မေးခွန်းထုတ်ကြခြင်း
Vol. 37 Ch. 507
“ဝမ်ယွမ်ရဲ့ အတွေးအခေါ်နဲ့ အစွမ်းအစတွေက အားလုံးထက် မြင့်မားမှန်း ငါ သိပါပြီ” ဝမ်ယွမ်ခန်းမ၏ နောက်ဖေးဥယျာဉ်ထဲတွင် ဂိုဏ်းသခင်အားလုံး မတ်တပ်ရပ်နေကြပြီး စစ်ယွမ်ဝေ့က သက်ပြင်းချနေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သူမ သတိရလိုက်၍ မေးလိုက်သည်။ “ငါ နင့်ကို အဲဒီတုန်းက ဘာလို့ တပည့်အဖြစ် ခေါ်လာခဲ့တာပါလိမ့်.... ငါ့ရဲ့ လူအကဲခတ်နိုင်စမ်းက တော်တော်ကောင်းတာပဲ ဖြစ်မယ်”
လူငယ်ဂိုဏ်းချုပ်က ရှက်သွားပြီး ပြောလိုက်သည်။ “ဆရာမ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံတုန်းက ကျွန်တော်က ရုပ်ချောပြီး စိတ်ထားကောင်းတယ်လို့ ပြောခဲ့တာပါ။ ဆရာမ ပိုအရေးထားတာကတော့ ကျွန်တော့်ရုပ်ရည်ပါဗျာ”
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ လူအားလုံးမှာ နုပျိုငယ်ရွယ်သော လူငယ်များ၊ မိန်းကလေးများ ဖြစ်ကြ၏။ လူငယ်ဂိုဏ်းချုပ်အပါအအဝင် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များမှာ လူငယ်ဂိုဏ်းချုပ်၏စကားကို စိတ်ဆိုးပုံမရပေ။
စစ်ယွမ်ဝေ့က အတန်ငယ် ရှက်သွားပြီး ပြုံးလိုက်သည်။ “ငါ အခု မှတ်မိပြီ။ ငါ နင့်ကို တပည့်အဖြစ် ခေါ်လာခဲ့တုန်းက ယောက်ျားမိန်းမကြားက ကိစ္စတွေနဲ့ နင် ငါ့ရဲ့ တာအိုနှလုံးသားကို ဖျက်စီးအောင် လုပ်ဖို့ပဲ။ ငါ့ရဲ့ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက စိတ်နှလုံးကို ကျင့်ကြံတာ... ငါက ငါ့ဆရာရဲ့ တာအိုနှလုံးသားကို ဖျက်စီးပြီး ဂိုဏ်းသခင်ရာထူးကို ယူခဲ့တာပဲ
“ဒါ့ကြောင့် ငါ့တာအိုနှလုံးသားကို ဖျက်စီးပေးမယ့် လူတစ်ယောက် လိုခဲ့တယ်။ ပျက်စီးမှုမရှိရင် ဖြစ်တည်မှုဆိုတာ မရှိနိုင်ဘူး။ နင် ငါ့တာအိုနှလုံးသားကို ဖျက်စီးနိုင်ရင် ဂိုဏ်းသခင် ဖြစ်လာမယ်။ မဖျက်စီးနိုင်ရင် ငါက နောက်တစ်ဆင့် တက်သွားပြီး နတ်ဘုရားဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မိစ္ဆာဖြစ်သွားမှာ။ ဒါပေမဲ့ နင့်ကိုပဲ သတိထားနေမိတော့ ဂိုဏ်းသခင်ယွီလျန် ငါ့ကို လုပ်ကြံဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတယ်”
ဂိုဏ်းသခင်ယွီလျန်က သူ့ကိုယ်သူ ကျေနပ်နေသောအသံဖြင့် ပြောလိုက်သည်။ “ဆရာမက ညီလေးကို ချစ်မိမှာ သတိထားနေခဲ့ပေမယ့် ပုန်းကွယ်နေတဲ့ ရန်သူတစ်ယောက်ရဲ့ တိုက်ကွက်ကို သတိထားရမှန်းတော့ မသိခဲ့ဘူးလေ.. အဲဒီတုန်းက ညီလေးက အသက်ဘယ်လောက် ရှိသေးလို့လဲ။ အဲဒီကိစ္စပဲ တွေးပူမနေဘဲ ကျွန်တော်ကို့သာ နည်းနည်း သတိထားခဲ့ရင် ညီလေးက အထွတ်အမြတ်ဂိုဏ်းသခင်တောင် ဖြစ်နေလောက်ပြီ”
ချင်မူ စဉ်းစားကြည့်မိသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏နာမည်ရှိ နတ်ဆိုးမှာ ဆရာနှင့်တပည့်ကြားက အစဉ်အလာနှင့် ပတ်သက်နေလောက်၏။
ဆရာဖြစ်သူအနေဖြင့် သူ့အား တပည့်ဖြစ်သူလုပ်ကြံရန် အခွင့်အရေးပေးထားသည့်ကိစ္စထက် ဆိုးယုတ်သောအရာ မရှိတော့ပေ။ ဥပမာ - လီထျန်းရှင်။ လီထျန်းရှင် အဘွားစစ်၏ လုပ်ကြံခြင်း ခံခဲ့ရတုန်းက အဘွားစစ်မှာ ကောင်းကင်နတ်အသွင်အဆင့်သာ ရှိခဲ့၍ ကောင်းကင်တံတားအဆင့် လီထျန်းရှင်ကို သတ်နိုင်သော ခွန်အားမရှိပေ။
သို့တိုင်အောင် လီထျန်းရှင်က သူမအား အခွင့်အရေးပေးခဲ့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဆရာတပည့်အကြား တိုက်ပွဲများမှာ ... မျိုးဆက်သစ်ကို မျိုးဆက်ဟောင်းထက် ပို၍သန်မာအားကောင်းစေလိုသည့် တည်ထောင်သူဂိုဏ်းသခင်ဆီမှ အစပြုခဲ့ခြင်းဖြစ်၏။ တည်ထောင်သူဂိုဏ်းသခင်က တပည့်သည် ဆရာကို အနိုင်ရမှ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာနိုင်သည်ဟူသော စည်းမျဉ်းထုတ်ထားခဲ့၏။
သို့သော် ဤစည်းမျဉ်းမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာကလည်း မိစ္ဆာစိတ်ကို အလွယ်တကူ မွေးဖွားလာစေနိုင်၏။ ရလဒ်အနေဖြင့် ရည်ရွယ်ချက်ကောင်းခဲ့သော စည်းမျဉ်းတစ်ခုမှ ယနေ့အချိန်တွင် ဤသို့ ပြောင်းလဲသွားခဲ့ချေပြီ။
လူငယ်ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်သာ ဂိုဏ်းသခင် ဖြစ်လာရင် အားလုံးလိုပဲ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အကျိုးစီးပွားကိုပဲ ထည့်တွက်ပြီး တစ်ကမ္ဘာလုံးက လူသားတွေအတွက် တွေးပေးမိမှာမဟုတ်ဘူး။ ဂိုဏ်းသခင် မဖြစ်ခဲ့လို့ပဲ ကျွန်တော် အခုလိုဖြစ်လာတာပါ”
ဂိုဏ်းသခင်အားလုံး ခေါင်းညိတ်သဘောတူကြ၏။
“ဂိုဏ်းသခင်ချင်...” စစ်ယွမ်ဝေ့က ချင်မူ့ကို လှည့်ကြည့်ပြီး အတန်ကြာ တိတ်ဆိတ်နေသည်။ “ငါတို့ နင့်ရဲ့ ဂိုဏ်းသခင်ရာထူးက တရားဝင်မဝင် မငြင်းခုံတော့ဘူး။ နင် ဂိုဏ်းသခင် ဖြစ်လာတဲ့နောက်ပိုင်း ဆောင်ရွက်ခဲ့တာတွေက လေးစားစရာကောင်းတာ မှန်ပေမယ့် ငါတို့ဆိုလည်း အဲဒီလိုလုပ်နိုင်ခဲ့မှာပဲ”
ချင်မူက နှိမ့်ချပြောဆိုလိုက်သည်။ “အဲဒါ ပုံမှန်ပါပဲ။ ဂိုဏ်းသခင်အားလုံးက လူသားတွေကြားက နဂါးတွေနဲ့ ဇာမဏီငှက်တွေပါ... ဒီတော့ ကျွန်တော့်နေရာမှာဆို ကျွန်တော့်ထက် ပိုကောင်းအောင် သေချာပေါက် လုပ်နိုင်မှာပါ။ ကျွန်တော့်နေရာမှာ ရှိခဲ့စဉ်တုန်းက ဘာမှမလုပ်ခဲ့တာ တစ်ခုပါပဲ”
ဂိုဏ်းသခင်ဟောင်အားလုံး၏ မျက်လုံးထောင့်စွန်းများ တွန့်သွားကြပြီး ဤခွေးကောင်လေးကို ရိုက်သတ်ပစ်လိုစိတ်များအား မနည်းမြိုသိပ်လိုက်ကြရသည်။
ခွေးကောင်လေးသည် အကြောက်အလန့်မရှိသော်လည်း အထွတ်အမြတ်ဂိုဏ်းသခင်တစ်ဦး ဖြစ်၏။ ကျောက်တုံးပေါ်ရှိ သင်ကြားပို့ချမှုများနှင့် ရာထူးလွှဲပြောင်းပေးအပ်ရမည့် တာဝန်ကို ထမ်းဆောင်ထားသူဖြစ်၍ သူ့အား ရိုက်သတ်လိုက်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်း အဆုံးသတ်သွားလိမ့်မည်။
“ကျွန်တော် စောစောက ရိုင်းပျခဲ့ပါတယ်။ ဂိုဏ်းသခင်တို့က မမှန်ကန်တဲ့ ရှေးရိုးစည်းမျဉ်းတွေနဲ့ မျိုးဆက်သစ်တွေကို ပိတ်ပင်ချင်နေတာကြောင့် ကျွန်တော် ဒေါသထွက်မိပြီး စော်ကားမိခဲ့တာပါ။ ဒီနေရာမှာပဲ ဂိုဏ်းသခင်အားလုံးကို ဝန်ချတောင်းပန်ပါတယ်ဗျာ” ချင်မူ ပြောလိုက်၏။
ဂိုဏ်းသခင်အားလုံး၏အမူအရာများ ပျော့ပျောင်းသွားကြပြီး ဂိုဏ်းသခင်ကျို့ယန်က ပြုံးရယ်လျက် သူ့ကို ချက်ချင်း ဆွဲထူပေးသည်။ “ဂိုဏ်းသခင်ချင်လေးက ငါတို့ မလုပ်ခဲ့တာကို လုပ်ပေးတဲ့အတွက် လေးစားလို့ကို မဆုံးပါဘူး။ ဂိုဏ်းသခင်ဟောင်းတွေကြားမှာ မင်းအနေနဲ့ ထိပ်ဆုံးသုံးယောက်ထဲ မဝင်ရင်တောင် ထိပ်ဆုံးငါးယောက်ထဲတော့ ဝင်ပါသေးတယ်။ သေပြီးရင် ဘာမှတန်ဖိုးမရှိတော့ဘူးလို့ လူတွေ ပြောကြတယ်မဟုတ်လား... အသေးအမွှား ရန်ဖြစ်တာလောက်လေးနဲ့ မင်းကို ငါတို့ အငြိုးအတေးမထားပါဘူးကွာ”
ဂိုဏ်းသခင်ဟွေ့ကျွင်းကလည်း ပြုံး၍ ပြောလာသည်။ “မင့်အောင်မြင်မှုတွေကို လေးစားတာထက် ... မင်း ပြန်သွားရင် ငါတို့အတွက် နှစ်စဉ်နှစ်တိုင်း ပွဲတော်တွေမှာ မပူဇော်ပေးတော့မှာကို ပိုကြောက်တာ”
“ဟုတ်တယ် ဟုတ်တယ်”
အားလုံး ရယ်မောကာဖြင့် ပြောလိုက်ကြ၏။ “လူသားဧကရာဇ်ခန်းမက လူတွေလို ငမွဲတွေ မဖြစ်ချင်ဘူး။ သူတို့ခဗျာ ရွှေစက္ကူငွေစက္ကူတွေ ရှို့ပေးမယ့် လူတစ်ယောက်တောင် မရှိဘူးလေ”
“လူသားဧကရာဇ်ခန်းမရဲ့ လက်ရှိလူသားဧကရာဇ်က တော်တော် မသိတတ်ဘူး။ နှစ်စဉ်နှစ်တိုင်း ပူဇော်ပေးဖို့ အသာထား၊ ပွဲတော်တွေမှာတောင် ဘာမှမလုပ်ပေးဘူးလေ.... အသက်ရှိစဉ်တုန်းက ကြီးကျယ်ခမ်းနားခဲ့တဲ့ လူသားဧကရာဇ်တွေ အခု ဘယ်လောက် ဆင်းရဲမွဲတေနေလဲ ကြည့်... ငါတို့ကတော့ ရှင်တုန်းကလည်း ကောင်းကောင်းနေရတယ် သေတော့လည်း ကောင်းကောင်းစားရတယ်”
အားလုံး တဟားဟား အော်ရယ်လိုက်ကြ၍ လူငယ်ဂိုဏ်းချုပ်လည်း ရောပါရယ်မိသည်။ သို့သော် ချင်မူ့ကို သတိရလိုက်သဖြင့် ကပျာကယာ လှမ်းကြည့်လေသည်။
ချင်မူလည်း ခြောက်ကပ်ကပ် လိုက်ရယ်နေ၏။ သူ့တွင် မျက်နှာမရှိ၍သာ တော်သေးသည်၊ မဟုတ်လျှင် မျက်နှာတစ်ခုလုံး သေချာပေါက် ရဲတွတ်နေလိမ့်မည်။
လက်ရှိလူသားဧကရာဇ်က သူဖြစ်ပြီး သူ မပူဇော်ပေးသဖြင့် လူသားဧကရာဇ်ဟောင်းများ စားစရာမရှိသည်အထိ ဆင်းရဲနေသည်ကို ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းများ မသိကြပေ။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ရောက်ရင် လူသားဧကရာဇ်ခန်းမကို သွားပြီး လူသားဧကရာဇ်ဟောင်းတွေအားလုံး ချမ်းချမ်းသာသာ နေရအောင် လုပ်ပေးဦးမှပဲ။ သူတို့ မွဲနေလို့ မဖြစ်ဘူး’ ချင်မူ ရင်ထဲတွင် သန္နိဌာန်ချလိုက်သည်။
“ဂိုဏ်းသခင်ချင်” လူငယ်ဂိုဏ်းချုပ်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။ “မင်း ငါနဲ့ တွေ့ပြီးပြီဆိုတော့ သက်ရှိကမ္ဘာကို ပြန်ရောက်ရင် ဘာတွေလုပ်မလဲ”
အားလုံး၏ ရယ်သံများ ရပ်သွားပြီး ချင်မူ့ကို လှမ်းကြည့်ကြသည်။
ချင်မူ့မျက်နှာ တည်သွားပြီး တခဏကြာသော် ပြုံးလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ရင် ကျွန်တော် အရင်ဆုံး လမ်းတွေ ဖောက်မယ်”
“လမ်းဖောက်မယ်ဟုတ်လား” လူငယ်ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ကာ ပြောသည်။ “လမ်းဖောက်တာက ပြည်သူတွေ သွားလာရ လွယ်ကူစေတာ မှန်ပေမယ့် အကုန်အကျလည်း များတယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စစ်အသုံးစရိတ်တွေ ထောင်းထားတော့ ဘဏ္ဍာတိုက်လည်း ပြောင်နေပြီ။ ပြည်သူတွေရဲ့အသက်ကို မင်း အရေးထားတယ်ဆိုရင် ဘာကြောင့် လမ်းတွေ အရင်ဆုံး ဖောက်မှာလဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းတွေက ကောင်းနေပြီးသားပဲလေ.... အခု ထပ်ဖောက်ရင် လူအင်အားနဲ့ ငွေအင်အားကို ဖြုန်းတီးရာ ရောက်လိမ့်မယ်”
ချင်မူ သက်ပြင်းချလိုက်သည်။ “ကျွန်တော် အနောက်ကမ္ဘာမြေကို သိမ်းပိုက်ထားပြီးလို့ပါ”
လူငယ်ဂိုဏ်းချုပ် ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး အော်ဟစ်လိုက်မိ၏။ “မင်းက စစ်တပ်ကြီးနဲ့ အနောက်ကမ္ဘာမြေကို ကျူးကျော်သိမ်းပိုက်လိုက်တာလား။ မင်းခေါ်သွားတဲ့ စစ်တပ်က ဘယ်လောက်ကြီးလဲ။ အနောက်ကမ္ဘာမြေကလည်း အကျယ်ကြီးလေ မင်း ဘယ်လိုသိမ်းလိုက်တာတုန်း”
ကျန်ဂိုဏ်းသခင်များလည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြပြီး မယုံနိုင်ကြပေ။
“ကျွန်တော် နဂါးချီလင်နဲ့ ရှုန်းချီအာကိုပဲ ခေါ်သွားပြီး အနောက်ကမ္ဘာမြေကို သိမ်းလိုက်တာပါ” ချင်မူက ပြုံးနေသည်။ “အနောက်ကမ္ဘာမြေက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းသွားပေမယ့် အနောက်ကမ္ဘာမြေနဲ့ အလယ်ကမ္ဘာမြေရဲ့ အကွာအဝေးက မိုင်တစ်သိန်းကျော် ရှိနေတယ်။ ဧကရာဇ်အနေနဲ့ လက်လှမ်းမမှီရင် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ အနောက်ကမ္ဘာမြေက အချိန်တစ်ခုထိတော့ သူ့နေရာသူ သိနေလိမ်မ့ယ်။ ဒါပေမဲ့ လမ်းတွေ မဖောက်ထားရင် အချိန်ကြာလာတဲ့ အနောက်ကမ္ဘာမြေဟာ သေချာပေါက် ဆူပူအုံကြွလာနိုင်တယ်... ဒါကြောင့် ကျွန်တော် အနောက်ကမ္ဘာမြေနဲ့ အလယ်ကမ္ဘာမြေကြားမှာ လမ်းဖောက်ချင်တာပါ”
လူငယ်ဂိုဏ်းချုပ်နှင့် မျိုးဆက်ဟောင်း ဂိုဏ်းသခင်များမှာ သူ့စကားကို မယုံနိုင်၍ နဖူးပေါ် လက်တင်ကာ ရှေ့လျှောက်နောက်လျှောက် လျှောက်နေကြသည်။ ရုတ်တရက် ဂိုဏ်းသခင်တစ်ယောက်က ရပ်၍ အလေးအနက် မေးလိုက်၏။ “အနောက်ကမ္ဘာမြေနဲ့ အလယ်ကမ္ဘာမြေကြားမှာ မဟာမြို့ပျက်နဲ့ မီးကန္တာရ ခံနေတယ်... အနီးဆုံးအကွာအဝေးက မိုင်တစ်သောင်းပဲ.... မင်းက မိုင်တစ်သိန်းကျော် ရှည်လျားတဲ့ လမ်းတစ်လမ်း ဖောက်ချင်တာလား”
“တစ်လမ်းတည်းမဟုတ်ဘူး နှစ်လမ်း... လမ်းနှစ်လမ်းက ရထားလုံးတွေ၊ မြင်းတွေ အမြန်ဆုံးအရှိန်နဲ့ ဖြတ်သွားနိုင်တဲ့အထိ ညီညာဖြောင့်ဖြူးနေရမယ်။ ဆန်းကြယ်သားရဲတစ်ကောင်ကို အမြန်ဆုံးမောင်းရင် မိုင်တစ်သောင်းကို တစ်ညအိပ်ခရီးနဲ့ သွားလို့ရစေရမယ်”
“မှားတယ်” ထိုဂိုဏ်းသခင်က ခက်ထန်စွာ အော်သည်။ “မင်းမှာ အဲဒီလောက်ငွေအများကြီး ရှိလို့လား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အဲဒီလောက်ငွေအများကြီး ရှိလို့လား။ လမ်းဖောက်ဖို့ ငွေရော၊ ကောင်းကင်နတ်သိုင်းတွေပါ လိုတယ်။ လူ့အသက်ပါ စတေးရတာကွ။ ငါ့နတ်ဂိုဏ်းမှာ စက်မှုစံအိမ်ရှိပေမယ့် သူတို့ကို လမ်းဖောက်ခိုင်းရင် ငွေတွေတန်နဲ့ချီ ကုန်ရုံတင်မကဘူး စက်မှုလုပ်သားတွေလည်း ပင်ပန်းပြီး သေရလိမ့်မယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “မသေပါဘူး။ အနောက်ကမ္ဘာမြေကို ကျွန်တော် ရောက်သွားတုန်းက အဲဒီက လမ်းတွေကို မြင်ခဲ့ဖူးတယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက လမ်းတွေထက်တောင် အဆင့်မြင့်ကြတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း လမ်းခင်းတဲ့နေရာမှာ အသုံးဝင်မယ်... အနောက်ကမ္ဘာမြေက အာဏာပိုင်မိသားစုတွေနဲ့လည်း ကျွန်တော် ရင်းနှီးထားပါတယ်။ ဒါကြောင့် အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ဦးဆောင်လမ်းဖောက်ပေးဖို့ အစစ်အမှန်နန်းတော်သခင်မဆီ တောင်းဆိုပေးနိုင်တယ်... သူတို့သာဆို တစ်ရက်အတွင်း မိုင်တစ်ထောင်အထိ လမ်းဖောက်ပေးနိုင်မယ်... မိုင်တစ်သိန်းလမ်း ဖောက်ဖို့က ရက်တစ်ရာပဲ ကြာလိမ့်မှာပါ။ ကုန်ကျစရိတ်လည်း သိပ်များမှာမဟုတ်ဘူး”
ဂိုဏ်းသခင်ဟောင်း၏မျက်လုံးများ အရောင်တောက်သွားပြီး သူက နောက်တစ်လှမ်း ဆုတ်လိုက်သည်။ ကျန်ဂိုဏ်းသခင်များက ချင်မူ့ကို ဝိုင်းထားကြဆဲဖြစ်၏။
စစ်ယွမ်ဝေ့က ရပ်လိုက်သည်။ “မီးကန္တာရကိုရော ဘယ်လိုလုပ်မလဲ... မီးကန္တာရက မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းတယ်.... ပူလောင်ခြောက်ကပ်လွန်းလို့ ရေငွေ့တောင် မရှိဘူး။ နင် လမ်းဖောက်ရင် သဲတွေက လမ်းကို ဖုံးသွားမှာပဲ ... လူတွေလည်း လမ်းကို ဖြတ်ရင်း ပင်ပန်းပြီး သေသွားလိမ့်မယ်”
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို သတ်လိုက်တုန်းက မီးကန္တာရ ငြိမ်းသေသွားပါပြီ။ လိပ်နက်ပုတီးစေ့နဲ့ ကန္တာရထဲကို ရေဖြန့်ဖြူးလိုက်ဖို့ပဲ လိုပါတယ်။ နဂါးစိမ်းပုတီးစေ့ကလည်း သစ်ပင်တွေ ပေါက်စေနိုင်တဲ့ အစွမ်းသတ္တိရှိတာမလို့ ကန္တာရကို တောအုပ်အဖြစ် ပြောင်းပေးနိုင်မှာပါ။ မြောက်ပိုင်းက နှင်းတောင်တန်းကိုလည်း ရေမြောင်းဖောက်ဖို့ သုံးလို့ရတယ်။ ကျွန်တော် အဲဒီက ရေတွေကို ဖောက်ချပြီး ကန္တာရထဲမှာ ကန်တွေ တည်ဆောက်ပေးပါ့မယ်။ ရေကြောင်းနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး”
စစ်ယွမ်ဝေ့က ပြုံးလိုက်ပြီး နောက်ဆုတ်သွားသည်။
ထို့နောက် ဂိုဏ်းသခင်တစ်ဦးက ရပ်ကာ မေးခွန်းထုတ်သည်။ “အနီးဆုံးလမ်းက မဟာမြို့ပျက်ကို ဖြတ်သွားတာပဲ။ မဟာမြို့ပျက်က နေ့ဆို အေးချမ်းပေမယ့် ညရောက်ရင် မကောင်းဆိုးဝါးတွေနဲ့ အမှောင်ထုက ကျူးကျော်လာတယ်။ မင်း လမ်းကို ဘယ်လို ကာကွယ်ပေးမလဲ”
“အသေအချာ မပြောနိုင်သေးပေမယ့် ကျောက်ရုပ်တုတွေကို ပြောင်းရွှေ့ပြီး အမှောင်ထုရန်ကို ကာကွယ်လို့ရပါတယ်။ မိုင်တစ်ထောင်တိုင်းမှာ ရွာတစ်ရွာ၊ မိုင်တစ်သောင်းတိုင်းမှာ မြို့တစ်မြို့ တည်ဆောက်ပေးထားမယ်။ မြို့နဲ့ရွာတွေက လမ်းနှစ်လမ်းကြားမှာ ရှိနေမှာမလို့ ခရီးသည်တွေ ဝင်အနားယူနိုင်မယ်... ဒီမြို့တွေ၊ ရွာတွေကနေတစ်ဆင့် အနောက်ကမ္ဘာမြေ၊ မဟာမြို့ပျက်နဲ့ အလယ်ကမ္ဘာမြေတို့ကြားမှာ ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကူးသန်းရောင်းဝယ်ရေး တိုးတက်စည်ကားလာလိမ့်မယ်”
“ငွေပြဿနာကို ဘယ်လို ဖြေရှင်းမလဲ မင်း မရှင်းပြရသေးဘူး”
“လမ်းတွေ ဖွင့်ပြီး ကူးသန်းရောင်းဝယ်ရေး တိုးတက်လာတာနဲ့ ငွေကလည်း အလိုလို ဝင်လာပါလိမ့်မယ်”
“မဟာမြို့ပျက်က မြေပြန့်မဟုတ်ဘူး၊ ထူးဆန်းတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်တတ်တယ်။ မင်း တောင်တွေ မြစ်တွေကို ဘယ်လိုညှိမလဲ”
“တောင် တွေ့ရင် တောင်ကို ဖောက်မယ်၊ မြစ် တွေ့ရင် တံတားဆောက်မယ်၊ နတ်ဘုရားတွေ့ရင် ပူဇော်လိုက်မယ်”
“လမ်းမကြီးက ဘယ်လောက်ကျယ်မှာလဲ”
“တစ်ရာ့ရှစ်ကိုက် ကျယ်မယ်။ ရထားလုံးတွေအတွက် ရှစ်လမ်း၊ စစ်သည်တွေအတွက် လေးလမ်း”
“အနောက်ကမ္ဘာမြေက ယာဉ်တွေ၊ ရထားလုံးတွေရဲ့ အကျယ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မတူဘူး။ နှစ်မျိုးလုံး အသွားအလာ အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ”
“လမ်းအကျယ်တူအောင် လုပ်မယ်”
“အနောက်ကမ္ဘာမြေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ထုံးတမ်းအစဉ်အလာနဲ့ ယဉ်ကျေးမှုဓလေ့တွေက မတူဘူး။ မင်း ဘာလုပ်မလဲ”
“တူညီတဲ့ စာရေးနည်းစနစ် ဖြန့်ဝေပြီး ကျောင်းတွေ ဖွင့်လှစ်မယ်”
...
ရုတ်တရက် နှစ်ဆယ့်ရှစ်ယောက်သော ဂိုဏ်းသခင်ဟောင်းအားလုံး ပြိုင်တူရယ်လိုက်ကြပြီး ချင်မူ့အား အရိုအသေပေးကြ၏။ “ဂိုဏ်းသခင်ကိုလည်း သူတော်စင်တန်ခိုးရှင်လို့ ခေါ်သင့်ပါတယ်။ အထွတ်အမြတ်ဂိုဏ်းသခင်ဘွဲ့နဲ့ အမှန်တကယ် ထိုက်တန်ပါပေတယ်။ ငါတို့က မင်းကို ဂိုဏ်းသခင်လီအစား စစ်ဆေးနေတာပါ အခု မင်း အောင်သွားပြီ”
ချင်မူက သူတို့ကို ပြန်ဂါဝရပြုပြီး ရိုးသားစွာ ပြောလိုက်သည်။ “အခုလို မေးခွန်းတွေ မေးမြန်းပြီး အကြံသစ်တွေ ရအောင် ကူညီပေးတဲ့အတွက် ဂိုဏ်းသခင်တို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သက်ရှိကမ္ဘာကို ပြန်ရောက်ရင် ကျွန်တော် ပြုပြင်ပြောင်းလဲမှု ဆက်လုပ်နိုင်ပါပြီ။ ပြုပြင်ပြောင်းလဲမှု အတိုင်းအတာတစ်ခုအထိ အောင်မြင်သွားပြီး တိုးတက်စည်ပင်လာတဲ့အခါ ဂိုဏ်းသခင်တို့အားလုံးလည်း ကောင်းမှုကုသိုလ် ရပါလိမ့်မယ်”
အားလုံး ကျယ်လောင်စွာ ရယ်လိုက်ကြ၏။
လူငယ်ဂိုဏ်းချုပ်မှာလည်း သူတို့အတွက် ပျော်ရွှင်နေသည်။ ချင်မူက ဂိုဏ်းသခင်ဟောင်းများဖြင့် စစချင်း ရန်ဖြစ်ခဲ့သော်လည်း ယခုတွင် အငြိုးအတေးအားလုံး ပြေအေးသွားချေပြီ။ သူ အမှန်ပင် ဝမ်းသာမိ၏။
ရုတ်တရက် ငှက်ခေါင်းနတ်ဘုရားချိရှို့၏အသံ သူတို့ဆီ ရောက်လာသည်။ “ဂိုဏ်းသခင်ချင်... ယမမင်းက မင်းကို ကိုယ်တိုင် အပြစ်ပေးချင်နေတယ်။ ထွက်မလာဘူးလား”