← Chapters

ကောင်းကင်အဆင့် ဓားသိုင်းသုံးကွက်

Vol. 41 Ch. 556

ကောင်းကင်အဆင့် ဓားသိုင်းသုံးကွက်

Vol. 41 Ch. 556

ကောင်းကင်ဘုံ ကျောက်တုံး အတွင်းမှာ ရှိတဲ့ နက်နဲတဲ့ ဥပဒေသတွေကို နားလည်သဘောပေါက်ဖို့ဆိုရင် လိပ်ပြာ အသိစိတ်အာရုံနဲ့ ကောင်းကင်ဘုံ ကျောက်တုံးကို ချိတ်ဆက်မိဖို့ လိုပါတယ် ။

လိပ်ပြာ အသိစိတ်အာရုံက ကောင်းကင်ဘုံ ကျောက်တုံးနဲ့ ချိတ်ဆက်မိသွားပြီ ဆိုရင်တော့ အထဲမှာ ရှိနေတဲ့ ဥပဒေသတွေကို သုံးသပ်ဆင်ခြင်ဖို့အတွက် ဘာအခက်အခဲမှ ရှိနေတော့မှာ မဟုတ်ပါဘူး ။

ပြီးတော့ လီဖူချန်းဟာ ကောင်းကင်ဘုံ ကျောက်တုံးနဲ့ ပက်သက်တဲ့  အချက်တစ်ချက်ကိုလည်း သိရှိလာခဲ့ပါသေးတယ် ။ အဲဒါကတော့ လိပ်ပြာ အသိစိတ်အာရုံ နဲ့ ကောင်းကင်ဘုံ ကျောက်တုံးဟာ သုံးရက်သာ ချိတ်ဆက်လို့ ရတယ် ဆိုတာပါပဲ ။ အချိန်သုံးရက် ပြီးသွားရင်တော့ အဲသည် ကောင်းကင်ဘုံ ကျောက်တုံးဟာ ဘာမှ သုံးစားလို့ မရတော့တဲ့ ကျောက်တုံးတစ်တုံး ဖြစ်သွားတော့မှာပါ ။

" ကျန်တဲ့ သတ္တုတုံးတွေကိုလည်း အမြန် ဖြတ်ရမယ် "

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ ရှိနေတဲ့ သတ္တုတုံးတွေကို ထုတ်ယူလိုက်ပါတော့တယ် ။

ရွှပ်……ရွှပ်……ရွှပ်……

အချိန်အနည်းငယ် အတွင်းမှာပဲ သူဟာ သတ္တုတုံး တစ်ရာကျော်ကို ထုတ်ယူပြီး သူ့ရဲ့ ချီအတွင်းအားနဲ့ ဓားဆန္ဒကို ရောစပ်ကာ ဖြတ်တောက်ပစ်လိုက်ပါပြီ ။ အဲသည် သတ္တုတုံးတွေကနေပြီး အညံ့စား ကောင်းကင်ဘုံ ကျောက်တုံး ၁၅၈ တုံးနဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံး ၈တုံးကို လီဖူချန်း ရခဲ့ပါတယ် ။

အဲသည်ကောင်းကင်ဘုံ ကျောက်တုံးတွေရဲ့ တန်ဖိုးကတော့ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းပါပဲ ။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်း ဆိုတာကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းသုံးထောင်နဲ့ ညီမျှပါတယ် ။

သာမန် အခြေအနေတွေမှာ ဆိုရင်တော့ ဘယ်သူကမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်မှာ မဟုတ်ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေက အချိန်နေရာ မရွေး အသုံးပြုနိုင်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကတော့ အချိန်နေရာ မရွေး အသုံး မပြုနိုင်လို့ပါပဲ ။

ဥပမာအားဖြင့် ပြရမယ် ဆိုရင်တော့ ကျောက်တုံး လောင်းကစားရုံကိုပဲ ပြရမှာ ဖြစ်ပါတယ် ။ ကျောက်တုံးလောင်းကစားရုံရဲ့ ခုနစ်ထပ်မြောက်ကနေစပြီး နောက်ပိုင်းအထပ်တွေဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ဝယ်ယူခွင့် မပေးထားပါဘူး ။

နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်း နဲ့ ချီကျွင်းကျွင်းတို့ဟာ သူတို့ ချိန်းထားကြတဲ့အတိုင်း မိုးဦးကျ စားသောက်ဆိုင်မှာ တွေ့ဆုံကြပါတော့တယ် ။

" လီဖူချန်း…… သည်ထဲမှာ ပါတာက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းရှစ်ထောင်ပဲ ။ ကျွန်မတို့ ချီကလန်ကတော့ သည်ထက်ပိုပြီး ဈေးမပေးနိုင်တော့ဘူး "

မိုးဦးကျစားသောက်ဆိုင် ၁၅ထပ်မြောက်ရဲ့ သီးသန့်ခန်း တစ်ခုထဲမှာတော့ ချီကျွင်းကျွင်းဟာ လီဖူချန်းကို သိုလှောင်အိတ် တစ်အိတ် လှမ်းပေးနေပါတယ် ။

" မဆိုးပါဘူး ။ သည်ဈေးက လက်ခံချင်စရာပါပဲ "

လီဖူချန်းက ဈေးကို ထပ်ပြီး တိုးမတောင်းပါဘူး ။ သူက ချီကျွင်းကျွင်းပေးတဲ့ ဈေးနှုန်းကိုပဲ လက်ခံလိုက်ပါတယ် ။

" ကျေးဇူးပါ "

ချီကျွင်းကျွင်းရဲ့ မျက်နှာက  ဝင်းပသွားခဲ့ပါပြီ ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ကလန်တစ်ခု ရေရှည် ရပ်တည်ဖို့ဆိုတာက မလွယ်လှပါဘူး ။ အဲသည်အချက်ကိုတော့  ချီကလန်ရဲ့ သခင်မလေးဖြစ်တဲ့ သူမက ကောင်းကောင်းကြီး သိထားပါတယ် ။

အပေါ်ယံအားဖြင့် ကြည့်လိုက်မယ် ဆိုရင်တော့ နန်ရှန်းမြို့ဟာ အဓိက ကလန်ကြီး လေးခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ဒါပေမဲ့လည်း တကယ့်တကယ်တမ်းမှာတော့ အဓိက ကလန်ကြီး လေးခုထက် အနည်းငယ်သာ နိမ့်ကျတဲ့ ကလန်တွေ ရှိနေဆဲပါပဲ ။ အဲသည်ကလန်တွေဟာ အဓိက ကလန်ကြီးလေးခုရဲ့ နေရာကို ဝင်အစားထိုးဖို့အတွက် အမြဲလိုလို စူနေကြတာပါ ။

တကယ်လို့သာ အဲသည် ကလန်တွေထဲကနေပြီး အလွန်အမင်း အစွမ်းထက်တဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ထွက်ပေါ်လာခဲ့မယ်ဆိုရင် အဲဒါက အဓိက ကလန်ကြီး လေးခုအတွက် ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်လာမှာ အသေအချာပါပဲ ။

အချက်အလက်ကျကျ ပြောရမယ် ဆိုရင် လွန်ခဲ့တဲ့ နှစ်ရာစု တော်တော်များများက နန်ရှန်းမြို့ကို ထိန်းချုပ်ထားတဲ့ အဓိက ကလန်ကြီး လေးခုဟာ ယခုလက်ရှိ ကလန်လေးခု မဟုတ်ပါဘူး ။ ချီကလန် ကိုယ်တိုင်တောင်မှ သည်အဓိက ကလန်ကြီး လေးခုထဲကို လွန်ခဲ့တဲ့ နှစ်၂၀၀လောက်ကမှ ဝင်နိုင်ခဲ့တာပါ ။

ကလန်တစ်ခုအတွက် အဆက်အသွယ် ၊ ရင်းမြစ်ပစ္စည်းတွေနဲ့ အလားအလာက အရေးကြီးတယ်လို့ ဆိုလေ့ ရှိကြပါတယ် ။ ဒါပေမဲ့ အဲဒါတွေထက် ပိုအရေးကြီးတာကတော့ ကလန်ရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် မူလနယ်ပယ် ဘုရင်တစ်ပါးပါပဲ ။

တကယ်တမ်း ကလန်ချင်း ထိပ်တိုက်တွေ့တော့မယ်ဆိုရင် အစွမ်းအထက်ဆုံး အဖွဲ့ဝင်တွေကသာ အဖြေကို အဆုံးအဖြတ် ပေးနိုင်တာ မဟုတ်ပါလား ။

ချီကျွင်းကျွင်း အခုဝယ်လိုက်တဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးက တစ်တုံးတည်း ဆိုပေမယ့် အဲဒါက ကလန်ရဲ့ မူလပင်လယ်နယ်ပယ် ဘုရင်ကို ဥပဒေသတွေအကြောင်း ပိုပြီး နားလည်သဘောပေါက်စေနိုင်စွမ်း ရှိပါတယ် ။ ကံလေးများ နည်းနည်းပါးပါး ကောင်းခဲ့မယ်ဆိုရင် အဲသည် မူလနယ်ပယ် ဘုရင်ဟာ ပိုပြီးတောင် အစွမ်းထက်ရင် ထက်လာဦးမှာပါ ။

ချီကျွင်းကျွင်းကို သေရည်တစ်ဝိုင်း ဧည့်ခံပြီးတဲ့ နောက်မှာတော့ သူတို့ နှစ်ယောက်ဟာ  လမ်းခွဲလိုက်ကြပြီး လီဖူချန်းကတော့ သူတည်းခိုရာ ထင်းရှုးကျွန်း ဧည့်ရိပ်သာကို ပြန်လာခဲ့ပါတော့တယ် ။

***----****---****------****------*****-------*****

သည်လိုနဲ့ပဲ နေ့ရက်တွေဟာ တစ်ရက်ပြီး တစ်ရက် ကုန်လွန်သွားပြီး အချိန်အားဖြင့် လဝက် ကျော်သွားခဲ့ပါပြီ ။

သည်အတောအတွင်းမှာတော့ လီဖူချန်းဟာ အညံ့စား ကောင်းကင်ဘုံကျောက်တုံး ၆တုံးကို စုပ်ယူခဲ့ပြီး များပြားလှတဲ့ ဥပဒေသတွေကို နားလည်သဘောပေါက်ခဲ့ပါတယ်။

သူအများဆုံး နားလည်သဘောပေါက်ခဲ့တာကတော့ မီးတာအို ဥပဒေသတွေနဲ့ ဓားတာအို ဥပဒေသတွေပါပဲ ။ကျန်တဲ့ ဥပဒေသတွေကို သူက သာမန်ပဲ လေ့လာခဲ့တာပါ ။

" ငါ့ရဲ့ လက်ရှိ ဥပဒေသ အခြေခံနဲ့ဆိုရင် ငါ့အနေနဲ့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို အခြေခံထားတဲ့ ကောင်းကင်အဆင့် ဓားကွက်တစ်ကွက်ကို တီထွင်လို့ ရနေလောက်ပြီပဲ "

တစ်နေ့မှာတော့ လီဖူချန်းဟာ သူနားလည် သဘောပေါက်ထားတဲ့  ဥပဒေသတွေကို ဆင်ခြင်သုံးသပ်နေရင်းနဲ့ တွေးလိုက်မိပါတယ် ။

အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေက ကောင်းကင်ဘုံ ကျောက်တုံး အတန်းအစားထဲမှာ အနိမ့်ကျဆုံး ဖြစ်ပေမယ့်လည်း သူ့အတွက်တော့ အကျိုး ရှိနေဆဲပါပဲ ။

" မဟုတ်သေးဘူး ။ ငါ့အနေနဲ့ လောဖို့ မလိုသေးဘူး ။ နောက်ထပ် ကောင်းကင်ဘုံကျောက်တုံးတွေထဲက ဥပဒေသတွေကို နားလည် သဘောပေါက်ပြီးမှ ဓားကွက် တီထွင်တာက ပိုပြီး ကောင်းလိမ့်မယ်  "

ဒါပေမဲ့လည်း လီဖူချန်းက သူ့အနေနဲ့ လောဖို့ မလိုသေးဘူးဆိုတာ စဉ်းစားလိုက်မိတဲ့အတွက် တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်ပြီး လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် ။

နောက်ထပ် အချိန်တစ်လဟာ မသိလိုက်၊မသိဘာသာနဲ့ပဲ ကုန်လွန်သွားခဲ့ ပြန်ပါပြီ ။

" ပထမဆုံး အညံ့စား ကောင်းကင်ဘုံ ၁၂တုံးကတော့ ငါ့အတွက် အတော်လေး အကျိုးရှိတယ် ။ ဒါပေမဲ့ ၁၃တုံးမြောက်ကနေစပြီး ငါ့အတွက် သက်ရောက်မှု ကြီးကြီးမားမား မရှိတော့ဘူး ။ အခုငါက အညံ့စား  ကောင်းကင်ဘုံ ကျောက်တုံး ၁၈ တုံးကိုတောင် အသုံးပြုပြီးသွားပြီ ။ အခြေအနေက မသိမသာလေး တိုးတက်ရုံပဲ ရှိတော့တယ် ။ ကြည့်ရတာ အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံးတွေကပဲ ငါ့ရဲ့ ဥပဒေသ နားလည်မှုအပေါ် သက်ရောက်မှု ရှိတော့မယ် ထင်ပါရဲ့ "

သက်ပြင်းတစ်ချက် ချလိုက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သိုလှောင်အိတ်ထဲကနေပြီး အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံးကို ထုတ်လိုက်ပါတော့တယ် ။   အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေက သူ့အတွက် အကျိုးမရှိတော့မှတော့ ဆက်ပြီး ဆင်ခြင်သုံးသပ်နေလည်း အလကားပါပဲ ။

အဲသည်နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးရဲ့ မျက်နှာပြင်ကို လွှမ်းခြုံစေလိုက်ပါပြီ ။

ဝုန်း……ဝုန်း……ဝုန်း……

ခပ်အုပ်အုပ် ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မရေမတွက်နိုင်တဲ့ မြင်ကွင်းတွေကို မြင်လာခဲ့ရပါတယ် ။အဲဒါတွေကတော့ ရေ ၊ မီး ၊လေ ၊မိုးကြိုး ၊အလင်း  ၊အမှောင် ၊ ဆေဘာ ၊ လှံ ၊ ဓား ၊ ပုဆိတ် အစရှိသဖြင့် စုံလို့ပါပဲ ။

" ဟင်…… ဒါ…… ဒါက…… ဒဏ္ဍာရီထဲက မဟာတာအို ပေါက်ကွဲခြင်း မဟုတ်ဘူးလား "

လီဖူချန်းက အတော်လေး အံ့အားသင့်သွားခဲ့ရပါပြီ ။

မဟာတာအို ပေါက်ကွဲခြင်း ဖြစ်စဉ်ဆိုတာက ဒဏ္ဍာရီတွေထဲမှာသာ ပေါ်လာလေ့ ရှိတာပါ ။

ပြောလေ့ရှိကျတာကတော့ ကမ္ဘာကြီးရဲ့ ပင်မရင်းမြစ်နဲ့ အနီးကပ်ဆုံး နေရာမှာ နေရာတစ်ခု ရှိပါတယ်တဲ့ ။မဟာတာအို ပေါက်ကွဲခြင်း ဖြစ်စဉ်ကို မြင်တွေ့ခွင့်ရတဲ့ သူတွေကတော့ အဲသည်နေရာကို ရောက်သွားသလို ခံစားရလေ့ရှိပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲတဲ့   တန်ခိုးအစွမ်းတွေကို ခေတ္တခဏ ထိတွေ့ခွင့် ရကြပါတယ် ။သည်နေရာမှာ တစ်ခု သိထားရမှာကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေတောင်မှ သူတော်စင် နယ်ပယ်ကို မတက်လှမ်းနိုင်သေးရင် အဲသည်နေရာကို သွားလို့ မရဘူး  ဆိုတာပါပဲ ။

လီဖူချန်း ကြုံလိုက်ရတဲ့ မဟာတာအို ပေါက်ကွဲခြင်း ဖြစ်စဉ်ကတော့  အသက်ရှုချိန် တစ်ခါလောက်သာ ကြာလိုက်ပြီး အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့ပါတယ် ။

" ကြည့်ရတာ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးတွေက မဟာတာအို ပေါက်ကွဲခြင်း ဖြစ်စဉ်ကို အသက်ရှုချိန် တစ်ခါထက် ပိုထိန်းသိမ်းထားနိုင်ပုံ မရှိဘူးပဲ ။ ဒါပေမဲ့ ထိပ်တန်း အရည်အသွေးရှိတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးဆိုရင်တော့ ဘယ်လိုနေမလဲ မသိဘူး "

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။

မဟာတာအို ပေါက်ကွဲခြင်း ဖြစ်စဉ်က အသက်ရှှုချိန် တစ်ခါလောက်သာ ကြာမြင့်ခဲ့ပေမယ့် လီဖူချန်းအတွက်ကတော့ အတော်လေး အကျိုးများသွားစေတယ်လို့ ဆိုရပါမယ် ။အဲဒါက အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ဆယ်တုံးကို စုပ်ယူရတာထက်တောင်မှ ပိုပြီး အကျိုးများပါသေးတယ် ။

မဟာတာအို ပေါက်ကွဲခြင်း ဖြစ်စဉ် အပြီးမှာတော့ လီဖူချန်းက သူ့ရဲ့  စိတ်ဝိညာဉ်ဟာ ယစ်မူးလာခဲ့ပြီး ထုံကျဉ်တဲ့ အခြေအနေကို ရောက်သွားတာကို ခံစားလိုက်ရပါတယ် ။ တစ်ချိန်တည်းမှာပဲ အမျိုးမျိုး ၊အထွေထွေသော ဥပဒေသတွေဟာ သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ ပေါ်လာခဲ့ပါပြီ ။အဲသည်ဥပဒေသတွေထဲမှာတော့ မီးတာအို ဥပဒေသတွေ နဲ့ ဓားတာအို ဥပဒေသတွေဟာ တက်ကြွ လှုပ်ရှားမှု အရှိဆုံးပါပဲ ။

" အညှာအတာမဲ့ မျောလွင့်မီးလျှံ "

ရုတ်တရက် ဆိုသလို လီဖူချန်းက သူ့ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို  ပူးပြီး လေထဲကို ခုတ်ချလိုက်ပါတယ် ။

ရွှစ်………

အဲသည်နောက်မှာတော့ ကြက်သွေးရောင် ဓားအလင်းတန်းတစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး ခြံဝင်းရဲ့ အကာအကွယ်ဝင်္ကပါ အစီအရင်ဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ထင်းရှုးကျွန်း ဧည့်ရိပ်သာရဲ့ ခြံဝင်းတွေအားလုံးမှာ စီရင်ခင်းကျင်းထားတဲ့ ဝင်္ကပါတိုင်းဟာ အကြို အဆင့် ၇ ဝင်္ကပါတွေချည်းပါပဲ ။ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေတောင်မှ  သည်ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးချင်တယ်ဆိုရင် အားကုန်သုံးမှ ဖြစ်နိုင်ပါလိမ့်မယ် ။ လီဖူချန်းကတော့ မီးလျှံမြွေ ဓားကိုတောင် မသုံးဘဲ သူ့ရဲ့ လက်ချောင်းတွေကိုသာ သုံးလိုက်တာ ဖြစ်ပါတယ် ။ အဲသည်အတွက် သူ့ရဲ့ တိုက်ခိုက်မှုက ဝင်္ကပါ အကာအကွယ် အစီအရင်ကို ထိခိုက်ပျက်စီးစေဖို့ စွမ်းဆောင်နိုင်ခြင်းတော့ မရှိပါဘူး ။

ဒါပေမဲ့လည်း အဲဒါက ဝင်္ကပါကိုတော့ တုန်ခါသွားစေပါသေးတယ် ။

" အညှာအတာမဲ့  မျောလွင့်မီးလျှံက ပိုပြီး  အစွမ်းထက်လာပါလား "

မျက်လုံးဖွင့်လာတဲ့ လီဖူချန်းရဲ့ မျက်လုံးတွေကတော့ တောက်ပနေခဲ့ပါပြီ ။

အရင်တုန်းကဆိုရင် သူ့ရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံက ကောင်းကင်အဆင့် ဓားဆန္ဒ ပါဝင်တယ် ဆိုရုံလေးသာ ရှိခဲ့တာပါ ။ဒါပေမဲ့ အခုတော့ ဓားဆန္ဒက ပိုပြီး အရိုင်းဆန်လာပြီး ဓားကွက်ရဲ့ အဆင့်အတန်းကလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်လာခဲ့ပါပြီ ။ သည်အတိုင်း ဆက်ပြီး တိုးတက်နေမယ် ဆိုရင်တော့ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ဖို့အတွက်တောင်မှ သိပ်ကြာတော့မှာ မဟုတ်ပါဘူး ။

အဲဒါက လီဖူချန်းရဲ့ အစွမ်းကို တိုက်ရိုက် သက်ရောက်မှု ရှိစေတယ်လို့ ဆိုရပါမယ် ။

တကယ်လို့ အရင်တုန်းက လီဖူချန်းကို  သာမန် အစွမ်းထက်တဲ့ မဟာဆရာသခင် တစ်ပါးလို့ သတ်မှတ်မယ်ဆိုရင် အခု လီဖူချန်းကိုတော့  ထိပ်တန်းအဆင့် မဟာဆရာသခင် တစ်ပါးအဖြစ် သတ်မှတ်လို့ ရနေပါပြီ ။

ထိပ်တန်းအဆင့်  မဟာဆရာသခင်တွေဟာ တန်ခိုးအစွမ်းနည်းတဲ့ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပါတယ် ။ သူတို့က မူလပင်လယ်နယ်ပယ် ဘုရင်တွေကို အနိုင်ယူဖို့ရာ အထိတော့ တတ်စွမ်းမှာ မဟုတ်ပေမယ့် တစ်ကွက်တည်းနဲ့တော့ အသက်ပျောက်သွားမှာ မဟုတ်ပါဘူး ။

………………

မိုးဦးကျ စားသောက်ဆိုင် ……

" ရော့သည်မှာ အညံ့စား ကောင်းကင်ဘုံကျောက်တုံး ငါးတုံး "

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံကျောက်တုံး ငါးတုံးကို ထုတ်ယူလိုက်ပြီး ချီကျွင်းကျွင်းဆီ လှမ်းပေးလိုက်ပါတယ် ။

တခြားသူတွေအတွက် ဆိုရင်တော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၈၀၀ ဆိုတာက အတော်လေး များတဲ့ ပမာဏ တစ်ခုပါပဲ ။ ဒါပေမဲ့ လီဖူချန်းကတော့ အဲဒါတွေက သိပ်ကြာကြာခံမှာ မဟုတ်ဘူးလို့ ခံစားမိနေပါတယ် ။ ဒါကြောင့်လည်း သူက ချီကျွင်းကျွင်းကို နောက်ထပ် အညံ့စား ကောင်းကင်ဘုံကျောက်တုံး ငါးတုံး ထပ်ရောင်းဖို့ ဆုံးဖြတ်လိုက်တာပါ ။ ကျန်တဲ့ ကောင်းကင်ဘုံကျောက်တုံးတွေကိုတော့ သူက တခြားမြို့တွေမှာ ရောင်းဖို့ စဉ်းစားထားပါတယ် ။

" ကျေးဇူးပါပဲ……လီဖူချန်း "

ချီကျွင်းကျွင်းက ကောင်းကင်ဘုံ ကျောက်တုံးတွေကို လက်ခံလိုက်ပြီး လီဖူချန်းကို သိုလှောင်အိတ်တစ်အိတ် ပြန်ပေးလိုက်ပါတယ် ။

သည်အညံ့စား ကောင်းကင်ဘုံကျောက်တုံး ငါးတုံးအတွက်ကိုတော့   အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၈၀၀၀နဲ့  သူတို့နှစ်ယောက်က ဈေးညှိထားခဲ့ ပြီးပါပြီ ။

" လီဖူချန်း…… ရှင်သိရဲ့လား ။ ရှင်က နန်ရှန်းမြို့မှာ အတော်လေး နာမည်ကြီးနေပြီရှင့် ။ လူတော်တော်များများကတော့ ရှင့်ကို ကျောက်တူံး လောင်းကစားဝိဇ္ဇာဆိုပြီး ခေါ်နေကြပြီ ။ ခစ်…ခစ်…ခစ် "

ချီကျွင်းကျွင်းက ခိုးခိုးခစ်ခစ် ရယ်လိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ် ။

သူမပြောတာက တကယ့် သတင်း အမှန်တွေပါပဲ ။

လီဖူချန်းက ကောင်းကင်ဘုံ သတ္တုတုံး တစ်ရာကျော်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာနီးပါး ပေးပြီး ဝယ်သွားတဲ့ သတင်းဟာ နန်ရှန်းမြို့ထဲမှာ အတော်လေး ပျံ့နေပြီ မဟုတ်ပါလား ။

လီဖူချန်းက ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်ပါတယ် ။

" မသိပါဘူးဗျာ ။ ကျွန်တော်က အခုတလော သိပ်မအားလို့ အပြင်မထွက်ဖြစ်ဘူးဗျ "

အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်ဟာ လမ်းခွဲပြီး ပြန်သွားကြပါတော့တယ် ။

…………

ရွှပ်……ရွှပ်……ရွှပ်…… ရွှီး……ရွှီး……

ထင်းရှုးကျွန်း ဧည့်ရိပ်သာရဲ့ သီးသန့်ခြံဝင်းတစ်ခုထဲမှာတော့ လူငယ်တစ်ယောက်ဟာ  သူ့ရဲ့ လက်ချောင်းတွေကို ဓားအသွင် အသုံးပြုပြီး ဓားသိုင်း ကစားနေပါတယ် ။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ ။

" လောင်ကျွမ်းခြင်းဓား "

ဖန်း……ဖန်း……ဖန်း.……

လီဖူချန်းက သူ့ရဲ့ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဘယ်ကနေဘယ်လို ပေါ်လာမှန်း မသိတဲ့ ကြက်သွေးရောင် ဓားအလင်းတန်းတွေဟာ လေထုကို အဆက်မပြတ် ပေါက်ကွဲသွားစေခဲ့ပါပြီ ။ သည်ပေါက်ကွဲမှုက ဟင်းလင်းပြင်  လေဟာနယ်ကိုတောင်မှ တုန်ဟီးသွားစေသလိုပါပဲ ။

လီဖူချန်းက သည်လောင်ကျွမ်းခြင်းဓားကိုတော့ မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို အခြေခံပြီး တီထွင်ဖန်တီး ထားခဲ့တာပါ ။  ဒါက ကောင်းကင်အဆင့် ဓားကွက် ဆိုရင်လည်း မမှားပါဘူး ။

သည်ဓားကွက်က လေထုကို သိပ်သည်းစေနိုင်သလို ပေါက်ကွဲစေနိုင်စွမ်းလည်း ရှိပါတယ် ။

" တောက် ……   ကြယ်ပျံဓားသိုင်းကို အခြေခံပြီး ကောင်းကင်အဆင့်ဓားကွက်အဖြစ် ဖန်တီးလို့ မရတာ နာတယ်ကွာ "

လီဖူချန်းက မကျေမချမ်း ရေရွတ်လိုက်ပါတယ် ။

ကြယ်ပျံဓားသိုင်းက လီဖူချန်းအတွက်တော့ အထူးသီးသန့် ဓားသိုင်းတစ်ခုပါပဲ ။ သူက သည်ဓားသိုင်းကို ဟိုးယခင်ကတည်းကနေ အခုချိန်အထိ တောက်လျှောက် သုံးလာခဲ့တာပါ ။ အဲသည်အတွက် သူ့အနေနဲ့ ကြယ်ပျံဓားသိုင်းကို အခြေခံပြီး ကောင်းကင်အဆင့် ဓားကွက်တစ်ကွက် ဖန်တီးချင်တာက မလွန်လှပါဘူး ။

" ကောင်းကင်စက်ကွင်း ဓားအကာအကွယ် "

လီဖူချန်းက ကြယ်ပျံဓားသိုင်းကို အခြေခံပြီး ကောင်းကင်အဆင့် ဓားကွက်တစ်ကွက် မဖန်တီးနိုင်ခဲ့ပေမယ့်လည်း သူက ကောင်းကင်စက်ကွင်း ဓားသိုင်းကို အခြေခံပြီးတော့ ကောင်းကင်အဆင့် ဓားကွက်တစ်ကွက် ဖန်တီးနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ကောင်းကင်စက်ကွင်း ဓားသိုင်းဟာ ဘယ်ဓာတ် သဘော၊သဘာဝကိုမှ အားမပေးတဲ့အတွက် သည်ကောင်းကင်စက်ကွင်း ဓားအကာအကွယ် ဓားကွက်မှာက ဓားတာအို ဥပဒေသတွေကလွဲပြီး တခြား ဥပဒေသတွေ ပါဝင်နေခြင်း မရှိပါဘူး ။

လီဖူချန်းက သူ့ရဲ့ လက်ချောင်းနဲ့  စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်တဲ့ အခါမှာတော့ အလွှာအထပ်ထပ် ထပ်ထားတဲ့  ဓားအကာအကွယ်တစ်ခုဟာ လေထုထဲမှာ  ဖြစ်တည်လာခဲ့ပါပြီ ။

သည်ဓားကွက်မှာက တစ်ဖက်လူကို စတင်တိုက်ခိုက်နိုင်တဲ့ အရိပ်အယောင်တွေ လုံးဝ ရှိမနေပါဘူး ။အဲသည်အတွက် သည်ဓားကွက်ဟာ  ခုခံဖို့ကို အသားပေးထားတဲ့ ဓားကွက်ဆိုတာ အသိသာကြီးပါပဲ ။

အခုဆိုရင် လီဖူချန်းဟာ ကောင်းကင်အဆင့် ဓားကွက် သုံးကွက်ကို ပိုင်ဆိုင်ထားခဲ့ပါပြီ ။

သည်ဓားကွက် သုံးကွက်ထဲမှာတော့ အညှာအတာမဲ့ မျောလွင့်မီးလျှံက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပြီဖြစ်ပြီး လောင်ကျွမ်းခြင်းဓားနဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကတော့ တတ်သိနားလည်ခြင်း အဆင့်မှာသာ ရှိနေပါသေးတယ် ။

" အင်း…… ငါတံခါးပိတ်ပြီး ကျင့်ကြံနေတာ အတော်လေး ကြာနေပြီ ။ အဲသည်တော့ ကျောက်တုံးလောင်းကစားရုံရဲ့ ခုနစ်ထပ်မြောက်ကို တစ်ခါလောက် တက်ဖူးတယ်ရှိအောင် သွားတက်ကြည့်ဦးမှ "

ချီကလန်ကနေ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၆၀၀၀ ကို ရထားတဲ့ လီဖူချန်းဟာ ကျောက်တုံးလောင်းကစားရုံရဲ့ ခုနစ်ထပ်မြောက်ကို တက်ဖို့အတွက်  အတော်လေး စိတ်ပါနေခဲ့ပါပြီ ။

သည်တစ်ကြိမ်မှာတော့ သူ့ရဲ့  အဓိက ပစ်မှတ်က အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးတွေပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတွေ နဲ့  အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးတွေကို တွေ့ရင်လည်း သူက ဝယ်ဦးမှာပါပဲ ။

ပြောမယ့်သာ ပြောရတာပါ ။ ကျောက်တုံးလောင်းကစားရုံမှာက အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး ရှိမှ ရှိရဲ့လားတောင် မသိပါဘူး ။ သူသိထားသလောက်ဆိုရင်တော့  နန်ရှန်းမြို့မှာက သုံးနှစ်နေမှ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ပေါ်လေ့ရှိတာ ဖြစ်ပါတယ် ။

ကျောက်တုံးလောင်းကစားရုံကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ ခုနစ်ထပ်ကို တစ်ခါတည်း တန်းပြီး တက်သွားလိုက်ပါတယ် ။

" ဆရာလေးလီ ရောက်လာပြီဟေ့ "

" အိုး…… အဲဒါက လောင်းကစားဝိဇ္ဇာလီ မဟုတ်ဘူးလား "

" မင်္ဂလာပါ …… ဝိဇ္ဇာလီ ။ သည်ကို မရောက်လာတာ အတော် ကြာနေပြီနော် "

လီဖူချန်း ရောက်လာတာနဲ့ တစ်ပြိုင်နက် လူတွေက သူ့ကို မှတ်မိသွားပြီး လာရောက် နှုတ်ဆက်ကြပါတော့တယ် ။

လွန်ခဲ့တဲ့ နှစ်လက သတ္တု ဖြတ်ရာမှာ  အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံးတစ်တုံး အောင်သွားတဲ့ လီဖူချန်းကို လူတွေက မမေ့သေးကြပါဘူး ။

အမှန်အတိုင်း ဆိုရင်တော့ လီဖူချန်း ကျောက်အောင်သွားတဲ့ သတင်းဟာ နန်ရှန်းမြို့ တစ်မြို့လုံးကိုတောင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့တယ်လို့ ဆိုရပါမယ်  ။ အဖွဲ့အစည်း တော်တော်များများဟာဆိုရင် အဲသည်ကျောက်ကို ဝယ်ဖို့အတွက်  လီဖူချန်းကို အမှောင်ထဲကနေ မျက်စိဒေါက်ထောက်ပြီး ကြည့်နေခဲ့ကြတာပါ  ။ နောက်ပိုင်း လီဖူချန်းက သူအောင်ခဲ့တဲ့ကျောက်ကို ချီကလန်ဆီ ရောင်းလိုက်ပြီ ဆိုမှသာ အဲသည် အဖွဲ့အစည်းတွေက လက်လျော့သွားကြတာ ဖြစ်ပါတယ် ။

'ဟာ …… ဘယ်လို ဖြစ်ရတာလဲကွာ '

လီဖူချန်းကတော့ အတော်လေး စိတ်လေနေခဲ့ပါပြီ ။ နဂိုမူလတုန်းကတော့ သူက  ကောင်းကင်ဘုံ သတ္တုတုံးတွေကို တိုးတိုးတိတ်တိတ် ဝယ်သွားဖို့ ကြံစည်ထားခဲ့တာပါ ။ ဒါပေမဲ့ အခုတော့  အဲသည်  အကြံအစည်ဟာ အလုပ်ဖြစ်မယ့်ပုံမှာ ရှိမနေတော့ပါဘူး ။

အဲသည်အတွက် သူက  ကျိတ်ပြီး ညည်းတွားလိုက်မိပါတယ် ။

" ကျော်ကြားရတာက တစ်ခါတစ်ရံမှာ မကောင်းပါလား "

All Chapters