လောကသခင်ခန္ဓာ၏ ဒဏ္ဍာရီ
Vol. 37 Ch. 503
မျိုးဆက်ဟောင်း လူသားဧကရာဇ်အားလုံး အမူအရာများ ထူးဆန်းနေကြပြီး တိတ်ဆိတ်သွားကြသည်။
ထို့ယွီ၏သင်္ချာစွမ်းရည်မှာ တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသောကြောင့် သူတို့ထဲတွင် အားအကိုးရဆုံးဖြစ်၏။ သို့တိုင်အောင် လောကသခင်ခန္ဓာချင်နှင့် ရင်ဆိုင်ရသည့်အခါ သူ၏သင်္ချာစွမ်းရည်ဖြင့်ပင် မှားတွက်မိခဲ့သည်။
ချင်မူ့လို ‘လောကသခင်ခန္ဓာ’ ရှေ့မှောက်တွင် တစ်ချက်လေး မှားသွားသည်နှင့် မျက်နှာမဖော်ဝံ့အောင် အရှက်ကွဲရလိမ့်မည်။ ထို့ကြောင့် လူသားဧကရာဇ်ထို့ယွီ၏ တွက်ချက်မှုများကို အဘယ်သို့ ယုံရဲတော့မည်နည်း။
လူသားဧကရာဇ်ထို့ယွီမှာ ဒေါသထွက်သွားပြီး တံတားပေါ်မှ ခုန်ဆင်းလိုက်၏။ “ကျုပ်ကို မယုံဘူးပေါ့လေ။ ကျုပ်က ထပ်မှားမယ်ထင်နေလား... အားလုံး မြင်ရအောင် အဲဒီခွေးကောင်လေးကို သွားရိုက်ပြမယ်”
“မဟာကြယ်လွှမ်းခြုံလက်ဝါးသိုင်း”
....
တံတားပေါ်တွင် ဒုတိယဘိုးဘေးကြီးက အေးအေးလူလူ ပြောနေသည်။ “ကြည့် သူ တွက်တာတွေ မှားနေပါတယ်လို့ ငါ မပြောခဲ့ဘူးလား... အခုတော့ မြစ်ရေနဲ့အတူ မျောသွားပြီ။ ငါတို့သာ သူ့ကို ယုံခဲ့ရင် မျောသွားမယ့်သူက ငါတို့ ဖြစ်နေလိမ့်မယ်”
တတိယဘိုးဘေးကြီးနှင့် ကျန်လူသားဧကရာဇ်များလည်း အလားတူ ခံစားနေကြရ၏။ လူသားဧကရာဇ်ချင်းနင်က လည်ဆန့်ကြည့်ရင်း ဆရာဖြစ်သူ၏အဖြစ်ကို ဝမ်းသာနေသည်။ “ဆရာ... ဘယ်နားကို မှားတွက်မိတာတုန်း”
လူသားဧကရာဇ်ထို့ယွီမှာ ဤကမ္ဘာပေါ်တွင် အသက်ရှင်နေစရာ အကြောင်းရင်းမရှိတော့သကဲ့သို့ ငေးကြောင်သော အမူအရာဖြင့် ပြောလိုက်သည်။ “မူလဝိညာဉ်.... ငါ သူ့မူလဝိညာဉ်ကို မှားတွက်ခဲ့မိတာ... သူ့မူလဝိညာဉ်က ငါ ထင်ထားတာထက် သန်မာအားကောင်းတယ် ... ဒါပေမဲ့ အခုတော့ ငါ သူ့ကို ထိုးဖောက်မြင်နိုင်သွားလို့ ခံစားလိုက်ရတယ်”
သူက ရေထဲမှ ခုန်ထွက်လာပြီး တစ်ကိုယ်လုံးစိုရွဲနေသော ကြွက်စုတ်ရုပ်ဖြင့် တံတားပေါ် ဆင်းလိုက်သည်။ သူ့မျက်နှာတွင် ဝမ်းသာနေသော အပြုံးတစ်ခု ထင်ဟပ်နေ၏။ “ငါ ဒီတစ်ခေါက်တော့ သေချာပေါက် မမှားနိုင်ဘူး... သူ့ဟာကွက်က ဘယ်နေရာမှာလဲ ပြောပြမယ်... ဒီတစ်ကြိမ်ပဲ ယုံပေး”
လူသားဧကရာဇ်ဟောင်းအားလုံး စိတ်မဝင်စားဟန်ဖြင့် သမ်းလိုက်ကြသော်လည်း လူသားဧကရာဇ်ချင်းနင်၏အကြည့်က လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “သူ့ဟာကွက်ကို ဆရာ မြင်သွားပြီပဲ.. ဆရာကိုယ်တိုင် ပြန်ဆင်းပြီး အဲဒီခွေးကောင်လေးကို အနိုင်ယူလိုက်ပါ့လား... ကျွန်တော်တို့ ဆရာတို့ အားပေးမယ်လေ”
လူသားဧကရာဇ်ထို့ယွီက ပေသီးခုံကို ထုတ်၍ တပည့်ဖြစ်သူ၏ ခေါင်းအား ဂွပ်ခနဲ ရိုက်ချလိုက်သည်။ “တပည့်ဖြစ်ပြီး ကိုယ့်ဆရာ့ကို အကူအညီမပေးတဲ့အပြင် ဝမ်းတောင် ဝမ်းသာနေသေးတယ်။ ငါ မင်းကို ဘာတွေသင်ပေးခဲ့လဲ ဟမ်... ငါ မင်းကို သင်ပေးခဲ့တာက သင်္ချာပညာ... မင်း လေ့လာခဲ့တာက သံစဉ်ပညာ... သွား ငါ့အတွက် သူ့ကို သွားရိုက်ပေးစမ်း”
ချင်းနင်က သူ့အဖြစ်ကို ဝမ်းသာနေသည့် လူသားဧကရာဇ်ခုံးရှန်းအား လှည့်ကြည့်၍ တံတားအောက်သို့ ဆောင့်ကန်ချလိုက်သည်။ “ငါ မင်းကို သံစဉ်ပညာ သင်ပေးခဲ့တာတောင် မင်းက စာလုံးအစီအရင်ကို ကျင့်ကြံခဲ့တယ်။ သွား ငါ့အတွက် သူ့ကို သွားရိုက်ပေးစမ်း..”
လူသားဧကရာဇ်ခုံးရှန်းမှာ ချင်မူ တရှိန်ထိုး ပြေးလာသည်ကို မြင်လျှင် ကမန်းကတန်း လက်ကာပြပြီး ခေါင်းယမ်းလိုက်၏။ “လူသားဧကရာဇ်ချင်က လောကသခင်ခန္ဓာဆိုတော့ တိုက်ခိုက်စရာမလိုပါဘူး”
ချင်မူ တမုဟုတ်ချင်း ရပ်၍ ပြုံးလိုက်သည်။ “ကျွန်တော်ကလည်း တိုက်ခိုက်ရတာ ကြိုက်တဲ့လူ မဟုတ်ပါဘူး။ ဘိုးဘေးကြီးတို့နဲ့ ဆရာကြီးတို့ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက သန်မာအားကောင်းတာ မှန်ပေမယ့် တိုးတက်အောင် ထပ်လုပ်လို့ရသေးမှန်း ခံစားရတာကြောင့်ပါ။ ဆရာကြီးတို့သာ အဆင့်ထပ်မြှင့်နိုင်ရင် သေချာပေါက် အရင်ထက် ပိုအစွမ်းထက်လာမှာပဲ။ အထူးသဖြင့် ဘိုးဘိုးခုံးရှန်းရဲ့ စာလုံးအစီအရင်တွေဆို သိပ်ထူးခြားတယ်။ ကျွန်တော် မြင်ခဲ့ဖူးသမျှထဲ အဆန်းကြယ်ဆုံး ကောင်းကင်နတ်သိုင်းပဲ”
လူသားဧကရာဇ်ခုံးရှန်းမှာ ပြုံးမဆုံး ဖြစ်သွားသည်။ “ငါ့ကောင်းကင်နတ်သိုင်းက ထူးခြားတယ်လို့ မင်းလည်း ထင်တာလား”
ချင်မူ ခေါင်းညိတ်လိုက်ပြီး လက်ဟန်နည်းစနစ်များကို ထုတ်ဖော်ရင်း မြစ်ပြင်ထက်၌ လမ်းလျှောက်လာသည်။ သူက အပ်ချုပ်သည့်ဟန်ပန်မျိုး လုပ်ကာ ပြောလိုက်၏။ “ဘိုးဘိုး ဘိုးဘိုးချင်းနင်ကို တိုက်ခိုက်ခဲ့တုန်း ဘိုးဘိုးချင်းနင်ကို ချုပ်ဖို့ ဒီအကွက်ကို သုံးခဲ့တာ တွေ့ခဲ့ရတယ်။ အဲဒါ ဘာကောင်းကင်နတ်သိုင်းလဲဗျ”
“ကမ္ဘာချုပ်လျှို့ဝှက်သိုင်းကွက် လို့ ခေါ်တယ်”
လူသားဧကရာဇ်ခုံးရှန်းမှာ သူ၏ကောင်းကင်နတ်သိုင်းအကြောင်း ပြောနေရသဖြင့် စိတ်လှုပ်ရှားနေသည်။ သူက ချင်မူ့ကို ကမ္ဘာချုပ်လျှို့ဝှက်သိုင်းကွက်အတွက် ချီစွမ်းအင်အား မည်သို့ထုတ်လွှတ်သင့်ကြောင်း၊ မည်သို့ စကားပြောသင့်ကြောင်း ကိုယ်တိုင်သင်ပေးနေ၏။ “စာလုံးအစီအရင်က အသံလှိုင်းကောင်းကင်နတ်သိုင်းတွေ၊ အဆောင်အစီအရင်ကောင်းကင်နတ်သိုင်းတွေနဲ့ ဆင်တယ်။ ခန္ဓာကိုယ်ရွေ့လျားမှု၊ ခြေလှမ်းခြေကွက်နဲ့ ကျင့်စဉ်ပညာရပ်ကို တစ်ခုတည်း ပေါင်းစည်းပြီး ချီစွမ်းအင်သင်္ကေတတွေ ထည့်ပေါင်းလိုက်တာမျိုးပဲ။ အဲဒီအချိန်မှ ထုတ်လွှတ်နိုင်တာ... ကြည့်”
သူက လက်နှစ်ဖက်ကို ကြက်ခြေခတ်ထားလျက် ခြေထောက်ကို နှစ်ပတ်လှည့်ကာ ချီစွမ်းအင်ထုတ်လွှတ်လိုက်သည်။ “ချုပ်”
ထိုအော်သံနှင့်အတူ ချီစွမ်းအင်က သူ့ခြေထောက်အောက်တွင် ‘ချုပ်’ ဆိုသည့် စာလုံးကြီးအား မှင်နှင့်ရေးထားသကဲ့သို့ ဖွဲ့တည်လိုက်၏။ ချင်မူ့မျက်လုံးများ တမုဟုတ်ချင်း မှောင်မိုက်သွားသည်။ အသံတစ်သံမှလည်း မကြားရတော့ပေ.... သူ၏အာရုံငါးပါးလုံး ချုပ်ခံလိုက်ရပြီဖြစ်၏။ ချီစွမ်းအင်ကိုပင် ခံစားမရတော့ပေ။
နောက်တခဏတွင် အာရုံငါးပါး ချုပ်ခံထားရသည့် ခံစားချက် ပျောက်ကွယ်သွားသည်။
“အစွမ်းထက်လိုက်တဲ့ ကောင်းကင်နတ်သိုင်း”
ချင်မူမှာ စိတ်လှုပ်ရှားလွန်း၍ လူသားဧကရာဇ်ခုံးရှန်းအား ထပ်မံချီးကျူးမိပြန်သည်။ တခဏကြာသော် သူကိုယ်တိုင် ကမ္ဘာချုပ်လျှို့ဝှက်သိုင်းကွက်ကို ထုတ်လွှတ်ကြည့်၏။ “ချုပ်”
သူ့ခြေထောက်အောက်ရှိ မြစ်ပြင်ထက်တွင်... ‘ချုပ်’ ဆိုသည့် ဧရာမစာလုံးကြီး တမုဟုတ်ချင်း ဖွဲ့တည်လာသည်။
လူသားဧကရာဇ်ခုံးရှန်း မှင်သက်သွား၏။ ‘ဒီလောက်မြန်မြန် တတ်နိုင်တာလားဟ... ငါ့ဘဝရဲ့ ပြိုင်ဘက်အကင်းဆုံး သိုင်းကွက်ကို ပထမဆုံးတစ်ခေါက်တည်းနဲ့ တတ်သွားရောလား.... ဒီကမ္ဘာပေါ်မှာ တကယ်ပဲ လောကသခင်ခန္ဓာ ရှိနေတာများ ဖြစ်မလား... စုလေး လုပ်ကြံပြောတဲ့ ဇာတ်လမ်းသက်သက် ဟုတ်မနေတာများလား’
ခုံးရှန်း မသေချာသေးပေ။ ရွာလူကြီးသည် ဖုန်းတုသို့ ရောက်လာပြီးနောက် လောကသခန္ဓာနှင့်ပတ်သက်၍ ချင်မူ့အား လိမ်ညာနိုင်ခဲ့ခြင်းမှာ သူ့တစ်ဘဝလုံးတွင် အကြီးမားဆုံး အောင်မြင်မှုကြီးသဖွယ် ဂုဏ်ယူနေခဲ့ပြီး မျိုးဆက်ဟောင်းလူသားဧကရာဇ်တိုင်းကို ပြောပြခဲ့၏။
ချင်မူမှလွဲ၍ လူသားဧကရာဇ်တိုင်း လောကသခင်ခန္ဓာက အမှန်တကယ် မရှိမှန်း သိကြသည်။ ဤကောင်လေးသာ နားကန်းတစ်လုံးမှ မသိခြင်းဖြစ်သည်။
သို့တိုင်အောင် ချင်မူက အမှန်တကယ် လောကသခင်ခန္ဓာတစ်ခု ဖြစ်နေနိုင်သည်ဟု လူသားဧကရာဇ်ခုံးရှန်း ခံစားနေရချေပြီ။
“ခွန်အားစာလုံးလျှို့ဝှက်သိုင်းကွက် သင်ပေးမယ်”
လူသားဧကရာဇ်ခုံးရှန်း၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပြီး ခွန်အားစာလုံးလျှို့ဝှက်သိုင်းကွက်ကို ချင်မူ့ဆီ သင်ပေးသည်။ ကောင်လေးက အချိန်တိုလေးအတွင်း တတ်မြောက်သွားပြန်သဖြင့် သူ သိုင်းကွက်ထုတ်လွှတ်လိုက်သည့်အခါ သူ့နောက်၌ ‘ခွန်အား’ စာလုံး ဖွဲ့တည်လာသည်။ ခွန်အားစာလုံး၏ သံစဉ်မှတစ်ဆင့် သင်္ကေတအမှတ်အသားများ အသက်ဝင်လာသည့်အခါ သူ၏ရုပ်ခန္ဓာခွန်အားက ဆတိုးသန်မာသွား၏။
လူသားဧကရာဇ်ခုံးရှန်း အံ့အားသင့်နေတော့သည်။ စာလုံးအစီအရင်ကို ဤမျှအချိန်တိုတို တတ်မြောက်ရန် မဖြစ်နိုင်ပေ။ သူဆိုလျှင် ဤကောင်းကင်နတ်သိုင်းကို သက်လတ်ပိုင်းအရွယ် ရောက်မှ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
သူ့အနေဖြင့် သူ့ဆရာ လူသားဧကရာဇ်ချင်းနင်နှင့်အတူ ကျင့်ကြံခဲ့၍ သံစဉ်ပညာရပ်တွင် ထူးချွန်ပေါက်မြောက်သော်လည်း ဆရာ၏လောင်းရိပ်အောက်မှ ရုန်းထွက်ချင်ခဲ့သဖြင့် လက်ရေးလှစာလုံးများ၊ သင်္ကေတများ၊ ဝင်္ကပါများ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ ခြေလှမ်းခြေကွက်များနှင့် လက်သီးသိုင်းများအား ကြိုးကြိုးစားစား လေ့လာတတ်မြောက်ခဲ့၏။
သူ့ဘဝ၏ ဆယ်နှစ်စုများစွာ အကုန်ခံရင်း လေ့လာခဲ့ရသမျှ အရာအားလုံးကို ပေါင်းစည်းခဲ့ပြီးမှ စာလုံးအစီအရင်ကောင်းကင်နတ်သိုင်းအား ဖန်တီးနိုင်ခဲ့၍ လူသားဧကရာဇ်အဖြစ် ဆက်ခံကာ လူသားဧကရာဇ်တံဆိပ်တော်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့အတွက် သိုင်းလောကရှိ ဂိုဏ်းအားလုံး သူ့ကို များစွာလေးစားခဲ့ကြ၏။
ဤမျှအချိန်တိုတိုလေးဖြင့် ချင်မူ သူ၏စာလုံးအစီအရင်များကို တတ်မြောက်သွားခြင်းက သူသည်လည်း လက်ရေးလှစာလုံးများ၊ သင်္ကေတများ၊ ဝင်္ကပါများ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ ခြေလှမ်းခြေကွက်များနှင့် လက်သီးသိုင်းများတွင် ထူးချွန်ပေါက်မြောက်သည်ဟု မဆိုလိုနေဘူးလော....
ဤနယ်ပယ်များတွင် ထူးချွန်ပေါက်မြောက်သည် ဆိုဦးတော့.... သူ ဆယ်စုနှစ်များစွာ ပေါင်းစည်းဖန်တီးခဲ့ရသော ကောင်းကင်နတ်သိုင်းအား အချိန်တိုတိုဖြင့် တတ်မြောက်သွားခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းလွန်း၏။
ထို့နောက် ချင်မူက ချည်စာလုံးလျှို့ဝှက်သိုင်းကွက်ကို သင်သည်။ ‘ချည်’ စာလုံးက သူ့လက်ဝါးထဲမှ ရှောရှောရှူရှူ ထွက်လာပြီး ကျန်သိုင်းကွက်များနည်းတူ လွယ်ကူစွာ တတ်မြောက်သွားပြန်သည်။
လူသားဧကရာဇ်ခုံးရှန်း အံ့အားသင့်ပြီးရင်း အံ့အားသင့်နေရတော့သည်။
ရုတ်တရက် တတိယဘိုးဘေးကြီးက စကားပြောသည်။ “ချင်လေး ငါ့ဆီက ဒီသိုင်းကွက် လာသင်ကြည့်”
လူသားဧကရာဇ်ခုံးရှန်း အံ့အားသင့်နေရာမှ သတိပြန်ဝင်လာ၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခါမှ လူသားဧကရာဇ်များ တံတားပေါ်မှ ဆင်းလာခဲ့ပြီး သူတို့ကို ဝိုင်းအုံနေကြေင်း သတိထားမိလိုက်၏။ လန်ပို၊ ရီရှန်း၊ ချီကန်းနှင့် မြစ်ရေစီးကြောင်းနှင့်အတူ မျောလိုက်သွားသော ကျန်ရှိသူများလည်း ပြန်ရောက်နေကြသည်။ သူတို့အားလုံး ချင်မူ့ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။
လူသားဧကရာဇ်ခုံးရှန်းမှာ ဇဝေဇဝါဖြင့် ဘေးဖယ်ပေးလိုက်သည်။
တတိယဘိုးဘေးကြီးက လက်ဝါးမြှောက်၍ အလေးအနက် ပြော၏။ “ဒီသိုင်းကွက်က ကောင်းကင်ကို မှောက်ခုံလှန်မည့် ယင်ယန်လက်များလို့ ခေါ်တယ်။ လက်ဖဝါးက ယင်၊ လက်ဖမိုးက ယန်။ ဘယ်နဲ့ညာဟာ တစ်ဖက်ကို တစ်ဖက် ဖြည့်စွက်ပေးနိုင်သလို... ယင်နှစ်သွယ် ဒါမှမဟုတ် ယန်နှစ်သွယ် ဖော်ဆောင်ရင်း ယင်နဲ့ယန်နဲ့ ကောင်းကင်ကို မှောက်ခုံလှန်လို့ရတယ်”
သူက ကျင့်စဉ်ပညာရပ်အကြောင်း ရှင်းပြ၍ လက်တစ်ချက် လှည့်လိုက်သည့်အခါ သန့်စင်သောယန်က မိုးကြိုးတန်းသဖွယ် မြစ်ရေပြင်တစ်လျှောက် ကူးလူးသွားပြီး ပေါက်ကွဲသံအကြိမ်တစ်ရာ မြည်ဟည်းသွားသည်။ သန့်စင်ယန်၏ လက်ဝါးအားလှိုင်း လိမ့်ဆင်းသွားသည့် ဆယ်မိုင်တစ်လျှောက်လုံးတွင် ဆယ့်နှစ်ကိုက်ကျော် မြင့်မားသော လှိုင်းလုံးကြီးများ မြောက်တက်လာသည်။
တတိယဘိုးဘေးကြီး လက်ဖဝါးကို မှောက်လိုက်ရာတွင် မြစ်ရေများက ပြန်ကျမသွားဘဲ ရုတ်ခြည်း ခဲသွားပြီး ရေခဲထုကြီး ဖြစ်သွား၏။
“စမ်းကြည့်” တတိယဘိုးဘေးကြီးက နောက်တစ်လှမ်း ဆုတ်ကာ ချင်မူ့အား ပြောလိုက်သည်။
ချင်မူလည်း ကျင့်စဉ်ကို ပြန်သုံးသပ်ပြီးနောက် ရှေ့တစ်လှမ်းတက်လိုက်၏။ သူက ယန်အဖြစ် လက်ကို လှည့်လိုက်သည်။ မြစ်ရေပြင်ထက်၌ ပေါက်ကွဲသံများ ဆင့်ကဲမြည်ဟည်းသွားပြီး ဆယ်မိုင်တစ်လျှောက် ပျံ့နှံသွား၏။ ထို့နောက် ယင်အဖြစ် လက်ဖဝါး မှောက်လိုက်သည့်အခါ လက်ဝါးအားလှိုင်း ဖြာထွက်သွားပြီး မြစ်ရေမှာ ခဲသွားချေသည်။
တတိယဘိုးဘေးကြီးက မျက်ခုံးပင့်သွားသော်လည်း မည်သည်ကိုမှ မပြောပေ။
“ခွေးကောင်လေးချင် ငါ့ဆီက ဒီသိုင်းကွက်ကို သင်ကြည့်စမ်း” ပဉ္စမဘိုးဘေးကြီးက သူ့အနား ရောက်လာကာ ပြော၏။ “ဒါက မိုးကြိုးသိုင်းနဲ့ လက်သီးသိုင်းကို ပေါင်းစပ်ထားတဲ့ သိုင်းကွက်ပဲ ... မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းလို့ ခေါ်တယ်”
သူ လက်သီးထိုးလိုက်သည်။ ထိုအခါ ခေါင်းလောင်းသံ ဒေါင်ခနဲ မြည်သွားပြီး မိုးကြိုးက သူ့ခန္ဓာကိုယ်အား ရစ်ခွေဝန်းရံကာ ကြည်လဲ့နေသော ခေါင်းလောင်းကြီးတစ်လုံးကို ဖွဲ့တည်လိုက်သည်။
ပဉ္စမဘိုးဘေးကြီးက သွက်လက်ကျွမ်းကျင်စွာ ရွေ့လျားနေပြီး သူ့လက်သီးချက်များ၊ ခြေကန်ချက်များက တိကျပြင်းထန်သည်။ တိုက်ကွက်က ရိုးရှင်းသော်လည်း အားကောင်းပြင်းထန်၏။ လက်သီးချက်တစ်ချက်၊ ခြေကန်ချက်တစ်ချက်တိုင်းက ခေါင်းလောင်းကြီးကို တဒေါင်ဒေါင် မြည်နေစေပြီး မိုးကြိုးငါးသွယ်ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းမှာ လက်သီးချက်တိုင်း၊ ကန်ချက်တိုင်းနှင့်အတ တဖြည်းဖြည်း ကြီးထွားလာ၍ ကျန်ရှိသူများအား သေးငယ်လာစေသည်။ ၎င်းက အဆက်မပြတ် တုန်ခါနေပြီး တခါတရံ ဝှမ်ခနဲ မြည်သည်၊ တခါတရံ ဒေါင်ခနဲ မြည်သည်။ အသံက နှစ်လိုဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေ၏။
သူက မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်း သိုင်းကွက်ကို ချင်မူ့အား ပြသပေးနေချေသည်။
ချင်မူမှာလည်း တက်ကြွစွာဖြင့် တတွတ်တွတ် မှတ်သားရင်း တခဏကြာသော် လက်နှစ်ဖက်လုံးအား ပင့်မြှောက်လိုက်သည်။ မိုးကြိုးတန်းက သူ့ကို လွှမ်းခြုံလိုက်ပြီး သူ၏လက်သီးချက်တိုင်း၊ ကန်ချက်တိုင်းက အားကောင်းလေးလံလာ၏။ ခေါင်းလောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာကာ မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းမှာ အဆက်မပြတ် တုန်ခါနေတော့သည်။ စွမ်းအားက သူ့လက်သီးချက်များနှင့် ကန်ချက်များကို ဖြတ်သန်းစီးဆင်းလျက် အရပ်လေးမျက်နှာသို့ ရိုက်ခတ်နေ၏။
“တစ်ပုံစံတည်းပဲ” ပဉ္စမဘိုးဘေးကြီးမှာ မျက်လုံးများ ကျဉ်းမြောင်းပြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချလိုက်မိသည်။
“လာ ငါ့ဆီ သိုင်းကွက်တစ်ကွက် လာသင်” လူသားဧကရာဇ်ရီရှန်းက ရှေ့တက်ကာ ပြောလိုက်သည်။ “ငါ့ကောင်းကင်နတ်သိုင်းက ငါ့ကျင့်စဉ်ပညာရပ်နဲ့ ကိုက်ညီတယ်။ မတူညီတဲ့ ချီစွမ်းအင် လှည့်ပတ်ပုံက ကောင်းကင်နတ်သိုင်းတွေကို ပြောင်းလဲနိုင်တယ် ဒါကြောင့် သိုင်းကွက်တွေ ထုတ်ဖော်တဲ့အခါ စွမ်းအားက ကြောက်စရာကောင်းလိမ့်မယ်။ ငါ့သိုင်းကွက်ကိုတော့ ကျောက်စိမ်းကောင်းကင်ဘုံမှ နတ်ဂူနဲ့ နဂါးငွေ့တန်းလို့ ခေါ်တယ်”
...
မသိလိုက်မသိဖာသာဖြင့် ချင်မူ လူသားဧကရာဇ်သုံးဆယ့်လေးယောက်လုံးဆီမှ ကောင်းကင်နတ်သိုင်းတစ်ကွက်၊ နှစ်ကွက်ခန့် သင်ယူပြီးသွားသည်။ သူက အချိန်တိုအတွင်း အကုန်တတ်မြောက်သည့်အပြင် တစ်ထပ်တည်းကျအောင် ထုတ်ဖော်နိုင်သည်။ အဆင့်တူတွင် စွမ်းအားက အနည်းငယ်မျှ မနိမ့်ကျပေ။
ဒုတိယဘိုးဘေးကြီး၏အမူအရာက လေးနက်နေ၏။ သူက တတိယဘိုးဘေးကြီးနှင့် စတုတ္ထဘိုးဘေးကြီးကို ကြည့်အား အားလုံး ခေါင်းညိတ်လိုက်ကြသည်။
“လူသားဧကရာဇ်ချင် မြို့ထဲ လျှောက်ပတ်ကြည့်ဦး” ဒုတိယဘိုးဘေးကြီးက ပြုံးလျက် ပြောလိုက်သည်။ “စုလေးဆီက ငါကြားထားတယ် မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လည်း ဟုတ်တယ်ဆို။ ဒီကို ရောက်တုန်းရောက်ခဲ ဆိုတော့ မျိုးဆက်ဟောင်း ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တွေကိုလည်း သွားတွေ့လိုက်ဦး”
ချင်မူ ဝမ်းသာသွားသည်။ “ကျွန်တော်လည်း တွေ့ချင်နေတာ”
ဒုတိယဘိုးဘေးကြီးက သေခြင်းရှင်ခြင်းကြားရတနာကို သိမ်းလိုက်၏။ မြစ်ပြင်ကျယ်၊ တံတားပျံနှင့် လှေငယ်တို့က သူ၏အင်္ကျီလက်အိုးထဲ ပြန်ဝင်သွားသည်။ ချင်မူမှာ အသွေးအသားခန္ဓာကိုယ်မှ အဝတ်ဝတ်ထားသော အရိုးစုတစ်စုအသွင် ပြောင်းသွား၏။ သူက မျိုးဆက်ဟောင်း ကောင်းကင်နတ်ဂိုဏ်းသခင်များရှိသည့် နေရာအား မေးမြန်းပြီးနောက် လူသားဧကရာဇ်များကို နှုတ်ဆက်ကာ မြို့ထဲ ထွက်သွားတော့သည်။
ဒုတိယဘိုးဘေးကြီးနှင့် ကျန်လူသားဧကရာဇ်အားလုံး ယန်ငါးသွယ်ခန်းမသို့ ပြန်သွားပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။
“အဲဒီလို လူသားခန္ဓာကိုယ်မျိုး ရှိနိုင်လို့လား” လူသားဧကရာဇ်ချီကန်းမှာ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ကာ ခေါင်းယမ်းလိုက်သည်။ “ငါ့ကို သေအောင် ရိုက်သတ်ရင်တောင် မယုံဘူး”
“ကျွန်မလည်း မယုံဘူး” လူသားဧကရာဇ်လန်ပိုက မယုံနိုင်သောအမူအရာဖြင့် ပြောလာသည်။ “ကျွန်တို့အားလုံးက ခေါင်းမာတဲ့ မြည်းအိုတွေလို ဆရာဆီက မသင်ချင်ကြဘဲ ကိုယ့်လမ်းကို မရမက ဖောက်ကြတယ်။ လူတိုင်း ကိုယ့်ကျင့်စဉ်ကို ဖန်တီးချင်နေတာကြောင့် လူသားဧကရာဇ်ခန်းမမှာ သန်မအားကောင်းဆုံးသိုင်းရယ်လို့ မရှိခဲ့ဘူး။ ကျင့်စဉ်တွေလည်း မတူ၊ ကောင်းကင်နတ်သိုင်းတွေလည်း ကွဲပြားနေတာဆိုတော့ တစ်ယောက်ယောက် ကျွန်မတို့ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေကို သင်ချင်ရင် တကယ် ထူးဆန်းလိမ့်မှာ
“ဒါပေမဲ့ သူက အကုန်လုံးတတ်သွားတယ်။ ကျွန်မတို့ မြစ်ပြင်ပေါ်မှာ ရှိနေတဲ့ အချိန်တိုလေးအတွင်း သူက ကျွန်မတို့သင်ပေးသမျှ အကုန်လုံးကို တတ်ပြီး နှစ်တစ်ရာတိုင် ကြိုးစားအားထုတ်ခဲ့ထားသလို ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြနိုင်တယ်”
ဒုတိယဘိုးဘေးကြီးက သက်ပြင်းချကာ ပြောသည်။ “တကယ်ပဲ လောကသခင်ခန္ဓာ ထင်ပါရဲ့။ စုလေး ကြက်ကန်းဆန်အိုးတိုး မှန်သွားတာပဲ ဖြစ်မယ်။ သူ အထင်သေးခဲ့မိတဲ့ ကလေးက တစ်လောကလုံးမှာ တစ်ခုတည်းသော လောကသခင်ခန္ဓာ ဖြစ်နေတာပဲ”
အားလုံး သံသယဝင်နေကြပြီး လူသားဧကရာဇ်ချီကန်းက ပြောလိုက်သည်။ “ခွေးကောင်လေးစုက ငါတို့ကို အရူးလုပ်နေတာ မဖြစ်နိုင်ဘူးလား။ ခွေးကောင်လေးချင် အစစ်အမှန်လောကသခင်ခန္ဓာမှန်း သိထားပေမယ့် ငါတို့ကို တမင်တကာ လိမ်ပြီး အရှက်ကွဲအောင် လုပ်တာများလား”
“ဖြစ်နိုင်တယ်” လူသားဧကရာဇ်ရီရှန်းက ပေါင်ကို ဖြန်းခနဲ ချကာ အော်လိုက်သည်။ “ခွေးကောင်လေး.. မင်းရဲ့တပည့်က မင်းအတိုင်းပဲ။ မျက်တောင်မခတ်ပဲ လိမ်ရဲတယ်”
လူသားဧကရာဇ်ချီကန်းက ဖျိုးဖျိုးဖျစ်ဖျစ် မြည်သည့်တိုင်အောင် လက်သီးဆုပ်၍ သရော်တော်တော် ပြောလိုက်သည်။ “အဲဒီခွေးလေး ပထမဘိုးဘေးကြီးကို သွားရှာတယ်။ ပြန်လာလို့ကတော့ ကောင်းကောင်းဆုံးမပေးရမယ်”
“ဟုတ်တယ် ဆုံးမပေးရမယ်” အားလုံး ပြိုင်တူပြောလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် မဟာမြို့ပျက်၏ အတွင်းပိုင်းလျှို့ဝှက်တစ်နေရာ၌ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခု ရှိနေသည်။ ရွာလူကြီးက ရှေးဟောင်းမြို့ပျက်တစ်ခုကို ဖြတ်ကာ ကမ္ဘာခြားတစ်ခုသို့ ဝင်သွား၏။ အတန်ငယ် လျှောက်ပြီးသောအခါ သူ ပြုံးလိုက်သည်။
သူ့အရှေ့တွင် နယ်မြေခြားအဆင်အပြင်များ ထင်ဟပ်နေသော စိတ်ဝင်စားဖွယ် ရှေးဟောင်းအဆောက်အဦးအစုတစ်စု ရှိနေသည်။
သူ အတန်ကြာ ရှာပြီးသည့်အခါ ရှာနေသော လူကို တွေ့သွားသည်။
ထိုလူက နန်းဆောင်တစ်ခုဘေးရှိ ကျောက်ပြားအရှေ့၌ ရပ်နေပြီး ကျောက်ပြားပေါ်ရှိ စာများကို ဖတ်နေသည်။
“ပထမဘိုးဘေးကြီး ဘာကို ကြည့်နေတာလဲဗျ” ရွာလူကြီး စပ်စုလိုက်သည်။
“ဒါက ချုံဧကရာဇ်ခေတ်ရဲ့ နောက်ဆုံးမြို့ပျက်ပဲ။ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ ဖက်ရှားသုတ်သင်ခံလိုက်ရတုန်းက အသက်ရှင်ကျန်ခဲ့တဲ့လူတွေ ဒီမှာနေပြီး ခိုလှုံရာချုံဧကရာဇ်နန်းဆောင်ကို တည်ဆောက်ခဲ့တယ်။ ဒီနေရာက ရွှင်ပျော်ပျော်ကျေးရွာလို ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ဖျက်စီးခံလိုက်ရတယ်။ ငါ သူတို့သမိုင်းကြောင်းကို ရှာနေတာ” ပထမဘိုးဘေးကြီးက နောက်လှည့်မကြည့်ပေ။ “သူတို့ချန်ခဲ့တဲ့ မှတ်တမ်းတွေက နည်းလွန်းတယ်.. ဒါပေမယ့် ငါ ဒါကိုတော့ တွေ့လိုက်ရပြီ”
ရွာလူကြီးက အတန်ငယ် မှင်သက်သွားပြီး ကျောက်ပြားအား လှမ်းကြည့်၏။ “အဲဒီမှာ ဘာကို မှတ်တမ်းတင်ထားတာလဲ”
“လွန်ခဲ့တဲ့ နှစ်လေးသောင်းက လောကသခင်ခန္ဓာရဲ့ ဒဏ္ဍာရီ”