← Chapters

တုကူးကျန်းရန်

Vol. 41 Ch. 557

တုကူးကျန်းရန်

Vol. 41 Ch. 557

ကျောက်တုံး လောင်းကစားရုံရဲ့ ခုနစ်ထပ်မြောက်မှာ ရှိတဲ့ ကောင်းကင်ဘုံ သတ္တုတုံး အရေအတွက်ကတော့ ခြောက်ထပ်မြောက်ရဲ့ တစ်ဝက်ကို မရှိပါဘူး ။ ဒါပေမဲ့ သည်ခုနစ်ထပ်မြောက်မှာ ရှိနေတဲ့ ကောင်းကင်ဘုံ သတ္တုတုံးတွေ အားလုံးဟာ အပြင်ပန်း သွင်ပြင်လက္ခဏာမှာ အပြစ်ပြောဖွယ် မရှိအောင် လှပလွန်းပါတယ် ။ပြီးတော့ သတ္တုတုံးတွေရဲ့ တန်ဖိုးကလည်း အနည်းဆုံး အလယ်အလတ်အဆင့်    ဝိညာဉ်ကျောက်တုံး တစ်ရာပါပဲ ။

လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ပြီး စူးစမ်းလေ့လာလိုက်တဲ့ အခါမှာတော့ ခုနစ်ထပ်မြောက်မှာက ကောင်းကင်ဘုံကျောက်တုံး ပါဝင်မှုနှုန်း ပိုများနေတာကို သိလိုက်ရပါတယ် ။ သည်အထပ်မှာက သတ္တုတုံး တစ်ရာမှာ ကောင်းကင်ဘုံ ကျောက်တုံး လေးတုံးကနေ ငါးတုံးအထိ ပါဝင်နေပါတယ် ။ ပြီးတော့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးကလည်း ၇တုံးအောက် လျော့နည်းခြင်း မရှိပါဘူး ။

သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သည်အထပ်မှာရှိတဲ့  ကောင်းကင်ဘုံကျောက်တုံးတွေ ပါဝင်တဲ့ သတ္တုတုံးတွေ အကုန်လုံးကို ဝယ်မသွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

တကယ်လို့သာ သူက သည်ခုနစ်ထပ်မြောက်မှာ ရှိတဲ့ ကောင်းကင်ဘုံ ကျောက်တုံးတွေ ပါဝင်နေတဲ့ သတ္တုတုံးတွေ အကုန်လုံးကို ဝယ်သွားခဲ့မယ် ဆိုရင် အဲဒါက နန်ရှန်းမြို့တစ်မြို့လုံးကို သေချာပေါက် ပွက်လော ရိုက်သွားစေမှာပါ ။ သူက အဲသည်လို အဖြစ်မျိုး မဖြစ်အောင် ရှောင်ကြဉ် ရပါမယ် ။

အဲသည်အတွက်ကြောင့် လီဖူချန်းဟာ သတ္တုတုံး ၁၂ တုံးကိုသာ ဝယ်လိုက်ပါတယ် ။

သည်သတ္တုတုံးတွေထဲမှာတော့ အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ၇တုံး ပါဝင်နေပြီး သာမန်ထက် အနည်းငယ် ကြီးတဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးက ၅တုံး ပါဝင်နေပါတယ် ။

သည်သတ္တုတုံးတွေအတွက် ပေးချေခဲ့ရတဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး ။ လီဖူချန်းက သည်သတ္တုတုံး ၁၂တုံးအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၅၀၀  ပေးခဲ့ရပါတယ် ။

အဲသည်နောက်မှာတော့ သူဟာ ကျောက်တုံး လောင်းကစားရုံရဲ့ ရှစ်ထပ်မြောက် အထပ်ကို တက်သွားခဲ့ပါပြီ ။

သည်ရှစ်ထပ်မြောက်မှာ ခင်းကျင်းပြသထားတဲ့ သတ္တုတုံး အရေအတွက်ကတော့ ခုနစ်ထပ်မြောက်မှာ ခင်းကျင်းပြသထားတဲ့ သတ္တုတုံး အရေအတွက်ထက်တောင်မှ နည်းနေပါသေးတယ် ။

ဒါပေမဲ့ တန်ဖိုးကတော့ မသေးလှပါဘူး ။ သည်အထပ်မှာ ရှိနေတဲ့ ဈေးအနည်းဆုံး သတ္တုတုံးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၀၀ ရှိပြီး ဈေးအကြီးဆုံး သတ္တုတုံးကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ အထိကို ရှိနေတာပါ ။

သတ္တုတုံးတွေကို တစ်တုံးချင်း သေသေချာချာ ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သတ္တုတုံး ၉တုံး ဝယ်လိုက်ပါတယ် ။

သည်သတ္တုတုံး ၉တုံးထဲမှာတော့ အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ၆တုံး ပါဝင်ပြီး အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးကတော့ ၃တုံး ပါဝင်ပါတယ် ။

လီဖူချန်းက အဲသည် သတ္တုတုံးတွေ အတွက်ကိုတော့ စုစုပေါင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၄၈၀၀ ပေးလိုက်ရပါတယ် ။

'" အင်း…… ရှစ်ထပ်မြောက် အထပ်မှာ ရှိနေတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကျောက်တုံးတွေက  ခုနစ်ထပ်မှာလောက်ကို မရှိပါလား ။ ကြည့်ရတာ အပြင်ပန်း ပုံပန်းအသွင်သဏ္ဌာန်ကိုကြည့်ုပြီး ရောင်းတာက တကယ့် မှားယွင်းမှု ဖြစ်နေတာပဲ "

သည်လိုနဲ့ပဲ လီဖူချန်းဟာ ကျောက်တုံးလောင်းကစားရုံရဲ့ ကိုးထပ်မြောက် အထပ်ကို ရောက်ရှိလာခဲ့ပါပြီ ။

သည်အထပ်ကတော့ လီဖူချန်းအနေနဲ့ အမြင့်ဆုံး သွားလို့ရတဲ့ အထပ်ပါပဲ ။ ကျောက်တုံးလောင်းကစားရုံရဲ့ ဆယ်ထပ်မြောက် အထပ်ကိုတော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေပဲ ဝင်ခွင့် ရှိပါတယ် ။ ခြွင်းချက်ကတော့ ရှိကောင်း ရှိနိုင်ပေမယ့် သေချာတာကတော့ လီဖူချန်းဟာ အဲသည် ခြွင်းချက် မဟုတ်ပါဘူး ။

ကောလာဟလတွေထဲကအရ ဆိုရင်တော့  အဲသည် ဆယ်ထပ်မြောက်  အထပ်က ကောင်းကင်ဘုံ သတ္တုတုံးတွေရဲ့ တန်ဖိုးဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ကနေ စပါတယ်တဲ့ ။ နန်ရှန်းမြို့မှာ ပေါ်လာတဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး ဆယ်တုံးမှာ ကိုးတုံးက အဲသည်အထပ်ကနေ ထွက်တာပဲ ဖြစ်ပါတယ် ။ကျန်တဲ့အထပ်တွေမှာတော့ ဆယ်စုနှစ် တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ထွက်ရင်ကို အလွန် အံ့သြဖွယ်ကောင်းတဲ့ ဖြစ်ရပ်လို့ မှတ်ယူနေနိုင်ပါပြီ ။

" ဟိုး…… ဟိုး…… အဆင့်နိမ့် ကောင်းကင်ဘုံကျောက်တုံး ၁၂တုံးတောင် ရှိနေပါလား "

လီဖူချန်းက ကျိတ်ပြီး ရေရွတ်လိုက်မိပါတယ် ။

ကိုးထပ်မြောက် အထပ်ကတော့ သူ့ကို စိတ်မပျက်စေခဲ့ပါဘူး ။သည်အထပ်မှာ ခင်းကျင်းပြသထားတဲ့ သတ္တုတုံးတွေက အတော်လေူနည်းတယ်ဆိုပေမယ့် ကောင်းကင်ဘုံ ကျောက်တုံး ပါဝင်မှုနှုန်းကတော့ အများဆုံးပါပဲ ။

အဲသည်နောက်မှာတော့ လီဖူချန်းက အလယ်အလတ်အဆင့်  ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ ကို သုံးပြီး သတ္တုတုံး ၁၈တုံး ဝယ်လိုက်ပါတယ် ။

နဂိုက သူယူလာတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂၆၀၀၀ ဟာလည်း ၄၀၀၀ နီးပါးသာ ကျန်ပါတော့တယ် ။

" အင်း…… ပြန်မှပဲ "

အဲသည်နောက်မှာတော့ သူဟာ လောင်းကစားရုံကနေ ထွက်ခွာသွားခဲ့ပါပြီ ။ သည်တစ်ခါမှာတော့ သူက သူ့ရဲ့ သတ္တုတုံး တစ်ခုကိုမှ     မဖြတ်ခဲ့ပါဘူး ။

…………

လမ်းမကျယ် တစ်ခုပေါ်မှာ လမ်းလျှောက်နေတဲ့ လီဖူချန်းဟာ ရုတ်တရက် ဆိုသလို ရပ်လိုက်ပါတယ် ။

အကြောင်းအရင်းကတော့ သူ့ရဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့  လူငယ်နှစ်ယောက်က  သူ့ရဲ့ သွားလမ်းကို ပိတ်ထားလို့ပါပဲ  ။အဲသည်လူငယ်နှစ်ယောက်ထဲက တစ်ယောက်ကတော့ တုကူးရှောင်နန်ကလွဲလို့ တခြားသူ မရှိပါဘူး ။

ကျန်တဲ့လူငယ်ကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉ကို ရောက်နေပြီး  သူ့ရဲ့ ချီအရှိန်အဝါကတော့ တုကူးရှောင်နန်နဲ့ အတော်လေး ဆင်တူနေပါတယ် ။ ယုံမှားသံသယ ဝင်နေစရာ မလိုတော့ပါဘူး ။ သည်လူငယ်ကလည်း သေချာပေါက် တုကူးကလန်ကပါပဲ ။

" မင်္ဂလာပါ …… ညီအစ်ကိုလီ ။ ကျုပ်နာမည်က တုကူးကျန်းရန်လို့  ခေါ်ပါတယ် ။ ကျုပ်ကြားထားတာကတော့ သည်က ညီအစ်ကိုလီက    ကျောက်တုံးလောင်းကစားမှာ အတော်လေး အမြင်အာရုံ စူးရှတယ်တဲ့ ။ ကျေးဇူးပြုပြီး ညီအစ်ကိုလီ အနေနဲ့ ကျုပ်တို့ တုကူးကလန်ရဲ့ ကျောက်တုံးလောင်းကစား စီးပွားရေးမှာ အကူအညီ ပေးနိုင်မလား မသိဘူး ။ ကျုပ်က ညီအစ်ကိုလီကို အကူအညီပေးခအဖြစ် တစ်နှစ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀  ပေးပါ့မယ် "

တုကူးရှောင်နန်နဲ့အတူ ပါလာတဲ့ လူငယ်က သူ့ကိုယ်သူ မိတ်ဆက်ပြီး လီဖူချန်းကို တုကူးကလန်အတွက် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့ပါတယ် ။

" တောင်းပန်ပါတယ် ။ ကျုပ် စိတ်မဝင်စားလို့ပါ "

လီဖူချန်းကတော့ ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်ပါတယ် ။

တကယ်ကို ဟာသာပါပဲ ။ တုကူးကလန်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ နဲ့ သူ့ရဲ့ လွတ်လပ်မှုကို လာရောက်ဝယ်နေပါတယ် ။ သူတို့က သူ့အပေါ်မှာ အတော်လေး အထင်သေးလွန်း နေပါပြီ ။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ မပြောပါနဲ့ ။ သူတို့က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့ရင်တောင်မှ သူက သဘောတူမှာ မဟုတ်ပါဘူး ။

" ညီအစ်ကိုလီ ……  ကျုပ်က စကားတစ်ခွန်းကို နှစ်ကြိမ် ပြောဖို့အတွက် တော်တော် ပျင်းတဲ့ လူတစ်ယောက်ပဲ  ။အဲသည်တော့ ကျုပ် ခင်ဗျားကို ပထမတစ်ကြိမ် ကမ်းလှမ်းနေတုန်းမှာ အေးအေးဆေးဆေး လက်ခံလိုက်ပါ ။ ကျုပ်က ခင်ဗျားကို ဒုတိယ အကြိမ် လာကမ်းလှမ်းဖို့ အချိန် မရှိဘူး "

တုကူးကျန်းရန်ကတော့ လီဖူချန်းကို စတင်ပြီး ခြိမ်းခြောက်လာခဲ့ပါပြီ ။

တုကူးကျန်းရန်က တုကူးကလန်ရဲ့ အသက်တစ်ရာအောက် အဖွဲ့ဝင်တွေထဲမှာ အစွမ်းအထက်ဆုံးသူ ဖြစ်ပါတယ် ။သူ့ရဲ့ အစွမ်းက ထွတ်ခေါင် ဆရာသခင် အဆင့်မှာ ရှိနေပြီး နန်ရှန်းမြို့ရဲ့ လူငယ်ထိပ်သီး ဆယ်ယောက်ထဲက ဆိုရင်လည်း မမှားပါဘူး ။

" မင်းက ငါ့ကိုလာပြီး ခြိမ်းခြောက်နေတာလား "

လီဖူချန်းရဲ့ လေသံက ရေခဲတမျှ အေးစက်လာခဲ့ပါတယ် ။သူက ဒေါသထွက်စ ပြုလာပြီဆိုတာ အသိသာကြီးပါပဲ ။

" မင်းက ဘယ်လိုထင်လို့လဲ ။ ငါလိုချင်တဲ့ အဖြေကို မြန်မြန်ပေးခဲ့ ။ ငါ့မှာ တခြား လုပ်စရာတွေ ရှိသေးတယ် "

တုကူးကျန်းရန်ကတော့ လီဖူချန်းဒေါသထွက်နေတာကို ဂရုစိုက်ပုံ မရပါဘူး ။

" တကယ်လို့ မင်းက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဆိုရင်တော့ ငါက မင်းကို ကြောက်ကောင်း ကြောက်လိမ့်မယ် ။ ဒါပေမဲ့ မင်းက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ပဲ ရှိသေးတယ် ။ လောကမှာ မင်းရန်မစသင့်တဲ့ လူတွေ ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦး "

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက လျှပ်ပြက်သလို အလျင်နဲ့ တုကူးကျန်းရန်တို့ နှစ်ယောက်ကို ကျော်ဖြတ်သွားပါတော့တယ် ။

" မြန်လှချည်လား "

တုကူးကျန်းရဲ့ မျက်နှာအမူအယာက လေးနက်တည်ကြည်သွားခဲ့ပါပြီ ။ သူက လီဖူချန်းကို တားဖို့ ကြိုးစားချင်ပေမယ့်လည်း မဖြစ်နိုင်တော့ပါဘူး ။  လီဖူချန်းရဲ့ အလျင်က သူ့အတွက် လျင်မြန်လွန်းလှပါတယ် ။

" အစ်ကိုကျန်းရန် …… အစ်ကိုက ဘာဖြစ်လို့ သည်ခွေးမသားကို လွှတ်ပေးလိုက်တာလဲ ။ လာစမ်းပါ …… အစ်ကိုရာ ။ သည်ကောင့်ကို တုကူးကလန်ဆီ ဖမ်းခေါ်သွားရအောင် "

ဘေးနားမှာ ရှိနေတဲ့ တုကူးရှောင်နန်ကတော့ လီဖူချန်းကို ဖမ်းဖို့အတွက် စိုင်းပြင်းနေပါတယ် ။

နန်ရှန်းမြို့မှာက လူသတ်တာကို ခွင့်မပြုပါဘူး ။ ဒါပေမဲ့ အဓိက ကလန်ကြီး လေးခုထဲက တစ်ခုဖြစ်တဲ့ တုကူးကလန်ဟာ  လူတစ်ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားဖို့တော့ တတ်နိုင်ပါသေးတယ် ။ ရုတ်ရုတ်သဲသဲ မဖြစ်သရွေ့ကတော့ မြို့စားစံအိမ်ကလည်း သည်ကိစ္စကို မသိချင်ယောင် ဆောင်နေမှာပါပဲ ။

တုကူးကျန်းရန်က လက်ကာပြလိုက်ပြီး

" မဖြစ်ဘူး ။ သည်ကောင်လေးက လျော့တွက်လို့ မရတဲ့ အထဲမှာ ပါတယ် ။ တကယ်လို့ ငါက သူ့ကို ဖမ်းမယ်ဆိုရင် အနည်းဆုံး ငါ့ရဲ့ အစွမ်း ၅၀ ရာခိုင်နှုန်းကို သုံးမှ ဖြစ်နိုင်မယ်  ။ အဲဒါဆိုရင် မြို့ထဲမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်လိမ့်မယ် "

" ဒါဆိုရင် ကျွန်တော်တို့က သည်ကောင့်ကို သည်အတိုင်း လွှတ်ပေးလိုက်ရတော့မှာလား "

တုကူးရှောင်နန်က လီဖူချန်း သည်အတိုင်း ထွက်သွားတာကို ဘယ်လိုမှ ကြည့်မနေနိုင်ပါဘူး ။

တုကူကျန်းရန်က လေသံမာမာဖြင့် ပြန်ပြောလိုက်ပါတယ် ။

" တော်တော့ ။ ငါက မြို့ထဲမှာ လှုပ်ရှားလို့ မဖြစ်ဘူးပဲ ပြောတာ ။ တကယ်လို့ မြို့ပြင်မှာ တွေ့ရင် ငါက သူ့ကို လွှတ်ပေးမယ်လို့ မင်းထင်လား "

သူတို့နှစ်ယောက် ငြင်းခုံနေစဉ်မှာပဲ လီဖူချန်းကတော့ အဝေးကို ရောက်သွားခဲ့ပါပြီ ။

………

" ဟူး…… အခုထက်ထိ ငါက အလယ်အလတ်အဆင့် ကောင်းကင်ဘုံကျောက်တုံး တစ်တုံးတောင် မရသေးပါလား ။ ကြည့်ရတာ ကျောက်တုံးလောင်းကစားရုံရဲ့ ဆယ်ထပ်မြောက် အထပ်မှာပဲ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးတွေ ရှိတယ် ထင်ပါရဲ့ "

သူတည်းခိုရာ ခြံဝင်းကို ပြန်အရောက်မှာတော့ လီဖူချန်းဟာ သက်ပြင်းတစ်ချက် ချလိုက်မိပါတယ် ။

တကယ်လို့သာ သူ့အနေနဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ကျောက်တုံးကို ရခဲ့မယ် ဆိုရင် အညှာအတာမဲ့ မျောလွင့်မီးလျှံ ဓားကွက်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့် ရောက်အောင် လုပ်နိုင်ဖို့အတွက် ဘာမှ ခက်တော့မှာ မဟုတ်ပါဘူး ။ အဲဒါကိုတော့ သူက ၉၀ ရာခိုင်နှုန်း ယုံကြည်ပါတယ် ။

တကယ်လို့သာ သူ့ရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံက တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီဆိုရင် လီဖူချန်းရဲ့ အစွမ်းဟာ အုပ်စိုးသူ ဆရာသခင် အဆင့်ကို ရောက်သွားမှာ အသေအချာပါပဲ ။

အဲသည်လိုဆိုရင်တော့ သူဟာ အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ကြောက်စရာ လိုတော့မှာ မဟုတ်ပါဘူး ။ အုပ်စိုးသူ ဆရာသခင်တွေ ဆိုတာက အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် သတ်နိုင်စွမ်း ရှိသူတွေ မဟုတ်ပါလား ။

" အင်း…… ကြည့်ရတာ နန်ရှန်းမြို့ကနေ ခွာပြီး တခြားမြို့တွေကို သွားလေ့လာရမယ့် အချိန်ရောက်ပြီ ထင်ပါရဲ့ "

လီဖူချန်းက နန်ရှန်းမြို့ကနေ ထွက်ခွာဖို့ အတွေး ဝင်လာခဲ့ပါပြီ ။

……

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ  ထင်းရှုးကျွန်း ဧည့်ရိပ်သာကို တည်းခိုခ ရှင်းပေးပြီး နန်ရှန်းမြို့ကနေ ထွက်ခွာသွားပါတော့တယ် ။

တုကူးကလန်ရဲ့ အထောက်တော်တွေကလည်း မခေလှပါဘူး ။ လီဖူချန်းတစ်ယောက် နန်ရှန်းမြို့ထဲကနေ ထွက်ခွာသွားတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ တုကူးကျန်းရန်ကို လှမ်းပြီး သတင်းပို့လိုက်နိုင်ကြပါတယ် ။

" သခင်လေး ကျန်းရန် …… သူက မြို့ထဲကနေ ထွက်ခွာသွားပါပြီ "

အဲသည်သတင်းကို  ရတဲ့ အချိန်မှာတော့ တုကူးကျန်းရန်က စားသောက်ဆိုင်တစ်ခု အတွင်းမှာ ရှိနေခဲ့တာပါ ။

" နောက်ဆုံးတော့ အဲသည်ကောင်က မြို့ထဲကနေ ထွက်သွားပြီပေါ့ "

တုကုကျန်းရန်က သူ့လက်ထဲက သေရည်ခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်ပြီး စားသောက်ဆိုင်ထဲကနေ ထွက်ခွာသွားပါတော့တယ် ။

ဒါပေမဲ့ သူမသိတာကတော့ သူ့ကိုလည်း စောင့်ကြည့်နေတဲ့သူတွေ ရှိတယ် ဆိုတာပါပဲ ။

" သခင်မလေး…… သခင်လေးလီနောက်ကို တုကူးကျန်းရန် လိုက်သွားပါပြီ "

တစ်ဖက် စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းတစ်ခု  အတွင်းမှာ ရှိနေတဲ့ ချီကျွင်းကျွင်းကလည်း လီဖူချန်းနောက်ကို တုကူးကျန်းရန် လိုက်သွားတဲ့ သတင်းကို တန်းပြီး ရလိုက်ပါတယ် ။

" ငါထင်ထားတဲ့ အတိုင်းပဲ ။ တုကူးကျန်းရန်က လီဖူချန်းကို ပြသနာ ရှာချင်နေတာကိုး ။ ဟ…ဟ…… သနားစရာ ကောင်းလိုက်တာ ။ လီဖူချန်းက သူထင်ထားသလို သိုးငယ်လေး မဟုတ်ဘူးဆိုတာကို  သူမသိရှာဘူး "

ကိုယ်ရောင်ကိုယ်ဝါ လေ့လာခြင်း နည်းစနစ်ကို တတ်မြောက်ထားတဲ့ ချီကျွင်းကျွင်းက လီဖူချန်းဟာ သာမန် တိုက်ပွဲဝိညာဉ် ဆရာသခင်တစ်ပါး မဟုတ်ဘူးဆိုတာကို အစောကြီးကတည်းက သိထားပြီးခဲ့ပါပြီ ။

" သည်ပွဲက အတော်လေး စိတ်ဝင်စားစရာ ကောင်းမှာပဲ ။ ငါလည်း  အဲသည်ကို လိုက်ပြီး ပွဲကြည့်ပရိသတ် သွားလုပ်ရင် ကောင်းမယ်နဲ့ တူတယ် ။ နံပါတ်ငါးဦးလေး  ကျေးဇူးပြုပြီး သမီးနောက်ကို လိုက်ခဲ့ပေးပါလား "

ချီကျွင်းကျွင်း အခန်းရဲ့  ထောင့်တစ်နေရာကို ကြည့်ပြီး လှမ်းပြောလိုက်ပါတယ် ။

" ငါတို့ရဲ့ ကျွင်းကျွင်းလေးက သွားချင်မှတော့ ဦးလေးက လိုက်ခဲ့ပေးရမှာပေါ့  ။ နောက်ဆုံးတော့ ငါတို့ကျွင်းကျွင်းလေးမှာလည်း စိတ်ပူရမယ့်လူ ရှိလာပြီကိုး "

မူလအစတုန်းကတော့ အဲသည်ထောင့်မှာ လူတစ်ယောက်မှ ရှိမနေပါဘူး ။ ဒါပေမဲ့ ချီကျွင်းကျွင်း စကား လှမ်းပြောလိုက်တဲ့ အခါမှာတော့ ရုတ်တရက်ဆိုသလို  လူတစ်ယောက် ပေါ်လာခဲ့ပါပြီ ။

အဲသည်လူက ထူးကဲတဲ့ အရောင်အဝါတွေကို ထုတ်လွှတ်နေပြီး တစ်စုံတစ်ယောက်ကသာ သူ့ကို မြင်လိုက်မယ်ဆိုရင် အဲသည်လူက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဆိုတာ တန်းပြီး သိနိုင်မှာ ဖြစ်ပါတယ် ။

မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးမှသာ သည်လူလို သဘာဝ ပတ်ဝန်းကျင်နဲ့ ရောနှောပြီး သူ့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်စွမ်းဘရှိတာ မဟုတ်ပါလား ။

ချီကျွင်းကျွင်းရဲ့ မျက်နှာက မက်မွန်သီး တစ်လုံးလို ပန်းသွေးရောင် ဖြာသွားခဲ့ပြီး ပြန်ပြောလိုက်ပါတယ် ။

" နံပါတ်ငါးဦးလေး…… ဘာတွေ ပြောနေတာလဲ ။သမီးက သည်အတိုင်း တိုက်ပွဲကို စိတ်ဝင်စားလို့ သွားကြည့်မယ့်ဟာကို "

" ဟားဟား…… စိတ်ဝင်စားတယ် ဆိုတာက ချစ်ခြင်းရဲ့ အစ မဟုတ်ဘူးလား …… ကျွင်ကျွင်းရဲ့ ။ ထားပါလေ ။ အဲဒါက အရေးမကြီးပါဘူး ။ အရေးကြီးတာက အဲသည်ကောင်လေးက ဘယ်လောက်တောင် ထူးခြားနေလို့ ငါ့တူမလေးရဲ့ စိတ်ဝင်စားမှုကို ရသွားတာလဲ ဆိုတာပဲ ။ ကဲ…… သွားကြည့်ကြရအောင် "

စကားဆုံးတဲ့နောက်မှာတော့ ထူးကဲတဲ့ အရောင်အဝါတွေကို ထုတ်လွှတ်နေတဲ့ လူကြီးဟာ ချီကျွင်းကျွင်းရဲ့ လက်ကို ကောက်ဆွဲလိုက်ပြီး စားသောက်ဆိုင်ခန်းထဲကနေ ပျောက်ကွယ်သွားခဲ့ပါပြီ ။

………

နန်ရှန်းမြို့ရဲ့ အပြင်ဘက်မှာတော့ ကျယ်ပြန့်ပြီး အဆုံးမရှိတဲ့ ကုန်းမြေပြင်ကျယ်ကြီးတစ်ခု ရှိနေပါတယ် ။

ဟူး……ဟူး……ဟူး……

ကောင်းကင်ယံမှာတော့ နတ်ဘုရားမီးတောက် တစ်ခုဟာ လေထုကို ဖြတ်သန်းပြီး ပျံသန်းလျက် ရှိနေပါတယ် ။ နတ်ဘုရား မီးတောက်ရဲ့ အနောက်မှာ ကပ်လျက် လိုက်ပါနေတာကတော့ မိုးကြိုးတစ်စင်းပါပဲ ။

" ငါ့နောက်ကို လိုက်နေတာ ဘယ်သူလဲကွ "

နတ်ဘုရားမီးတောက်က ပျံသန်းနေတာကို ရပ်လိုက်ပြီး လူအသွင် ပြောင်းသွားခဲ့ပါပြီ ။ အဲသည်လူကတော့ လီဖူချန်းကလွဲပြီး တခြားသူ ဖြစ်စရာ အကြောင်း မရှိပါဘူး ။

သူ့ရဲ့နောက်ကနေ လိုက်လာတဲ့ မိုးကြိုးကလည်း ကွဲထွက်သွားပြီး လူအသွင် ပြန်ပြောင်းသွားခဲ့ပါတယ် ။ အဲသည်လူကတော့ တုကူးကျန်းရန်ပါပဲ ။

" ညီအစ်ကိုလီ …… ကျုပ်ထပ်ပြီး မေးပါရစေ ။ ကျုပ်တို့ တုကူးကလန်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ခင်ဗျား စိတ်ဝင်စားသလား '

တုကူးကျန်းရန်က လီဖူချန်းကို အေးစက်စက် လေသံနဲ့ မေးလိုက်ပါတယ် ။

" မင်းတစ်ယောက်တည်း လိုက်လာတာလား "

လီဖူချန်းကတော့ သူ့ရဲ့ အဖြေကို ပြန်မဖြေခဲ့ပါဘူး ။ အဲသည်အစား သူက တုကူးကျန်းရန်ကိုတောင်  ပြန်ပြီး မေးလိုက်ပါသေးတယ် ။

" ငါတစ်ယောက်တည်း မလိုက်လာလို့ ဘယ်နှစ်ယောက် လိုက်လာရမှာလဲ "

တုကူးကျန်းရန်ကလည်း ယုံကြည်မှု အပြည့်နဲ့ ပြန်ဖြေလိုက်ပါတယ် ။

သူက နန်ရှန်းမြို့ရဲ့ ထိပ်သီးလူငယ် ဆယ်ယောက်ထဲက တစ်ယောက်ပါ ။ မူလပင်လယ်နယ်ပယ်အောက်မှာဆိုရင် သူ့ကိုယှဉ်နိုင်တဲ့လူက လက်တစ်ဖက် မပြည့်ပါဘူး ။ အဲသည်အတွက်ကြောင့် သူဟာ လီဖူချန်းနောက်ကို တစ်ယောက်တည်း လိုက်လာခဲ့တာ ဖြစ်ပါတယ် ။

" တကယ်လို့ မင်းက တစ်ယောက်တည်း လာခဲ့တာဆိုရင်တော့ ပြန်သွားတာ အကောင်းဆုံးပဲ ။ မင်းတို့ကလန်က မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို အကူအညီတောင်းပြီး ပြန်လာခဲ့လိုက် ။ မင်းက ငါ့ရဲ့ ပြိုင်ဘက်အဆင့်မှာ မရှိသေးဘူး "

လီဖူချန်းက ပျင်းရိပျင်းတွဲ လေသံနဲ့ ပြန်ပြောလိုက်ပါတယ် ။

" လေကြီးလိုက်တဲ့ကောင် ။ ငါမင်းကို သည်နေ့ ကောင်းကောင်း ဆုံးမပေးမှ ရတော့မယ် "

လီဖူချန်းရဲ့ အမူအယာနဲ့ လေသံက တုကူးကျန်းရန်ကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့ပါပြီ ။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မိုးကြိုး ရေနဂါး တစ်ကောင်ကို သူ့ရဲ့ ညာဘက်လက်မှာ ဖြစ်တည်စေလိုက်ပါတယ် ။ ပြီးမှ သူက  သွားကြားထဲက ထွက်တဲ့ လေသံနဲ့ စကားတစ်ခွန်းစီ ပြောလိုက်ပါတယ် ။

" လီဖူချန်း…… ငါမင်းကို နောက်ဆုံးတစ်ခါ ထပ်မေးမယ် ။ မင်း…… ငါတို့ …… တုကူးကလန်အတွက် …… အမှုထမ်းမှာလား ……မထမ်းဘူးလား"

" မထမ်းပါဘူး ။ ငါက ဘာလို့ မင်းတို့ တုကူးကလန်ရဲ့ အမှုကို ထမ်းရမလဲ "

လီဖူချန်းကတော့ ပျင်းရိပျင်းတွဲ ပုံစံနဲ့ ရှိနေဆဲပါပဲ ။

" အဲသည်လိုဆိုမှတော့ ငါက မင်းကို ဖမ်းပြီး တုကူးကလန်အတွက်  နှစ်တစ်ရာ အတင်းအကြပ် အမှုထမ်းခိုင်းရတော့မှာပေါ့ ။ပြီးတော့ မင်းအတွက် ဘာဆုလာဘ်မှ မရှိစေရဘူး "

စကားဆုံးတဲ့နောက်မှာတော့ တုကူးကျန်းရန်ဟာ လီဖူချန်းကို လက်သီးနဲ့ ထိုးပစ်လိုက်ပါတော့တယ် ။

ဂါး……ဂရား……

ကျယ်လောင်စွာ ဟိန်းဟောက်သံနဲ့အတူ တုကူးကျန်းရန်ရဲ့ ညာဘက်လက်မောင်းမှာ ရစ်ခွေနေတဲ့ မိုးကြိုး ရေနဂါးဟာ လှုပ်ရှားလာခဲ့ပါပြီ ။

ဂျိန်း…

ကောင်းကင်ကနေ ဆင်းသက်လာတဲ့ မိုးကြိုးတစ်စင်းလို အဟုန်နဲ့ လက်သီးတစ်လုံးဟာ လီဖူချန်းရဲ့ အရှေ့ကို ရုတ်ချည်း ရောက်လာခဲ့ပါတယ် ။သည်လက်သီးက သာမန် လက်ရွေးစင် ဆရာသခင်တွေတောင် ခံနိုင်တဲ့ လက်သီးချက်မျိုး မဟုတ်ပါဘူး ။

" ငါမင်းကို အစောပိုင်းက ပြောခဲ့ပြီးပြီ မဟုတ်လား ။ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ "

လီဖူချန်းက  သူ့ရဲ့ ညာလက်ခလယ်နဲ့ လက်ညှိုးကို ပူးပြီး လေထဲမှာ တစ်ချက် ဝှေ့ယမ်းလိုက်ပါတယ် ။ သူက ဓားကိုတောင် ထုတ်မသုံးခဲ့ပါဘူး ။

ရွှပ်……

ဘန်း……

ကြက်သွေးရောင် ဓားအလင်းတန်း တစ်ခုဟာ မိုးကြိုးရေနဂါးကို ပိုင်းဖြတ်ပြီး ပေါက်ကွဲသွားစေခဲ့ပါပြီ ။ အဲဒါက ရေပူဖောင်း တစ်လုံးကို ထိုးဖောက်လိုက်သလိုပါပဲ  ။

***

All Chapters