တုကူးရှောင်နန်
Vol. 41 Ch. 552
လေးထပ်မြောက်မှာ ခင်းကျင်းပြသထားတဲ့ ကောင်းကင်ဘုံ သတ္တုတုံး အရေအတွက်ကတော့ တစ်ထောင်နီးပါးပါပဲ ။ ဒါပေမဲ့လည်း ကောင်းကင်ဘုံကျောက်တုံး ပါဝင်နှုန်းကတော့ သတ္တုတုံး တစ်ရာမှာ နှစ်ခု ၊သုံးခုလောက်သာ ရှိပါတယ် ။
လီဖူချန်းအနေနဲ့ ကောင်းကင်ဘုံ သတ္တုတုံးကို ထွင်းဖောက်ကြည့်နိုင်တဲ့ သူ့ရဲ့ စွမ်းရည်ပေါ်သွားမှာကိုတော့ စိုးရိမ်နေစရာ လိုမှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကောင်းကင်ဘုံ ကျောက်တုံး ပါဝင်တဲ့ သတ္တုတုံးတွေအပြင် အခြား သတ္တတုံးတွေကိုပါ ရွေးပြီး ဝယ်ခဲ့လို့ပါပဲ ။ သူက စုစုပေါင်း ကောင်းကင်ဘုံ သတ္တုတုံး ၅၈တုံး ဝယ်ပြီး ကျသင့်တန်ဖိုးအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၈သန်းကျော် ပေးချေခဲ့ရပါတယ် ။
' အင်း…… ငါးထပ်မြောက်ကိုလည်း တစ်ချက်လောက် တက်ကြည့်ဦးမှ '
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဝန်ထမ်းတစ်ယောက်ရဲ့ လမ်းပြမှုနဲ့ ငါးထပ်မြောက်ကို တက်သွားခဲ့ပါပြီ ။
လေးထပ်မြောက်နဲ့ ယှဉ်မယ် ဆိုရင်တော့ ငါးထပ်မြောက်မှာရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေဟာ အပေါ်ယံ အမြင်အားဖြင့် ပိုကောင်းတယ်လို့ ဆိုရပါမယ် ။ ဒါပေမဲ့ ဈေးကလည်း မနည်းလှပါဘူး ။ ငါးထပ်မြောက်မှာရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေရဲ့ ဈေးနှုန်းက လေးထပ်မြောက်မှာ ရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေရဲ့ နှစ်ဆနီးပါး ရှိပါတယ် ။
" အိုး……သခင်လေးလီ ။ ခင်ဗျားကော သည်အထပ်ကို ရောက်လာတာလား ။ အတော်ပဲဗျို့ ။ ခင်ဗျားကို မိတ်ဆက်ပေးရဦးမယ် ။ ဒါက တုကူးရှောင်နန်တဲ့ ။ နန်ရှန်းမြို့ရဲ့ အဓိက ကလန်ကြီးလေးခုဖြစ်တဲ့ တုကူးကလန်ရဲ့ မျိုးဆက်ပေါ့ဗျာ ။ နန်ရှန်းမြို့ရဲ့ လူငယ်မျိုးဆက်ထဲမှာ အစွမ်းအထက်ဆုံး ဆိုရင်လည်း မမှားဘူးဗျို့ "
" အစ်ကိုရှောင်နန်…… သည်က သခင်လေးကတော့ လီဖူချန်းတဲ့ "
ချီကောင်းကတော့ ကျောက်တုံးလောင်းကစားရုံရဲ့ ငါးထပ်မြောက်ကို ဘယ်အချိန်ကတည်းက ရောက်နေတယ် မသိပါဘူး ။ သူက လီဖူချန်းကို မြင်တာနဲ့ တစ်ပြိုင်နက် လှမ်းခေါ်လိုက်ပြီး သူ့ဘေးမှာ ရှိနေတဲ့ အနက်ရောင် ဝတ်စုံဝတ် ရုပ်ချောချော လူငယ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။
" ချီကောင်း…… မင်းရဲ့ အစ်မက ဘယ်ရောက်နေတာလဲ "
တုကူးရှောင်နန်ကတော့ လီဖူချန်းကို ဂရုမစိုက်တဲ့ ပုံပါပဲ ။ သူက ချီကောင်းကိုပဲ အရေးစိုက်ပြီး စကားပြောနေပါတယ် ။
" ဟုတ်သားပဲ ။ သခင်လေးလီ …… ကျုပ်ရဲ့ အစ်မကောဗျ "
ချီကောင်း မှတ်မိသလောက် ဆိုရင်တော့ သူတို့ လမ်းခွဲတုန်းက သူ့ရဲ့ အစ်မဖြစ်သူဟာ လီဖူချန်းနဲ့ အတူတူ ကျန်နေခဲ့တာပါ ။ ဒါကြောင့် သူက လီဖူချန်းကို မေးလိုက်တာ ဖြစ်ပါတယ် ။
" ဟမ် "
ချီကောင်းရဲ့ စကားကို အကြားမှာတော့ တုကူးရှောင်နန်ဟာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက လီဖူချန်းဘက်ကို လှည့်ကြည့်လိုက်ပါတယ် ။
' သည်ကောင်က ချီကျွင်းကျွင်းနဲ့ အတူတူ ရှိနေခဲ့တာလား '
လီဖူချန်းက ပြုံးလိုက်ပြီး "ကျုပ်လည်း သေချာ မသိဘူးဗျ ။ ကျုပ်အထင်တော့ သခင်မလေးချီက လေးထပ်မြောက်မှာပဲ ရှိနေလောက်သေးတယ် "
" ဟုတ်လား ။ အစ်ကို ရှောင်နန် ဒါဆိုရင်တော့ စိတ်မပူနဲ့တော့ ။ ကျွန်တော့်ရဲ့ အစ်မ သည်ကို မကြာခင် သေချာပေါက် ရောက်လာလိမ့်မယ် ။ ဒါနဲ့ စကားမစပ်ဗျာ ။ အစ်ကိုရှောင်နန်နဲ့ အတူ ပါလာတဲ့ လောင်းကစားဝိဇ္ဇာကို ကျွန်တော့်အတွက် အဲသည်တ္တုတုံးကို ကြည့်ပေးဖို့ အကူအညီ တောင်းပေးလို့ ရမလား "
လီဖူချန်းရဲ့ အဖြေကို ရပြီးတဲ့နောက်မှာတော့ ချီကောင်းက တုကူးရှောင်နန်ကို လှမ်းပြောလိုက်ပါတယ် ။ သူရည်ညွှန်းတဲ့ သတ္တုတုံးဆိုတာကတော့ သူတို့အနားမှာ ရှိနေတဲ့ တစ်မီတာခွဲ အရွယ် ကောင်းကင်ဘုံ သတ္တုတုံးပါပဲ ။
" အကြီးအကဲလျူ…… သူ့ကို တစ်ချက်လောက် ကူပြီး ကြည့်ပေးလိုက်စမ်းပါ "
တုကူးရှောင်နန်က ချီကောင်းရဲ့ အကူအညီတောင်းခံမှုကို မငြင်းပါဘူး ။ သူက ဘေးနားမှာ ရှိနေတဲ့ အဘိုးအိုဘက်ကိုလှည့်ပြီး အမိန့်ပေးလိုက်ပါတယ် ။
အဲသည်အဘိုးအိုရဲ့ မျက်လုံးတွေကတော့ စူးရှတောက်ပြောင်နေပြီး သူ့ကို ကြည့်ရတာက ကျောက်တုံးလောင်းကစားမှာ အတော်လေး ဝါရင့်နေပုံပါပဲ ။ သူက နိမ့်ချသော လေသံနဲ့ ပြောလာခဲ့ပါတယ် ။
" ကျုပ်က ကျောက်တုံး လောင်းကစား ဝိဇ္ဇာဆိုတဲ့ နာမည်ကိုတော့ မခံယူဝံ့ပါဘူး ။ ကျုပ်က သည်အတိုင်း အတွေ့အကြုံ နည်းနည်းပါးပါးပဲ ရှိတာပါ ။ ဒါပေမဲ့ ကျုပ်က သခင်လေးချီအတွက် သည်သတ္တုတုံးကို ကြည့်ပေးပါ့မယ် "
ကျောက်တုံး လောင်းကစား လောကမှာတော့ ထူးချွန်တဲ့ လူပုဂ္ဂိုလ်တွေကို ကျောက်တုံးလောင်းကစား ကျွမ်းကျင်သူတွေလို့ ခေါ်လေ့ ရှိပါတယ် ။ အဲသည် သူတွေက ကောင်းကင်ဘုံ သတ္တုတုံးတွေကို ဝယ်ယူရာမှာ ကိုယ်ပိုင်ဟန်နဲ့ လေ့လာကာ ဝယ်ယူလေ့ ရှိကြပြီး ဆယ်ကြိမ်မှာ ကောင်းကင်ဘုံ ကျောက်တုံး တစ်ကြိမ် ၊ နှစ်ကြိမ်လောက်ပါအောင် ဝယ်ယူနိုင်တဲ့ သူတွေပါ ။
ကျောက်တုံးလောင်းကစား ဝိဇ္ဇာတွေကတော့ ကျောက်တုံးလောင်းကစား ကျွမ်းကျင်သူတွေထက် ပိုအဆင့်မြင့်ပါတယ် ။
ကျောက်တုံးလောင်းကစား ဝိဇ္ဇာတွေက အလွယ်တကူနဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေကို ဝယ်ယူလေ့ မရှိပါဘူး ။တကယ်လို့ သူတို့ ဝယ်ပြီဆိုရင်လည်း အဲသည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိဖို့ ရာခိုင်နှုန်းက အတော်လေး များနေလို့ပါပဲ ။ ယေဘုယျအားဖြင့် ဆိုရင်တော့ သူတို့ဟာ ကောင်းကင်ဘုံ သတ္တုတုံး သုံးတုံး ဝယ်ယူတိုင်းမှာ တစ်တုံးဟာ ကောင်းကင်ဘုံ ကျောက်တုံး ပါဝင်တဲ့ သတ္တုတုံး ဖြစ်နေလေ့ ရှိပါတယ် ။
သည်နေရာမှာ တစ်ချက် သိထားရမှာကတော့ ကျောက်တုံး လောင်းကစား ကျွမ်းကျင်သူတွေကော ကျောက်တုံး လောင်းကစား ဝိဇ္ဇာတွေကပါ သူတို့ရဲ့ နာမည် ဂုဏ်သိက္ခာကို အင်မတန် တန်ဖိုးထားတယ် ဆိုတာပါပဲ ။ အဲသည်အတွက် သူတို့က အနည်းဆုံး ၃၀ရာခိုင်နှုန်း ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်းလောက် မသေချာဘဲနဲ့ ကျောက်တုံး လောင်းကစားကို မပြုလုပ်ကြပါဘူး ။
" ဟား……ဟား…… ။ တကယ်လို့ အကြီးအကဲလျူကို ကျောက်တုံးလောင်းကစား ဝိဇ္ဇာလို့ မသတ်မှတ်ရင် သည်နန်ရှန်းမြို့မှာ ကျောက်တုံးလောင်းကစား ဝိဇ္ဇာ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူးဗျို့ "
ချီကောင်းက အကြီးအကဲလျူကို မြှောက်ပင့် ပြောဆိုလိုက်ပါတယ် ။
" ဟား……ဟား…… ချီသခင်လေးကတော့ သည်အဘိုးကြီးကို မြှောက်ပင့်လွန်းနေပါပြီ ။ အင်း…… ဘယ်တတ်နိုင်မလဲ ။ ချီသခင်လေးက သည်လောက်အထိ ကျုပ်ကို ယုံကြည်မှု ရှိနေမှတော့ ကျုပ်က သခင်လေးကို တစ်ချက်ကူပြီး ကြည့်ပေးရတော့မှာပေါ့ "
အကြီးအကဲလျူရဲ့ မျက်နှာကတော့ ဘာမှ မပြောင်းလဲသွားပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ ဂုဏ်ယူဝံ့ကြွားမှုကြောင့် တောက်ပြောင်လာခဲ့ပါပြီ ။
စကားဆုံးတဲ့နောက်မှာတော့ အကြီးအကဲလျူဟာ ချီကောင်း ကြည့်စေချင်တဲ့ ကောင်းကင်ဘုံ သတ္တုတုံးအနားကို လျှောက်သွားပြီး သတ္တ္တုတုံးရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေကို သေသေချာချာ လေ့လာဆန်းစစ်ပါတော့တယ် ။
အချိန်အတိုင်းအတာ တစ်ခုအထိ လေ့လာဆန်းစစ်ပြီးတဲ့ နောက်မှာတော့ အကြီးအကဲလျူက
" သည်သတ္တုတုံးမှာ ရှိနေတဲ့ အင်းကွက်တွေက အတော်လေး ထသ်ရှားပြတ်သားတယ် ။ ဒါပေမဲ့ သိပ်အရှင်းကြီးတော့ မဟုတ်ဘူး ။ ကျုပ်အမြင်အရ ဆိုရင်တော့ သည်သတ္တုတုံးထဲမှာ အခဲတစ်ခဲ သေချာပေါက် ရှိလိမ့်မယ် ။ ပုံမှန်အားဖြင့် ဆိုရင်တော့ သည်လို သတ္တုတုံးတွေဟာ ကောင်းကင်ဘုံ ကျောက်တုံး ရှိဖို့ ရာခိုင်နှုန်းများတဲ့ သတ္တ္တုတုံးတွေပဲ ။ သည်အဘိုးကြီးက ချီသခင်လေးကို သည်သတ္တုတုံး ဝယ်ဖို့ အကြံပေးလိုပါတယ် "
"အိုး…… တကယ်လားဗျ "
ချီကောင်းရဲ့ နှလုံးခုန်သံတွေကတော့ စတင် မြန်လာခဲ့ပါပြီ ။
သူ့ရှေ့မှာ ရှိနေတဲ့ သတ္တုတုံးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းခွဲ တန်ဖိုး ရှိပါတယ် ။ တကယ်လို့ သူ့အနေနဲ့ သည်သတ္တုတုံးထဲကနေပြီး အညံ့စား ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ရခဲ့မယ် ဆိုရင်တောင်မှ အဲသည်တန်ဖိုးဟာ နည်းမှာမဟုတ်ပါဘူး။ အဲဒါက အနည်းဆုံး သူ့အရင်းရဲ့ ဆယ်ဆပါပဲ ။
" သခင်လေးချီ …… သည်သတ္တုတုံးမှာ ရှိနေတဲ့ အင်းကွက်တွေက အတော်လေး ထင်ရှားပြတ်သားတာတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ အထဲမှာ ဖြစ်တည်နေတဲ့ အခဲက ကောင်းကင်ဘုံ ကျောက်တုံးအဖြစ် ဖွဲ့စည်းပြီးပြီလားဆိုတာကတော့ မသေချာဘူးနော် ။ သေချာ စဉ်းစားပါဦး ။ အဲဒါက ခင်ဗျားကို အတော်လေး ဆုံးရှုံးစေလိမ့်မယ် "
အဲသည်အချိန်မှာပဲ အသံတစ်သံက ချီကန်းရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။
အဲသည်အသံ ပိုင်ရှင်ကတော့ လီဖူချန်းပါပဲ ။
လီဖူချန်းရဲ့ စကားတွေက အတော်လေး ယုတ္တိရှိတယ်လို့ ဆိုရပါမယ် ။ ဒါပေမဲ့လည်း လီဖူချန်းက သူ့ဆီမှာ ကျောက်တုံးလောင်းကစား အတွေ့အကြုံ မရှိဘူးလို့ သူ့ကို ပြောခဲ့ဖူးပါတယ် ။ အဲသည်အတွက် ချီကောင်းက လီဖူချန်းရဲ့ ပြောစကားကို မယုံရဲပါဘူး ။
နောက်ဆုံးမှာတော့ ချီကောင်းက အကြီးအကဲလျူရဲ့ စကားကိုပဲ နားထောင်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းခွဲတန်တဲ့ ကောင်းကင်ဘုံ သတ္တုတုံးကို ဝယ်လိုက်ပါတော့တယ် ။
လီဖူချန်းကတော့ ချီကောင်းကို ဆက်ပြီး တားမနေတော့ပါဘူး ။ ဒါက ချီကောင်းရဲ့ ပိုင်ဆိုင်မှုပါပဲ ။ ချီကောင်းက သည်သတ္တုတုံးကို ဖြတ်ပြီး ရှုံးသွားရင်လည်း သူ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေပဲ ဆုံးရှုံးရမှာပါ ။လီဖူချန်းအတွက်ကတော့ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး ။
" ကျုပ်အတွက် သည်သတ္တုတုံးကို ဖြတ်ပေးစမ်းပါ "
ချီကောင်းက အတော်လေး စိတ်မြန်လက်မြန် ရှိသူလို့ ဆိုရပါမယ် ။
သူက လီဖူချန်းလို သတ္တုတုံးကို သိမ်းဆည်းမနေဘဲ ဘေးနားမှာ ရှိနေတဲ့ သတ္တုတုံး ဖြတ်တဲ့နေရာကို တန်းသွားလိုက်ပြီး သူ ဝယ်ထားတဲ့ သတ္တုတုံးကို ဖြတ်ခိုင်းလိုက်ပါတယ် ။
ဒါကလည်း ချီကောင်းရဲ့ အမှားတော့ မဟုတ်ပါဘူး ။ သူ့ဆီမှာက သူ့အစ်မ ပေးထားတဲ့ ဝိညာဉ်ကျောက်တုံး ၅သိန်းသာ ရှိတာပါ ။အဲသည်အတွက် သူ့အနေနဲ့ သည်သတ္တုတုံးကို မဖြတ်ရင် နောက်ထပ် ရင်းနှီးစရာ ဝိညာဉ်ကျောက်တုံး ရှိတော့မှာ မဟုတ်ပါဘူး ။ ပြီးတော့ သူက သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိမယ်လို့ အပိုင် တွက်ထားခဲ့တာလည်း ဖြစ်ပါတယ် ။
" ဟေ့…… ဟိုဘက်မှာ တစ်ယောက်ယောက်က သတ္တုတုံးဖြတ်ဖို့ ပြင်နေပြီ ။ အမြန်သွားကြည့်ရအောင် "
" ဟုတ်လား…… ။ စိတ်ဝင်စားစရာပဲ ။ သွားကြတာပေါ့ "
တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ သတ္တုတုံး ဖြတ်တော့မယ် ဆိုတာကို ကြားသိပြီးတဲ့ နောက်မှာတော့ လူတွေဟာ ဝိုင်းအုံလာခဲ့ကြပါပြီ ။
သည်လို သတ္တုတုံး ဖြတ်တဲ့ မြင်ကွင်းဟာ လူတွေအတွက် ပညာယူဖို့ အကောင်းဆုံး အချိန်ပါပဲ ။
တကယ်လို့ သတ္တုတုံးထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိနေခဲ့မယ် ဆိုရင် သူတို့တွေဟာ အဲသည် ဖြတ်လိုက်တဲ့ ကောင်းကင်ဘုံ သတ္တုတုံးရဲ့ အင်းကွက်တွေကို လေ့လာကြမှာ ဖြစ်ပါတယ် ။
တကယ်လို့ သတ္တုတုံးထဲမှာ ကောင်းကင်ဘုံကျောက်တုံး ရှိမနေခဲ့ရင်တော့ သူတို့ဟာ အဲသည်ကောင်းကင်ဘုံ ကျောက်တုံးပေါ်က အင်းကွက်တွေ အလွတ် ကျက်မှတ်ကြမှာပါ ။ နောက်တစ်ခါ သည်လို အင်းကွက်မျိုးနဲ့ ဆင်တဲ့ သတ္တုတုံးကို တွေ့ရင် အလွယ်တကူ မဝယ်မိစေဖို့ပေါ့ ။
ကောင်းကင်ဘုံ သတ္တုတုံးတွေဟာ အလွန်မာကျောတဲ့ အရာတွေ ဖြစ်ပါတယ် ။ တကယ်လို့ သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်က သည်ကောင်းကင်ဘုံ သတ္တုတုံးတွေကို ပိုင်းဖြတ်ချင်တယ်ဆိုရင် အားကုန် မသုံးဘဲနဲ့ လုံးဝ မရနိုင်ပါဘူး ။
အဲသည်အတွက် ကျောက်တုံး လောင်းကစားရုံတွေက သူတို့ရဲ့ လောင်းကစား ရုံတွေမှာ သတ္တုတုံးသီးသန့် ဖြတ်တဲ့ ဓားတွေကို ဝယ်ယူထားလေ့ ရှိပါတယ် ။ အဲသည်ဓားတွေရဲ့ တန်ဖိုးကလည်း အတော်လေး ဈေးကြီးတဲ့ အထဲမှာ ပါပါတယ် ။ သတ္တ္တုတုံးဖြတ် ဓားတွေနဲ့ ဆိုရင်တော့ ကောင်းကင်ဘုံ သတ္တုတုံးတွေကို ဖြတ်ဖို့အတွက် အားသိပ်စိုက်စရာ လိုတော့မှာ မဟုတ်ပါဘူး ။ သတ္တ္တုတုံးဖြတ် ဓားတွေက ကောင်းကင်ဘုံ သတ္တ္တုတုံးတွေကို အလွယ်တကူပဲ နှစ်ပိုင်း ခြမ်းပစ်နိုင်ပါတယ် ။
" ချီသခင်လေး …… ဒါဆိုရင် ကျွန်တော် စပြီး ဖြတ်ပါတော့မယ် "
သတ္တုတုံးဖြတ်သမားက ချီကောင်းကို အသိပေးလိုက်ပါတယ် ။
" အေး…… ဖြတ်ဖြတ် ။ မြန်မြန်သာ ဖြတ်စမ်းကွာ "
ချီကောင်းက အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါပြီ ။သူက လုံးဝကို စိတ်မရှည်တော့ပါဘူး ။
' သည်သတ္တ္တုတုံးထဲမှာ ကောင်းကင်ဘုံကျောက်တုံး ရှိနေမှ ဖြစ်မယ် '
သူက စိတ်ထဲကနေ ကျိတ်ပြီး ပြောလိုက်ပါသေးတယ် ။
ရွှပ်……
ချီကောင်းဆီက ခွင့်ပြုချက်ကို ရပြီးတဲ့ အခါမှာတော့ သတ္တ္တုတုံးဖြတ် သမားဟာ သတ္တ္တုတုံးဖြတ်ခြင်း လုပ်ငန်းကို စတင်ပါတော့တယ် ။ သည်ဖြတ်ချက်က အတော်လေး သေသပ်တဲ့ ဖြတ်ချက်ပါပဲ ။ အဲဒါက ကောင်းကင်ဘုံ သတ္တုကျောက်တုံးကို တိတိရိရိ ပိုင်းဖြတ်ပြီး နှစ်ပိုင်းအဖြစ် ပြောင်းသွားစေပါတယ် ။ဒါပေမဲ့ သတ္တုတုံးရဲ့ အလယ်ဗဟိုမှာတော့ ကောင်းကင်ဘုံ ကျောက်တုံး ရှိမနေခဲ့ပါဘူး ။
" သေစမ်း…… ကံဆိုးပြီဟ "
" အခြေအနေက မဟန်တော့ဘုး "
" ဘာတွေ လောနေကြတာလဲ ။ ကောင်းကင်ဘုံ ကျောက်တုံးတွေက သတ္တ္တုတုံးရဲ့ အလယ်ဗဟိုမှာပဲ ဖြစ်တည်တတ်တာမှ မဟုတ်တာ ။ တခြားနေရာတွေမှာလည်း ရှိရင် ရှိနေမှာပေါ့ဟ "
" မှန်တယ် ။ သည်သတ္တ္တုတုံးပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေက အတော်လေး ထင်ရှားပြတ်သားနေတယ် ။ ကျုပ်အမြင်အရ ပြောရရင် သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး ရှိနေဖို့က အနည်းဆုံး ၇၀ ရာခိုင်နှုန်းပဲ ။ တောက်…… အစောပိုင်းတုန်းက သည်သတ္တုတုံးကို ဝယ်လိုက်ရမှာကွာ "
လူတွေက တဖြည်းဖြည်း ပိုပြီး စုရုံး ရောက်ရှိလာကြသလို ဆွေးနွေးမှုတွေကလည်း စတင် အစပျိုးလာခဲ့ပါပြီ ။
ရွှပ်……
ရွှပ်…………
ရွှပ်……………………
သတ္တုတုံးဖြတ်သမားကတော့ အေးအေးဆေးဆေးပဲ သတ္တုတုံးကို တစ်ချက်ပြီးတစ်ချက် ပိုင်းဖြတ်နေပါတယ် ။
ကောင်းကင်ဘုံ ကျောက်တုံးတွေက သတ္တုတုံးတွေထက် ဆယ်ဆမက မာကျောတယ်ဆိုတာ အားလုံး အသိပါပဲ ။ အဲသည်အတွက် သတ္တုတုံးဖြတ်ဓားနဲ့တောင်မှ သူဟာ ကောင်းကင်ဘုံ ကျောက်တုံးကို ထိခိုက်ပျက်စီးအောင် လုပ်နိုင်စရာ အကြောင်း မရှိပါဘူး ။ အဲဒါကြောင့်ပဲ သူက စိတ်အေးလက်အေးနဲ့ သတ္တုတုံးကို ပိုင်းဖြတ်နေခဲ့တာ ဖြစ်ပါတယ် ။
ရွှပ်……
ရွှပ်…………
ရွှပ်………………………
၁၀၈ကြိမ်တိတိ ပိုင်းဖြတ်ပြီးသွားခဲ့ပြီ ဖြစ်ပေမယ့် ကောင်းကင်ဘုံ ကျောက်တုံးရဲ့ အရိပ်အယောင်က ပေါ်မလာသေးပါဘူး ။
ချီကောင်းရဲ့ မျက်နှာကတော့ အတော်လေး ဖြူလျော့နေခဲ့ပါပြီ ။ဒါပေမဲ့ သူက ကောင်းကင်ဘုံ ကျောက်တုံးကို မျှော်လင့်မိနေဆဲပါပဲ ။
သည်သတ္တုတုံးရဲ့ တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းခွဲ ဖြစ်ပါတယ် ။ ချီကောင်း ကျောက်တုံးလောင်းကစား မလုပ်ခင်ကဆိုရင် သည်ပမာဏဟာ သူ့အတွက် ဘာမှမဟုတ်တဲ့ ပမာဏ တစ်ခုပါပဲ ။ ဒါပေမဲ့ အခုတော့ အဲသည်လို မဟုတ်တော့ပါဘူး ။ သူက အခုအချိန်မှာ ပိုင်ဆိုင်တာဆိုလို့ ဘာဆိုဘာမှ မရှိတော့တဲ့ အခြေအနေပါ ။ ဒါက သူ့ရဲ့ နောက်ဆုံး အသက်ကယ် ကျူရိုးလေး တစ်မျှင်လို့တောင် ဆိုရင် ဆိုလို့ ရနေပါပြီ ။
၃၆၀ကြိမ်တိတိ ပိုင်းဖြတ်ပြီးတဲ့နောက်မှာတော့ ချီကောင်းဟာ သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို စွန့်ပစ်လိုက်ပါတော့တယ် ။ အခုဆိုရင် သူ့ရဲ့ ကောင်းကင်ဘုံ သတ္တုတုံးဟာ လက်ညှိုးတစ်ချောင်း အထူသာ ရှိတဲ့ သတ္တု အပိုင်းအစတွေဘဝ ရောက်နေခဲ့ပါပြီ ။ ကောင်းကင်ဘုံ ကျောက်တုံး ရှိနေဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်တော့ပါဘူး ။
' ဟင်း…… အစတုန်းကတည်းက သည်အဘိုးကြီးစကား နားမထောင်ဘဲ သခင်လေးလီရဲ့ စကား နားထောင်လိုက်ရင် အကောင်းသားကွာ '
ချီကောင်းက အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ အကြီးအကဲလျူကို လှမ်းကြည့်လိုက်ပါတယ် ။
အကြီးအကဲလျုရဲ့ မျက်နှာကလည်း လုံးဝ မကောင်းတော့ပါဘူး ။ သူက သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံကျောက်တုံး ရှိနေလိမ့်မယ်လို့ ချီကောင်းကို အာမခံထားတာ မဟုတ်ပါလား ။
တုကူးရှောင်နန်ကတော့ ချီကောင်းကို လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆက်သွယ်ပြီး နှစ်သိမ့်ဖို့ ကြိုးစားနေပါတယ် ။
" ချီကောင်း…… ဘာမှ စိတ်ဓာတ်ကျမနေနဲ့ ။ ကျောက်တုံးလောင်းကစား ဆိုတာက သည်လိုပဲ ။ သည်လောင်းကစားမှာက ၁၀၀ ရာခိုင်နှုန်း သေချာတယ်ဆိုတာ ဘယ်တုန်းကမှ မရှိဖူးဘူး ။ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေတောင်မှ ၁၀၀ ရာခိုင်နှုန်း မှန်အောင် ထိုးဖောက် ကြည့်နိုင်တာမှ မဟုတ်တာ ။ ဟုတ်တယ်မလား ။ အဲသည်တော့ အကြီးအကဲလျူကို အပြစ်မြင် မနေနဲ့ ။ မင်းရဲ့ ကံကိုမှ မကောင်းတာလို့ပဲ တွေးပြီး စိတ်ဖြေလိုက်တော့ "
' တောက် …… အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ ။ ငါကိုမှ ပါးစပ်ယားပြီး သည်ကောင့်ကို အကူအညီ သွားတောင်းမိတာကိုး '
ချီကောင်းကတော့ အကြီးအကဲလျူနဲ့ တုကူးရှောင်နန်ကို ပြေးပြီး ထိုးပစ်ချင်နေပါပြီ ။ ဒါပေမဲ့လည်း မကောင်းတတ်တဲ့အတွက် သူက အံကို တင်းတင်းကျိတ်ပြီးသာ သူ့ရဲ့ ဒေါသတွေကို မျိုသိပ်လိုက်ရပါတော့တယ် ။
' ဒါနဲ့ နေပါဦး ။ လီဖူချန်းတစ်ယောက် ဘယ်ရောက်သွားပါလိမ့် '
ချီကောင်းက လီဖူချန်းကို ရုတ်တရက် သတိရမိလိုက်တဲ့အတွက် ရှာလိုက်ချိန်မှာတော့ လီဖူချန်းကို ရှာမတွေ့တော့ပါဘူး ။
***