← Chapters

ချီကျွင်းကျွင်း

Vol. 41 Ch. 550

ချီကျွင်းကျွင်း

Vol. 41 Ch. 550

" အစ်မ …… ကျွန်တော်တောင်းပန်ပါတယ် ။ ကျွန်တော့်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းပဲ ချေးပေးပါ ။ ကျွန်တော် လုံးဝ ကတိပေးတယ် ။ ကျွန်တော် ဘယ်တော့မှ ကျောက်တုံး လောင်းကစားကို မလုပ်တော့ဘူး "

" တော်စမ်း ။ ငါ …… နင်သည်လို ပြောတာကို ဆယ်ကြိမ်မက ကြုံဖူးပြီ ။ အခု ငါ့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ရှိတယ် ။ အဲသည်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို နင်ဘယ်လိုတောင်းတောင်း ရမှာ မဟုတ်ဘူး "

" ဟာဗျာ …… အဲဒါကတော့ အစ်မ လိမ်နေတာ အသိသာကြီးပဲ ။ အစ်မဆီမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ရှိတယ်ဆိုရင် အစ်မက ဘယ်လိုလုပ်ပြီး သည်မိုးဦးကျ စားသောက်ဆိုင်ရဲ့ ၁၅ထပ်ကို လာနေသေးတာလဲ ။ မမရာ ……ကျွန်တော့်ကို  မလိမ်စမ်းပါနဲ့ဗျာ "

" ရှောင်ကောင်း …… နင် အရမ်း မလွန်လာနဲ့ ။ အရင်တုန်းက ဆိုရင် ငါက သည်မိုးဦးကျ စားသောက်ဆိုင်ကို တစ်လမှာ ၁၅ရက်လောက် စိတ်တိုင်းကျ လာစားနိုငိတယ်ဟဲ့ ။ အခုတော့ ငါက နှစ်လမှ တစ်ခါလောက်ပဲ လာနိုင်တော့တယ် ။ အဲဒါတွေ အားလုံးက နင့်ကြောင့်ပဲ ။ နင် …… ကျောက်တုံးလောင်းကစား လုပ်ကတည်းက ငါ့ဘဝ သည်လို ဖြစ်နေတာ ။ ဘယ်လိုပဲပြောပြော …… သည်တစ်ခါတော့ ငါနင့်ကို ဝိညာဉ်ကျောက်တုံး လုံးဝ မချေးပေးနိုင်ဘူး "

" ဟင်း…… အခုလည်း ကြည့်လေ ။ ငါက အရင်လို သေရည်အကောင်းစား မှာမသောက်နိုင်တော့ဘူး ။ ငါ့ဘဝက ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ "

မိုးဦးကျ စားသောက်ဆိုင်ရဲ့ ၁၅ထပ်မြောက်ကိုတော့ လူငယ်လေး တစ်ယောက်နဲ့ မိန်းမငယ်လေး တစ်ယောက် စကား အချေအတင်ပြောပြီး ရောက်လာခဲ့ပါတယ် ။

အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သူနောက်ထပ်မှာထားတဲ့ အဆင့်နိမ့်  ဝိညာဉ်ကျောက်တုံး ငါးသိန်းတန် သေရည်နဲ့ စားဖွယ်စုံကို စိမ်ပြေနပြေ အရသာခံ စားသောက်နေရင်း အလုပ်များနေပါတယ် ။

သည်အစားအသောက်တွေကတော့ သက်တံနီဂိုဏ်းရဲ့ အစားအသောက်တွေလို ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို အကျိုး မများစေပါဘူး ။ ဒါပေမဲ့လည်း သည်အစားအသောက်တွေက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်း တန်ကြေး ရှိနေဆဲပါပဲ ။

" အင်း…… ငါစားသောက်နေတာ တော်တော် များနေပြီထင်တယ် ။ တော်သင့်ပြီ "

အချိန်တော်တော်ကြာ စားသောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက  တော်သင့်ပြီလို့ ခံစားလိုက်မိတဲ့အတွက် စားသောက်နေတာကို လက်စသတ်လိုက် ပါတော့တယ် ။ အခုဆိုရင် သူက အတော်လေး ထွေနေခဲ့ပါပြီ  ။ သူသောက်ထားတဲ့ သေရည်တွေကလည်း မနည်းလှတော့ဘူးလို့ ဆိုရပါမယ် ။ ဒါက သူ့အတွက် အတော်လေး နေသာထိုင်သာရှိတဲ့ အခြေအနေ တစ်ခုပဲ ဖြစ်ပါတယ် ။

ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာ ပြန်လည်ဝင်စားခြင်း နယ်ပယ် နဲ့ ချီအတွင်းအား ကျင့်ကြံခြင်းလမ်းစဉ်မှာ တိုက်ပွဲဝိညာဉ်နယ်ပယ် အထိ လျှောက်လှမ်းထားနိုင်တဲ့ လီဖူချန်းအတွက်ကတော့ သေရည်မူးဖို့ဆိုတာဟာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ ။တကယ်လို့သာ သာမန်လူတွေ သောက်တဲ့ သေရည်ဆိုရင်တော့ လီဖူချန်းဟာ တစ်လလုံးလုံး ထိုင်သောက်နေရင်တောင် မူးမှာ မဟုတ်ပါဘူး ။

လီဖူချန်းက သည်အရက်တွေရဲ့ ရီဝေတဲ့ ဓာတ်တွေကို ချီအတွင်းအားနဲ့ လှည့်ပတ်ပြီး ချေဖျက်ပစ်လိုက်လို့ ရပေမယ့် သူက ခပ်ထွေထွေ ဖြစ်ရတဲ့ အရသာကို ကြိုက်နှစ်သက်တဲ့အတွက် သည်အတိုင်းပဲ ထားလိုက်ပါတယ် ။

" အင်း…… ကျသင့်တန်ဖိုး ရှင်းဖို့ အချိန်တန်ပြီ "

ချွင်……ချွင်……ချွင်……

လီဖူချန်းက သီးသန့်ခန်းထဲမှာ တပ်ဆင်ထားတဲ့ ခေါင်းလောင်းလောင်းကို တီးလိုက်ပါတယ် ။

" သခင်လေး …… ဘာများ အလိုရှိပါသလဲ ခင်ဗျာ "

ခေါင်းလောင်းသံ ဆုံးပြီး သိပ်မကြာခင်မှာပဲ စားပွဲထိုး တစ်ယောက်ဟာ သီးသန့်ခန်းထဲကို ရောက်လာခဲ့ပါပြီ ။ သူ့ရဲ့ လေသံကတော့ ရိုသေကျိုးနွံမှု အပြည့်ပါပဲ ။

လီဖူချန်း စားထား၊သောက်ထားတာတွေရဲ့ တန်ဖိုးက မနည်းလှပါဘူး ။သူ ပထမ တစ်ခေါက် မှာထားတာတွေနဲ့ ဒုတိယတစ်ခေါက် မှာထားတာတွေ ပေါင်းလိုက်မယ်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါး ရှိပါတယ် ။သည်လို သုံးဖြုန်းနိုင်တဲ့ ဧည့်သည်တော်မျိုးဟာ စားပွဲထိုးတွေအတွက် ရွှေဧည့်သည် ၊ ငွေဧည့်သည်ပါပဲ ။ တကယ်လို့သာ သူတို့အနေနဲ့ ကံကောင်းမယ်ဆိုရင် ဧည့်သည်တော်ဆီကနေ  အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တော်တော်များများကို ဆုလာဘ်အဖြစ် ရနိုင်တာ မဟုတ်ပါလား ။ ပြီးတော့ ဆိုင်က ရာခိုင်နှုန်းအဖြစ် ပေးတဲ့ ဆုကြေးကလည်း ရှိပါသေးတယ် ။

" ငါ့ကို အရက်အိုး တချို့ နဲ့  ဟင်းလျာတချို့ ထုပ်ပေး "

လီဖူချန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သန်းနီးပါးဖိုးရှိတဲ့ သေရည်တွေနဲ့ ဟင်းလျာတွေကို ထုပ်ပိုးပေးဖို့ မှာလိုက်ပါတယ် ။ သူက သည်သေရည်တွေ နဲ့ ဟင်းလျာတွေကိုတော့ ခရီးသွားရင်း မြည်းစမ်းကြည့်ဖို့ အစီအစဉ် ချထားခဲ့တာပါ ။

လီဖူချန်းရဲ့ အမြင်မှာတော့ တစ်ခါတစ်ရံ သုံးဖြုန်းတာက ကောင်းမွန်တဲ့ အလုပ် တစ်ခုပါပဲ ။ အဲသည်အတွက် သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း သုံးလိုက်မိရင်တောင်မှ နှမြောနေမှာ မဟုတ်ပါဘူး ။

" ဟုတ်ကဲ့ပါ …… သခင်လေး ။ ကျွန်တော် အမြန်ဆုံး စီစဉ်ပေးပါ့မယ် "

စားပွဲထိုးရဲ့ မျက်လုံးတွေကတော့ အရောင်တောက်သွားခဲ့ပါပြီ  ။ သူ့အနေနဲ့ လီဖူချန်း ဆီကနေ ဆုလာဘ်တွေ မရရင်တောင်မှ ဝမ်းနည်းနေစရာ အကြောင်း မရှိတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆိုင်ကနေပြီး အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်ကို ဆုကြေးအဖြစ် ပြန်ရတော့မှာမလို့ပါပဲ ။ အဲဒါက သူလဝက်လောက် အလုပ်လုပ်ပြီး ရထားတဲ့ ဆုကြေးထက်ကို တစ်ဝက်ကျော်လောက် ပိုများနေပါတယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သီးသန့်ခန်းရဲ့ တံခါးကို ဖွင့်လိုက်ပြီး မြေညီထပ်ကိုဆင်းကာ ကျသင့်တန်ဖိုး ရှင်းဖို့ ပြင်ပါတော့တယ် ။

ကျွီ……

တိုင်ပင်ထားရင်တောင်မှ လွဲရင် လွဲနေပါဦးမယ် ။ လီဖူချန်း တံခါး ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် သူနဲ့ မျက်နှာချင်းဆိုင် သီးသန့်ခန်းက တံခါးကလည်း ပွင့်လာခဲ့ပါတယ် ။ မျက်နှာချင်းဆိုင် သီးသန့်ခန်းထဲကနေ ထွက်လာသူတွေကတော့ ရုပ်ချောချာ လူငယ်လေး တစ်ယောက်နဲ့ သူမတူအောင် ချောမောလှပတဲ့ အလှပဂေးလေး တစ်ယောက်ပါပဲ ။

ကြည့်ရတာတော့ သည်နှစ်ယောက်ဟာ အစောပိုင်းက တက်လာတဲ့ မောင်နှမ နှစ်ယောက်ပဲ ဖြစ်ရပါမယ် ။

" အိုး…… လှလိုက်တဲ့ အလှကွာ "

လီဖူချန်းက လူငယ်လေး ဘာဝတ်ထားသလဲ ဆိုတာကိုတော့ သတိမပြုလိုက်မိပါဘူး ။ ဒါပေမဲ့ သူကောင်းကောင်းကြီး သတိပြုမိလိုက်တာကတော့ အလှပဂေးလေးဟာ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြစ် ပြောဖွယ်ရာမရှိ လှလွန်းတယ်  ဆိုတာပါပဲ ။

သူမရဲ့ အလှအပဟာ စုမုယူ ၊ ပိုင်လိရှန်တို့ထက် ဘယ်လိုမှ နိမ့်ကျခြင်း မရှိပါဘူး ။ သူမရဲ့ အလှအပက ရန်ချင်းဟူထက် မဆိုစလောက်ကလေးသာ နိမ့်ကျပါတယ် ။

( note - မေ့နေရင်တော့ နည်းနည်းပြန်ပြီး မိတ်ဆက်ပေးပါမယ် ။

စုမုယူ ဆိုတာကတော့ နတ်စမ်းရေ တောင်ကြားက ချိတ်ကောက်ဓား ကိုင်ဆောင်တဲ့ အလှပဂေးလေး ဖြစ်ပါတယ် ။ သူမက လီဖူချန်းနဲ့ အတူ မြူနှင်းမြေထဲက သင်းချိုင်းဂူကို သွားခဲ့သူ ဆိုရင်လည်း မမှားပါဘူး ။

ပိုင်လိရှန်ကတော့  ရေခဲကြေးမုံ နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ ။ သူမက ကြေးခွံဖြူ ကုန်းမြေတိုက်မှာ လီဖူချန်းရဲ့ လက်ထောက် လုပ်ခဲ့ပါသေးတယ် ။

ရန်ချင်းဟူကတော့ လီဖူချန်း ဆယ်ကျော်သက်ဘဝက တွေ့ခဲ့သူ ဖြစ်ပါတယ် ။ လီဖူချန်း မိုးပြာရောင် ဂိုဏ်းသား ဘဝတုန်းက တာဝန်တစ်ခု ထမ်းဆာင်ရင်း ရေခဲလိုဏ်ဂူ တစ်ခုထဲမှာ ရန်ချင်းဟူ မိမွေးတိုင်း၊ ဖမွေးတိုင်း ခန္ဓာကိုယ်နဲ့ ရေချိုးနေတာကို မြင်ခဲ့ဖူးပါတယ် ။ )

စုမုယူ နဲ့ ပိုင်လိရှန်တို့ဟာ သူမတို့ရဲ့ သက်ဆိုင်ရာ ကုန်းမြေတိုက်ကြီးတွေမှာ ထိပ်တန်း အလှနတ်မိမယ်တွေ ဖြစ်ပါတယ် ။ အဲသည်အချက်နဲ့တင် သည်အပြာရောင် ဝတ်စုံဝတ် မိန်းမပျိုလေးဟာ ဘယ်လောက် လှသလဲ ဆိုတာကို သိနေနိုင်ပါပြီ ။

" မမ …… ပင်ကို ပါရမီ အရည်အချင်းကော ၊ နောက်ခံ မိသားစု အသိုင်းအဝိုင်းမှာပါ တုကူးရှောင်နွန်က အစ်မကို ယှဉ်လို့ ရတယ်နော် ။ ကျွန်တော့်အမြင်မှာတော့ အစ်မ နဲ့ အစ်ကိုတုကူးက လုံးဝ နေနဲ့လ ၊ ရွှေနဲ့မြပဲ "

ရုပ်ချောချော လူငယ်က လီဖူချန်းကို သတိမပြုမိတဲ့ ပုံပါပဲ ။ သူက သူ့အစ်မ ဖြစ်သူကို တုကူးရှောင်နွန် ဆိုသူနဲ့ လိုက်ဖက်တဲ့ အကြောင်းကိုပဲ အားတက်သရော ပြောနေပါတယ် ။

အပြာရောင် ဝတ်စုံဝတ် အလှပဂေးလေးကတော့ တုကူးရှောင်နွန်ကို သဘောကျပုံ မရပါဘူး ။ သူမက အလိုမကျဟန်ဖြင့် မျက်မှောက်ကြုတ်လိုက်ပြီး မေးလိုက်ပါတယ် ။

"ရှောင်ကောင်း …… နင့်ကို တုကူးရှောင်နွန်က သည်လိုပြောဖို့အတွက် ဘယ်လောက် ပေးထားသလဲ "

" ဟာဗျာ…… မမကလည်း ။ ကျွန်တော့်ကို ဘယ်လိုလူစားမျိုး ထင်နေတာလဲ ။ မမက ကျွန်တော့်ကို အထင်သေးလွန်းနေပြီ "

ရုပ်ချောချော လူငယ်က အလျင်အမြန်ပဲ ငြင်းချက် ထုတ်လိုက်ပါတယ် ။ ဒါပေမဲ့ သူက အခုလို အမေးခံလိုက်ရတဲ့အတွက် မပျော်မရွှင် ဖြစ်သွားတာ အသိသာကြီးပါပဲ ။

" တော်စမ်းပါဟယ် ။ သွားတော့ …… ငါနင့်ကို အရေးမစိုက်တော့ဘူး "

အပြာရောင် ဝတ်စုံဝတ် မိန်းမပျိုလေးက သူမရဲ့ မောင်ဖြစ်သူကို ကြိမ်းမောင်းလိုက်ပြီး အရေး မလုပ်တော့ပါဘူး ။ အဲသည်နောက်မှာတော့ သူမရဲ့ မျက်လုံးဟာ မျက်နှာချင်းဆိုင် သီးသန့်ခန်းကနေ ထွက်လာတဲ့ လီဖူချန်းဆီကို မရည်ရွယ်ဘဲ ကျရောက်သွားပါတော့တယ် ။

" ဟင်…… သည်လူ "

အပြာရောင် ဝတ်စုံဝတ် မိန်းမပျိုလေးရဲ့ မျက်နှာ အမူအယာက လေးနက်တည်ကြည် သွားခဲ့ပါပြီ ။

အစကတော့ သူမက မရည်ရွယ်ဘဲ လီဖူချန်းကို သည်အတိုင်းလေး  ကြည့်လိုက်တာပါ ။ ဒါပေမဲ့ အခုတော့ သူမဟာ  သူမရဲ့ အကြည့်တွေကို လီဖူချန်းဆီကနေပြီး ဘယ်ကိုမှ မလွှဲနိုင်တော့ပါဘူး ။

လီဖူချန်းနဲ့ ယှဉ်မယ်ဆိုရင်တော့ နန်ရှန်းမြို့က လူငယ် အကျော်အမော်တွေဟာ အမှိုက်သာသာပါပဲ ။

အဲဒါကို ရုပ်ရည်သွင်ပြင်ကို ပြောနေတာ မဟုတ်ပါဘူး ။ အဲဒါက ကိုယ်ရောင်ကိုယ်ဝါကို ရည်ညွှန်းနေတာ ဖြစ်ပါတယ် ။

နန်ရှန်းမြို့မှာ ရှိတဲ့ လူငယ် အကျော်အမော်တွေ အားလုံးဟာ ရုပ်ရည်ချောမောပြီး မြင့်မြတ်တဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကို ပိုင်ဆိုင်ထားကြပါတယ် ။

ဒါပေမဲ့ လီဖူချန်းကတော့ အဲသည်လို မဟုတ်ပါဘူး ။ သူရဲ့ ကိုယ်ရောင်ကိုယ်ဝါက ပင်လယ်သမုဒ္ဒရာကြီး တစ်စင်းလို နက်နဲလျှို့ဝှက်လှပြီး ခန့်မှန်းရ ခက်ခဲလွန်းပါတယ် ။

သူမက ကိုယ်ရောင်ကိုယ်ဝါကို အကဲခတ်လို့ရတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခု လေ့ကျင့်တတ်မြောက်ထားတယ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး ။ တစ်ဖက်လူက သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ ။ သူမကတော့ ကြည့်မြင်နိုငိပါတယ် ။ အဲသည်အတွက်ကြောင့်လည်း သူမက တူကူးရှောင်နွန်လို့ ခေါ်တဲ့ လူငယ်ကို စိတ်မဝင်စားခဲ့တာပါ ။ သူမရဲ့ အမြင်မှာတော့ တုကူးရှောင်နွန်ဟာ အပြင်ပိုင်းမှာ လှပပြီး အထဲမှာ ပုပ်နေတတ်တဲ့ ကျီးအာသီးလို လူစားမျိုးပါပဲ ။

" တော်သေးတယ် ။ တကယ်လို့သာ ငါ့အနေနဲ့ ကိုယ်ရောင်ကိုယ်ဝါ အကဲခတ်တဲ့ လျှို့ဝှက်နည်းစနစ်ကို မတတ်မြောက်ထားရင်  သူ့ကို သာမန်လူတစ်ယောက်လို့ ထင်နေမိမှာ အမှန်ပဲ ။ အဲဒါဆိုရင် ငါက သူ့ရဲ့ အရည်အသွေးကို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး "

အပြာရောင် ဝတ်စုံဝတ် မိန်းမပျိုက စိတ်ထဲကနေ ပြောလိုက်မိပါတယ် ။

သူမက လီဖူချန်းကို အတော်လေး စိတ်ဝင်စားသွား မိပါပြီ ။

သူမအနေနဲ့ လီဖူချန်းလို ကိုယ်ရောင်ကိုယ်ဝါမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါတာ အမှန်ပါပဲ  ။ သူမရဲ့ အမြင်မှာတော့ နန်ရှန်းမြို့ထဲမှာ ရှိနေတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေတောင်မှ လီဖူချန်းရဲ့ ကိုယ်ရောင်ကိုယ်ဝါကို မမီပါဘူး ။ လီဖူချန်းရဲ့ ကိုယ်ယောင်ကိုယ်ဝါက လုံးဝ ထင်ထင်ရှားရှားကြီး ထွက်ပေါ်နေတာ မဟုတ်ပေမယ့် မယုံနိုင်စရာ ကောင်းလောက်အောင် လွှမ်းမိုးနိုင်စွမ်းအား ကြီးတယ်လို့  ဆိုရပါမယ် ။ ပြီးတော့ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါက မိုးကောင်းကင် တာအိုလို သန့်စင်ပြီး ဓားတာအိုလို ထက်ရှလွန်းနေပါသေးတယ် ။

' ကြည့်ရတာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေပဲ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ယှဉ်နိုင်မယ် ထင်တယ် ။ မဟုတ်မှလွဲရော …… သူက ဒဏ္ဍာရီထဲက ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်များလား '

အပြာရောင် ဝတ်စုံဝတ် မိန်းမပျိုလေးက လီဖူချန်းကို အကဲခတ်မိလေလေ ပိုပြီး စိတ်ဝင်စားလာလေလေပါပဲ ။ အဲသည်အတွက် သူမက လီဖူချန်းကို စတင် နှုတ်ဆက်လိုက်ပါတော့တယ် ။

" သည်ကသခင်လေးက သည်မိုးဦးကျ စားသောက်ဆိုင်ကို မကြာခဏ လာလေ့ရှိသလား မသိဘူးနော် ။ အဲသည်လိုမေးလို့ ရိုင်းတယ် မထင်ပါနဲ့ ။ ညီမက သခင်လေးကို မြင်ဖူးသလိုလို ရှိနေလို့ပါ ။ ညီမ နာမည်က ချီကျွင်းကျွင်းလို့ ခေါ်ပါတယ် "

ချီကျွင်းကျွင်းက နန်ရှန်းမြို့မှာ လီဖူချန်းလို လူမျိုး မရှိဘူး ဆိုတာကို   သေချာပေါက် သိထားပြီးသားပါပဲ ။ တကယ်လို့သာ လီဖူချန်းက သည်မြို့က ဆိုရင်တော့ သူမအနေနဲ့ လီဖူချန်းကို မသိစရာ အကြောင်း မရှိပါဘူး ။ ဒါကြောင့်လည်း သူမက လီဖူချန်းကို စတင် မိတ်ဆက်လိုက်တာပါ ။

ချီကျွင်းကျွင်းရဲ့ အပြုအမူကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရသူကတော့ သူမရဲ့ မောင်ဖြစ်သူ ချီကောင်းဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အစ်မဖြစ်သူက ဆန့်ကျင်ဘက်လိင်တွေ အပေါ်မှာ ဘယ်တုန်းကမှ စကားစတင် မပြောဖူးလို့ပါပဲ ။

" မမ "

" အသာနေစမ်း ။ မသိရင် မသိသလိုနေ "

ချီကောင်းက စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ချီကျွင်းကျွင်းက သူ့ကို တိုးတိုးတိတ်တိတ် မာန်မဲလိုက်ပါတယ် ။

" ဟုတ် "

ချီကောင်းက ပါးစပ် ပိတ်လိုက်ရပါပြီ ။ သူက ဘာမှ ဆက်မပြောရဲတော့ပါဘူး ။ အဲသည်နောက်မှာတော့ သူက သူ့ရဲ့ အကြည့်တွေကို လီဖူချန်းအပေါ်ကို ပြောင်းလိုက်ပြီး အကဲခတ်ပါတော့တယ် ။

' သည်ကောင်က ဘာထူးခြားနေလို့လဲ '

ချီကောင်းအနေနဲ့  ဘယ်လိုပဲ အကဲခတ်ခတ် လီဖူချန်းဟာ ဘယ်လိုမှ ထူးခြားမနေပါဘူး ။သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ တကယ့် သာမန်လူပါပဲ ။

ဒါဆိုရင် ဘာဖြစ်လို့ သူ့ရဲ့ အစ်မဖြစ်သူက တစ်ဖက်လူကို စပြီး မိတ်ဆက် ပြောဆိုရတာလဲ ။ အဲသည်အချက်က ချီကောင်းကို စိတ်ရှုပ်သွားစေတာ  အမှန်ပါပဲ ။

သူ့ရဲ့ အစ်မ ဖြစ်သူဟာ နန်ရှန်းမြို့ တစ်မြို့လုံးမှာ နံပါတ်၁ အလှမယ် ဖြစ်ပါတယ် ။ နန်ရှန်းမြို့ မပြောပါနဲ့ ။ နန်အန်း စီရင်စု တစ်ခုလုံးမှာတောင်မှ သူ့အစ်မရဲ့ အလှကို မီတဲ့သူ မရှိပါဘူး ။

" သည်က သခင်မလေးရဲ့ အမြင်က မှားနေပြီနဲ့ တူတယ် ။ကျွန်တော့် နာမည်က လီဖူချန်းပါ ။ ကျွန်တော်က သည်နန်ရှန်းမြို့က မဟုတ်ပါဘူး ။ သည်မိုးဦးကျ စားသောက်ဆိုင်ကိုလည်း ကျွန်တော်က အခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးတာပါ "

လီဖူချန်းက ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်ပါတယ် ။

" လီဖူချန်းတဲ့လား "

ချီကျွင်းကျွင်းရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါပြီ ။ သည်နာမည်က တကယ်ကို အဓိပါ္ပယ်ရှိတဲ့ နာမည်တစ်ခုပါပဲ ။ တစ်ကယ်လို့  သူမဆီမှာ ကိုယ်ရောင်ကိုယ်ဝါ အကဲခတ်ခြင်း နည်းစနစ် ရှိမနေရင်တော့ သူမဟာ သည်နာမည်ကို သည်အတိုင်း အဓိပါ္ပယ်ရှိတဲ့ နာမည်တစ်ခုပဲလို့ တွေးမိမှာ ဖြစ်ပါတယ် ။

ဒါပေမဲ့ ကိုယ်ရောင်ကိုယ်ဝါ အကဲခတ်ခြင်း နည်းစနစ်နဲ့ လီဖူချန်းကို အကဲခတ်ပြီးတဲ့ အခါမှာတော့ သူမဟာ လီဖူချန်းရဲ့ နာမည်က စကားနဲ့ ဖော်ပြလို့ မရအောင်တောင် နက်နဲတယ်လို့ ခံစားနေရပါတယ် ။

မျောလွင့် ဖုန်မှုန့် ………မျောလွင့်နေတဲ့ ဖုန်မှုန့်ငယ် ……

သည်နာမည်က စဉ်းစားကြည့်လေလေ ပိုပြီး နက်နဲလေလေ ဖြစ်ပြီး    မိုးကောင်းကင်တာအိုကနေတောင် ဆင်းသက်လာသလိုပါပဲ ။

( note - ဖူချန်းဆိုတဲ့ အဓိပါ္ပယ်က မျောလွင့်နေတဲ့ ဖုန်မှုန့်ကို ဆိုလိုတာပါ ။  ရှောင်ဆိုတာကတော့ သေးငယ်တယ်လို့ ပြောချင်တာဖြစ်ပြီး လူဆိုရင်တော့ အသေးလေး ၊ အငယ်လေးလို့ ဆိုလိုတာ ဖြစ်ပါတယ် ။ချီကျွင်းကျွင်းက သူမရဲ့ မောင် ချီကန်းကို " ရှောင်ကန်း"  " ရှောင်လေး"လို့ ခေါ်တာပါ ။ )

" ညီမက သခင်လေးအနေနဲ့ ဘယ်ကို ဆက်ပြီး လည်ပတ်မလဲ ဆိုတာကို သိခွင့် ရှိမလားရှင့် ။ တစ်မျိုးတော့ မထင်ပါနဲ့နော် ။ ညီမက သည်နန်ရှန်းမြို့ရဲ့  ချီကလန်က မျိုးဆက်တစ်ယောက်ပါ ။ ညီမက မြို့ခံဆိုတော့ သခင်လေးလို ဧည့်သည်ကို လမ်းပြပေးနိုင်ပါတယ် "

ချီကျွင်းကျွင်းက သူမကိုယ်သူမ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိခင်မှာဘဲ လီဖူချန်းကို လမ်းပြပေးဖို့အတွက် စကား ခင်းလိုက်မိပါပြီ ။ သူမက ဘယ်လိုဖြစ်ပြီး လီဖူချန်းအပေါ်မှာ သည်လောက် စိတ်ဝင်စားနေရသလဲ ဆိုတာကိုလည်း မသိတော့ပါဘူး ။ သူမက သာမန်အားဖြင့်ဆိုရင် ဆန့်ကျင်ဘက်လိင်တွေ အပေါ်မှာ စပြီး စိတ်မဝင်စားတတ်သူပါ ။

လီဖူချန်းက ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် ။

" အဆင်ပြေတာပေါ့ဗျာ ။ ကျွန်တော်က ကျောက်တုံးလောင်းကစားတာကို နည်းနည်း လေ့လာမလို့ လောင်းကစားရုံကို သွားဖို့ စဉ်းစားနေတာဗျ "

" ရှောင်ကောင်း …… နင်အစောပိုင်းက ကျောက်တုံး လောင်းကစားရုံကို သွားမယ်လို့ ပြောနေတာ မဟုတ်လား ။ သည်က သခင်လေးကလည်း ကျောက်တုံး လောင်းကစားတာကို လေ့လာချင်နေတာတဲ့ ။ ပြီးတော့ မင်းအစ်မ ငါကလည်း အဲဒါကို စူးစမ်းချင်နေတယ် ။ သည်တော့ သည်က သခင်လေးနဲ့ အတူတူ သွားကြရအောင် "

ချီကျွင်းကျင်းက ချီကောင်းဘက်ကို လှည့်ပြီး ပြောလိုက်ပါတယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ချီကျွင်းကျွင်းဟာ ကျောက်တုံး လောင်းကစားရုံကို ရောက်ဖူးပြီးသားပါပဲ ။ ဒါပေမဲ့လည်း ကောင်းကင်ဘုံ ကျောက်တုံး ရဖို့ အခွင့်အရေး ဆိုတာက နည်းပါးလွန်းလှပါတယ် ။ အဲဒါကြောင့်ပဲ သူမက  ကျောက်တုံး လောင်းကစားရုံကို သွားလေ့ မရှိတာပါ ။

" ဟင်…… ငါ့အစ်မက ……"

ချီကောင်းကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါပြီ ။ သူက သူ့အစ်မ ဖြစ်သူကို ကြည့်ပြီး  ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး ။

အစောပိုင်းတုန်းပဲ သူ့အစ်မဖြစ်သူ ချီကျွင်းကျွင်းဟာ ကျောက်တုံးလောင်းကစား လုပ်တာကို မကြိုက်ကြောင်း ၊ သူ ကျောက်တုံး လောင်းကစားလုပ်လို့ သူမဟာ မိုးဦးကျ စားသောက်ဆိုင်ကိုတောင် အရင်လို မလာနိုင်တော့ကြောင်း ညည်းတွားနေခဲ့တာပါ ။ ဒါပေမဲ့လည်း  အခုတော့ သူ့အစ်မ ဖြစ်သူဟာ ကျောက်တုံး လောင်းကစားရုံကို သွားဖို့ သူ့ကို အဖော်ညှိနေခဲ့ပါပြီ ။

ချီကောင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး  လီဖူချန်းကို လှမ်းပြောလိုက်ပါတယ် ။

" ကျောက်တုံး လောင်းကစားရုံက သာမန် နေရာမျိုး မဟုတ်ဘူး ။ကျောက်တုံး လောင်းကစားရုံကို အပိုင်း၃ပိုင်း ခွဲခြားထားတယ် ။ အဒါတွေကတော့ အဆင့်နိမ့် ၊အလယ်အလတ် အဆင့် နဲ့ အဆင့်မြင့်ပဲ ။ အဆင့်နိမ့် အပိုင်းမှာဆိုရင် ကောင်းကင်ဘုံ သတ္တုတုံး တစ်တုံးကို အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ ရောင်းချတယ် ။အလယ်အလတ်အဆင့် အပိုင်းမှာတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းအောက် ကောင်းကင်ဘုံ ကျောက်တုံးတွေကို ရောင်းချလေ့ မရှိဘူး ။ အဆင့်မြင့် အပိုင်းမှာတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာထက် ပိုများတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေပဲ ရောင်းတယ် ။ကျုပ် ခင်ဗျားကို အကြံတစ်ခု ပေးလိုက်မယ် ။ ကျောက်တုံးလောင်းကစားရုံကို မသွားခင် နောက်ထပ် တစ်ကြိမ် ပြန်စဉ်းစားဦး ။ ခင်ဗျားတို့လို ဘာမှ မသိ ၊ နားမလည်တဲ့  လူတွေက ကျောက်တုံး လောင်းကစားမှာ ကုန်းကောက်စရာ မရှိအောင် မွဲပြာကျသွား တတ်တယ်နော "

လီဖူချန်းက ခေါင်းခါလိုက်ပြီး

" ကျုပ်က လောင်းကစားဖို့ သွားမှာ မဟုတ်ပါဘူး။ ကျုပ်က သည်အတိုင်း နည်းနည်းပါးပါး လေ့လာကြည့်ရုံတင်ပါ "

" ဟုတ်ပြီလေ "

လီဖူချန်းက လေ့လာရုံတင်လို့ ပြောနေမှတော့ ကျင်းကောင်းက ဆက်ပြီး ပြောမနေတော့ပါဘူး ။

အဲသည်နောက်မှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ မြေညီထပ်ကို ဆင်းသွားကြပြီး ကျသင့်တန်ဖိုးကို ပေးချေဖို့ ပြင်ကြပါတော့တည် ။

"သခင်မလေးချီ …… သခင်မလေးရဲ့ ကျသင့်တန်ဖိုးက အဆင့်နိမ့် ဝိညာကျောက်တုံး ရှစ်သောင်း ကျသင့်ပါတယ် ။ လက်ငင်း ရှင်းသွားမှာပါလား ခင်ဗျာ "

မိုးဦးကျ စားသောက်ဆိုင်ရဲ့ စာရင်းကိုင်ချုပ်က ချီကျွင်းကျွင်းကို ပြုံးပြီး ပြောလိုက်ပါတယ် ။

ချီကျွင်းကျွင်းက ခေါင်းခါလိုက်ပြီး

" အဲဒါကို စာရင်းထဲ ပေါင်းထည့်ထားလိုက် "

အဓိက ကလန်တွေရဲ့ မျိုးဆက်တွေဟာ မြို့တွင်းမှာ ရှိသမျှ ဆိုင်တွေမှာ သူတို့ရဲ့ စာရင်း ဖွင့်ခွင့် ရထားတဲ့ အခွင့်ထူးခံတွေလို့ ဆိုရပါမယ် ။ သူတို့က လတစ်လ အကုန် ဒါမှမဟုတ် နှစ်တစ်နှစ် အကုန်မှ စာရင်းအကုန်ပေါင်းပြီး ရှင်းလေ့ရှိတာ ဖြစ်ပါတယ် ။

" သခင်လေးခင်ဗျား …… သခင်လေးရဲ့ စားသောက်ထားတဲ့ တန်ဖိုးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂.၉၈သန်း ကျသင့်ပါတယ် ။ သခင်လေးကို ကျွန်တော်က မိတ်ဖြစ်ဆွေဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈သောင်း လျော့ပေးပါမယ် ။ အဲသည်အတွက် သခင်လေးက ကျွန်တော့်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂.၉သန်း ပေးချေရင် ရပါပြီ  "

လီဖူချန်း စားသောက်ထားတဲ့ ကျသင့်ငွေကို ကြားလိုက်ရတဲ့ အချိန်မှာတော့ လူအားလုံးဟာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါပြီ ။

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃သန်း နီးပါးကို တစ်ထိုင်တည်း သုံးလိုက်တယ် ။ ဟုတ်လား   "

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းရာချီ ပိုင်တဲ့သူတွေတောင်မှ  သည်လို လက်လွှတ်စပယ် မသုံးဖြုန်းရဲပါဘူး ။

***

All Chapters