← Chapters

အထွတ်အမြတ်ဆရာသခင်

Vol. 37 Ch. 506

အထွတ်အမြတ်ဆရာသခင်

Vol. 37 Ch. 506

ဝမ်ယွမ်ခန်းမ

လူငယ်ဂိုဏ်းချုပ်၏နေရာမှာ ဂိုဏ်းသခင်ခန်းမများနှင့် ယှဉ်လျှင် များစွာနွမ်းပါး၏။ ဂိုဏ်းချုပ်က ဂိုဏ်းသခင်,မဖြစ်ခဲ့ဖူး၍ ဂိုဏ်းသခင်များအောက် အဆင့်အတန်းနိမ့်ပါးသောကြောင့် ဖြစ်လောက်သည်။

သို့သော် ဂိုဏ်းချုပ်သည် အထွတ်အမြတ်ဂိုဏ်းသခင် တစ်ခါမှ မဖြစ်ခဲ့ဖူးသောကြောင့်သာ အစဉ်အလာများကို ပစ်ပယ်၍ ထိုဂိုဏ်းသခင်များ မလုပ်နိုင်ခဲ့သည့်အရာများအား ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ချင်မူ မြင်မိ၏။

လူငယ်ဂိုဏ်းချုပ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ဆရာတပည့်တစ်ပိုင်း၊ မိတ်ဆွေတစ်ပိုင်း ဖြစ်ကြသည်။ ဧကရာဇ်အတိုင်ပင်ခံ လာလည်တုန်းက လူငယ်ဂိုဏ်းချုပ်သည် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဦးစွာထုတ်ပြပေးခဲ့ပြီး သူတော်စင်တန်ခိုးရှင်၏ လမ်းစဉ်ကြောင်း ရှင်းပြပေးခဲ့၏။ ထို့နောက် ဧကရာဇ်အတိုင်ပင်ခံကို ထောက်ခံစာ ရေးပေး၍ တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်း‌တော်သို့ စေလွှတ်ခဲ့၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အောင်မြင်မှုများက လူငယ်ဂိုဏ်းချုပ်နှင့်လည်း များစွာ သက်ဆိုင်ပေသည်။

ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်သည့်အချိန်တွင်လည်း လူငယ်ဂိုဏ်းချုပ် ပါဝင်ခဲ့သည်။ နန်းတွင်းကောလိပ်၏ တည်ထောင်မှုကပင် သူနှင့် များစွာ ဆက်နွှယ်နေ၏။

သူက နန်းတွင်းကောလိပ်၏ ပထမဆုံးပါမောက္ခချုပ် ဖြစ်လာခဲ့ပြီး ဧကရာဇ်အတိုင်ပင်ခံ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့်အခါတို့တွင်လည်း သူ၏အမြင်များအား မကြာခဏ ထုတ်ဖော်ပြောခဲ့ဖူးသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုတွင် ထိန်းချုပ်ကြိုးကိုင်ထားသော ကစားသမားသုံးယောက် ရှိသည်။ နှစ်ယောက်က ရှေ့ထွက်ပြထားသော ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ဖြစ်ပြီး ကျန်တစ်ယောက်.... နောက်ကွယ်၌သာနေ၍ ကစားနေသူ လူငယ်ဂိုဏ်းချုပ် ဖြစ်၏။

နတ်ဂိုဏ်း၏ သမိုင်းတစ်လျှောက်လုံးတွင် လူငယ်ဂိုဏ်းချုပ်၏ အောင်မြင်မှုများကို ယှဉ်နိုင်သည့် လူမှာ အလွန်ဆုံး နှစ်ယောက်၊ သုံးယောက်သာ ရှိသည်။

သို့တိုင်‌အောင် ဂိုဏ်းသခင်မဟုတ်သောကြောင့် ကျန်ဂိုဏ်းသခင်များနှင့်တန်းတူ မဆက်ဆံခံရပေ။ ချင်မူ သူ့အတွက် စိတ်မကောင်းဖြစ်မိ၏။

“မင်းကတော့ ဝုန်းဒိုင်းကြဲတတ်တုန်းပဲ”

လူငယ်ဂိုဏ်းချုပ်က ချင်မူ့ကို ခန်းမထဲ ခေါ်လာပြီး နဂါးချီလင်က သူ့ကို ပွတ်သပ်နေသည်။ သူ၏အရိုးကြီးများနှင့် အ‌ကြေးခွံများကြောင့် လူငယ်ဂိုဏ်းချုပ်၏ အဝတ်အစားများ စုတ်ပြဲနေပြီး ခြေထောက်မှာလည်း နီရဲနေပြီဖြစ်သည်။

သို့သော် လူငယ်ဂိုဏ်းချုပ်က ဂရုမထားဘဲ ချင်မူ့ကို ပြောလိုက်သည်။ “အခုတော့ ဘာဖြစ်သွားလဲ ကြည့်... ဂိုဏ်းသခင်ဟောင်းအားလုံး မင်း ရိုက်တာ ခံလိုက်ရပြီ။ သူတို့က ပေါင်းရသင်းရ လွယ်တယ်များ မှတ်နေလား။ ဖုန်းတုထဲမှာ တပ်စိတ်တစ်စိတ်ကွ... မင်း ‌နောက်တစ်ချိန်မှာ သေရင် ဖုန်းတုမှာ ဘယ်လိုရပ်တည်မလဲ...”

“ဂိုဏ်းချုပ်...” ချင်မူ ရုတ်တရက် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး သူ့အသံမှာ အဖျားခတ်နေသည်။ အတန်ကြာသည်အထိ သူ လွှတ်မပေးသေးပေ။ “ဂိုဏ်းချုပ်ကို လွမ်းနေတာ”

အရိုးစုကောင်လေးမှာ မျက်ရည်သုတ်ချင်သော်လည်း သုတ်စရာမျက်ရည် မရှိပေ။ သူက ရှိုက်ငိုနေရင်းဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် မဟာမြို့ပျက်ထဲမှာ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေကို တားနေမှန်း ကျွန်တော် မသိခဲ့ဘူး ... စစ်ယွင်ရှန်းဆီက ကြားမှ သိတာ... စည်းကမ်းထိန်းအကြီးအကဲက ဂိုဏ်းချုပ်ရဲ့ ပြာအိုးကို ပြန်ယူလာပေးပေမယ့် ဂိုဏ်းချုပ်ကို ကျွန်တော် နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘူး။ အဲဒါကြောင့် အခု လာတွေ့တာ။ ဖက်တီးကိုလည်း မပြောရဲလို့ မပြောဘဲ ထားခဲ့ပေမယ့် ကျွန်တော် တကယ် လွမ်းနေခဲ့တာပါ...”

လူငယ်ဂိုဏ်းချုပ် မှင်သက်သွားသည်။ သူက ကောင်လေး၏‌ကျောကို ပွတ်သပ်ပေးရင် သက်ပြင်းချလိုက်၏။ “ငါ အခု အသက်ရှင်နေတယ်လေကွယ်.. ကြည့်.. ငါ့မှာ အသွေးအသား ရှိသေးတယ်.. ငါ့မျက်လုံးထဲမှာ မင်းက သေလူလို ဆိုတော့ ငါလည်း ရှိုက်ကြီးတငင် ငိုရတော့မလား... ကဲ ကဲ ... စောစောက ဘိုးဘေးတွေကို ဆူငေါက်ပြီး ရိုက်နှက်နေတဲ့ ဂိုဏ်းသခင်ချင်က အခုကျ ဘာလို့ ကလေးကြီးလို လုပ်နေတာတုန်း... တော်တော့ နဂါးချီလင် .. မင်းအရိုးတွေကြောင့် ငါ့ခြေထောက်တောင် သွေးထွက်နေပြီ။ ပွတ်လို့ မဝသေးဘူးလား”

နဂါးချီလင်မှာ သူ့ဒဏ်ရာကို လျက်ပေးရန် လျှာထုတ်လိုက်သော်လည်း သူ့တွင် လျှာမရှိနေမှန်း သတိရသွားသည်။ မခွာချင် ခွာချင်ဖြင့် နောက်ဆုတ်သွားသော်လည်း တအောင့်ကြာသော် မနေနိုင်ဘဲ ခြေထောက်ကို ပွတ်သပ်နေပြန်၏။

လူငယ်ဂိုဏ်းချုပ် ဆွံ့အနေသည်။ နဂါးချီလင်နှင့် မတွေ့ရသည်မှာ ကြာလှပြီဖြစ်သဖြင့် တွေ့တွေ့ချင်း နှစ်ယောက်သား ငိုခဲ့မိကြသည်။ သို့သော် ဖက်တီးနဂါးက သူ့ခြေထောက်ကို မခွာတမ်း ပွတ်သပ်နေသဖြင့် လူငယ်ဂိုဏ်းချုပ် စိတ်ရှုပ်စပြုလာ၏။ တခဏကြာတွင် ထိုဖက်တီးကြီးကို ကန်ထုတ်ပစ်ချင်စိတ်သာ ရှိတော့သည်။

“ကျောက်တုံးပေါ်မှာ သင်ခန်းစာ ပို့ချပေးခဲ့တဲ့ သစ်ခုတ်သမားကို ကျွန်တော် တွေ့ဖို့ တွေးနေတာ... တည်ထောင်သူဂိုဏ်းသခင်နဲ့ မင်းမြတ်သုံးပါးကိုရောပဲ” ချင်မူက ပြောလိုက်သည်။ “ဂိုဏ်းချုပ် သူတို့လည်း ဖုန်းတုမှာလား”

“မင်းမြတ်သုံးပါးကိုတော့ မင်း မတွေ့နိုင်တော့ဘူး.... သူတို့က ဝိညာဉ်ပြိုကွဲသွားခဲ့ပြီ” လူငယ်ဂိုဏ်းချုပ်က စိတ်မကောင်းစွာ ပြောလိုက်သည်။ “ကျောက်တုံးပေါ်က သင်ကြားပို့ချမှုတွေကို ဂိုဏ်းသခင်အသစ်ဆီ လွှဲပြောင်းပေးဖို့ ကြိုးစားရင်း တိုက်ပွဲမှာ အသက်စွန့်ခဲ့ကြတာ။ ဝိညာဉ်တွေကိုလည်း မကာကွယ်နိုင်ခဲ့တော့ ဖုန်းတုထဲ ဝင်မလာနိုင်ကြဘူး။ ငါလည်း ဒီကို လာတုန်းက တည်ထောင်သူဂိုဏ်းသခင်နဲ့ တွေ့ရမယ်ထင်ခဲ့ပေမယ့် သူ့ကို မမြင်ခဲ့ရဘူး။ တန်ခိုးရှင်သစ်ခုတ်သမားလည်း ဒီမှာ မရှိဘူး”

ချင်မူ အံ့အားသင့်သွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားနှင့် တည်ထောင်သူဂိုဏ်းသခင်က ဖုန်းတုမှလွဲ၍ မည်သည့်နေရာသို့များ သွားနိုင်ပါသေးသနည်း။

သစ်ခုတ်သမား၏ ရုပ်ခန္ဓာကျောက်ရုပ်တုက မဟာမြို့ပျက်ဆီသို့ မျှော်ကြည့်ရင်း ကျောက်စိမ်းမြို့တော်ငယ်တွင် ရှိနေသေးသည်။ သူ၏မူလဝိညာဉ်က ရုပ်ခန္ဓာမှ ခွာ၍ တခြားနေရာများသို့ ထွက်သွားခြင်းဖြစ်၏။ တည်ထောင်သူဂိုဏ်းသခင်မှာမူ ဂိုဏ်းတည်ထောင်၍ ကျမ်းစာပြုစုပြီးနောက် ကောင်းမှုကုသိုလ် မဆောက်တည်နိုင်ခဲ့သည့်အတွက် သူတော်စင်တန်ခိုးရှင်မဟုတ်သေး‌ပေ။

နတ်ဘုရားလည်း မဖြစ်ခဲ့သောကြောင့် ဇရာကြောင့် သေဆုံးခဲ့လိမ့်မည်။ သို့ဆိုလျှင် သူ မည်သည့်နေရာသို့ ထွက်သွားသနည်း....

လူငယ်ဂိုဏ်းချုပ်က စကားပြန်ဆက်သည်။ “မင်း ဂိုဏ်းသခင်ဟောင်းတွေကို ရိုက်ခဲ့တာနော်....”

“ဂိုဏ်းချုပ်... ကျွန်တော်က ဂိုဏ်းသခင်၊ သူတို့လည်း ဂိုဏ်းသခင်ပဲ။ ဒီတော့ ကျွန်တော်က သူတို့အောက် နိမ့်ကျစရာလား။ ကျွန်တော်က လူသားဧကရာဇ်လည်း ဟုတ်တယ်လေ.... ကျွန်တော့်အဆင့်အတန်းက သူတို့ထက်အောင် မြင့်မားသေးတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခိုင်းမယ်ဆိုရင်တော့ ကျွန်တော် မလုပ်နိုင်ဘူး..

“နတ်ဂိုဏ်းမှာက ဝါစဉ်မရှိဘူး၊ အမှန်တရားကို ရှာတွေ့တဲ့ လူပဲ အထွတ်အမြတ်ဆရာသခင် ဖြစ်ထိုက်တယ်။ သူတို့က ဂိုဏ်းသခင်ဟောင်းတွေ ဆိုပေမယ့် သူတို့မှာလည်း သူတို့အကျင့်စရိုက်နဲ့သူတို့ ရှိကြတယ်။ ကျွန်တော်သာ သူတို့ကို မရိုက်ရင် ကျွန်တော့်ဂိုဏ်းသခင်ရာထူးက အစဉ်အလာနဲ့ မညီဘူးလို့ပဲ ပြောနေမှာ။ ရိုက်လိုက်တော့မှ ဆွံ့အကုန်ကြတာ။ ဒါ့အပြင် သူတို့လက်ချက်ကြောင့် နတ်ဂိုဏ်း တံတွေးခွက်ထဲ မျောခဲ့ရတာဆိုတော့ နာနာလေး ချကို ချပေးသင့်တယ်”

လူငယ်ဂိုဏ်းချုပ်မှာ သက်ပြင်းချလိုက်ပြီး စပ်စုလိုက်သည်။ “မင်းမှာ ရုပ်ခန္ဓာမရှိဘဲ ဘယ်လိုလုပ် မှော်စွမ်းအင် သုံးနိုင်တာလဲ”

“ကျွန်တော် ဒီကို ရွာလူကြီးနဲ့အတူ တစ်ခါ လာဖူးတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော် အရိုးစုဖြစ်သွားတာက တကယ် မဟုတ်မှန်း သဘောပေါက်ခဲ့တာပဲ။ ဒါက တကယ်မဟုတ်မှတော့ ကျွန်တော့်ရုပ်ခန္ဓာ ပျောက်ကွယ်သွားပြီး ဂိုဏ်းချုပ်တို့ အသက်ရှင်လာတယ်ဆိုတာကလည်း တကယ်မဟုတ်ဘူး။ ဘိုးဘိုးမျက်ကန်းရဲ့ ကောင်းကင်မျက်လုံးတွေ‌ကနေတစ်ဆင့် ကျွန်တော် ဖုန်းတုထဲက အရာအားလုံးကို မြင်ခဲ့ရတယ်... အဲဒါကြောင့် ကျွန်တော် ဖုန်းတုထဲမှာ မှော်စွမ်းအင်နဲ့ ကောင်းကင်နတ်သိုင်းတွေ သုံးနိုင်နေတာ.. ရုပ်ခန္ဓာကိုယ် ရှိနေသေးတာကိုလည်း ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာ ဂိုဏ်းချုပ်တို့က...”

သူ ရင်ထဲတွင် ပြောပြမတတ်အောင် လှိုက်၍ ဝမ်းနည်းလာပြီး ဆက်မပြောမိတော့ပေ။

သူ၏ကောင်းကင်မျက်လုံးရှေ့တွင် အကောင်းအတိုင်း အသက်ရှင်နေသော ဂိုဏ်းချုပ်မှာ အရိုးစုတစ်စုသာ ဖြစ်၏။

ချင်မူ ဖုန်းတုမြို့ထဲ ဝင်လာကတည်းက ထိုသို့သာ မြင်ခဲ့ရသည်။ စည်ကားသိုက်မြိုက်နေသော ဖုန်းတုမြို့ထဲတွင် ဟိုဟိုသည်သည် သွားလာနေကြသောလူတိုင်း အရိုးစုများ၊ တစ္ဆေသရဲများသာ ဖြစ်၏။ ရုပ်ခန္ဓာကိုယ်ဖြင့် လမ်းလျှောက်နေသူမှာ အဖော်မဲ့ဝိညာဉ်သဖွယ် အထီးကျန်နေသော သူသာ ရှိသည်။

ယန်ငါးသွယ်ခန်းမထဲတွင် မျိုးဆက်ဟောင်းလူသားဧကရာဇ်များဖြင့် ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေခဲ့သော အချိန်တုန်းကလည်း အရိုးစုများဖြင့်သာ စကားပြောနေခဲ့ခြင်းဖြစ်၏။

သေခြင်းရှင်ခြင်းကြားရတနာဖြင့်သာ လူသားဧကရာဇ်များ အသွေးအသားပေါ်လာသည်ကို မြင်ခဲ့ရသည်။

သူ၏မြင်ကွင်းက ဖုန်းတုထဲရှိ တစ္ဆေသရဲများ၏ မြင်ကွင်းနှင့် လုံးဝခြားနားနေချေ၏။

သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာတွင် သေခြင်းနှင့် ရှင်ခြင်းက ပြောင်းပြန်ဖြစ်သော်လည်း ဂိုဏ်းချုပ်၊ လူသားဧကရာဇ်ဟောင်းများနှင့် ဂိုဏ်းသခင်ဟောင်းများအားလုံး လူသေများသာ ဖြစ်နေသေး၏။

ချင်မူ ဤအရာအားလုံးကို မပြောရက်ပေ။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြုံးလိုက်သည်။ “ဂိုဏ်းချုပ်....ဂိုဏ်းချုပ်၊ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်တို့က ပြုပြင်‌ပြောင်းလဲမှုကို စတင်ခဲ့တဲ့လူတွေနော်။ အခု ဂိုဏ်းချုပ်က ဒီရောက်နေတော့ ပြုပြင်ပြောင်းလဲမှုက ဘယ်လိုဆက်ဖြစ်မှာလဲ”

လူငယ်ဂိုဏ်းချုပ်က သူနှင့်ဘေးချဉ်းယှဉ်လျက် လမ်းလျှောက်နေပြီး နဂါးချီလင် အနားထပ်ကပ်မလာအောင် တွန်းထုတ်နေသည်။ သူက ပြုံးလျက် ပြော၏။ “ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းဆိုတာ စလိုက်တာနဲ့ အဆုံးသတ်မှာ မဟုတ်ဘူး။ ဧကရာဇ်အတိုင်ပင်ခံက တစ်ကမ္ဘာလုံးမှာရှိတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဂိုဏ်းတွေအတွက် တိုက်ခိုက်ပေးစရာ မလိုတော့အောင်၊ သူတို့ရဲ့အင်အား အလဟဿမဖြစ်‌‌အောင် ရှေးရိုးအစဉ်အလာ၊ ကျွန်စိတ်နဲ့ ဂိုဏ်းအချင်းချင်း တိုက်ခိုက်တာတွေကို ပြုပြင်ပြောင်းလဲနေတာပဲ။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီရဲ့ ခံယူချက်ကိုလည်း ပြောင်းလဲပေးပြီး ကောင်းကင်နတ်သိုင်းပညာရှင်တွေ တိုင်းသူပြည်သားတွေရဲ့ အကျိုး သယ်ပိုးဆောင်ရွက်တတ်အောင် လုပ်ပေးနေတာ။ ဒါဟာ ကြီးမြတ်တဲ့အကြံအစည်နဲ့ ကြီးမြတ်တဲ့အစီအစဉ်ပဲ”

သူက ဝမ်ယွမ်ခန်းမ၏ နောက်ဖေးဥယျာဉ်ဆီသို့ သွားပြီး ချင်မူအား ကပ်ကြေးတစ်လက် လှမ်းပေးသည်။ သူ့အတွက်လည်း တစ်လက်ယူ၍ ပန်းပွင့်များကို ဂရုတစိုက် တိ,နေ၏။ “ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံးက ... လူ့နှလုံးသားထဲက အကျင့်ဆိုးတွေကို ပြောင်းလဲပေးပြီး နတ်ဘုရားကို ဖျက်စီးဖို့။ ရင်ဘတ်ထဲက နတ်ဘုရားကို ဖျက်စီးပစ်ဖို့ဆိုတာ ကောင်းကင်နတ်သိုင်းပညာရှင်တွေပဲ လုပ်ရမယ့်အရာမဟုတ်ဘူး.... တစ်ကမ္ဘာလုံး လုပ်ကိုလုပ်ရမယ့် အရာပဲ။ လူတိုင်း ရင်ဘတ်ထဲက နတ်ဘုရားနဲ့ ဗုဒ္ဓကို ဖျက်စီးပစ်နိုင်ရင်... ဒီကမ္ဘာဟာ တိုးတက်စည်ပင်တဲ့ ကမ္ဘာတစ်ခု ဖြစ်လာလိမ့်မယ်”

ချင်မူလည်း ပန်းပွင့်များကို တိညှပ်ရင်း... အမွှေးအတောင်မပါသော ကြက်နဂါးတစ်ကောင်အသွင် ဖန်တီးလိုက်သည်။ လူငယ်ဂိုဏ်းချုပ်က စကားပြောပြီးသည့်အခါ ရပ်၍ စဉ်းစားရင်း ခေါင်းညိတ်လိုက်၏။ “ကမ္ဘာပေါ်က လူသားတွေဟာ မိုးရွာဖို့၊ လေတိုက်ဖို့၊ ကောက်ပဲသီးနှံ အထွက်တိုးဖို့၊ မိသားစုပျော်ရွှင်ဖို့၊ ကလေးရဖို့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေဆီမှာ ဆုတောင်းကြတယ်။ ကောင်းကင်နတ်သိုင်းပညာရှင်တွေသာ သူတို့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ရင် သူတို့ရင်ဘတ်ထဲက နတ်ဘုရားကို ဖျက်စီးနိုင်ဖို့ အကူအညီဖြစ်လိမ့်မယ်”

လူငယ်ဂိုဏ်းချုပ်က သူ ပရမ်းပတာ တိညှပ်ထား‌သော ပန်းပွင့်များနှင့် အပင်များကို ကြည့်ကာ အကြည့်လွှဲလိုက်သည်။ “ငါ ဧကရာဇ်အတိုင်ပင်ခံကို တစ်ခါ ပြောခဲ့ဖူးတယ်... လူတွေရဲ့ရင်ဘတ်ထဲက နတ်ဘုရားကို ဖျက်စီးနိုင်ဖို့  စီးပွားရေးကို အရင်ဆုံးပြုပြင်ပြောင်းလဲဖို့ လိုတဲ့အကြောင်းကိုပေါ့... စီးပွားရေးတိုးတက်မှ နိုင်ငံလည်း တိုးတက်ပြီး တိုင်းသူပြည်သားတွေကို ကူညီနိုင်မယ်။ စီးပွားရေးအခွင့်လမ်းတွေ ပွင့်လာရင် တိုင်းသူပြည်သားတွေရဲ့ အသိဉာဏ်တွေလည်း ပွင့်လာမယ်.... အရှင်းဆုံး ပြောရရင်... ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကောင်းကင်နတ်သိုင်းတွေ သုံးပြီး လက်သမားတွေကို ကောက်ရိတ်ကူပေးရင်... လယ်သမားတွေက သူတို့ကို အခကြေးငွေပေးလိမ့်မယ်။ ဝင်ငွေရရင် ... သူတို့ ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တို့... အစားအသောက်တို့ ဝယ်နိုင်မယ်

“အဲဒီငွေက ... ပြည်သူတွေ လက်ထဲပဲ ပြန်စီးဆင်းမသွားဘူးလား...။ ပြည်သူတွေအားလုံး အင်ပါယာကို အခွန်ပေးရင် အင်ပါယာလည်း ကြွယ်ဝချမ်းသာလာမယ်။ အင်ပါယာ ကြွယ်ဝချမ်းသာလာရင် .... ကုန်းလမ်းရေလမ်းကြောင်းတွေ ဖွင့်လှစ်နိုင်မယ်... ဒါဆို ပြည်သူတွေ သွားရေလာရေး အဆင်ပြေချောမွေ့လာမယ်။ ဒါကြောင့် အင်ပါယာ ချမ်းသာရင် ပြည်သူတွေလည်း ချမ်းသာမယ်... အထောက်အပံ့တွေလည်း များပြားလာမယ်.. ကောင်းကင်နတ်သိုင်းပညာရှင်တွေလည်း လိုအပ်တာတွေ ဝယ်နိုင်မယ်.... သူတို့သိုင်းအဆင့်တွေလည်း အရင်ထက် မြင့်တက်လာကြလိမ့်မယ်... ပြည်သူတွေ သန်မာအားကောင်းလာတာနဲ့အမျှ အင်ပါယာလည်း သန်မာအားကောင်းလာလိမ့်မယ်”

ချင်မူ စိတ်ဝင်စားနေသော်လည်း ခြေသံများ ကြားလိုက်ရ၏။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ ဂိုဏ်းသခင်ကျို့ယန်၊ ဂိုဏ်းသခင်ယွီလျန်၊ ဂိုဏ်းသခင်မစစ်ယွမ်ဝေ့နှင့် ကျန်ရှိသူများအားလုံး ဝမ်ယွမ်ခန်းမထဲသို့ သတ်ဖြတ်လိုစိတ်များဖြင့် ဝင်လာသည်ကို မြင်လိုက်ရသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းများက မလှုပ်ရှားဘဲ ရပ်၍ နားထောင်နေကြသည်။

“သာမန်ပြည်သူတွေဟာ လူချမ်းသာတွေရဲ့ ကျွန်လုပ်ခဲ့ရတာ ကြာလှပြီဆိုတော့ ... သူတို့စိတ်ထဲမှာ ကျွန်စိတ် ရှိနေတယ်... ဒူးထောက်ပြီးတာနဲ့ ပြန်ထရခက်သလိုပေါ့... ဧကရာဇ်အတိုင်ပင်ခံက အဲဒီလူတွေ ပြန်ထအောင် လုပ်ပေးနေတာ... အချိန်တော့ ယူရလိမ့်မယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုက တဖြည်းဖြည်းတော့ ရွေ့နေပါပြီ။ ပြည်သူတွေ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ဒူးထောက်စရာ မလိုတော့ဘူးလေ...”

လူငယ်ဂိုဏ်းချုပ်မှာ ပြုပြင်ပြောင်းလဲမှုအကြောင်းသာ တွေးနေ၍ ဧည်သည့်များ ဝင်လာသည်ကို သတိမထားမိပေ။ အတိတ်ကို ပြန်တွေးရင်း ဆက်ပြော‌နေ၏။ “ပြုပြင်ပြောင်းလဲမှုမတိုင်ခင်က အခြေအနေကို ငါ မြင်ဖူးတယ်... အဲဒီအချိန်တုန်းက ဂိုဏ်းကြီးဂိုဏ်းငယ်တွေ အများကြီးပဲ... လက်သမားတွေဟာ မသေရုံတမယ် ကြိုးစားကြရတယ်... အဲဒီသိုင်းသမားတွေကို ဒူးထောက်ပြီး ဆရာကြီးလို့ ခေါ်ကြရတယ်... အသားတွေ၊ ရိက္ခာတွေ ဆက်သရတယ်။ အဲဒီကျွန်စိတ်ကို ပြောင်းလဲဖို့ ငါနဲ့ ဧကရာဇ်အတိုင်ပင်ခံ နှစ်နှစ်ရာလောက် အချိန်ယူခဲ့ရတာ... သူတို့တွေ ပြန်ထနိုင်တာနဲ့ ပြန်ဒူးထောက်ဖို့လည်း ခက်တယ်”

မြေကြီးထဲမှ ထွက်လာသည့် ကျောက်ရုပ်တုကြီးများ ရှေ့တွင် ဒူးထောက်နေသော လူများကို ချင်မူ သတိရလိုက်သည်။ “သူတို့ နတ်ဘုရားတွေကိုတော့ ဒူးထောက်နေတုန်းပဲ”

လူငယ်ဂိုဏ်းချုပ်၏အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ “ဧကရာဇ်အတိုင်ပင်ခံက ပြောတယ်... ဘုရားကျောင်းထဲက နတ်ဘုရားကို ဖျက်စီးဖို့ လွယ်ပေမယ့် ရင်ဘတ်ထဲက နတ်ဘုရားကိုတော့ ဖျက်စီးဖို့ ခက်တယ်တဲ့။ ငါ့အတွက်တော့ ဘုရားကျောင်းထဲက နတ်ဘုရားကိုတောင် ဖျက်စီးဖို့ ခက်တယ်။ လူ့စိတ်ကို နားလည်ချင်လို့ ငါ တစ်ခါတုန်းက စမ်းသပ်ကြည့်ခဲ့ဖူးတယ်... မြို့တော်ရဲ့ အပြင်မှာ ဘုရားကျောင်းသေးသေးလေး ဆောက်၊ ခွေးဝဲစားတစ်‌ကောင်ကို ရေချိုးသန့်စင်ပေးပြီး ကျောင်းဆောင်ပေါ်မှာ တင်ထားခဲ့တယ်.... ဘာဖြစ်သွားတယ်ထင်လဲ ခန့်မှန်းကြည့်”

သူက သက်ပြင်းချ၍ ဆက်ပြောသည်။ “ရက်ပိုင်းအတွင်း ခွေးဝဲစားဘုရားကျောင်းမှာ အမွှေးတိုင်တွေ ပြည့်သွားတာပဲ.... အဘိုးကြီးတွေ၊ အဘွားကြီး လာပူဇော်ကြတာ မနည်းဘူး... ခွေးဝဲစားအရှေ့က အလှူခံပုံးမှာလည်း ငွေတွေ ပြည့်သွားတယ်လေ.. ခွေးဝဲစားမပြောနဲ့ ... ဖားပြုတ်တစ်ကောင်ကိုတောင် ကျောင်းဆောင်ပေါ် တင်ပေးလိုက်ရင် လူတွေက ငွေတွေ၊ အမွှေးတိုင်တွေနဲ့ လာပူဇော်ဦးမှာပဲ”

ချင်မူ ရယ်လိုက်မိသော်လည်း ဖြည်းဖြည်းချင်း ဆက်မရယ်နိုင်တော့ပေ။

“ဒါကြောင့် စီးပွားရေးလမ်းကြောင်းတွေ ဖွင့်လှစ်ပေးပြီး ပြည်သူတွေ ပညာတတ်အောင် လုပ်ပေးဖို့ လိုတာ။ အဲဒီအချိန်ကျမှ ဘုရားကျောင်းထဲက နတ်ဘုရားတွေကို‌ရော၊ ရင်ဘတ်ထဲက နတ်ဘုရားတွေရော ဖျက်စီးနိုင်လိမ့်မယ်” လူငယ်ဂိုဏ်းချုပ်က ဆက်ပြော၏။ “လူတွေ ပညာတတ်ဖို့ မင်းတို့တွေ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ပြီး ကောင်းကင်နတ်သိုင်းပညာရှင် အရေအတွက် တိုးပွားအောင် လုပ်ရမယ်”

သူက ထပ်ဖြည့်ပြောသည်။ “စီးပွားရေးတိုးတက်စေဖို့နဲ့ ပြည်သူတွေ ပညာတတ်စေဖို့က ပြုပြင်ပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်းတို့ အခုလုပ်နေတာ သိပ်ကောင်းတယ်... ကောင်းကင်နတ်သိုင်းတွေကို ပြည်သူတွေအတွက် အသုံးပြုနိုင်ပြီဆိုပေမယ့်... ပြည်သူတွေ ပညာတတ်ပြီး ဘုရားကျောင်းထဲက နတ်ဘုရားတွေကို ဒူးမထောက်စေဖို့ အချိန်လိုနေတုန်းပဲ။ ခရီးက ရှည်တယ်... ပြုပြင်ပြောင်းလဲမှုက ဂိုဏ်းတွေရဲ့ အကျိုးစီးပွားကို အရင်ထိခိုက်ပြီးမှ အထက်နတ်ဘုရားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မှာ

“အထက်ကောင်းကင်ဘုံဆိုတာ အထက်နတ်ဘုရားတွေရဲ့ အစောင့်ခွေးသက်သက်ပဲ။ အနောက်မှာ ပိုလို့တောင် ကြီးမားတဲ့ အန္တရာယ်ရှိနေလောက်တယ်” သူက အရွက်များကို ဂရုတစိုက် တိနေရင်း ပြောလာသည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက ဓားပညာမှာ အခြေခံဓားချက်သုံးချက် ထည့်ပေါင်းပေးခဲ့ပြီး လမ်းစဉ်တွေ၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေရဲ့ ပြောင်းလဲမှုကို စတင်ပေးခဲ့တယ်... မင်းက ကောင်းကင်တံတားကို ပြုပြင်ပြီး နတ်ဘုရားဖြစ်လာနိုင်တဲ့ ကျင့်စဉ် ဖြန့်ဝေပေးလိုက်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုကို နောက်တစ်ဆင့်ဆီ တွန်းပို့ပေးလိုက်နိုင်ပြီ

“စစ်ယွင်ရှန်းက ငါ့ကို အမွှေးတိုင်နဲ့ ပူဇော်ပြီး ဆုတောင်းပေးခဲ့သေးတယ်။ သူပြောတာတော့ မင်းနဲ့ မင်းသမီးယွိရှို့က အရပ်ခြောက်မျက်နှာမူလဝိညာဉ်ကျင့်စဉ်ကို ဖန်တီးခဲ့တယ်တဲ့... ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာမှာ ရှိတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေလည်း ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေကို ဖန်တီးနိုင်လာကြပြီ.... ဒါတွေအားလုံးက ကြီးမြတ်တဲ့ ကောင်းမှုကုသိုလ်တွေပဲ”

သူက ခါးမတ်လိုက်၏။ “လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ တစ်ရက်ပြီးတစ်ရက် တိုးတက်လာနေမှတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နတ်ဘုရားတစ်ယောက်ပြီးတစ်ယောက်‌ ပေါ်ထွန်းလာလိမ့်မယ်။ အနှေးနဲ့အမြန် ငါတို့ ဘုရားကျောင်းထဲက နတ်ဘုရားတွေကို ဖျက်စီးပစ်နိုင်လိမ့်မယ်။ အဲဒီအခါကျရင် ရင်ဘတ်ထဲက နတ်ဘုရားတွေကိုလည်း ဖျက်စီးပစ်နိုင်ဖို့ မဝေးတော့ဘူး”

ချင်မူ စိတ်နှလုံးတုန်လှုပ်သွားပြီး ကပ်ကြေးကို ပစ်ချလိုက်မိသည်။ သူက မြေကြီးပေါ်တွင် ဒူးထောက်ကာ ဂါဝရပြုလိုက်၏။ “ဂိုဏ်းချုပ်က ကျွန်တော့်ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တကယ့် အထွတ်အမြတ်ဆရာသခင်ပါပဲ”

လူငယ်ဂိုဏ်းချုပ်က ကပ်ကြေးကို ကပျာကယာ ပစ်ချ၍ ပြုံးရင်း သူ့ကို ထူပေးသည်။ “မင်းကမှ ငါတို့နတ်ဂိုဏ်းရဲ့ အထွတ်အမြတ်ဆရာသခင်ပါ ... ဘယ်လိုလုပ် ငါ့ကို အထွတ်အမြတ်ဆရာသခင်လို့ ခေါ်နေတာတုန်း ... မြန်မြန် ထ”

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသခင်ဟောင်းအားလုံး သူ့ကို ဂါဝရပြု၍ ပြိုင်တူ ပြောလိုက်ကြသည်။ “အထွတ်အမြတ်ဆရာသခင်”

ထိုအခါမှ လူငယ်ဂိုဏ်းချုပ်မှာ သူတို့ကို သတိထားမိသွားပြီး ဆွံ့အသွား၏။

“အထွတ်အမြတ်ဆရာသခင်ဆိုတာ ဆရာတစ်ယောက်ရဲ့ အရည်အချင်းရှိတဲ့ သူတော်စင်တန်ခိုးရှင်တစ်ဦးပါ။ ဂိုဏ်းသခင်ဟောင်းအားလုံး အထွတ်အမြတ်ဆရာသခင်ဆိုတဲ့ ဂုဏ်နဲ့ မထိုက်တန်ပါဘူး။ ဂိုဏ်းချုပ်ပဲ ဒီဘွဲ့နဲ့ ထိုက်တန်ပြီး... ဂိုဏ်းသခင်ဟောင်းအားလုံးရဲ့ လေးစားမှုနဲ့ ထိုက်တန်ပါတယ်”

လူငယ်ဂိုဏ်းချုပ်မှာ အံ့အားသင့်နေပြီး သူ့ရင်ထဲတွင် ခံစားချက်မျိုးစုံ ပေါက်ဖွားလာ၏။ မျက်ရည်များက သူ့ပါးပြင်တစ်လျှောက် စီးကျလာတော့သည်။

သူသည် ဂိုဏ်းသခင်မဟုတ်၍ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းထဲတွင် အမြဲ ပထုတ်ခံခဲ့ရသည်။ ဒုက္ခရောက်မှသာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တာဝန်ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်၏။

ထို့ကြောင့် တန်ခိုးရှင်သစ်ခုတ်သမားကဲ့သို့ ဂိုဏ်းသခင်ဟောင်းအားလုံး လေးစားမှုကို ခံယူရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

ဂိုဏ်းသခင်အားလုံး၏ လေးစားမှုနှင့် ထိုက်တန်သည့် တစ်ယောက်တည်းသောသူမှာ ကျောက်တုံးပေါ်၌ သင်ကြားပို့ချပေးခဲ့သည့် တန်ခိုးရှင်သစ်ခုတ်သမားသာ ရှိခဲ့၏။

All Chapters