အန္တရာယ်သစ်
Vol. 8 Ch. 2
“မမလေး၊ ထမင်းမစားဘဲ အလုပ်ကိုအချိန်အကြာကြီးလုပ်နေတာ မကောင်းဘူးမဟုတ်လား။ လာ၊ ကျွန်မကင်ထားတဲ့ ငါးသံပုရာကင်မွှေးမွှေးလေးနဲ့ ညနေစာစားလိုက်တော့နော်။”
အေမီက လက်ထဲမှာ ငါးသလောက်ငါးကင်ဗန်းကို ကိုင်ထားရင်းနဲ့ ဝတ်စုံကို အဆင့်မြှင့်နေတဲ့ မက်ဒါနာနောက်ကနေ ပြေးလိုက်နေရတယ်။ မက်ဒါနာနဲ့အတူ ဒရုန်းဇုန်လည်းရှိနေပြီး ဝတ်စုံရဲ့ဆင်ဆာတွေကို အဆင့်မြှင့်တပ်ဆင်ဖို့ ကူညီနေရတယ်။
“စားပွဲပေါ်မှာ တင်ထားလိုက်၊ ခနနေရင်ပြီးတော့မှာ ပြီးမှအတူတူစားကြတာပေါ့။”
မက်ဒါနာက အေမီကိုပြောလိုက်ပြီးတော့ နောက်ဆုံးတပ်ဖို့ကျန်တဲ့ အစိတ်အပိုင်းတစ်ခုကို ဝတ်စုံမှာစတပ်တယ်။ ဒရုန်းဇုန်ကလည်း လာကူညီပေးတယ်။ မကြာခင်မှာပဲ ဝတ်စုံမှာအစိတ်အပိုင်းသစ်တွေ တပ်ဆင်တာပြီးသွားပြီး ငွေရောင်စစ်သည်ဝတ်စုံက ပိုပြီးခမ်းနားသွားတယ်။
“ရပြီ၊ ဒီလောက်ဆိုရင် ဖီးနစ်ပုံစံရဲ့အပူချိန်ကို ငါ့ဝတ်စုံက ခံနိုင်သွားလောက်ပြီ။” မက်ဒါနာက ခါးထောက်ရင်း ပြောလိုက်ပါတယ်။ အေမီကလည်း အနားကိုလာပြီး စပ်စုတယ်။
“မမလေးက ဝတ်စုံကို အဆင့်မြှင့်လိုက်တယ်ပြောပေမဲ့ သိပ်အများကြီး ပြောင်းလဲသွားပုံလဲမရဘူးနော်။ ဘာတွေထပ်ထည့်လိုက်တာလဲ။”
မက်ဒါနာက ခါးကိုရှေ့ကိုင်းပြီး ဝတ်စုံကိုအနီးကပ်ကြည့်နေတဲ့ အေမီရဲ့ခေါင်းကို သာသာလေးပုတ်လိုက်ပါတယ်။ ပြီးတဲ့နောက်...
“လန်ဒန်မှာတုန်းက ဓားထဲမှာရှိနေတဲ့ ဖီးနစ်ဝိညာဥ်က သူ့စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်ဖို့ ငါ့ရဲ့ချပ်ဝတ်ကို ဖိအားပေးပြီးတော့ ပုံပြောင်းပစ်ခဲ့တယ်။ ငါ့ဝတ်စုံက အတော်လေးဒဏ်ခံနိုင်ပေမဲ့ သားရဲတွေရဲ့စွမ်းအားနဲ့ ပေါင်းစပ်ပြီးလှုပ်ရှားနိုင်အောင် ဒီဇိုင်းဆွဲထားတာ မဟုတ်ဘူးလေ။ ဒီတော့ ဖီးနစ်ပုံစံသုံးပြီး မကြာခင်မှာပဲ ဝတ်စုံကို အတော်လေးထိခိုက်သွားတယ်။”
“အဲဒီလိုလား။ ဒါဆိုဒီဝတ်စုံက သားရဲဝိညာဥ်တွေနဲ့ပေါင်းပြီး ဟန်ချက်ညီညီလှုပ်ရှားနိုင်ဖို့ ပြင်ဆင်ထားတဲ့ဗားရှင်းပေါ့။”
အေမီသဘောပေါက်သွားတော့ မက်ဒါနာက လက်ထဲက
ပစ္စည်းတွေကို နေရာတကျပြန်ထားပြီး စမ်းသပ်ခန်းထဲက စားပွဲမှာသွားထိုင်တယ်။ ငါးကင်နဲ့ထမင်းပန်းကန်ကတော့ သူ့ရှေ့မှာရှိနေပြီး အငွေ့တွေတထောင်းထောင်းထွက်နေတုန်းပဲ။
“အင်း၊ ပြီးတော့ စွမ်းအားသုံးတာ လွန်သွားတာမျိုးမဖြစ်အောင်လည်း ၉၉.၉၉ စက္ကန့်စည်းမျဥ်းထည့်ထားသေးတယ်။ သိတဲ့အတိုင်း ဖီးနစ်က ငါ့အသက်ဓာတ်ကို အသုံးပြုနေတာလေ။”
မက်ဒါနာက အသက်ဓာတ်ကိစ္စအကြောင်းပြောတော့ အေမီရဲ့မျက်နှာက တည်တံ့သွားတယ်။ သူတို့ဘာမှမဖြစ်သလို ဟန်ဆောင်နေကြပေမဲ့ အဲဒီအပေးအယူဆန်တဲ့ အရာတစ်ခုက မက်ဒါနာအတွက် သိပ်ကိုအန္တရာယ်များတယ်။
“ဒါပေမဲ့ ကျွန်မတွက်ချက်မိသလောက် အဲဒီလောက်အချိန်ကတောင် သခင်မလေးရဲ့အသက်နှစ်လနဲ့ ညီမျှတယ်မဟုတ်လား။”
မက်ဒါနာက ငါးကင်ကို ဇွန်းနဲ့သေးသေးလေးဖဲ့လိုက်ပြီး
ထမင်းနဲ့ရောစားဖို့ပြင်နေရင်းက ခေါင်းညိတ်ပြလိုက်ပါတယ်။ တခြားသူတွေက သူ့အတွက် စိုးရိမ်နေကြပုံပေါ်ပေမဲ့ မက်ဒါနာကတော့ အေးအေးတည်ငြိမ်စွာရှိနေသေးလို့ပေါ့။
“ဒါပေမဲ့၊ အဲဒီလိုမှမဟုတ်ရင်လည်း ပိုးကောင်ဗိုလ်ချုပ်တွေကို အနိုင်ယူလို့မရဘူးလေ။”
“အဲဒီသားရဲလေးကောင်က သခင်မလေးကို ဘာလို့စွမ်းအားတွေအကုန်လုံး တစ်ပြိုင်နက်တည်း မပေးလိုက်တာလဲ။ တော်တော်လူလည်ကျတဲ့ဟာတွေ။”
အေမီက ဒေါသနဲ့ပြောလိုက်ပေမဲ့ မက်ဒါနာကတော့ ခပ်ဟဟပဲရယ်ပြီး ထမင်းဆက်စားတယ်။ သားရဲတွေမှာ သူ့ကို စွမ်းအားမပေးရတဲ့ အကြောင်းအရင်းတွေ ခိုင်လုံစွာရှိနေတယ်။ ငယ်ငယ်က သူကြည့်ဖူးတဲ့ရုပ်ရှင်ထဲကလို စွမ်းအားတွေနောက်မှာ ကြီးလေးတဲ့တာဝန်တွေ လိုက်ပါလာကြတယ်လေ။
....
စမ်းသပ်ခန်းထဲမှာ ထမင်းစားပြီးသွားတော့ မက်ဒါနာတို့အုပ်စုက ဝန်ထမ်းအဆောင်ကို ပြန်လာကြတယ်။ လင်ဒါ၊ ဖလေရာနဲ့ ဆိုဖီယာတို့အုပ်စုက နားနေဆောင်ရှေ့က မြေကွက်လပ်လေးမှာ အတူတူရှိနေကြပြီး လိုလီဇွန်ဘီလေးနဲ့ကစားပေးနေကြတယ်။
“အာ့၊ လီဆာတို့လည်း ရောက်နေတာလား။” မက်ဒါနာက အခန်းထဲမှာ ရှိမနေသင့်တဲ့ လီဆာနဲ့တခြားကလေးနှစ်ယောက်ကိုတွေ့တော့ မျက်ခုံးပင့်လိုက်မိတယ်။ လီဆာအပြင် ယုဆ၊မိရိုင်နဲ့လီနာတို့က ကျောင်းရဲ့တရားဝင်
အဆောင်နေကျောင်းသားတွေ ဖြစ်နေကြပါပြီ။
“ဒါနဲ့ လီနာကရော။ နင်တို့နဲ့အတူရှိနေရမှာမဟုတ်ဘူးလား။” မက်ဒါနာက မေးလိုက်တော့ လီဆာလည်း တိုက်ပွဲကွင်းပြင်ရှိရာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြန်ဖြေပါတယ်။
“တိုက်ပွဲကွင်းပြင်မှာ အစ်မကြီးစကော်ပီယိုနဲ့ လေ့ကျင့်နေတုန်းပဲ။ ဒီနေ့ဟိုသွေးစုပ်ဖုတ်ကောင်ကောင်လေးကို အနိုင်မရလိုက်လို့ဆိုပြီး စိတ်ဆိုးနေတာလေ။”
ဒီစကားကိုကြားတော့ သူတို့အုပ်စုတစ်ခုလုံး ရယ်မောမိလိုက်ကြတယ်။ မက်ဒါနာက ကလေးသုံးယောက်လုံးကို ကျောင်းပြန်တက်ခိုင်းထားပေမဲ့ သူတို့Sအဆင့်စွမ်းအားတွေကို ထုတ်မသုံးဖို့တားမြစ်ထားတယ်လေ။ လီနာက လီဆာလိုပဲ Sအဆင့် လူလုပ်မြူတန့်တစ်ယောက်ဖြစ်ပေမဲ့ ခိုင်မာတဲ့အခြေခံမရှိသေးပါဘူး။ B rank ကျောင်းသူ
တစ်ယောက်အနေနဲ့ဟန်ဆောင်နေချိန်မှာ အခြေခံပိုကောင်းတဲ့ အီဗန်ကိုမနိုင်နိုင်တာ ပုံမှန်ပဲ။
“မက်ဒါနာ-ဒိုနို၊ ကျွန်မလည်း ဝတ်စုံအသစ်နဲ့အသားကျအောင် သွားလေ့ကျင့်လိုက်ပါဦးမယ်။” ဒရုန်းဇုန်က မက်ဒါနာကို ဦးညွှတ်ပြီး ပြောလိုက်တယ်။ သူ့အတွက်လည်း မက်ဒါနာက အထူးလက်ဆောင်တစ်ခုကို ပြင်ဆင်ထားပေးပြီးသား။ ဥစာကီကို ပြန်ခေါ်ရမယ့်သူက အားနည်းနေလို့ မဖြစ်ဘူးလေ။
ဒရုန်းဇုန်ထွက်သွားပြီးတဲ့နောက် အဆောင်ရှေ့က ကျောက်စားပွဲဝိုင်းလေးမှာ မက်ဒါနာဝင်ထိုင်လိုက်ပါတယ်။ ဖလေရာ၊ လင်ဒါနဲ့ ဆိုဖီယာတို့လည်း အတူတူထိုင်နေရင်းနဲ့ ဖုန်းကိုယ်စီနဲ့ဂိမ်းပြိုင်ဆော့နေကြတယ်။
“နင်တို့သုံးယောက် ဘာတွေဆော့နေကြတာလဲဟင်။”
“မိုင်းခရပ်မှာ ဆာဗာထောင်ပြီး ဘယ်သူအရင် နဂါးကိုသတ်နိုင်မလဲ ပြိုင်နေကြတာလေ။” ဖလေရာက ပြောလိုက်တယ်။ မက်ဒါနာက သူ့ဖုန်းကိုကြည့်ကြည့်တော့ လောလောဆယ် ဖလေရာရဲ့ဇာတ်ကောင်က ဂူနက်ထဲမှာ ဝါဒန်လိုက်လို့ မမြင်မကန်းနဲ့ထွက်ပြေးနေရတယ်။ ဆိုဖီယာကတော့ နယ်သာမှာသွားလာနေရင်း လမ်းပျောက်ပြီး ချော်ရည်ထဲကျသွားလို့ အစကပြန်စနေရပုံပဲ။
လင်ဒါကတော့ ပိုအခြေအနေကောင်းတယ်၊ လယ်စိုက်လိုက် သစ်ခုတ်လိုက်နဲ့ အိမ်လှလှလေးတစ်လုံးကိုလည်း ဆောက်ထားသေးတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ တစ်ယောက်တည်းနေတဲ့ ဂိမ်းအိမ်မှာ အိပ်ရာသုံးခုရှိနေပါတယ်။
“နေပါဦး၊ နင်တို့သုံးယောက်က စခန်းတစ်ခုတည်းမှာ အတူတူနေနေကြတာလား။”
“နေချင်လို့ အတူနေနေတာမဟုတ်ဘူးဟဲ့။” မက်ဒါနာမေးတော့ သုံးယောက်လုံးက ပြိုင်တူငြင်းကြပေမဲ့ လီဆာက ဝင်ပြောလိုက်လေရဲ့။
“မေမေလင်ဒါက သမီးနဲ့မေမေမက်ဒါနာပါလာဆော့ရင် နေလို့ရအောင်ဆိုပြီး ဆောက်ထားတာ။ ဒါပေမဲ့ ဟိုသုံးယောက်က ခနခနသေနေတော့ စခန်းအသစ်မဆောက်တော့ဘဲ မေမေလင်ဒါဆီမှာ လာနေနေရတာလေ။”
အေမီကလည်း သူတို့ဆော့နေတာကိုကြည့်ရင်း မက်ဒါနာကို ပြောလိုက်တယ်။ “သူတို့သုံးယောက်ပေါင်းပြီး ချန်နယ်ထောင် SMPရိုက်ရင် အတော်လေးအောင်မြင်မယ်လို့ထင်ပါတယ်၊ သခင်မလေး။” ဒါပေမဲ့ ဟိုသုံးယောက်က သူ့ကိုမကျေမနပ်ကြည့်လိုက်ကြရင်း “နေစမ်းပါ။”လို့ပဲ ပြောလိုက်ကြတယ်။ ကြည့်ရတာ သုံးယောက်ကြားက
ပြိုင်ဆိုင်မှုက ဂိမ်းထဲမှာတောင် အတော်ကြီးမားနေတဲ့ပုံပဲ။
မက်ဒါနာလည်း သူတို့ဂိမ်းဆော့နေတာကို ကြည့်နေရင်းကနေ ဝန်ထမ်းအဆောင်ရဲ့ခေါင်မိုးပေါ်ကို ကြည့်လိုက်မိပါတယ်။ လူတစ်ရပ်လောက်မြင့်တဲ့ အနက်ရောင်ကြောင်ကြီးက စားလက်စပန်းကန်ကို ဘေးမှာချလို့ ခေါင်မိုးပေါ်မှောက်လျက်အိပ်နေပါတယ်။
“နေပါဦး၊ ရှင်ကရော ဘယ်လိုလုပ်ပြီး ကျွန်မတို့ကျောင်းကို ရောက်နေရတာလဲ။” ကြောင်နက်က သားရဲလေးကောင်ထဲက တစ်ကောင်မလို့ မက်ဒါနာသူ့ကိုသိပေမဲ့ အခုလိုမျိုး ကျောင်းမှာတွေ့ရလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူး။ ကြောင်က အပျင်းကြောဆန့်လိုက်ရင်း မျက်လုံးကိုဖွင့်ကြည့်ကာ ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက အမှောင်ထဲမှာ ကြောက်စရာကောင်းလောက်အောင် တောက်ပလို့ပေါ့။
“ငါက မင်းကိုစာမေးပွဲစစ်ရမယ့်သူလေ၊ ကောင်မလေးရဲ့။ ဒါကြောင့် မင်းရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လေ့လာပြီးအမှတ်ပေးဖို့ ဒီကျောင်းမှာလာနေနေတာပဲ။ ပြီးတော့ ဟိုအိမ်စေမလေးရဲ့ငါးကင်က အရသာရှိသား။”
ကြောင်ကြီးက ပြောပြောဆိုဆိုနဲ့ စားပြီးသားပန်းကန်ကို
လက်နဲ့တွန်းချလိုက်တယ်။ အေမီက ခေါင်မိုးစွန်းပေါ်ကနေ ကျလာတဲ့ပန်းကန်ကို အသာလေးဖမ်းလိုက်နိုင်တဲ့အတွက် မကွဲသွားဘူး။ အေမီကိုယ်တိုင်လည်း ကြောင်နက်ရဲ့စည်းကမ်းမဲ့ နေပုံထိုင်ပုံကို မကြည်ဖြူပေမဲ့ မကျေမနပ်စိုက်ကြည့်နေရုံသာ တတ်နိုင်ပါတယ်။
“မမလေးအတွက် ဒီနေ့ညတခြားဟင်းချက်ပေးချင်ပေမဲ့ အဲဒီကြောင်က ငါးကင်စားချင်တယ်ဆိုပြီး ကျွန်မကို အကြပ်ကိုင်လို့ ငါးကင်ပေးလိုက်ရတာပါ သခင်မလေး။
သခင်မလေးအကြိုက်မတွေ့ခဲ့ရင် တောင်းပန်ပါတယ်။”
အေမီက ပန်းကန်ကို လက်ထဲမှာကိုင်ထားရင်းကနေ မက်ဒါနာကို တောင်းပန်လိုက်တော့ မက်ဒါနာကခေါင်းခါပြတယ်။ “နင်ဘာချက်ချက် ငါကကြိုက်ပြီးသားပါ၊ အေမီ။ ဒါနဲ့ ကြောင်က နင့်ကိုဘယ်လိုအကြပ်ကိုင်ခဲ့တာလဲ။”
“ငါးမကင်ပေးရင် သူ့ကိုယ်သူအကြီးကြီးပြောင်းပြီး ကျောင်းပေါ်မှာလှဲအိပ်မယ်လို့ ပြောပါတယ်။”
“.....” မက်ဒါနာက ခေါင်မိုးပေါ်မှာ စတိုင်နဲ့ထိုင်နေတဲ့ ကြောင်ကြီးကိုကြည့်ပြီး ကျောချမ်းသွားတယ်။ ကြောင်က နည်းနည်းလေး အလိုမကျတာနဲ့ နယူးယောက်ဟီးရိုးကျောင်းကို ဇောက်ထိုးမိုးမျှော်လုပ်ပစ်ဖို့ စီစဥ်ထားတဲ့ပုံပဲ။
“မင်းတို့ကို ကြည့်နေရတာ ပျင်းဖို့ကောင်းလိုက်တာ။ မြို့ထဲတစ်ပတ်လျှောက်ပတ်လိုက်ဦးမယ်။ ကံကောင်းရင် ဆုံးမဖို့ အချောင်သမားလေးဘာလေးတွေ့ရမှာပေါ့။” ကြောင်နက်က ပြောပြောဆိုဆိုနဲ့ ခေါင်မိုးပေါ်ကနေ ခုန်ဆင်းပြီး ကျောင်းဝင်းထဲကနေ ထွက်ခွာသွားတယ်။
အဲဒီနောက် နည်းနည်းညပိုနက်တဲ့အထိ အတူထိုင်နေဖြစ်ပေမဲ့ တစ်ယောက်ယောက် သူ့အင်္ကျီလက်ကိုလာဆွဲနေတာ သတိထားမိပြီး လှည့်ကြည့်တော့ ဇွန်ဘီမလေးဖြစ်နေတာ တွေ့လိုက်ရတယ်။
“အာ၊ ဟယ်လို။ သမီးလေး ဘာလိုချင်လို့လဲ။” မက်ဒါနာက မေးလိုက်တော့ ကောင်မလေးက လက်နှစ်ဖက်လုံးကို
မြှောက်ပြတယ်။ တခြားသူတွေက ကောင်မလေးဘာကိုဆိုလိုတာမှန်း မသိပေမဲ့ မက်ဒါနာကတော့ ကလေးမလေးကို ကောက်ချီလိုက်တယ်။ ကလေးမလေးက မက်ဒါနာပခုံးပေါ်ရောက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားတယ်။
“ကြည့်ရတာ သူအိပ်ချင်နေပြီနဲ့တူတယ်၊ သူ့အိမ်ရာကို သွားပို့လိုက်ဦးမယ်။” မက်ဒါနာက ပြောပြောဆိုဆိုနဲ့ စမ်းသပ်ခန်းကို ပြန်သွားဖို့လုပ်ပေမဲ့ လီဆာက မက်ဒါနာရဲ့အင်္ကျီလက်ကို ဆွဲလိုက်ပြန်တယ်။
“လီဆာ၊ ဘာဖြစ်လို့လဲ။” လီဆာကို မက်ဒါနာပြန်ငုံကြည့်တော့ ပြုံးနေပေမဲ့ မနာလိုတဲ့အရိပ်အယောင်လေးတွေကို ကောင်မလေးမျက်လုံးထဲမှာမြင်နေရတယ်။
“မေမေ၊ သမီးကိုလည်းချီ။” လီဆာက သူ့လက်နှစ်ဖက်ကို မြှောက်ပြလိုက်တယ်။ မက်ဒါနာ တံထွေးမျိုချလိုက်မိတယ်။ လီဆာကိုယ်လုံးက နည်းတာမဟုတ်ဘူးလေ။ လူကြီးလောက်ဖြစ်နေပြီကို။
ဒါပေမဲ့ ချစ်စရာသမီးလေးကို မလွန်ဆန်နိုင်တာနဲ့ ဇွန်ဘီလေးကို ရှေ့ကချီ လီဆာကို ကုန်းပိုးရင်း စမ်းသပ်ခန်းဘက်ကို ပြန်သွားရတယ်။ ဇွန်ဘီလေးကို လုံခြုံရေးမြင့် ရေခဲသေတ္တာအိပ်ရာထဲ ထည့်ပေးပြီးနဲ့နောက် သားအမိနှစ်ယောက် နားနေခန်းဆီပြန်လာကြတယ်။ မိုးချုပ်ပြီး မှောင်မိုက်နေလို့ ကျောင်းမီးတွေလင်းလာပြီဖြစ်ပေမဲ့ တိုက်ပွဲကွင်းဘက်ကနေ တိုက်သံခိုက်သံတွေကြားနေရတုန်းပဲ။
“မေမေမက်ဒါနာရဲ့ပခုံးလေးက နူးညံ့နေတာပဲ။” မက်ဒါနာရဲ့ကျောပေါ်မှာရှိနေတဲ့ လီဆာက သူ့မေးနဲ့မက်ဒါနာရဲ့ပခုံးကို ပွတ်ရင်းပြောလိုက်တယ်။ မက်ဒါနာက လီဆာကို
ကုန်းပိုးထားရင်းကနေ အခုလိုပြောလိုက်ပါတယ်။
“ဟိုပြန်ရောက်ရင် အခန်းပြန်ပြီ စာပြန်လုပ်တော့ ဟုတ်ပြီလား။ ဟီးရိုးတစ်ယောက်က တိုက်ပွဲမှာပဲ ထူးချွန်နေလို့ မဖြစ်ဘူးလေ။”
“ဟုတ်၊ သမီးကြိုးစားပါ့မယ်။”
ဝန်ထမ်းအဆောင်ကိုရောက်တော့ မက်ဒါနာက လီဆာကို ပြန်ချပေးလိုက်တယ်။ လီဆာရဲ့ကိုယ်အလေးချိန် ရုတ်တရက်လျော့သွားပြီး မက်ဒါနာဟန်ချက်ပျက် လဲကျမလိုတောင် ဖြစ်သွားသေးတယ်။ မိရိုင်တို့တွေကတော့ မှောင်လာပြီမလို့ စာလုပ်တော့မယ်ဆိုပြီး ဝန်ထမ်းဆောင်နဲ့ကပ်လျက် ကျောင်းသားဘော်ဒါဆောင်ဆီ ကူးသွားကြပြီ။ လီဆာလည်း မက်ဒါနာကို နှုတ်ဆက်ပြီး ကျောင်းသားဆောင်ဆီပြန်တယ်။ မက်ဒါနာလည်း ဂိမ်းဆော့နေတဲ့ ဟိုအုပ်စုကို ဂရုမစိုက်တော့ဘဲ အဆောင်ခန်းထဲပြန် နားဖို့ဆုံးဖြတ်လိုက်တယ်။
...
အခန်းထဲပြန်ရောက်တော့ အေမီအွန်လိုင်းပေါ်ကနေမှာပေးထားလို့ အသစ်ရောက်နေတဲ့ ကိုယ်လုံးပေါ်မှန်ကြီးဆီကို အကြည့်ရောက်သွားမိတယ်။ မမလေးအင်္ကျီလဲရင် ကြည့်ဖို့ဆိုပြီး ဝယ်ပေးထားတာ။ တစ်နေကုန် စာသင်ရ ဝတ်စုံပြင်ရနဲ့ ပင်ပန်းနေပြီမလို့ လက်ရှိဝတ်ထားတဲ့ အဝတ်တွေအကုန်လုံးကိုချွတ်ပြီး ညအိပ်ဝတ်စုံပြောင်းဝတ်လိုက်တယ်။ အဝတ်လဲပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်မှန်ထဲ ပြန်ကြည့်မိတော့ ဆံပင်တုမချွတ်ရသေးမှန်း
မြင်လိုက်ရရော။
“ငါလေးက ဆံပင်အရှည်နဲ့လိုက်သားပဲ။” မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ခါးကိုလက်တစ်ဖက်နဲ့ထောက် ကိုယ်ကိုရှေ့ကိုင်းပြီး ကျန်လက်တစ်ဖက်နဲ့ မှန်ထဲက ကိုယ့်ကိုယ်ကိုယ် ဖလိုင်းကစ်ပေးလိုက်မိလေရဲ့။
“မက်ဒါနာ၊ နင်အဲဒါဘာလုပ်နေတာလဲဟင်။” ကံမကောင်းတာက တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ ဖလေရာဝင်လာတာ။ မက်ဒါနာ လှည့်ကြည့်တော့ ဖလေရာရဲ့နှာခေါင်းကနေ သွေးတွေစီးကျလာပြီး နောက်ကိုလဲကျသွားရော။ လင်ဒါကတော့ မက်ဒါနာကို ပြုံးစိစိနဲ့ကြည့်ရင်း...
“အာလေလေ၊ မက်ဒါနာ။ နင်တော့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး မရိုးတော့ဘူးနော်။ ဘယ်သူ့အတွက် ပဲများနေတာလဲ။ မဟုတ်မှလွဲရော၊ တို့အတွက်များလား။”
လင်ဒါက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရှေ့ကိုရောက်လာပြီး ခါးလေးကို ဆွဲဖက်လိုက်တာကြောင့် သိမ့်ခနဲခံစားလိုက်ရပြီး ရင်ခုန်လာတယ်။ လင်ဒါက ရဲရဲတင်းတင်းနဲ မက်ဒါနာကို နမ်းဖို့လုပ်နေတုန်း မျက်နှာသေနဲ့ အေမီက ကြားထဲဝင်လာပြီး နှစ်ယောက်ကို လူခွဲလိုက်တယ်။
“လင်ဒါ၊ ရှင့်ကို ကျွန်မဘလက်လစ်သွင်းထားတယ်ဆိုတာ မေ့နေတာလား။” လင်ဒါက အေမီကို လှည့်ကြည့်လိုက်တယ်။ အေမီက သုန်သုန်မှုန်မှုန်နဲ့ သူ့ကိုကြည့်နေရရင်းကနေ လင်ဒါနဲ့ဖလေရာကို ဂုတ်ကနေဆွဲပြီး အခန်းပြင်ပို့လိုက်တယ်။
အတော်လေးကြာမှ အခန်းထဲပြန်ရောက်လာပြီး မက်ဒါနာကို အိမ်စေစတိုင်အပြည့်နဲ့ ဦးညွှတ်လိုက်လေရဲ့။ “အခန်းထဲက အမှိုက်ထုပ်နှစ်ထုပ်ကို စနစ်တကျစွန့်ပစ်ပြီးပြီမလို့ စိတ်ချလက်ချအိပ်လို့ရပါပြီ၊ မမလေးရှင့်။ ပြီးတော့ နောင်ကိုအခန်းထဲဝင်ပြီးတာနဲ့ တံခါးသော့ခတ်ဖို့မမေ့ပါနဲ့။”
“ငါက နင်ရောက်မလာသေးလို့ သော့မခတ်ဘဲထားခဲ့တာဟဲ့။” မက်ဒါနာက ဆင်ခြေပေးလိုက်ပေမဲ့ အေမီက အနားကပ်လာပြီး မက်ဒါနာရဲ့မျက်လုံးတွေထဲကို ရဲရဲစိုက်ကြည့်တယ်။
“မမလေး၊ ကျွန်မအထဲဝင်မယ်ဆိုရင် တံခါးခေါက်လိုက်လို့ရတယ်လေ။ မမလေးကိုယ့်ဘာသာ တံခါးသော့ခတ်ဖို့
မေ့သွားတာမဟုတ်ဘူးလား။”
“အဟီးဟီး၊ ငါ့ကိုယ်ငါ မှန်ထဲကြည့်နေမိတာနဲ့ ပိတ်ဖို့မေ့သွားတာပါ။”
နောက်တော့ မက်ဒါနာလည်း တခြားဘာမှလုပ်စရာမရှိတာနဲ့ အိပ်ရာပေါ်တက်ပြီး ဖုန်းစသုံးတယ်။ တကယ်က နိုင်ငံတကာသတင်းတွေကို လိုက်ဖတ်ကြည့်နေတာပါ။ အခုရက်ပိုင်း သိပ်ထူးခြားတာမျိုးမရှိသေးပေမဲ့ ဖရာလီတာက သူ့စစ်သင်္ဘောကြီးနဲ့အတူ တကမ္ဘာလုံးအနှံသွားနေပြီး အသစ်ထုတ်လုပ်ထားတဲ့ မြို့ကာကွယ်ရေးစနစ်တွေကို လိုက်တပ်ဆင်ပေးနေတယ်။
“ငါက ကျောင်းမှာအလေလိုက်နေပေမဲ့ ဖရာလီတာက အလုပ်ရှုပ်နေတာပဲ။”
....
နယူးယောက်ရှိ စူပါအမေရိကကျောင်းခွဲ၊ ညပိုင်း။
ကျောင်းအုပ်ရုံးခန်းထဲမှာတော့ စူပါအမေရိကကျောင်းခွဲရဲ့ကျောင်းအုပ်က အစီအရင်ခံစာတစ်စောင်ကို ဖတ်ရှုနေပါတယ်။ ဒီကျောင်းအုပ်က အိုင်ဗီကို ဆရာဖြစ်စာမေးပွဲဆီပို့ခဲ့တဲ့ ကျောင်းအုပ်ပဲဖြစ်ပြီး လအနည်းငယ်ကုန်ဆုံးပြီးတဲ့နောက် သူ့ဆံပင်တွေက ပိုဖြူလာပုံပေါ်တယ်။အစီရင်ခံစာကို ဖတ်ရှုပြီးတဲ့နောက်တော့ မယုံနိုင်တဲ့လေသံမျိုးနဲ့ အတွင်းရေးမှူးဖြစ်သူကို ပြောလိုက်လေရဲ့။
“ဒီလောက်အားနည်းပြီး ပိတ်ရမလိုဖြစ်နေတဲ့ကျောင်းက ပထမနှစ်ဝက်မှာတင် B အဆင့် ဟီးရိုးတာဝန်ကို အောင်မြင်တဲ့ ကျောင်းသားတွေထွက်ပေါ်လာတာလား။
အတော်လေးထူးဆန်းတာပဲ။”
အသက်လေးဆယ်လောက်ရှိပြီဖြစ်တဲ့ အမျိုးသမီးက မျက်မှန်ကို ပင့်တင်လိုက်ရင်း ရင့်ကျက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ “ဟုတ်ကဲ့၊ အီဗန်ဘလက်ဆိုတဲ့ ကျောင်းသားလေးက B အဆင့်ကိုရောက်နေပြီးတော့ C အဆင့်က တခြားကျောင်းသားတချို့လည်း ရှိနေပါသေးတယ်။”
“ဟုတ်လား၊ ငါတို့ကျောင်းက A အဆင့် ဂျူလီယာနဲ့ ယှဥ်လို့ရတဲ့ကျောင်းသားမျိုးမရှိသေးပေမဲ့ အထင်သေးလို့တော့ မရသေးဘူးပဲ။ ငါတို့သူတို့ကျောင်းရဲ့စွမ်းအားကို သိရဖို့အတွက် စမ်းသပ်သင့်ပြီလို့ထင်တယ်။”
ကျောင်းအုပ်က ပြောလိုက်တော့ အတွင်းရေးမှူးအမျိုးသမီးက ခေါင်းညိတ်လိုက်တယ်။ “ကျောင်းအုပ်ဆန္ဒရှိရင် မနက်ဖြန်ကျောင်းသားတစ်စုကိုလွှတ်ပြီး စနည်းနာခိုင်းလိုက်မယ်လေ။ အဲဒါပြီးမှ လိုအပ်တာတွေစီစဥ်ပြီး ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဗိုလ်ဆွဲအောင်လုပ်ကြတာပေါ့။”
ကျောင်းအုပ်က သဘောတကျနဲ့ ရယ်မောလိုက်တယ်။ သူ့ရယ်သံကြီးက ရုံးခန်းတစ်ခုလုံး ပဲ့တင်သံထပ်သွားလေရဲ့။ “ခုနှစ်ပထမရတဲ့ကျောင်းကို သမ္မတကြီးက အထူးဆုတစ်ခုပေးလိမ့်မယ်လို့ ရေဂင်ပြောထားတာရှိတယ်။ ငါတို့အခွင့်အရေးနဲ့လွဲလို့မဖြစ်ဘူး။”
....
မက္ကဆီကိုရှိ ရှေးပိရစ်မစ်တစ်ခုအတွင်း။
ရေဂင်က သူ့လူတချို့နဲ့အတူ ပိရစ်မစ်ကြီးရဲ့အပေါက်ကနေတစ်ဆင့် အောက်ကိုကြိုးနဲ့ဆင်းသွားလိုက်တယ်။ အတွင်းပိုင်းမှာတော့ လူတစ်ရပ်လောက်မြင့်တဲ့ လည်ချောင်းဆူးပါ ဓားခုတ်ကောင်မျိုးစိတ်ဝင် ပိုးကောင်ထောင်ချီက သူတို့ကိုအညိုရောင်မျက်လုံးတွေရဲ့ စိုက်ကြည့်နေကြတယ်။ ဓားခုတ်ကောင်တွေရဲ့ဓားလိုလက်တွေက ဘယ်ညာယိမ်းနေကြပြီး တကယ့်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။ သူတို့တွေက အခုဝင်လာတဲ့သူတွေကို ရန်သူမိတ်ဆွေခွဲခြားဖို့ ကြိုးစားနေကြပုံပေါ်ပြီး တိုက်ခိုက်ဖို့အသင့်ပြင်နေကြပုံပါပဲ။
ရေဂင်က တစ်ချက်ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ဖောင်းပွလာတယ်။ အပြာရောင်ပိုးတောင်မာတစ်ကောင်ရဲ့ပုံစံအဖြစ် ပြောင်းလဲသွားပြီးနောက် သူက သာမန်လူတွေနားမလည်နိုင်တဲ့ ကမ္ဘာပေါ်ကမဟုတ်တဲ့ ဘာသာစကားတစ်ခုနဲ့ ဓားခုတ်ကောင်တွေကို ဆက်သွယ်လိုက်တယ်။
“ငါက မိတ်ဆွေပဲ၊ မျိုးပွားမိခင်ကြီး ဘယ်မှာလဲ။” (ပိုးကောင်ဘာသာစကားဖြင့်။)
မိရစ်မစ်အတွင်းပိုင်းတစ်နေရာလုံး ပြည့်နှက်နေခဲ့တဲ့ ပိုးကောင်တွေက ရေဂင်တို့သွားဖို့အတွက် လမ်းစဖွင့်ပေးတယ်။ ရေဂင်က ကြောက်ရွံခြင်းမရှိဘဲ အဲဒီလမ်းအတိုင်း ရှေ့ဆုံးကနေ စသွားတယ်။
မကြာခင်မှာပဲ သူတို့တွေမှောင်မိုက်နေတဲ့ မြေအောက်ဂူထဲကို ရောက်လာပြီး ရပ်လိုက်ကြတယ်။ အမှောင်ထဲကို သူတို့သေချာမမြင်ရပေမဲ့ အင်အားကြီးတဲ့ တည်ရှိမှုတစ်ခု ရှိနေတာကိုတော့ ခံစားနိုင်ကြပါတယ်။
“ပိုးတောင်မာတွေ၊ တခြားပိုးကောင်တွေရဲ့ပိုင်နက်ကို အကြောင်းမရှိဘဲ မလာရဘူးဆိုတာ မသိဘူးလား။” (ပိုးကောင်ဘာသာစကားဖြင့်။)
အမှောင်ထုရဲ့အနက်ပိုင်းကနေ သာမန်လူတွေနားလည်ဖို့ခက်တဲ့ စကားသံတစ်ခု ထွက်ပေါ်လာတယ်။ အဆင့်နိမ့်တဲ့ ပိုးကောင်တွေဟာ အဲဒီစကားလုံးတွေရဲ့နောက်ကွယ်က ဒေါသကိုခံစားမိဟန်နဲ့ ဒူးထောက်ကျကုန်တယ်။ ရေဂင်တစ်ယောက်သာ မတ်တပ်ရပ်လျက်ရှိနေပါတယ်။
“အချိန်ကျလာပြီ၊ ဘုရင်မက တိုက်ခိုက်နိုင်သူတွေ အလျင်အမြန်ရောက်လာဖို့ အလိုရှိနေတယ်။” (ပိုးကောင်ဘာသာစကားဖြင့်။)
ရေဂင်ပြောလိုက်တော့ အတော်ကြာတဲ့အထိ အတွင်းထဲကနေ ဘာစကားသံမှထွက်ပေါ်မလာဘဲ တိတ်ဆိတ်နေခဲ့တယ်။ အတန်ကြာမှ အထဲကနေ လေအေးတွေတိုက်လာပြီး ပိုပြီးပြင်းထန်တဲ့ စကားသံတစ်ခုထွက်ပေါ်လာပါတော့တယ်။
“အသင့်မဖြစ်သေးဘူး၊ ဒီမျိုးစိတ်အတွက် သင့်တော်သူ ရှာမရသေးဘူး။” (ပိုးကောင်ဘာသာစကားဖြင့်)
ရေဂင်ကတော့ သူ့အကွက်ထဲ ဝင်လာပြီဆိုတဲ့ပုံစံနဲ့ သွားဖြူဖြူတွေပေါ်တဲ့အထိ ပြုံးလိုက်ပြီး အခုလိုပြန်ဖြေပါတယ်။ “တကယ်လို့ ကျုပ်က သင့်တော်သူရှာပေးပြီးပြီဆိုရင်ရော။” (ပိုးကောင်ဘာသာစကားဖြင့်။)
“သူ့ကိုခေါ်ခဲ့၊ ငါကိုယ်တိုင်ဆုံးဖြတ်မယ်။” (ပိုးကောင်ဘာသာစကားဖြင့်။)
ပိုးကောင်မိခင်ကြီးဆီကနေ ခွင့်ပြုချက်ရပြီးတဲ့နောက်မှာတော့ ရေဂင်က သူ့လက်အောက်ခံ ပိုးတောင်မာတွေကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ မကြာခင်မှာပဲ ပိုးကောင်တချို့က အလောင်းထည့်တဲ့အိတ်ကြီးတစ်ခုကို သယ်လာကြတယ်။ အထဲမှာအထည့်ခံထားရတဲ့သူက အသက်ရှင်နေသေးပုံရပြီး ရုန်းကန်အော်ဟစ်နေတယ်။ ဒါပေမဲ့ ပါးစပ်ပိတ်ခံထားရလို့ ဝူးဝူးဝါးဝါးအသံအပြင် ဘာမှမကြားရဘူး။
ပိုးတောင်မာတွေက ဂူထဲကိုမဝင်ရဲဟန်နဲ့ အိတ်ကိုပဲ အတွင်းထဲပစ်ပေးလိုက်တယ်။ မကြာခင်မှာပဲ အတွင်းကနေ ရုန်းကန်လှုပ်ရှားသံတွေနဲ့ အော်ဟစ်သံတွေထွက်ပေါ်လာပြီး ငြိမ်ကျသွားတယ်။
ငါးမိနစ်လောက် ကြာတဲ့အချိန်မှာတော့ တစ်ကိုယ်လုံး
အစိမ်းရောင်တောက်နေပြီး လက်ဖျံမှာဓားလိုအချွန်တွေရှိနေတဲ့ လူတစ်ယောက်ဂူနက်ထဲကနေ ထွက်လာတယ်။ ပိုးကောင်မိခင်ကြီးရဲ့အသံကိုတော့ မကြားရတော့ဘူး။ ဂူက မှောင်မိုက်လွန်းလို့ ထွက်လာတာ အထီးလားအမလားတောင် မသည်းကွဲပေမဲ့ ဓားခုတ်ကောင်တွေအကုန်လုံး ဒူးထောက်နေကြပြီး ပျော်ရွှင်စွာဟစ်ကြွေးနေကြတယ်။
ရေဂင်ကတော့ အတိုင်းထက်အလွန် ပြုံးနေရင်း အဲဒီအရိပ်နက်ကို ပြောလိုက်တယ်။ “စစ်မြေပြင်သစ်ကနေ ကြိုဆိုပါတယ်၊ မိတ်ဆွေကြီး။ ရန်သူတွေ သွေးမြေခရမယ့် အချိန်ရောက်ပြီ။”