုံးစွန်သော လုပ်ဆောင်နိုင်မှုပဲ ။ သည်ပုံစံအတိုင်း ဆိုရင်တော့ ငါက မီးလျှံစွမ်းအားကိုလည်း ပေါင်းထည့်နိုင်စရာ အကြောင်း မရှိသေးဘူး "

လီဖူချန်းက သူ့ရဲ့ ဓားကွက်အသစ်အကြောင်း ဆင်ခြင်သုံးသပ်နေရင်းနဲ့ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်မိပါတယ် ။

သူစိတ်ပျက်လက်ပျက် ဖြစ်နေတာကလည်း မမှားလှပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ ပျံလွှားစက်ကွင်းချီကို ကြေးဝါဓားအဆီအနှစ်နဲ့ ရောစပ်နိုင်ပြီး အပိုဆုအနေနဲ့ မီးလျှံစွမ်းအားကိုပါ ဓားကွက်ထဲ ပေါင်းထည့်နိုင်မယ်ဆိုရင် သူ့ရဲ့ အစွမ်းဟာ မဟာဆရာသခင်အဆင့် အထိ ရောက်သွားနိုင်တာ မဟုတ်ပါလား ။

မဟာဆရာသခင်တွေ ဆိုတာက အားနည်းတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့တောင် တိုက်ကွက်အနည်းငယ် ဖလှယ်နိုင်တဲ့ သူတွေပါ ။ သူတို့တွေက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကို အနိုင်မယူနိုင်ပေမယ့် အလွယ်တကူတော့ အသက်ပျောက်သွားမယ့်သူတွေ မဟုတ်ပါဘူး ။

" လီဖူချန်း…… မလောနဲ့ဦး ။ မင်းရဲ့ လက်ရှိ အစွမ်းက ကျေနပ်စရာ အတော်လေး ကောင်းနေပြီ ။ မင်းအနေနဲ့ အခုဆိုရင် ဟိုတိုင်ချန်း နဲ့ စီးတုကျန်းတို့ကိုတောင် လက်ရည်တူ တိုက်လို့ ရနေပြီ ။ အရင်လို လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုကိုပဲ အားကိုးနေစရာ မလိုတော့ဘူး "

လီဖူချန်းက လောကြီးနေတဲ့ သူ့အဖြစ်ကို သတိပြုမိလိုက်တဲ့အတွက် သူ့ကိုယ်သူ ပြန်သတိပေးလိုက်ပါတယ် ။

သေသေချာချာ ပြန်ပြီး စဉ်းစားကြည့်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ဓားကွက်အသစ်ဟာ အတော်လေး ကျေနပ်စရာကောင်းတယ်လို့ ဆိုရပါမယ် ။

အရင်တုန်းက သူ့အနေနဲ့  ဟိုတိုင်ချန်းနဲ့ စီးတုကျန်းကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတာဟာ လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုကြောင့်ပဲ  ဖြစ်ပါတယ် ။တကယ်လို့  လိပ်ပြာ အသိစိတ်အာရုံ တိုက်ခိုက်မှုသာ မရှိဘူးဆိုရင် သူဟာ ဟိုတိုင်ချန်း နဲ့ စီးတုကျန်းတို့အတွက် အမှိုက်သာသာပါပဲ ။

ဒါပေမဲ့လည်း အခုတော့ အဲသည်လို မဟုတ်တော့ပါဘူး ။အခုဆိုရင်   သူက လိပ်ပြာအသိစိတ်အာရုံ တိုက်ခိုက်မှုကို ထုတ်မသုံးရင်တောင်မှ ဟိုတိုင်ချန်း နဲ့ စီးတုကျန်းတို့ကို လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့ပြီ မဟုတ်ပါလား ။

သည်လိုနဲ့ပဲ ဓားအလင်းတန်းဟာ ပါးလျသထက် ပါးလျလာခဲ့ပါတယ် ။

ထမင်းစားတူ တစ်ချောင်းလောက် ရှိတဲ့ ဓားအလင်းတန်းဟာ နောက်ဆုံး အပ်တစ်ချောင်း နီးပါးအထိ ပါးလျလာခဲ့ပါပြီ ။

ဒါပေမဲ့ အဲသည်အဆင့် ရောက်ပြီးတဲ့နောက်မှာတော့ လီဖူချန်းရဲ့ ဓားကွက်တီထွင်မှုဟာ ဆက်လက်ပြီး တိုးတက်မယ့် အရိပ်အယောင် မပြတော့ပါဘူး ။

" ငါ့အနေနဲ့ ဓားတာအို အဆီအနှစ် အငွေ့အသက်တွေကို ဖျောက်ပစ်လိုက်ရင်ကောင်းမလား  ဒါမှမဟုတ် ဓားတာအို အဆီအနှစ် အငွေ့အသက်တွေကို သည်အတိုင်းပဲ ဆက်ထားထားရမှာလား "

လီဖူချန်းကတော့ အတော်လေး ခေါင်းစားနေခဲ့ပါပြီ ။

သူက သည်ဓားကွက်ထဲမှာ မတူညီတဲ့ ဓားသိုင်းပေါင်း တစ်ရာကျော်ရဲ့ ဓားသိုင်းအဆီအနှစ်တွေကို ထည့်သွင်းထားခဲ့တာပါ ။အဲသည်ဓားသိုင်း အဆီအနှစ်တွေထဲမှာက မရေမတွက်နိုင်တဲ့ ဓားတာအို အဆီအနှစ်တွေ ပါဝင်နေပါတယ် ။ အဲသည်အတွက် ဓားတာအို အဆီအနှစ်တွေကို ဖျောက်ပစ်လိုက်ရမလား မဖျောက်ပစ်လိုက်ရဘူးလား ဆိုတာက လုံးဝ ပြသနာပါပဲ ။ သူ့အနေနဲ့ အတွေးလေးတစ်ချက် မှားသွားတာနဲ့တင် ဓားကွက်ကို အများကြီး သက်ရောက်သွားစေနိုင်ပါတယ် ။

သံုံးရက်……

လီဖူချန်းဟာ သည်ပြသနာကို ဖြေရှင်းဖို့အတွက် အချိန်သုံးရက်တိုင်တိုင် ယူခဲ့ရပါတယ် ။ သည်သုံးရက်အတွင်းမှာဆိုရင် သူက တစ်ချက်ကလေးတောင် မလှုပ်ရှားခဲ့ပါဘူး ။ သူက ကျောက်ရုပ်ကြီးတစ်ရုပ်လို ရပ်နေခဲ့တာပါ။

လေးရက်မြောက်နေ့မှာတော့ လီဖူချန်းဟာ အဖြေကို ရှာတွေ့သွားခဲ့ပါပြီ ။ အဲသည်နောက်မှာတော့ သူဟာ စတင် လှုပ်ရှားပါတော့တယ် ။

ဟူး……

ရုတ်တရက် ဖြတ်တိုက်လာတဲ့ လေပွေရိုင်းတစ်ခုက သစ်ရွက်တွေကို ကြွေကျသွားစေခဲ့ပါပြီ ။ အဲသည်သစ်ရွက်တွေရဲ့ ကြွေကျလာပုံက ကကြိုးဆင်နေသလိုပါပဲ ။

ရွှမ်း……

အဲသည်နောက်မှာတော့ အင်မတန် သိပ်သည်းလှတဲ့ ဓားဆန္ဒတစ်ခုက သစ်ရွက်တွေ အားလုံးကို လောင်ကျွမ်းပြာကျ သွားစေပါတော့တယ် ။

" ဟုတ်ပြီ …… သည်လိုကိုး …… သည်လိုလည်း အဆင်ပြေတာပဲ "

လီဖူချန်းကတော့ အတော်လေး ကျေနပ်ပီတိ ဝေဖြာနေခဲ့ပါပြီ ။

" သွား "

လီဖူချန်း မီးလျှံမြွေဓားကို ဆွဲထုတ်လိုက်ပြီး သူ့ရဲ့ ဆန့်ကျင်ဘက် အရပ်မှာ ရှိနေတဲ့ တောင်ကတုံး တစ်ခုကို ခုတ်ချပစ်လိုက်ပါတယ် ။

ရွှပ်……

အဲသည်နောက်မှာတော့  ပိုးချည်မျှင် တစ်ခုသာသာမျှ ရှိတဲ့ ကြက်သွေးရောင် ဓားအလင်းတန်းဟာ တောင်ကတုံးထိပ်ကို ပိုင်းဖြတ်သွားခဲ့ပါပြီ ။

တောင်ကတုံးကို ပိုင်းဖြတ်သွားတဲ့ ဓားချက်ဟာ ပါးလျလွန်းလှတဲ့အတွက် သာမန် အခြေအနေမျိုးမှာ ဆိုရင်တော့ သတိမူမိမှာတောင် မဟုတ်ပါဘူး ။

ဝုန်း……

ဓားချက် ဖြစ်ပေါ်လာပြီး ခဏအကြာမှာတော့ ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး တောင်ကတုံးရဲ့ ထိပ်ပိုင်းဟာ ပေါက်ကွဲထွက်သွား ပါတော့တယ် ။ တစ်ချိန်တည်းမှာပဲ ကျောက်ရည်ပူတွေလို ပူလောင်လွန်းလှတဲ့ ဓားဆန္ဒတစ်ခုဟာ လေထုထဲမှာ ဖြစ်ပေါ်လာပြီး အဲသည်အရာကက ပတ်ဝန်းကျင် ရာသီဥတုကိုပါ ပြောင်းလဲသွားစေပါသေးတယ် ။

" သည်ဓားကွက်ကို ငါက အညှာအတာမဲ့ မျောလွင့်မီးလျှံလို့ အမည်ပေးမယ် "

လီဖူချန်းပေးလိုက်တဲ့ ဓားကွက်နာမည်က သင့်လျော်လှတဲ့ နာမည်တစ်ခုလို့ပဲ ဆိုရပါမယ် ။ သည်ဓားကွက်ရဲ့ ဖျက်ဆီးမှုနှုန်းက တကယ်ပဲ အညာအတာ ကင်းမဲ့လွန်းလှတာ မဟုတ်ပါလား။ အညှာအတာမဲ့ မျောလွင့်မီးလျှံ ပေါ်ထွက်လာရင်တော့ အရာအားလုံးဟာ အညှာအတာ ကင်းမဲ့စွာ ဖျက်ဆီးခံရမှာပါပဲ ။

***

All Chapters