တိမ်များအတွင်းတွင်
Vol. 14 Ch. 187
ဝရုန်း …
တလိပ်လိပ် လှိုင်းထနေသော လှိုင်းလုံးကြီးများ ပေါက်ကွဲ ထွက်လာသည့် အားများက တောင်ကို လှန်၍ ပင်လယ်ကိုပင် မှောက်ပစ်မည့် အသွင် ရှိနေသည်။ ပေပေါင်းသောင်းကျော် မြင့်မားသည့် လှိုင်းလုံးကြီးကို ကြည့်၍ ပြောနိုင်သည်မှာ အလွန်ပင် ခမ်းနားလှသည် ဟူ၍ဖြစ်သည်။
သို့သော်လည်း လူတိုင်းက ထိုသို့ ခမ်းနားမှုသည် ကြောက်လန့်ဖွယ်ရာ ခမ်းနားမှုမှန်း သိကြပေသည်။
ထိုအခိုက်မှာပင် ပုံရိပ်လေးခုသည် ကြီးမားလှသော လှိုင်းလုံးအတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ သူတို့ လေးယောက်လုံးသည် သူတို့၏ စွမ်းအားများကို ကသုတ်ကရိုက် အသုံးပြုရင်း လှိုင်းလုံးအတွင်းရှိ အလွှာများကို ဖြတ်ကျော် နေကြသည်။ သူတို့အားလုံးက သည်လှိုင်းများကို ဖြတ်ကျော်ရင်း နောက်ဆုံး အတားအဆီးကို ကျော်ဖြတ်ရန် ဆန္ဒရှိကြပေသည်။
သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်နှင့် အတွင်းရှိ လူများအားလုံး၏ အကြည့်များ အားလုံးသည် သူတို့ လေးယောက်ပေါ်တွင်သာ ရှိနေကြသည်။
သူတို့ လေးယောက်လုံးသည် သူတို့၏ မူလချီ အကန့်အသတ် အထိပင် ဖော်ထုတ် အသုံးပြုထားဟန် ရသည်။
သို့သော်လည်း လူတိုင်းက သည်နောက်ဆုံး လှိုင်းလုံးကြီးတွင် များပြားလှသော စွမ်းအားများ ပါဝင်ကြောင်း မြင်နိုင်ပေသည်။ ထိုစွမ်းအားများက ထိုလေးယောက်လုံး အတွက် အလွန်အမင်းကို ကြီးမားလွန်းကာ သူတို့၏ အမူအရာ များမှာ လွန်စွာ လေးနက်နေပြီး သူတို့၏ အာရုံများ လွင့်သွားဖို့ရန် မဝံ့ရဲကြပေ။
ဒါဇင်ခန့် အသက်ရှိုက်စာ အကြာတွင် သူတို့အားလုံးက လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတော်စင် အကြွင်းကျန်ဒေသ အပြင်ဘက်တွင် တမန်တော် တစ်ယောက်က မှတ်ချက်ချလိုက်သည်။ “သူတို့ အားတွေကုန်ပြီး အရှိန်လျှော့လာပြီ”
မူဝူကျိနှင့် ကျိုးဖန်တို့၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။ သူတို့ နှစ်ယောက်လုံးက ဇူယွမ်နှင့် ဝူဟောင်တို့၏ မူလချီ စွမ်းအင်များ မြန်ဆန်စွာ ကုန်ဆုံးလာသည်ကို သတိထား မိလိုက်သည်။ သူတို့ နှစ်ယောက်လုံး ပေပေါင်းတစ်သောင်း ကျော်မြင့်သော အစိမ်းရောင် လှိုင်းလုံးကြီး ဆီမှ ကြီးမားလှသော ဖိအားများ ခံစားနေရသည်မှာ ထင်ရှား ပေါ်လွင်ပေသည်။
“သူတော်စင် လှေကားထစ်တွေကို တက်ဖို့က တကယ်ကို ခက်ခဲလွန်းတာပဲ” အခြား တမန်တော် တစ်ယောက်ကလည်း မှတ်ချက်ပေးသည်။
“သည်မြင်ကွင်းကို ကြည့်ရတာ သူတို့ထဲက တစ်ယောက်မှ ကိုးခုမြောက် စင်မြင့်ပေါ်ကို မရောက်ရှိ နိုင်မှာကို ငါတကယ် စိုးရွံမိတယ်”
သူတို့အားလုံး ကိုးခုမြောက် စင်မြင့်ကို ရွေးချယ်ခဲ့သည့် အတွက်ကြောင့် သူတို့သာ တောင်ထိပ်ဆီသို့ မရောက်ခဲ့လျှင် သူတို့အတွက် အကြီးမြတ်ဆုံးသော ကောင်းချီးကိုလည်း မရရှိနိုင်တော့ပေ။
တမန်တော် အားလုံးသည် ကြေးမုံပြင်နှင့် သူတို့၏ အကြည့်ကို ကော်ဖြင့် ကပ်ထားသည့် အလား အကြည့်မခွာတမ်း ကြည့်ရှုနေကြသည်။ သူတို့အားလုံး ထိုမှ ထွက်ပေါ်လာမည့် ရလဒ်များကို လွန်စွာ သိလိုပေသည်။
“မကောင်းတော့ဘူး”
အစိမ်းရောင်လှိုင်း အတွင်းတွင် ယဲ့မင်၏ မျက်ခုံးများမှာ နဖူးကြောများ တွန့်လာသည်အထိ တင်းကျပ်စွာ ကြုံနေပြီး သူ၏ အမူအရာမှာ တော်တော်ကို ပင်ပန်းနေဟန် ရသည်။ သူ၏ မူလချီ ကုန်ဆုံးမှုနှုန်းမှာ လွန်စွာ မြင့်မားလာကြောင်း သူလည်း နားလည် သဘောပေါက်နေပြီး သူ့အနေဖြင့် ရှေ့ဆက်၍ မသွားနိုင်ကြောင်း သူ သိလိုက်ပေပြီ။
လီချွန်ကျွမ်၏ အမူအရာမှာ ကောင်းမွန်ဟန် ရသေးသော်လည်း သူ၏ ဓားချီများမှ အဖျက် စွမ်းအားများမှာ ရှင်းလင်းစွာပင် အားနည်းလာဟန် ရသည်။
ဝူဟောင်နှင့် ဇူယွမ်တို့၏ အမူအရာ များသည်လည်း နက်မှောင်နေသည်။
နောက်ထပ် ဒါဇင်မျှ အသက်ရှူချိန် ဖြတ်သန်းပြီးသော အချိန်တွင်။
ယဲ့မင်၏ အရှေ့တွင် ရှိသော အနက်ရောင် ဝဲကြီးမှာလည်း ရပ်တန့်သွားခဲ့ပြီး ပျက်စီး သွားခဲ့စဉ် လီချွန်ကျွမ်၏ ဓားနှင့် တစ်သားတည်း ဖြစ်နေသော အခြေအနေ မှာလည်း အတင်းအကျပ် ချိုးဖျက် ခံလိုက်ရသည်။
ဇူယွမ်နှင့် ဝူဟောင်တို့၏ အမြန်နှုန်းလည်း ကျဆင်းသွားသည်။
ထိုအခိုက်တွင် စိတ်မကောင်းသောကြောင့် သက်ပြင်းချသံ များက သူတော်စင် အကြွင်းအကျန် ဒေသတွင် ထွက်ပေါ်လာခဲ့သည်။
ဘုန်း
လူတိုင်းက လေးယောက်လုံး အရှေ့သို့ ဆက်မသွားနိုင်တော့ဘူးလို့ ခံစားလိုက်ရသော အချိန်မှာပဲ ရုန့်ရင်းသော မူလချီ များက ဝူဟောင်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲ ထွက်လာပြီးနောက်မှာ ကြီးမားသော သူ၏ ကြက်သွေးရောင် နေလုံးကြီးမှာလည်း ပေါက်ကွဲသွားခဲ့သည်။
ထိုပေါက်ကွဲမှုမှာ အားကို ယူကာ ဝူဟောင်၏ အမြန်နှုန်းမှာ တစ်ဟုန်ထိုး မြင့်တက် သွားခဲ့သည်။
သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်နှင့် အတွင်း နှစ်ခုလုံးတွင် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မည်သူမှ ဝူဟောင်၏ နောက်ကျောဘက် ကိုပင် ရှင်းလင်းစွာ မမြင်လိုက်မိပေ။
“အတိုင်းထက် အလွန်ပဲ” မြင့်မြတ်သော နန်းတော်ကလန်မှ ကျိုးဖန်က ရယ်မောလိုက်သည်။
တခြားတစ်ဖက် မှာတော့ မူဝူကျိက မျက်မှောင်ကြုတ်လျက် ရှိသည်။
ယဲမင်နှင့် လီချွန်ကျွမ်တို့ ပင်လျှင် ဝူဟောင်၏ ရုတ်တရက် စွမ်းအား တိုးလာမှုကြောင့် ထိတ်လန့် သွားကြသည်။
ထူးခြားစွာပင် ယဲမင်၏ အကြည့် မျက်လုံးများမှာ အနက်ရောင်သို့ ပြောင်းလဲ သွားခဲ့သည်။
“ဝူဟောင်၊ ငါတို့က သွေးသောက် ရဲဘော်ရဲဘက် ဖွဲ့ခဲ့ကြတယ်။ ခက်ခဲတဲ့ အရာပဲ ဖြစ်ဖြစ်လွယ်ကူတဲ့ အရာပဲဖြစ်ဖြစ် ငါတို့က ပင်ကိုအားဖြင့် အတူတကွ ဖြတ်သန်းသင့်တယ်။ ငါ့ကို စွန့်လွှတ်ပြီး ထိပ်ဆုံးဆီကို မင်းတစ်ယောက်တည်း သွားခွင့်မရှိဘူး။ ဒါကြောင့်မလို့ မင်းနဲ့ ပူးပေါင်းမှုက ဒီနေရာမှာပဲ ဆက်လက် မတည်ရှိတော့ဘူး” ယဲမင်က အေးစက်စွာ ရယ်မောရင်း စတင် လှုပ်ရှားလိုက်သည်။ သူ၏ လက်မောင်းအိုးကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် အနက်ရောင် မူလချီများ ထွက်ပေါ်လာကာ လှံတံတစ်ချောင်း အသွင် ဖြစ်ပေါ်လာပြီး အလင်းတန်း တစ်ခုကဲ့သို့ ဝူဟောင်အား သွားထိုးသည်။
အနက်ရောင် လှံတံသည် လေထုကို ထိုးဖောက်သွားကာ ထိုထဲတွင် ယဲ့မင်၏ စွမ်းအားအပြည့် ပါဝင်နေပေသည်။
သူ့အနေဖြင့် တောင်ထိပ်ပေါ်သို့ မတက်ရောက်နိုင်လျှင် မည်သူ့ကိုမှလည်း မရောက်စေလိုပေ။
“ဘယ်လိုတောင် ဆိုးယုတ်တဲ့ လူလဲ”
ယဲမင်၏ ရုတ်တရက် တိုက်ခိုက်မှုက လူတော်တော် များများကို အသက်ရှူ မှားသွားစေသည်။ ဝူဟောင်၏ တွဲဖက်တစ်ယောက်က ဝူဟောင်အား တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မတွေးမိကြပေ။
ဝှစ် …
အနက်ရောင် လှံတံသည် လျှပ်စီး အလင်းတန်းအလား ဝူဟောင်၏ ကျောဘက်တွင် ပေါ်လာခဲ့သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုက အနီးသို့ ရောက်လာချိန်တွင် ဝူဟောင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှာ အရှေ့သို့ သွားနေရာမှ ရပ်တန့်သွားပြီး သူ၏ လက်အား စက်ဝိုင်းပုံ သဏ္ဌာန် ဖော်လိုက်သည်။ ကြက်သွေးနီရောင် ချီများက ဝဲပုံစံ ဖြစ်ပေါ်လာပြီး အနက်ရောင် လှံတံကို ရင်ဆိုင်ကာ တားဆီးသည်။ သူ၏ လက်အား ရစ်ပတ်သည့် ဟန်ပြုလုပ်လိုက်လျှင် အနက်ရောင် လှံတံက ယခင်က ထက်ပိုပြီး စွမ်းအားကြီး လာဟန်ရကာ အရှေ့သို့ ကြမ်းကြုတ်စွာ တိုးဝင်သည်။
ထိုနောက် ဝူဟောင်သည် လှံတံပေါ်သို့ ခုန်တက်လိုက်ပြီး အစိမ်းရောင် လှိုင်းများကို လျင်မြန်စွာ ထိုးဖောက် သွားတော့သည်။
“ယဲ့မင် မင်းလို မရိုးဖြောင့်တဲ့ ကောင်နဲ့ ပူးပေါင်းတဲ့ အချိန်မှာ ငါက သတိရှိ မနေဖူးလို့ မင်းတကယ် တွေးထင်နေတာလား” ဝူဟောင်က လှံတံပေါ်မှ လှည့်ကြည့်ကာ လှောင်ရယ်ရင်း ပြောလိုက်သည်။
ယဲမင်မှာ လွန်စွာ ဒေါသထွက်နေသည်။ ဝူဟောင်အနေဖြင့် ကြိုတင်ပြင်ဆင် ထားလိမ့်မည်ဟု သူလုံး၀ မထင်မိခဲ့ပေ။ သူ၏ တိုက်ခိုက်မှုမှ အားကိုပင် လှိုင်းကို ဖြတ်သန်းဖို့ရန် ယူသုံး သွားခဲ့သေးသည်။
အခုချိန်တွင် ယဲမင်မှာ အားကုန်ခန်း နေပြီး အရှေ့သို့ ဆက်လက် တက်နိုင်စွမ်း မရှိတော့ပေ။
“လှပလိုက်တာ” သူတော်စင် အကြွင်းအကျန် ဒေသမှ မရေမတွက် နိုင်သော အာမေဍိတ် အသံများ ထွက်ပေါ်လာခဲ့သည်။ ဝူဟောင်အား ယဲ့မင်က တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ရုံ သာမက ထိုတိုက်ခိုက်မှု ကလည်း ဝူဟောင်အတွက် အကျိုးရှိ သွားမည်ဟု မည်သူမှ မထင်ထားပေ။
“ကြည့်ရတာ ဝူဟောင် တစ်ယောက်ပဲ သူတော်စင် တောင်ထိပ်ပေါ်ကို တက်ရောက်နိုင်တယ် ထင်တယ်” ကျိုးဖန်က သူ့လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်။ သူက မူဝူကျိကို မျက်လုံးထောင့်စွန်းမှ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်လိုဟန်များ စွန်းထင်းနေသည်။
ဇူယွမ် လီချွန်ကျွမ်နှင့် ယဲမင်တို့မှာ နောက်ကျ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ သူတို့အနေဖြင့် နောက်ဆုံး အစိမ်းရောင် လှိုင်လုံးကို ကျော်ဖြတ်ပြီး တောင်ထိပ်ဆီသို့ ရောက်ရှိရန် မဖြစ်နိုင်တော့ပေ။
အစိမ်းရောင် လှိုင်းအတွင်းတွင် …
ဇူယွမ်၏ မျက်လုံးများက လှံတံပေါ်မှ နေ၍ အရှေ့သို့ တိုးဝင်သွားသော ဝူဟောင်၏ ပုံရိပ်ကို ကြည့်ရင်း အလင်းရောင် တစ်ချက်လက် သွားပြီး မကြာမီမှာပဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။
“မင်းတစ်ယောက်ပဲ အရန် အစီအစဉ် အချို့ ရှိနေတယ်လို့ ထင်တာလား။ ဝူဟောင် မင်းက သာမန်ထက် ထူးကဲတဲ့လူ တစ်ယောက်ပါ”
“သို့သော်လည်း မင်းကိုမင်း အောင်နိုင်သူလို့ ယုံကြည်မနေနဲ့ မင်းအောင်မြင်မှုကို လွယ်လွယ်နဲ့ ရမှာ မဟုတ်ဘူး”
အရောင်အဝါ ထွန်းလင်းတောက်ပသော စိတ်ဝိညာဉ် အလင်းတန်းတစ်ခု ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားမှ ပေါ်ထွက် လာခဲ့သည်။
ဒြပ်ထည်အဆင့် စိတ်ဝိညာဉ် ရေးရေးလေးက ဇူယွမ်၏ မျက်ခုံးနှစ်ခု ကြားတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
ဝရုန်း
မူလချီ များက သူ၏ ခန္ဓာကိုယ်မှ ပြန်လည် ထွက်ပေါ် လာခဲ့သော်လည်း ထိုချီများ၏ ပတ်လည်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် စွမ်းအားပြည့်ဝသည့် အားလှိုင်းတစ်ခု ဖြစ်ပေါ်နေကာ အစိမ်းရောင် လှိုင်းများကို လျင်မြန်စွာ ဆက်လက် ဖြတ်သန်းသွားပြီး ဝူဟောင်ကို အမီလိုက် လာခဲ့သည်။
ထိုမမြင်နိုင်သည့် အားလှိုင်းမှာ ထင်ရှား သိသာစွာပင် ဝိညာဉ်စွမ်းအား ဖြစ်သည်။
ဇူယွမ်၏ ရုတ်တရက် အမြန်နှုန်း တိုးတက်လာခြင်းက လူအားလုံး၏ အကြည့်ကို ဆွဲဆောင် သွားခဲ့သည်။
“ဇူယွမ်မှာ မူလချီတွေ ကျန်သေးတာလား”
“မဟုတ်ဘူး ဒါက မူလချီ မဟုတ်ဘူး။ အဲတာ စိတ်ဝိညာဉ်ပဲ”
“ဒါဆို သူဒါကို လုပ်နိုင်ခဲ့ပြီပေါ့။ သူ့ရဲ့ ဝိညာဉ်အဆင့်က တော်တော်ကို မြင့်မားတာပဲ ဒါပေမဲ့ သူက ဒါကို အစောပိုင်းတုန်းက အသုံးမပြုပဲ အခု အကောင်းဆုံး အချိန်အတွက် လျှိုထားတာပေါ့”
“...”
လူအုပ်ကြီးက တဖြည်းဖြည်း ဆူညံသည်ထက် ပိုဆူညံလာပြီး မရေမတွက် နိုင်သော လူတစ်ယောက်ချင်းစီက အံ့အားသင့် နေကြသည်။ ယခုဆိုလျှင် အနိုင်ရ ရှိမည့်သူ မည်သူလဲဆိုတာ ပြောရခက် သွားပေပြီ။
ဝှစ်
ဇူယွမ်က အရှေ့သို့ တက်လှမ်းသွားပြီး အစိမ်းရောင် လှိုင်းများကို တစ်လွှာချင်း ဖြတ်သန်းသည်။
လီချွန်ကျွမ်က ခြေစုံရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ ကျန်ရှိ နေသေးသည့် စွမ်းအား ပမာဏကို တိုင်းတာနေသည်။ ထိုနောက် ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားကာ သူ၏ လေးလံသော အနက်ရောင် ဓားကြီးကို ဆုပ်ကိုင်လိုက်သည်။
“ဇူယွမ် ငါမင်းကို အပြင်ရောက်အောင် ပို့ပေးမယ်။ မင်းတောင်ထိပ်ကို ရောက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
လီချွန်ကျွမ်က သူ၏ လက်နှစ်ဖက်ဖြင့် သူ့ဓားကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန် ဓားချက်တစ်ချက်က အရှေ့သို့ ပျံထွက်သွားသည်။
ခံ့ညားလှသည့် ဓားအလင်း တစ်ခုက ဒုံးပျံကဲ့သို့ အရှေ့သို့ ထိုးတက်သွားပြီး ဇူယွမ်၏ ရှေ့တွင် ပေါ်လာကာ ဇူယွမ်အား ကူညီပြီး အစိမ်းရောင် လှိုင်းလုံးများကို ဖြတ်သန်းသည်။
ဇူယွမ်က အနောက်သို့ စောင်းငဲ့ကာ လီချွန်ကျွမ်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ လီချွန်ကျွမ်၏ အကူအညီ ဖြင့်သာဆိုလျှင် အစိမ်းရောင် လှိုင်းလုံးများကို ဖြတ်ကျော်ဖို့ ပိုမို ယုံကြည်ချက် ရှိသွားပြီ ဖြစ်သည်။
“ကျေးဇူးပဲ”
ညင်သာစွာ ပြောလိုက်သံနှင့် အတူ သူ၏ အမြန်နှုန်းမှာ ထိုးတက်သွားသည်။
အသက်ရှိုက်စာ အနည်းငယ် ကြာပြီးနောက်တွင် သူအနေဖြင့် ဝူဟောင်ကို မီလာခဲ့သည်။
ဝူဟောင်က အနောက်သို့ လှည့်ကြည့်လိုက်ပြီး သူတို့ အကြည့်များ ဆုံသွားပြီး လေထဲတွင် အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ လွှမ်းခြုံသွားသည်။
“ဇူယွမ် မင်းက တကယ်ကို သက်ဆိုးရှည်နေတဲ့ ဝိညာဉ်တစ်ကောင်ပဲ” ဝူဟောင်၏ အသံမှာ အေးစက်နေသည်။ သည် မသန်မစွမ်း ဖြစ်နေသည့် နဂါးက မျက်စိတစ်မှိတ် အတွင်းမှာ သူ့အား မီလာလိမ့်မည်ဟု မထင်ထားပေ။
“ဝူဟောင် ဒီနေ့က ငါတို့ နှစ်ယောက်ကြားက အငြိုးတွေကို ရှင်းရမယ့် အချိန်ပဲ” ဇူယွမ်၏ မျက်လုံးထဲတွင် တုန်လှုပ်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“ဟဟ၊ မင်းကလား” ဝူဟောင်က အထင်အမြင် သေးစွာဖြင့် ရယ်မောလိုက်သည်။
“ကောင်းပြီ။ ငါဒီနေ့ မင်းကို သတ်ပြီးတော့ မင်းတို့ ဇူကလန်ကို ဘာမျှော်လင့်ချက်မှ မရှိအောင် ဖျက်ဆီးပြမယ်”
ဘုန်း …
သူတော်စင် အကြွင်းအကျန်ဒေသ အပြင်ဘက်နှင့် အတွင်းဘက်က လူတွေ၏ စိတ်ဝင်တစား အကြည့်တွေ အောက်တွင် ဇူယွမ်နှင့် ဝူဟောင်တို့၏ ပုံရိပ်တွေက ပေတစ်သောင်း အမြင့်ရှိသော လှိုင်းများကို ချိုးဖြတ်ပြီး တိမ်များ အတွင်းသို့ ဝင်ရောက် သွားခဲ့သည်။