အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး
Vol. 41 Ch. 554
" တောင်းပန်ပါတယ်ရှင်…… ကျွန်မက သည်ကျောက်တုံးကို သုံးစရာ ရှိနေလို့ပါ "
ချီကျွင်းကျွင်းက ကမ်းလှမ်းမှုတွေကို ပယ်ချလိုက်ပါတယ် ။
ဟာသပါပဲ ။ သူမကိုယ်တိုင်တောင်မှ အခုချိန်အထိ အညံ့စား ကောင်းကင်ဘုံကျောက်တုံး တစ်တုံးကို မပိုင်ဆိုင်ဖူးသေးပါဘူး ။ ဒါကို သူမက ဘယ်လိုလုပ်ပြီး တခြားသူတွေကို ရောင်းပေးနိုင်မှာလဲ ။
သည်ကောင်းကင်ဘုံ ကျောက်တုံးနဲ့ဆိုရင် သူမက နောင်တစ်ချိန် သိုင်းပညာတွေ လေ့ကျင့်တဲ့ နေရာမှာ သိပ်ပြီး ခက်ခက်ခဲခဲ လေ့ကျင့်ရတော့မှာ မဟုတ်ပါဘူး ။ သည်ကောင်းကင်ဘုံကျောက်တုံးက သူမကို အနည်းဆုံး ၁၅ရာခိုင်နှုန်းလောက် ပိုသက်သာ သွားစေနိုင်ပါတယ် ။
" လီဖူချန်း …… ကျေးဇူးအများကြီး တင်ပါတယ်နော် "
ချီကျွင်းကျွင်းက လီဖူချန်းကို သူမရဲ့ သမင်ပျိုမျက်လုံးလို ရွှန်းလဲ့တဲ့ မျက်လုံးအစုံနဲ့ ကြည့်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်ပါတယ် ။
သူမက လီဖူချန်းဟာ သည်သတ္တုတုံးတွေကို ခန့်မှန်းပြီး ဝယ်ခိုင်းတာဖြစ်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။ လီဖူချန်းဆီမှာက လျှို့ဝှက်ချက် တစ်ခု ရှိနေတာပဲ ဖြစ်ရပါမယ် ။
" အစ်ကိုကြီးလီ…… လုပ်ပါဦး ။ ကျွန်တော့်ကိုလည်း သတ္တုတုံး နှစ်တုံးလောက် ရွေးပေးပါဦးဗျာ "
ချီကောင်းကတော့ လီဖူချန်းကို အစ်ကိုကြီးလီလို့တောင် စပြီး ခေါ်နေခဲ့ပါပြီ ။
သူ့ရဲ့ မျက်စိရှေ့မှာတင် အစ်မဖြစ်သူက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅သိန်း ရင်းနှီးမြုပ်နှံပြီး အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ တန်ဖိုးရှိတဲ့ ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံး ရသွားခဲ့ပြီ မဟုတ်ပါလား ။ အဲသည် အကျိုးအမြတ်က ဆယ်တောင် ရှိပါတယ် ။
လီဖူချန်းက ပြုံးရုံပဲ ပြုံးနေခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး ။
ဘေးနားမှာရှိတဲ့ တုကူးရှောင်နန်နဲ့ အကြီးအကဲလျူတို့ရဲ့ မျက်နှာတွေကတော့ ပြိုတော့မယ့်မိုးလို မှောင်မည်းနေခဲ့ပါပြီ ။
အကြီးအကဲလျူဆိုရင် ဘာပြောလို့ ပြောရမှန်းတောင် မသိတော့တဲ့ ပုံပါပဲ ။ အတန်ကြာမှ သူက ခြောက်ကပ်ကပ် လေသံဖြင့်
" အဲဒါက လောင်းကစားသမားတွေရဲ့ စစချင်း ကံကောင်းမှုပါပဲ ။ လောင်းကစား စစချင်း လုပ်ချိန်မှာ သည်လိုကံကောင်းမှုမျိုးကို လူတိုင်း ကြုံဖူးတာပဲ မဟုတ်ဘူးလား "
" ဟုတ်တာပေါ့ ။ ဒါက ကံကောင်းမှု သက်သက်ပဲ ။ ရော့……ငါ့ရဲ့ သတ္တုတုံးကိုလည်း ဖြတ်ကြည့်စမ်း "
တုကူးရှောင်နန်ကလည်း သည်အတိုင်း ရပ်ကြည့် မနေနိုင်တော့ပါဘူး ။သူက အစောပိုင်းက သူဝယ်ထားတဲ့ သတ္တုတုံးကို ထုတ်ပြီး သတ္တ္တုတုံးဖြတ်သမားရှေ့ကို ချ
ပစ်လိုက်ပါပြီ ။
" ဟုတ်ကဲ့ပါ…… တုကူးသခင်လေး "
သတ္တ္တုတုံးဖြတ်သမားကလည်း ဝမ်းပန်းတသာနဲ့ပဲ ဖြေလိုက်ပါတယ် ။
သူက တစ်စုံတစ်ယောက်အတွက် သတ္တုတုံး တစ်တုံး ဖြတ်ပေးရတိုင်းမှာ ဖြတ်ခအဖြစ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀ ရတဲ့သူပါ။ အဲသည်အတွက် သူ့အနေနဲ့ သတ္တုတုံး ဖြတ်ရလေလေ ပိုပြီး အကျိုးအမြတ် ရလေလေပါပဲ ။
တုကူးရှောင်နန်ရဲ့ သတ္တုတုံးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈သိန်းတောင် တန်ပါတယ် ။
" အင်း…… သည်သတ္တုတုံးက မဆိုးဘူး "
" ဟုတ်ပဗျာ ။ သတ္တုတုံးပေါ်က အင်းကွက်တွေလည်း တော်တော် ထင်ရှားနေသေးတာပဲ "
ကျောက်တုံး လောင်းကစား ကျွမ်းကျင်သူ တချို့ကတော့ တုကူးရှောင်နန်ရဲ့ သတ္တုတုံးကို ကြည့်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေကြပါပြီ ။ သူတို့ရဲ့ အမြင်မှာတော့ သည်သတ္တုတုံးက အထဲမှာ ကောင်းကင်ကျောက်တုံး ပါဝင်ဖို့အတွက် အခွင့်အလမ်း တော်တော်လေးများတဲ့ သတ္တု တစ်တုံး ဖြစ်ပါတယ် ။
တကယ်လို့သာ သည်သတ္တုတုံးက အောင်သွားခဲ့မယ်ဆိုရင် အထဲမှာပါတဲ့ ကောင်းကင်ဘုံ ကျောက်တုံးဟာ တစ်တုံးတောင် မကနိုင်ပါဘူး ။ အဲဒါက အနည်ဆုံး နှစ်တုံးပါပဲ ။
အစောပိုင်းတုန်းကတော့ တုကူးရှောင်နန်ဟာ အနည်းငယ် စိုးရိမ်ကြောင့်ကြ နေခဲ့ပါသေးတယ် ။ ဒါပေမဲ့ လူတော်တော်များများက သူ့ရဲ့ သတ္တုတုံးအပေါ်မှာ ကောင်းမွန်တဲ့ ထင်ကြေးတွေ ပေးနေတာကို ကြားရပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ ပျောက်ကွယ်သွားခဲ့ပါပြီ ။
ရွှပ်……
သတ္တ္တုတုံးဖြတ်သမားက သူ့ရဲ့ ပထမဆုံး ဖြတ်ချက်ကို စတင်လိုက်ပါတော့တယ် ။
်ထန်……
ပထမဆုံး ဖြတ်ချက်မှာပဲ သတ္တုဖြတ်ဓား နဲ့ ကောင်းကင်ဘုံကျောက်တုံး ထိမိတဲ့ အသံကို လူတိုင်းက ကြားလိုက်ရပါတယ် ။
" အောင်ပြီ ။ သည်သတ္တ္တုတုံးက သေချာပေါက် အောင်ပြီ "
''တုကူးသခင်လေးက သည်တစ်ကြိမ်မှာတော့ အမြတ် အများကြီး ရတော့မယ် ထင်တယ်ဟေ့ ။ ကြည့်ရတာ သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံကျောက်တုံး တစ်တုံးမက ရှိနေတယ်ဆိုတာ သေချာသွားပြီ ။ သူ့ရဲ့ အကျိုးအမြတ်ကတော့ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲ "
အနီးအနားမှာရှိတဲ့ လူတွေအကုန်လုံးကတော့ စိတ်လှုပ်ရှားနေကြပါပြီ ။
တုကူးရှောင်နန်ရဲ့ မျက်နှာကလည်း လုံးဝ ပြုံးဖြီးနေတာပါပဲ ။
သူ့အတွက်ကတော့ အကျိုးအမြတ်က အကြောင်း မဟုတ်ပါဘူး ။အဓိကက သူ့အနေနဲ့ လီဖူချန်းကို သာလွန်ဖို့ပါပဲ ။
နှစ်ခုစလုံး ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့လေ ။
သူက နားလည်ရခက်တဲ့ အပြုံးပြုံးလိုက်ကာ ချီကျွင်းကျွင်းဘက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်ပါသေးတယ် ။
"ကျွင်းကျွင်း …… တွေ့လား ။ ညီမအနေနဲ့ သူပြောတာ နားမထောင်ဘဲ နေခဲ့ရင် သည်သတ္တုတုံးက ညီမအပိုင် ဖြစ်နေလောက်ပြီ ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ။ တကယ်လို့သာ သည်သတ္တုတုံးထဲကနေ ကောင်းကင်ဘုံကျောက်တုံး သုံးတုံး ရခဲ့ရင် ညီမကို အစ်ကိုက တစ်တုံး လက်ဆောင်ပေးပါ့မယ် "
တုကူးရှောင်နန်က သဘောထားကြီးစွာနဲ့ ကောင်းကင်ဘုံကျောက်တုံးအားလုံးကို ချီကျွင်းကျွင်းကို ပေးဖို့တော့ စိတ်ကူးမရှိပါဘူး ။ တကယ်လို့ ချီကျွင်းကျွင်းက သူ့ရဲ့ ဇနီး ၊မယား ဆိုရင်တော့ တစ်မျိုးပေါ့ ။
" မလိုပါဘူး ။ ကျွန်မဆီမှာ တစ်တုံး ရှိပြီးသားပဲ "
ချီကျွင်းကျွင်းက ခပ်ပြတ်ပြတ် လေသံနဲ့ ငြင်းပစ်လိုက်ပါတယ် ။
သူရွေးချယ်ပေးလိုက်တဲ့ သတ္တုတုံးက အောင်သွားပြီဆိုမှပဲ အကြီးအကဲလျူဟာ ပြုံးနိုင်ပါတော့တယ် ။
ကျောက်တုံး လောင်းကစားဝိဇ္ဇာ တစ်ယောက်အတွက်ကတော့ သူ့ရဲ့ နာမည် ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ ။
ပြီးတော့ သူက တုကူးကလန်အတွက် အလကား လုပ်ပေးနေတာ မဟုတ်ပါဘူး ။ တုကူးကလန်က သူ့ကို အဖိုးအခအဖြစ် တစ်နှစ်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သန်း ပေးနေတာ ဖြစ်ပါတယ် ။ တကယ်လို့သာ သူ့ရဲ့ ကျောက်တုံးလောင်းကစား ခန့်မှန်းခြင်းက မကြာခဏ လွဲနေမယ်ဆိုရင်ဖြင့် တုကူးကလန်ဟာ သူ့ကို ဆက်ပြီး အလုပ်ခန့်ထားတော့မှာ မဟုတ်ပါဘူး ။ အဲဒါက သူ့ရဲ့ နာမည် ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အပြင် သူ့ရဲ့ အနာဂတ် အလားအလာကိုပါ ထိခိုက်စေပါလိမ့်မယ် ။
အဲသည်အချိန်မှာပဲ သတ္တ္တုတုံးဖြတ်သမားက ပြောလာခဲ့ပါတယ် ။
"တုကူးသခင်လေး…… အဲဒါက အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး မဟုတ်ဘူး ။ အဲဒါက အဆင့်မမီတဲ့ လက်သီးတစ်လုံးသာသာ ကောင်းကင်ဘုံ ကျောက်တုံးပါ "
" ဘာ…… အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံး ဟုတ်လား "
ကောင်းကင်ဘုံ ကျောက်တုံးတွေကိုက ညံ့ ၊ နိမ့် ၊အလယ်အလတ် ၊ ကောင်း နဲ့ ထိပ်တန်း ဆိုပြီး အတန်းအစား ငါးမျိုး ခွဲခြားထားတာပါ ။အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံးကတော့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးကိုတောင် မယှဉ်နိုင်ပါဘူး ။ အဲဒါက အလွန်ဆုံးရမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀တုံးပါပဲ။
ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဒါက အကျိုးအမြတ် ရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ခဲ့ပါဘူး ။ ဒါက မှားယွင်းတဲ့ ရင်းနှီးမြုပ်နှံမှုပါပဲ ။ လုံးလုံးကြီး ရှုံးသွားတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်တာပဲ တော်သေးတယ်လို့ ဆိုရပါမယ် ။
" ဒါ……ဒါက "
အစောပိုင်းတုန်းက ပြုံးဖြီဖြီး လုပ်နေခဲ့တဲ့ တုကုကူးရှောင်နန်ရဲ့ မျက်နှာကတော့ ပျက်ယွင်းနေခဲ့ပါပြီ ။
အဆင့်မမီတဲ့ ကောင်းကင်ဘုံကျောက်တုံး……
အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံးဆိုတာက သူ့အတွက်တော့ လုံးဝ အမှိုက်ပါပဲ ။ သူက အဆင့်မမီတဲ့ ကောင်းကင်ဘုံကျောက်တုံး ဆယ်တုံး ရရင်တောင်မှ ဂရုစိုက်မှာ မဟုတ်ပါဘူး ။
" ဆက်ဖြတ်စမ်း "
တုကုးရှောင်နန်ရဲ့ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့ပါတယ် ။
တကယ်လို့သာ သည်သတ္တုတုံးထဲမှာ အညံ့စား ကောင်းကင်ဘုံကျောက်တုံး ရှိနေခဲ့မယ် ဆိုရင်တော့ သူဟာ အရှက်ကွဲတော့မှာ မဟုတ်ပါဘူး ။
" ဟုတ်ကဲ့ပါ …… တုကူး သခင်လေး "
သတ္တ္တုတုံးဖြတ်သမားက နဖူးပေါ်က စီးကျနေတဲ့ ချွေးတွေကို တစ်ချက် သုတ်လိုက်ပြီး သူ့ရဲ့ သတ္တုဖြတ်ဓားကို မြှောက်လိုက်ပါတယ် ။
ထန်……
ဓားချက် အနည်းငယ် အပြီးမှာတော့ သတ္တုဖြတ်ဓားနဲ့ တစ်စုံတစ်ခု ထိမိတဲ့ အသံက တစ်ဖန်ပြန်ပြီး ထွက်ပေါ်လာခဲ့ ပြန်ပါပြီ ။
" သည်တစ်ခါတော့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး ဖြစ်ပါစေကွာ "
'
တုကူးရှောင်နန်က သတ္တုတုံးကို လုံးဝ မမှိတ်မသုန် ကြည့်နေပြီး ဆုတောင်းလိုက်ပါတယ် ။မသိရင်တော့ သူ့ရဲ့ အကြည့်တွေက သတ္တုတုံးကို ထိုးဖောက်သွားတော့မလိုပါပဲ ။
လူအုပ်ထဲမှာ ရှိနေတဲ့ လီဖူချန်းကတော့ ကျိတ်ပြီး ရယ်နေမိပါတယ် ။သူက သည်သတ္တုတုံးကို အစောကြီးကတည်းက ထွင်းဖောက် ကြည့်ပြီးခဲ့ပါပြီ ။ သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံ ကျောက်တုံးတွေ မရှိဘဲ ကောင်းကင်ဘုံ ကျောက်တုံးအဖြစ် ဖြစ်တည်စ ပြုနေတဲ့ ကျောက်တုံးလေး သုံးတုံးသာ ရှိနေတာပါ ။ အဲသည်ကျောက်တုံး သုံးတုံးထဲမှာဆိုရင် အကြီးဆုံးက လက်သီးတစ်ဆုပ်ထက် မပိုပါဘူး ။ ကျန်တဲ့ နှစ်တုံးကတော့ လက်သီးဆုပ်တစ်ဝက် အရွယ် နဲ့ ကြက်ဥတစ်လုံးအရွယ်သာ ရှိပါတယ် ။အဲသည်ကျောက်တုံး အားလုံးရဲ့ တန်ဖိုးကလည်း အလွန်ဆုံးမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀ပါပဲ ။ အဲသည်တန်ဖိုးက ဘယ်လိုမှ အရင်းတောင် ပြန်ရနိုင်စရာ အကြောင်း မရှိပါဘူး ။
" စိတ်မကောင်းစရာပါပဲ …… တုကူးသခင်လေး ။ ဒါကလည်း အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံးပါပဲ "
သတ္တ္တုတုံးဖြတ်သမားရဲ့ အသံက ထွက်ပေါ်လာပြန်ပါတယ် ။
" လခွီးတဲ့မှပဲကွာ "
တုကုူးရှောင်နန်က လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိပါပြီ ။
" အထဲမှာ နောက်ထပ် ကောင်းကင်ဘုံ ကျောက်တုံးတစ်တုံး ရှိလောက်သေးတယ် မဟုတ်လား "
အကြီးအကဲလျူရဲ့ အသံကလည်း မဝံ့မရဲ ထွက်လာခဲ့ပါတယ် ။
အမှန်အတိုင်းပြောရမယ် ဆိုရင်တော့ အကြီးအကဲလျူက တုကူးရှောင်နန်ထက်တောင်မှ ပိုပြီး စိတ်လှုပ်ရှားနေခဲ့ပါပြီ ။
" အဲသည်အဘိုးကြီးစကား နားမထောင်လိုက်မိတာ တော်သေးတယ်နော် မမ ။ မဟုတ်ရင်တော့ အတော်လေး ရှုံးနေလောက်ပြီ "
ချီကောင်းကတော့ သူ့အစ်မဖြစ်သူအနားကပ်ပြီး ပြောနေပါတယ် ။
သူက အစကတည်းက အကြီးအကဲလျူကို အမြင်ကြည်နေတာ မဟုတ်ပါဘူး ။ အကြီးအကဲလျူရဲ့ ခန့်မှန်းမှု ကောင်းကျိုးကြောင့် သူဟာ သူ့ရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးသိန်းခွဲ ဆုံးရှုံးခဲ့ရတာ မဟုတ်ပါလား ။
ချီကျွင်းကျွင်းက အသံတိုးတိုးနဲ့ ချီကောင်းကို သတိပေးလိုက်ပါတယ် ။
" နောက်ဆိုရင် နင် တုကူးရှောင်နန်နဲ့ အပေါင်းအသင်း လုပ်တာကို လျော့ ။ သူက တကယ်တမ်းမှာ ဘာမှ မဟုတ်ဘူး "
" စိတ်မပူပါနဲ့ မမ ။ ကျွန်တော်က နောက်ဆိုရင် အစ်ကိုလီနဲ့ပဲ အပေါင်းအသင်းလုပ်တော့မှာပါ ။ ကျွန်တော်က မမ သတိမပေးရင်တောင် အဲသည် တုကူးရှောင်နန်ဆိုတဲ့ကောင်ကို မပေါင်းဖို့ စဉ်းစားထားပြီးပါပြီ "
ချီကောင်းက လီဖူချန်းကို သူ့ရဲ့ ရွှေသစ်ပင် ၊ ငွေသစ်ပင်အဖြစ် သတ်မှတ်ထားခဲ့ပြီးပါပြီ ။ အဲသည်အတွက် သူက ချီကျွင်းကျွင်းကို ရဲရဲကြီး အာမခံလိုက်ပါတယ် ။
" နင်……နင်…… "
ချီကျွင်းကျွင်းက ဒေါသတကြီးနဲ့ ချီကောင်းဘက်ကို လှည့်ကြည့်လိုက်ပါတယ် ။ သူမအနေနဲ့ကတော့ သူမရဲ့ မောင်ဖြစ်သူ ဘာကြံနေသလဲ ဆိုတာကို မသိစရာ အကြောင်း မရှိပါဘူး ။
ထန်……
နောက်ထပ် ဖြတ်ပိုင်းမှု တစ်ရာ အပြီးမှာတော့ တတိယမြောက် ကောင်းကင်ဘုံ ကျောက်တုံးဟာ ထွက်ပေါ်လာခဲ့ပြန်ပါပြီ ။
အဲသည် ကောင်းကင်ဘုံ ကျောက်တုံးကလည်း အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံးပါပဲ ။ အဲဒါက ကြက်ဥတစ်လုံးလောက်သာ ရှိပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံးထက် ပိုတန်ဖိုးရှိစရာ အကြောင်း မရှိပါဘူး ။
' သေလိုက်စမ်းပါတော့ကွာ '
တုကူးရှောင်နန်က စိတ်ထဲကနေ ကျိတ်ပြီး ညည်းတွားလိုက်မိပါတယ် ။ သူက ချီကျွင်းကျွင်း နဲ့ လီဖူချန်းတို့ရဲ့ လှောင်ရယ်သံတွေကိုတောင် နားထဲမှာ ကြားယောင်မိနေသလိုပါပဲ ။
' တောက်…… သည်အဘိုးကြီး '
တစ်ချိန်တည်းမှာပဲ သူက အကြီးအကဲလျုကို ဒေါသတကြီးနဲ့ လှည့်ကြည့်လိုက်ပါတယ် ။
အကြီးအကဲလျူကတော့ တုကူးရှောင်နန်ရဲ့ အကြည့်ကို မသိချင်ယောင်ဆောင်ပြီး တခြားတစ်ဖက်ကို လှည့်နေခဲ့ပါပြီ ။ ပြီးတော့ သူက စိတ်ထဲကနေ ကျိတ်ပြီး ပြောနေမိပါတယ် ။
" တုကူးသခင်လေးက ငါ့ကို ဘာလို့ ဒေါသတကြီးနဲ့ ကြည့်နေရတာလဲ ။ ငါက သူ့ကို သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးထက် ပိုရှိဖို့ အခွင့်အလမ်း များတယ်လို့ပဲ ပြောခဲ့တာ မဟုတ်ဘူးလား ။ အဲဒါက အနည်းဆုံးတော့ အညံ့စား ကောင်းကင်ဘုံကျောက်တုံး ဖြစ်ရမယ်လို့ အာမခံခဲ့တာမှ မဟုတ်တာ ။ ပြီးတော့ တကယ်လည်း ငါခန့်မှန်းထားသလို အထဲမှာ ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှိနေတာပဲလေ "
" တုကူး သခင်လေးခင်ဗျား…… ကျွန်တော်က သည်အဆင့်မမီတဲ့ ကောင်းကင်ဘုံ ကျောက်တုံး သုံးတုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၁တုံးနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းလိုပါတယ် "
လူတစ်ယောက်ကတော့ တုကူးရှောင်နန်ကို စတင်ပြီး ကမ်းလှမ်းလာခဲ့ပါပြီ ။
အဲသည်လူ ဘာလုပ်ဖို့ ကြံနေသလဲ ဆိုတာကို လူတိုင်းအနေနဲ့ မသိစရာ အကြောင်း မရှိပါဘူး ။ သူက တုကူးရှောင်နန်နဲ့ ရင်းနှီးခင်မင်ချင်နေတာ အသိသာကြီးပါပဲ ။ ဒါကြောင့်လည်းသူက တုကူးရှောင်နန်ရဲ့ အဆင့်မမီတဲ့ ကောင်းကင်ဘုံကျောက်တုံးတွေကို ပေါက်ဈေးထက်ပိုပြီး ကမ်းလှမ်းခဲ့တာပါ ။
တုကူးရှောင်နန်က စိတ်တိုနေတဲ့ လေသံဖြင့် ပြန်ဖြေလိုက်ပါတယ် ။
" ငါသည်ဟာတွေကို မရောင်းဘူး ။ဒါတွေက လက်ဝတ်ရတနာတွေအဖြစ် ပြောင်းလိုက်လို့ ရသေးတယ် "
တစ်ချိန်တည်းမှာပဲ သူက လီဖူချန်းဘက်ကို လှည့်လိုက်ပြီး ပြောလိုက်ပါသေးတယ် ။
" ဒါနဲ့ ညီအစ်ကိုလီ……အစောပိုင်းတုန်းက ခင်ဗျား သတ္တုတုံး တော်တော်များများ ဝယ်ခဲ့တယ်ဆို ။ လုပ်စမ်းပါ ။ တစ်တုံးလောက် ဖြတ်ကြည့်ပါလား ။ ကျုပ်နဲ့ ကျွင်းကျွင်းတို့လည်း ပိုပြီး အမြင်ကျယ်သွားတာပေါ့ "
ချီကျွင်းကျွင်းကတော့ စိတ်ထဲကနေပြီး တုကူးရှောင်နန်ကို ကျိန်ဆဲနေခဲ့ပါပြီ ။ သည်တုကူးရှောင်နန်က လီဖူချန်းကိုပါ ရောပြီး သူ့လို အရှက်ကွဲဖို့ ကြံစည်နေတာ မဟုတ်ပါလား ။
' သည်တုကူးရှောင်နန်က တကယ် အရှက်မရှိတာပဲ ။ သူက သူများကိုပါ အရှက်ခွဲဖို့ ကြိုးစားနေသေးတယ် '
ဒါပေမဲ့လည်း လီဖူချန်းက မငြင်းခဲ့ပါဘူး ။
" ဟုတ်ပြီလေ ။ ဖြတ်ကြည့်ရတာပေါ့ ။ ခင်ဗျား မပြောလည်း ကျုပ်က ဖြတ်ဖို့ စဉ်းစားနေတာဗျ "
လီဖူချန်းက သူ့ရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အကုန်လုံးကို ပြောင်တလင်းခါအောင် သုံးပစ်လိုက်ခဲ့ ပြီးပါပြီ ။ အခုသူ့ဆီမှာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ နီးပါးသာ ရှိပါတော့တယ် ။ အခုအချိန်က သူ့အနေနဲ့ သူသုံးလိုက်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ရှာရမယ့် အချိန်ပါပဲ ။
အဲသည်နောက်မှာတော့ သူက ကောင်းကင်ဘုံ သတ္တုတုံး ငါးတုံးကို ထုတ်ပြီး သတ္တ္တုတုံးဖြတ်သမားကို ပြောလိုက်ပါတယ် ။
" ကျေးဇူးပြုပြီး ဒါတွေအားလုံးကို ဖြတ်ပေးစမ်းပါ "
" ဟုတ်ကဲ့ပါ …… သခင်လေး "
သတ္တ္တုတုံးဖြတ်သမားက ရိုသေကျိုးနွံစွာနဲ့ ပြန်ဖြေလိုက်ပါတယ် ။
အဲသည်နောက်မှာတော့ သတ္တ္တုတုံးဖြတ်သမားက သူ့ရဲ့ သတ္တုဖြတ် လုပ်ငန်းစဉ်ကို စတင်လိုက်ပါပြီ ။
ရွှပ်……ရွှပ်……ရွှပ်……
ပထမ သတ္တုတုံးကို ဒါဇင်နဲ့ချီပြီး ပိုင်းဖြတ်လိုက်ပေမယ့် ကောင်းကင်ဘုံ ကျောက်တုံးတွေရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး ။ ဓားချက် တစ်ရာကျော် ပိုင်းဖြတ်ပြီးတဲ့ အခါမှာလည်း ထူးမခြားနားပါပဲ ။
ဓားချက် နှစ်ရာကျော် ပိုင်းဖြတ်ပြီးတဲ့အခါမှာတော့ လူတိုင်းဟာ သည်သတ္တုတုံးကို လက်လျော့လိုက်ကြပါပြီ ။ သည်သတ္တုတုံးထဲမှာ ကောင်းကင်ဘုံကျောက်တုံး ရှိနေဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ။
ပြိုတော့မယ့်မိုးလို ဖြစ်နေတဲ့ တုကူးရှောင်နန်ရဲ့ မျက်နှာအမူအယာကလည်း အခုမှပဲ ပြန်ပြီး ပြုံးလာနိုင်ပါတော့တယ် ။ သူက လီဖူချန်း အခုလို အခြေအနေကို ဟားတိုက်ဖို့ စောင့်နေတာ မဟုတ်ပါလား ။ တကယ်လို့သာ သတ္တုတုံး ငါးတုံးစလုံးက လုံးဝ အရှုံးတွေပဲဆိုရင် လီဖူချန်းဟာ သူ့မျက်နှာကို ဘယ်မှာ ထားရမှန်း သိတော့မှာတေင် မဟုတ်ပါဘူး ။
သည်လိုနဲ့ပဲ လီဖူချန်းရဲ့ ပထမဆုံး သတ္တုတုံးဟာ အရှုံးဖြစ်တယ်ဆိုတာ သေချာသွားခဲ့ပါပြီ ။
လီဖူချန်းကတော့ အေးအေးဆေးဆေး ရှိနေဆဲပါပဲ ။သူက ဘာကိုမှ စိုးရိမ်ကြောင့်ကြမှု မရှိပါဘူး။
လီဖူချန်းက သူ့အနေနဲ့ လူမြင်ကွင်းမှာ ကောင်းကင်ဘုံကျောက်တုံးပါတဲ့ သတ္တုတုံးတိုင်းကို ဖြတ်လို့မရဘူး ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။ တကယ်လို့သာ သူက အဲသည်လို လုပ်လိုက်မယ်ဆိုရင် လူတိုင်းက သူ့ဆီမှာ ကောင်းကင်ဘုံကျောက်တုံးတွေ ရှိ၊မရှိ သိနိုင်တဲ့ နည်းတစ်ခု ရှိတယ်ဆိုတာကို သိသွားပါလိမ့်မယ် ။ အဲဒါက ပြသနာကို ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပါပဲ ။
တကယ်လို့ သူက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါးဆိုရင်တော့ ဒါက ပြသနာ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အခုတော့ သူက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါးသာ ဖြစ်နေပါသေးတယ် ။
သူ့ရဲ့ ကောင်းကင်ဘုံ သတ္တုတုံးကို ထိုးထွင်းကြည့်မြင်နိုင်တဲ့ အကြောင်းသာ ပေါ်ပေါက်သွားခဲ့မယ်ဆိုရင် အင်အားကြီး အဖွဲ့အစည်း တချို့က သူ့ကို ဖမ်းဆီးပြီး သူတို့အတွက် ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှာဖွေပေးဖို့ အတင်းအကျပ် ခိုင်းစေကြမှာ အသေအချာပါပဲ။ အဲဒါဆိုရင်တော့ သူဟာ ဘဝတစ်လျှောက်လုံး လွတ်လပ်မှုကို ခံစားရတော့မှာ မဟုတ်ပါဘူး ။
ဒုတိယမြောက် သတ္တုတုံး နဲ့ တတိယမြောက် သတ္တုတုံးကလည်း ပထမ သတ္တ္တုတုံးနဲ့ မခြားနားလှပါဘူး ။
" ဟီး…ဟီး…ဟီး…"
အကြီးအကဲလျူကတော့ ကျိတ်ပြီး ရယ်နေခဲ့ပါပြီ ။
သတ္တုတုံး သုံးတုံး ဖြတ်ပြီးတဲ့အထိ ကောင်းကင်ဘုံကျောက်တုံး တစ်တုံးမှ မတွေ့သေးဘူး ဆိုတာက ကျောက်တုံးလောင်းကစားမှာ လီဖူချန်းဟာ သူ့လောက် အတွေ့အကြုံ မကြွယ်ဝသေးဘူးဆိုတဲ့ သဘောပါပဲ ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ လီဖူချန်းက သူ့ကို ယှဉ်နိုင်တဲ့အဆင့် မဟုတ်ပါဘူး ။
အဲသည်နောက်မှာတော့ သတ္တ္တုတုံးဖြတ်သမားဟာ စတုတ္ထမြောက် သတ္တုတုံးကို စတင် ဖြတ်ပိုင်းပါတော့တယ် ။
" ထန် "
၆၈ချက်မြောက် ပိုင်းဖြတ်မှုမှာတော့ သတ္တုဖြတ်ဓားနဲ့ တစ်စုံတစ်ရာ ထိမိတဲ့ အသံတစ်သံက ထွက်ပေါ်လာခဲ့ပါပြီ ။
" အဲဒါက အညံ့စား ကောင်းကင်ဘုံကျောက်တုံး တစ်တုံးပါ …… သခင်လေး "
သတ္တ္တုတုံးဖြတ်သမားကလည်း စိတ်လှုပ်ရှားစွာနဲ့ ဆိုလာခဲ့ပါတယ် ။
" အောင်သွားပြီဟေ့ ။ နောက်ဆုံးတော့ အဲသည်လူငယ်လေးရဲ့ သတ္တုတုံးက အောင်သွားပြီဟ ။ သူ့ရဲ့ကံက တော်တော်လေး ကောင်းတာပဲ "
" ငါကတော့ အဲသည်ကျောက်တုံးရဲ့ အရွယ်အစားကိုပဲ သိချင်နေမိတယ်ဟေ့ "
သတ္တ္တုတုံးဖြတ်သမားရဲ့ ကျွမ်းကျင်စွာ ပိုင်းဖြတ်မှု အောက်မှာတော့ စိမ်းပြာရောင် သလင်းကျောက်တုံးရဲ့ ထိပ်ပိုင်းဟာ လူတိုင်းရှေ့ကို ပေါ်ထွက်လာခဲ့ပါပြီ ။ အဲဒါက အကြီးစား ဖလားခွက် တစ်လုံးထက် ပိုသေးစရာ အကြောင်း မရှိပါဘူး ။
" အားပါးပါး…… အဲဒါက ဖလားခွက် အကြီး တစ်လုံးစာပဲဟ ။ အဲဒါကြီးက အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် တန်နေပြီ "
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ဆိုတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀နဲ့ ညီမျှပါတယ် ။ အဲသည်အတွက် လီဖူချန်းရဲ့ အမြတ်ဟာ အနည်းဆုံး အဆငါးဆယ်ပါပဲ ။
" အရှေ့က ရှုံးသွားတဲ့ သတ္တုတုံးသုံးတုံးကို အသာထားဦး ။ သည်ကောင်းကင်ဘုံကျောက်တုံးနဲ့ ဆိုရင်တော့ သတ္တုတုံး ဆယ်တုံးလောက်တောင် ရှုံးလို့ ရတယ်ဟ ။ ဟူး……ဟူး…… သည်ကောင်လေးရဲ့ ကံကောင်းမှုကတော့ အံ့မခန်းပဲဟေ့ "
လူတွေအားလုံးကတော့ လီဖူချန်းရဲ့ကံကို အားကျနေကြပါပြီ ။
" သေစမ်း…… သေလိုက်စမ်းပါလားကွာ ။ လခွီးပဲ ။ သည်ကောင့်ရဲ့ ကံက အဲလောက်တောင် ကောင်းရတာလား "
တုကူးရှောင်နန်ကတော့ လီဖူချန်းကို စိတ်ထဲကနေ ကျိန်ဆဲနေပါတော့တယ် ။
" သည်ကသခင်လေး…… ကျုပ်က သခင်လေးရဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၁၀၀ ပေးပြီး ဝယ်လိုပါတယ် "
ကျောက်အကြောင်း ကောင်းကောင်းသိတဲ့ လူတစ်ယောက်ကတော့ လီဖူချန်းကို စတင်ပြီး ကမ်းလှမ်းလာခဲ့ပါပြီ ။
လီဖူချန်းက လက်ကာပြလိုက်ပြီး ငြင်းလိုက်ပါတယ် ။
" စိတ်မလောပါနဲ့ ………နောင်ကြီး ။ နောက်ထပ် သတ္တုတုံးတစ်တုံး ကျန်ပါသေးတယ် ။ ဒါကို ဖြတ်ပြီးမှ ဆွေးနွေးကြတာပေါ့ "
လီဖူချန်းက ငြင်းလိုက်တဲ့အတွက် ကမ်းလှမ်းတဲ့သူကလည်း ဆက်ပြီး မပြောတော့ပါဘူး ။ သူက ပိုင်ရှင် မဟုတ်တဲ့အတွက် အလိုက်သိရပါမယ် ။
" ညီလေးပြောတာ မှန်ပါတယ် ။ နောက်ဆုံး သတ္တုတုံးကို ဖြတ်ပြီးမှ ဆွေးနွေးတာ ပိုသင့်လျော်ပါတယ် "
လူတွေအားလုံးက လီဖူချန်းပြောတာကို အပေါ်ယံမှာ လက်ခံပေမယ့် စိတ်ထဲမှာတော့ ပဉ္စမမြောက် သတ္တုတုံးမှာလည်း ကောင်းကင်ဘုံကျောက်တုံး ရှိနေမယ်လို့ ဘယ်သူမှ မယုံကြည်ကြပါဘူး ။
သတ္တ္တုတုံးဖြတ်သမားကတော့ သူ့ရဲ့ အလုပ်ကို ဆက်ပြီး လုပ်နေဆဲပါပဲ ။ သူက ပဉ္စမမြောက် သတ္တုတုံးကိုလည်း သေသပ်ကျွမ်းကျင်စွာနဲ့ ပိုင်းဖြတ်နေပါတယ် ။
ရွှပ်……ရွှပ်……ရွှပ်……
ကျောက်တုံးလောင်းကစားရုံရဲ့ ငါးထပ်မြောက်မှာတော့ သတ္တ္တုတုံးဖြတ်သမားရဲ့ ဓားချက်သံတွေကလွဲ တခြား ဘာသံမှ ကြားမနေရတော့ပါဘူး ။
ထန်……
သတ္တုဖြတ်ဓားနဲ့ တစ်စုံတစ်ခု ထိမိတဲ့ အသံက ထပ်ပြီး ထွက်ပေါ်လာပြန်ပါပြီ ။
အဲသည်အသံက တုကူးရှောင်နန်အတွက် အိပ်မက်ဆိုး တစ်ခုလိုပါပဲ ။ သူ့ရဲ့ မျက်နှာက " ပထွေးရိုက်တာကို ခံနေရတဲ့ မယားပါသားရဲ့ မျက်နှာအလား " ရှုံ့မဲ့နေခဲ့ပါပြီ ။ အကြီးအကဲလျူကလည်း ခေါင်းကို မဖော်ဝံ့တော့ပါဘူး ။
" နောက်ထပ်……နောက်ထပ် ကောင်းကင်ဘုံကျောက်တုံး တစ်တုံးလား "
" သည်ကောင်လေးရဲ့ ကံက ကောင်းလွန်း မနေဘူးလား "
ဝိုင်းဝန်းကြည့်ရှုနေကြတဲ့ လူတွေရဲ့ အသံကလည်း ကျွတ်စီ ညံနေခဲ့ပါပြီ ။
" အဲ……အဲဒါက အနိမ့်စား ကောင်းကင်ဘုံ ကျောက်……ကျောက်တုံး "
အဲသည်အချိန်မှာပဲ သတ္တ္တုတုံးဖြတ်သမားက တုန်ယင်စွာနဲ့ ပြောလာခဲ့ပါတယ် ။ သူက သတ္တုတုံးထဲကနေပြီး အိပ်မက်ဆန်လှတဲ့ စိမ်းပြာနုရောင် အလင်းတန်းတွေကို တွေ့လိုက်ရတာ မဟုတ်ပါလား ။
" ဘာ…… အဲဒါက အနိမ့်စား ကောင်းကင်ဘုံ ကျောက်တုံးလား "
" မြန်မြန် …… မြန်မြန်လုပ်ပါဟ ။ ငါတို့ အဲသည်ကျောက်တုံးကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး "
လူတွေအားလုံးကတော့ လုံးဝ စိတ်မရှည်ကြတော့ပါဘူး ။
အဲသည်နောက်မှာတော့ သတ္တ္တုတုံးဖြတ်သမားဟာ ဂရုတစိုက်နဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို သတ္တုတုံးထဲကနေပြီး ဖြတ်ယူလိုက်ပါတော့တယ် ။
ရုတ်တရက် ဆိုသလိုပဲ စိမ်းပြာနုရောင် ကျောက်သလင်းတုံးလေး တစ်တုံးဟာ လူတိုင်းရှေ့ကို ပေါ်ထွက်လာခဲ့ပါပြီ ။ အဲဒါက လက်သီး တစ်ဆုပ်စာလောက်ကို ရှိပါတယ် ။
သည်ကောင်းကင်ဘုံ ကျောက်တုံးရဲ့ ကြည်လင်တောက်ပမှု နဲ့ လှပမှုကတော့ လူတွေအားလုံးကို ဆွဲဆောင်သွားခဲ့ပါပြီ ။ လူတိုင်းက သူတို့ရဲ့ အကြည့်ကို ကောင်းကင်ဘုံကျောက်တုံးဆီကနေပြီး မခွာနိုင်ကြတော့ပါဘူး ။
" အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံး ။ အဲဒါက တကယ်ကြီး ကောင်းကင်ဘုံ ကျောက်တုံးပဲ "
" အိုး…… ကောင်းကင်ဘုံ"
အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးတွေဆိုတာက အင်မတန် ရှားပါးတဲ့ အရာတွေပါပဲ ။ သည်ကျောက်တုံးလောင်းကစားရုံမှာဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ပေါ်ထွက်မလာတာက နှစ်လနီးပါး ရှိနေပါပြီ ။ ပြီးတော့ အရင်တစ်ခေါက်တုန်းက ပေါ်ထွက်လာတဲ့ အဆင့်နိမ် ကောင်းကင်ဘုံ ကျောက်တုံးက ကြက်ဥတစ်လုံး အရွယ်လောက်သာ ရှိတာပါ ။ အဲဒါက လီဖူချန်းရဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။
" တောက်…… သည်ကောင်က ကံကောင်းလွန်းလှချည်လား ။ မဖြစ်ဘူး ။ ငါသည်ကျောက်တုံးကို မရရအောင် ဝယ်ရမယ် "
တုကုးရှောင်နန်ရဲ့ စိတ်ထဲမှာတော့ လောဘ ၊ဒေါသ ၊မောဟတွေနဲ့ ပြည့်နှက်လာခဲ့ပါပြီ ။
အဲသည်နောက်မှာတော့ သူက လီဖူချန်းကို လိပ်ပြာ အသိစိတ်အာရုံနဲ့ လှမ်းပြီး ဆက်သွယ်လိုက်ပါတော့တယ် ။
" ညီအစ်ကိုလီ …… ကျုပ်က သည်အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းချင်ပါတယ် ။ သည်ဈေးက နည်းကောင်း နည်းနေပါလိမ့်မယ် ။ ဒါပေမဲ့ ကျုပ်က ညီအစ်ကိုလီက တုကူးကလန်ရဲ့ ဧည့်သည်တော်ဆိုတဲ့ ဂုဏ်ထူးကို ထပ်ပြီး ပေးပါဦးမယ် ။ ညီအစ်ကိုလီ ဘယ်လို သဘောရပါသလဲ "
တကယ်လို့သာ တစ်ယောက်ယောက်က တုကူးရှောင်နန်ရဲ့ ကမ်းလှမ်းမှုကို ကြားလိုက်ရရင်တော့ စိတ်ထဲကနေ လှမ်းပြီး ကျိန်ဆဲမိမှာ အမှန်ပါပဲ ။
သူက အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်း တန်ဖိုးရှိတဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို တစ်ဝက်ဈေးနဲ့ဝယ်ဖို့ ကြိုးစားနေတာမဟုတ်ပါလား ။ သည်တုကုးရှောင်နန်ဆိုတဲ့ သကောင့်သားက လုံးဝကို အရှက်မရှိတော့ပါဘူး ။
***