← Chapters

အကြံအစည်များ

Vol. 41 Ch. 555

အကြံအစည်များ

Vol. 41 Ch. 555

" အိုး…… ကောင်းကင်ဘုံ ။ သည်ကောင်းကင်ဘုံ ကျောက်တုံး နှစ်တုံးက အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ နှစ်သောင်းကြား တန်ဖိုး ရှိတာပေါ့ ။ အဲဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနဲ့ တွက်မယ်ဆိုရက် သန်း တစ်ရာနဲ့ သန်းနှစ်ရာကြားတောင် ရှိတာပါလား ။ မဖြစ်ဘူး ။ ငါ့သူ့ကို အခုထက်ပိုပြီး ရိုရိုသေသေ ဆက်ဆံရမယ်  "

ချီကောင်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေခဲ့ပါပြီ ။

ချီကလန်ရဲ့ အရေးပါတဲ့ မျိုးဆက်ဖြစ်တာတောင်မှ သူဟာ တစ်နှစ်မှအဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်သာ သုံးနိုင်တာပါ  ။ ဒါပေမဲ့ လီဖူချန်းကတော့ တစ်ထိုင်တည်းနဲ့ပဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းရာချီကို ရှာပြလိုက်နိုင်တာ မဟုတ်ပါလား ။

"သည်က ညီငယ်လေး…… အစ်ကိုတို့ လက်ဖက်စိမ်း ပွဲရုံက ညီငယ်လေးရဲ့ ကောင်းကင်ဘုံ ကျောက်တုံး နှစ်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းလိုပါတယ် "

" ကျုပ်တို့ အထီးကျန်ခန်းမက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခြောက်ထောင်နဲ့ ကမ်းလှမ်းလိုပါတယ် "

ဒေသတွင်း အင်အားစုတွေရဲ့ သက်ဆိုင်သူတွေကတော့ သူ့တို့ရဲ့ ကမ်းလှမ်းမှုတွေကို စတင် လာခဲ့ပါပြီ ။

သူတို့တွေက သည်ကျောက်တုံးလောင်းကစားရုံကို လာနေကျ ဖောက်သည်တွေ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ သည်ကောင်းကင်ဘုံ ကျောက်တုံးနှစ်တုံးရဲ့ တန်ဖိုးကို မသိစရာ အကြောင်း မရှိပါဘူး ။

အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး ။ သည်ကောင်းကင်ဘုံကျောက်တုံး နှစ်တုံးဟာ တကယ်တမ်း လိုအပ်နေသူတွေကို ရောင်းချမယ်ဆိုရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနဲ့တောင် အလွယ်တကူ ရောင်းချနိုင်ပါတယ် ။

" ကျွန်တော်က အညံ့စား ကောင်းကင်ဘုံကျောက်တုံးကိုတော့   ရောင်းပါမယ် ။ ဒါပေမဲ့ အနိမ့်စား ကောင်းကင်ဘုံ ကျောက်တုံးကိုတော့ မရောင်းပါဘူး ။ကဲ…… ဈေးစပေးလို့ ရပါပြီ "

လီဖူချန်းဆီမှာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ နီးပါး ရှိနေပါသေးတယ် ။ အဲသည်အတွက် သူက ဝိညာဉ်ကျောက်တုံးတွေကို သိပ်အရေးတကြီးတော့ မလိုအပ်သေးပါဘူး ။

" ၂၁၅၀ "

"၂၁၈၀ "

" ၂၂၀၀ "

" ၂၃၀၀ "

အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးက ဖလားခွက်ကြီး တစ်ခွက်လောက်သာ ရှိပေမယ့်လည်း လူတွေကိုတော့ ဆွဲဆောင်နေဆဲပါပဲ ။

" ၂၅၀၀"

" ကျုပ်တို့ အထီးကျန် ခန်းမက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၅၀၀ ကမ်းလှမ်းလိုပါတယ် ။ သည်ထပ်ပိုပေးမယ့်သူ  ရှိရင်တော့ ကျုပ်က နောက်ဆုတ်ပေးပါမယ် "

တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉ရောက်နေတဲ့ လူကြီးတစ်ယောက်က လေးနက်တည်ကြည်စွာနဲ့ ပြောလာခဲ့ပါတယ် ။ ကြည့်ရတာတော့ အဲဒါက သူတတ်နိုင်တဲ့ နောက်ဆုံးဈေး ဖြစ်ပုံပါပဲ ။

" အား …… ၂၅၀၀ ကတော့ များလွန်းတယ် ။ အဲလောက်ဆိုရင် အမြတ်က ဘယ်လောက်မှ ကျန်မှာ မဟုတ်ဘူး ။

" ထားလိုက်တော့…… ၂၅၀ဝ ထက် ပိုပေးဖို့ကတော့ ကျုပ်လည်း မတတ်နိုင်ဘူး "

လူတွေအားလုံးက လက်လျော့သွားခဲ့ကြပါပြီ ။

"၂၆၀၀ "

အဲသည်အချိန်မှာပဲ ရုတ်တရက်ဆိုသလို ဈေးပေးတဲ့ အသံတစ်သံက ထွက်ပေါ်လာခဲ့ပါတယ် ။ အသံပိုင်ရှင်ကတော့ တုကူးရှောင်နန်ပါပဲ ။

လီဖူချန်းက တုကူးရှောင်နန်ကို ကြည့်လိုက်ပြီး မေးလိုက်ပါတယ် ။

" ခင်ဗျားက လက်ငင်း ချေမှာလား "

တုကူးရှောင်နန်ကလည်း ယုံကြည်မှု အပြည့်ပါပဲ ။

" စိတ်မပူနဲ့ ။ ကျုပ်ဆီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၇၀၀၀ ပါလာတယ် ။  ၂၆၀၀ လောက်က စကားထဲ ထည့်ပြောစရာ မလိုဘူး"

တုကူးကလန်က ချီကလန်နဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။

သူတို့တွေက ကျောက်တုံးလောင်းကစား လောကမှာ နက်ရှိုင်းစွာ  ကျင်လည်နေကြသူတွေပါ ။ မဟုတ်လို့ကတော့ သူတို့အနေနဲ့ အကြီးအကဲလျူလို လောင်းကစားဝိဇ္ဇာ တစ်ယောက်ကို အခကြေးငွေပေးပြီး ခေါ်ယူထားမှာ မဟုတ်ပါဘူး ။

တုကုးရှောင်နန် ကိုယ်တိုင်ကလည်း တုကူးကလန်ရဲ့ လောင်းကစား  စီးပွားရေးမှာ ကိုယ်စားပြုနိုင်သူ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူဟာ သည်ကျောက်တုံးလောင်းကစားရုံကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ထောင်ချီသယ်လာပြီး အမြဲလိုလို လာလေ့ ရှိတာပါ ။

" ဟုတ်ပြီလေ ။ ဒါဆိုရင်တော့ သည်ကောင်းကင်ဘုံကျောက်တုံးက ခင်ဗျားဟာပဲ "

လီဖူချန်းက သူ့ရဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးကို တုကူးရှောင်နန်ကို ယူဖို့ ခွင့်ပေးလိုက်ပါတယ် ။

" ရော့ "

တုကူးရှောင်နန်ကလည်း သိုလှောင်အိတ် တစ်အိတ်ကို လီဖူချန်းဆီ  ပစ်ပေးလိုက်ပါတယ် ။ လီဖူချန်း တစ်ချက် ကြည့်လိုက်တဲ့အခါမှာတော့ အထဲမှာ ရှိနေတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေဟာ ၂၆၀၀ အတိအကျပါပဲ ။

" ညီအစ်ကိုလီ …ကျုပ်က သည်အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးအပြင် အနိမ့်စား ကျောက်တုံးကိုလည်း လိုချင်သေးတယ် "

အညံ့စား ကောင်းကင်ဘုံကျောက်တုံးကို သိမ်းဆည်းပြီးတဲ့ နောက်မှာတော့ တုကူးရှောင်နန်က လီဖူချန်းကို လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆက်သွယ်ပြီး ပြောလိုက်ပါသေးတယ် ။

" တောင်းပန်ပါတယ် ။ကျုပ်သည်ကျောက်တုံးကို တခြား တစ်နေရာမှာ သုံးစရာ ရှိနေလို့ပါ "

လီဖူချန်းကတော့ လုံးဝ မရောင်းချပါဘူး ။ တကယ်လို့ သူ့အနေနဲ့ ရောင်းချင်တယ် ဆိုရင်တောင်မှ တုကူးရှောင်နန်ကလွဲပြီး တခြားသူကိုပဲ  ရောင်းချမှာ ဖြစ်ပါတယ် ။

" ညီအစ်ကိုလီ……အဲဒါက ဘာသဘောလဲ ။ ကျုပ်က သည်အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးကိုတောင်မှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၆၀၀ ပေးဝယ်ထားတာနော် "

တုကူးရှောင်နန်ရဲ့ မျက်နှာကတော့ မည်းမှောင်သွားခဲ့ပါပြီ ။

လီဖူချန်းကတော့ ရယ်စရာ ဟာသပြက်လုံး တစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရပါတယ် ။

" နေစမ်းပါဦး ။ ကျုပ်က သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကို ခင်ဗျားကို ရောင်းပါမယ်လို့ ဘယ်တုန်းက ပြောခဲ့မိလို့လဲ "

" လီဖူချန်း…… မင်းကိုယ့်အဆင့်ကိုယ်သိရင် ကောင်းမယ် ။ ငါက ဘာဖြစ်လို့ အညံ့စား ကောင်းကင်ဘုံကျောက်တုံး တစ်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၆၀၀ ပေးပြီ ဝယ်ခဲ့သလဲ ဆိုတာကို မင်းလည်း ရိပ်မိမှာပဲ ။  ရူးချင်ယောင် ဆောင်မနေနဲ့ "

တုကူးရှောင်နန်ကတော့ စပြီး လီဖူချန်းကို ခြိမ်းခြောက်လာခဲ့ပါပြီ ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဖလားခွက်ကြီး တစ်ခုသာသာ ရှိတဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၆၀၀ ပေးပြီး ဝယ်တယ်ဆိုတာက အရှုံံးမရှိပါဘူး ။ အဲဒါက အမြတ် နည်းသွားရုံသာ ရှိတာပါ ။

" ခင်ဗျား ဆက်ပြီး မပြောတော့တာ ပိုကောင်းမယ် ။ ကျုပ်က ခင်ဗျားကို အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ရောင်းပါမယ်လို့ မပြောခဲ့သလို ခင်ဗျားကို ဝင်ပြီး ဈေးအပြိုင်ပေးပါလို့လည်း မပြောခဲ့ဖူးဘူး ။ ခင်ဗျားမကျေနပ်ဘူးဆိုရင် ကျုပ်ရဲ့ ကောင်းကင်ဘုံကျောက်တုံးကို ပြန်ပေးခဲ့ ။ ကျုပ် ခင်ဗျားကို ပြန်အမ်းပေးလိုက်မယ် "

" လီဖူချန်း…… မင်းက ငါ့ကို တကယ်ပဲ ဆန့်ကျင်ရဲတာလား "

တုကူးရှောင်နန်က သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ထုတ်လွှတ်လာခဲ့ပါပြီ ။

" မင်းက ဘယ်လို ထင်လို့လဲ "

လီဖူချန်းက တုကူးရှောင်နန်ကို စကားကောင်းကောင်း ပြန်ပြောချင်စိတ် မရှိတော့ပါဘူး ။ အဲသည်အတွက် သူက ဘုပဲ ပြန်တောပါတော့တယ် ။တစ်ဖက်လူက သူ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာ အသိသာကြီး မဟုတ်ပါလား ။သည်လိုလူမျိုးကို စကားကောင်းကောင်း ပြန်ပြောရင်လည်း အလကားပါပဲ ။

" အေး……ဟုတ်ပြီ ။ မင်း…… သည်ကိစ္စကြောင့် နောင်တ မရပါစေနဲ့ "

တုကူးရှောင်နန်က လီဖူချန်းကို စေ့စေ့ကြည့်ုပြီး ပြောလာခဲ့ပါတယ် ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ လူသတ်ချင်တဲ့ အရိပ်အယောင်တွေ အပြည့်ပါပဲ ။ သူက သူ့ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိတော့ပါဘူး ။

" မင်းက ငါ့ကို လာပြီး ခြိမ်းခြောက်နေတာလား ။ မင်းသိထားဖို့က ငါဆိုတဲ့ကောင်က ဘယ်တုန်းကမှ နောင်တ မရဖူးဘူးကွ '

လီဖူချန်းကလည်း တုကူးရှောင်နန်ကို မျက်လုံးချင်း ဆိုင်ကြည့်ပြီး ပြန်ပြောလိုက်ပါတယ် ။

" ကောင်းတယ် …… သိပ်ကောင်းတယ် ။ လီဖူချန်း……သည်နေ့ကတော့ ငါအရှုံးနဲ့ပဲ  နောက်ဆုတ်ပေးလိုက်မယ် ။ အေး…… ဒါပေမဲ့ မင်းသည်နေ့ကစပြီး ကောင်းကောင်း နေရတော့မယ် မထင်နဲ့ "

စကားအဆုံးမှာတော့ တုကူးရှောင်နန်ဟာ ချာခနဲ လှည့်ပြီး ထွက်ခွာသွားခဲ့ပါပြီ ။

သူတို့နှစ်ယောက်စလုံးက လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆက်သွယ်ပြောနေကြတာ ဖြစ်တဲ့အတွက် တခြားသူတွေကတော့ သူတို့ဘာပြောနေသလဲ ဆိုတာကို မသိကြပါဘူး ။

ဒါပေမဲ့လည်း သူတို့က တုကူးရှောင်နန်ရဲ့ ညိုပုပ်နေတဲ့ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ဟာ အငြင်းပွားနေကြတယ် ဆိုတာကို ရိပ်မိလိုက်ကြပါတယ် ။

" တုကူးရှောင်နန်နဲ့ ရန်စရှိတာက ကောင်းတဲ့ အရာတော့ မဟုတ်ဘူး "

" ကျုပ်ကတော့ ခင်ဗျားသူ့ကို စိုးရိမ်ပေးနေစရာ မလိုဘူးလို့ ထင်တယ် ။ ခင်ဗျား ကြည့်လိုက်လေ ။ အဲသည်ကောင်လေးက ချီကလန်ရဲ့  သခင်မလေးနဲ့ကော သခင်လေးနဲ့ပါ အတော်လေး ရင်းနှီးနေတာ မတွေ့ဘူးလား ။ ချီကလန်က သူ့ရဲ့နောက်မှာ ရှိနေမှတော့ တုကူးကလန် စိုးရိမ်နေဖို့ဆိုတာ လိုမှ မလိုတာ "

လူတွေကတော့ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပါတယ် ။

" လီဖူချန်း…… ရှင့်အနေနဲ့ သတိထားမှ ရမယ်နော် ။ တုကူးရှောင်နန်က ရှင့်ကို ပြသနာရှာမှာ အသေအချာပဲ "

ချီကျွင်းကျွင်းကတော့ အတော်လေး စိုးရိမ်နေတဲ့ ပုံပါပဲ ။

လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ် ။

" ကျေးဇူးပါ …… ချီသခင်မလေး ။ ကျုပ်သတိထားပါ့မယ် "

တုကူးကလန်က နန်ရှန်းမြို့ရဲ့ အဓိကကလန် လေးခုထဲက တစ်ခု ဖြစ်တဲ့အတွက်  များပြားလှတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေ ရှိကောင်း ရှိပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့ရဲ့ အစွမ်းအထက်ဆုံး အဖွဲ့ဝင်က အလွန်ဆုံးရှိမှ မူလပင်လယ်နယ်ပယ် အလယ်အလတ် အဆင့်လောက်မှာပါပဲ ။ သူတို့တွေက သက်တံနီဂိုဏ်းနဲ့ ယှဉ်မယ် ဆိုရင်တော့ ဘာမှ မဟုတ်ပါဘူး ။

အဖွဲ့အစည်း ခွန်အားချင်း ယှဉ်မယ်ဆိုရင်ဖြင့် နန်ရှန်းမြို့စား စံအိမ်တောင်မှ သက်တံနီဂိုဏ်းကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။

မြို့စားစံအိမ်ရဲ့ အစွမ်းအထက်ဆုံးဆိုတဲ့ အဖွဲ့ဝင်တောင်မှ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းမှာသာ ရှိတာ မဟုတ်ပါလား ။

သက်တံနီဂိုဏ်းမှာက အနည်းဆုံး အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်၅ပါး ရှိတဲ့အပြင်  သက်တံနီဘုရင်ရဲ့ တန်ခိုးအစွမ်းကလည်း မူလပင်လယ်နယ်ပယ် အထွတ်အထိပ်မှာ ရှိတယ်လို့ မှတ်ယူနိုင်ပါတယ် ။

သတ်မှတ်ထားတဲ့ စည်းမျဉ်း ၊စည်းကမ်းတွေကြောင့် သက်တံနီဂိုဏ်းဟာ မြို့စားစံအိမ်ကို ထိပ်တိုက် မတွေ့ရဲပေမယ့် တုကူးကလန်ကိုတော့ ထိပ်တိုက်မတွေ့ရဲစရာ အကြောင်း မရှိပါဘူး ။

ဒါပေမဲ့လည်း လီဖူချန်းက သက်တံနီဂိုဏ်းက သက်တံနီဂိုဏ်း ၊ သူကသူ ဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး နားလည်ပါတယ် ။ သူ့အနေနဲ့ အချိန်တိုင်းမှာ သက်တံနီဂိုဏ်းကို အားကိုးနေလို့ မရပါဘူး ။ ကိစ္စတော်တော်များများကိုတော့ သူကိုယ်တိုင်ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ် ။

" သည်မြို့မှာ ငါ့ကို ကျောထောက်နောက်ခံ ပေးမယ့် အဖွဲ့အစည်း တစ်ခုတော့ လိုနေပြီ "

အတွေးတစ်ခု ဝင်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ချီကျွင်းကျွင်းကို လှည့်ပြီး ပြောလိုက်ပါတယ် ။

" ချီသခင်မလေး…… သခင်လေးတို့ရဲ့ ချီကလန်က သည်အဆင့်နိမ့်   ကောင်းကင်ဘုံကျောက်တုံးကို စိတ်ဝင်စားလား မသိဘူး "

သူ့ရဲ့ သိုလှောင်အိတ်ထဲမှာက  အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ငါးတုံး ရှိနေပါသေးတယ် ။ အဲသည်အတွက် တစ်ခုလောက် ထုတ်ရောင်းလိုက်တာက ဘာပြသနာမှ မရှိပါဘူး ။

ချီကျွင်းကျွင်းက အံ့သြစွာဖြင့် မေးလာခဲ့ပါတယ် ။

" ရှင်က ကျွန်မတို့ ချီကလန်ကို ရောင်းပေးမလို့လား "

လီဖူချန်းက ပြုံးပြီး  ပြန်ဖြေလိုက်ပါတယ် ။

" အင်း…… သခင်မလေးတို့ စိတ်ဝင်စားမယ်ဆိုရင်ပေါ့ "

" စိတ်ဝင်စားတာပေါ့ရှင် "

ချီကျွင်းကျွင်းကလည်း အခွင့်အရေးကို လက်လွှတ်မခံပါဘူး ။

အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံးတွေဆိုတာက မူလပင်လယ်နယ်ပယ် ဘုရင်တွေအတွက်တောင်မှ အသုံးဝင်တဲ့ အရာတွေ မဟုတ်ပါလား ။ ပြီးတော့ နန်ရှန်းမြို့ တစ်ခုလုံးမှာတောင်မှ အဲသည်ကျောက်တုံးတွေဟာ တစ်နှစ်မှာ ဒါဇင်အနည်းငယ်သာ ထွက်ပေါ်လာလေ့ ရှိတာပါ ။ အဲသည်အတွက် ဘယ်ကလန်ပဲဖြစ်ဖြစ် အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံးတွေကို ဝယ်ယူခွင့် ရမယ်ဆိုရင် အကောင်းဆုံး ကြိုးပမ်းကြမှာပါပဲ ။

" ဒါပေမဲ့ အခုလောလောဆယ်တော့  ကျွန်မဆီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး  အဲသည်လောက်များများ မပါလာဘူးရှင့် "

ချီကျွင်းကျွင်းက တောင်းပန်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် ။

လီဖူချန်းက လက်ကာပြလိုက်ပြီး

" ရပါတယ် ။ သိပ်ပြီးမလောပါနဲ့ ။ သခင်မလေး အဆင်သင့်မှပဲ ဆက်ပြောတာပေါ့ "

" အစ်ကိုကြီးလီ…… အစ်ကိုက အစ်မအတွက်တောင် သတ္တုတုံး နှစ်တုံး ရွေးပေးခဲ့သေးတာပဲ ။ ကျွန်တော့်ကိုလည်း တစ်တုံးလောက် ရွေးပေးပါဦး"

ဘေးမှာရှိနေတဲ့ ချီကောင်းကတော့ သူ့ရဲ့ စိတ်ကို ဘယ်လိုမှ ချုပ်မတည်းနိုင်တော့ပုံပါပဲ ။

လီဖူချန်းက စကားကို ကြိုကာထားလိုက်ပါတယ် ။

" ကျုပ်က ကျောက်တုံးလောင်းကစားမှာ နည်းနည်း ပါရမီ ပါတာပဲ ရှိတာနော် ။ ကျုပ်က အချိန်တိုင်းမှာ အောင်မြင်မယ်လို့ အာမ မခံဘူး ။ ဒါပေမဲ့ ခင်ဗျားမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ် ရှိရင်တော့ ခင်ဗျား အမြတ် ရနိုင်တဲ့ သတ္တုတုံး တစ်တုံးလောက် ရဖို့ အခွင့်အရေးရှိတယ် "

သူက အစောပိုင်းကလေးကတင်ပဲ လူတွေကို ပါးစပ် အဟောင်းသား ဖြစ်အောင်  လုပ်ခဲ့ပြီးပါပြီ ။ သူ့အနေနဲ့ အခုဆက်ပြီး လုပ်ပြလိုက်မယ် ဆိုရင် ဘာတွေ ဖြစ်ကုန်မလဲဆိုတာ ကြိုပြီး မတွေးနိုင်ပါဘူး ။

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်လား "

ချီကောင်းက မျက်လုံးလေး ကလယ်ကလယ် ဖြစ်သွားခဲ့ပါပြီ ။ သူ့မှာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက်သာ ကျန်ရှိတော့တာ မဟုတ်ပါလား ။

ချီကွင်းကျွင်းက သူမရဲ့ မောင်ဖြစ်သူကို ဆက်ပြီး ကြည့်မနေနိုင်တော့ပါဘူး ။ အဲသည်အတွက် သူမက  သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်ပါတယ် ။

" ရှောင်ကောင်း…… သည်ထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းပါတယ် ။ ဒါနဲ့ဆိုရင် နင့်အကြွေးက ရှစ်သန်း ရှိနေပြီနော် ။ နောင်တစ်ချိန် နင်ငါ့ကို ပြန်ဆပ်ဖို့ မမေ့နဲ့ "

" ဆပ်မှာ……ဆပ်မှာ ။ မဆပ်မှာကိုတော့ လုံးဝ မပူနဲ့ မမ "

ချီကောင်းက ဝမ်းသာအားရနဲ့ ကတိပေးလိုက်ပါတယ် ။

အဲသည်နောက်မှာတော့ လီဖူချန်း နဲ့ ချီကောင်းတို့ဟာ ကောင်းကင်ဘုံ သတ္တုတုံးတွေကို ဝယ်ဖို့ ထွက်ခွာသွားခဲ့ ကြပါပြီ ။

" ဒါက မဆိုးဘူး "

" သည်ဟာလည်း မဆိုးဘူး "

" ပြီးတော့ သည်ဟာ "

အချိန်အနည်းငယ် အတွင်းမှာပဲ ချီကောင်းရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းဟာ ကုန်သွားပါတော့တယ် ။ မကုန်လို့လည်း   မရပါဘူး ။ လီဖူချန်းက  သူ့အတွက် ကောင်းကင်ဘုံ သတ္တုတုံး ၇တုံးတောင် ရွေးပေးလိုက်တာ မဟုတ်ပါလား ။

အဲသည်နောက်မှာတော့ သတ္တုတုံးဖြတ်ဖို့ အချိန်ကို ကျရောက်လာခဲ့ပါပြီ ။

ပထမဆုံး သတ္တုတုံးကတော့ လုံးဝ ရှုံးပါတယ် ။

ဒုတိယမြောက် သတ္တုတုံးကတော့ မအောင်ပါဘူး ။

တတိယမြောက် သတ္တုတုံးမှာလည်း ရှုံးဆဲပါပဲ ။

စတုတ္ထမြောက် သတ္တုတုံးကလည်း ဘာမှ မထူးပါဘူး ။

ပဉ္စမမြောက် သတ္တုတုံးမှာတော့ ကောင်းကင်ဘုံ ကျောက်တုံးတစ်တုံး ပါလာခဲ့ပါတယ် ။ ဒါပေမဲ့ အဲဒါက ခွက်တစ်ခွက် သာသာလောက်သာ ရှိတဲ့အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀၊၄၀၀လောက်ထက် ပိုမရပါဘူး ။

ဆဋ္ဌမမြောက် သတ္တုတုံး နဲ့ သတ္တမြောက် သတ္တုတုံးတွေကလည်း လုံးဝကို ရှုံးတာပါပဲ ။

အဆုံးမှာတော့ ချီကောင်းရဲ့ ရင်နှီးမြုပ်နှံမှုဟာ အမြတ် တစ်သန်းနီးပါးနဲ့ပဲ အဆုံးသတ်လိုက်ရပါတော့တယ် ။

ချီကောင်းကတော့ အတော်လေး မခံချိ ၊ မခံသာ ဖြစ်နေခဲ့ပါပြီ ။သူက လီဖူချန်းကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေပါတယ် ။

သူက သူ့အစ်မလို တစ်ထိုင်တည်းနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်သန်းနဲ့ ဆယ်သန်းကြား အမြတ်ရမယ်လို့ ထင်ထားခဲ့တာပါ ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူက အမြတ် နည်းနည်းပဲ ရလိုက်တာ မဟုတ်ပါလား ။

ချီကျွင်းကျွင်းကတော့ သူမရဲ့ မောင်ဖြစ်သူ အကြောင်း သိတဲ့အတွက် အရေးကို စိုက်မနေပါဘူး ။ သူမက ချီကောင်းကို မာန်မဲပြီးတော့တောင် ဆူလိုက်ပါသေးတယ် ။

" ရှောင်ကောင်း…… ကျောက်တုံးလောင်းကစားဆိုတာ လွယ်တယ်လို့ နင်ထင်နေတာလား ။နင်သည်လောက် မြတ်တာတောင် တော်သေးတယ်လို့ ဆိုရမယ်  ။ နင်အရင်တုန်းကဆိုရင် အရင်းတောင် ပြန်မရဘူး မဟုတ်လား ။ နင်ဘာဖြစ်လို့ သခင်လေးလီကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတာလဲ "

" ဟုတ်ပါတယ် ……ဟုတ်ပါတယ် ။ အစ်မပြောတာ မှန်ပါတယ် "

သူ့ရဲ့ အစ်မ ဖြစ်သူက မာန်မဲပြောဆိုလာပြီ ဖြစ်တဲ့အတွက် ချီကောင်းက လီဖူချန်းကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ လိုက်မကြည့်ရဲတော့ပါဘူး ။

အဲသည်နောက်မှာတော့ သူတို့သုံးယောက်ဟာ ကျောက်တုံး လောင်းကစားရုံရဲ့ ခြောက်ထပ်မြောက်ကို တက်သွားကြပါတော့တယ် ။

လီဖူချန်းကတော့ အတော်လေး စိတ်ဓာတ်ကျသွား ခဲ့ပါပြီ  ။ အကြောင်းအရင်းကတော့ သည်အထပ်မှာက အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ၃တုံးသာ ရှိနေလို့ပါပဲ ။ အဲသည်အရေအတွက်က ငါးထပ်မြောက်ကထပ်တောင် နည်းနေသေးတယ်လို့ ဆိုရပါမယ် ။

" မတတ်နိုင်ဘူးလေ  ။ ရှိတာ ဝယ်ရမှာပဲ "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ တုံ့ဆိုင်းနေခြင်း မရှိဘဲ ခြောက်ထပ်မြောက်က  ကောင်းကင်ဘုံကျောက်တုံး ပါဝင်တဲ့ သတ္တုတုံးတွေအပြင် အခြား သတ္တုတုံးတွေကိုပါ ဝယ်ပစ်လိုက်ပါတော့တယ် ။ လီဖူချန်းက သည်သတ္တုတုံးတွေ အတွက်ကိုတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်ထောင်နီးပါး သုံးခဲ့ရပါတယ် ။

ဒါပေမဲ့ သူက အဲသည်သတ္တုတုံးတွေကိုတော့ မဖြတ်ခဲ့ပါဘူး ။ တကယ်လို့သာ သူက သတ္တုတုံးတွေကို ဖြတ်လိုက်မယ် ဆိုရင် သူ့ရဲ့ အစွမ်းကို လူတွေက ရိပ်စားမိသွားပါလိမ့်မယ် ။

" အင်း…… ခုနစ်ထပ်မြောက်မှာ ဆိုရင်ကော ဘယ်လိုအခြေအနေ ရှိမလဲ ။ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးတွေများ ရှိနေမလား "

လီဖူချန်းက ကျောက်တုံး လောင်းကစားရုံရဲ့ ခုနစ်ထပ်မြောက်ကို တက်ဖို့ စဉ်းစားလိုက်ပေမယ့်လည်း အဲသည်အကြံအစည်ကို အလျင်အမြန်ပဲ ပြန်ဖျက်လိုက်ပါတယ် ။

သူ့ဆီမှာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ သိပ်မကျန်တော့ပါဘူး ။တကယ်လို့ သူက ခုနစ်ထပ်မြောက်ကို တက်သွားခဲ့ပြီး အဲသည်မှာ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှိနေတာကို မြင်ရင် သူက သူ့ဆီမှာ ရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေကို ဖြတ်ပြီး ဝယ်တော့မှာပါ ။ အဲသည်လို ဖြစ်သွားခဲ့ရင် လူတွေက သူ့ရဲ့ စွမ်းရည်ကို ရိပ်မိသွားပါလိမ့်မယ် ။ အဲသည်အတွက် အခုအချိန်မှာ ခုနစ်ထပ်မြောက်ကို မတက်သေးတာက အကောင်းဆုံးပါပဲ ။

အဲသည်နောက်မှာတော့ သူတို့သုံးယောက်ဟာ ကျောက်တုံး လောင်းကစားရုံကနေ ထွက်ခွာပြီး လမ်းခွဲလိုက်ကြပါတော့တယ် ။

*********----------***********----------************

ထင်းရှူးကျွန်း ဧည့်ရိပ်သာ……

သည်ဧည့်ရိပ်သာကတော့ နန်ရှန်းမြို့ရဲ့ ထိပ်တန်း ဧည့်ရိပ်သာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး ။

ဧည့်ရိပ်သာရဲ့ အနောက်ဘက်မှာတော့ သီးသန့် ခြံဝင်းလေးတွေ ရှိနေပြီး အဲသည်ခြံဝင်းထဲက အခန်းတစ်ခုမှာတော့ လီဖူချန်း ရှိနေပါတယ် ။

လီဖူချန်းကတော့ အတော်လေး အလုပ်များနေတဲ့ ပုံပါပဲ ။သူက ကောင်းကင်ဘုံ သတ္တုတုံးတစ်တုံးကို ရိုက်ခွဲနေပါတယ်။

" ကွဲစမ်း "

ဘန်း……

သတ္တုတုံးဟာ လီဖူချန်းရဲ့ ရိုက်ချက်ကို လုံးဝ မခံနိုင်ပါဘူး ။ ပေါက်ကွဲသံနဲ့အတူ စိမ်းပြာရောင် ကျောက်တုံး တစ်တုံးဟာ ထွက်ပေါ်လာခဲ့ပါပြီ ။

အဲဒါက လက်တစ်ဝါးစာလောက် ရှိတဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးပါပဲ ။

" သည်ကျောက်တုံးထဲမှာ ဘယ်လို နက်နဲတဲ့ ဥပဒေသတွေ ရှိနေလဲဆိုတာ ဆန်းစစ်ကြည့်ဦးမှ "

လီဖူချန်းက ကောင်းကင်ဘုံ ကျောက်တုံးကို ကိုင်ကာ မျက်လုံး မှိတ်လိုက်ပြီး အာရုံခံလိုက်ပါတယ် ။

အချိန်အတန်ကြာမှာတော့ လီဖူချန်းဟာ မျက်လုံး ပြန်ဖွင့်လာခဲ့ပါပြီ ။

" အိုး…… တကယ် မယုံကြည်ချင်စရာပဲ ။ သည်ကျောက်တုံးထဲမှာက ဓားတာအို ဥပဒေသတွေကလွဲပြီး ကျန်တဲ့ ဥပဒေသတွေက အတော်လေး သိပ်သည်းနေတယ် ။ သည်ကျောက်တုံးတွေနဲ့ ဆိုရင်တော့ ကောင်းကင်အဆင့် ဓားကွက်တွေကို ပိုပြီး တီထွင်နိုင်မှာပဲ "

ကောင်းကင်အဆင့် ဓားကွက် တစ်ကွက်က လီဖူချန်းအတွက် လုံလောက်တဲ့ အရာ မဟုတ်ပါဘူး ။ တကယ်လို့သာ သူ့အနေနဲ့ အလွန်အမင်း အစွမ်းထက်တဲ့ ရန်သူနဲ့ ကြုံရမယ် ဆိုရင် ခွေးပြေးဝက်ပြေး ပြေးရမှာ ဖြစ်ပါတယ် ။

အစတုန်းကတော့ လီဖူချန်းဟာ ကောင်းကင်အဆင့် ဓားကွက်တွေ ထပ်ပြီး ဖန်တီးဖို့အတွက် အကြံအစည် မရှိတော့တာ အမှန်ပါပဲ  ။ ဒါပေမဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို လေ့လာပြီးတဲ့ အခါမှာတော့ သူက ကောင်းကင်အဆင့် ဓားကွက်တွေကို ထပ်ပြီး တီထွင်ဖန်တီးဖို့ အကြံ ရလာခဲ့ပါပြီ ။ သည်ကောင်းကင်ဘုံ ကျောက်တုံးတွေနဲ့ ဆိုရင်တော့ ကောင်းကင်အဆင့် ဓားကွက်တွေ ထပ်ပြီး ဖန်တီးဖို့အတွက် ဆိုတာက သိပ်အခက်အခဲ ရှိလှမှာ မဟုတ်ပါဘူး ။

***

All Chapters