← Chapters

ကောင်းကင်ဘုံ ကျောက်တုံး

Vol. 41 Ch. 549

ကောင်းကင်ဘုံ ကျောက်တုံး

Vol. 41 Ch. 549

မှာထားတဲ့ ဟင်းလျာတွေနဲ့ သေရည်ကိုတော့ လီဖူချန်းဟာ သိပ်အချိန်ကြာကြာ မစောင့်လိုက်ရပါဘူး ။ အချိန် အနည်းငယ် အတွင်းမှာပဲ သူမှာထားတာတွေဟာ သူ့ရဲ့ စားပွဲရှေ့ကို ရောက်လာခဲ့ပါတယ် ။

လီဖူချန်းက သေရည်ကို ခွက်ထဲ ငှဲ့လိုက်ပြီး တစ်ချက် အကဲခတ်ကြည့်လိုက်ပါတယ် ။

ရောင်စုံကောင်းကင် သေရည်က နာမည်နဲ့ လုံးဝ ပနံရတယ်လို့ ဆိုရပါမယ် ။ သည်သေရည်ထဲမှာက အရောင်အသွေး စုံလင်စွာ ပါဝင်နေပြီး သေရည်ရဲ့ ရနံ့ကလည်း ပန်းပေါင်းစုံ စိုက်ခင်းထဲကို ရောက်နေသလိုပါပဲ ။

" အရသာက ဘယ်လိုရှိပါလိမ့် "

လီဖူချန်းက ခွက်ထဲမှာ ရှိနေတဲ့  သေရည်တစ်ဝက်လောက်ကို မြည်းစမ်းကြည့်လိုက်ပါတယ် ။

" ကောင်းလှချည်လားဟ "

သေရည်က ပါးစပ်ဖျားကနေ အစာအိမ်ထဲကို ရောက်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွား ခဲ့ပါပြီ ။လီဖူချန်းက သေရည်ရဲ့ အရသာကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး ။

သူက သည်လောက် အရသာကောင်းတဲ့ သေရည်မျိုးကို လုံးဝ မသောက်ဖူးတာ အမှန်ပါပဲ ။ သက်တံနီ ဂိုဏ်းမှာက ရောင်စုံကောင်းကင် သေရည်ထက် ပိုပြီး ဈေးကြီးတဲ့ သေရည်တွေ ရှိပေမယ့်လည်း အဲသည်သေရည်တွေရဲ့ အရသာကတော့ ရောင်စုံကောင်းကင် သေရည်ကို လုံးဝ မမီပါဘူး ။

ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားကြည့်လိုက်မယ် ဆိုရင်တော့ အဲဒါက ယုတ္တိဆန်တဲ့ ဖြစ်ရပ်ပဲလို့ သတ်မှတ်ရပါမယ် ။

မိုးဦးကျ စားသောက်ဆိုင်ဟာ နန်ရှန်းမြို့ကြီးမှာ ရှိနေတဲ့ စားသောက်ဆိုင် တစ်ထောင်ကျော်ထဲမှာတောင်မှ ထိပ်ဆုံး၃၀ထဲ ဝင်တဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင် ဖြစ်ပါတယ် ။အဲသည်အတွက် သူတို့ရောင်းချတဲ့ သေရည်ဟာ ဘယ်လိုမှ အရသာပိုင်းမှာ နိမ့်ကျစရာ မရှိပါဘူး ။ သူတို့က အရသာပိုင်းမှာ အကောင်းတကာ့ အကောင်းဆုံးလို့ ခေါ်နိုင်တဲ့ သေရည်တွေကိုသာ ရောင်းချမှာ အသေအချာပါပဲ ။

ပြီးတော့ သူတို့ရဲ့ အရက်ချက်တဲ့ နည်းစနစ် ။ သူတို့ရဲ့ အရက်ချက်တဲ့ နည်းစနစ်ကလည်း သက်တံနီဂိုဏ်းရဲ့ အရက်ချက်တဲ့ နည်းစနစ်ထင် အဆ ထောင်ပေါင်းများစွာ ကောင်းမှာ အသေအချာပါပဲ ။ပြီးတော့ သက်တံနီဂိုဏ်းက ကျင့်ကြံခြင်း ဂိုဏ်းတစ်ဂိုဏ်း ဖြစ်တဲ့အတွက် အရက်ချက်ရာမှာ ပညာရှင်ဆန်တဲ့ သူတွေကို လက်ခံထားလေ့ မရှိပါဘူး ။

" သည်သေရည်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းသုံးလိုက်ရတာက တကယ် တန်တာပဲ

ရောင်စုံကောင်းကင် သေရည်ကို သောက်ပြီးတဲ့ အချိန်မှာတော့ လီဖူချန်းဟာ အတော်လေး အရသာ တွေ့သွားခဲ့ပါပြီ ။

အဲသည်အတွက် သူက ဟင်းလျာတွေကို တူနဲ့ မမြည်းစမ်းခင်မှာ  နောက်ထပ် သေရည်တစ်ခွက်ကို ထပ်ငှဲ့ပြီး သောက်လိုက်ပါသေးတယ် ။

ဟင်းလျာတွေရဲ့ အရသာ နဲ့ နူးညံ့မှုကလည်း လုံးဝ အပြစ်ဆိုဖွယ်ရာ  မရှိပါဘူး ။ ဟင်းလျာတွေဟာ လျှာပေါ် တင်လိုက်တာနဲ့တင် အရည်ပျော်သွားတော့မလိုပါပဲ ။

" ကောင်းလိုက်စမ်းတာကွာ "

လီဖူချန်းက နောက်ထပ်တစ်ကြိမ် ချီးကျူးလိုက်မိ ပြန်ပါပြီ ။

လီဖူချန်းအနေနဲ့ သည်သေရည် နဲ့ ဟင်းလျာတွေမှာ ထည့်သုံးထားတဲ့ ပါဝင်ပစ္စည်းတွေဟာ သာမန် ပစ္စည်းတွေပဲ ဆိုတာကိုတော့ မသိစရာ အကြောင်း မရှိပါဘူး ။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို မယှဉ်နိုင်ပေမယ့်လည်း မိုးဦးကျ စားသောက်ဆိုင်ကတော့ နန်ရှန်းမြို့ကြီးထဲမှာ ရှိတဲ့ စားသောက်ဆိုင်တွေထဲမှာတောင် ထိပ်ဆုံး၃၀ အတွင်းပဲ ဝင်နိုင်ပါတယ် ။ အဲဒါက လဝန်းနီ အင်ပိုင်ယာ တစ်ခုလုံးမှာတောင် မဟုတ်ပါဘူး ။ အဲသည်အတွက် မိုးဦးကျ စားသောက်ဆိုင်က ဟင်းလျာတွေနဲ့  သေရည်တွေထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ သက်တံနီဂိုဏ်းကို မီမှာ မဟုတ်တာ အသေအချာပါပဲ ။ဒါပေမဲ့လည်း သည်ဟင်းလျာတွေ နဲ့  သေရည်ရဲ့ အရသာ မချီးကျူးဘဲ မနေနိုင်လောက်ကို ကောင်းလွန်းနေပါတယ် ။ ဒါကြောင့်လည်း သူက ချီးကျုးလိုက်ရတာပါ ။

သူမှာထားတဲ့ ဟင်းလျာတွေကို စားသောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ နောက်ထပ် သေရည်တစ်အိုးကို ထပ်မှာလိုက်ပါသေးတယ် ။သူက သေရည် တစ်အိုးတည်းနဲ့တော့ မတင်းတိမ်နိုင်ပါဘူး ။

သည်တစ်ခါမှာတော့ သူက ရောင်စုံကောင်းကင် သေရည်ကို မမှာတော့ဘဲ သတ္တမ ကောင်းကင် သေရည်ကို မှာလိုက်ပါတယ် ။ သတ္တမ ကောင်းကင် သေရည်ဟာလည်း အလယ်အလတ်တန်းစား သေရည်ပဲ ဆိုပေမယ့် ဈေးနှုန်းကတော့ ရောင်စုံကောင်းကင် သေရည်နဲ့ မတူတော့ပါဘူး ။  သတ္တမမြောက် ကောင်းကင်က အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅သိန်း ကျသင့်ပါတယ် ။ဒါပေမဲ့  ခံသာတာ တစ်ခုကတော့ သည်သေရည်မှာက ဟင်းလျာတွေ တွဲဖက် ပါပြီးသား ဖြစ်နေတာပါပဲ ။

သတ္တမ ကောင်းကင် သေရည်ကတော့ ရောင်စုံကောင်းကင် သေရည်ထက် အရသာ ပိုကောင်းမွန်ပါတယ် ။

သည်သေရည်နဲ့အတူ ပါလာတဲ့ ဟင်းလျာတွေရဲ့ အရသာကလည်း လုံးဝ အံ့မခန်းပါပဲ ။ သည်ဟင်းလျာတွေကို စားပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သူအရင်က တစ်သက်လုံး စားလာတဲ့ ဟင်းလျာတွေဟာ အမှိုက်တွေပဲလို့တောင် ထင်မြင်လာမိပါတယ် ။

" ကောင်းလိုက်တဲ့ အရသာကွာ ။ သည်ဆိုင်ကတော့ ဘယ်လိုမှ စီးပွားမဖြစ်ဘဲ နေမှာ မဟုတ်ဘူး ။ နောက်တစ်ခါ လမ်းကြုံရင်လည်း သည်မှာပဲ ပြန်လာစားသောက်ရမယ် ။ တခြားသူတွေလည်း ငါ့လိုပဲ  နေမှာ "

လီဖူချန်းက ဟင်းလျာတွေ နဲ့ အရက်ကို အရသာခံ စားသောက်နေရင်းနဲ့ မဆီမဆိုင် တွေးလိုက်မိပါသေးတယ် ။

သူတောင်မှ သည်နေရာကို နောက်ထပ်တစ်ကြိမ် ပြန်လာချင်မှတော့ အခြား တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကလည်း သည်နေရာကို ပြန်မလာချင်ဘဲ နေမှာ မဟုတ်ပါဘူး ။

" အစ်ကိုကျန်းဟီ…… အကိုက သည်တစ်ခေါက် တော်တော်လေး ကံကောင်းသွားတာပဲ ။ အစ်ကိုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် သုံးလိုက်ရုံနဲ့တင် ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံး ရသွားတယ် ။ ကျွန်တော်ကြားတာကတော့ အဲသည် ကောင်းကင်ဘုံ ကျောက်တုံးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၃၀တောင် တန်တယ်ဆို ။ ဟဲ……ဟဲ…… သည်စားပွဲကိုတော့ အစ်ကိုကျန်းဟီ ရှင်းသင့်နေပြီနော "

" ဟေ့ကောင်…… အခုကော ငါက မရှင်းဘူးလို့ ပြောနေလို့လား ။ ပြီးတော့ မင်းတို့ကောင်တွေ မသိသေးပါဘူးကွာ ။ ငါက ရင်းနှီးမြုပ်နှံမှု မှားလို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်း ရှုံးထားသေးတယ်ကွ "

" အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းဆိုတာ ဘာမှ မဟုတ်ပါဘူးဗျာ ။ ဆရာသခင်ဝေတောင်မှ ကောင်းကင်ဘုံ သတ္တုခဲ တစ်ပိုင်းကို ဝယ်ဖို့အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ သုံးခဲ့သေးတာပဲ မဟုတ်ဘူးလား ။ ပြီးတော့ အဆုံးမှာလည်း သူက ဘာမှ ပြန်မရသွားဘူးလေ ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ဆိုတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သန်းနဲ့ ညီတယ်ဗျ "

" ဟာ…… ငါ့ကို ဆရာသခင်ဝေနဲ့တော့ မယှဉ်နဲ့လေကွာ ။ ငါက သူနဲ့ ဘယ်လိုလုပ်ပြီး တူမှာလည်း ။ ဆရာသခင်ဝေက နာမည်ကျော် ပန်းပဲ ဆရာသခင်ကွ ။ သူက မြေကမ္ဘာ အထွတ်အထိပ်အဆင့် လက်နက်ပစ္စည်းတွေကိုတောင်မှ သွန်းလုပ်နိုင်တယ် ။ သူက ငါ့ထက် အဆပေါင်းများစွာ ချမ်းသာတယ်ကွ "

မိုးဦးကျ စားသောက်ဆိုင်ရဲ့ ၁၅ထပ်မြောက်ဟာ သီးသန့်ခန်းတွေချည်းပါပဲ ။ ပြီးတော့ အသံကို ပိတ်ပင်တဲ့ ဝင်္ကပါ အစီအရင်တွေကိုလည်း ခင်းကျင်းထားပါသေးတယ် ။ အဲသည်အတွက် တခြားအခန်းက လူတွေဟာ တစ်ဖက်အခန်းက လူတွေ ပြောနေတာကို ကြားနိုင်ခြင်း မရှိပါဘူး ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ သူ့ရဲ့ ထူးခြား ထက်မြက်လှတဲ့ လိပ်ပြာ အသိစိတ်အာရုံ အားကိုးနဲ့ တခြားသူတွေ ပြောနေသမျှကို ကြားနေရပါတယ် ။ မိုးဦးကျ စားသောက်ဆိုင်ရဲ့ ဝင်္ကပါ အစီအရင်တွေက သူ့အပေါ်မှာတော့ သက်ရောက်နိုင်စွမ်း ကင်းမဲ့နေခဲ့ပါပြီ ။

သူနဲ့ ဘေးကပ်လျက်မှာ ရှိတဲ့ သီးသန့်ခန်းထဲမှာဆိုရင် မဟာဆရာသခင် သုံးပါး သေရည် သောက်သုံးနေကြပါတယ် ။ သူတို့အချင်းချင်း ပြောစကားအရ ဆိုရင်တော့ နန်ရှန်းမြို့မှာ ကျောက်တုံး လောင်းကစားရုံတစ်ခု ရှိနေပုံပါပဲ ။ ပြီးတော့ အစ်ကိုကျန်းဟီ ဆိုသူက အဲသည် ကျောက်တုံး လောင်းကစားရုံမှာ သည်နေ့မြိုးမြိုးမြက်မြက် ရခဲ့ပုံ ရပါတယ် ။

ကျောက်တုံး လောင်းကစား………

သည်လောင်းကစားကတော့ ကောင်းကင်ဘုံ သတ္တုတုံးတွေကို အမြင်နဲ့ ဆုံးဖြတ်ပြီး ဝယ်ရတဲ့ လောင်းကစား ဆိုရင်လည်း မမှားပါဘူး ။ ကောင်းကင်ဘုံ သတ္တုတုံးတွေ ထဲမှာက ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှိနေတတ်ပါတယ် ။

ကောင်းကင်ဘုံ ကျောက်တုံးဆိုတာကတော့ အတော်လေး ထူးဆန်းလှတဲ့ ကျောက်တုံးတွေဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေသတွေ ခိုအောင်းနေလေ့ ရှိတဲ့ အရာတွေပါ ။

ဒါပေမဲ့လည်း ကျင့်ကြံသူတွေဟာ ကောင်းကင်ဘုံ သတ္တုတုံးတွေထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိ ၊မရှိ ဆိုတာကို အာရုံခံလို့ မရပါဘူး ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေတောင်မှ ကောင်းကင်ဘုံ သတ္တုတုံးတွေထဲကို အာရုံခံဖို့ ခဲယဉ်းလွန်းလှပါတယ် ။ ဒါကြောင့်လည်း ကျောက်တုံးလောင်းကစားခြင်းက  တည်ရှိနေရတာပါ ။

ကောင်းကင်ဘုံ ကျောက်တုံးတွေကိုတော့ အတန်းအစား ငါးမျိုး ခွဲခြားထားပါတယ် ။အဲဒါတွေကတော့ ညံ့ ၊ နိမ့်  ၊အလယ်အလတ် ၊ ကောင်း နဲ့ ထိပ်တန်း တို့ပါပဲ ။

ကောင်းကင်ဘုံ ကျောက်တုံးတွေရဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး ။ သာမန် လက်သီးဆုပ်လောက်ရှိတဲ့ အညံ့စား ကောင်းကင်ဘုံကျောက်တုံး တစ်တုံးရဲ့ တန်ဖိုးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရာပိုင်းအနည်းငယ် ရှိပါတယ် ။ တကယ်လို့ လက်သီးဆုပ်လောက်ရှိတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ဆိုရင်တော့ အဲသည်ကျောက်တုံးရဲ့ တန်ဖိုးဟာ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပါပဲ ။

ကျောက်တုံး လောင်းကစားခြင်းမှာတော့ " ကျောက်ဖြတ်တာ တစ်ချက်ကလေးက ကောင်းကင်ဘုံကို ရောက်သွားစေနိုင်သလို ၊ကျောက်ဖြတ်တာ တစ်ချက်ကလေးကပဲ ငရဲပြည် ရောက်သွားစေနိုင်တယ် '" ဆိုတဲ့  ဆိုရိုးစကား တစ်ခုရှိပါတယ် ။

တကယ်လို့ မင်းက ကျောက်တုံးလောင်းကစားတာ မှန်သွားရင်တော့ ကောင်းကင်ဘုံပါပဲ ။ ဒါပေမဲ့ မှားသွားရင်တော့ ငရဲဖြစ်သွားမှာပါ ။

ကောင်းကင်ဘုံ သတ္တုတုံးတွေရဲ့ တန်ဖိုးက မသေးလှပါဘူး ။ အရွယ်အစားကောင်းပြီး အပြင်ပန်း ပုံသဏ္ဌာန်လှတဲ့ ကောင်းကင်ဘုံသတ္တုတုံးတွေဆိုရင် တစ်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးပေါင်း မြောက်များစွာ တန်ပါတယ် ။ ပြီးတော့ ကောင်းကင်ဘုံ သတ္တုတုံးတိုင်းမှာလည်း ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှိနေတတ်တာ မဟုတ်ပါဘူး ။ တချို့ ဆရာသခင်တွေဆိုရင် ကျောက်တုံးလောင်းကစားကြောင့် ကုန်းကောက်စရာ မရှိအောင် မွဲပြာကျသွားဖူးပါတယ် ။

ကံကောင်းပြီး အရွေးမှန်တဲ့ လူတွေကတော့ နေ့ချင်းညချင်း ချမ်းသာသွားကြတာပေါ့ ။

" ကျောက်တုံးလောင်းကစားလား …… မဆိုးဘူး ။ စိတ်ဝင်စားစရာပဲ "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေခဲ့ပါပြီ ။ သူက ချမ်းသာကြွယ်ခြင်းဆိုတဲ့ အနံ့အသက်တွေကိုတောင် ရလာသလိုပါပဲ ။

အဲသည်နောက်မှာတော့ သူက သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံကို အဲသည် သီးသန့်ခန်းကနေ ရုတ်သိမ်းလိုက်ပြီး  နောက်ထပ် သီးသန့်ခန်း တစ်ခုစီ ပို့ဆောင်လိုက်ပါတယ် ။

" မင်းတို့…… ကြားပြီးပြီလား ။ လွန်ခဲ့တဲ့ သုံးရက်က ဝူအမ်ကျွမ်းဓားဂိုဏ်း၊ သုခဘုံ ဘာသာရေးဂိုဏ်း နဲ့ ကြက်ခြေခတ် ဆေဘာဂိုဏ်းတို့ ပူးပေါင်းပြီး ကောင်းကင်မီးတောက် နန်းတော်ကို တိုက်ခိုက်ကြတယ်တဲ့  ။ဂိုဏ်းသုံးဂိုဏ်း ဝိုင်းတိုက်လို့  ကောင်းကင်မီးတောက် နန်းတော်က မူလပင်လယ်နယ်ပယ် ဘုရင်တွေ တော်တော်များများ သေကုန်ကြတယ် ။ အဲဒါကြောင့် ကောင်းကင်မီးတောက် နန်းတော်က ရွေးချယ်စရာ မရှိဘဲ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ဆုတ်ခွာ ပြေးသွားရပြီ "

" အဲသည်ကိစ္စကို ငါက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ ။ အဲသည်သတင်းက တောမီးလိုပဲ ပျံနှံ့နေတာလေ ။ ငါမသိတာက ကောင်းကင်မီးတောက် နန်းတော်က ဘာဖြစ်လို့ ဂိုဏ်းသုံးဂိုဏ်းကို ရန်သွားစရသလဲ ဆိုတာပဲ ။ ပြီးတော့ သုခဘုံ ဘာသာရေးဂိုဏ်းက အကြို ဧကရာဇ်အဆင့် ဂိုဏ်းလေ ။ အကြိုဧကရာဇ်တစ်ပါး လှုပ်ရှားပြီဆိုရင် ဘုရင်အဆင့် ဂိုဏ်းတွေအနေနဲ့ ဘာမှ မတတ်နိုင်ဘူး ဆိုတာကို သူတို့လည်း သိမှာပဲ "

" ငါကြားတာကတော့ သည်ပြသနာရဲ့ အရင်းခံက ကောင်းကင်အဆင့် ရတနာ ချပ်ဝတ်တန်ဆာ တစ်ခုကြောင့်တဲ့ ။  ကောင်းကင်မီးတောက် နန်းတော်သခင်က ခရီးတစ်ခုမှာ မမျှော်လင့်ဘဲ ကောင်းကင်အဆင့် ရတနာ ချပ်ဝတ်တန်ဆာ တစ်ခု ရခဲ့တယ်လို့ ပြောကြတယ် ။ အဲသည်သတင်းက ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားသလဲတော့  မသိဘူး ။ အဲသည်ကိစ္စကြောင့် ကောင်းကင်မီးတောက် နန်းတော်က ဂိုဏ်းသုံးဂိုဏ်း ဝိုင်းတိုက်တာကို ခံလိုက်ရတာ "

"ဟူး…… ဒါဆိုရင်တော့ ကောင်းကင်မီးတောက် နန်းတော်က ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကနေ မောင်းထုတ်ခံလိုက်ရပြီပေါ့ ။ သူတို့ရဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်ကလည်း ဖျက်ဆီး ခံလိုက်ရပြီဆိုတော့ သူတို့အနေနဲ့ သည်နှစ်ပိုင်းမှာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူူး ။ တကယ်လို့ ပြန်လာမယ် ဆိုရင်တောင်မှ အနည်းဆုံး ဆယ်စုနှစ်တစ်ခုမက ကြာလိမ့်မယ် ထင်တယ် "

" ဒါပေါ့ကွ ။ ကုန်းမြေတိုက်တွေကြားမှာ သည်လောက်ကျယ်တဲ့ သမုဒ္ဒရာတွေ ရှိနေမှတော့ သူတို့အနေနဲ့ ဘယ်လိုလုပ်ပြီး အချိန်တိုအတွင်းမှာ ပြန်လာနိုင်မှာလဲ ။ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးတောင်မှ ကုန်းမြေတိုက် တစ်ခုကနေ တစ်ခုကို ကူးချင်ရင် အချိန်အကြာကြီး ပျံသန်းရတာ ။ သည်ကြားထဲမှာမှ ကောင်းကင်ဘုံအလိုကို ဆန့်ကျင်တဲ့ ပင်လယ်သားရဲ ဘုရင်တွေ ဒါမှမဟုတ် ပက်လယ်သားရဲ ဧကရာဇ်တွေနဲ့ တွေ့ရင် အသက်ပျောက်နိုင်သေးတယ် "

သည်သီးသန့်ခန်းထဲမှာတော့ သောက်စားပြီး စကားဝိုင်းဖွဲ့နေတဲ့ အဆင့်မြင့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အချို့ ရှိနေပါတယ် ။

" ကောင်းကင်မီးတောက် နန်းတော် ……ဟုတ်လား "

လီဖူချန်းက အနည်းငယ် မှင်တက်သွားမိပါတယ် ။

သူ့အနေနဲ့ ကောင်းကင်မီးတောက် နန်းတော်ကို မသိစရာ အကြောင်း မရှိပါဘူး ။

ကောင်းကင်မီးတောက် နန်းတော်ဟာလည်း သက်တံနီဂိုဏ်းလိုပဲ ဘုရင်အဆင့် ဂိုဏ်းအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ခရမ်းရောင် မြူနှင်းတောင်နဲ့  သိပ်မဝေးလှတဲ့ အရပ်မှာ တည်ရှိတာပါ ။ ကောင်းကင်မီးတောက် နန်းတော် နဲ့ ခရမ်းရောင် မြူနှင်းတောင်ဟာဆိုရင် မြို့ကြီးနှစ်မြို့သာ ကွာဝေးတယ်လို့ ဆိုရပါမယ် ။

" အင်း…… သည်အတိုင်းဆိုရင်တော့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်က ငါထင်ထားတာထက် ပိုပြီး အန္တရာယ် များတာပဲ ။ ကောင်းကင်မီးတောက် နန်းတော်တောင်မှ ဘာမှမတတ်နိုင်ဘဲ သည်ကုန်းမြေတိုက်ပြီးကနေ ကွယ်ပျောက်သွားပေးရပြီ ။ သည်ကုန်းမြေတိုက်ကြီးမှာက တခြားဂိုဏ်းအဖွဲ့အစည်းတွေနဲ့ မိတ်ဆွေဖွဲ့ထားနိုင်သလောက် ဖွဲ့ထားနိုင်မှ တော်ကာကျလိမ့်မယ် "

လီဖူချန်းက တွေးလိုက်မိပါတယ် ။

တခြားပြင်ပ ကုန်းမြေတိုက်တစ်ခုကလာတဲ့ ဘုရင်အဆင့် ဂိုဏ်းအဖွဲ့အစည်းတွေ အတွက်ကတော့ သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ မိတ်ဆွေအပေါင်းအသင်း မဖွဲ့ထားလို့ မဖြစ်ပါဘူး ။ မဟုတ်ရင်တော့ ကောင်းကင်မီးတောက် နန်းတော်လိုပဲ တည်နေရာရွှေ့ပြောင်း အစီအရင် ဖျက်ဆီးခံရပြီး သည်ကုန်းမြေတိုက်ကြီးကနေ ထွက်ပြေးရပါလိမ့်မယ် ။

ပြီးတော့ ပြင်ပကလာတဲ့ ဂိုဏ်းတစ်ဂိုဏ်း အနေနဲ့ အလိုအပ်ဆုံးက တောင်တစ်လုံးကို ခြေကုပ်ရယူနိုင်ဖို့ပါပဲ ။ အဲဒါမှပဲ သူတို့တွေဟာ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်တွေကို ခင်းကျင်းနိုင်မှာပါ  ။

တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင် မရှိရင်တော့ သူတို့ဟာ လူအင်အားကို ထပ်ပြီး ပို့နိုင်မှာ မဟုတ်ဘူး ။ တကယ်လို့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ ဖျက်ဆီးခံလိုက်ရပြီ ဆိုရင်လည်း သူတို့ဟာ အမြန်ဆုံး ပြန်ပြင်ရမှာ ဖြစ်ပါတယ် ။ အဲသည်လို ပြန်ပြင်ဖို့အတွက် ဆိုရင်တော့ မူလပင်လယ်နယ်ပယ်  ဝင်္ကပါ ဘုရင် တစ်ပါးကို လိုအပ်လာပါပြီ ။ဒါပေမဲ့ အဲသည် ဝင်္ကပါ ဘုရင်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ချက်ချင်းကြီး ရောက်လာနိုင်မှာတော့ မဟုတ်ပါဘူး ။ သူက ကျယ်ပြောလှတဲ့ သမုဒ္ဒရာကို ဖြတ်ကျော်လာရမှာ ဖြစ်တဲ့အတွက် အတော် အချိန်ယူပြီးမှသာ ရောက်လာနိုင်ပါလိမ့်မယ် ။

သက်တံနီဂိုဏ်းကတော့ သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်က ရောက်လာခဲ့တာပါ ။ အဲသည်အချိန်တုန်းဆိုရင် သက်တံနီဂိုဏ်းဟာ သည်ခရီးအတွက် အဆင့်၇ စစ်သဘောၤ တစ်စင်းနဲ့ ဒါဇင်နဲ့ချီတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို စေလွှတ်လိုက်တာ ဖြစ်ပါတယ် ။ အဲသည်ခရီး အတွင်းမှာဆိုရင် သက်တံနီဂိုဏ်းက မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ မိစ္ဆာသားရဲ ဘုရင်တွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ် ။ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို ရောက်တဲ့အခါမှာတော့ ခရီးမှာ ပါလာတဲ့ သက်တံနီဂိုဏ်းရဲ့  မူလပင်လယ်နယ်ပယ် ဘုရင်အရေအတွက်ဟာ တစ်ဝက်လောက်တောင် မရှိတော့ပါဘူး ။ ကံကောင်းတာ တစ်ခုကတော့ သူတို့ဟာ သည်ခရီးမှာ ဘယ်မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးနဲ့မှ  မကြုံခဲ့ရတာပါပဲ ။ မဟုတ်လို့ကတော့ သူတို့ တစ်ဖွဲ့လုံးဟာ ပြုတ်ပြုတ် ပြုန်းနေလောက်ပါပြီ ။

သူ့ရဲ့ ထူးခြားထက်မြက်လှတဲ့ လိပ်ပြာအသိစိတ် အာရုံကြောင့် လီဖူချန်းဟာ များပြားလှတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနိုင်ခဲ့ပါတယ် ။  အဲဒါကြောင့်ပဲ သူဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်အကြောင်းကို ပိုပြီး နားလည် သဘောပေါက်လာခဲ့ပါပြီ ။

***

All Chapters