ချွတ်စွပ်တူနေမှု
Vol. 37 Ch. 504
ရွာလူကြီးမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကျောက်ပြားအရှေ့၌ ငုတ်တုတ်မေ့သွားသည်။
လောကသခင်ခန္ဓာ၏ ဒဏ္ဍာရီတဲ့လား ... လွန်ခဲ့သော နှစ်လေးသောင်းကတဲ့လား
လောကသခင်ခန္ဓာက ချင်မူနှင့် ရွာသားများကို လှည့်စားရန် သူ ဇာတ်လမ်းထွင်ခဲ့သော အရာမဟုတ်ဘူးလား...
ဤကမ္ဘာပေါ်တွင် လောကသခင်ခန္ဓာတစ်ခု အမှန်တကယ် ရှိနေသည်လား...
‘မဟုတ်ဘူး မဟုတ်သေးဘူး။ ဒီမှာ တစ်ခုခုတော့ လွဲနေတာပဲ ဖြစ်မယ်... လွန်ခဲ့တဲ့ နှစ်လေးသောင်းက လောကသခင်ခန္ဓာက ငါ ရှင်းပြခဲ့တဲ့ လောကသခင်ခန္ဓာမဟုတ်နိုင်ပါဘူး’
သူ ရင်ထဲတွင် တလှပ်လှပ် ခုန်နေပြီး အတွေးများ ဂယောက်ဂယက် ဖြစ်နေသည်။ သို့သော် ရွာလူကြီးသည် ရွာလူကြီးပင် မဟုတ်ပါ၏လော။ သူ့စိတ်ကို ပြန်ထိန်းလိုက်နိုင်၏။ ‘ဒီကမ္ဘာပေါ်မှာ ဝိညာဉ်ခန္ဓာလိုမျိုး လောကသခင်ခန္ဓာတစ်ခု တကယ် ရှိနေတာ ဖြစ်လောက်တယ်။ အဲဒါက သန်မာအားကောင်းလွန်းလို့ လောကသခင်ခန္ဓာလို့ ခေါ်တာပဲနေမှာ... ဒီလိုလောကသခင်ခန္ဓာမျိုးက ငါ ဇာတ်လမ်းထွင်ထားတဲ့ လောကသခင်ခန္ဓာနဲ့ မတူရေးချ မတူလောက်ဘူး’
သူက စိတ်ပြန်ထိန်း၍ ကျောက်ပြားအား ကြည့်လိုက်၏။
စာသားများမှာ နဂါးမျိုးနွယ်၏ ဘာသာစကား ဖြစ်နေသဖြင့် ရွာလူကြီးမှာ ပထမဘိုးဘေးကြီးကိုသာ အကူအညီတောင်းရတော့သည်။ “ဒီမှာ ဘာတွေရေးထားတာလဲ ဘိုးဘေးကြီး... နဂါးမျိုးနွယ်ရဲ့ စကားက သိပ်နက်နဲတော့ နားလည်ရခက်တယ်။ ကျွန်တော် တစ်ခါမှလည်း မသင်ဖူးလို့ပါ”
ပထမဘိုးဘေးကြီးမှာ ပြောရဆိုရ မခက်သူဖြစ်သည်။ “ရေးထားတာက ချုံဧကရာဇ်မပျက်သုဉ်းခင် နဂါးမျိုးနွယ်ပိုင်မိသားစုဟာ သူ့ကိုယ်သူ လောကသခင်ခန္ဓာလို့ ပြောတဲ့ လူငယ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်တဲ့။ လူငယ်က ဘက်ပေါင်းစုံမှာ ထူးချွန်ပြီး တခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ်။ ရွယ်တူတွေကြားမှာ ဘယ်သူ့မှ သူ့ မယှဉ်နိုင်ခဲ့ဘူး။ ချောမောတဲ့ ရုပ်ရည်၊ ထက်သန်တဲ့ ပါရမီနဲ့ သူဟာ ဓားသိုင်းပဲဖြစ်ဖြစ်၊ ကောင်းကင်နတ်သိုင်းပဲဖြစ်ဖြစ် ချုံဧကရာဇ်ခေတ်ထက် များစွာရှေ့ပြေးနေတယ်တဲ့
“ဒါကြောင့် သူ့ကို လောကသခင်ခန္ဓာက ဘာလဲ သူတို့ မေးကြည့်ကြတယ်။ အဲဒီအခါ လူငယ်က လောကသခင်ခန္ဓာဆိုတာ ပြိုင်ဘက်မရှိတဲ့အကြောင်း ရှင်းပြတယ်။ ဝိညာဉ်သန္ဓေသား မနိုးထခင်တော့ လူသားခန္ဓာနဲ့တူပေမယ့် ဝိညာဉ်သန္ဓေသား နိုးထသွားတာနဲ့ သန်မာအားကောင်းလာပြီး မျိုးဆက်တူတွေကို နင်းခြေနိုင်တဲ့ အစွမ်းအစရှိတယ်တဲ့”
ရွာလူကြီး၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ချင်မူ ကျန်ဝိညာဉ်ခန္ဓာများနှင့် မတူညီခဲ့ခြင်းမှာ ဝိညာဉ်ခန္ဓာမဟုတ်၍ ဖြစ်သည်။ ဝိညာဉ်ခန္ဓာတစ်ခု၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက အစကတည်းက ပွင့်နေသော်လည်း ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကတော့ ပိတ်နေခဲ့၏။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာပိတ်နေသော သာမန်လူသားတစ်ယောက်အနေဖြင့် သိုင်းမကျင့်နိုင်ပေ။
သို့သော် ရွာလူကြီး၏ မုသားများနှင့် ရွာသားများ၏ အကူအညီဖြင့် ချင်မူက ပိတ်နေသော ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူက နတ်ဘုရားကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်သွားခဲ့သည်။
ဤအခြေအနေက ကျောက်ပြားပေါ်၌ ရေးထားသောအကြောင်းအရာနှင့် လွန်စွာဆင်တူနေ၏။
‘တိုက်ဆိုင်တာပဲ နေမှာပါ’
ရွာလူကြီး စိတ်ပြန်တင်းပြီး ပထမဘိုးဘေးကြီး ပြောနေသည်ကို ဆက်လက်နားထောင်လိုက်သည်။
“...လောကသခင်ခန္ဓာ ကျင့်ကြံရင် တခြားဝိညာဉ်ခန္ဓာတွေထက် အများကြီး သာတယ်။ အတွေးအမြင် ထူးခြားလွန်းလို့ အရာအားလုံးကို တန်းသိနားလည်ပြီး အဖြစ်အပျက်တစ်ခုတည်းကနေ များစွာထုတ်နုတ်သုံးသပ်နိုင်တယ်။ လောကသခင်ခန္ဓာဟာ ပြိုင်ဘက်ကင်းပေမယ့် အတုအယောင်လောကသခင်ခန္ဓာဆိုတဲ့ ရန်သူတွေလည်း ရှိသေးတယ်”
ရွာလူကြီး ခေါင်းယမ်းပြီး လွှတ်ခနဲ ပြောလိုက်မိ၏။ “ဘယ်လို”
“ဒီမှာ ရေးထားတာအရ လောကသခင်ခန္ဓာဟာ ပြိုင်ဘက်ကင်းပေမယ့် အတုအယောင်လောကသခင်ခန္ဓာဆိုတဲ့ ရန်သူတွေလည်း ရှိသေးတယ်တဲ့” ပထမဘိုးဘေးကြီးက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “လောကသခင်ခန္ဓာနဲ့ အတုအယောင်လောကသခင်ခန္ဓာတွေက ကံတရားကို လုကြရတယ်။ အချင်းချင်းလည်း ခံစားသိကြတယ်။ အတုအယောင်လောကသခင်ခန္ဓာက လောကသခင်ခန္ဓာကို တိုက်ခိုက်ပြီး ကံတရားကို လုယူနိုင်ရင် အစစ်အမှန်လောကသခင်ခန္ဓာ ဖြစ်ပြီတဲ့
“ထူးဆန်းလိုက်တာ.. ဘယ်လိုလုပ် ဒီလိုဆန်းကြယ်တဲ့ခန္ဓာမျိုး ရှိနေတာပါလိမ့်... ပြောရမှာတော့ ရှက်ပေမယ့် ငါ လောကသခင်ခန္ဓာအကြောင်း ကြားတုန်းက ဒဏ္ဍာရီလို့ပဲ သဘောထားခဲ့တာ။ ဒဏ္ဍာရီက တကယ် ဖြစ်နေမယ် မထင်ထားခဲ့ဘူး”
ရွာလူကြီး အကြီးအကျယ် အံ့အားသင့်နေသော်လည်း တခဏကြာသော် စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး အထစ်ထစ်အငေါ့ငေ့ါ ပြောလိုက်မိသည်။ “ပ..ပ..ပထမဘိုးဘေးကြီးလည်း အရင်တုန်းက လောကသခင်ခန္ဓာအကြောင်း ကြားဖူးထားတာလား”
ပထမဘိုးဘေးကြီးက ခေါင်းညိတ်သည်။ “တစ်ခါတုန်းက ကြားခဲ့ဖူးတယ်။ မြင်တော့ မမြင်ဖူးဘူး။ အဲဒါကြောင့် ဒဏ္ဍာရီလို့ပဲ သဘောထားခဲ့တာ” သူ့အမူအရာက ထူးဆန်းနေသည်။ “ဒီလိုသန်မာအားကောင်းတဲ့ လောကသခင်ခန္ဓာမျိုး တကယ် ရှိနေတာပဲ”
ရွာလူကြီး တိတ်ဆိတ်သွားသည်။ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမှောက်ခုံ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူ ဇာတ်လမ်းထွင်ခဲ့သော လောကသခင်ခန္ဓာက အမှန်တကယ် ရှိနိုင်သည်လော... ထို့အပြင် ချင်မူ့ကို သူ လိမ်ပြောခဲ့သော ဇာတ်လမ်းနှင့် အဘယ်သို့ပြု၍ တူနေသနည်း။ တိုက်ဆိုင်လွန်းမနေဘူးလော။
ထိုစဉ်တုန်းက ရွာသားများ စိတ်ဓာတ်မကျအောင် ချင်မူက လောကသခင်ခန္ဓာဖြစ်သည်ဟု သူ ပထမဆုံး လိမ်ပြောခဲ့မိသည်။ ချင်မူ အရွယ်ရောက်လာသည်နှင့်အမျှ သူလည်း မုသားပေါ် မုသားဆင့်၍ အလိမ်မပေါ်အောင် ဖုံးခဲ့ဖိခဲ့ရင်း လောကသခင်ခန္ဓာဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီးသား ဖြစ်သွား၏။
သို့တိုင်အောင် ကျောက်ပြားပေါ်ရှိ လောကသခင်ခန္ဓာ၏ ဒဏ္ဍာရီက သူ၏ဇာတ်လမ်းကို ကူးချထားသကဲ့သို့ ချွတ်စွပ်တူနေသည်။ သူ့မှာ ထိုမုသားများဖြင့် တခြားလူများအား လိမ်ခဲ့သော်လည်း ကျောက်ပြားပေါ်ရှိ အကြောင်းအရာကို နားထောင်ပြီးနောက် သူကိုယ်တိုင်ပင် ယုံစပြုလာသည်။
ကျောက်ပြားက သူ့အရှေ့တည့်တည့်တွင် မဟုတ်ပါ၏လော.... ယုံရုံအပြင် ရွေးချယ်စရာမရှိပေ။
သို့သော် ရွာလူကြီး မယုံချင်သေးပေ။ အရေးကြီးသောအချက်တစ်ချက်ကို သူ တွေးမိလိုက်၍ ကပျာကယာ မေးလိုက်မိသည်။ “အဲဒီလိုလောကသခင်ခန္ဓာ ရှိတယ်ဆိုရင် ချုံဧကရာဇ်ခေတ်က ဘာလို့ပျက်သုဉ်းသွားသေးတာလဲ”
“ရေးမထားဘူး” ပထမဘိုးဘေးကြီးက ဝမ်းနည်းစွာ ကြည့်နေပြီး စိတ်ဓာတ်ကျနေသော အသံဖြင့် ပြောလိုက်သည်။ “လေမုန်တိုင်းရဲ့ရှေ့မှောက်မှာ လူတစ်ယောက်တည်းရဲ့ အင်အားက သေးဖွဲလွန်းတယ်.... ဟီးဟီး သူက လောကသခင်ခန္ဓာ ဖြစ်နေတော့ရော ဘာအရေးလဲ။ စကြဝဠာကြီးရဲ့ ဘေးအန္တရာယ်တွေကို တိုက်ထုတ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်လို့လား။ ဒီလောကသခင်ခန္ဓာက အရွယ်တောင် မရောက်သေးခင် အသတ်ခံခဲ့ရလောက်တယ်
“ဒါမှမဟုတ် သူ့ကံတရားကို အတုအယောင် လောကသခင်ခန္ဓာတစ်ခုက သိမ်းပိုက်သွားလောက်ပြီ။ ဒါမှမဟုတ် ချုံဧကရာဇ်ရဲ့အဆုံးသတ်မှာ ဘာမှမတတ်နိုင်တော့လို့ စိတ်ဓာတ်ကျပြီး ငါ့လိုမျိုး တစ်နေရာရာမှာ နောင်တအပြည့်နဲ့ လိပ်တစ်ကောင်လို ပုန်းနေလောက်တယ်။ ဖြစ်နိုင်ခြေတွေ အများကြီးပဲ။ လူတစ်ယောက်ဆိုတာ သမိုင်းထဲမှာ သေးဖွဲလွန်းတယ်...”
လွန်ခဲ့သော နှစ်လေးသောင်းမှ လောကသခင်ခန္ဓာအကြောင်း ပြောနေသော်လည်း သူ့အကြောင်းသူ ပြောနေသယောင် ထင်ရ၏။ စကားဆုံးသည့်အခါ သူက သက်ပြင်းချပြီး ဆက်မပြောတော့ပေ။
ရွာလူကြီးက ကျောက်ပြားကို ဘယ်မှကြည့်လိုက်၊ ညာမှကြည့်လိုက်ဖြင့် စိတ်လှုပ်ရှားနေသည်။ သူက မှင်နှင့် စက္ကူများ ထုတ်ကာ ကျောက်ပြားပေါ်ရှိ စာလုံးများကို ကူးရေးလိုက်၏။
ပထမဘိုးဘေးကြီး မျက်ခုံးပင့်သွား၍ ရွာလူကြီးက ပြုံးကာ ပြောလိုက်သည်။ “ဒါကို ချရေးပြီး ကျန်တဲ့လူသားဧကရာဇ်တွေ မြင်အောင် ပြချင်လို့ပါ။ အစစ်အမှန်လောကသခင်ခန္ဓာတဲ့.... တကယ်ပဲ အစစ်အမှန်လောကသခင်ခန္ဓာ ရှိနေတယ်။ ကျွန်တော်က အစစ်အမှန်လောကသခင်ခန္ဓာကို ကျွန်တော့်တပည့် လူသားဧကရာဇ်အဖြစ် လက်ခံထားတာလေ... ဒီကျောက်ပြားကို ကြည့်တိုင်း ကျွန်တော် သေချာပေါက် ပျော်ရမှာ”
ပထမဘိုးဘေးကြီးက သူ့ကို တအံ့တဩ ကြည့်ကာ သူ့လမ်းသူ ဆက်သွားသည်။ “ကျောက်ပြားအရဆို ချုံဧကရာဇ်ခေတ် မပျက်သုဉ်းခင်ကတည်းက ခိုလှုံရာချုံဧကရာဇ်နန်းဆောင် ဖျက်စီးခံလိုက်ရတာပဲ။ ရွှင်ပျော်ပျော်ကျေးရွာကိုလည်း ငါ စိတ်ပူမိတယ်”
ရွာလူကြီး သူ့အား ကပျာကယာ အမှီလိုက်ကာ ပြောလိုက်သည်။ “ပထမဘိုးဘေးကြီး ဆိုလိုတာက....”
“ငါ ရွှင်ပျော်ပျော်ကျေးရွာကို စိတ်ပူတယ်” ပထမဘိုးဘေးကြီးက အလေးအနက် ပြောသည်။ “ရွှင်ပျော်ပျော်ကျေးရွာရဲ့ သတင်းမကြားရတာ ကြာလှပြီ။ အရင်တုန်းကတော့ ငါ့ဆီ ခိုင်ဧကရာဇ်ရဲ့ အမိန့်တို့၊ သတင်းတို့ ပို့တတ်ပေမယ့် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ခိုင်ဧကရာဇ်လည်း မရှိတော့ဘူးထင်ပါရဲ့။ ရွှင်ပျော်ပျော် ရွှင်ပျော်ပျော် ဟီးဟီး။ ပြသာနာတွေကို ဝေးဝေးမတွေးတော့ ဒုက္ခရောက်တော့တာပဲ။ သူတို့ ရွှင်ပျော်ပျော်ကျေးရွာမှာ နေနေတာ ကြာလှပြီ... ငါကတော့ ကျေးရွာကို ပြန်တည်ဆောက်မယ့်အစား အဆုံးထိ တိုက်ခိုက်ချင်ခဲ့တာ”
ရွာလူကြီးက တစ်ယောက်တည်း ရေရွတ်နေပြီးနောက် မေးလိုက်သည်။ “ဒါဆို ပထမဘိုးဘေးကြီးရဲ့ ရည်ရွယ်ချက်က ခိုင်ဧကရာဇ်ခေတ်က လူတွေကို ရှာဖို့လား။ ချုံဧကရာဇ်ခေတ်ကတော့ ပျက်သုဉ်းသွားတာ ကြာပြီဆိုတော့ အခုထိ အသက်ရှင်နေသေးတဲ့လူတွေ မရှိလောက်တော့ဘူး”
“မဟုတ်ဘူး ရှိသေးတယ်” ပထမဘိုးဘေးကြီးက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “ဒီခိုလှုံရာချုံဧကရာဇ်နန်းဆောင်မှာ ချုံဧကရာဇ်ခေတ်တုန်းက အသက်ရှင်ကျန်ခဲ့လူတွေ စုဝေးနေခဲ့ပြီး နှစ်ပေါင်းများစွာ အင်အားစုစည်းခဲ့တယ်။ သူတို့ရဲ့အင်အားက ရွှင်ပျော်ပျော်ကျေးရွာအောက် မနိမ့်ကျဘူး။ နောက်ပိုင်း ဒီနေရာကို ရန်သူတွေ ကျူးကျော်ခဲ့ပေမယ့် မြို့ပျက်ဘေးက မှတ်တမ်းတွေအရ နယ်မြေအသစ်ထူထောင်ဖို့ ထွက်ပြေးလွတ်မြောက်သွားကြတဲ့ လူတွေ ရှိသေးတယ်။ ငါ သူတို့ကို ရှာပြီး ရွှင်ပျော်ပျော်ကျေးရွာနဲ့ ပူးပေါင်းနိုင်ရင် ... ကြီးကြီးမားမား တစ်ခုခုတော့ လုပ်နိုင်လောက်တယ်”
ရွာလူကြီး လေးနက်သွားသည်။ “ခိုင်ဧကရာဇ်ခေတ်ရဲ့ စည်ပင်ဝပြောဆုံး ကာလမှာတောင် ကောင်းကင်ဘုံကို ပြောင်းပြန်မလှန်နိုင်ရင် ခိုင်ဧကရာဇ်ခေတ်က အသက်ရှင်ကျန်ခဲ့လူတွေကို ရှာတွေ့ရင်တောင်မှ ပိုလို့တောင် အခွင့်အရေးနည်းဦးမယ်။ သန်မာအားအကောင်းဆုံးအချိန်တုန်းကတော့ မပူးပေါင်းခဲ့ဘဲ အခုမှ သွားရှာလို့ရော ဘာထူးမှာလဲ”
ပထမဘိုးဘေးကြီးမှာ နာကျင်သွားဟန်တူပြီး ခါးသီးစွာ ပြောလာသည်။ “ငါသိတယ်။ ဒါပေမဲ့ သူတို့ ရွှင်ပျော်ပျော်ကျေးရွာမှာပဲ ဆက်ပုန်းနေပြီး ဘာမှမလုပ်ရင်လည်း ဘယ်တော့မှ မျှော်လင့်ချက်မရှိနိုင်ဘူး။ ငါ တစ်ခုခုလုပ်ရမယ် အလုပ်များနေမှဖြစ်မယ်။ တိတ်တိတ်နေရင် ငါ့အတွေးတွေက ကယောက်ကယက် ဖြစ်တယ်။ ငါ့သွေးသောက်ရဲဘော်တွေ ငါ့မျက်စိရှေ့မှာ သေသွားတာကို မြင်နေရတယ်။ ငါ့လူတွေ ဒုက္ခရောက်နေတာကို မြင်နေရတယ်။ ငရဲလို ကြောက်စရာကောင်းတဲ့နေရာမှာ ငါ့လူတွေ ရုန်းကန်နေရတာ မြင်နေရတယ်။ ငါ တစ်ခုခု လုပ်ဖို့လိုတယ်...”
ပထမဘိုးဘေးကြီးသည် ခေါင်းမာပြီး ဇွဲကြီး၏။ သို့သော် သူ့ခံစားချက်များနှင့် သဘောထားကို ရွာလူကြီး နားလည်သည်။ “ကျွန်တော် လိုက်ခဲ့မယ်”
ချင်မူ ဖုန်းတုထဲရှိ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းများနေရာသို့ ရောက်၍ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ ဟိုဟိုသည်သည် ပြေးလွှားနေသော တစ္ဆေတမန်တော်များနှင့် တစ္ဆေအစေခံများအား တွေ့လိုက်ရသည်။
လူသားဧကရာဇ်ခန်းမ၏ ငတ်ပြတ်နေသော လူသားဧကရာဇ်များနှင့် ယှဉ်လျှင် ဤနေရာများ တစ္ဆေများ ဝင်ချည်ထွက်ချည်ဖြင့် စည်ကားနေ၏။ နန်းဆောင်များကလည်း အလွန်ခမ်းနားနေရာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းများအနေဖြင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ပူဇော်ပသမှုများစွာ ရရှိထားကြောင်း ထင်ရှားသည်။
အခြားတစ်ဖက်တွင် လူသားဧကရာဇ်ဟောင်းများမှာတော့ သင်္ချိုင်းဂူအား လှဲကျင်းပေးမည့်လူပင် မရှိသောကြောင့် မွဲတေနေကြ၏။ ပထမဘိုးဘေးကြီးတစ်ယောက်တည်းသာ ကျောက်စိမ်းမြို့တော်ငယ်တွင် ကျောက်ရုပ်တုကြီးအဖြစ် ရပ်တည်နေသောကြောင့် ရံဖန်ရံခါ ပူဇော်ပသခံရ၏။ ထို့ကြောင့် သူ့အိမ်တွင် ရိက္ခာများ ရှိနေတတ်ရာ ဒုတိယဘိုးဘေးကြီး၊ တတိယဘိုးဘေးကြီးနှင့် ကျန်ရှိသူများအတွက် ခွဲတမ်းချပေးရသည်။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ နန်းဆောင်များက ပြောင်လက်နေသော ကြွေပြားများ၊ အနီရောင်အမိုးများဖြင့် အထပ်ထပ် တည်ရှိနေသည်။ အဆောင်များက ခမ်းနားတင့်တယ်လှပြီး မျှော်စင်များ၊ စံအိမ်များလည်း ပေါများလှသည်။ နန်းဆောင်များအကြား၌ ဝင်္ကပါအမှတ်အသားမျိုးစုံက စင်္ကြလမ်းများသဖွယ် ဖွဲ့တည်လျက် နန်းဆောင်တစ်ခုနှင့်တစ်ခုအား ဆက်သွယ်ပေးထား၏။ မှင်စာများက သစ်သီးပန်းကန်များ၊ စားပွဲသောက်ပွဲများအား မကြာမကြာ သယ်ဆောင်သွားတတ်သည်။ တစ်နေရာလုံး အုံးအုံးကြွက်ကြွက် စည်ကားနေချေသည်။
ချင်မူ သက်ပြင်းချမိသည်။ တစ္ဆေသရဲဖြစ်လာသော်လည်း ကံချင်းက မတူပေ။
သူ နန်းဆောင်တစ်ခုသို့ သွားကာ ခေါင်းမော့ကြည့်လိုက်သည်။ ဤနေရာသည် ကျို့ယန်၏ခန်းမဟု ခေါ်သောကြောင့် သူ တွေးမိလိုက်သည်။ ‘ဒါက နတ်ဂိုဏ်းသခင် ကျို့ယန်ရဲ့ နန်းဆောင်များလား’
နတ်ဂိုဏ်းသခင်ကျို့ယန်က လီထျန်းရှင်၏အရှေ့ရှိ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ဖြစ်သည်။ ချင်မူ သူ၏အောင်မြင်မှုများအကြောင်း သိပ်မသိပေ။ တန်ခိုးရှင်သက်ဆင်းတောင်တွင် ကျို့ယန်၏ခန်းမတစ်ခု ရှိကြောင်းသာ သိ၏။ ဖုန်းတုတွင်လည်း ရှိနေမည်ဟု မထင်ထားခဲ့ပေ။
ခန်းမအရှေ့တွင် လူငယ်တစ်ယောက်က ဆောက်တစ်လက်ဖြင့် အစောင့်ခြင်္သေ့တစ်ကောင်အား ပန်းပုထုနေ၏။ သူ့အနောက်၌ မှင်စာတချို့က ကွဲကြေနေသော ကျောက်အစအနများကို ကောက်နေကြသည်။
ချင်မူ ခန်းမထဲ ဝင်ရန် ပြင်လိုက်စဉ် လူငယ်က လှမ်းမေးသည်။ “ဘာအတွက် လာတာလဲ”
ချင်မူက ပြုံးကာ ပြောလိုက်၏။ “နတ်ဂိုဏ်းသခင် ကျို့ယန်ကို လာရှာတာပါ”
လူငယ်က သူ့ကို အစုံအဆန်ကြည့်ပြီးနောက် တူနှင့်ဆောက်ကို ချသည်။ သူ့ဘေးရှိ မှင်စာတစ်ကောင်က ကျောက်စိမ်းလင်ဗန်းတစ်ချပ်ဖြင့် တူနှင့်ဆောက်ကို ခံယူလိုက်၏။ နောက်မှင်စာတစ်ကောင်က သူ လက်ဆေးရန် ကျောက်စိမ်းဇလုံတစ်လုံး ယူလာပေးပြီး နောက်တစ်ကောင်က သဘတ်တစ်ထည် ကမ်းပေးလိုက်သည်။
လူငယ်က လက်နှစ်ဖက်လုံး သုတ်ရင်း တအံ့တဩ မေးလေသည်။ “အရင်က နတ်ဂိုဏ်းသခင်ကျို့ယန်ကို မမြင်ဖူးဘူးလား”
“နောင်တော်က ဂိုဏ်းသခင်ကျို့ယန်လားဗျ” ချင်မူ အံ့ဩတကြီး ပြန်မေးလိုက်မိ၏။
လူငယ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... မင်းက အရိုးချည်းပဲဆိုတော့ အသက်ရှင်နေသေးတယ် ဖြစ်မယ်။ ဒါပေမဲ့ ထူးဆန်းတာက မင်းက လီထျန်းရှင် မဟုတ်နေတာပဲ။ သူက ငါ့တပည့်ဆိုတော့ ငါ သူ့ကို မမေ့ဘူး။ မင်းက ဂိုဏ်းသခင်အသစ်လား” သူက စိတ်ဝင်စားလာပြီး စိတ်လှုပ်ရှားစွာ မေးလာသည်။ “လီထျန်းရှင်ကို ရှင်းပစ်ပြီးပြီလား”
ချင်မူ ကပျာကယာ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဂိုဏ်းသခင်လီရဲ့ ဝိညာဉ်က ပြိုကွဲသွားပါပြီ။ သူက ရှင်းအန်းကို အသက်စွန့်ပြီး တိုက်ခိုက်ခဲ့ပေမယ့် အနိုင်မယူနိုင်ခဲ့ဘူး။ ဂိုဏ်းသခင်လီရဲ့ အကျင့်ကို ကျွန်တော် သဘောမကျပေမယ့် မသေခင်တော့ အမြင်မှန်ရပြီး ဂိုဏ်းသခင်တစ်ယောက် လုပ်သင့်တဲ့အတိုင်း လုပ်သွားခဲ့လို့ ကျွန်တော် တကယ် လေးစား....”
“သူ့ဝိညာဉ် ပြိုကွဲသွားတယ်ဟုတ်လား ကောင်းချက်” ဂိုဏ်းသခင်ကျို့ယန်က လက်ခုပ်လက်ဝါးတီးကာ ရယ်သည်။ “သိပ်ကောင်းချက်ပဲ။ ငါ အသက်ကြီးလာတော့ သူ့ကို နေရာမပေးချင်မှန်း သိတာနဲ့ အဲဒီခွေးကောင်က ငါ ကိုးကြိမ်အရေခမ်းကိုးကြိမ်အားဖြည့် လျှို့ဝှက်ကျင့်စဉ် ကျင့်နေလို့ ချီနှင့်သွေးတွေ ခမ်းခြောက်နေတဲ့အချိန်ကို အခွင့်အကောင်းယူပြီး ဂိုဏ်းသခင်နေရာ သိမ်းသွားတာလေ။ ငါ ဒဏ်ရာအပြင်းအထန် ရသွားပြီး သေတဲ့အချိန်မှာတောင် အဲဒီသကောင့်သားက ငါ့အုတ်ဂူရှေ့မှာ မျက်ရည်ကြီးငယ် လာကျပြသေးတယ်...”
ချင်မူ အံ့အားသင့်သွား၏။ တခဏကြာသော် သူ မေးလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ် ဘယ်မှာရှိလဲဗျ”
“ဘယ်သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ်လဲ”
ဂိုဏ်းသခင်ကျို့ယန်က အတန်ငယ် မှင်သက်သွားပြီးနောက် သဘောပေါက်သွားသည်။ “ငါ့ဂိုဏ်းတူလေးလေးကို ပြောနေတာမလား။ ငါ့ဆရာရဲ့ဆရာက အသက်ကြီးလာတော့ တပည့်တစ်ယောက် ထပ်ခေါ်လာတယ်လေ... ငါ့ဂိုဏ်းတူလေးလေးက အရင်တုန်းက တစ်ခါမှ ဂိုဏ်းသခင် မဖြစ်ခဲ့ဖူးတဲ့အပြင် ငါ့ထက်တောင် ငယ်သေးတယ်။ ငါ ငါ့ဆရာကို သေတဲ့အထိ ရိုက်သတ်လိုက်တော့ သူက ငါ့ကို အပြစ်လာတင်တာနဲ့ သူ့ကိုပါ သတ်ပစ်ချင်ခဲ့တာ...
“ဒါပေမဲ့ ဂိုဏ်းသားတွေ တိုင်တန်းမှာ ကြောက်လို့ သူ့ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ်လို့ ရာထူးပေးပြီး အဝေးအဝေးကြီးကို လွှတ်လိုက်တာပဲ... ဆရာ ဒီကို လာပါဦး။ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဂိုဏ်းသခင်ပေါက်စလေး ကျွန်တော်တို့ဆီ လာလည်တယ်”
ဘေးရှိ နန်းဆောင်ထဲမှ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ဦး လမ်းလျှောက်ထွက်လာသည်။ သူ့တွင်လည်း ချောမောခံ့ညားသော အသွင်အပြင်ရှိပြီး အသက်သုံးဆယ်၊ လေးဆယ် ရှိမည်ထင်ရ၏။ သူက ဂိုဏ်းသခင်ကျို့ယန်၏စကား ကြားလျှင် တအံ့တဩ ထွက်လာပြီး မေးလေသည်။ “ဂိုဏ်းသခင်ပေါက်စလေး ဟုတ်လား။ ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဂိုဏ်းသခင် နောက်တစ်ယောက် ပြောင်းသွားတာလား... မင်း ဘယ်လိုသေသွားတာတုန်း”
ဂိုဏ်းသခင်ကျို့ယန်က ပြုံးလိုက်သည်။ “ဂိုဏ်းသခင်ပေါက်စလေးက မသေသေးပါဘူး ကြည့် အရိုးစုပဲ ရှိသေးတယ်။ သူက ဆရာရဲ့ ဆရာတူညီလေး ကျွန်တော့်ရဲ့ လေးလေးကို လာရှာတာ”
အနက်ဝတ်လူက လျှောက်လာပြီး ချင်မူ့အား အကဲခတ်သည်။ သူက ပြုံးလိုက်၏။ “မင်းက တကယ် မသေသေးဘူးပဲ။ တပည့် မွေးပြီးပြီလား”
ချင်မူ သူ့ကို ကပျာကယာ နှုတ်ဆက်ကာ ပြောလိုက်သည်။ “ဂိုဏ်းသခင်ယွီလျန်ကို ဂါဝရပြုပါတယ်။ ကျွန်တော် အခုထိ တပည့်မမွေးရသေးပါဘူး”
“တပည့်ကို စောစော မမွေးနဲ့။ စောစော မွေးလေလေ၊ မြန်မြန် သေလေလေပဲ။ ကြည့် ငါဆို တပည့်လိမ္မာလေးကြောင့် သေသွားတာ” ဂိုဏ်းသခင်ယွီလျန်က တစ်ဖက်လှည့်ကာ ကျောနောက်ရှိ ဓားကို ပြသည်။ သူက စေတနာဖြင့် သတိထပ်ပေး၏။ “ကြည့် ဒီဓားက ငါ့တပည့်လိမ္မာလေး ထိုးခဲ့တာပဲ”
ဂိုဏ်းသခင်ကျို့ယန်က သူ့ဘာသာသူ ကျေနပ်နေပြီး ပြုံးလျက် ပြောလာသည်။ “ဆရာ အဲဒီဓားကို အရှက်မရှိ သယ်သွားနိုင်သေးတယ်နော်။ ဘွားဘွားဂိုဏ်းသခင်မကို သတ်ခဲ့တုန်းကရော ဘာပြောခဲ့သေးလဲ”
ဂိုဏ်းသခင်ယွီလျန်းက တဟားဟား ရယ်လိုက်သည်။ “မင့်ဘွားဘွားဂိုဏ်းသခင်မက ငါ့ဆရာတူညီလေးကို ဂိုဏ်းသခင်ရာထူး ပေးချင်ခဲ့တာလေ.. သူ့မသတ်ရင် ငါ ဘယ်လိုလုပ် ဂိုဏ်းသခင်ဖြစ်လာနိုင်မှာလဲ။ မင်းရော ငါ့ကို သတ်ပြီး ဂိုဏ်းသခင် ဘယ်ဖြစ်နိုင်တော့မလဲ။ ဟုတ်သား ဂိုဏ်းသခင်လေးကရော ဂိုဏ်းသခင်ဖြစ်လာဖို့ ဘယ်သူ့ကို သတ်ခဲ့တာလဲ”