ပျော့တီးပျော့ဖတ် သူခိုးအိုကြီးတွေ...လက်ဝါးချက်လေးတစ်ချက်တောင် မခံနိုင်ဘူး
Vol. 37 Ch. 505
ချင်မူ မှုန်ကုပ်သွားသည်။ တခဏကြာမှ .... သူ့တွင် မှုန်ကုပ်စရာ မျက်နှာမရှိမှန်း သတိရလိုက်၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အစဉ်အလာက သူထင်ထားသည်နှင့် လွဲချော်နေသည်။ အထွတ်အမြတ်ဆရာ ဂိုဏ်းသခင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုအတွက် ဓားသုံးလက်ဖြင့် အပေါက်ခြောက်ပေါက် ဖောက်ပြီး အပြစ်ပေးခြင်းမရှိရုံသာမက... ‘ကိုယ်ကျင့်သိက္ခာ’ စောင့်ထိန်းမှုလည်း မရှိပေ။ ဂိုဏ်းသခင်များသည် ဆရာဂိုဏ်းသခင်ကို လုပ်ကြံသတ်ဖြတ်၍ နေရာလုခြင်းက ဂုဏ်ယူစရာဟု သတ်မှတ်နေကြ၏။
“ကျုပ် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ်က ကျုပ်ကို ရွေးချယ်ပြီး ဂိုဏ်းသခင်အဖြစ် တင်မြှောက်ပေးခဲ့တာ” ချင်မူ ဆူပွက်နေသော ဒေါသများကို ထိန်း၍ ပြောလိုက်သည်။
“ဆရာမ ဗျို့ ဆရာမ” ဂိုဏ်းသခင်ယွီလျန်က မိန်းမငယ်လေးတစ်ယောက်ဆီ လက်ဝှေ့ယမ်းပြလိုက်သည်။ “ဂိုဏ်းသခင်ပေါက်စလေး ဒီကို ရောက်လာတယ်... စိတ်မကောင်းစရာက ငကြောက်ဖြစ်နေတာပဲ။ အရင်ဂိုဏ်းသခင်ကို မသတ်ဘဲ ဒီတိုင်း ဂိုဏ်းသခင်ဖြစ်လာတာတဲ့”
မိန်းမငယ်လေးက နန်းဆောင်ထဲမှ ထွက်လာပြီး သူတို့ဆီ လျှောက်လာ၏။ သူမက တအံ့တဩ ပြောလိုက်သည်။ “ဒီလိုဖြစ်ရပ်မျိုး တကယ် ရှိသေးတယ်လား... နင်က နင့်ဆရာကို ဖျားယောင်းပြီး တာအိုနှလုံးသား ဖျက်စီးတာလည်း မလုပ်ဘူး... လုပ်ကြံတာလည်း မလုပ်ဘူးပေါ့”
ချင်မူ ခေါင်းယမ်းလိုက်၏။ “မလုပ်ဘူး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ်က ကျုပ်ကို ဂိုဏ်းသခင်ရာထူး လွှဲပေးဖို့ ဆုံးဖြတ်ခဲ့တာ”
“ငါ့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အစဉ်အလာကို ဖျက်စီးတယ်” မိန်းကလေးသည် ငွေရောင်နားဆွဲလေးနှစ်ခုဖြင့် ချစ်စဖွယ်ကောင်း၏။ သို့သော် ချင်မူ့ကို ကြည့်နေသော ဟန်ပန်မှာ အထင်သေးစက်ဆုပ်နေပုံပေါက်သည်။ “ဆရာနဲ့ ဉာဏ်ချင်း၊ ခွန်အားချင်း ယှဉ်ပြိုင်တာက ငါ့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အစဉ်အလာ၊ ထုံးစံပဲ... နင်က ငါတို့အစဉ်အလာကို မြောင်းထဲပို့ပစ်ခဲ့တယ်ပေါ့လေ... ပျင်းစရာကောင်းချက်... ဆရာကိုမှ စိန်မခေါ်ရင် မျိုးဆက်သစ်က မျိုးဆက်ဟောင်းထက် ဘယ်လိုလုပ် သန်မာအားကောင်းတော့မှာလဲ။ နင့်ရဲ့ ဂိုဏ်းသခင်ရာထူးက ငါတို့စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး”
ချင်မူ အံ့ဩလွန်း၍ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။
ဤမိန်းကလေးက စစ်မိသားစုမှ ဖြစ်လောက်၏။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းအစဉ်အဆက်အရ ... အဘွားစစ်၏ ဘိုးဘေး၊ ဂိုဏ်းသခင်မ စစ်ယွမ်ဝေ့ဖြစ်လိမ့်မည်။
စစ်မိသားစုအနေဖြင့် ဂိုဏ်းသခင်မအဖြစ် ဆက်ခံရလေ့မရှိသော်လည်း တစ်ယောက်၊ နှစ်ယောက်ခန့်တော့ ရှိသေး၏။ စစ်ယွမ်ဝေ့က ရှားပါးသော ဂိုဏ်းသခင်မတစ်ယောက် ဖြစ်သည်။
“ငါက အစတုန်းက နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ဆိုပေမယ့် ဂိုဏ်းသခင်ဖုယွင် ငါ့ကို တမ်းတမ်းစွဲဖြစ်သွားအောင် လုပ်ပြီး သူ့တာအိုနှလုံးသားကို ဖျက်စီးခဲ့တယ်.... အဲဒါနဲ့ ဂိုဏ်းသခင်ဖုယွင်က ငါ့ထက်ထဲမှာဆို နတ်ဂိုဏ်း သေချာပေါက် အင်အားကြီးလာနိုင်မှန်း သိလို့ ငါ့ကို ဂိုဏ်းသခင်မအဖြစ် လွှဲပေးခဲ့တာပဲ။ ဒါတောင် နင်က ဂိုဏ်းချုပ်ရဲ့ အကူအညီနဲ့ ဂိုဏ်းသခင်ရာထူးကို ရတယ်ဟုတ်စ.... နင့်ရာထူးက လုံးဝတရားမဝင်ဘူး”
ဂိုဏ်းသခင်ကျို့ယန်က သရော်တော်တော် ပြောသည်။ “ဘွားဘွားဂိုဏ်းသခင်မ၊ သူ့ကို ရာထူးလွှဲပေးခဲ့တဲ့တစ်ယောက်က ကျွန်တော့် ဂိုဏ်းတူလေးလေးနော်... ဒီတော့ ဘွားဘွား လေးလေးကို ဂိုဏ်းသခင်တင်မြှောက်ဖို့ စိတ်ကူးခဲ့တာ ဘယ်လောက်မှားမှန်း သိပြီလား။ လေးလေးက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းချုပ် ဖြစ်လာကတည်းက ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အစဉ်အလာကိူ ဖျက်စီးချင်နေတာ ကြာပြီ။ ဂိုဏ်းသခင်ဟောင်းတွေကို မလုပ်ကြံ၊ မသတ်ဖြတ်ခဲ့ဘဲနဲ့တောင် ကျွန်တော်တို့ကို အရှက်မရှိ လာတွေ့ရဲသေးတယ်”
စစ်ယွမ်ဝေ့၏မျက်နှာ အနည်းငယ် နီမြန်းသွားသည်။ “ဝမ်ယွမ်လေးက ရုပ်ချောချောလေးဆိုတော့ ငါ့တာအိုနှလုံးသားကို ဖျက်စီးပြီး ငါ့ဆီက ဂိုဏ်းသခင်ရာထူး လုမယ် ထင်ခဲ့တာလေ... နင့်ဆရာ ငါ့ကို လုပ်ကြံလိမ့်မယ်လို့ တွေးတောင်မတွေးဖူးဘူး... ဒါပေမဲ့ ဝမ်ယွမ် ဒီလိုလုပ်ခဲ့တာကတော့ ငါ့ရင်ဝကို ဆောင့်ကန်လိုက်သလိုပဲ.... သူ တကယ် သေသွားပြီမလား။ ငါတို့ သူ့ဆီ သွားမေးရမယ်... ဆရာဟွေ့ကျွင်း ဝမ်ယွမ်ကို တွေ့မိသေးလား”
လက်ဖျားခါလောက်အောင် ချောမောလှပသော လူငယ်တစ်ယောက်က ပြုံးပြုံးရယ်ရယ်ဖြင့် လျှောက်လာသည်။ “စောစောကပဲ မြင်လိုက်သေးတယ်... သက်ရှိကမ္ဘာက ရောက်လာတာဆိုတဲ့ အရိုးစုကြီးတစ်စုကြောင့် သူ ဒုက္ခရောက်နေတယ်လေ... အဲဒီအရိုးစုကြီးက သူ့ကို ဖက်ပြီး ငိုနေတာ... သူလည်း ငိုနေသေးတယ်... အခုတော့ တစ်နေရာရာမှာ နှပ်ချေးသွားညှစ်တယ်ဖြစ်မယ်... ဒါက...”
“ကျွန်မတို့ နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်တဲ့” စစ်ယွမ်ဝေ့က ငေါ့တော့တော့ ပြောသည်။”သူ့ဂိုဏ်းသခင်ရာထူးက အစဉ်အလာအတိုင်း ရထားတာမဟုတ်ဘူး။ လုထားတာ မဟုတ်ဘဲ လွှဲပြောင်းပေးအပ်ထားတဲ့လေ... ကြားလို့တောင် မကောင်းဘူး”
“အဲဒီဖြစ်ရပ်မျိုး တကယ် ရှိတယ်လား” ဂိုဏ်းသခင်ဟွေ့ကျွင်း၏မျက်နှာ အေးစက်သွားပြီး သရော်တော်တော် ပြော၏။ “မျိုးဆက်သစ်တိုင်း အရှေ့မျိုးဆက်ထက် ပိုပိုတုံးလာတယ်... ပိုပိုညံ့လာတယ်။ ဒီနေ့ခေတ် လူတွေ ပျော့ညံ့ချက်ကတော့ ကမ်းကုန်... နတ်ဂိုဏ်းသခင်နေရာကတောင် တိုက်ခိုက်လုယူပြီး ရလာတာမဟုတ်တော့ဘူး... မင်း မင့်ဂိုဏ်းကိုရော နိုင်အောင် ထိန်းနိုင်ရဲ့လား”
ချင်မူ စိတ်ကို ဆွဲဆန့်ထားရသည်။ “ဂိုဏ်းသခင်တို့ခင်ဗျာ... ကျုပ်က သုံးရာခြောက်ဆယ်သော စံအိမ်သခင်တွေနဲ့ တိုက်ခိုက်ပြီး ကောင်းကင်နတ်မင်းတွေအားလုံး ထောက်ခံမှုနဲ့အညီ ဂိုဏ်းသခင်ဖြစ်လာတာပါ။ အမှန်တိုင်းပြောရရင် နတ်ဂိုဏ်းက ကျုပ်လက်ထဲမှာ ပိုလို့တောင် အင်အားကြီးပြီး တိုးတက်လာပါသေးတယ်...”
“စကားကြီးစကားကျယ်တွေ” ဂိုဏ်းသခင်ဟောင်းတစ်ယောက် ရောက်လာ၏။ သူက ချင်မူ့စကားကြားလျှင် သရော်တော်တော် ပြောလိုက်သည်။ “ပိုလို့တောင် အင်အားကြီးပြီး တိုးတက်လာသေးတယ်ဟုတ်လား... သက်ရှိကမ္ဘာမှာ အာဏာချုပ်ကိုင်ထားတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာလို့ ငါ ကြားထားတာပါ။ ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံ လက်ထဲ အာဏာရှိနေမှတော့ မင်းက နတ်ဂိုဏ်းတိုးတက်လာအောင် ဘယ်လိုလုပ်နိုင်မှာလဲ။ နတ်ဂိုဏ်းကို သစ္စာဖောက်ပြီး ဧကရာဇ်ကို ဂိုဏ်းသခင်ဖြစ်လာစေချင်နေတာလား”
ချင်မူ ဒေါသမြိုသိပ်၍ ပြုံးလိုက်သည်။ “ဒါက ဘယ်သူပါလဲ”
ခပ်ချောချောလူငယ်က ခေါက်ယပ်တောင်ကို ဖြန့်ကာ ယပ်ခတ်လိုက်သည်။ “ငါ့တန်ခိုးရှင်သက်ဆင်းတောင်ပေါ်က ယွဲ့ကောင်းခန်းမကို မင်း မသွားဖူးဘူးလား.... ငါက ဂိုဏ်းသခင်ယွဲ့ကောင်းပဲ”
ချင်မူ တဟားဟား အော်ရယ်ကာ ပြောလိုက်၏။ “ခန်းမတွေထဲက ဆွေးနေတဲ့ အခေါင်းတွေကို ကျုပ် တစ်ခါမှ ဂါဝရမပြုဖူးဘူး... တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှာ ကျုပ်လေးစားတာဆိုလို့ သစ်ခုတ်သမား၊ တည်ထောင်သူဂိုဏ်းချုပ်နဲ့ မင်းမြတ်သုံးပါးပဲ ရှိတယ်။ ကျန်ရဲ့ ဂိုဏ်းသခင်တွေက ကျုပ်မျက်လုံးထဲမှာ ဘောင်မဝင်တဲ့ ပိုးဖလံတွေထက် မပိုဘူး”
“ရာရာစစ”
ကျန်ဂိုဏ်းသခင်များလည်း ထွက်ချလာ၍ ချင်မူ လှမ်းကြည့်လိုက်သည်။ အားလုံး ငယ်ရွယ်သော လူငယ်၊ မိန်းမငယ်လေးများ ဖြစ်ကြ၏။ ဤအချက်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် လူသားဧကရာဇ်ခန်းမကြားတွင် သိသာကွဲပြားပေသည်။
ယောက်ျား၊ မိန်းမ၊ မည်သူမဆို လူသားဧကရာဇ်ခန်းမ၏ လူသားဧကရာဇ်တစ်ဦး ဖြစ်လာနိုင်သည်။ သူတို့သည် ရုပ်ရည်သွင်ပြင်နှင့် အိုမင်းရင့်ရော်ခြင်းကို ဂရုမစိုက်သောကြောင့် နုပျိုမှုကို မထိန်းသိမ်းတတ်ကြပေ။
သို့သော် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်များကမူ မတူညီပေ။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ဖန်ဆင်းပညာခုနစ်ခန်း ရှိ၍ ဖန်ဆင်းပညာများကို တတ်မြောက်လျှင် မိမိ၏ရုပ်ရည်ကို မအိုမင်း၊ မရင့်ရော်အောင် ထာဝရထိန်းသိမ်းထားနိုင်၏။ ငယ်ရွယ်နုပျိုစဉ်က ရုပ်ရည်သွင်ပြင်သို့ပင် ပြောင်းလဲနိုင်သေးသည်။
ချင်မူ နတ်ဂိုဏ်းသခင်များကို ကြည့်လိုက်သည်။ အများစုက နုနယ်ချောမောသော အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြ၏။ လူငယ်ဂိုဏ်းချုပ်ပင် နုပျိုငယ်ရွယ်သောပုံစံရှိပြီး သူ၏ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ခဲ့သည်။
“ဂိုဏ်းသခင်ပေါက်စလေးက ချန်းကုခန်းမရဲ့ ငါ ဖုန်းချန်းကုကိုလည်း ဂါဝရမပြုဘူးနဲ့တူတယ် ဟုတ်တယ်မလား” နတ်ဂိုဏ်းသခင်ချန်းကုက ရှေ့တက်ကာ သရော်တော်တော် ပြောလိုက်သည်။ “မင့်ဂိုဏ်းသခင်ရာထူးက မင်းခွန်အားနဲ့ လုယူခဲ့တာမဟုတ်ဘဲ လွှဲပြောင်းပေးအပ်ခံခဲ့ရတာ ဟုတ်လား။ ဂိုဏ်းသခင် မစစ်တာတောင် ငါတို့ကို ဘောင်မဝင်တဲ့ ပိုးဖလံတွေလို့ ပြောရဲသေးတယ်... မင်းကရော ဘောင်ဝင်တယ်ထင်လား”
“ဟုတ်တယ် မင်းက တရားမဝင်နည်းလမ်းနဲ့ ဂိုဏ်းသခင် ဖြစ်လာပြီးတော့များ မင်းရဲ့ ဘိုးဘေးဖြစ်တဲ့ ငါတို့ဆီ မျက်နှာလာပြရဲသေးတယ်”
“မင်းက နတ်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မလေးစားတဲ့အပြင် မင့်ဘိုးဘေးတွေကိုလည်း မလေးစားဘူး။ အသက်ကဖြင့် လက်တောက်လောက်ပဲ ရှိသေးတယ်... ဆရာကို စော်ကားပြီး ဘိုးဘေးတွေရဲ့ မျက်နှာကို အိုးမည်းသုတ်နေတယ်”
“ဂိုဏ်းသခင်ပေါက်စလေး...”
သရော်သံများ အတန်ကြာသည်အထိ ဆူညံနေသည်။
“တိတ်ကြစမ်း” ချင်မူ သည်းမခံနိုင်တော့ပေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်သွား၏။
ချင်မူက ကျယ်လောင်စွာ ရယ်၍ အော်ဟစ်ပြောဆိုလိုက်သည်။ “ကျုပ် ဂိုဏ်းသခင်ရာထူးကို လက်ခံခဲ့ရတုန်းက ဂိုဏ်းသားတွေရဲ့ ဘဝက ပျက်စီးတော့မယ့်ဆဲဆဲ ဖြစ်နေခဲ့တယ်။ လုပ်စရာတွေအများကြီး ပုံနေခဲ့တယ်။ အဲဒါတွေက ဂိုဏ်းသခင်ဟောင်း လီထျန်းရှင် ချန်ခဲ့တဲ့ အရှုပ်ထုတ်တွေချည်းပဲ။ ကျုပ် ဂိုဏ်းသခင်ဖြစ်လာတာနဲ့ ဂိုဏ်းကို ပြန်တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာမိတ်ဖွဲ့တယ်။ ဗုဒ္ဓဝါဒရဲ့ အယောင်ဆောင်အယူအဆတွေကို ထောက်ပြခဲ့ပြီး တာအိုဂိုဏ်းရဲ့ လိုအပ်ချက်တွေကိုလည်း ဖော်ပြခဲ့လို့ အထွတ်အမြတ်မြေကြီးနှစ်ခု ကျုပ်ကို အရှုံးပေးခဲ့ရတယ်
“ကျုပ်က ဥပဒေကို ပြောင်းလဲ၊ လမ်းသစ် ဖောက်ပြီး အသိအမြင်တွေ ဖြန့်ဝေခဲ့တယ်။ ကျောင်းသားစံအိမ်ကနေ အစပြုပြီး ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့တယ်။ ကမ္ဘာတစ်လွှားက ဂိုဏ်းတိုင်း၊ မျိုးနွယ်စုတိုင်းရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို စုစည်းပြီး ကျုပ်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ပြန်အဖတ်ဆည်ခဲ့တယ်
“ကျုပ်က ဆယ့်ရှစ်ချက်မြောက် ဓားကွက်ကို ဖန်တီးပြီး အရပ်ခြောက်မျက်နှာမူလဝိညာဉ်ကျင့်စဉ်ကိုလည်း ရေးသားခဲ့တယ်
“ကျုပ်ရဲ့ နတ်ဂိုဏ်းသားတွေက အခုဆို အနယ်နယ်အရပ်ရပ်မှာ အရေးပါတဲ့ အဆင့်အတန်းတွေနဲ့ ခေါင်းမော့ရင်ကော့ပြီး နေထိုင်နေကြပြီ။ အမြင့်ဆုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ခံကနေ အစပြုပြီး အနိမ့်ဆုံး သာမန်ပြည်သူတွေ၊ လက်လုပ်လက်စားသမားတွေအထိ... အဆင့်အတန်းအလွှာအသီးသီးမှာ ကျုပ်ရဲ့ နတ်ဂိုဏ်းသားတွေ ရှိနေပြီ
“ကျုပ်ရဲ့ သိုင်းအဆင့် ခုနစ်စဉ်ကြယ်အဆင့်နဲ့ ဒီလောက်အထိ ကျုပ် လုပ်ခဲ့တာပဲ” သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းများကို ကြည့်ကာ သရော်လိုက်သည်။ “ခင်ဗျားတို့ကရော ဘာလုပ်ခဲ့လဲ
“ခင်ဗျားတို့လက်ထဲမှာ နတ်ဂိုဏ်းက မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းမိခဲ့ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းဆိုတဲ့နာမည်နဲ့ လူတိုင်းရဲ့ တံတွေးခွက်ထဲ မျောခဲ့ရတယ်
“ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းစဉ်ဆိုသည်မှာ သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှုမှ လွဲ၍ အခြားမရှိ တဲ့။ ဒါပေမဲ့ ခင်ဗျားတို့က ပြစ်ချက်တစ်ချက်မှမရှိအောင် ပြီးပြည့်စုံတဲ့ တန်ခိုးရှင်လမ်းစဉ်ကို မိစ္ဆာလမ်းစဉ်ဖြစ်အောင် လုပ်ပစ်ခဲ့တယ်။ သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်ချင်ရင် ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာ ထူထောင်ရမယ်၊ ကောင်းမှုကုသိုလ် ဆောက်တည်ရမယ်၊ ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို ချန်ရစ်ရမယ်တဲ့ ... ဒီတော့ ခင်ဗျားတို့ကို ကျုပ်မေးမယ် ခင်ဗျားတို့ ဘာလုပ်ခဲ့သလဲ
“ကျောက်တုံးပေါ်မှာ ကျမ်းစာပို့ချပေးခဲ့တဲ့ သစ်ခုတ်သမားကို ကျုပ် လေးစားတယ်
“သူတော်စင်တန်ခိုးရှင် ဖြစ်ဖို့ လူသားအားလုံးရဲ့ ဆရာသခင် အရင် ဖြစ်ရမယ်ဆိုတာ သဘောပေါက်သွားပြီး တန်ခိုးရှင်ရဲ့ သင်ကြားမှုအားလုံးကို သေချာတည်းဖြတ် မှတ်တမ်းတင်ပေးခဲ့တဲ့ တည်ထောင်သူဂိုဏ်းသခင်ကို ကျုပ် လေးစားတယ်
“သမာသမတ်ဂိုဏ်းတွေ ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခဲ့တုန်းက ဂိုဏ်းအမွေကို ထိန်းသိမ်းဖို့ အသက်စွန့်ပေးခဲ့တဲ့ မင်းမြတ်သုံးပါးခန်းမရဲ့ ဂိုဏ်းသခင်သုံးဦးကို ကျုပ် လေးစားတယ်
“ဒါပေမဲ့ ခင်ဗျားတို့ကရော” ချင်မူ သရော်တော်တော် ပြောလိုက်သည်။ “ခင်ဗျားတို့ ဘာကောင်းမှုကုသိုလ်တွေ ဆောက်တည်ခဲ့သလဲ။ ဘာကိုယ်ကျင့်သိက္ခာတွေ ထူထောင်ခဲ့သလဲ... သစ်ခုတ်သမားရဲ့ သင်ကြားပို့ချမှုတွေကို တလွဲနားလည်ပြီး မိစ္ဆာကျင့်စဉ်တွေ ကျင့်ကြံတယ်... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို မိစ္ဆာဂိုဏ်းဖြစ်အောင် လုပ်ခဲ့တယ်.... ကျုပ်က ခင်ဗျားတို့ကို အရှက်မရှိ လာတွေ့တယ်ဟုတ်လား... ခင်ဗျားတို့က ဟော့ဒီလက်တစ်ဆစ်လောက် ရှိတဲ့ ကောင်းမှုကုသိုလ်ကိုတောင် ဆောက်တည်ခဲ့ဖူးလို့လား... ခင်ဗျားတို့ကရော ဂိုဏ်းသခင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ် ထင်နေလား.... အထွတ်အမြတ်ဆရာသခင် ဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ် ထင်နေလား.... ကျုပ် ဒီကိုလာတာ ခင်ဗျားတို့ကို တွေ့ဖို့ မဟုတ်ဘူး ... ခင်ဗျားတို့က ဆန်ကုန်မြေလေးတွေ... ကျုပ်နဲ့ တွေ့ဖို့တောင် မထိုက်တန်ဘူး”
ပတ်ဝန်းကျင်မှာ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားတော့သည်။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ အထွတ်အမြတ်ဂိုဏ်းသခင်များသည် လူသားဧကရာဇ်ခန်းမ၏ လူသားဧကရာဇ်များထက် အရေအတွက် ပိုများသော်လည်း အများစုမှာ အသေဆိုးနှင့် သေခဲ့ကြရသဖြင့် ဖုန်းတုသို့ ဝင်နိုင်အောင် မြင့်မားသော သိုင်းအဆင့်မရှိကြပေ။ ထို့ကြောင့် ဖုန်းတုထဲရှိ နတ်ဂိုဏ်းသခင်အရေအတွက်မှာ သိပ်မများလှချေ။
သို့တိုင်အောင် အယောက်သုံးဆယ်ခန့် ရှိ၍ ဖုန်းတုထဲတွင် မည်သူမှ ရန်မစရဲသော တပ်စိတ်တစ်စိတ်သဖွယ် ဖြစ်နေသည်။
ချင်မူ၏စကားအရှည်ကြီးက အားလုံးကို အံ့အားသင့်သွားစေပြီး အခြေအနေမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်လာသည်။
ရုတ်တရက် လူငယ်ဂိုဏ်းချုပ်၏အသံ သူတို့ဆီ ရောက်လာ၏။ “ဘာတွေ ဖြစ်နေကြတာတုန်း... အားလုံး ရောက်နေပါလား... ငါ နောက်ကျသွားတယ်... နောက်ကျသွားတယ်”
ချင်မူ လှမ်းကြည့်လိုက်သည့်အခါ လူငယ်ဂိုဏ်းချုပ် ဇောချွေးပြန်နေသည်ကို မြင်လိုက်ရသည်။ သူက သူ့ကို မျက်စိအောက်မှ အပျောက်မခံသော နဂါးချီလင်နှင့်အတူ အပြေးအလွှား ရောက်လာ၏။
လူငယ်ဂိုဏ်းချုပ်က လူအုပ်ကြီးထဲ တိုးဝှေ့ဝင်လာသည်။ သူ့မှာ ချွေးပိုပြန်လာပြီး ပြုံးဖြဲဖြဲ ရယ်လိုက်သည်။ “ဂိုဏ်းသခင်ရယ် ရိုးရိုးတန်းတန်း စကားပြောရာကနေ ဘယ်လိုလုပ် အခုလို ဖြစ်ကုန်တာတုန်း... ဒါက လက်ရှိကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ကျောက်တုံးပေါ်က သင်ကြားပို့ချမှုတွေကို လက်တွေ့ကျင့်သုံးနေတဲ့ ထူးချွန်တဲ့လူငယ်ပါ.. ဂိုဏ်းသခင်ချင်က ငါ့ကို လာရှာတာမလား.. လာ လာ သွားစို့ ငါ့နေရာမှာ သွားထိုင်ရအောင်.... နတ်ဂိုဏ်းသားတွေက ငါ့အတွက်လည်း ကောင်းကောင်းမွန်မွန် ပူဇော်ပေးထားတယ်”
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များက မလှုပ်ပေ။
လူငယ်ဂိုဏ်းချုပ် ချွေးတပြိုက်ပြိုက် ကျလာကာ ချင်မူ့အဝတ်စကို ဆွဲသည်။ သူက အံကြိတ်လျက် ပြောလိုက်၏။ “မင့်စကားတွေက ရိုင်းလွန်းတယ်.. ခေါင်းငုံ့ပြီး ဘိုးဘေးတွေကို တောင်းပန်လိုက်...”
“တောင်းပန်မယ်ဟုတ်လား.... မလိုဘူး” ဂိုဏ်းသခင်ကျို့ယန်က ကျယ်လောင်စွာ ရယ်၍ အေးအေးလူလူ ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်ရဲ့ ပါးစပ်ပေါက်လေးက အခုလို အံ့အားသင့်ဖွယ် စကားလုံးတွေကို အကျယ်ကြီး ပြောနေလို့ နားကန်းတောင် ကြားရလောက်ပါတယ်။ ကျုပ်တို့အားလုံး ဆွံ့အသွားမိပါတယ်”
လူငယ်ဂိုဏ်းချုပ်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဂိုဏ်းသခင်ကျို့ယန်မှာ ဖော်ရွေစွာ ပြုံးနေလေလေ၊ ဒေါသထွက်လေလေ ဖြစ်၏။
ချင်မူကလည်း ပြုံးလျက် ပြောလိုက်သည်။ “ဂိုဏ်းသခင်ကျို့ယန်က ကွေ့ဝိုက်ပြောနေတာပဲ ဘာလို့ စိတ်ထဲရှိတာ တန်းမပြောတာလဲ”
လူငယ်ဂိုဏ်းချုပ် ရင်ထဲထိတ်သွားသ်ောလည်း ဂိုဏ်းသခင်ကျို့ယန်က ပြုံးမြဲပြုံးနေ၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဆိုတာ အပြောကြီးရုံတင်မဟုတ်ဘဲ တိုက်ခိုက်တတ်ရတယ်။ မင်းရဲ့ ဂိုဏ်းသခင်ရာထူးက အစဉ်အလာမဟုတ်တဲ့ နည်းလမ်းနဲ့ ရထားပေမယ့် လီထျန်းရှင်လည်း သေနေပြီဆိုမှတော့ ငါတို့အရိုးအိုကြီးတွေ သူ့အစား မင်းကို စမ်းသပ်ကြရင် မကောင်းဘူးလား။ မင်းက အထွတ်အမြတ်ဆရာသခင် ဖြစ်သင့်လား ကြည့်ရသေးတာပေါ့”
လူငယ်ဂိုဏ်းချုပ်က ချင်မူ့အင်္ကျီစကို ကပျာကယာ ဆောင့်ဆွဲ၍ ငြင်းရန် အမူအရာပြသည်။
“အဆင့်တူနဲ့ တိုက်ခိုက်မှာလား.. အမှန်တိုင်း ပြောရရင် လူသားဧကရာဇ်ခန်းမက လူသားဧကရာဇ်တိုင်းကို ကျုပ် အခုလေးတင် ရိုက်ပြီး ထွက်လာတာ” ချင်မူက လူငယ်ဂိုဏ်းချုပ်၏လက်ကို အသာအယာ တွန်းဖယ်ကာ ပြုံးလိုက်သည်။ “လူသားဧကရာဇ်ခန်းမရဲ့ လူသားဧကရာဇ်တိုင်းက ထိပ်တန်းသိုင်းပညာရှင်တွေဆိုတော့ သူတို့နဲ့ တိုက်ခိုက်ရတာ ပင်ပန်းတယ်။ ဂိုဏ်းသခင်တို့ကတော့... အဆင့်တူမှာ တိုက်ခိုက်မယ်ဆို ....” သူ့အသံက အနိမ့်အမြင့်မရှိ ထွက်လာသည်။ “တစ်ပြိုင်တည်း လာခဲ့”
လူငယ်ဂိုဏ်းချုပ်၏ နဖူးမှ ချွေးများ မိုးရွာသလို ကျလာသည်။
ဂိုဏ်းသခင်ဟောင်းအာလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဂိုဏ်းသခင်ယွီလျန်က ဟက်ခနဲ ရယ်၏။ “ဂိုဏ်းသခင်ချင်က တက်ကြွနေပေမယ့် ငါတို့အားလုံးကို တစ်ပြိုင်တည်း လာခိုင်းတာကတော့ ဘဝင်မြင့်လွန်းရာ မရောက်ဘူးလား... ငါပဲ ဂိုဏ်းသခင်ချင်ရဲ့ သိုင်းကွက်တွေကို အရင်ဆုံး စမ်းသပ်ပါရစေ”
ချင်မူ ခေါင်းယမ်းလိုက်၏။ “ခင်ဗျားရဲ့ အဆင့်က မလုံလောက်ဘူး။ သိုင်းအဆင့်တစ်ဆင့်က ကောင်းကင်ဘုံတစ်ခု၊ စိတ်အခြေအနေအဆင့်တစ်ဆင့်က တံခါးတစ်ချပ်နဲ့ ညီမျှတယ်... ကျုပ်က တံခါးပေါ်မှာ ရပ်ပြီး ခင်ဗျားတို့အားလုံးကို ငုံ့ကြည့်နေတာ.... ကိုယ့်ထက်ကြီးတဲ့လူတွေကို လေးစားသမှုနဲ့သာ အားလုံး တစ်ပြိုင်တည်း လာခဲ့ဖို့ ပြောနေတာပါ။ ဂိုဏ်းသခင်ယွီလျန်က တစ်ယောက်တည်း တိုက်ခိုက်ချင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေရာ မရောက်ဖူးလား”
လူငယ်ဂိုဏ်းချုပ်မှာ မတတ်နိုင်သည့်နောက်ဆုံး သက်ပြင်းရှည်ကြီးချကာ အလေးအနက် ပြောလိုက်သည်။ “အထွတ်အမြတ် ဂိုဏ်းဆရာသခင်တို့... ပြောတဲ့အတိုင်း လုပ်ဖို့ လိုပါတယ်။ အားလုံး ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနဲ့ ကောင်းကင်တံတားကောင်းကင်ရတနာတွေကို ချိတ်ပိတ်ပေးပါ။ တစ်ယောက်တည်း တိုက်ခိုက်မလား... အကုန်ဝိုင်းတိုက်မလားဆိုတာကတော့ သဘောပါပဲ။ ကျုပ်က အထွတ်အမြတ်ဂိုဏ်းဆရာသခင် မဟုတ်တော့ ခင်ဗျားတို့ စိတ်တိုင်းကျသာ လုပ်ပါ...”
ဂိုဏ်းသခင်ယွီလျန်က ကောင်းကင်ရတနာသုံးခုကို အရင်ဆုံးပိတ်၍ ရှေ့တစ်လှမ်းတက်လာသည်။ မာန်သွင်းအော်ဟစ်သံနှင့်အတူ သူ၏မိစ္ဆာသိုင်းကွက်များ တရှိန်ထိုး ထွက်ပေါ်လာ၏။ သူ၏မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက မိစ္ဆာလမ်းစဉ်ဖြစ်၍ သူ၏ ကျင့်စဉ်ပညာရပ်များနှင့် ကောင်းကင်နတ်သိုင်းများမှာလည်း မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းသည်။ သူ လျှောက်လာသော ခြေလှမ်းတိုင်းတွင် တစ္ဆေများ ကပ်ငြိနေ၏။
‘မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက ငါ့လောကသခင်ခန္ဓာ အမြုတေသုံးသယ်ကျင့်စဉ်ရဲ့ ကျင့်စဉ်စာသားတစ်ဝက်ဖြစ်ပေမယ့် ခင်ဗျားတို့ကြောင့် မိစ္ဆာလမ်းစဉ် ဖြစ်ခဲ့ရတယ်’
ချင်မူ မျက်လုံးများ ကျဉ်းမြောင်း၍ လက်ဝါးရိုက်ချက် ပို့လွှတ်လိုက်သည်။ မိုးကြိုးကဲ့သို့ လျင်မြန်လှသော မိုးကြိုးတန်းက တစ္ဆေများကို ပစ်ခွင်းသွား၏။
“မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း”
ဘုန်း
ဂိုဏ်းသခင်ယွီလျန်မှာ လွင့်ထွက်သွားပြီး ကျို့ယန်ခန်းမထဲတွင် လူပုံံစံအပေါက်ကြီး ဖြစ်သွား၏။ ထို့နောက် ခန်းမထဲမှ တဒုန်းဒုန်း ပေါက်ကွဲသံများ ဆင့်ကဲထွက်ပေါ်လာသည်။ ဂိုဏ်းသခင်ယွီလျန်မှာ နံရံဆယ်ချပ်ကျော်ကို ဖောက်သွားပြီး မရပ်တန့်သေးပေ။ နောက်ဆုံးတော့ ဆယ်မိုင်အကွာ၌ မှိုပွင့်သဖွယ် ဖုန်လှုံးကြီး ထလာသည်။ ဂိုဏ်းသခင်ယွီလျန် မရပ်သွားခင် နံရံမည်မျှဝင်တိုက်ခဲ့ရကြောင်း မပြောတတ်ပေ။
အားလုံး သတိပြန်ဝင်လာသည့်အချိန်၌ ချင်မူက ဂိုဏ်းသခင်ကျို့ယန်၏အနောက်သို့ ရောက်ခဲ့ပြီဖြစ်၏။ ကျို့ယန်က လျင်သည်။ အရှေ့သို့ ခုန်၍ အရိပ်အသွင် ပြောင်းကာ ကြမ်းပြင်၌ ကပ်လိုက်သည်။
ချင်မူ ကြမ်းပြင်သို့ ဆောင့်နင်းချလိုက်ရာ မြေကြီးနှစ်ခြမ်း ကွဲသွားပြီး တွင်းနက်ကြီးတစ်တွင်း ပေါ်လာသည်။ ဂိုဏ်းသခင်ကျို့ယန်၏ ခန္ဓာကိုယ်အစစ် အနက်ရောင်အရိပ်အသွင်ထဲမှ ထွက်လာရသည့်အခါ ဓားမတစ်လက်က သူ့မျက်နှာဆီသို့ ခုတ်ချလိုက်သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လိပ်နက်ခန္ဓာ ဖွဲ့တည်လိုက်၏။ ဧရာမလိပ်ခွံကြီးမှာ ဓားမနှင့် ထိလျှင်ချင်း နှစ်ခြမ်းခွဲကာ လွင့်ထွက်သွားသည်။
ချင်မူက ဂိုဏ်းသခင်ဟောင်းများဆီသို့ တရှိန်ထိုး ပြေးဝင်ကာ တစ္ဆေတစ်ကောင်လို ရွေ့လျားနေသည်။ အားလုံး အံ့အားသင့်နေကြသော်လည်း သူ့တိုက်ကွက်များကို ခံစားကြရသည်နှင့် ပြန်တုံ့ပြန်လိုက်ကြ၏။
ဘုန်း ဘုန်း ဘုန်း
ဂိုဏ်းသခင်ယွဲ့ကောင်း၏ ကောင်းကင်နတ်သိုင်းက ဖုန်းချန်းကု၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ဖုန်းချန်းကု၏ မိစ္ဆာဓားက စစ်ယွမ်ဝေ့၏ ရင်ဘတ်ထဲ စိုက်ဝင်သွားသည်။ တခဏအတွင်း အားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်၏။
လူငယ်ဂိုဏ်းချုပ်မှာ မြေစာပင် ဖြစ်မည်စိုး၍ ကပျာကယာ နောက်ဆုတ်လိုက်မိသည်။ ထို့နောက် မြေကြီး အစိတ်စိတ်အမြွှာမြွှာ အက်ကွဲလာသည်ကို မြင်လိုက်ရ၏။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများကြောင့် ကျို့ယန်ခန်းမတစ်ခုလုံး ပြိုကျသွားပြီး အပိုင်းအစများ ကောင်းကင်ယံသို့ မြောက်တက်သွားကြသည်။ အားလုံး ဖုန်များအကြား ခုန်ပျံရွေ့လျားနေကြ၏။ သူတို့ခေါင်းများက တစ်ချက်တစ်ချက် အပေါ်ရောက်လာသည်၊ တစ်ချက်တစ်ချက် အောက်ကျသွားသည်။ တစ်ချက်တစ်ချက် အရိပ်များအသွင်ဖြင့် ကျောက်တိုင်များအပေါ်၌ ဖြတ်ပြေးနေကြပြီး တစ်ချက်တစ်ချက် ပျံသန်းနေသော၊ ခုန်နေသော သားရဲများ ဖြစ်လာကြသည်။
“မင်း သုံးသွားတာ တာအိုဂိုဏ်းရဲ့ တာအိုဓားပဲ သစ္စာဖောက်” ဂိုဏ်းသခင်ဟောင်းတစ်ယောက်မှာ ဓားချက်တစ်ရာကျော် ခံစားလိုက်ရသဖြင့် ဒေါတတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် ဦးခေါင်းစိုက်လျက် ပြုတ်ကျလာ၏။
“ခွေးကောင်လေး ဒါ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ သိုင်းကွက်ပဲ”
“ဒါ ဘာဓားသိုင်းလဲ”
ဘုန်း ဘုန်း ဘုန်း
နန်းဆောင်အပျက်အစီးပုံအပေါ်သို့ လူရိပ်များ တဘုန်းဘုန်း ပြုတ်ကျလာ၏။ တောက်ပြောင်နေသော ကြွေပြားများနှင့် အနီရောင်အမိုးများအထက်တွင် ချင်မူနှင့် ဂိုဏ်းသခင်ဟွေ့ကျွင်းတို့ ကြက်ခြေခတ် ဖြတ်သွားသည်။ ချင်မူက ကမ္ဘာချုပ်လျှို့ဝှက်သိုင်းကွက်ဖြင့် တစ်ဖက်လူ၏ အာရုံငါးပါးကို ချုပ်၍ ခန္ဓာကိုယ်လှည့်ကာ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’ဖြင့် လက်ဖဝါးလှန်မှောက်လိုက်သည့်အခါ ဂိုဏ်းသခင်ဟွေ့ကျွင်းမှာ သွေးအန်ကာ ပြုတ်ကျသွားတော့၏။
ဧရာမခန်းမကြီး၏ ပြောင်လက်နေသော ကြွေပြားများ ကွဲအက်သွားပြီး ဂိုဏ်းသခင်ယန်ကျီ ရောက်လာသည်။ သူ့ကို စောင့်ကြိုနေသည်မှာ ချင်မူဆီမှ ‘ကျောက်စိမ်းကောင်းကင်ဘုံ၏ နတ်ဂူနှင့် နဂါးငွေ့တန်း’ ကောင်းကင်နတ်သိုင်း ဖြစ်သည်။
ကြယ်တစ်သောင်းက ကြောက်မက်ဖွယ်ရာ လက်ဝါးအားလှိုင်းဖြင့် ကောင်းကင်ယံမှ ထိုးဆင်းလာပြီး ဂိုဏ်းသခင်ယန်ကျီ၏ ကောင်းကင်နတ်သိုင်းအား သစ်ကိုင်းခြောက်လေးပမာ ဖျက်စီးပစ်လိုက်၏။ ချင်မူ့ လက်ဝါးက နဂါးငွေ့တန်းအသွင် ဖွဲ့တည်လျက် သူ့အား မြေကြီးပေါ်သို့ မညှာမတာ ရိုက်ချလိုက်တော့သည်။
ဘုန်း
လေထဲတွင် ပျံဝဲနေသော အပျက်စီးများ၊ နံရံများ ပြုတ်ကျသွားသဖြင့် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များ ကျသွားသည့်နေရာတွင် လေးငါးဧကမျှ ကျယ်ဝန်းသော လက်ဝါးရာကြီးတစ်ခု ရှိနေ၏။
“ပျော့တီးပျော့ဖတ် သူခိုးအိုကြီးတွေ... လက်ဝါးချက်လေးတစ်ချက်တောင် မခံနိုင်ဘူး” ချင်မူက မြေပြင်ပေါ် ဆင်းသက်၍ အဝတ်ပေါ်ရှိ ဖုန်များကို ခါလိုက်သည်။ သူက မှင်သက်နေသော လူငယ်ဂိုဏ်းချုပ်ကို ကြည့်ကာ ပြုံးပြလိုက်၏။ “ဂိုဏ်းချုပ်.. ဂိုဏ်းချုပ်နေရာဆီ သွားပြီး စကားပြောရအောင်”