← Chapters

မဟူရာဦးချိုု ပွဲရုံ

Vol. 41 Ch. 558

မဟူရာဦးချိုု ပွဲရုံ

Vol. 41 Ch. 558

" ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားဆန္ဒ"

ကောင်းကင်ယံ တစ်နေရာမှာတော့  ကောင်းကင်အရောင်နဲ့ တစ်သွေမတိမ်း တူညီတဲ့ အကာအကွယ် စက်လုံးတစ်ခု ရှိပြီး အဲသည်စက်လုံးထဲမှာတော့ လူကြီးတစ်ယောက်နဲ့ မိန်းမငယ်လေး တစ်ယောက် ရှိနေပါတယ် ။

အဲသည်မိန်းမငယ်လေးကတော့ ချီကျွင်းကျွင်းဖြစ်ပြီး သူမဘေးက လူကြီးကတော့ သူမရဲ့ ဦးလေးနံပါတ်ငါး ပါပဲ ။

နံပါတ်ငါး ဦးလေးကတော့ လီဖူချန်းရဲ့ ဓားဆန္ဒကို ကြည့်ပြီး အတော်လေး အံ့အားသင့်နေခဲ့ပါပြီ ။

သူက မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဖြစ်ပေမယ့် ဓားသိုင်းပညာ ကျွမ်းကျင်မှု အပိုင်းမှာတော့ လီဖူချန်းကို လုံးဝ မမီသေးပါဘူး ။

လီဖူချန်းရဲ့ လက်ချောင်းတွေကနေ ဖြစ်တည်လာတဲ့ ဓားဆန္ဒထဲမှာက  နက်ရှိုင်းတဲ့  ကောင်းကင်အဆင့် ဥပဒေသတွေ ပါနေတယ်ဆိုတာ အသိသာကြီးပါပဲ ။ ပြီးတော့ အဲသည်ဥပဒေသတွေက အင်မတန် အားကောင်းပြီး အလွန်အမင်း ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေပါသေးတယ် ။

"ကျွင်းကျွင်း…… နင့်ကောင်လေးက ထင်သလောက် မရိုးရှင်းဘူး ။ ဦးလေး ထင်တာ မမှားဘူး ဆိုရင်တော့ သူက ဘုရင်အဆင့် ဂိုဏ်းတစ်ခုခုက အကြွင်းမဲ့ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ် "

နံပါတ်ငါး ဦးလေးက ချီကျွင်းကျွင်းကို လှမ်းပြောလိုက်ပါတယ် ။

ချီကျွင်းကျွင်းက ခေါင်းညိတ်လိုက်ပြီး

"  တုကူးကျန်းရန်က သူ့ရဲ့ ထွတ်ခေါင် ဆရာသခင် အဆင့်နဲ့ လူငယ်မျိုးဆက် အကုန်လုံးကို အနိုင်ယူနိုင်မယ်လို့ သွေးနားထင် ရောက်နေတာ ။ သူက သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ တကယ့် ပါရမီရှင်ကိုတော့ မကြည့်မြင်နိုင်ခဲ့ဘူး ။ အဲဒါက တကယ့် ဟာသပဲ ။ သူက ထွတ်ခေါင် ဆရာသခင် အဆင့်ရဲ့ အထက်မှာ မဟာဆရာသခင် အဆင့် ၊ အုပ်စိုးသူ ဆရာသခင် အဆင့်နဲ့ မဟာအကျော်အမော် ဆရာသခင် အဆင့်တွေ ရှိနေသေးတယ်ဆိုတာ မေ့နေပုံရတယ် "

( note - ဒါက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီး ဖြစ်တဲ့အတွက် ဆရာသခင် အဆင့်တွေကို ခွဲထားခြားပုံက ပိုများနေတာ ဖြစ်လောက်ပါတယ် ။)

အုပ်စိုးသူ ဆရာသခင်တွေ ဆိုတာက သာမန် အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ရင်ဆိုင်နိုင်စွမ်း ရှိသူတွေပါ ။

ဒါပေမဲ့ မဟာအကျော်အမော် ဆရာသခင်တွေကတော့ သာမန် အဆင့်နိမ့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင် သတ်ပစ်နိုင်စွမ်း ရှိပါတယ် ။

"မဖြစ်နိုင်ဘူး "

တုကူးကျန်းရန်က မျက်လုံး အပြူးသား ဖြစ်နေခဲ့ပါပြီ ။

" ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးကွ ။ မိုးကြိုးနဂါး ငါးကောင် လာစမ်း "

အဲသည်နောက်မှာတော့ သူက ထူးဆန်းတဲ့ လက်ဟန်တချို့ကို ပြုလုပ်လိုက်ပြီး မိုးကြိုးနဂါး ငါးကောင်ကို ဆင့်ခေါ်လိုက်ပါတယ် ။အဲဒ့ကတော့ သူ့ရဲ့ မိုးကြိုး နတ်ဘုရားစွမ်းရည်ပါပဲ ။

" သေစမ်း "

အဲသည်နောက်မှာတော့ သူက လီဖူချန်းကို ထိုးချလိုက်ပါတော့တယ် ။

တုကူးကျန်းရန်က သူ့ရဲ့ မိုးကြိုး နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးဘူးဆိုရင် ထွတ်ခေါင် ဆရာသခင် အဆင့်ကို မရောက်နိုင်ပါဘူး။ သူ့ရဲ့ မိုးကြိုး နတ်ဘုရားစွမ်းရည်က သူ့ရဲ့ အစွမ်းကို အနည်းဆုံး ၅၀ ခိုင်နှုန်း မြှင့်တင်ပေးတာ ဖြစ်ပါတယ် ။

ဂျိန်း……ဂျိန်း……ဂျိန်း……

ကောင်းကင်ယံမှာတော့ မိုးကြိုး စည်းတံဆိပ်တစ်ခု ဖြစ်တည်လာပြီး   အဲသည် စည်းတံဆိပ်က ပတ်ဝန်းကျင် တစ်ခုလုံးကို မိုးကြိုးပင်လယ်ကြီး တစ်ခု ဖြစ်သွားစေခဲ့ပါပြီ ။

ဝုန်း……ဝုန်း……

မြေပြင်ပေါ်မှာ ရှိနေတဲ့ အပင်တွေ အားလုံးဟာလည်း မိုးကြိုးတွေကြောင့် လောင်ကျွမ်းပြာကျကုန်ပါတယ် ။တကယ်လို့သာ သည်နေရာမှာ  ပြန်လည်ဝင်စားခြင်း နယ်ပယ် ထိပ်သီးပညာရှင်တစ်ယောက် ရှိနေမယ် ဆိုရင် အဲသည်ပညာရှင်ဟာ သည်မိုးကြိုးပင်လယ်ထဲကနေ ဘယ်လို အကြောင်းအရင်းမျိုးနဲ့မှ  အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာ မဟုတ်ပါဘူး ။

" သွားစမ်း "

တုကူးကျန်းရန်ရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုကို ကြုံရတာတောင်မှ လီဖူချန်းက ပျင်းရိပျင်းတွဲ အမူအယာနဲ့ ရှိနေဆဲပါပဲ ။ သူက သည်တစ်ကြိမ်မှာလည်း ဓားကို မထုတ်ဘဲ သူ့ရဲ့ ဓားလက်ချောင်းနဲ့ဲ ပြန်လည် တိုက်ခိုက်လိုက်ပါတယ် ။

သည်ဓားချက်ကတော့ လောင်ကျွမ်းခြင်းဓား ပါပဲ ။

ရွှမ်း……

ဘန်း……ဘန်း……ဘန်း……

လေထုဟာ ရုတ်တရက် သိပ်သည်းသွားပြီး ပြန်လည်ကျယ်ပြန့်လာတဲ့ အခါမှာတော့ ပေါက်ကွဲမှုတွေကို ဆက်တိုက် ဖြစ်ပွားစေပါတော့တယ် ။

အဲသည်နောက်မှာတော့  မိုးကြိုးစည်းတံဆိပ်ဟာ ရစရာ မရှိအောင်  ပေါက်ကွဲ ပျက်စီး သွားခဲ့ပါပြီ ။

" ဝေါ့ "

တုကူးကျန်းရန်ကတော့ သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပြီး အနောက်ကို လွင့်ထွက်သွားပါတော့တယ် ။

" မင်း…… မင်းက…… ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းက မဟာဆရာသခင် တစ်ပါးလား "

တုကူးကျန်းရန်က စကား အထစ်ထစ် ၊ အငေါ့ငေါ့နဲ့ မေးလိုက်ပါတယ် ။

လီဖူချန်းက မဟာဆရာသခင် မဟုတ်ဘဲနဲ့တော့ သူ့ကို အခုလို အလွယ်တကူ အနိုင်ယူနိုင်စရာ အကြောင်း မရှိပါဘူး ။ပိုပြီး အံ့သြစရာ  ကောင်းတာကတော့ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က အခုမှ  တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၄မှာသာ ရှိနေသေးတာပါပဲ ။

နန်အန်းစီရင်စုမှာက မဟာဆရာသခင် အဆင့် အစွမ်းရှိတဲ့ လူငယ်တွေဟာ အယောက်၂၀ထက် မပိုပါဘူး ။ ပြီးတော့ တုကူးကျန်းရန်ဟာ အဲသည် လူငယ်တွေ အားလုံးကို ကောင်းကောင်းကြီး သိထားပါတယ် ။

သူမသိတာဆိုလို့ ဘုရင်အဆင့် ဂိုဏ်းတွေက မဟာဆရာသခင်တွေပဲ ရှိတာပါ ။ လီဖူချန်းက အဲသည်  ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းက မဟာဆရာသခင် တစ်ပါးပဲ ဖြစ်ရပါမယ် ။ ပြီးတော့ လီဖူချန်းဟာ သာမန် ဂိုဏ်းတပည့် တစ်ယောက်တောင် မဟုတ်လောက်ပါဘူး ။ သူက လက်ရွေးစင် ဘုရင်အဆင့် ဂိုဏ်းတပည့် ဟုတ်ရင်ဟုတ် အဲဒါမှမဟုတ်ရင် ဧကရာဇ်အဆင့် ဂိုဏ်းတပည့်ပါပဲ ။

လီဖူချန်းရဲ့ နောက်ခံကို ရိပ်စားမိပြီးသွားတဲ့ နောက်မှာတော့ တုကူးကျန်းရန်က ယင်ကောင်အသေ တစ်ကောင်ကို မျိုချလိုက်မိသလို ခံစားလိုက်ရပါတယ် ။

တုကူးကလန်က  မြို့စားစံအိမ် မဟုတ်ပါဘူး ။ မြို့စားစံအိမ်က လဝန်းနီ အင်ပိုင်ယာရဲ့ အရှိန်အဝါကို အသုံးချပြီး ဘုရင်အဆင့် ဂိုဏ်းတွေကို ဖိနှိပ်နိုင်ပေမယ့် တုကူးကလန်ကတော့ ဘုရင်အဆင့် ဂိုဏ်းတွေကို ဖိနှိပ်ဖို့ ကြိုးစားမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ ဖြစ်နေပါလိမ့်မယ် ။

ဘုရင်အဆင့် ဂိုဏ်းတွေဆိုတာက များပြားလှတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းတွေချည်းပါပဲ ။ ဒါပေမဲ့ တုကူးကလန်ကတော့ အလယ်အလတ်အဆင့် မူလပင်လယ်နယ်ပယ် ဘုရင်နှစ်ပါးကိုသာ ပိုင်ဆိုင်ထားတာပါ ။သူတို့ ကလန်တစ်ခုလုံးပေါင်းရင်တောင်မှ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းက အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။

တကယ်လို့ တုကူးကလန်က မြို့စားစံအိမ်ကို အကူအညီ တောင်းရင်လည်း မြို့စားစံအိမ်က မသိချင်ယောင် ဆောင်နေမှာပါပဲ ။ မြို့စားစံအိမ်ကလည်း အရူးတွေ မဟုတ်ပါဘူး ။ သူတို့က ခိုင်မာတဲ့  အကြောင်းအရင်း တစ်စုံတစ်ရာ မရှိဘဲနဲ့တော့ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းကို ရန်စမှာ မဟုတ်ပါဘူး ။

တကယ်လို့ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းက အမှန်တကယ် ဒေါသထွက်သွားပြီဆိုရင် သူတို့က မြို့စားစံအိမ်ကို တစ်ညတည်းနဲ့ အပျောက်ရှင်းပြီး ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ထွက်သွားလို့ ရပါတယ် ။

အတိတ်တုန်းက သည်လို ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေကလည်း အထင်းသားပါပဲ ။

လီဖူချန်းက သူဟာ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းက ဖြစ်တယ်ဆိုတာင် မငြင်းလိုက်ပါဘူး ။

"ဟမ့် …… မင်းတို့ တုကူးကလန်က သည်အဆင့်နဲ့ ကောင်းကင်ကြီး တစ်ခုလုံးကို လက်ဝါးကြီး အုပ်နိုင်ပြီ ထင်နေတာလား  ။ သည်တစ်ကြိမ်တော့ ငါက မင်းတို့ တုကူးကလန်ကို မျက်နှာသာ ပေးလိုက်မယ် ။  နောက်တစ်ကြိမ်ဆိုရင်တော့ ငါ့ကို အဆိုးမဆိုနဲ့ "

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ချာခနဲလှည့်ပြီး ထွက်ခွာသွားခဲ့ပါပြီ ။

" လခွီးပဲ …… သေလိုက်စမ်းပါကွာ "

တုကူးကျန်းရန်ကတော့ မြေကြီးကို လက်သီးနဲ့  တဒုန်းဒုန်း ထုရင်း ကျန်နေခဲ့ပါတော့တယ် ။ သူ့ရဲ့ အဖြစ်ကတော့ တကယ်ကို ဆိုးဝါးလှတယ်လို့ ဆိုရပါမယ် ။

သူက လီဖူချန်းကို အနိုင်မယူနိုင်ခဲ့သလို  လီဖူချန်းကို ဆုံးမဖို့အတွက် ကလန်ကိုပြန်ပြီး မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို အကူအညီ တောင်းရင်လည်း ကလန်က ခွင့်ပြုမှာ မဟုတ်ဘူး ။

တစ်ဖက်လူက ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းတပည့်တစ်ယောက် မဟုတ်ပါလား ။

" လီဖူချန်း……မင်း စောင့်ကြည့်နေလိုက် ။ သည်ကိစ္စက သည်မှာတင် မပြီးသေးဘူးကွ "

တုကူးကျန်းရန်က သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့ သွေးတွေကို သုတ်နေရင်းနဲ့ ကြိမ်းဝါးလိုက်ပါသေးတယ် ။အဲသည်နောက်မှာတော့ သူဟာ နန်ရှန်းမြို့ကို  ပြန်ပြီး ပျံသန်းသွားခဲ့ပါပြီ ။

" ကျွင်းကျွင်း…… သမီးစိတ်ဝင်စားနေတဲ့ ကောင်လေးက ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းကပဲ ။ သမီးအနေနဲ့ ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း တပည့်တစ်ယောက်ကို အပေါင်းအသင်း လုပ်ချင်တယ်ဆိုရင် သတိထားရမယ် ။ သည်ကုန်းမြေတိုက်ပေါ်မှာ ရှိတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ အခြေအနေက မတည်ငြိမ်ဘူး ။ သူတို့တွေက တစ်ညတည်းမှာ အမြစ်ပြတ် သုတ်သင်ရှင်းလင်းတာကိုတောင် ခံရင် ခံနေရမှာ "

နံပါတ်ငါး ဦးလေးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ချီကျွင်းကျွင်းကို ပြောလိုက်ပါတယ် ။

ဘုရင်အဆင့် ဂိုဏ်းတွေက တန်ခိုးသြဇာထက်ပြီး မြို့စားစံအိမ်တွေတောင်မှ သာမန်အခြေအနေတွေမှာ ရန်မစရတာ အမှန်ပါပဲ ။ ဒါပေမဲ့လည်း သည်ကုန်းမြေတိုက်မှာရှိတဲ့  ဘုရင်အဆင့် ဂိုဏ်းတွေဟာ မိုးဦးကျမှာ ပေါက်တဲ့ မှိုတွေလို များပြားလွန်းလှပါတယ် ။ ပြီးတော့ သူတို့တွေဟာ တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း မတည့်ကြပါဘူး ။အဲသည်အတွက် ဘုရင်အဆင့် ဂိုဏ်းတွေဟာ တစ်ညတည်းနဲ့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားနိုင်တဲ့ အလားအလာရှိတဲ့ အဖွဲ့အစည်းတွေလို့  ဆိုရပါမယ် ။

ချီကျွင်းကျင်း ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။

" နံပါတ်ငါးဦးလေး…… သမီး သဘောပေါက်ပါတယ် "

သူမက သည်ကုန်းမြေတိုက်မှာ ရှိတဲ့ ဘုရင်အဆင့် ဂိုဏ်းတွေရဲ့ မတည်မြဲတဲ့ သဘောသဘာဝကို ကောင်းကောင်းကြီး သိထားပြီးသားပါပဲ ။ ဒါပေမဲ့ အဲသည်ဂိုဏ်းတွေဟာ အလားအလာ အကောင်းဆုံးရှိတဲ့ အဖွဲ့အစည်းတွေဆိုတာကိုလည်း သူမက ကောင်းကောင်းကြီး သိထားပါတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဘုရင်အဆင့် ဂိုဏ်းတွေ ဆိုတာက မတူညီတဲ့ ကုန်းမြေတိုက် အသီးသီး အကြွင်းမဲ့ ပါရမီရှင်တွေကို စုစည်းထားတဲ့ အဖွဲ့အစည်းတွေပါပဲ ။ တကယ်လို့သာ မဟာကံကောင်းမှုမျိုးနဲ့ ကြုံခဲ့ရမယ်ဆိုရင် သူတို့ရဲ့ ဂိုဏ်းတပည့်တွေထဲက တစ်ယောက်ဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းပြီး ဧကရာဇ်တစ်ပါး ဖြစ်သွားနိုင်ပါတယ် ။ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါး ရှိတဲ့ ဂိုဏ်းအဖွဲ့အစည်း တစ်ခုဟာ ဧကရာဇ်အဆင့် ဂိုဏ်းအဖွဲ့အစည်း တစ်ခုပင် မဟုတ်ပါလား ။

သည်ကိစ္စနဲ့ ပက်သက်ပြီး ဥပမာ ပြရမယ် ဆိုရင်တော့  ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကိုသာ ပြရမှာပါပဲ ။ ဟိုးအရင်တုန်းကဆိုရင် သည်ကုန်းမြေတိုက်မှာက မဟာဧကရာဇ် ဂိုဏ်းအဖွဲ့အစည်းလို့ ခေါ်တဲ့  ဂိုဏ်းအဖွဲ့အစည်းက ၇ခုကလွဲပြီး  တခြား ဧကရာဇ်အဆင့် ဂိုဏ်းတွေ မရှိပါဘူး ။ ဒါပေမဲ့ အခုတော့ ဧကရာဇ်ကောင်းကင်တိုက်မှာ ရှိနေတဲ့ ဧကရာဇ်အဆင့် ဂိုဏ်းအဖွဲ့အစည်းတွေဟာ အတော်လေးကို များပြားလာခဲ့ပါပြီ ။  အခုလက်ရှိ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာက  မဟာဧကရာဇ်အဆင့် ဂိုဏ်းအဖွဲ့အစည်း ၇ခုအပြင် တခြား အဆင့်နိမ့် ဧကရာဇ်အဆင့် ဂိုဏ်းအဖွဲ့အစည်းတွေ တော်တော်များများပါ ရှိနေပါသေးတယ် ။

ချီကျွင်းကျွင်းရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ အရိုးတည်တောက်ပုံဟာ  အနိမ့်ဆုံး ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံပါပဲ ။ လီဖူချန်းဟာ နောင်အနာဂတ်မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ပြီး အုပ်စိုးသူ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာ အများကြီး ရှိပါတယ် ။

…………

ဟုံးဟူမြို့ကြီး……

သည်မြို့ကတော့ နန်အန်းစီရင်စုရဲ့ အဓိကမြို့ကြီး ဆယ်မြို့ထဲမှာ တစ်မြို့ အပါအဝင်ဖြစ်ပြီး နန်ရှန်းမြို့ကြီးနဲ့ အနီးဆုံး မြို့ကြီးတစ်မြို့  ဆိုရင်လည်း မမှားပါဘူး ။

( note - နန်အန်း= တောင်အရပ်ကနေ ။ နန်ရှန်း =တောင်အရပ်မှာ ရှိတဲ့ တောင် ။ ဟုံးဟူ =ရေကန်နီ )

နန်ရှန်းမြို့ကြီးနဲ့ အလားတူပါပဲ ။ ဟုံးဟူမြို့ကြီးမှာလည်း ကျောက်တုံးလောင်းကစားရုံ တစ်ရုံ ရှိပါတယ် ။

လီဖူချန်းက ဟုံးဟူမြို့ကို ရောက်ရောက်ချင်းမှာ ကျောက်တုံးလောင်းကစားရုံဆီကို တန်းပြီး မသွာ့းခဲ့ပါဘူး ။ လက်ရှိ သူ့ဆီမှာက အရင်းအနှီး နည်းနည်းပါးပါးသာ ကျန်တော့တာပါ  ။ အဲသည်အတွက် သူ့အနေနဲ့  ကျောက်တုံးလောင်းကစားရုံကို မသွားခင်မှာ သူ့ဆီမှာ ရှိနေတဲ့ ကောင်းကင်ဘုံကျောက်တုံး တစ်သုတ်လောက်ကို အရင်ဦးဆုံး ရောင်းရပါဦးမယ် ။

မဟုတ်လို့ကတော့ သူဟာ ကျောက်တုံးလောင်းကစားရုံမှာ ဘာကိုမှ ဝယ်နိုင်မှာ မဟုတ်ဘဲ သည်အတိုင်း ရပ်ကြည့်ပြီး ပြန်ခဲ့ရမှာ ဖြစ်ပါတယ် ။

" သည်ဟုံးဟူမြို့မှာက  မြေအောက် မှောင်ခိုဈေးကွက် နည်းနည်းပါးပါးတော့ ရှိရမယ် "

လီဖူချန်းက တွေးမိလိုက်ပါတယ် ။

သည်လိုမြို့ကြီးမျိုးမှာက အမှောင်ဘက်ခြမ်းမှာ ကျင်လည်ကျက်စားလေ့ရှိတဲ့  လူတွေလည်း သေချာပေါက် ရှိနေမှာပါပဲ ။

အလင်းနဲ့အမှောင်ဆိုတာက အမြဲဒွန်တွဲ တည်ရှိနေလေ့ရှိတဲ့ အရာပင် မဟုတ်ပါလား ။

အချိန်အတန်ကြာ မေးမြန်းစုံစမ်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မှောင်ခိုဈေးကွက်ထဲမှာ ကျင်လည်နေတဲ့ မဟူရာဦးချိူ ပွဲရုံဆိုတာကို သိရှိသွားခဲ့ပါတယ် ။

မဟူရာဦးချိုပွဲရုံကိုတော့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးက ကျောထောက်နောက်ခံ ပေးထားတာပါ  ။ အဲသည်လိုမှ မဟုတ်ရင်တော့ မဟူရာဦးချိုပွဲရုံဟာ မှောင်ခိုဈေးကွက်ထဲမှာ အချိန်ကြာကြာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး ။

……

" ဟင်……ဟိုလူတွေ ပြောလိုက်တာက သည်လမ်းကြားပါပဲ ။ ငါများ အမှတ်မှားနေတာလား "

လီဖူချန်းက တွေဝေစွာနဲ့ ရေရွတ်လိုက်ပါတယ် ။

အခုဆိုရင် လီဖူချန်းက  ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာရှိတဲ့ တစ်ဖက်ပိတ် နောက်ဖေးလမ်းကြား တစ်ခုရဲ့ အဆုံးကို ရောက်နေခဲ့တာပါ ။ သူ့ရဲ့ ရှေ့မှာတော့ အုတ်နံရံကြီး တစ်ခုနဲ့ လက်တွန်းလှည်း ဆိုင်ငယ်လေး တစ်ခုက လွဲပြီး ဘာမှ မရှိတော့ပါဘူး ။

အဲသည်အချိန်မှာပဲ  လက်တွန်းလှည်းပေါ်မှာ မှီပြီး ထိုင်နေတဲ့ ဆိုင်ရှင်က  သူ့ကို  လှမ်းခေါ်လိုက်ပြီး  ပျင်းရိပျင်းတွဲ လေသံနဲ့  မေးလိုက်ပါတယ် ။

" ကောင်လေး…… မင်းဘာလိုချင်လို့ သည်ကို ရောက်လာတာလဲ "

လီဖူချန်းကလည်း အလျင်အမြန်ပဲ ပြန်ဖြေလိုက်ပါတယ် ။ ကြည့်ရတာတော့ သူက နေရာမှန်ကို ရောက်လာပုံပါပဲ ။

" ကျွန်တော်က ပစ္စည်းနည်းနည်းပါးပါး ရောင်းစရာ ရှိလို့ပါ "

" ဘယ်လို ပစ္စည်းမျိုးလဲ "

ဆိုင်ရှင်က ထပ်မေးလာပြန်ပါတယ် ။

" သည်လို ပစ္စည်းပါ "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းက ပြန်ပြီး မဖြေတော့ပါဘူး ။ သူက သူ့ရဲ့ သိုလှောင်အိတ်ထဲကနေပြီး အဝတ်လျှော်ဇလုံ တစ်လုံးစာလောက်ရှိတဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးတစ်တုံးကိုသာ ထုတ်ပြလိုက်ပါတော့တယ် ။

" ကောင်လေး …… သည်ဘက်ကို လာခဲ့ "

ဒေါက်… ဒေါက်……

ဆိုင်ရှင်က လီဖူချန်းကို ဆွဲခေါ်လိုက်ပြီး နံရံရဲ့ တစ်နေရာကို လှမ်းခေါက်လိုက်ပါတယ် ။

ဝေါ……ဝေါ……ဝေါ……

အဲသည်နောက်မှာတော့ နံရံဟာ နှစ်ခြမ်း ကွဲထွက်သွားခဲ့ပါပြီ ။ နံရံရဲ့ အနောက်မှာ ရှိနေတာကတော့ လူသွားစင်္ကြ ံလမ်းကျဉ်းလေးတစ်ခုပါပဲ ။

" ဝိုး "

လီဖူချန်းကတော့ မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ပါဘူး ။ တစ်ချိန်တည်းမှာပဲ သူက သည်နံရံဟာ ကောင်းကင်ဘုံ သတ္တုတုံးတွေနဲ့ တည်ဆောက်ထားတယ် ဆိုတာကို သတိပြုမိ လိုက်ပါတယ် ။ ဒါကြောင့်လည်း သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက သည်နံရံကို ဖြတ်ကျော်ပြီး မကြည့်နိုင်ခဲ့တာပါ ။

" ဝင်သွားလိုက် "

" ဟုတ်ကဲ့ "

ဝေါ…ဝေါ…… ဝေါ……

လမ်းကျဉ်းလေးထဲကို လီဖူချန်းတစ်ယောက် ဝင်သွားပြီးတဲ့ နောက်မှာတော့ နံရံဟာ နဂိုမူလအတိုင်း ပြန်ဖြစ်သွားပါတော့တယ် ။

သည်လမ်းကျဉ်းလေးကတော့ ကြောင်လိမ်လှေကားလို ရစ်ပတ်နေပြီး  မြေအောက်ထဲကို ဦးတည်နေခဲ့တာပါ ။

သိပ်မကြာခင် အချိန်မှာတော့ လီဖူချန်းဟာ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ခန်းမကျယ်ကြီး တစ်ခုဆီကို ရောက်ရှိလာခဲ့ပါပြီ ။

ကျောက်တုံးခန်းမထဲမှာတော့ ချီအတွင်းအား အသုံးပြုမှုကို ပိတ်ပင်တားဆီးထားတဲ့ အကြိုအဆင့်၇ ဝင်္ကပါ အစီအရင် တစ်ခု ခင်းကျင်းထားခဲ့ပြီး လူသုံးဦး ထိုင်နေကြပါတယ် ။

အလယ်ဗဟိုမှာ ထိုင်နေသူကတော့ မည်းနက်နေတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ညာဘက်လက်ကတော့ သတ္တုတုံးလေး တစ်ခုကို အဆက်မပြတ် ပွတ်သပ်နေပါတယ် ။ ကြည့်ရတာတော့ သည်မျက်နှာမည်းက သည်လူသူံးဦးထဲမှာ ခေါင်းဆောင် ဖြစ်ပုံပါပဲ ။သည်မျက်နှာမည်းရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ ချီအရှိန်အဝါကတော့ အဆိပ်ပြင်း မြွေပွေးတစ်ကောင်ရဲ့ အငွေ့အသက်တွေနဲ့ မခြားနားလှပါဘူး ။

မျက်နှာမည်းရဲ့ ညာဘက်မှာတော့  မျက်နှာပေါ်မှာ ကန့်လန့်ဖြတ် အမာရွတ်ကြီးတစ်ခု ရှိနေတဲ့ လူတစ်ယောက် ရှိနေပြီး ဘယ်ဘက်မှာတော့  လူလတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦး ရှိနေပါတယ် ။

အမာရွတ်နဲ့ လူကတော့ ကြီးမားလှတဲ့ ဆေဘာကြီး တစ်ချောင်းကို လွယ်ထားပြီး သူ့ရဲ့ ချီအရှိန်အဝါကတော့ မုန်တိုင်းမလာခင် တည်ငြိမ်နေတဲ့ အခြေအနေမျိုးလို့ ဆိုရပါမယ် ။

မျက်နှာမည်း ၊  အမာရွတ်တို့နဲ့ ယှဉ်မယ်ဆိုရင်တော့ အမျိုးသမီးကြီးက ဘာမှ ထူးခြားဟန် မရှိပါဘူး ။ သူမက သာမန် အမျိုးသမီးကြီး တစ်ယောက်လိုပါပဲ ။

ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ လီဖူချန်းက သူမရဲ့ ထူးခြားမှုကို သတိပြုမိ သွားပါတော့တယ် ။ အဲဒါကတော့ သူမရဲ့ ဆံထိုးတွေပါပဲ ။ အမျိုးသမီးကြီးက ခေါင်းပေါ်မှာ များပြားလှတဲ့ ဆံထိုးတွေကို ထိုးထားပြီး အဲသည်ဆံထိုးတွေ အားလုံးဟာလည်း စိမ်းဖန့်ဖန့်အရောင် သန်းနေပါတယ် ။ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ သည်ဆံထိုးတွေ အားလုံးက အဆိပ်ရည် စိမ်ထားတာပဲ ဖြစ်ရပါမယ် ။

သည်လူသုံးယောက်စလုံးရဲ့ ကျင့်ကြံမှု အဆင့်ကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉ကို ရောက်ရှိနေခဲ့ပါပြီ ။ပြီးတော့ လီဖူချန်းက  သည်လူသုံးယောက်စလုံးဟာ သာမန် တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၉က ဆရာသခင်တွေ မဟုတ်ဘူး ဆိုတာကို ကြည့်မြင်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့လည်း လီဖူချန်းကတော့ သူတို့ သုံးယောက်စလုံးကို ဂရုမစိုက်ပါဘူး ။ တစ်ဖက်လူတွေက  မူလပင်လယ်နယ်ပယ် ဘုရင်တွေ မဟုတ်သေးသရွေ့တော့ သူက ဂရုစိုက်ဖို့ စိတ်ကူးကို မရှိတာ အမှန်ပါပဲ ။

" မင်းက ဘယ်လိုပစ္စည်းမျိုး ရောင်းချင်တာလဲ "

မျက်နှာမည်းက လီဖူချန်းကို စပြီး မေးလာခဲ့ပါတယ် ။

လီဖူချန်းက ဘာမှပြန်မဖြေခဲ့ပါဘူး ။ သူက အဝတ်လျှော်ဇလုံး တစ်လုံးစာလောက်ရှိတဲ့ အညံ့စား ကောင်းကင်ဘုံ ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ပြန်မေးလိုက်ပါတယ် ။

" သည်ဟာကို ဘယ်လောက်ပေးမလဲ "

တကယ်လို့ သူတို့တွေက ဈေးကို အများကြီး နှိမ်ထားရင်တော့ လီဖူချန်းဟာ ကောင်းကင်ဘုံ ကျောက်တုံးတွေကို မရောင်းဘဲ ပြန်သွားဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး ။

" အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး  ၃၀၀၀ "

မျက်နှာမည်းက ဖြေလာခဲ့ပါတယ် ။

" မနည်းလွန်းဘူးလား "

လီဖူချန်းက ပြန်ပြောလိုက်ပါတယ် ။

တကယ်လို့သာ သူ့အနေနဲ့ သည်ကောင်းကင်ဘုံ ကျောက်တုံးကို အပြင်ဘက်မှာ ရောင်းမယ်ဆိုရင် ဈေးနှုန်းက  အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ နဲ့ ၅၀၀၀ ကြားပါပဲ ။အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ကတော့ အတော်လေး ဈေးနှိမ်လွန်းရာ ကျလွန်းတယ်လို့ ဆိုရပါမယ် ။

အမျိုးသမီးကြီးက ပြုံးလိုက်ပြီး ပြောလာခဲ့ပါတယ် ။

" ကောင်လေး…… ဒါက မြေအောက် မှောင်ခိုဈေးကွက်လေ ။ရောင်းတဲ့ ပစ္စည်းမှန်သမျှကို ပေါက်ဈေးရဲ့ ထက်ဝက်ပေးတာက ထုံးစံပဲ ။ တကယ်လို့ မင်းမှာ ကောင်းကင်ဘုံကျောက်တုံး သည်ထက်များများ ပါလာခဲ့ရင်တော့ ဈေးတစ်မျိုးပေါ့ "

" ဒါဖြင့် အတုံး၂၀ ဆိုရင်ကော "

လီဖူချန်းက သိုလှောင်အိတ်ထဲကနေပြီး နောက်ထပ် ကောင်းကင်ဘုံကျောက်တုံး ၁၉တုံးကို ထုတ်ယူလိုက်ပါတယ် ။ အဲသည်ကောင်းကင်ဘုံ ကျောက်တုံး တစ်တုံးချင်းစီရဲ့ အရွယ်အစားကတော့ ဖလားခွက် တစ်လုံးထက် ပိုသေးငယ်ခြင်း မရှိပါဘူး ။

" ပေါက်ဈေးရဲ့ ၇၀ ရာခိုင်နှုန်း "

မျက်နှာမည်းရဲ့ မျက်လုံးတွေကတော့ အရောင် တောက်လာခဲ့ပါပြီ ။

" အတုံး၃၀ ဆိုရင်ကော "

လီဖူချန်းက နောက်ထပ် ကောင်းကင်ဘုံကျောက်တုံး ဆယ်တုံးကို ထပ်ထုတ်လိုက်ပြန်ပါတယ် ။

" ၈၀ ရာခိုင်နှုန်း"

မျက်နှာမည်းရဲ့ အသက်ရှုသံတွေကတော့ မူမမှန်တော့ပါဘူး ။

အမာရွတ်ကတော့ သူ့ရဲ့ မျက်လုံးတွေကို ရုတ်တရက် မှိတ်ပစ်လိုက်ပါပြီ ။ ကြည့်ရတာတော့ သူက သူ့ရဲ့ လူသတ်ချင်စိတ်တွေကို မနည်း ထိန်းချုပ်လိုက်ရတဲ့ ပုံပါပဲ ။

' မြေအောက်မှောင်ခိုဈေးက တကယ်ပဲ နာမည်နဲ့ လိုက်လွန်းတယ် ။ သည်နေရာမှာက စည်းမျဉ်း ၊စည်းကမ်းတွေထက် အစွမ်းက ပိုစကားပြောတာပဲ '

လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။ အမာရွတ်က သူ့ကို သတ်ဖို့ တွေးနေပြီဆိုတာကို သူ့အနေနဲ့ မရိပ်မိစရာ အကြောင်း မရှိပါဘူး ။

" အတုံး၅၀ ဆိုရင်ကော "

လီဖူချန်းက တစ်ဖက်လူတွေဟာ သူတို့ပေးနိုင်တဲ့ အဆုံးစွန်သော ဈေးနှုန်းကို မပေးသေးဘူးလို့ ခံစားနေရတဲ့အတွက် နောက်ထပ် အညံ့စား ကောင်းကင်ဘုံကျောက်တုံး အတုံး၂၀ကို ထုတ်ယူလိုက်ပြန်ပါတယ် ။

"ဟား……ဟား……ဟား…… ကောင်လေး …… မင်းက တကယ် မလွယ်ပါလား ။ ၉၀ ရာခိုင်နှုန်း …… လက်ရှိပေါက်ဈေးရဲ့ ၉၀ ရာခိုင်နှုန်း  ။ ဒါက ငါတို့အလွန်ဆုံး ပေးနိုင်တဲ့ ဈေးပဲ ။ သည်ထက်တော့မင်းကို ပိုပြီး ဈေးမပေးနိုင်တော့ဘူး "

မျက်နှာမည်းက ရယ်ပြီး ပြောလာခဲ့ပါတယ် ။ ကြည့်ရတာတော့ ၉၀ ရာခိုင်နှုန်းက  တကယ်လည်း အလွန်ဆုံး သူတို့ပေးနိုင်တဲ့ဈေး ဖြစ်ပုံပါပဲ ။

" ၉၀ ရာခိုင်နှုန်းလား ။ မဆိုးပါဘူး ။ ခင်ဗျားပေးတဲ့ ဈေးနှုန်းက အဆင်ပြေပါတယ် ။ ဒါပေမဲ့ ကျုပ်ခင်ဗျားကို တစ်ခု ပြောရဦးမယ် ။ကျုပ်ပြောချင်တာကတော့  ခင်ဗျားတို့က ဟန်မဆောင်တတ်သေးဘူး ဆိုတာပဲ "

စကားအဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ ညာလက်ခလယ်နဲ့ လက်ညှိုးကို ပူးပြီး လေထုထဲကို တစ်ချက် ဝှေ့ယမ်းလိုက်ပါတယ် ။

ရွှပ်……

ဘုန်း……

အရာဝတ္ထု တစ်ခုကို ပိုင်းဖြတ်သွားတဲ့ အသံတစ်ခု ဖြစ်ပေါ်သွားအပြီးမှာတော့ ဓားတစ်လက် ကိုင်ထားတဲ့ အနက်ရောင် အရိပ်တစ်ရိပ်ဟာ ခန်းမရဲ့ ထုပ်တန်းပေါ်ကနေ ဘုန်းခနဲ ပြုတ်ကျလာခဲ့ပါပြီ ။ သူ့ရဲ့ ရင်ဘတ်မှာတော့ သွေးတွေ အရွှဲသားပါပဲ ။

ပြုတ်ကျလာတဲ့ လူရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဓားကတော့  သတ္တုတုံး ဖြတ်တဲ့ ဓားပဲ ဖြစ်ပါတယ် ။ ချီအတွင်းအား အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ သည်ခန်းမထဲမှာတော့ သည်သတ္တုဖြတ်တဲ့ ဓားဟာ အစွမ်းအထက်ဆုံး လက်နက်လို့ပဲ ဆိုရပါမယ် ။

" မင်း……မင်း……"

မျက်နှာမည်းရဲ့ အမူအယာကတော့ လေးနက်တည်ကြည်သွားခဲ့ပါပြီ ။ အစောပိုင်းတုန်းက လီဖူချန်းရဲ့ တိုက်ခိုက်မှုဟာ လျှပ်ပြက်တာထက်တောင်မှ မြန်နေတာ မဟုတ်ပါလား ။

" အင်း…… အစတုန်းကတော့ ငါက မင်းကို အသက်ချမ်းသာ ပေးဦးမလို့ပဲ ။ ဒါပေမဲ့ အခုတော့ မလိုတော့ဘူး ထင်ပါရဲ့ "

ရွှမ်း……

စကားအဆုံးမှာတော့ အမာရွတ်က ရုတ်တရက် ခုန်ထလိုက်ပြီး လီဖူချန်းကို သူ့ရဲ့ ဆေဘာနဲ့ ခုတ်ချလိုက်ပါတယ် ။

" ဟင်…… ငါ့ကို အသက်ချမ်းသာ ပေးမယ်ဆိုတဲ့ ကောင်ကလည်း ဒါပဲလား "

လီဖူချန်းက တုတ်တုတ်ကို မလှုပ်ပါဘူး ။ ဆေဘာဓားအလင်းတန်းက သူ့အပေါ် ကျရောက်လာခါနီး အချိန်ရောက်မှ သူက သူ့ရဲ့ ဓားလက်ချောင်းကို လှုပ်ရှားလိုက်ပါတယ် ။

" သွားစမ်း "

ရွှပ်….…

ဘန်း……

သွေးတွေ ဖြာထွက်လာပြီးတဲ့နောက်မှာတော့ အမာရွတ်ဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ  ။ သူရဲ့ မျက်နှာအမူယာကတော့ သူဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်တဲ့ ပုံပါပဲ ။

လီဖူချန်းရဲ့ လိပ်ပြာအသိစိတ်အာရုံ အောက်မှာတော့ အမာရွတ်ရဲ့ ဓားချက်ဟာ သာမန် ဓားချက်တစ်ချက်ထက် မပိုခဲ့ပါဘူး ။

အဲသည်အချိန်မှာပဲ အမျိုးသမီးကြီးဟာ သူမရဲ့ ခေါင်းကို ဆက်ခနဲ ခါပစ်လိုက်ပါတယ် ။

ရွှီး……ရွှီး……ရွှီး……ရွှီး……ရွှီး……

စိမ်းဖန့်ဖန့် အရောင် သန်းနေတဲ့ ဆံထိုးတွေဟာ လီဖူချန်းဆီကို မိုးစက်မိုးပေါက်တွေလို တိုးဝင်လာခဲ့ပါပြီ ။

လီဖူချန်းအနေနဲ့ သည်ဆံထိုးတွေကြောင့် ခြစ်ရာလေးတစ်ခု ရသွားခဲ့ရင်တောင်မှ မရဏ တိုင်းပြည်ကို  တစ်ခါတည်း တန်းပြီး အလည်ရောက်သွားမယ် ဆိုတာ လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။

***

All Chapters